ဒီမနက်နိုးလာတော့
အပြင်မှာ လေတွေတဟူးဟူး တိုက်နေလိုက်တာ…။ သတ္တလောကကြီးတစ်ခုလုံးလည်း
မီးခိုးရောင်တွေသန်းလို့…။ ဒီလိုလွမ်းဆွေးချင်စရာ
စိတ်ခံစားမှုကိုထုံထိုင်းမှိုင်းစေမယ့် ပတ်ဝန်းကျင် အထောက်အပံ့မျိုးကို
ဘယ်သူမှနှစ်မြို့ကြမယ်မထင်ဘူး…။ ကိုယ်… ခဏ ခဏပြောဖူးပါတယ် ကိုယ်ကတော့ ဒီလိုပုံစံမျိုး
ဒီလိုအရောင်ဆင်းမျိုးကို သိပ်ကြိုက်တယ်…။
မိုးသားတိမ်ညိုတွေကလည်း
မာန်ဖီလို့ လျှပ်နွယ်လျှပ်စီးတွေက ဖျတ်ခနဲ ဖျတ်ခနဲ ပွင့်ပွင့်လာကြတယ်..။
မိုးချိန်းသံတွေကို ကိုယ်မကြောက်ပါဘူး…။ ကိုယ်က မိုးကိုချစ်တဲ့သူပဲ
မိုးနဲ့ပတ်သက်ဆက်နွယ်တဲ့ အရာမှန်သမျှကိုလည်း ကိုယ်ချစ်တယ်…။
ကိုယ်ကတော့ မိုးမရွာသေးဘဲ ဖြစ်ပျက်နေတဲ့ ရာသီဥတုလေးကို ကော်ဖီပူပူတစ်ခွက်နဲ့ ဇိမ်ခံကြည့်နေခဲ့မိတယ်….. တစ်ချိန်ထဲမှာ မင်းကိုလည်းလွမ်းရင်းနဲ့လေ…အိန်ဂျယ်။
ဒီမိုးရာသီမှာ
သက်ဝင်ခံစားမိလို့ ဖြစ်ပေါ်လာခဲ့တဲ့ မင်းနဲ့ပတ်သက်တဲ့ မိုးရာသီအလွမ်းတွေကို
ကိုယ်ဆက်တိုက် ဖန်တီးနေမိတယ်…။ မင်းကတော့ ဖတ်ပြီး တွေးရယ်နေမလားပဲ…
မိုးကိုအကြောင်းပြုပြီး ကုန်ကြမ်းယူပြန်ပြီလို့ ပြောပြီးတော့လေ…။ ဒါမှမဟုတ်
ကိုယ့်မိုးရာသီအလွမ်းတွေကိုဖတ်ပြီး မင်းရင်ထဲ
လွမ်းလွမ်းဆွေးဆွေးလေးဖြစ်သွားခဲ့မလား…။ မင်း တစ်ခုခုခံစားသွားရရင်လည်း
အဲဒီခံစားမှုဟာ နာကျင်မှုမဖြစ်ပါစေနဲ့ အိန်ဂျယ်…။ ကိုယ် မင်းကိုဘယ်လို
နာကျင်မှုမျိုးမှထပ်ပေးဖို့ မရည်ရွယ်ပါဘူး…။
မိုးငွေ့
No comments:
Post a Comment