Wednesday, 13 August 2014

ဝါဆိုလပြည့်သုံးရက်ပိတ်မှာလုပ်စားဖြစ်တာလေး.....


ငါးခေါင်းဟင်းကိုတစ်ခါမှမချက်ဖူးဘူး...။ ကိုယ်က ငါးဟင်းမကြိုက်တာလည်းပါတယ်...။ အိမ်မှာ ပျဉ်းမနား မျှစ်ချဉ်တစ်ထုပ်ရောက်နေလို့ ၀က်ရိုးနဲ့ချက်ဖို့ကလည်း ခုတလော ၀က်နားရွက်ပြာရောဂါတဲ့ ၀က်သားဝယ်မစားတာကြာပေါ့...။ အဲမတိုင်ခင်ကတော့ ၀က်သားကိုဓါတ်ကျလိုက်ပါသေးတယ်..။ အခု ငါးကြင်းခေါင်းတစ်လုံးဝယ်ခဲ့တယ်...။ ငါးသည်က တစ်ခြမ်းပဲခြမ်းပေးလိုက်တာ ထပ်ပြီးမခုတ်ပေးဘူး...။ ငါးခေါင်းရဲ့မာချက်က အိမ်ကဓါးမနိုင်ဘူး...။ မရရအောင်ခုတ်ထစ်ရတာပေါ့...။ ကိုယ်တွေက ငါးဆို အညှီကြောက်တာနဲ့ဘာနဲ့မို့ ဆီသတ်ချက်လိုက်တယ်...။ ဟင်းအနှစ်တွေလုပ်နေတုန်း မျှစ်ချဉ်ကိုတစ်ရေ အရင်ပြုတ်ထားတယ်...။ ဟင်းအနှစ်က ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး ကြက်သွန်နီနှစ်လုံး အဖြူ ငါးမွှာ ဂျင်းလက်တစ်ဆစ်နဲ့ စပါးလင်တစ်ချောင်းကို ဆုံနဲ့ထောင်းထားလိုက်တယ်...။ တခါတည်း ငရုတ်သီးအရောင် နနွင်းထည့်ထောင်းတယ်...။ ဆီသတ်တော့ ဆီဟင်းခတ်ဇွန်းကြီးတစ်ဇွန်းထည့်ပြီး ဆီပူလာရင် အနှစ်ကိုဆီသတ် အနှစ်မွှေးလာရင် ငရုတ်သီးစိမ်းအပွတောင့်နှစ်တောင့်ဓါးပြားရိုက်ထည့် ခရမ်းချဉ်သီးနှစ်လုံးအစေ့ထုတ်ပြီး လက်နဲ့ပဲချေထည့်တယ် ပြီးတာနဲ့ငါးခေါင်းထည့်မွှေ.. အနှစ်အိုးကပ်လာခါနီးရင် ပြုတ်ထားတဲ့မျှစ်ချဉ်ထည့် ဆားဟင်းခတ်မှုန့်ထည့် ရေမြှုပ်အောင်ထည့်ပြီး နာရီဝက်လောက် မီးအေးအေးနဲ့တည်ထားပါ...။ မျှစ်ချဉ်အချဉ်နဲ့ငါးခေါင်းအချိုအရသာက ဘယ်လိုကောင်းမှန်းမသိ...။ ၀က်ဆီဥက ကွကိုယ်ကြော်တာမဟုတ်ဘူး..။ဈေးထဲက တိုဖူးသုပ်ရောင်းတဲ့ တရုတ်မဆီက ၀ယ်ခဲ့တာ တစ်ပွဲကိုတစ်ထောင်တဲ့...။ ငွေနှင်းမှိုနဲ့ ကန်ဇွန်းကို ငရုတ်သီးအချို(ကြက်တံဆိပ်)နဲ့ ကြက်သွန်ဖြူ  ငရုတ်သီးစိမ်း ခရုဆီနဲ့ကြော်တယ်...။ ငရုတ်သီးငံပြာရည်ဖျော် အရမ်းစားချင်လွန်းလို့..။ တာချီလိတ်ပြန်တုန်းက ၀ယ်ခဲ့တဲ့ ရှမ်းငရုတ်သီးမှုန့် ဘတ်နှစ်ဆယ်ဖိုးကို ဆီလေးနဲ့ပြန်ကြော်ပြီး ပုလင်းလေးနဲ့သိမ်းထားတာ..။ ငရုတ်သီးမှုန့်တစ်ဇွန်းနဲ့ ငံပြာရည်နဲ့ဖျော်ပြီး ဒညင်းဝက်ကြော် သခွားသီး ရုန်းပဒေသီးပြုတ်တို့နဲ့ တို့တယ်...။

အိမ်မှာ ၀ါဆိုလပြည့်နေ့က သက်သတ်လွတ် အာလူးထမင်းနဲ့ အချိုပွဲနို့ကော်ဖီကျောက်ကျော ဘုရားကပ်ခဲ့တယ်... ဘုရားကိုတော့ လူများလို့မသွားဖြစ်ဘူး...။


ပထမအလွှာ နို့စိမ်းတစ်ဗူး သကြားနဲ့  တယ်လီဖုန်းတံဆိပ်ကျောက်ကျော

ပထမနို့စိမ်းလွှာအေးပြီးခဲပြီဆိုမှ ကော်ဖီ သကြားနဲ့ တယ်လီဖုန်းကျောက်ကျောကို အပေါ်ကထပ်လောင်းတယ်


ညကတည်းက ကျိုထားတဲ့ ကျောက်ကျောတစ်ဗန်းကို တခါသုံးပန်းကန်ပြားလေးထဲလှီးထည့်လိုက်တာ ရှစ်ပွဲရတယ်...။ ကိုယ်တို့နေတဲ့ ကျွန်းတောလမ်းက ဓမ္မာရုံမှာ ဘုန်းဘုန်းတွေနဲ့ ဥပုသ်သည်တွေအတွက် ရည်ရွယ်ပြီးလုပ်ထားတာ ...။ နေ့ဆွမ်းအမီဆိုတော့ မမေးထားမိပဲနောက်ကျမှသွားလို့ ဘုန်းဘုန်းတွေကကြွကုန်ပြီ ဥပုသ်သည်တွေကလည်း သီလယူပြီး ပြန်ကုန်ပြီဆိုလို့ အိမ်နားက အသိအစ်မအိမ်ကို ကြွတဲ့ ဘုန်းဘုးန်းတွေကိုပဲကပ်လိုက်ပါတယ်...။ ဒီနှစ်ဝါတွင်းကို ဥပုသ်နေ့တုန်း ဓမ္မာရုံမှာ အချိုပွဲပုံမှန်ကပ်မယ်လို့...။ နောက်ပတ်များမှာ တခြားတခြားသော ကျောက်ကျောမျိုးစုံလင်ကို ထပ်တင်ပါဦးမည်..။

 
 သက်သတ်လွတ်စားဖြစ်တဲ့ ၀ါဆိုလပြည့်နေ့တုန်းက အာလူးထမင်းချဉ်လုပ်စားဖြစ်ခဲ့တယ်...





မိုးငွေ့

5 comments:

သဒ္ဓါလှိုင်း said...

အားလုံး အကြိုက်တွေပဲမို့ သွားရေကျသွားရပါတယ်.မမိုး

ချစ်ခင်လျက်
သဒ္ဓါ

Thu said...

ကော်ဖီကျောက်ကျောလုပ်စားကြည့်အုန်းမယ်။ကျောင်းပိတ်ရက်ကို..
မမဒီရက်ပိုင်းဆက်တိုက်လွမ်းနေတော့ အစားအသောက်တွေတောင်မစားရတာကြာပေါ့
ဂွတ်ထ..အားလုံးကောင်းလေ့တေး

Aunty Tint said...

တီတင့်လဲ အားလုံးကြိုက်တယ် ... အားပေးသွားပြီး မိုးငွေ့ရေ...

Iora said...

ဓညင်းသီးနဲ့ ငံပြာရည်ဖျော်လေးစားချင်တယ်။
မျှစ်ချဉ်ဖတ်တွေဆည်ပြီးစားချင်တယ်။း)
အိုင်အိုရာ

မောင်သီဟ said...

ရှယ်တွေချည်းပဲ သွားရည်ကျသွားတယ်ဗျို့း)
ထမင်းဆာလာပြီ
ဓညင်းသီးတော့ကြိုက်ဖူး မျစ်ချဉ်အသေကြိုက်း)