Wednesday, 22 May 2013

ကြက်ဥအသားပေါင်း+ကြက်သားငှက်ပျောဖက်ပေါင်း.....

 
၀က်သားကြက်ဥပေါင်း





မိုးလဲအေးလာပြီဆိုတော့ ပူပူနွေးနွေးဟင်းတွေဖြစ်တဲ့ အပြုတ်တွေ အပေါင်းတွေလုပ်စားကြတာပေါ့...။ ဒီကြက်ဥပေါင်းနည်းလေးက တော်တော်ကိုလွယ်ပါတယ်...။ အသားကတော့ဝက်သားမစားသူတွေအတွက် ကြက်သားနဲ့လည်းပေါင်းနိုင်ပါတယ်...။ ဝက်သားကြိတ်သား 100ဂရမ်ထဲကို လက်ဖက်ရည်ဇွန်းချိန်တွေနဲ့ ဟင်းခတ်မှု့န်တစ်ဇွန်း ပဲငံပြာရည်ကြည်နှစ်ဇွန်း ငရုတ်ကောင်းတစ်ဇွန်း ပြောင်းမှုန့်တစ်ဇွန်း ဆားနဲနဲနဲ့ တရုတ်နံနံပင် တစ်စည်းကို နုတ်နုတ်စင်းပြီး အားလုံးရောနယ်ထားပါ...။ နောက်ပန်းကန်အလွတ်တစ်ခုမှာ ကြက်ဥနှစ်လုံးကို ဆားနဲနဲနဲ့ ငရုတ်ကောင်းထည့်ပြီး စက္ကန့်နှစ်ဆယ်လောက် ခရင်းနဲ့နာနာခေါက်ပေးပါ။ ကြက်ဥနှစ်လုံးဆိုရင် ရေက တစ်လုံးစာရောပေးရပါတယ်...ပြီးနောက် နှပ်ထားတဲ့ အသားနဲ့ရောမွှေပြီး... ဆူတောင်တည်ထားတဲ့ ပေါင်းချောင်အိုးထဲ မိနစ်နှစ်ဆယ်လောက်ပေါင်းရင်ရပါပြီ..။ ကြက်ဥကျက် မကျက်ကို ဓါးဦးချွန်လေးနဲ့ထိုးကြည့်လို့ ကြက်ဥနှစ်ကပ်ပါမလာရင် ရပါပြီ..။




Film Wrap နဲ့ ပေါင်းအိုးကချွေးရေမကျအောင်ပိတ်ပြီး ပေါင်းပါမယ်







 
ကြက်သားငှက်ပျောဖက်ပေါင်းထုပ်






အရင်တစ်ခါတင်ဖူးခဲ့ပါတယ်...ဒီမှာပါ...။ အဲတုန်းက ဝက်သားနဲ့လုပ်ခဲ့တာ...။ အခုကြက်သားကိုလည်း ထည့်မယ့်အစာပလာတွေက အရင်နည်းအတိုင်းပါပဲ...။ ရှမ်းပြည်မှာ ဆောင်းတွင်းမနက်တွေ ကောက်ညှင်းပေါင်းရောင်းတဲ့ဆိုင်တွေမှာ ရှမ်းငှက်ပျောဖက်ထုပ် အသားပေါင်းကို ရနိုင်ပါတယ်...။ ဝက်သား ကြက်သား အပြင် ငါးနဲ့ ငါးဥတွေကိုလည်း အခုလို ဖက်နဲ့ထုပ်ပြီးပေါင်းစားကြပါတယ်...။ စပါးလင်းန့ံ့နဲ့ ငှက်ပျောဖက်နံ့မွှေးပြီး ငရုတ်သီးစိမ်းစပ်စပ်နဲ့မို့ စားလို့သိပ်ကောင်းပါတယ်...။ ကိုယ်တို့ငယ်ငယ်တုန်းကတော့ မနက်စောစော ကောက်ညှင်းပေါင်းကို ဝက်လက်အေး (ဝက်သားကိုဆားနနွင်းဂျင်း ငရုတ်သီးစိမ်းခွဲခြမ်းနဲ့ပြုတ်ပြီး အခဲလုပ်ထားတာ ဆောင်းတွင်းမှာပဲ အဲဒါမျိုးလုပ်ရောင်းပါတယ်)၊ ဝက်သားပေါင်း ကြက်သားပေါင်း ငါးဒုက္ခနဲ့စားခဲ့ကြရတာလေ...။




 


မနက်စာ ကောက်ညှင်းပေါင်းနဲ့ ကြက်သားငှက်ပျောဖက်ပေါင်းထုပ်



 ကောက်ညှင်းကို ပြားနေအောင်လက်ဖနောင့်နဲ့ဖိ ဒါမှမဟုတ် ဆုံထဲထည့်ထောင်းပြီး ဆီဆားလူး ဒယ်ပူပူမှာ အိုးကပ်ကြော်ထားတာနဲ့ ကြက်သားပေါင်းကို ဖွပြီး ကြက်သွန်ဖြူဆီချက်ဆမ်းနဲ့စားတာ သိပ်ကောင်းပဲ...



မိုးငွေ့

Tuesday, 21 May 2013

မိုးသည်းညပုံပြင်.....





တကယ်ဆို သူ့ကို ကိုယ်စကားမပြောတာ တစ်ပတ်တိတိရှိခဲ့ပြီ.....။

သူက ကားမောင်းနေရင်းနဲ့ကိုယ့်လက်ဖဝါးထဲကို တစ်ခုခုထည့်ပေးလိုက်တယ်...။
ကိုယ်သိပ်ကြိုက်တဲ့ Vic ပူရှိန်းသကြားလုံးလေးပါ...။ သူကလေ အဲလိုပဲ သူ့ကို စိတ်ကောက်နေတဲ့ ကောင်မလေးတစ်ယောက်ရှိနေတယ်ဆိုတာ မသိချင်ဟန်ဆောင်ပြီး အကြာကြီးနေနေတတ်လွန်းတယ် ပြီးတော့မှသာ ကိုယ်သတိမထားမိတဲ့အချိန်ကျမှ ကိုယ်မထင်မှတ်ထားတဲ့ အပြုအမူမျိုး ကိုယ်ကြိုက်နှစ်သက်တတ်တဲ့ အရာလေးတွေနဲ့ မသိမသာပြန်ချော့တတ်တယ်....။

သူကိုယ့်ကိုဆူတယ်ဆိုတာလည်း ကိုယ်နဲနဲလွန်သွားလို့လည်းပါပါတယ်...။ သူ့စာကြည့်စားပွဲပေါ်က ရိုးရိုးစက္ကူအဖုံးလေးနဲ့(နေ့စဉ်မှတ်စုစာအုပ်လေးနဲ့မတူတဲ့)စာအုပ်ကို လှန်ကြည့်မိလို့ပါ...။ ဘာမှတောင်မမြင်လိုက်ပါဘူး..။ ကိုယ့်စိတ်ထဲ ဝတ္ထုစာအုပ်ဟောင်းတခုခုအမှတ်နဲ့ ယူကြည့်လိုက်တာပါပဲ..။ သူကကိုယ့်ကို သူ့ကိုယ်ရေးကိုယ်တာကို စွတ်တယ်ဆိုပြီး လေသံမာမာနဲ့ပြောလွှတ်လိုက်လို့ သူ့ကို ကိုယ်စကားမပြောပဲကောက်နေခဲ့တာ...။ ဒီညနေ ကိုယ်ပန်းပင်ရေလောင်းနေတုန်း မေမေ့ကို သူတစ်ခုခုပြောနေတာတော့တွေ့လိုက်တယ်...။ နောက်တော့မှ ပန်းချီပြပွဲသွားဖို့လာခေါ်တာတဲ့...။ 

ပန်းချီပြပွဲဆိုတာ ကိုယ့်ဘာသာကိုယ်ဆို တခါမှသွားကြည့်လေ့ကြည့်ထမရှိပါဘူး....။ ကန်ရေပြင်နဘေးက ခန်းမတစ်ခုမှာ ညနေခင်းဆည်းဆာအချိန်မှာလုပ်တဲ့ ပွဲလေးလည်းဖြစ်တာမို့ တခြားပြပွဲတွေနဲ့ အချိန်ရော ခံစားမှုအရသာပါ ကွဲလွဲနေတယ်...။ ပန်းချီအကြောင်း ဘာမှသိပ်မသိတဲ့ ကိုယ့်အဖို့ သူကြည့်တဲ့နောက် တစ်ကောက်ကောက်လိုက်ရင်း သူကြိုက်တတ်တဲ့ ကားတွေမှာ ပန်းချီဆရာက အရောင်ကိုဘယ်လို သုံးထားလဲ ဘယ်လိုမက်ဆေ့ချ်ပေးထားသလဲ ဘယ်လိုခံစားမှုလေးကို ရစေသလဲဆိုတာမျိုးသူရှင်းပြမှသာ ပန်းချီကားတွေကိုကြည့်ရတာ အသက်ဝင်သွားတော့တယ်...။

အပြန်...မိုးဦးမိုးက ဘာအရိပ်မှ မပြပါဘဲ သည်းကြီးမဲကြီးရွာချပါလေရော...။ ကားပါကင်နဲ့ သိပ်မဝေးလှပေမယ့် သူကိုယ့်လက်ကိုဆွဲပြီး ကားဆီပြေးတော့ ကားပေါ်အရောက်မှာ နှစ်ယောက်သား တော်တော်တော့ စိုနေခဲ့ပြီ။ သူက ကားစက်နှိုး အသက်ရှုမကျပ်အောင် လေအေးစက်ကို ခပ်ဖျော့ဖျော့ပဲဖွင့်ထားပြီး သူပါလာခဲ့တဲ့ မွှေးပွလက်ကိုင်ပုဝါလေးနဲ့ ကိုယ့်ဆံပင်တွေကိုသုတ်ပေးနေတယ်...။ သူ့မျက်လုံးတွေကို ကိုယ်ခိုးကြည့်နေတာ... သူ့မျက်လုံးတွေမှာ ဘာအရောင်အဆင်းမှမရှိ ပကတိအတိုင်း ကြည်လင်သန့်ရှင်းလို့...။ ကိုယ့်ကို ကလေးတစ်ယောက်လို သူ့ညီမလေး တစ်ယောက်လိုပဲ ပြုစုယုယနေတာပါ...။ အဲဒါလေးတွေကြောင့်ပဲ သူ့ကို ကိုယ်တစ်နေ့တစ်ခြား ပိုပိုပြီး လေးစားတွယ်တာလာခဲ့ရတာပါ....။ 

အိမ်မပြန်ခင် ကိုယ်တို့ ကော်ဖီဆိုင်တစ်ခုမှာ ညစာအတူစားဖြစ်ခဲ့ကြတယ်.....။ ကိုယ့်ကို ညအိပ်မပျော်မှာစိုးလို့ဆိုပြီး ကော်ဖီမမှာပေးဘဲ Hot Chocolate တစ်ခွက်မှာပေးပါတယ်..။ အဲလိုလေး သူက လူတစ်ဖက်သားကိုတော့ အမြဲဂရုတစိုက်ရှိတတ်တဲ့သူ...။ သူတကယ်ပဲ မသိလေသလား သူ့ရဲ့ အပြုအမူတွေ အမှတ်တမဲ့လုပ်ရပ်လေးတွေဟာ တဖက်သားကို တိတ်တခိုးစွဲလန်းစေခဲ့တယ် ဆိုတာ..... နုနု နယ်နယ်ကောင်မလေး တစ်ယောက်ရဲ့ နှလုံးသားမှာ သေရာပါအထိစွဲထင် ကျန်သွားနိုင်ခဲ့တယ်ဆိုတာ သူတကယ်မသိတာလား....။ 

အပြင်မှာတော့ မိုးကဟန်မပျက် သည်းနေဆဲပဲ....။ ခုလို မိုးသည်းညမှာ သူ့ရင်တွင်းခံစားချက်လေးကို ပုံပြင်တစ်ပုဒ်လို နားထောင်လိုက်ရရင် သိပ်ကောင်းမှာပဲလို့ ကိုယ်မချင့်မရဲတွေးမိသေးတယ်...။ ကိုယ်ကသာတောင်းတနေမိတာပါ သူရင်ဘတ်ထဲမှာ ဗလာဟင်းလင်းလဲ ဖြစ်နေနိုင်သေးတာပဲလေ....။

မီးရောင်မှိန်မှိန်အောက်မှာ ကိုယ့်ကို စိတ်လက်ရှည်စွာ အသားတုံးတွေကို ဇွန်းနဲ့ဓါးနဲ့လှီးပေးနေတဲ့ သူ့လက်ဖမိုး အကြောစိမ်းမြမြတွေ မွှေးညှင်းနုတွေက ထင်းခနဲပဲ...။ ကြီးမားကျယ်ပြန့်တဲ့ နွေးထွေးတဲ့ သူ့လက်ဖဝါးတွေနဲ့ ကိုယ့်တစ်ဘဝလုံးကို အုပ်မိုးကာကွယ်ပေးရင်သိပ်ကောင်းမှာပဲလို့ တဒင်္ဂအတွင်းမှာ စိတ်ကူးကလည်း ယဉ်ပစ်လိုက်သေးတယ်...။ အို...ကိုယ့်မှာ စိတ်ကူးယဉ်ခွင့်ရှိတာပဲ မဟုတ်လား...။ ပြီးတော့ ဒီစိတ်ကူးတွေကို အကောင်ထည်ဖော်ခွင့်လည်း ရှိပါသေးတယ်...။

အချိန်တွေကြာလာတာနဲ့အမျှ တိုးတက်မှုမရှိခဲ့ပေမယ့်လည်း ကိုယ်တို့နှစ်ယောက်ကြားက သံယောဇဉ် အမျှင်တန်းတွေဟာ ဟောင်းနွမ်းဆွေးမြေ့မသွားခဲ့ပါဘူး ပုပ်သိုးမသွားခဲ့ပါဘူး...။ ရေကြည်စက်တွေလိုပဲ ကြည်လင်သန့်ရှင်းမြဲ သန့်ရှင်းဆဲပါ....။ မိန်းကလေးတစ်ယောက်က စပြီး  ထုတ်ဖော်ပြောပြခွင့်မရှိ သိုသိပ်သိမ်းဆည်းရမယ်ဆိုတဲ့ စည်းမျဉ်းကို ဖောက်ထုတ်ဖို့ထိ ကိုယ့်သတ္တိမရှိခဲ့ပါဘူး...။ ကိုယ့်အသည်းနှလုံးကိုသာ ချနှင်းခံရင်ခံလိုက်ပါ့မယ်....။ 

နှုတ်ဆိတ်မွှန်းကျပ်မှုဒဏ်ကို ရင်ပါးခဲ့ပြီ ....... 

စိတ်အစုံကို အကျဉ်းလည်းချတတ်ခဲ့ပြီ ....... 

ခံစားတတ်လွန်းလို့လည်း မျက်ရည်တွေခမ်းခဲ့ပြီ .......



@@@@@ @@@@@@@@@ @@@@@ 



ဒီလိုနဲ့ ကိုယ်ကသာ တဖက်သတ်စိတ်ကူးတွေယဉ်ခဲ့ပေမယ့်.... မိုးသည်းညလေးဟာ ကိုယ့်အတွက် ပြန်ပြောပြဖို့ လွမ်းမောဖွယ်ကောင်းတဲ့ ပုံပြင်တစ်ပုဒ်အဖြစ်နဲ့သာ ဖြစ်တည်ကျန်ရစ်ခဲ့တာပါ...။


မိုးငွေ့



Sunday, 19 May 2013

ကြက်ရင်အုံသားရောင်စုံကြော်....

  မနက်ဖြန်ထမင်းဗူးထည့်ဖို့ ညကတည်းကကြော်ထားတဲ့ ကြက်သားရောင်စုံကြော် 





ကြက်သားရောင်စုံကြော်အတွက်လိုအပ်တာလေးတွေက ကြက်သား မျှစ် ပဲပြား ထီးမှို ငရုတ်ပွ ဥနီ ခရမ်းချဉ်သီး ကြက်သွန်မှိတ် ငရုတ်နီ ကြက်သွန်ဖြူ နီ ဂျင်း ...။ ကုန်းဘောင်ကြီးကြော်နဲ့ခပ်ဆင်ဆင်ပါပဲ ကြော်နည်းလေးကတော့...။ ကြက်သားနဲ့ ကြက်အသည်းကိုတော့ ပြောင်းမှုန့် ပဲငံပြာရည် ငရုတ်ကောင်း ဆန်ဝိုင်တို့နဲ့နှပ်ထားလိုက်ပါတယ်...။ ကြက်သွန်ပင်အရင်းကိုပဲ အရင်ဆီသတ်သတ် ဂျင်းနဲ့ကြက်သွန်ဖြူကိုပဲအရင်ကြော်ကြော် ကြိုက်သလိုကြော်လို့အဆင်ပြေပါတယ်...။ အသားထည့်ကြော် အရေခမ်းပြီး မွှေးလာရင် မှိုနဲ့ဥနီထည့်ကြော် တစ်မိနစ်လောက်မွှေပြီးရင် ကျန်တာအားလုံးထည့်ကြော် အပေါ့အငံမြည်း အငံလိုရင် ငါးငံပြာရည်လေးနဲနဲထည့် အချိုကြိုက်ရင် သကြားနဲနဲထည့် ရောင်စုံကြက်ရင်အုံကြော်မွှေးမွှေးလေး တစ်ပွဲရပါပြီ...။

မှတ်ချက်။  ။ မျှစ်က ဈေးကဝယ်လာတာ ပြုတ်ပြီးသားပေမယ့် တစ်ရေတော့ပြုတ်ပြီးသွန်လိုက်ပါ...။ ပဲပြားကိုတော့ အတုံးလေးတွေလုပ်ပြီး ဆီလေးနဲ့ နဲနဲပြန်ကြော်ထားပါတယ်...။


မိုးငွေ့


Wednesday, 15 May 2013

ဘေဘီအီကြာကွေး.....

 
 
အီကြာကွေးပူပူလေးကို ကော်ဖီပူပူလေးနဲ့သုံးဆောင်ပါ


အီကြာကွေးကို ကိုယ့်ဘာသာကြော်စားကြည့်ချင်နေတာကြာပြီ...။ မုန့်နယ်တဲ့ အချိုးအစားမသိတာနဲ့လေ..။ အီကြာကွေးများ ဆိုင်မှာကြော်ပြီးသား ၀ယ်စားလိုက်ပြီးတာပဲလို့ ပြောလို့ရပေမယ့် ဆိုင်မှာက ဒီဆီဒီဆီကိုပဲ အထပ်ထပ်အခါခါကြော်လွန်းလို့ ဆီတွေက တူးပြီး မဲနေပြီ...။ ဆီအတူးတွေနဲ့ကြော်ထားတဲ့အစားစာတွေ ကျန်းမာရေးထိခိုက်တယ်...။ ကိုယ်တို့အိမ်နားမှာ ကော်ပြန့်လိတ် ငါးဖယ် တိုဖူး ကြက်အူ အဲဒါမျိုးလေးတွေ ဒုတ်ထိုးပြီး ကြော်ရောင်းတဲ့အသည်ရှိတယ်..။ သူသုံးတဲ့ဆီက တခါမှအသစ်မလည်လို့ အဲဒီအကြော်ဆိုင်ကို ဆီမဲလို့နာမည်ပေးကြတယ်...။

ဒီအီကြာကွေးကြော်နည်းလေးကို ညီမ၀တ်ရည် Wutyee Food House ရဲ့ နည်းလေးနဲ့ကြော်ကြည့်ထားတာ။ APRIL လထုတ် Food Magazine မှာ ပါပါတယ်...။ ၀တ်ရည်ရဲ့ recipe ကို ဒီမှာ အသေးစိပ်ကြည့်လို့ရပါတယ်..။


အမြှုပ်ထလာတဲ့အထိ ငါးမိနစ်လောက်ထားရတဲ့ ရေ+သကြား+ဆား+baking soda+yeast


 အီကြာကွေးဒိုးနှပ်ပြီးရင်တော့ လက်သီးထိုးတာ တော်တော်ကျွမ်းသွားပြီ



 အခန်းအပူချိန်မှာ Film Wrap နဲ့အုပ်ပြီး 4နာရီထားရမယ်...

ဒီနေရာမှာ ပြောစရာလေးနည်းနည်းရှိတယ်... ကိုယ်ကြုံရတဲ့အတွေ့အကြုံလေးပေါ့...။ တကယ်သူ့ recipe က လေးနာရီပဲထားခိုင်းတာ...။ ကိုယ်က မနက်စာအတွက် စောစောမထချင်တာနဲ့ ည အိပ်ခါနီး ဆယ့်တစ်နာရီမှာ မုန့်နှပ်ထားလိုက်တယ်...။ တကယ်ဆို အ၀တ်စိုနဲ့အုပ်မှပိုအဆင်ပြေမယ့်ဟာ (မုန့်ကထပ်ပွလာမှာလေ) ကိုယ်က Film Wrap နဲ့ပတ်ထားလိုက်တော့ မိုးလည်းလင်းရော Film Wrap တွေအပြင်ကို မုန့်တွေက ပေါက်ပြဲထွက်ကျနေတာ..။ ပြီးတော့ နှပ်တဲ့အချိန်ကလည်း ကြာသွားတယ်။ မုန့်က နဲနဲ ချဉ်နံ့ပေါက်နေတယ်...။ အဲလိုပေါ့...။ တကယ်သူ့ အချိန်အတိုင်းတိတိကျကျလုပ်တာ ပိုကောင်းတယ်...။ မုန့်ပျက်မယ့်ဘေးက ကင်းတာပေါ့နော့..။


တော်ပါသေးတယ် မုန့်တော့ပျက်မသွားပါဘူး...။ ရလာတဲ့ ဂျုံဒိုးကိုလေးပိုင်းခွဲပြီး ဂျုံမှုန့်ဖြူးထားတဲ့ သစ်သားပေါ်မှာ ဒလှိမ့်နဲ့ တစ်စင်တီမီတာအထူလှိမ့်ပြီး cutter မရှိရင် ဓါးနဲ့ အပိုင်းကလေးတွေဖြတ် တစ်ဝက်ပိုင်းပြီး နှစ်ခုထပ် တူလေးနဲ့ရာပေး ဆွဲဆန့်ပြီး ဆီပူပူမှာ ကြော်လို့ရပြီ...။ မုန့်တစ်ခုနဲ့တစ်ခုထပ်ရာမှာ ကြော်ရင်မကွာသွားအောင် ရေလေးနဲနဲတို့ပေးရင်ပိုကောင်းပါတယ်...။ ကိုယ်ပထမဦးဆုံးကြော်တဲ့ အီကြာကွေးမှာ မုန့်ဖုတ်ဆိုဒါ အချိုးမပြည့်လို့လား ရေများ သွားလို့လားတော့မသိဘူး မုန့်က နဲနဲပျော့ပြီးစေးနေတယ် ..။ အီကြာကွေးဆိုတာ မွမွရွရွလေးမှ စားကောင်းတာမဟုတ်လား...။


ဒီလိုနဲ့ အရသာကောင်းမွန်သော... သန့်ရှင်းလတ်ဆတ် ကျန်းမာရေးနှင့်ညီညွှတ်သော  နေကြာဆီနဲ့ကြော်ထားသော ဘေဘီအီကြာကွေးလေးတွေ ရပြီပေါ့ကွယ်။ နေကြာဆီက သွေးတိုးဆီးချိုသမားများအတွက် သင့်လျော်ပါတယ်...။


မိုးငွေ့

Monday, 13 May 2013

အဆုံးသတ်.....



ဖုန်းတစ်ခုဝင်လာခဲ့သည်.....။ contact photo က ရုပ်ကလေးကိုမြင်လိုက်သည်နှင့်... သူ့ဖုန်းမှန်း သိလိုက်သည်။ ကိုယ့်ကို သူတွေ့ချင်လို့ လာခဲ့မည်တဲ့...။ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ညတော်တော်ပင်မိုးချုပ်နေလေပြီ...။ သို့ပေမယ့်လည်း သူ့ကိုမလာခဲ့နဲ့လို့လည်း မပြောရက်ပြန်....။ ကိုယ့်ကိုဘာအတွက် လာတွေ့ချင်သလဲလို့ ဖုန်းထဲကမေးလိုက်မိသေးသည်...။ တွေ့ချင်ရုံသက်သက်ပါ...။ ပြီးတော့ ကျေးဇူးတင်စကားနည်းနည်းပြောချင်လို့ပါဟု သူပြောတော့ ကိုယ်အနည်းငယ်တွေသွားခဲ့မိသေး..။ ဘာအတွက် သူက ကိုယ့်ကိုကျေးဇူးတင်မလဲ...။ “တွေ့တော့မှပြောပြမယ်”ဟုပြောကာ ဖုန်းချ သွားသည်။

အိမ်နေရင်း အဝတ်ကိုလဲ၍ သူ့အလာကို ဝရံတာမှ ထွက်ကြည့်နေလိုက်သည်...။ သူနေသည့်နေရာနှင့် ကိုယ့်ဆီကို ကားငှားခဲ့လျှင် အသာကလေးမိနစ်နှစ်ဆယ်လောက်နှင့်တော့ရောက်နိုင်သည်။ ဆယ့်ငါးမိနစ်လောက်နေတော့ သူ့ဆီမှ ဖုန်းထပ်ဝင်လာခဲ့သည်...။ မီနီမတ်ကက်ရှေ့ရောက်နေပြီတဲ့...။ ကိုယ်တို့ တိုက်နှင့် တစ်လမ်းကျော်နားက မီနီမတ်ကက်၏ လမ်းဟိုဖက်ခြမ်းမှာ သူရပ်နေတာကိုတွေ့လိုက်သည်...။ ထုံးစံအတိုင်း ရှပ်အကျီၤဖြူဖြူနှင့် ပုဆိုးကိုဝတ်ထား၏...။ လမ်းမီးရောင်ခပ်မှိန်မှိန်ကြောင့် သူ့ပုဆိုးကွက်စိပ်ကို ဘာအရောင်မှန်းကိုယ်သေချာမခွဲခြားတတ်ခဲ့လိုက်...။ သူ့မျက်နှာမှာ ကိုယ်မြင်နေကျ ကိုယ့်စိတ်ကူးထဲကလို ကြည်လင်မနေဘဲ သုန်မှုန်လျက်...။ နှှုတ်ခမ်းထူထူနှင့် မေးစေ့တဝိုက်တို့မှာလည်း နှုတ်ခမ်းမွှေးကြမ်းတချို့ ကျိုးတို့ကျဲတဲပေါက်နေကြသည်။

သူ့ကိုတွေ့တော့ စကားထိုင်ပြောဖို့ အနီးနားက လက်ဖက်ရည်ဆိုင်ကိုလှမ်းကြည့်တော့ တချို့ဆိုင်တွေ ပိတ်နေကြပြီ...။ လမ်းထိပ်ဖက်မှ ဆိုင်တွင်မတော့ ပိတ်သေးမည်မဟုတ်ဟု သူနှင့်လမ်းထိပ်ဖက်သို့ လျှောက်ခဲ့လိုက်သည်...။ ကိုယ့်နဘေးမှ လျှောက်နေသောသူက ကိုယ့်လက်ကို အသာယာကလေး ခပ်ဖွဖွလာဆုတ်ကိုင်လိုက်သည်...။ အို.... သူ့လက်တွေအေးစက်နေပါရောလား...။ သူဘာဖြစ်နေသလဲဆိုတာ ကိုယ်သေချာမသိပေမယ့် သူ့ကို အားပေးသည့်သဘောနှင့် သူ့လက်ဖျားတွေကို ခပ်ကျစ်ကျစ်ကလေး ဖျစ်ထားလိုက်မိသည်...။ လမ်းထိပ်ဒေါင့်ချိုးရောက်တော့... လက်ဖက်ရည်ဆိုင်မှာ သုံးလေးဝိုင်းလောက်လူတွေရှိနေသေးသည်...။ သူက အဲဒီမှာမထိုင်ချင်ဘူးဟုဆိုကာ လက်ဖက်ရည်ဆိုင်ရှေ့ကနေ ကိုယ့်လက်ကိုဆွဲခေါ်ပြီး လမ်းကြားကလေးတစ်ခုထိပ်မှာရပ်လိုက်သည်။ လမ်းကြားကလေး၏ ထိပ်တည့်တည့် လမ်းမကြီး၏လမ်းဆုံလမ်းခွမှာ ကိုယ်တို့ရပ်နေကြသည်...။ လမ်းမပေါ်မှာ ကားအသွားအလာ  တစ်စီးစနှစ်စီးစသာရှိ၏...။ မာကျူရီလမ်းမီးတိုင်များမှ အလင်းတန်းများတော့ ကောင်းကင်မှကြယ်မှုန်မွှားများကို လျစ်လျူရှုလျက် ဖြာလင်းနေကြသည်...။

ကောင်းကင်၌ ကြယ်ကလေးများ မည်မျှလင်းလက်တောက်ပနေသည်ကို ကိုယ်မသိ....။ ကိုယ်သိတာက မြေပြင်ပေါ်မှ ကိုယ့်ရှေ့တည့်တည့်တွင် လင်းလက်နေသော ကြယ်ကလေးနှစ်ပွင့်.....။ ပြီးတော့ ခပ်နွမ်းနွမ်းအပြုံးတစ်ခု...။ သူဘာပြောချင်နေသလဲ... ကိုယ်ခုချိန်ထိ မခန့်မှန်းတတ်သေးတာ ကိုယ်ရဲ့ညံ့ဖျင်းမှုဟုဝန်ခံပါသည်...။ “ပြောစရာရှိတာပြောလေ” ဟု ကိုယ်စကားလမ်းကြောင်း စပေးခဲ့ပေမယ့်လည်း သူကဘာမှပြန်မပြောခဲ့...။ ဒီလိုနှင့် ညရောင်မှာ ကိုယ်တို့အတူ လမ်းကြားကလေးအတိုင်းလျှောက်လာဖြစ်ခဲ့ကြသည်...။  ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ကျွန်းရွက်များလေတိုးသံနှင့် ခွေးဟောင်သံမှလွဲ၍ ညသည် တိတ်ဆိတ်နေခဲ့၏...။ အနည်းငယ်အာရုံစိုက် နားထောင်ဖြစ်ခဲ့လျှင် သူ့ရင်ခုန်သံများကိုပင် ကြားရလိမ့်မည်ထင်သည်...။ လမ်းကြားကလေးအဆုံး မူလတန်းကျောင်းရှေ့ရှိ အုတ်ခုံဝိုင်းကလေးပေါ်တွင် ကိုယ်တို့အတူထိုင်လိုက်ကြသည်...။ မျက်စောင်းထိုးတိုက်ခန်း ဝရံတာတစ်ခု၌ လူတစ်ယောက်ထွက်ရပ်ကာ ကိုယ်တို့ကို လှမ်းကြည့်နေသည်..။

ဘာဖြစ်လာခဲ့သလဲ ပြဿနာတစ်ခုခုများဖြစ်ခဲ့သလားဟု မေးသော်လည်း သူက မထုံတက်တေးနှင့်ပင်... အဖြေက ရေရေရာရာထွက်မလာခဲ့....။ ဒီအချိန်ကြီး ကိုယ်တို့စကားအကြာကြီးပြောဖို့ မသင့်လျော်ဘူး ဆိုတာ သူမတွက်ဆမိလေသလား...။ ငယ်ရွယ်သူတို့၏ ဇွတ်တရွတ်နိုင်မှုကို ကိုယ်တဆိတ်တော့ မကြိုက်လှပါ...။ “ဘာလို့ ကျွန်တော့်အပေါ်အရမ်းကောင်းခဲ့တာလဲ မမက” ဟု...သူက စကားအဆက်အစပ်မရှိ မေးခွန်းထုတ်လာခဲ့သည်...။ အဖြေကရှိပြီးသားပဲ...ပြီးတော့ သူသိပြီးသားအဖြေကို ဘာကြောင့် ထပ်ခါသလဲလဲမေးချင်ရသလဲ...။ ဒီမေးခွန်းတစ်ခုအတွက်နှင့်တော့ သူကိုယ့်ဆီရောက်လာခဲ့တာ မဟုတ်မှန်းတော့သိပါသည်...။ “ကျွန်တော်စိတ်အရမ်းညစ်နေတယ် အဲလိုချိန်မျိုးဆို ကျွန်တော် မမနဲ့တွေ့ချင်တယ်” “ကျွန်တော့်အပေါ်အစစအရာရာ ကောင်းခဲ့တဲ့ အတွက်ကိုလည်း ကျေးဇူးတင်ချင်လို့ပါ”တဲ့...။ လူမှုရေး မိသားစုအရေး စသဖြင့် သူ့ကိုစိတ်ဖိစီးမှုတစ်ခု ဝန်တစ်ခုပိချင်ပိနေလိမ့်မည်ဖြစ်ပေမယ့်... ကိုယ်ဘာကြောင့် သူ့ကို စိတ်သက်သာရာ ဖြေသိမ့်နိုင်စရာစကားတစ်ခွန်း မဆိုခဲ့မိသလဲ...။ ထိုအစား... ကိုယ်ပြောမိသွားတာက နောက်တစ်ခါ ကိုယ်နဲ့တွေ့ချင်ရင် ညအချိန်မတော်မလာခဲ့ဖို့နဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်မှုအကြောင်းသာပြောခဲ့မိသွားစေခဲ့တာဟာ... ကိုယ်တို့နှစ်ယောက်အတွက်  အဆုံးသတ်တစ်ခုဖြစ်လာစေခဲ့သော စကားများပင်...။

ကိုယ့်စကားဆုံးတော့ သူဘာမှမပြောတော့ဘဲ ကိုယ့်လက်ကို ဆွဲကာ ကိုယ်တို့တိုက်ရှေ့ထိ လိုက်ပို့ခဲ့သည်..။ ပြီးတော့ အိမ်ကို ကားမစီးဘဲ ခြေလျင်နှင့်ပြန်မည်ဟုပြောကာ “ရောက်ချင်တဲ့အချိန်ရောက်ပစေ...မမနဲ့တွေ့တာ ဒီညနောက်ဆုံးပဲ နောက်ဘယ်တော့မှလည်း လာမတွေ့တော့ဘူး ဘယ်တော့မှလည်း ဖုန်းမဆက်တော့ဘူး”တဲ့...။ တကယ်တော့ အကြောင်းအရာ အဖြစ်အပျက်ကြီးကြီးမားမားမဟုတ်ပါဘဲ...  ကိုယ်ထည့်တွက်လိုက်သော မိန်းမတစ်ယောက်၏ဂုဏ်သိက္ခာ တန်းဖိုးနဲ့ ပတ်ဝန်းကျင်ဂရုပြုမှုဆိုသည့် ခေါင်းစဉ်တွေကပဲ ကိုယ်တို့နှစ်ယောက်ကို အစွန်းနှစ်ဖက်ရောက်အောင် ပိုင်းခြားပစ်လိုက်ပြီ.....။ ထိုညက ကိုယ်သူ့ဆီဖုန်းဆက်ပြီး ဖျောင်းဖျပြောဆိုခဲ့ပေမယ့် သူကတော့ပေါက်ကွဲ၍သာနေတော့သည်...။ “မမက ကိုယ့်ကိုယ်ကိုပဲချစ်တာပါ...မမသာ ကျွန်တော့်ကို တကယ်ဂရုစိုက်တယ်ဆိုရင်... ဘယ်လိုအချိန်ခါမျိုးမှာ မဆို ကျွန်တော်ဘာဖြစ်နေသလဲဆိုတာကို ဦးစားပေးမှာပဲ ခုတော့...ဗျာ....တော်ပြီ... ဖုန်းပိတ်လိုက်တော့မယ် ထပ်မဆက်လာနဲ့တော့...”

တကယ်ဆို... နောက်နေ့တွေမှာ သူစိတ်ပြေသွားမည့်အချိန်ကိုခန့်မှန်း၍ ကိုယ်ဖုန်းမဆက်သင့်ဘူးလား....။
ဒါပေမယ့် ကိုယ်သူ့ဆီကို အဲဒီနောက်ပိုင်း တစ်ကြိမ်ကလေးမျှပင် ဖုန်းမခေါ်ဖြစ်ခဲ့ပါ...။ သူလည်း ကိုယ့်ဆီဖုန်းမခေါ်ခဲ့ပါ....။ ဒီလိုနှင့် တစ်ရက် နှစ်ရက် မှ တစ်ပတ် တစ်လ နှစ်လထိတိုင် ကိုယ်တို့နှစ်ယောက်ကြားမှာ အလွမ်းဖြေစရာ... စကားလုံးများနှင့်သာပြည့်နှက်ခဲ့ကြသည်....။ တစ်ယောက်နှင့် တစ်ယောက်လည်း နောက်ထပ်ဆုံဖို့ခြေလှမ်းတိုးမလာခဲ့ကြပါ....။ သူနောက်ဆုံး တစ်ကြိမ်ဆက်လာခဲ့သော ဖုန်းကိုတော့  ဝမ်းသာကြည်နူးစွာ.. အံ့အားသင့်စွာ ကိုယ်စိုက်ငေးကြည့်နေခဲ့မိသည်။ သူကိုယ့်ဆီဖုန်းဆက်ရခြင်း၏ ရည်ရွယ်ချက်ကို အမှန်တကယ်မသိပေမယ့်လည်း... သူ့အသံကလေးကို ကြားလိုက်ရသည်ကပင် ကိုယ့်အတွက် စိတ်ခွန်းအားကိုတဒင်္ဂပြည့်စေခဲ့သည်ဆိုတာ သူသိချင်မှသိမှာပါ...။

မည်သို့ပင်ဖြစ်စေ... ကိုယ်တို့တကယ်ပဲ ဝေးသွားခဲ့ကြပြီလား  ကောင်လေးရယ်....။ ဘာမှန်းမသိသည့် မမြင်နိုင်သော စည်းတစ်ခုသည် ကိုယ်တို့နှစ်ယောက်၏ ဆုံတွေ့မှုကို အဆုံးသတ်လိုက်ပြီဖြစ်သည်...။


မိုးငွေ့

Thursday, 9 May 2013

သီးစုံဝက်သားကုန်းဘောင်ကြော်.....

 


ကုန်းဘောင်ကြီးကြော်ဆို မစားဖူးတဲ့သူမရှိသလောက်ပါ...။ တရုတ်ဟင်းထဲမှာ သူက နာမည်ရပြီးသား ဟင်းအမယ်တစ်မျိုးမဟုတ်လား...။ ကုန်းဘောင်ကြော်နည်းအခြေခံက ဒါဒါပဲဆိုပေမယ့်ပေမယ့် ကိုယ့်ကြော်နည်းလေးကို ပြန်မျှဝေချင်တာကြောင့်ရယ်ပါ။





၀က်သားကုန်းဘောင်ကြော်အတွက် ကိုယ်ထည့်မယ့် အမယ်လေးတွေကိုပြောပြမယ်...။

၁) ဝက်သား 200g (တစ်လက်မအရွယ်ပါးပါးလှီးထားတဲ့ မိုးခိုသား/ကျောကုန်းသား)
၂) ကြက်သွန်နီကြီးတစ်ဥ+ဖြူနှစ်မွှာ+ဂျင်းလက်တစ်ဆစ်
၃) ငရုတ်နီ ငါးတောင့်
၄) ချယ်ရီခရမ်းချဉ်သီး 12လုံး
၅) မုန်လာဥနီ 1/2လုံး
၆) ခရမ်းချဉ်သီးတစ်လုံး
၇) ငရုတ်ပွနှစ်လုံး
၈) ပဲငံပြာရည်အနှောက် 1 tbsp
၉) ပဲဆီ(သို့)နေကြာဆီ ဟင်းခတ်ဇွန်းကြီးတစ်ဇွန်းခွဲ


အသားနှပ်မည့် ဟင်းခတ်တွေက
(အသားထဲကို အောက်က ဟင်းခတ်တွေအကုန်ထည့်ပြီး ဆယ်မိနစ်လောက်နှပ်ထားပါ)
၁) ပဲငံပြာရည်အကြည် 1tbsp
၂) ပဲငံပြညရည်အနှောက် 1tbsp
၃) ဟင်းခတ်မှုန့် 2 tsp
၄) ငရုတ်ကောင်းအမဲမှုန့် 2 tsp
၅) ပြောင်းမှုန့် 2 tsp
၆) ဆန်ဝိုင် 2 tbsp
၇) သကြား 2 tsp
၈)နှမ်းဆီ သုံးစက်(အားလုံးကိုရောမွှေပြီးမှ နှမ်းဆီကိုနောက်ဆုံးမှထည့်မယ်)







ပုံမှန်ကြော်နည်း (သို့) မူလကြော်နည်းမှာတော့ ဂျင်း ကြက်သွန်နီ ဖြူတွေကို အရင်ကြော်ပြီး ပန်းကန်ထဲပြန်ဖယ်ထားတတ်ကြတယ်...။ ကိုယ်ကြော်မယ့်နည်းကတော့ အဲဒါနဲ့ပြောင်းပြန်...။ ဆီပူဒယ်ထဲကို အရင်ဦးဆုံး အစောင်းလေးတွေလှီးထားတဲ့ ကြက်သွန်ပင်အရင်းလေးကို ဆီသတ်တယ် နှစ်ချက်လောက်မွှေပြီးတာနဲ့ ဂျင်းချောင်းလေးတွေဆက်ထည့် ခရမ်းချဉ်သီး ထည့်ကြော်တယ်။





ခရမ်းချဉ်သီးနဲနဲနွမ်းလာတာနဲ့ နှပ်ထားတဲ့ ဝက်သားထည့်ကြော်ပါမယ်..။ သြော်တစ်ခုပြောဖို့မေ့သွားတယ် သိပြီးသားလဲဖြစ်ကြမှာပါ..။ ခုလို Stir Fry လို့ခေါ်တဲ့အကြော်တွေမှာ အသားကို အမြန်နူးလွယ်တဲ့အသားမျိုးကိုသုံးဖို့လိုပါတယ်..။ ဥပမာ ဝက်သားဆို မိုခိုသား ကျောကုန်းသား မဟုတ်ရင် နံရိုးနားက ခွာထားတဲ့ ခွာသွားတွေကို သုံးရင်ပိုကောင်းတယ် မဟုတ်ဘဲ ပေါင်သားတို့ဘာတို့နဲ့ကြော်မိရင် အသားမနူးဘဲ မာဆတ်ဆတ်နဲ့စားမကောင်းတတ်ပါဘူး။ ကြက်သားဆိုလည်း ရင်အုံသားဆို ပိုကောင်းတယ်။ 

အိုခေ... အသားထည့်ပြီးရင် ဆက်တိုက်သာမွှေပေးနေ... အရောင်လိုရင် ပဲငံပြာရည်အနှောက်ထပ်ထည့်ပြီး အသားလေးမွှေးပြီးနူးအိလာခါနီးပြီဆို ကျန်တဲ့အသီးအရွက်တွေဖြစ်တဲ့ ကြက်သွန်နီလေးစိပ်စိပ်နဲ့ ဓါးပြားရိုက်ကြက်သွန်ဖြူရယ် ငရုတ်နီနဲ့ ဥနီကိုထည့်ကြော် တစ်မိနစ်လောကမွှေကြော်ပြီးရင် ငရုတ်ပွစိမ်း ဆက်ထည့်ပြီး ကြော်လိုက်ရုံပဲ....။ ငရုတ်ကောင်းနဲ့ နှမ်းဆီနံ့မွှေးပျံ့နေတဲ့ ဆန်ဝိုင်ကြောင့်နူးညံ့နေတဲ့ ဝက်သားကုန်းဘောင်ကြော်တစ်ပွဲရပါပြီ...။ သူ့အဆီလေးကို ထမင်းပူပူမှာနယ်ပြီးစားရင် သိပ်ကောင်းတယ်။


မိုးငွေ့


Tuesday, 7 May 2013

ဟိုတုန်းက နွေရက်ကလေးဆီ.....





“ကိုကို... မီးမီးကို ကြက်တောင်လေးကောက်ပေးပါလား....” 

ခြံစည်းရိုးဘောင်နား ခုံခုပြီး ခေါင်းလေးပေါ်လာတဲ့ နဖူးအပြောင်ဆံပင်တွေကို ပိုနီတေးခပ်မြင့်မြင့် ဖဲပြားအနီရောင်စနဲ့ချည်ထားတဲ့ ကိုယ့်ကို တံမြက်စည်းလှည်းနေတဲ့သူက တအံ့တသြ လှမ်းကြည့်နေခဲ့တယ်...။ သူ့မျက်ဝန်းတွေထဲမှာ အံ့အားသင့်အကြည့်တချို့က ကိုယ်သူ့ကို ကိုကိုလို့ခေါ်လိုက်တာလဲ ပါလိမ့်မယ်....။ အစ်ကို အစ်မ မရှိတဲ့ တစ်ဦးတည်းသောသမီးကိုယ်က အစ်ကိုအစ်မသိပ်လိုချင်ခဲ့တာလေ...အငယ်လုပ်ချင်တာပေါ့...။

သူဆိုတာက.... ကိုယ်တို့ခြံဘေးကို ရန်ကုန်စက်မှုတက္ကသိုလ်တက်ဖို့ ဟိုးးး တောင်ပေါ်ဒေသ ပန်းတွေအများကြီးပွင့်တဲ့ ပြင်ဦးလွင်ကနေရောက်လာတဲ့ တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်...။ အဲဒီခြံမှာနေတဲ့ သူ့အဒေါ်က ကိုယ့်မေမေနဲ့ ဟိုးးအရင်ကတည်းက ရင်းနီးကြပြီးသားတွေ...။ ဟိုနေ့တုန်းက ဒေါ်ဒေါ်ငယ်အိမ်လာလည်တော့ မေမေနဲ့ပြောနေကြ သံကြားလိုက်တာပါ...။ နယ်က သူ့တူတစ်ယောက်ကျောင်းတက်ဖို့ ရောက်နေတာ...။ သူ့တူလေးက ဘယ်လောက်အေးကြောင်း လိမ္မာကြောင်း အလိုက်သိကြောင်းကို ရွှမ်းရွှမ်းဝေနေအောင် ပြောသွားတာလေ...။

သူက သစ်ရွက်ခြောက်တွေလှည်းတဲ့ တံမြည်းစည်းကြမ်းရှည်ကို မာလကာပင်ရင်းမှာ ခဏမှီထားလိုက်ပြီး မြက်ခင်းစိမ်းပြင်ပေါ်မှာ ကျနေတဲ့ ကြက်တောင်ကိုသွားကောက်ပေးပါတယ်..။
အသားခပ်ဖြူဖြူ သူက အဖြူရောင်ချိုင်းပြတ်စွပ်ကျယ်နဲ့ နက်ပြာကွက် ချည်သားဘောင်းဘီတိုလေးနဲ့  နုငယ်ပျိုမျစ်လှတဲ့ ကောင်လေးတစ်ယောက်ပေါ့....။ (ကိုယ် နောက်ဆုံးတွေ့လိုက်တဲ့ ပါးမြိုင်းမွှေးစိမ်းစိမ်းနဲ့ ရင့်ကျက်တည်ငြိမ်နေပြီဖြစ်တဲ့ လူကြီးတစ်ယောက်နဲ့ ပြင်ပရုပ်ကလေးပဲကွာသွားတာပါ.... သူ့ရဲ့ စိတ်အနေအထား အပြောအဆို ဟန်ပန်တွေက ဟိုတုန်းကနဲ့ အခုနဲ့ဘာမှမပြောင်းလဲသွားပါဘူး...)

ကိုယ်တို့ခြံဘေးပြောင်းလာခဲ့တဲ့ တက္ကသိုလ်ကျောင်းသားပေါက်စနအရွယ်ကတည်းက ကိုယ်စတွေ့ကတည်းက သူက တကယ့်လူကြီးတစ်ယောက်လို စကားပြောဆို ဆက်ဆံရာမှာ အေးဆေးတည်ငြိမ်လှတယ်...။

“ဒေါ်ခင်ခင်လေးရဲ့သမီးထင်တယ်.....”

သူက ကိုယ့်ကို ကြက်တောင်ကမ်းပေးရင်းက မေးလိုက်တာ....။ ကိုယ်က ခြံစည်းရိုးနား ခုံခုထားတာဆိုတော့ သူက ကိုယ့်ကိုပြန်မော့ကြည့်နေရတဲ့ အနေအထားမှာပေါ့...။ 

“ဟုတ်.... ကျေးဇူးနော် ကိုကို...”  သူ့လက်ထဲက ကြက်တောင်လဲရရော ကျေးဇူးတင်စကားပြောပြီး ကိုယ်စွေ့ခနဲ ခုံပေါ်က ပြန်ခုန်ချလိုက်တော့...ကိုယ့်ကို နောက်ထပ်စကားပြောဖို့ ဟန်ပြင်ရင်း ကျန်ရစ်ခဲ့တဲ့သူ့ပုံလေးကို မြင်ယောင်ပြီး ပြုံးမိသွားတယ်...။

ကိုယ်က ဆယ်တန်းဖြေပြီး တက္ကသိုလ်တက်ဖို့စောင့်နေရင်း အပြင်မှာ သင်တန်းတွေတက် အားရင် အိမ်မှာ ညီမတစ်ဝမ်းကွဲလေးနဲ့ ကြက်တောင်ရိုက် ပန်းကလေးတွေစိုက် ရေလောင်းတဲ့အလုပ်တွေကို လုပ်နေရတာပေါ့...။

သြော်... သင်တန်းတက်တာဆိုလို့... ထုံးစံအတိုင်း ကွန်ပြူတာတွေ အင်္ဂလိပ်စာတွေလည်းတက်ရင်း မေမေက မိန်းကလေးမို့ အချက်အပြုတ်လဲတတ်ရမယ်ဆိုပြီး အင်းလျားလမ်းချိုးက ဘောင်ထရီမှာ အချက်အပြုတ်သင်တန်းတက်ခိုင်းပါတယ်...။ ငယ်ငယ်ကတည်းက မေမေ့ကို မီးဖိုချောင်မှာကူနေကျမို့ သိပ်တော့မစိမ်းပါဘူး...။ သင်တန်းမှာ ဆနွင်းမကင်းမုန့်လုပ်ဖို့ အိမ်စာပေးလိုက်တဲ့တစ်နေ့ကျ အိမ်က မီးဖိုချောင်မှာ ကိုယ်အလုပ်ရှုပ်ရပြီပေါ့....။ ဆနွင်းမကင်းမုန့်ပေမယ့် ကိုယ်တိုင်ရဲ့ တီထွင်ကြံဆအားထုတ်မှုပါရမှာမို့ ဘာဆနွင်းမကင်းမုန့်ရယ်လို့ အတိအကျခေါင်းစဉ်မပေးပါဘူး...။ အာလူ ဒူးရင်း တခြားကိုယ်ကြိုက်တဲ့ အသီးအနှံနဲ့လည်း လုပ်လို့ရတယ်ပေါ့...။

အဲဒီနေ့က ကိုယ်တိုင် ဈေးသွား ဝယ်ရတယ် အမယ်တွေအစုံဝယ်ရတယ်...။ ကိုယ်လုပ်မှာက ရွှေဖရုံသီးဆနွင်းမကင်းပါ...။ အိမ်က အကူကောင်မလေးနဲ့ ကိုယ်နဲ့နှစ်ယောက်တည်း မေမေတို့မနက်စာဟင်းချက်ပြီးသကာလမှာ မုန့်လုပ်ဖို့ပြင်ဆင်ကြပါတယ်....။ ကိုယ်ပထမဦးဆုံး ကျောင်းကပေးတဲ့ အိမ်စာမုန့်လေးကို မေမေတို့ကတောင်ချီးကျူးတာ... သိပ်ကောင်းတာပဲတဲ့...။ ထောပတ်နဲ့ သကြားအချိုးအစားနဲနဲလျှော့ထားလို့ သိပ်ပြီး မချိုမအီပဲ ရွှေ့ဖရုံနှစ်အရသာလေးနဲ့မွှေးနေတာပဲတဲ့...။ မေမေအဲလိုပြောတော့ ဒေါ်ဒေါ်ငယ်တို့ကိုလည်း
ကျွေးချင်စိတ်ပေါက်လာခဲ့တယ်....။ 

ခါတိုင်း ဒေါ်ဒေါ်ငယ်တို့ကို မေမေမုန့်ပို့ခိုင်းရင် အရှေ့ခြံတံခါးကနေဝင်နေကျပေမယ့် ဒီတစ်ခါတော့ ခြံထဲမှာ စာဖတ်နေတတ်တဲ့ သူ့ကိုပဲလှမ်းခေါ်ပြီးယူခိုင်းမယ်လို့ စဉ်းစားပြီး ခြံစည်းရိုးနား ခုံခုလိုက်တော့ မြက်ခင်းပြင်ဒေါင့်က ကျောက်စားပွဲလေးမှာ သူစာဖတ်နေတာ တန်းတွေ့လိုက်တယ်...။ ကိုယ်ဒီနားမှာရောက်လာလိမ့်မယ်လို့ သူကြိုသိထားလေသလား တိုက်ဆိုင်သွားလို့လားတော့ မသိဘူး...။ ကိုယ်လဲခုံပေါ်တက် သူစာဖတ်တဲ့နေရာကိုလှမ်း ကြည့်လိုက်တာနဲ့ သူက ကိုယ်ကိုလှမ်းကြည့်နေတာနဲ့ ချက်ချင်းတိုးမိတယ်...။ ကိုယ်သူ့ကိုပြုံးပြတော့... သူ့လက်ထဲက စာအုပ်ကို စားပွဲပေါ်မှောက်ချရင်း ပြန်ပြုံးပြတယ်...။ ဒီတော့မှ သူ့ပါးနှစ်ဖက်က ပါးချိုင့်ခွက်ခွက်ကို ထင်းခနဲမြင်လိုက်ရတယ်...။ အိုးး... ကိုယ်မြင်ဖူးသမျှ ပါးချိုင့်ရှိတဲ့ ယောကျာ်းတွေထဲမှာ သူက ချစ်စရာအကောင်းဆုံးထင်ရဲ့...။

“ကိုကိုတို့ကို မီးမီးလုပ်တဲ့ မုန့်ပေးမြည်းမလို့.... ” ကိုယ်က သူ့ကို လက်ထဲက မုန့်ဗူးလေးမြှောက်ပြရင်း ပြောလိုက်တော့.. သူ ကျောက်စားပွဲနားကနေ ခြံစည်းရိုးနားကိုရောက်လာတော့တယ်...။

“ညီမလေးနာမည်က မီးမီးတဲ့လား... ”
“မေမေတို့အိမ်မှာခေါ်တာပါ.. နာမည်အရင်းက မေညိုလဲ့”

ကိုယ်ပေးတဲ့ မုန့်ကို သူ့တခါတည်းမြည်းခိုင်းတော့ မုန့်ဗူးလေးဖွင့်ပြီး သူချက်ချက်စားကြည့်ပါတယ်....။ ပြီးတော့ မုန့်ကိုဝါးရင်း နှုတ်ကပြန်မဖြေဘဲ ကိုယ့်ကို လက်မထောင်ပြတယ်...။ ခြံစည်းရိုးပေါ် လက်နှစ်ဖက်ယှက်မေးတင်ပြီး သူမုန့်စားတာကို အပေါ်စီးက ကြည့်ရတာ လှိုက်ဖိုကြည်နူးစရာ....။ အဲဒီနေ့ကစပြီး ကိုယ်လက်တည့်စမ်းသမျှ ဟင်းခွက်တွေ မုန့်တွေကို ဒိုင်ခံစားပေးတာ သူက ထိပ်ဆုံးကပေါ့...။

သူက တင်းနစ်ကစားသမားမို့ ကိုယ်ကြက်တောင်ခေါ်ရိုက်တိုင်းငြင်းတတ်တယ်...။ တင်းနစ်သမားတွေက ဘောလုံးကို လက်ဖျံအားသုံးပြီး ရိုက်တာမို့ လက်ကောက်ဝတ်သုံးပြီးရိုက်တဲ့ ကြက်တောင်နဲ့ကျတော့ ဆန့်ကျင်ဖက်လေ...။ ဒါကြောင့် ကိုယ်အတင်းရိုက်ခိုင်းရင် သူက ကိုယ့်ကိုဘယ်တော့မှမနိုင်တတ်...။ အင်းလေ... သူတမင်သက်သက် အရုံးပေးပြီး ရိုက်တာလည်းဖြစ်နိုင်တာပဲ...။ ငယ်ကတည်းက ခြေဆစ်လက်ဆစ်ကိုက်တတ်တဲ့ ကိုယ်... သူနဲ့ကြက်တောင်ရိုက်ပြီးတိုင်းဆေးလိမ်းရတော့တယ်...။

“အဲဒါပြောတာပေါ့.... လက်ကိုက်တတ်တာကို တခြားကစားနည်းပြောင်းကစားပါလား ညီမလေးရယ်....” ပြောလည်းပြောရင်း သူက စိတ်ရှည်လက်ရှည်နဲ့တော့ ဆေးကိုသေချာ လိမ်းပေးတတ်ပါတယ်….။

သူက တခြားသူတွေလို ကိုယ့်အိမ်နာမည်ကိုဘယ်တော့မှမခေါ်တတ်ဘဲ... ညီမလေးဆိုတဲ့ နာမ်စားကိုသာ တရှိုက်မက်မက်သုံးတတ်တယ်....။ သူနဲ့တွေ့ပြီးမှ ကိုယ်လည်း သူနဲ့စကားပြောတိုင်း  ကိုယ့်ကိုယ်ကို ညီမလေးလို့သုံးတာ နှုတ်စွဲသွားတော့တယ်...။ သူ့မှာက သူနဲ့ အသက်သုံးနှစ်ကွာတဲ့ ညီတစ်ယောက်ပဲရှိတာတဲ့...။ ကိုယ့်ကို တွေ့တော့ ညီမလေးအရင်းတစ်ယောက်လိုပဲ ချစ်ခင်တယ်တဲ့...။ ကိုယ်ကလည်း အစ်ကိုလိုချင်နေတဲ့ သူတစ်ယောက်ဆိုတော့ ဟုတ်နေတော့တာပဲ...။ တကယ်ဆိုသူက ကိုယ့်ထက် တစ်နှစ်ကျော်ကျော်ပဲကြီးပေမယ့်.... ကိုယ့်ကို သူနဲ့အသက်လေးငါးနှစ်ကွာတဲ့ ညီမအငယ်ဆုံး ကလေးလို ပြောဆိုဆုံးမဆက်ဆံတတ်တယ်...။

သူကျောင်းစတက်ချိန်မှာ ကိုယ်က မတက်ရသေးဘူး....။ သူ့ကျောင်းကိုလိုက်လည်ချင်တာ သူက မလာရဘူး...ကျောင်းမှာက ယောက်ျားလေးတွေများတယ်... ညီမလေးအနေရခက်အောင် စကြလိမ့်မယ်တဲ့...။ သူတို့တက်တဲ့ စက်မှုတက္ကသိုလ်ကြီးဆိုတာ ကိုယ်က ရုပ်ရှင်တွေထဲပဲမြင်ဖူးတာ ရောက်ဖူးချင်တာ တပိုင်းသေပေါ့...။ နေပေစေ့ မခေါ်လည်း ကျောင်းတက်ရတဲ့ အခါကျမှ သူငယ်ချင်းတွေနဲ့သွားလည်မယ်လု့ိတေးထားလိုက်တယ်...။

တကယ်လည်း ကိုယ် RC မှာပထမနှစ်စတက်တော့ အတန်းထဲက တွဲမိတဲ့ သူငယ်ချင်းကလည်း သူ့သူငယ်ချင်း YIT မှာရှိတယ်သွားလည်ကြမယ်ဆိုတော့...ဘာပြောကောင်းမလည်း ကိုယ်သိပ်ရောက်ဖူးချင်နေတဲ့ကျောင်းကိုး တခါတည်းကောက်လိုက်သွားတာပေါ့....။ သွားသာသွားရတာ သူဘယ်အတန်းမှာတက်နေတယ် သူ့အခန်းကိုဘယ်လို သွားရတယ်ဆိုတာမသိဘူး...။ ဟိုရောက်တော့ သူငယ်ချင်းရဲ့ သူငယ်ချင်းကို ဒုတိယနှစ်အတန်းတွေက ဘယ်အဆောင်လည်းဆိုပြီး သွားလျှောက်ကြည့်ကြတာ...။ သူ့ကိုရှာမတွေ့ပါဘူး....။ မိန်းကလေးတွေလာတယ်ဆိုပြီး အတန်းထဲက ကျောင်းသားတွေရဲ့ စားမယ့်ဝါးမယ့်မျက်လုံးတွေနဲ့ထွက်ထွက်ကြည့်တာခံရသေး...။ 

ဒါနဲ့ သူငယ်ချင်းနဲ့ အောက်ကိုပြန်ဆင်းခဲ့လိုက်တာ...အဆောင်လေးဖက်လေးလံရဲ့ အလယ်ကွက်လပ် မြက်ခင်းပြင်မှာ ခလော့စ်ပုံကွန်ကရစ်လမ်းလေးကိုတွေ့လိုက်တယ်...။ လမ်းကလေးက မြက်ခင်းစိမ်းစိမ်းကြားမှာ လျှောက်ချင်စရာလေး...။ သူငယ်ချင်းက ပြောပြတယ် အဲဒါ သြဘာလမ်းတဲ့...။ နာမည်လေးကအဆန်းပဲ....။ လျှောက်ကြည့်ချင်တယ်ဆိုတော့ ...မလျှောက်ရဘူးတဲ့... အဲလမ်းကိုဖြတ်လျှောက်တာနဲ့...အတန်းထဲရှိရှိသမျှ ကျောင်းသားတွေက လက်ခုပ်သြဘာ ဝိုင်းပေးကြမှာတဲ့...။ ဟာ.... မဖြစ်နိုင်တာ မယုံဘူးဆိုပြီး ကိုယ်က ဇွတ်တရွတ်ဖြတ်လျှောက်လိုက်တာ... ဘုရားရေ... ကြက်သီးမွှေးထလောက်တဲ့ လက်ခုပ်သံတွေ ရှိရှိသမျှအရပ်ကထွက်ပေါ်လာတာ ကိုယ်တောင်ကြောင်ပြီး ခြေလှမ်းတွေရပ်သွားတဲ့အထိပဲ...။ ကိုယ့်သူငယ်ချင်းက ကိုယ့်ကို ရုတ်တရက် လက်လာဆွဲခေါ်သွားတော့မှ ကော်ရစ်တာတွေ အောက်ဖက် ပြန်ရောက်သွားတော့တယ်...။ ကဲ..ယုံပြီလားတဲ့...။

ညနေသူကျောင်းကပြန်ရောက်တော့ အိမ်မပြန်သေးဘဲ ကိုယ့်ဆီကို တန်းရောက်လာခဲ့တယ်...။ ကျောင်းကိုမလာခဲ့ပါနဲ့လို့ အတန်တန်မှာထားတာ ဘယ်လိုရောက်လာသလဲ...။ ပြီးတော့ ဘာကိစ္စသြဘာလမ်းကိုသွားဖြတ်လျှောက်ရသလဲ စသဖြင့် ကိုယ့်ကို လူကြီးတစ်ယောက်လိုပဲ ဆူပူပါတော့တယ်....။ သူ့စကားကို နားမထောင်လို့ဆိုပြီး ကိုယ်ကို သူတစ်ပတ်တိတိ အပြောအဆိုမလုပ်ဘဲ ဆန္ဒပြသေးတယ်...။ ကိုယ်ဖြင့် ကြိတ်ပြီး သဘောကျလို့မဆုံးဘူး ကိုယ့်ကို စိတ်ကောက်တဲ့ လူကြီးလည်းရှိသေးတယ်ဆိုပြီးတော့လေ...။ ဟွန့်..သူကျတော့ ကိုယ့်ကိုကျောင်းမှာ တွေ့လျက်နဲ့ ထွက်မနှုတ်ဆက်တာကရော….။

ကိုယ်ကလည်း သူမပြောတော့ ဘာမှပြန်ပြီးစသွားမပြောဘူးပေါ့ တစ်ပတ်တိတိ ကိုယ်လဲကောက်တယ်ကွယ်..ကဲ...။ တစ်ပတ်ပြည့်တဲ့နေ့... အဲဒီနေ့က မှတ်မှတ်ရရ စနေနေ့ ကျောင်းပိတ်ရက်လေး...။ ညနေ ကိုယ်ခြံထဲပန်းပင်ရေလောင်းနေတုန်း သူရောက်လာတယ်...။ မေမေကလည်း ခြံထဲ ပုတီးစိပ်ရင်း လမ်းလျှောက်နေတာ...။ သူက ကိုယ့်သဘောထားကိုတောင် မမေးတော့ဘဲ မေမေ့ကိုခွင့်တောင်းပါတယ်...။

“ဒေါ်ဒေါ်... ကျွန်တော် လမ်းထိပ်မှာ ဝက်သားတုတ်ထိုးသွားစားမလို့ ညီမလေးကိုခေါ်သွားမယ်နော်”တဲ့...။ 

တွေ့လား သူဘယ်လောက်လူလည်ကျလည်း ကိုယ်ဝက်သားတုတ်ထိုးကြိုက်တတ်မှန်းသိလို့ အစားနဲ့လာပြီး မျှားခေါ်သလိုလိုနဲ့ ကိုယ့်ကိုလာပြန်စခေါ်တာလေ....။ ကိုယ်လည်းမကြားချင် ဟန်ဆောင်ပြီး တဖက်လှည့်ပြီး ပန်းပင်ရေဆက်လောင်းနေလိုက်တယ်...။ အိုက်တင်တခွဲသားနဲ့ ပဲများကြည့်တာလေ... တကယ်တော့ သူဝယ်ကျွေးမယ့် ဝက်သားတုတ်ထိုးကို မျက်စိထဲမြင်ယောင်ပြီး သရေကျနေပြီ...။

“ညီမလေး လာလေသွားကြမယ်...” 

သူအဲလိုလေးပဲခေါ်လိုက်တာ... ရုပ်ရှင်တွေထဲကလို အဝတ်စားသွားလဲလိုက်ဦးမယ်တွေ ဘာတွေတောင် ပဲမများနိုင်ဘဲ အိမ်နေရင်း ချည်ဂါဝန်လေးနဲ့သူ့နောက်လိုက်သွားလိုက်တာပဲ...။

“ညီမလေးက တစ်ပတ်လုံးလုံး ကိုယ့်ကို လက်တည့်စမ်းတဲ့ မုန့်လေးဘာလေးတောင် လာကျွေးဖော်မရဘူးနော်...”

သူက လက်ပိုက်ထားရင်း ဘေးနားကနေ ခပ်ဆိတ်ဆိတ်ကလေးလိုက်လာတဲ့ ကိုယ့်ကိုမသိမသာ မျက်လုံးလေးစွေကြည့်ရင်း စကားစပါတယ်...။

“ကျောင်းစာတွေနဲ့ရှုပ်နေတာ ဘာမုန့်မှမလုပ်ဖြစ်ပါဘူး....” လေသံခပ်အေးအေးနဲ့ ပြန်ဖြေတဲ့ ကိုယ့်ကို သူက ကိုယ့်ပခုံးကိုခပ်ဖွဖွလာသိုင်းဖက်လိုက်ပြီး....

“နောက်တစ်ခါ ကျောင်းကိုလိုက်လည်ချင်ရင် ကိုယ့်ကိုပြောနော် ကိုယ်ခေါ်သွားမယ်... ဟိုတပတ်ကလို သူငယ်ချင်းတွေနဲ့ ဗရုတ်လာမကျရဘူး ဟုတ်ပြီနော်” တဲ့...။

အမယ်...သူကကိုယ်ကို ခေါ်လည်ချင်သလိုလိုနဲ့ ကိုယ့်ကို ဗရုတ်ကျတယ်လို့ ထည့်ပြောသွားသေးတယ်...။ နေနင့်ဦး...သူခေါ်လည်းကိုယ်ဘယ်တော့မှမလိုက်ဘူးလို့ စိတ်ထဲ တေးပြီးဆုံးဖြတ်ထားလိုက်တယ်...။ အပြင်ပန်းကတော့ သူ့ကိုခေါင်းညိတ်ပြလိုက်တာပေါ့...။

တကယ်လည်း သူ YIT မှာ ကျောင်းတက်တဲ့ ခုနှစ်နှစ်လုံးလုံးမှာ ကိုယ်သူ့ကျောင်းကို တစ်ခါကလေးမှတောင် ထပ်မရောက်ဖြစ်တော့ပါဘူး...။ သူကျောင်းပြီးသွားတဲ့အချိန်ထိပေါ့....။ နွေကျောင်းပိတ်ရက်တိုင်း သူ့အမေနဲ့ညီလေးရှိတဲ့ ပြင်ဦးလွင်ကိုပြန်နေကျ...။ ပြန်လာရင် ကိုယ်ကြိုက်တတ်တဲ့ ရှမ်းစာတွေကို တပုံတပင်ကြီး ဝယ်လာပေးနေကျ....။

သူဘွဲ့ယူမှ သူ့မေမေနဲ့သူ့ညီလေးကိုမြင်ဖူးလိုက်တာပါ…။ သူ့ညီလေးက သူ့လိုအသားမဖြူဘူး အသားခပ်လတ်လတ်ပိန်ပိန်နဲ့ သူ့မေမေက သူ့လိုပဲ ပါးချိုင့်နဲ့ ခန့်ခန့်ထည်ထည် အမျိုးသမီးကြီးပေါ့…။ သူကျောင်းပြီးသွားတော့ သူ့ဇာတိကိုမပြန်ဖြစ်တော့ဘဲ... နိုင်ငံခြားသွားဖို့ လိုအပ်တဲ့ သင်တန်းတိုလေးတွေကို တက်နေခဲ့တယ်...။

ကိုယ်ကတော့ ကျောင်းပြီးသွားလို့.... မေမေတို့ပန်းစိုက်တဲ့ခြံမှာပဲ ပန်းစိုက်တဲ့ အလုပ်ကိုလုပ်ရင်း ခြံထွက်သီးနံှကလေးတွေနဲ့ တခါတလေ မုန့်ဖုတ်ပြီး ကိုယ့်အသိမိတ်ဆွေတွေကို ဝေပေးတတ်တယ်...။ သူကတော့ သင်တန်းတက်နေစဉ်ကာလလေးမှာ အားလပ်ချိန်တွေများတော့ ကိုယ်ပန်းစိုက်တဲ့ ခြံထဲမှာ ကိုယ်လုပ်တဲ့မုန့်တွေ ကိုယ်ချက်တဲ့ဟင်းတွေကို ဒိုင်ခံလာပြီး အားပေးတတ်သူပေါ့...။ 

အရင်ချိန်တွေတုန်းက သူကျောင်းတက်နေချိန်တွေတုန်းက ကိုယ်သတိထားမိသလောက် စီးကရက်သောက်တာခုလောက် မစိပ်ဘူး ။ ...ခုကိုယ့်ခြံထဲမှာ သူအချိန်လာဖြုန်းတတ်တဲ့အခါမှသာ စီးကရက်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပိုသောက်တတ်မှန်းသိလာရတယ်...။ တခါတလေသူက သောက်လက်စစီးကရက်ကို နှှုတ်ခမ်းမှာ တေ့ထားရင်းက ကိုယ့်ကို ပန်းအိုးတွေရွေ့ပေးနေတတ်သေးတာ...။ အဲလို သူ နှှုတ်ခမ်းမှာ စီးကရက်ကိုတေ့ထားတဲ့အခါ ကိုယ့်မျက်စိထဲမှာ သိပ်ကြည့်ကောင်းတာပဲ....။

“ကိုကိုက စီးကရက်ကိုတော်တော်ကြိုက်တာပဲလား.... ကျောင်းတက်ခဲ့ရတဲ့ ခုနှစ်နှစ်လုံးလုံးကို တကယ်ပဲ စီးကရက်ထက် ကောင်မလေးလှလှလေးတစ်ယောက်ကိုတောင် မချစ်ခဲ့မကြိုက်ခဲ့ဘူးတဲ့လား...”

ကိုယ်အဲလိုလေးမေးတဲ့အခါတိုင်း သူက ဘာမှပြန်မဖြေဘဲ ပြုံးလို့သာနေတော့တယ်....။ သူနဲ့ ကိုယ်တို့နှစ်ယောက်ကြားက သံယောဇဉ်အမျှင်တန်းတွေကို သူမသိဘဲနဲ့တော့မနေပါဘူး..။

တခါ...သစ်သားခုံတန်းလေးပေါ်မှာ ခရေပန်းသီနေတဲ့ ကိုယ့်ဆံနွယ်ကြားကို အဖြူရောင်နှင်းဆီတစ်ပွင့် သူလာပန်ပေးခဲ့ဖူးတယ်...။ ပန်းသီရင်း ကိုယ်သူ့ကိုမော့ကြည့်တော့ သူမျက်ဝန်းတွေမှာ အရည်လဲ့လို့ လင်းရောင်စဉ်တန်းတစ်ခုလို တောက်ပခက်ဖြာလို့...။ ပြီးတော့ ကိုယ့်မျက်ဝန်းထဲကို အပြေးအလွှားတစ်စုံတစ်ခုကို သူလိုက်ရှာနေတယ်....။ ကိုယ်မျက်လွှာချပြီး ပန်းကိုသာဆက်ပြီး သီနေခဲ့တယ်...။ ရင်ထဲမှာတော့ သူ့အကြည့်တွေနဲ့ မှိန်းမူးတဲ့ မိုက်ခနဲခံစားမှုလိုလို... အသက်ရှူကျပ်ပြီး  ချွေးစေးပျံလာသလိုလို....။ သူတစ်ခါမှ ကိုယ့်ကိုအဲလိုမကြည့်ဖူးခဲ့ပါဘူး....။

နောက်တော့ သူ့ကိုမော့မကြည့်ဘဲ... သူ့ဆီက သက်ပြင်းချသံခပ်ပြင်းပြင်း တစ်ခုကိုကြားလိုက်ရတယ်...။ လေပူတွေမှုတ်ထုတ်သလိုမျိုးလဲ ဟုတ်တယ်...။ ပြီးတော့ ဇစ်ပိုမီးခြစ်ဖွင့်လိုက်တဲ့ ဖြောင်းခနဲအသံကိုဆက်ပြီးကြားလိုက်ရတယ်...။ သူစီးကရက်ထုတ်ပြီး မီးညှိနေတာ..။ သူ့ ဟန်အမူအရာကို ကိုယ်မကြည့်ဘဲ အလွတ်ရနေတတ်ပြီ...။ ကိုယ့်ဘေးနား သူတိတ်တဆိတ်ထိုင်ပြီး စီးကရက်သောက်နေခဲ့တယ်...။ ဘေးတစောင်းထိုင်နေတဲ့ ကိုယ့်နောက်ကျောကနေ သူထိုင်နေတာ...။ ခေါင်းလျှော်ခါစ ကိုယ့်ဆံနွယ်ဆီက သစ်သီးရနံ့တချို့ကို ရှူရှိုက်နိုင်လောက်တဲ့အထိ နီးနီးကပ်ကပ် ကလေးမှာပါ....။

တကယ်တော့ သူဟာ... ခံစားချက်ကို မျိုသိပ်နိုင်လွန်းသူ... အပြင်ထုတ်မပြတတ်သူ...ဘာဖြစ်ဖြစ် တစ်ယောက်ထဲ ကြိတ်ပြီးမြုံနေတတ်တဲ့သူမျိုး.....။ အရာရာကို ငဲ့ကွက် တွက်ချက်တတ်လွန်းတဲ့သူလဲ ဟုတ်သေးတယ်...။ ကိုယ်အမြဲတွေးကြည့်ဖူးတယ်... သူနဲ့ကိုယ့်ကြားမှာ အဲဒါတွေလိုအပ်သလား....။ တကယ်ဆို ကျောင်းမတက်ခင် ဆယ်ကျော်သက်ရွယ်ကတည်းက ခင်မင်တွယ်တာလာခဲ့ သူနှစ်ယောက်ဟာ ဒီထက်ပိုပြီး မပွင့်လင်းသင့်ဘူးလား...။

ဒီလိုနဲ့သူနိုင်ငံခြားထွက်ရမယ့် ရက်တွေက နီးနီးလာခဲ့တယ်........။ သူသွားမှာက သူ့တစ်ဝမ်းကွဲအစ်ကိုရှိတဲ့ ဟိုးး ကမ္ဘာတစ်ဖက်ခြမ်းက New York City ကိုပါ....။

သူ့ကို လေယာဉ်ကွင်းလိုက်ပို့ရတဲ့ နေ့ကျတော့ ကိုယ်ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘူး...။ လူတွေအများကြီးကြားမှာ မျက်ရည်တွေက သူ့အလိုလို ပိုးပိုးပေါက်ပေါက်ကျလာတော့တယ်...။ ကိုယ့်ထက်အရပ်ခေါင်းတစ်လုံးစာမြင့်တဲ့သူက ကိုယ့်ရှေ့တည့်တည့်မှာ ကိုယ့်ကိုငံုံ့ကြည့်ပြီး မျက်နှာမှာလည်း ဘာမှမခံစားရသလို ကိုယ်နဲ့အကြာကြီးခွဲခွာသွားရမယ့် အဝေးတစ်နေရာကိုအချိန်အကြာကြီးတစ်ခုအထိ ထွက်သွားရမယ့်သူတစ်ယောက် မဟုတ်သလိုပဲ...။ သူ့လို ဟန်ဆောင်နိုင်မှုမျိုးလေး ကိုယ်လိုချင်လိုက်တာ....။ သူက ကိုယ့်ပါးပြင်ပေါ်က မျက်ရည်တွေကို လက်မနှစ်ဖက်နဲ့ အသာအယာသုတ်ပေးပြီး ကိုယ်ကို ပထမဦးဆုံးအကြိမ် သူ့ရင်ခွင်ကျယ်ကြီးထဲ ခဏထွေးပိုက်ထားခဲ့တယ်...။ သူ့ရင်ဘတ်ကြီးထဲမျက်နှာအပ်ရင်း ကိုယ်ရှိုက်လိုက်တဲ့အခါတိုင်း သူ့ကိုယ်က ရနေကျ ပရုတ်နံ့သင်းသင်းကလေးက ကိုယ့်အသက်ရှူလမ်းကြောင်းကတဆင့်... ကိုယ်ခန္ဓာအနှံ့ကို အားတစ်ခုလို လတ်ဆတ်နွေးထွေးစွာရောက်သွားခဲ့တယ်...။



 



“မငိုပါနဲ့ ညီမလေးရယ်... ဟိုရောက်ရင် ကိုကိုတို့ အွန်လိုင်းကနေစကားပြောလို့ရသားပဲကို...နော်...”

သူက ကိုယ့်ကို သူ့ရင်ခွင်ထဲကခွာပြီး ကိုယ့်ဆံပင်ကိုသပ်တင်ပေးရင်းနှစ်သိမ့်တယ်...။ ကိုယ်နောက်ဆုံးတကြိမ် သူ့ကိုမော့ကြည့်တော့ သူ့မျက်ဝန်းတစ်စုံမှာ မျက်ရည်ကြည်တချို့ စို့နေတာတွေ့လိုက်ရတယ်….။ အိုကွယ်…. ကိုယ်သာ ရင်ကွဲပက်လက်ငိုကြွေးကျန်ရစ်သူဖြစ်ပါစေ… သူ့ကိုတော့ စိတ်ချလက်ချနဲ့ သူ့အနာဂတ်ရှိရာဆီ သူ့ရည်ရွယ်ချက်ပန်းတိုင်ရှိရာဆီကို ဖြောင့်ဖြောင့်တန်းတန်းပဲသွားစေချင်တယ်… ။ ကိုယ့်ရဲ့စိတ်အလိုလိုက်မိလို့ကျလာတဲ့ မျက်ရည်တွေနဲ့တောင် သူ့ကို အနှောက်အယှက်မပေးချင်ဘူး….။ ကိုယ် ပါးပေါ်က မျက်ရည်တချို့ကို လက်ဖနောင့်နဲ့ သုတ်ပြီး သူ့ကိုပြုံးပြလိုက်တယ်….။ ဒီတော့မှ သူက ကိုယ့်ကို ဟိုငယ်ငယ်က ကလေးတစ်ယောက်လို ကိုယ့်ခေါင်းကိုဖွပြီး လက်ပြနှုတ်ဆက်ပြီး check in ဝင်သွားတော့တယ်….။

ကိုယ်တို့ အွန်လိုင်းနဲ့အဆက်အသွယ်ပုံမှန်ရှိခဲ့ကြပါတယ်…..။ ဒါပေမယ့် ကိုယ်တို့နှစ်ယောက်ကြားက အဖြူရောင်သံယောဇဉ်တွေ တိုးတက်ပြီး အရောင်မပြောင်းလဲခဲ့ပါဘူး…..။ ဆယ်နှစ် ဆယ့်နှစ်နှစ်ဆိုတဲ့ အချိန်ထိ သူတစ်ခါလေးမျှတောင်အလည်မပြန်ဘဲ အဲဒီမှာပဲနေခဲ့တယ်….။

ကိုယ့်အတွေးတွေက ကိုယ့်ဘဝကိုအတိတ်နိမိတ်ဖတ်လိုက်သလားမပြောတတ်ပါ….။ သူပြန်ရောက်လာခဲ့ပေမယ့်… ကိုယ်တို့နှစ်ယောက်ဝေးဖို့အကြောင်းကဖန်လာခဲ့တော့တယ်…..။ တကယ်ပါပဲ….. သူစိတ်ချမ်းသာကျေနပ်ဖို့ ကိုယ်တကယ်ပဲ ရင်ကွဲပက်လက်ငိုကြွေး ကျန်ရစ်ရမယ့်အဖြစ်က ခဏတာအတွက်မဟုတ်ဘဲ… တသက်တာအတွက်ထိဖြစ်လာခဲ့တာဟာ ကိုယ်တို့နှစ်ယောက်ရဲ့ အတိတ်ဘဝကံနည်းခဲ့လို့ပဲ ဖြေတွေးလိုက်ရတော့မလား……။

တခါတုန်းက စိုပြေနွေးထွေးမှုတွေပြည့်နှက်ခဲ့ဖူးတဲ့ နွေနေ့ရက်ကလေးတွေဟာ…. ခုတော့ သူ့ရာသီအတိုင်း သွေ့သွေ့ခြောက်ခြောက် လောင်မြှိုက်လို့……..။

ဟုတ်မှာပဲ…. ခုလိုနွေရာသီလေးမှာ မြက်ခင်းပြင်ပေါ်ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေလည်း ဘယ်တော့မှပြန်ရောက်မလာတော့တဲ့ သူတို့ကိုလှဲကျင်းပေးစုစည်းမယ့်သူကို ကိုယ့်လိုပဲ မျှော်နေကြမလားပဲ…..။


သူတို့နှစ်ယောက်အကြောင်းကို အောက်ကပို့စ်တွေမှာရေးခဲ့ဖူးပါတယ်...။

၁) မကုန်ဆုံးချင်သော ညနေ
၂) တိမ်တွေငိုတဲ့နေ့
၃) မေမြို့ည
၄) ချစ်သူရဲ့သမီး


မိုးငွေ့