Friday, 16 July 2010

အသွင်တူ၏ မတူ၏...




တကယ်စုံဖက်တဲ့ ဇနီးမောင်နှံတွေဟာ ရုပ်ရည်ချင်းတူတတ်ကြတယ်တဲ့...။ တော်တော်များများစုံတွဲတွေကိုတော့ သတိထားကြည့်မိတယ်...။ တစ်ချို့ဆို မောင်နှမလို့တောင်ထင်ရတယ်...။ ကျမတို့ကရော...ရုပ်အသွင် ဘယ်နေရာမှာတူကြလဲ....။ ဘာမှမတူကြဘူး...သူက ကျမထက်အသားပိုညိုတယ်... ဒါကြောင့် သူ့ကို ကျမက ချောကလက်လို့ ချစ်စနိုးလေးနာမည်ပေးထားတာ..။ တစ်ခုတော့ရှိတယ်... ကျမတို့နှစ်ယောက်ပြုံးလိုက်ရင် နှုတ်ခမ်းဒေါင့်မှာ အချိုင့်ကလေးတွေ ပါတာချင်းတော့တူတယ်..။ ရာသီခွင်မှာဆို သူက Aries ဖွား ကျမက Pisces.... ရာသီခွင်ရဲ့ ဟိုဘက်အစွန်နဲ့ ဒီဘက်အစွန်မှာ...။ လပိုင်းအနေနဲ့တွက်ကြည့်ရင် လချင်းကပ်လျက်ကျတယ်...။ ကျမက မတ် သူက ဧပြီ....။ သူက တနင်္ဂနွေသား ကျမက တနလာၤ... အကောင်ကြီးတွေချင်းတူတယ်...။ ကျမထက် သူနှစ်နှစ်ငယ်ပေမယ့် မသိတဲ့လူတွေက သူ့ကိုကျမထက် ငါးနှစ်လောက်ကြီးတယ်လို့ ထင်တတ်ကြတယ်...။ ကျမတစ်ယောက်ထဲ အပြင်ထွက်ရင် ဘယ်သူမှ ကလေးအမေဆိုတာ မယုံကြဘူး ...ခုထိ(အဟဲ...အဲလိုလန်းတာ)။

တူတာလေးတွေကြည့်မယ်ဆိုရင်တော့...လူတွေကို တတက်တအား အကူအညီပေးတတ်တာ... သနားတတ်တာချင်းတူတယ်...။ ကလေးလေးတွေကို ချစ်တတ်ကြတယ်တယ်...။ ပေါင်းအသင်းခုံမင် တတ်ကြတယ်..။ ဒါကတော့ လူမှုရေးအပိုင်းပေါ့။ ဝါသနာပိုင်းမှာတော့ ဂီတကိုချစ်မြတ်နိုးတတ်ကြတယ်...။ သူက သီချင်းဆိုသိပ်တော်တယ် ဂီတာတီးလဲကျွမ်းကျင်တယ်... ကျမကို စည်သူလွင်ရဲ့ “မျက်ဝန်း”သီချင်း ဆိုပြတတ်တယ်။ ခရီးထွက်တာ ဝါသနာပါတယ် အထူးသဖြင့် ပင်လယ်ကမ်းခြေမှာ သွားအနားယူတာမျိုး ကြိုက်ကြတယ်...။ သူကအငယ်ဆုံး ကျမက အကြီးဆုံးဆိုပေမယ့် မိသားစု မောင်နှမတွေကို ဦးစားပေးချစ်တတ်ကြတာချင်းတူတယ်...။ သူကအိမ်မှာအငယ်ဆုံးပေမယ့် လူကြီးဆန်တယ်... အကြီးဆုံးဖြစ်တဲ့ ကျမကတော့ သူနဲ့တွေ့ရင် ကလေးပဲ...။ အော်...တစ်ခုရှိသေးရဲ့... ကျမတို့ အကလဲ ကျွမ်းကျင်ကြတယ်... ကျမကို ကတတ်အောင် သူပဲ သင်ပေးခဲ့တာ...။ ဝါသနာတူတော့ ညှိနှိုင်းရတာ သိပ်မခက်တော့ဘူးပေါ့...။ အလုပ်ကိုချစ်ကြတာလဲတူတယ်...။ အလုပ်ခွင်ထဲရောက်သွားရင်တော့ အားလုံးကိုမေ့ပဲ...။ ဘဝကို အေးအေးချမ်းချမ်းနဲ့ ကိုယ့်အတွက်ချည်းမဟုတ်ဘဲ လူတွေအတွက်အကျိုးရှိတာလေးတွေလုပ်ရင်းနဲ့ပဲ ကုန်ဆုံးချင်ကြပါတယ်...။

အဓိကအရေးအကြီးဆုံးပဲ....ဘာသာရေး...။ သူက ခရစ်ယာန် ကျမကိုးကွယ်တာက ဗုဒ္ဓဘာသာ....။ ဘာသာမတူသူနှစ်ယောက်ပေါင်းဖက်ရတာ လူမှုရေးဘက်မှာရော ရှုပ်ထွေးမှုတွေ မကြာခဏရှိတတ်ပါတယ်...။ သူ့အဖေနဲ့အမေလဲ ဒီလိုပဲ....။ အဖေက ဗုဒ္ဓဘာသာ အမေက ခရစ်ယာန်...။ ကျမတို့နှစ်ယောက်လည်း အဖေနဲ့အမေတို့လိုပဲ သီးခံခွင့်လွှတ်နားလည်ခြင်းဆိုတာကို အမြဲလက်ဆွဲကျင့်သုံးခဲ့လို့... တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုလေးတွေ အမြဲညှိယူထားတော့ ပြဿနာကြီးကြီးမားမားတွေ သိပ်မရှိတော့ဘူးပေါ့...။ သူဘုရားကျောင်းတက်ရင် ကျမလိုက်ပေးသလို ကျမ ဘုရားသွားရင်လဲ သူကြည်ကြည်ဖြူဖြူ လိုက်ပေးပါတယ်။ ကျန်းမာရေးအနေနဲ့တော့ သူက သူ့အမေရဲ့အမွေ ရင်ကျပ်တာရထားတော့ ကျန်မာရေးကိုအမြဲ ဂရုတစိုက်ပိုရှိတယ်...။ ကျမကတော့ ပေပေတေတေ.... အပ်နဲ့ထွင်းရမယ့်ဟာကို ပဆိန်နဲ့ထွင်းရတဲ့ အထိထားတယ်...။ သူက အိမ်သန့်ရှင်းရေးလုပ်သလောက် ကျမအတွက်တော့ အိမ်ရှင်းတဲ့အလုပ်က ပျင်းစရာအကောင်းဆုံး...။ မီးဖိုချောင်ဝင်ပြီး ဟိုဟာလေးချက်စား ဒီဟာလေးချက်စားမယ်ဆိုရင်တော့ ကျမကရတယ်...။ ကျမကရေချိုးပျင်းတယ်.... ရေချိုးခါနီးဟိုဟာလုပ်နိုးနိုး ဒီဟာလုပ်နိုးနိုးနဲ့ လုပ်နေတတ်ရင် သူက ခုချက်ချင်းသွားမချိုးဘူးလား တစ်ကနေ တစ်ဆယ်ထိရေလို့မှ သွားမချိုးရင် ဘယ်လိုဒဏ်ခတ်မယ်နဲ့ ခြိမ်းခြောက်တော့မှ ရေချိုးဖြစ်တာမျိုး....။ ကိုယ်ကသာရေချိုးပျင်းတာ...သူ့ကိုတော့ အမြဲသန့်ပြန့်မွှေးကြိုင်စေချင်တယ်...။

ကျမက ဘိုစာကြိုက်သလောက် သူကတော့ မြန်မာထမင်းဟင်း ငပိရည်တို့စရာတွေကိုကြိုက်တတ်တယ်...။ ကျမကော်ဖီခါးခါးသောက်ရင် သူက လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေ သောက်တတ်တယ်...။ ညဘက်သူက အိပ်ယာဝင်တာနဲ့ အိပ်ပျော်တာမြန်တယ်....။ ကျမကတော့ အိပ်ခါနီးဆို အတွေးပိုရှုပ်တယ် မနက်ဖြန်လုပ်ရမယ့်အလုပ်၊ သားလေးအတွက် ဘာလေးလုပ်ရမယ်၊ ဘလော့ဂ်ဘာရေးပြီးတင်ရင်ကောင်းမလဲ... တစ်ခုခုကို အမြဲစဉ်းစားပြီးမှ အိပ်တတ်တယ်....။ ကျမက စာအုပ်စာပေကိုချစ်ပေမယ့် သူကတော့စာဖတ်ပျင်းတယ်... သူ့အလုပ်နဲ့ပတ်တက်တဲ့စာလောက်ပဲသူစိတ်ဝင်စားတယ်...။ ကျမနားသူရှိချိန်မှာ ကျမ ကွန်ပျူတာရှေ့ရောက်ရင် ဒါမှမဟုတ် စာအုပ်တစ်အုပ်ဖတ်နေရင်... သူမနာလိုဖြစ်တတ်တယ်... သူရှိနေလျက်နဲ့ သူ့ကိုဂရုမစိုက်လို့တဲ့....။ ဒါလည်းဟုတ်ပါတယ် သူက ခရီးသွားရတာများတယ်လေ..။ ဒါပေမယ့်လည်း ကွန်ပျူတာခလုတ်တွေ နှိပ်ရတာများလို့ လက်ချောင်းတွေ လက်ကောက်ဝတ်တွေ နာနေရင်တော့ သူက ဆေးလိမ်းပြီးနှိပ်ပေးတတ်သေးတယ်... အဲလိုလေး...။ ကျမဘလောက်ကို သူတစ်ခါမှ လာမလည်ဖူးဘူးဆိုရင် ရှင်တို့ယုံကြမလား...။ သူ့အကြောင်းလေးကိုဘယ်လိုလေးရေးထားပါတယ် သူပေးတဲ့ လက်ဆောင်တွေကို ဘယ်လိုလေးတင်လို့ ဘယ်သူတွေက ကွန်မန့်ဘယ်လိုလာပေးပါတယ်လို့ ပြောပြရင်တော့ တပြုံးပြုံးနဲ့ပေါ့ သူက...။ ကျမတို့နှစ်ယောက်ဟာ ဇစ်တစ်ချောင်းရဲ့ အသွားတွေလိုပဲ တစ်ယောက်ကွပ်လပ် တစ်ယောက်ဖြည့်ပေးနေကြတာပါ။ အားကစားဘက်မှာဆို သူကဘောလုံးကန်တာဝါသနာပါတယ် ကျောင်းတုန်းက သူ့မေဂျာအသင်းမှာ သူက ဂိုးသမား..။ အိမ်ဝင်းထဲမှာဆို ညနေဘက် သူ့ညီဝမ်းကွဲတွေနဲ့ ဘော်လီဘောပုတ်တယ်...။ ကျမကတော့ ငယ်ငယ်က တိုက်ကွမ်ဒိုတက်ဖူးတယ်....ရေကူးတယ်...။ ခုတော့ ကြွက်တက်တတ်လွန်းလို့ ရေမကူးဖြစ်တာကြာပြီ...။

ကျမတို့နှစ်ယောက် ခုလိုအေးအေးချမ်းချမ်းနဲ့ မိသားစုဘဝလေးဖြစ်လာဖို့ ရှေ့ပိုင်းမှာ လူမှုရေး အခက်ခဲပြဿနာတွေပေါင်းစုံကို နှစ်နဲ့ချီပြီး ရင်ဆိုင်ဖြတ်သန်းလာခဲ့ကြရတာပါ...။ ခုလို ခိုင်မြဲစွာ နားလည်မှုတွေရှိလာဖို့ ရင်နှီးယူခဲ့ရတာတွေ အများကြီးပါပဲ...။ ကျမတို့အိမ်ထောင်သက်လေးနှစ်ရှိသွားပြီ သိပ်ကိုချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့အတူပေါ့....။ ကျမဘဝမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ပြောပြပါဆိုရင်တော့ သူ့ကိုဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တာကိုပဲပြောပါရစေ...။

ဒီတဂ်ပို့စ်ကို မသက်ဝေဆီမှာအရင်ဆုံး သွားဖတ်တာပါ...။ မသက်ဝေရေးပြီဆိုရင်တော့ အဆုံးမှာဖတ်ကြည့်စရာမလိုဘူး အမချစ်ကို တဂ်ပြီးသားပဲ....။ အခုလဲ အမချစ်ဆီသွားဖတ်ရင်းနဲ့ အဆုံးနား မရောက်ခင်ကတည်းက ကျမကိုအမတော့ တဂ်တော့မှာပဲလို့ ရင်တထိတ်ထိတ်ရှိလာရင်းနဲ့ တကယ်လဲ အဆုံးပိုဒ်မှာ ကျမနာမည်ကိုတွေ့လိုက်တော့ ကိုယ့်ကိုယ်ကိုတောင်အံ့သြသွားတယ် ဒီလောက်ခန့်မှန်းတာ မှန်ရသလားလို့ ...။ အမချစ်ရေ.... အမတဂ်တဲ့ပို့စ်လေးကို သိပ်မစဉ်းစားတော့ဘဲ အမရေးတဲ့ ဖလိုးလေးအတိုင်း လိုက်ရေးလိုက်တယ်...။ ကျေနပ်ပါတယ်နော်...။ တဂ်ပို့စ်ကိုကြောက်တယ်သာ ပြောတာ ညတွင်းချင်းရေးချင်နေတာ ...အဟီးး...။

မိုးငွေ့

Tuesday, 13 July 2010

အပြစ်ကြီးကြီး.....




နေ့များဟာ ကုန်ဆုံးတာမြန်လွယ်
တစ်ရက်ပြီးတစ်ရက်
တစ်နှစ်ပြီးတစ်နှစ်မြန်တယ်
နင်နဲ့ငါ အတူမခွဲမခွာရှိဆဲ
အကြိမ်များစွာ ရန်ဖြစ်ကာငိုမြဲ
ဟူးးး....ရှင်းလို့မရတဲ့ ဒီအရှုပ်တွေ
ဟူးးး.... ရှုပ်ပွထတဲ့ စိတ်ကူးတွေ
နင်မေ့နိုင်လား...
ရှောင်ပြေးလို့လွယ်မှာလား...

ရင်ထဲမှာ ငါပျောက်ကွယ်ပြီလား
စိတ်ကူးတွေယှက်ရောထွေးနေလား
ငါပြောတာ နင်နားမဝင်ပါလားးကွာ....
ငါချစ်တာ အပြစ်ကြီးနေတာလားကွာ

ဟူးးး....စုတ်ပြတ်သတ်သွားတဲ့ ရင်ဘတ်တွေ
ဟူးးးး... သုံးစားမရတဲ့ ငါ့အသွေးအသား
အိပ်မက်တွေလဲ မှုန်ဝါးရီဝေလို့သွား....



ဒီ “အပြစ်ကြီးကြီး” ဆိုတဲ့သီချင်းလေးဟာ... ချစ်ဆုဝေ ချစ်သုဝေတို့ ညီအစ်မနှစ်ယောက်ရဲ့ တရှိုက်မက်မက်စီးရီးထဲက တစ်ပုဒ်ပါ....။ ခု ဗီစီဒီထွက်လို့ ဝယ်ကြည့်လိုက်တာ...။ ဒီတစ်ပုဒ်ကို သိပ်ကြိုက်တယ်...။ သီချင်းပုံစံ....စာသား.....ဘာမှန်းမသိတဲ့ခံစားမှု.....ရိုက်ချက်.....မယ်လိုဒီ.... အိုင်ဒီယာ.....အားလုံးကြိုက်တယ်...။ ပြီးတော့ ထရီဇာကိုယ်တိုင်ရေးထားတဲ့ Own Tune လေး...။ သူသိပ်ကြိုက်လို့ ဟိုးးးး လွန်ခဲ့တဲ့ခြောက်နှစ် ကတည်းကရေးထားပြီး စီးရီးတစ်ခွေလုပ်တိုင်း ပြုတ်ပြုတ်ကျန်ရစ်ခဲ့တဲ့ သီချင်းလေးလို့လဲပြောပါတယ်...။ ဒီတစ်ခွေလုံးမှာလဲ သူ့အကြိုက်ဆုံးသီချင်းလေး.... MRTV 4မှာတော့ ခဏခဏလွှင့်တာတွေ့တယ်....။ သီချင်းကို MTV ရိုက်တော့ ဒါရိုက်တာလဲ ထရီဇာကိုယ်တိုင်ပဲ သရုပ်ဆောင်လဲသူပဲ...။ မိုးပျံပူဖေါင်းကလေးတစ်လုံးနဲ့ ထရီဇာနဲ့ကို အရင်ရိုက်ပြထားတာ ဘောလုံးကလေးတစ်ခုပဲအဝါရောင်ခြယ်ထားပြီး ကျန်တာအားလုံး Black & White လုပ်ထားတယ်....။ အဆုံးထိသာကြည့်ပြီးသွားတယ်...။ ကြည့်တဲ့ ပရိတ်သတ်ကို သူ ဘာမက်ဆေ့ ပေးချင်တာလဲ မသိရဘူး...။ အဲလို ဘာမှန်းမသိတဲ့ ခံစားမှုလေးကို ပေးချင်တာလို့လဲ ထရီဇာကပြောပါတယ်...။ ကျမကလဲ အဲလို ဘာမှန်းမသိ ဘာကိုပြောပြချင်မှန်း မသိတာလေးကိုကြိုက်တယ်။ သီချင်းခေါင်းစဉ်ကလဲကြည့် အပြစ်တောင်မှ ရိုးရိုးမဟုတ်ဘူး “အပြစ်ကြီးကြီး”တဲ့...။


မိုးငွေ့

Tuesday, 22 June 2010

နတ်သမီးနဲ့ ထမင်းဝိုင်း


ဆိုင်းပရက်စ်နတ်သမီးကို မိုးငွေ့ဧည့်ခံဖြစ်တဲ့ ထမင်းဝိုင်း
ဝက်သားနဲ့ ပဲပြားချက်(နတ်သမီးက၀က်သားမစားဘူး)၊ ကြက်သားဆီပြန်ဟင်း စပါးလင်နဲ့ချက်တာ၊ ခရမ်းသီးမီးဖုတ်နဲ့ ကြက်ဥမွှေကြော်၊ ကချင်ငါးကြင်းပေါင်း စပ်စပ်ကလေး(ဒါလဲ နတ်သမီးကမစားဘူး)၊ ကျောက်ဖရုံသီးဟင်းချိုနဲ့ ငါးပိထောင်းတို့စရာစုံ...။ ဟင်းက သိပ်မများမပါဘူး အိမ်တိုင်ရာရောက်လာအားပေးတာပဲ ကျေးဇူးတင်ရမှာပါ...။

ကိုတူး(ညလင်းအိမ်) ပြောတုန်းကတော့ စားမယ် ၀ါးမယ်နဲ့ ပြီးတော့ တစ်ပန်းကန်ပဲစားသွားတယ် မချောနှစ်ယောက်ကြားမှာ ရှက်ရှက်နဲ့စားမ၀င်တာလား မိုးငွေ့ဟင်းမကောင်းလို့လား သူ့ကိုသာ သွားမေးကြည့်ကြပါ...။


မိုးငွေ့

Monday, 21 June 2010

ချစ်သောမြသဲညှာ.....





ဆရာလေးကိုကြည်နိုင်သည် (ဦးတွတ်ပီကာတွန်းထဲမှ ကျောင်းဆရာလေးကိုကြည်နိုင်မဟုတ်ပါ နာမည်ဆင်တူခြင်းသာဖြစ်ကြောင်း)တစ်ခါမှမရောက်ဖူးသော ဒေသသို့ ခရီးထွက်လာရင်း ရင်ထဲထိတ်လန့်တကြားတော့ရှိနေသည်...။ အကြောင်းမှာ ဂျစ်ကားကလေးနှင့် တောင်ပေါ်ခရီးလမ်း၏ အကွေ့ အကောက် အချိုင့်အဝှမ်းများကို ကြည့်၍ စိတ်ထဲ မရိုးမရွဖြစ်နေမိသည်...။ ဆောင်းလအကုန် နွေဦးပေမယ့် ရှမ်းပြည်ဘက်အေးချက်ကတော့ ဂျာကင်ထူထူပင် မနိုင်ချင်တော့ပြီ...။ ကားထဲတွင် ဆရာလေးကိုကြည်နိုင်နှင့်အတူ ခရီးသည် လေးယောက်လိုက်ပါလာသေးသည်...။ မျက်နှာချင်းဆိုင်မှာ ဆွယ်တာအပြာရောင်လေးနှင့်အမျိုးသမီးလေး မျက်လုံးမှိတ်ထားပြီး နှုတ်မှလှုပ်ရွလှုပ်ရွနှင့် ဘုရားစာရွတ်နေပုံထောက်သည်...။ သူ့ထက်လည်း အသက်ငယ်မည် ။ နောက် ရင်ခွင်မှာ ချည်စောင်နှင့်ကလေးငယ်ကို ပိုးလွယ်ထားသော အသက်သုံးဆယ်ဝန်းကျင် ချည်ဝတ်စုံအမဲရောင်နှင့် ပအိုးဝ်အမျိုးသမီးတစ်ယောက်လို့တော့ သူထင်သည်......။ သူ့ဘေးနားမှာတော့ အမဲဝတ်စုံနှင့် တဘက်ကိုခေါင်းပေါင်းထားသော အသက်ခြောက်ဆယ်ကျော်အရွယ်အဘိုးတစ်ယောက် အရှေ့ခန်းမှာတော့ ကားမောင်းတဲ့ ဒရိုက်ဘာတစ်ယောက်သာရှိသည်...။ သူတို့တွေကတော့ ဒီခရီးလမ်းကို ဘာမှပင်မမှုဘဲ ငိုက်မျဉ်းလို့တောင် လိုက်ပါလာကြသည်...။ တောင်ပေါ်သို့ ရောက်လာလေလေ နှင်းငွေ့တွေ မျက်နှာကို လာလာဟတ်သည့် အေးခနဲ စူးခနဲ ဒဏ်ကို ခံစားနေရသည်...။ မြေကမ်းပါး နံရံအကွေ့တစ်ခါ ကွေ့လိုက်တိုင်း ကွေ့လိုက်တိုင်း ကားဘီးများ ချောက်နှုတ်ခမ်းနားရောက်ရောက်သွားသလား ထင်ယောင်မိကာ ကားတန်းလက်ကိုင်ကို ကျစ်ကျစ်ဆုတ်ကိုင်ထားမိသည်...။ ပတ်ဝန်းကျင်ကို သတိမထားမိအောင် သူအခြားကြောင်း လျှောက်တွေးကြည့်မိသည်...။ သူ့ရဲ့ ပထမဦးဆုံး ကျောင်းဆရာအလုပ်ကို ဝေးလံခေါင်သီလှတဲ့ ရွာကလေးတစ်ရွာမှာ တာဝန်ကျတာမို့.... ဘယ်လိုအခက်ခဲတွေများရှိနေမလဲ.... ကျောင်းသားလေးတွေကရော လိမ်မာပါရဲ့လား... ရွာခံတွေကရော သူ့ကိုလှိုက်လှိုက်လှဲလဲှရှိပါ့မလား ဘာသာစကားအခက်ခဲ စသဖြင့် တွေးနေလိုက်သည်...။ ရွာလေးတစ်ရွာရောက်တာ့ ကားဆရာက ထမင်းစားနားမည်ဆိုတော့...အလွယ်တကူပဲ ဝယ်စားနိုင်သည်ထင်ပြီး သူ့မှာ စားစရာပါမလာခဲ့...။ သူ့အိတ်ထဲမှာ ရေဗူးတစ်ဗူး၊ စီးကရက်တစ်ဗူးနှင့်မီးခြစ်တစ်ခု မှတ်စုစာအုပ်တစ်အုပ် ဘောလ်ပင်နဲ့ ပိုက်ဆံအိတ်တစ်လုံး...။

တက်ကယ်တဲလေးတစ်ခုမှာ နားကြပြီး ထမင်းထုတ်ပါသူတွေကတော့စားနေကြပြီ သူတစ်ယောက်တည်း ယောင်လည်လည်ဘာလုပ်ရမှန်းမသိလု့ိ စီးကရက် တစ်လိပ်ထုတ်ဖွာလိုက်သည်...။ သူ့ဘေးကအဘိုးကြီးနဲ့ ကလေးနဲ့ ပအိုးဝ်မက သားအဖဖြစ်မည်။ သူတို့က အင်ဖက်နဲ့ထုတ်လာတဲ့ တောင်ယာထမင်းဂျက်ခဲကြီးကို အကောက်အကွေးတွေပါတဲ့ အရွက်ကိုနှပ်ထားတာထင်ရဲ့ အဲဒီဟင်းနဲ့ မြိန်ယှက်စွာစားနေကြသည်...။ သူ့ရှေ့က မိန်ကလေးကလည်း သူ့လိုပဲ စားစရာမပါလို့လားမသိ ဘာမှစားတာမတွေ့ရ....။ သူလဲ စီးကရက်ချည်းလှိမ့်ဖွာနေတာ နှစ်လိပ်ကုန်သွားသည်...။


“ရှင့် ဆီမှာ စားစရာပါမလာဘူးထင်တယ်...ရော့...ကျမဆောင်ထားတဲ့ ပဲပေါင်မုန့်လေးစားလိုက်”

ထမင်းစားနေတဲ့ သားအဖနှစ်ယောက်ကိုလှည့်ကြည့်လိုက် စီးကရက်ဖွာလိုက်နဲ့ သူ့ကိုကြည့်ပြီး ကောင်မလေးက သနားသွားတယ်ဟန်တူပါသည်...။

“ရပါတယ် ခင်ဗျ ... ညီမလေးပဲစားပါ”

ကောင်မလေးကြည့်ရတာ အသားဖြူနှစ်နှစ် ပါးမို့မို့ကလေး ရှမ်းစစ်စစ် မဟုတ်ဘဲ အခြားသွေးနှောထားမည်ထင်သည်...။ မျက်ခုံးမျက်လုံးမည်းနက်နက်ကလေးများက မျက်နှာမှာ ထင်းထင်းပပလေးဖြစ်နေသည်...။ စကားပြောသံကတော့ မြန်မာသံပီပီသသလေးပါပဲ....။

“စားပါရှင် အားမနာပါနဲ့ ရှင်ဗိုက်တော်တော်ဆာနေတာ ကျမသိပါတယ်”

ကောင်မလေး အဲဒီလိုပြောလိုက်တော့ သူ...လက်ထဲက စီးကရက်တိုကို နင်းချေရင်း ရှက်ရှက်နှင့်သ့ူ ဂုတ်ပိုးကဆံပင်ကို ပွတ်သပ်လိုက်သည်...။ သူ ဟိုသားအဖကိုခဏ ခဏသွားသွားကြည့်နေတာ ကောင်မလေးမြင်သွားပုံရသည်...။

“ဒါဆို တစ်ခုတော့ စားလိုက်မယ်နော်”

“ယူပါ ကျမမှာ သုံးလေးခုလောက်ပါပါတယ် ပြီးတော့ ဓါတ်ဗူးထဲမှာ ဖျော်ပြီးသားကော်ဖီပါသေးတယ်.. ကျမက ဒီလိုလမ်းမှာ အန်မှာစိုးလို့ အဆာပြေရုံလေးပဲစားတာ”

ကောင်မလေးက ပြောလဲပြောရင်း သူ့ခြင်းတောင်းထဲက ဓါတ်ဗူးကိုထုတ်ပြီး မတ်ခွက်ထဲ ထည့်နေပြီ...။ သူလည်းမငြင်းတော့ဘဲ “ကျေးဇူး” ဟုတစ်ခွန်းပြောကာ ကော်ဖီခွက်ကို လှမ်းယူလိုက်သည်..။ ဒီလိုနဲ့ ကောင်မလေးကို သူအရမ်းသိချင်တာလေး မေးလိုက်တော့တယ်.... စောစောက အဘိုးအိုသားအဖစားနေတဲ့ အကောက်ကောက်တွေပါတဲ့အရွက်လေး အဲဒီအရွက်ကို သူသိချင်နေမိသည်...။ အဲဒါ ဍအင်ကောက်ရွက်လို့ ခေါ်ပါသတဲ့...။ ဍလိုပဲ တွန့်လိမ်ကောက်ကွေးနေလို့နေမှာပါ...။ သူနဲ့ကောင်မလေး တစ်ယောက်ကိုတစ်ယောက် မမိတ်ဆက်မိသေးခင်မှာပဲ ကားဆရာက ကားထွက်မယ်အော်ခေါ်တော့ ကားပေါ်တက်အမြန် တက်သွားကြရပြီ...။ အချိန်က နေ့လည် တစ်နာရီရှိပြီ...။ ရာသီဥတုက အုံ့အုံ့မှိုင်းမှိုင်းနဲ့ လွမ်းမောဖွယ်ကလေး...။ ကားထွက်တော့မှ သူ ကောင်မလေးကို တစ်ခါ ကျေးဇူးတင်ကြောင်းထပ်ပြောလိုက်သည်...။

“နေ့လည်စာအတွက် ကျေးဇူးတင်တယ်နော် ညီမလေး”

“ရပါတယ်ရှင့် ခရီးသွားအချင်းချင်းတွေပဲ”

သူ နဲ့ ကောင်မလေး အဲဒီလောက်ပဲ စကားပြောဖြစ်ကြသည်...။ ကောင်မလေးက MP4 လေးထုတ်ကာ နားထဲထည့်လိုက်တော့ သူမေးချင်တာတွေ ဆက်မမေးဖြစ်တော့....။ ဂျစ်ကားလေးက တောင်ပတ်လမ်းကို ရုန်းကာရုန်းကာတက်နေရသည်....။ သူထိုင်တဲ့ ဘက်က ချောက်လက်ခြမ်း ... အကွေ့တစ်ခုရောက်လျှင်တော့ ကျောထဲဆိမ့်ခနဲ ခံစားရသည်...။ သူများတွေလိုလဲမငိုက်နိုင်....ဘယ်ချိန်မှာများ သူတာဝန်ကျမယ့် ရွာကိုရောက်ပါမလဲ ဟုသာ...တထင့်ထင့်နှင့် အမြန်သာရောက်ချင်တော့သည်...။ ညသုံးနာရီလောက်တော့ လမ်းက အဆင်းလမ်းလမ်းချည်းဖြစ်နေပြီ... ဘုရားရေ...ခုချိန်မှာ ကားဘရိတ်မမိလို့ကတော့ မတွေးရဲတော့ပေ...။ တောင်ဆင်းလမ်းကို တစ်နှာရီခွဲတိတိမောင်းပြီး သူတာဝန်ကျရာ ဝမ်ကျောင်ရွာကိုရောက်ပါပြီ....။ ကားဆရာကလှည့်ပြောသည်....။


“ဆရာလေးသွားမယ့်ရွာကို ဟိုးမှာ လှမ်းမြင်နေရပြီဗျ” တဲ့...

သူ့မျက်လုံးတွေ အရောက်တောက်သွားသည်...။ ဝမ်ကျောင်ရွာဆိုတာ တောင်ခြေရွာလေးပဲဖြစ်သည်....။ ဘေးပတ်ပတ်လည်မှာ စိမ်းညို့နေတဲ့ တောင်တန်းတွေနဲ့ အိမ်ခြေတစ်ရာခန့်သာရှိတဲ့ ရွာစုကလေးသာဖြစ်သည်....။ ကားထဲပါလာသူ ခရီးသည်အားလုံးလဲ ဒီရွာကပဲပေါ့...။ ကောင်မလေးကရော...။ သူကြည့်လိုက်တော့ ကောင်မလေးက MP4 ကိုဖြုတ်သိမ်းနေပြီ...။ ကားဆရာက သူ့ကို ရွာသူကြီးအိမ်ရှေ့ထိလိုက်ပို့ပေးသည်...။ ကားထဲမှာ သူနဲ့ ကောင်မလေးနှစ်ယောက်သာကျန်တော့သည်...။ ပအိုးဝ်သားအဖနှစ်ယောက်က ရွာအဝင်ကတည်းက ဆင်းကျန်ခဲ့ပြီ...။ သူမမြင်ဖူးတဲ့ သူကြီးဦးစိုင်းဆမ်ဆိုတာ ရှမ်းဘောင်းဘီနှင့် တဘက်ခေါင်းပေါင်းထားသော ဆေးတံခဲထားသည့် အသက်ငါးဆယ်အရွယ်လူကြီးဖြစ်လိမ့်မည်... ဘေးနားက ကျောင်းအုပ်ဆရာကြီး ဦးဘုန်းမြ ဆရာကြီးကိုတော့ သူတောင်ကြီးမှာ တစ်ခါဆုံဖူးလို့ မှတ်မိနေပါသည်...။ ဆရာကြီးရဲ့ဘေးနားက ရိုးရိုးပေမယ့် ခပ်ချောချောအမျိုးသမီးတစ်ဦး...။ သူအိတ်တွေသယ်လာတော့ ကောင်မလေးကလဲ သူ့နောက်ကို လိုက်လာနေသည်...။ သူ အံ့သြဟန်လှည့်ကြည့်တော့ ကောင်မလေးက ခပ်အေးအေးပင်ပြုံးပြနေသည်..။

“ဘယ်လိုလဲဗျ....ဆရာလေး ကိုကြည်နိုင် ခရီးပန်းလာပြီလား”

ဆရာကြီးက သူ့ကိုဦးစွာနှုတ်ဆက်စကားဆိုပါသည်...။

“ဟုတ်ကဲ့....ဒီလိုခရီးလမ်းမျိုး ကျနော့်တစ်သက်သာမှာ ဒါပထမဦးဆုံးကြုံရတာပဲ ရင်တထိတ်ထိတ်တော့ရှိတယ်... ဆရာကြီးတို့မိသားစုနေကောင်းကြတယ်မဟုတ်လားခင်ဗျ”

ဆရာကြီးက သူနဲ့ သူကြီး ကိုမိတ်ဆက်ပေးပြီး.... ကောင်မလေးရှိရာဆီလှမ်းမေးလိုက်သည်...။ ကောင်မလေးက စောစောက ခပ်ချောချောအမျိုးသမီးဘေးမှာ ထိုင်လျက်ရှိသည်။

“သမီးကရော လမ်းမှာ ဆရာလေးလိုအပ်တာ ကူညီပေးရဲ့လား”

“ကူညီပါတယ် ဖေကြီးရဲ့ ... သမီးပေါင်မုန့်နဲကော်ဖီတိုက်လိုက်ပါတယ်”

သူတို့က သားအဖတွေ...။ ဒါဆို ကောင်မလေးက ဆရာကြီးသမီးပေါ့ သူ့ကိုလဲ လမ်းတစ်လျှောက်ဒီရွာမှာတာဝန်ကျမယ့် ကျောင်းဆရာဆိုတာကိုလဲ ကြိုသိထားပြီးသားပေါ့..။

“မိတ်ဆက်ပေးဦးမယ် ဒါဆရာ့ရဲ့ တစ်ဦးတည်းသောသမီး မြသဲညှာတဲ့ ဟိုဘက်က ဆရာ့ဇနီး ဒေါ်ဖြူစင်သန့်ပါ”

“ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ... ညီမလေးက လမ်းမှာ ကျနော့်ကို ဘာမှပြောမထားတော့ မသိလိုက်ဘူး ဆရာကြီးသမီးမှန်း”


~~~~~~~~~~~~~~~~~~~~~~~


သူ့ကို ကျောင်းဝင်းထဲက အဆောင်မှာပဲ နေရာချပေးထားသည်...။ ဆရာကြီးတို့အိမ်နှင့် တစ်အိမ်ကျော်မှာဖြစ်သည်...။ သူ့လိုပဲ စာသင်ဖို့ရောက်လာမည့် လုပ်အားပေးဆရာတွေ အစိုးရကခန့်အပ်တဲ့ ဆရာတွေနေဖို့ ဆောက်ထားတဲ့ ဝန်ထမ်းတန်းလျားပေါ့...။ ဆရာကြီးက ကျောင်းအုပ်အရာမှ ပင်စင်ယူပြီး သူ့၏ ဇာတိရွာလေးဖြစ်သည့် ဒီရွာလေးမှာ တတ်နိုင်သလောက်စေတနာနဲ့ စာပြပေးနေသူဖြစ်သည်...။ ကျောင်းပိတ်ရက်သုံးလမှာ... သူရောက်လာခြင်းမို့ ...သူ့အလုပ်မှာ စာအုပ်တွေဖတ်မည်....။ လူဦးရေသိပ်မများတဲ့ ဒီရွာကလေးကို သူ့လေ့လာမည် ကလေးတွေနဲ့လည်း သူကျောင်းမဖွင့်ခင် ဗဟုသုတရစရာလေးများ မကြာခဏခေါ်၍ သင်ကြားပေးချင်သည်... စသည့်ရည်ရွယ်ချက်ဖြင့် သူ ဒီရွာကလေးကို သုံးလစောပြီးရောက်လာခဲ့ခြင်းဖြစ်သည်...။ ဒီအတွက်သူ့ကို အကူညီပေးဖို့ ဆရာကြီးသမီး မြသဲညှာသည်သာလျှင် အသင့်တော်ဆုံးဟု သူရွေးမိလိုက်သည်...။ ဟိုက ကူညီမည် မကူညီမည် မသိသေး...။ သူကတော့ စိတ်ကူးထဲ မြသဲညှာကို သူသိချင်တာ အကုန်ပြောပြနိုင်မည့်သူဟု အတတ်ယုံကြည်ထားသည်...။

တကယ်လည်း ရန်ကုန်တွင် သူနာပြုသင်တက္ကသိုလ် ဒုတိယနှစ်ဖြေပြီး ပြန်ရောက်လာသူကလေး မြသဲညှာသည် သူထင်တာထက်ပင် သူသိချင်တာများကို မထိန်မချန်ဖြေပေးလေသည်..။ ရွာမှ ကလေးများကို စုပေးသည်...။ သူက ပါလာသော ပုံပြင်စာအုပ်များ ကစားနည်းများဖြင့် ကလေးတွေကို ပျော်အောင်သင်ကြားကာ ကျောင်းမဖွင့်မီ ရင်းနှီးမှုယူရသည်...။ ဒါသူရွာကိုရောက်ပြီး တတိယရက်မှာဖြစ်သည်...။ လေးရက်မြောက်မှာတော့ ကျောင်းဝင်းထိတ်က ထမင်းဆိုင်ကလေးနှင့် သူ့ကို မိတ်ဆက်ထားပေးပါသည်...။ နောက်ဆိုလဲ သူ့စားရေးသောက်ရေးအတွက် အဆင်ပြေစေဖို့ဟု မြသဲညှာကပြောပါသည်...။ ဆိုင်ကလေးသည် သပ်ရပ်သန့်ရှင်းပြီး သဘာဝကျကျသစ်စားပွဲခုံနှင့် ဝါးလုံးကြီးကြီးဖြင့် စားသုံးသူထိုင်ရင် ခုံတန်းရှည်လေးလုပ်ထားသည်...။ အဲဒီဆိုင်က အစ်မတွေနှင့် မြသဲညှာသူ့ကိုမိတ်ဆက်ပေးပါသည်။ သူတို့က မုဆိုးမအမေနှင့် ညီအစ်မနှစ်ယောက်တည်းနေကြသည်...။ ဒေါ်နန်းသန်းအေး သမီး အကြီးက အစ်မဝိုခမ်း အငယ်က အစ်မမိုခမ်း ...။ အကြီးဖြစ်သည့် နန်းဝိုခမ်းကတော့ ထမင်းဟင်းချက်ရောင်းပါသည်...။ အငယ်မိုခမ်းကတော့ ခြေတံရှည်အိမ်အောက်ထပ်မှာ ယက်ကန်းယက်သည်....။ ညီအစ်မနှစ်ယောက်စလုံး အကြီးက အသက်၄၂ အငယ်က ၃၈ နှစ် အပျိုဟိုင်းကြီးတွေဖြစ်ပြီး အမေမုဆိုးမကို ရှာဖွေကျွေးမွေးသူများလည်း ဖြစ်သည်..။ မြသဲညှာဆိုရင် အစ်မမိုခမ်းယက်လုပ်သော အဆင်ဆန်းချည်ထည်များကို မြို့တက်ပြီး ရင်ဖုံးအကျီၤလေးများဝမ်းဆက်လိုက် ချုပ်ဝတ်တတ်သည်...။ နန်းဝိုခမ်းကတော့ ရှမ်းဟင်းအပြင် မြန်မာထမင်းဟင်းကိုလည်း ကောင်းမွန်စွာချက်တတ်တာမို့ ဆိုင်မှာ စားသုံးသူ အမြဲစည်ကားလျက်ရှိသည်..။ မြသဲညှာ မိတ်ဆက်ပေး၍သူ ထိုထမင်းဆိုင်တွင် သူစားဖြစ်သွားသည်...။ တခါတလေ မြသဲညှာတို့အိမ်မှာ သူကြီးအိမ်မှာ ရွာထဲက ကျောင်းသားမိဘတွေ ထမင်းဖိတ်ကျွေးတဲ့အခါကလွှဲရင်ပေါ့..။ အစ်မတွေကလည်း သူကို ခင်ကြသည်...။ ကလေးတွေကို စည်းရုံးတတ် စာသင်ချင်စိတ်ပေါက်အောင် ဆွယ်တတ်သူ ငယ်ငယ်ရွယ်ရွယ်ကျောင်းဆရာလေးမို့လည်း လေးစားအားကျကြသည်...။ သူအနှစ်သက်ဆုံးနေရာကတော့ ကျောင်းဝင်းအနောက်ဘက်က ကြာကန်ကြီးပင်ဖြစ်သည်...။ ပထမဆုံးမြသဲညှာက သူ့ကိုဒီလိုပြောပါသည်...။

“ဆရာ့ကို ဒီရွာရဲ့ အလှဆုံးနေရာ မြသဲ ခေါ်သွားမယ် ဆရာအဲဒီကိုရောက်ရင် အံ့အားသင့်သွားစေရမယ်”

မြသဲညှာ ဒီလိုဆိုထားတော့ သူသွားချင်စိတ်မရိုးမရွဖြစ်မိသည်...။တကယ်ပင် နတ်ဘုံနန်းထင်ရလောက်အောင် လှပါသည်...။ စိမ်းစိုနေသော တောတန်းနောက်ခံ တောင်တွေပတ်လည်ဝိုင်းမှာ လှပတဲ့ ကြာဖြူပွင့်တွေနဲ့ ပြည့်နေတဲ့ ရေကန်ကြီးက စာအုပ်ထဲ ဖတ်ဖူးတဲ့ နတ်ရေကန်အလား ထင်မှတ်မှားမိပါသည်..။ ပိုပြီး ထူးဆန်းသည်က အဲဒီကန်ကြီးထဲမှာ ကျွဲခေါင်းသီးတွေသီးနေတာပဲ...။ ကျွဲခေါင်းသီးကို စားသာစားဖူးတာ ဒီလို ရေကန်ထဲ စိုက်ရတဲ့ အပင်မျိုးမှန်း သူမသိခဲ့...။ မြသဲညှာက လှေတစ်စင်းယူပြီး သူ့ကိုလှေပေါ်အတက်ခိုင်းသည်..။ ရေမကူးတတ်တဲ့ သူ့အဖို့ နည်းနည်းတော့ကြောက်နေမိသည်...။

“ဆရာကလဲ ရဲရဲတက်ပါ ရေထဲပြုတ်ကျရင် မြသဲဆယ်ပါ့မယ် မပူနဲ့”

သူလည်း ကြောက်ကြောက်နဲ့ ယိုင်နဲ့နဲ့လှေပေါ်တက်ထိုင်လိုက်သည်...။ မြသဲညှာက တစ်ဘက်အစွန်းမှာ လှော်တက်ဖြင့် စလှော်ပါသည်...။ ရေထဲမှာ ကျွဲခေါင်းသီးများကိုလည်း မဝံ့မရဲဖြင့် ခူးခူးစားရတာလည်း အရသာရှိလှသည်...။ ကျွဲခေါင်းသီးကိုပြုတ်ပြီးသားသာ စားခဲ့ဖူးသောသူ့အတွက် ခုလို လတ်လတ်ဆတ်ဆတ် အစိမ်းစားကြည့်တော့လည်း ချိုသောအရသာ အရည်ရွှမ်းရွှမ်းနှင့်မို့ စား၍သိပ်ကောင်းပါသည်..။ ကန်လည်မှာ သူကျွဲခေါင်းသီးစားသည့်အခါမှာ မြသဲညှာက ကြာပန်းဖြူ အပွင့်ကြီးကြီးတစ်ပွင့်ကို အရိုးတံပါအောင်ခူးပြီး ကြာရိုးကိုအဆစ်လေးများချိုးကာ ကြာပန်းဆွဲကုံးလုပ်လေသည်...။


“ဆရာ ဒီမှာကြည့်လှလား မြသဲရဲ့ဆွဲကြိုးလေး”

“မြသဲကတော်လိုက်တာ ကြာဆစ်ဆွဲကြိုးတွေလည်းလုပ်တတ်တယ်”

“လုပ်တတ်တာပေါ့ ဒါတွေက မြသဲတို့ငယ်ငယ်ကတည်းက ကစားနေကျလေ ဒီကကြာပန်းတွေခူးပြီး ဆရာ့ကို ရွာထိပ်က တောင်ပေါ်စေတီခေါ်သွားဖူးမယ်”

“အိုကေ”

သူလည်း ကန်ထဲက ကျွဲခေါင်းသီးတွေတစ်ဝစား မြသဲညှာလည်း ကြာပန်းပွင့်တွေ တပွေ့တပိုက်နှင့် ကန်စပ်ကို ပြန်ကပ်ဖို့ လှော်လိုက်သည်...။

“ဆရာသေချာဆင်းနော် လှေအဆင်း မြင်းအတက်တဲ့ သတိထားဦး”

“ကျေးဇူး မြသဲ”

သူကျေးဇူးဟုပြောရင်း ကန်ဘောက်ပေါ်အတက် ဟန်ချက်ပျက်သွားတာ ကံကောင်းပေလို့ တစ်ယောက်ယောက်လှမ်းမဆွဲလိုက်ရင် ရေထဲပြုတ်ကျမှာသေချာသည်...။ သူ့ကိုဖမ်းကိုင်ပေးလိုက်တာက နန်းမိုခမ်းပါ...။

“သတိထား ဆရာလေး...ကန်ဘောက်ကရွှံတွေက ချော်တတ်တယ်”

“ဟာာ...အစ်မ ကျေးဇူးပဲဗျာ... အစ်မသာလှမ်းမဆွဲရင် ကျနော်တော့ မတွေးရဲဘူး”

“အစ်မမိုခမ်း ဘယ်သွားမလို့လဲ...မြသဲတို့နဲ့လိုက်ခဲ့ပါလား တောင်ပေါ်စေတီသွားမလို့”

အပျိုကြီးနန်းမိုခမ်းကို ကြည့်လိုက်တော့ သူယက်ထားတဲ့ အနက်ရောင်အခံမှာ ရောင်စုံကန့်လန့်စင်းလေးတွေပါတဲ့ ချည်ထည်ကို ဝမ်းဆက်ဝတ်ထားပြီး ကျော့ကျော့မော့မော့လေး ပြင်ထားသည်...။

“အတော်ပဲ အစ်မလဲ ဒီနေ့မွေးနေ့ဘုရားသွားဖူးမလို့ ကြာပန်းလာခူးတာ”

“ဒါဆို ခူးမနေနဲ့တော့ မြသဲခူးထားတာ အများကြီး... ဒါဖြင့် အတူတူသွားကြတာပေါ့နော်”

တောင်ခြေရောက်ဖို့ စက်ဘီးနင်း၍သွားရသည်.... အစ်မိုခမ်းကရွာမှာနေပြီး စက်ဘီးမနင်းတတ်..။ ဒါကြောင့်စက်ဘီးနင်းတတ်သည့် မြေလတ်သားဖြစ်သည့် သူပဲ တင်နင်းလိုက်ရသည်...။ မြသဲညှာက တစ်စီးသပ်သပ်နင်းသွားသည်...။ စက်ဘီးရှေ့ခြင်းထဲမှာလည်း ကြာပန်းများပြည့်လို့....။ လည်ပင်းမှာလည်း ကြာပန်းကုံးဆွဲထားသေး...။ သူစက်ဘီးနင်းရင်း မြသဲညှာကို လှမ်းကြည့်ကာ တစ်ချက်ပြုံးလိုက်သည်...။ သူပြုံးလိုက်တာကိုပင် သိပ်လျင်သည့် မြသဲညှာ မြင်ဖြစ်အောင်မြင်သွားသည်...။

“ဆရာ မြသဲကိုကြည့်ပြီးဘာလို့ပြုံးတာလဲ ”

မြသဲညှာသည် မေးလည်းမေးရင်း လေအရှိန်ဖြင့် ပွယောင်းနေသော ဆံနွယ်ခွေလေးများကို လက်တစ်ဘက်ဖြင့် သပ်လိုက်သည်....။

“ ဘာမှ မဟုတ်ပါဘူး မြသဲကြည့်ရတာ ကလေးလေးတစ်ယောက်လိုပဲ လွပ်လပ်ပျော်ရွှင်နေလို့ပါ”

“ဆရာကလည်း ဒီလိုပုံစံမျိုးက ရွာမှာပဲ နေလို့ရတာ ရန်ကုန်ပြန်ရောက်သွားရင် ကျောင်းစာနဲ့ပဲ လူကလုံးချာလိုက်နေတာ”

ဒီနေ့နဲ့ဆိုရင် သူဒီရွာကိုရောက်တာ သုံးပတ်ရှိသွားပြီ.... မြသဲညှာကျေးဇူးကြောင့်လည်း နေရာအနှံ့သူရောက်ဖူးပြီး သွားပြီ..။ တောင်ပေါ်တက်ဖို့ ပါလာခဲ့သည့် စက်ဘီးတွေကို တောင်ခြေ ရေအားလျှပ်စစ်ရုံးက ဦးလေးတွေဆီမှာ ခဏအပ်ထားခဲ့သည်...။ တောင်ပေါ်တက်ဖို့ မြေကြီးလှေကားထစ်တွေ လုပ်ထားသည်...။ မြသဲကတော့ ငယ်ရွယ်သူပီပီ အရင်ဆုံးပြေးတက်သွားသည်...။ လက်ထဲမှာလဲ ကြာပန်းတွေနှင့်...။ အစ်မမိုခမ်းကတော့ ခပ်မှန်မှန်ပင်တက်လာသည်...။ ဆရာလေးကိုကြည်နိုင်သည် အစ်မကို အားနာသည်နှင့် ခပ်ဖြေးဖြေးသာ အဖော်လုပ်ရင်းတက်လာခဲ့သည်...။

“ဆရာ အစ်မကို စောင့်ခေါ်ခဲ့နော် မြသဲတော့ သွားနှင့်ပြီ”

မြသဲသည် အောက်ဘက်ခပ်လှမ်းလှမ်းမှာ ကျန်ရစ်နေခဲ့သော သူတို့နှစ်ယောက်ကို လှမ်းအော်ပြောပြီး ဆက်၍ တက်သွားချေပြီ...။

“အစ်မ ရလားဗျ... ”

“ရပါတယ် ဆရာလေး အစ်ခပ်မှန်မှန်ပဲတက်မယ် နို့မိုဆိုရင် မောလို့ အစ်မကို မစောင့်ပါနဲ့ တက်သွားနှင့်ပါ”

“ရပါတယ် အစ်မ ကျနော့်ကို အားမနာပါနဲ့... သိပ်မလိုတော့ပါဘူး ရောက်တော့မှာပဲ ဟိုးး မှာ စေတီဖြူဖြူလေးကိုတောင်မြင်နေရပြီ”

သူနဲ့ အစ်မမိုခမ်းတောင်ပေါ်ရောက်တော့... မြသဲက ရင်ပြင်မှာ တံမြက်စည်းလှဲနေပြီ....။

“ညီမလေး ပန်းတွေရော...အစ်မ ဘုရားပန်းအိုးလဲထားလိုက်မယ် ညီမလေးက တံမြည်းစည်းဆက်လှဲလိုက်”

အစ်မမိုခမ်း ဘုရားပန်းလဲနေတုန်း သူ ဂေါ်ပြားသွားယူကာ မြသဲလှဲထားသော အမှိုက်များကိုကူကျုံး ပေးလိုက်သည်...။ အားလုံးပြီးတော့ ကိုယ်စီဘုရားဝတ်ပြုကြသည်...။ မြသဲက ကြာသပတေးဒေါင့် အစ်မမိုခမ်းက သောကြာဒေါင့် သူကတော့စနေဒေါင့်မှာ....။ သူဘုရားရှိခိုးပြီး တောင်ပေါ်ကနေ.. ရွာစုကလေးရဲ့ရှုခင်းကို လက်ပိုက်ကာကြည့်နေလိုက်သည်...။ သိပ်ကိုသာယာလှပတဲ့ ညနေခင်းဆည်းဆာအလှပါပဲ....။ လေကလည်း အေးစိမ့်ကာ ပိုက်ထားသောလက်ကြားထဲလည်း တိုးဝှေ့ဝင်ပါသည်...။ မိန်းကလေးနှစ်ယောက်ကတော့ ဘုရားဝတ်ပြုလို့မပြီးကြသေး...။ နေအဝင်...လအထွက် မြင်ကွင်းလေးကို ခုလိုတောင်ပေါ်ကနေကြည့်ရတာ တကယ့်ကို ရင်သပ်ရှုမောစရာပင်...။ သူ့တစ်သက်မှာ ဒီလိုမြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်.......။
စိမ့်နေသည်...။

“ဆရာ အေးနေပြီလား အနွေးထည်လဲပါမလာဘူး”

မြသဲသည်သူ့ကိုသာပြောနေပြီး သူမကိုယ်တိုင်လည်း လက်တိုနှင့်ပင်....။ လည်မှာပတ်ထားတဲ့ အဖြူရောင်ပုဝါလေးက လေအတိုက်မှာ လွှင့်ဝဲလို့.... နေညိုညိုသန်းတဲ့ အရောင်နဲ့ မြသဲရဲ့ ဆင်စွယ်ရောင်မျက်နှာ အလှမှာ ပန်းချီကားတစ်ချပ်လိုပဲ ရှုမဆုံးတော့ပြီ...။ သူတခဏ ငေးမောမိသွားသည်...။


“မြသဲကို ကျေးဇူးတင်ပါတယ် ဒီရွာကိုရောက်ကတည်းက အစစအရာရာမှာ မြသဲကပဲ အင်တိုက်အားတိုက်ကူညီခဲ့တဲ့အတွက်”

“ရပါတယ်ဆရာရဲ့”

“ဟေ့ တို့လဲ ကူညီပါတယ်နော်”

သူ့တို့နှစ်ယောက်စကားပြောနေသည်ကို အစ်မိုခမ်း အနောက်မှာရောက်နေတာမသိလိုက်ကြ...။

“အော်...ဟုတ်အစ်မ အစ်မတို့မိသားစုလဲ အပါဝင်ပေါ့ဗျာ ကျနော့်ရဲ့စားရေးသောက်ရေး မပူရအောင်...အစ်မတို့ကိုလည်း ကျနော် တကယ်ကျေးဇူးတင်ပါတယ်..”

“အိုကွယ်... တို့ဆီမှာ ဒါတွေမလိုပါဘူး... အားလုံးကဒီလိုပဲ ကိုယ့်မိသားစုမောင်နှမသားချင်းလိုနေနေကြတာ..
ဆရာလေး တစ်သက်လုံးနေမယ်ဆိုလည်း အစ်မတို့က ကျွေးထားပါတယ်”

အစ်မမိုးခမ်း အဲလိုကြီးပြောလိုက်သည်ကို မြသဲက လက်ကလေးအုပ်ကာ ရယ်ချင်မိသွားသည်။ ဆရာကိုကြည်နိုင်ကလည်း လှမ်းမြင်ဖြစ်အောင် မြင်လိုက်သေးသည်...။ သူတို့ တောင်ပေါ်ကဆင်းတော့ ညနေတော်တော်စောင်းနေပြီ....။ ညစာကို အစ်မမိုခမ်းက အတင်းခေါ်တာနဲ့ အစ်မဝိုခမ်း၏လက်ရာ ငါးကျည်းကြပ်တိုက်ဟင်းနှင့်စားကြသည်...။ မြသဲ မကြိုက်ဆုံးဟင်းမို့ ရေနွေးပဲသောက်နေလိုက်သည်....။ သူကတော့ ငါးကျည်းကြပ်တိုက်ကို ခရမ်းချဉ်သီးနှင့်ခပ်ရွှဲရွှဲချက်ထားသောဟင်းနှင့် မြိန်ရေယှက်ရေစားပါသည်..။ အပျိုကြီးညီအစ်မနှစ်ယောက်ကလည်း လိုလေသေးမရှိဧည့်ခံပါသည်...။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



သင်္ကြန်မတို်င်ခင် မြသဲတို့ ဝမ်ကျောင်ရွာက စုပေါင်းရှင်လောင်းပွဲကို အကြီးအကျယ်လုပ်ကြသည်...။ ထုံးစံအတိုင်း မြသဲညှာနှင့်အပေါင်းအသင်းတစ်စုက ကွမ်းတောင်ကိုင်ရပါသည်...။ ဆရာကိုကြည်နိုင်အတွက်တော့ မကြုံဖူးသေးသည့် ရှမ်းပြည်ကရွာဓလေ့ပါပဲ....။ မြသဲတို့နဲ့လိုက်ကူလုပ်ရင်း ရှင်လောင်းပွဲလေး စည်စည်းကားကားနဲ့ ပျော်စရာလည်းကောင်းပါသည်..။ အစ်မဝိုခမ်းတို့ ညီအစ်မကတော့ အလှူအတွက် စားအိုးကြီးများကို တာဝန်ယူချက်ပြုတ်ရသည်....။ မြန်မာလူမျိုးတွေမှာတော့ ရှင်လောင်းလေးတွေကို မြင်းစီးပြီး လှည့်ပါသည်...။ ရှမ်းပြည်မှာတော့ ဒီလိုမဟုတ်ပါ... ရှင်လောင်းကလေးများကို ရွာမှ ကာလသားများက ကုတ်ပေါ်တင်ကာ ဗုံမောင်းများတီး၍ ကခုန်ကြပါသည်....။ ကြာလာတော့ ရှင်လောင်းလေးတွေခင်ဗျာ ပေါင်ကြားနာပြီး ငိုကြပါလေရော....။

“မြသဲ... ဟိုမှာ ရှင်လောင်းလေးတစ်ပါး ငိုနေပြီ...ဘာလို့လဲ”

“ဟာ...ဆရာကလဲ မမြင်ဘူးလား ဟိုမှာ သူတို့ကို ကုတ်ပိုးမှာခွထိုင်ခိုင်းထားပြီး ဒီလောက် ကခုန်နေမှာတော့ ကလေးတွေလဲ ဘယ်ခံနှိုင်တော့မလဲ ပေါင်ကြားနာလို့လေ ငိုကုန်ကြပြီ”

“ အော် အဲလိုလား အဟားး ဟားးး ”

သူအဲလို ပေါ့ပါးစွာရယ်လိုက်တော့ ဆရာတစ်ယောက်နှင့်မတူတော့ဘဲ လွတ်လပ်ပေါ့ပါးသော လူငယ်တစ်ယောက်ဟု မြသဲ ကြက်သွန်လှီးနေရင်းမှ ငေးမောကာတွေးမိပြီး ပြုံးလိုက်သည်..။ နက်ဖြန်ရှင်လောင်းလှည့်ကြပြီး ဖိတ်ထားသောတခြားရွာမှ ဧည့်သည်များနှင့် ရွာလုံးကျွတ်စားဖို့အတွက် မြသဲတို့ အပျိုအဖွဲ့တွေကလဲ လိုက်ပါကူညီချက်ပြုတ်ကြရသည်...။

“ ဒါနဲ့ မြသဲ သူတို့က ကလေးငိုနေလဲ အကမရပ်ပါလား”

ကလေးတွေငိုနေကြပေမယ့် ဗုံမောင်းနဲ့ ကခုန်မြူးတူးနေကြသော ကိုကာလသားများကို ဆရာလေးသည် အံ့အားသင့်လျက် မြသဲကိုလှည့်ပြီးမေးပြန်သည်...။

“အော်...ဆရာကလည်း ရှင်လောင်းလေးတွေရဲ့မိဘတွေက ကာလသားတွေတောင်းတာကိုပေးမှ သူတို့က ကလေးတွေကို အောက်ချပေးမှာလေ”

“ဟောဗျာ...အဲလိုကြီးလား ကလေးတွေသနားစရာနော်”

“ဒါတော့ အပျော်ပေါ့ ဆရာရယ် ဓလေ့ထုံးတမ်းတစ်ခုပေါ့”

ဆရာလေးက ပလာချောင်ကြော်အတွက် သစ်သားဆုံကြီးထဲမှာပုဇွန်ခြောက်ထောင်းရင်း ခေါင်းတညိတ်ညိတ်နဲ့ ရှင်လောင်းလေးတွေကိုလှမ်းလှမ်းကြည့်နေပါသည်...။

“ဒါနဲ့ မြသဲ ဒီသစ်သားဆုံကြီးတွေက ခုလိုအလှူမှာသုံးဖို့လုပ်ထားကြတာလား”

“ဟုတ်ကဲ့ အဲဒီအတွက်လဲ သုံးပါတယ် တကယ်တော့ ဒီဆုံတွေက ဆောင်းတွင်းရောက်ရင်ခေါပုတ်ထောင်းဖို့ လုပ်ထားတဲ့ဆုံသီးသန့်ပါ”

“တော်တော်တော့ထောင်းယူရမယ်နော်ဗျ... ကောက်ညှင်းကစီးစီးနဲ့”

“ဟုတ်တယ်ဆရာ...အဲဒီခေါပုတ်ထောင်းပြီး ပူပူနွေးနွေးကို ဆရာမစားဖူးလို့ သိပ်ကောင်းတာ ဆောင်းရောက်ရင် ဆရာတွေ့ရပါလိမ့်မယ်”

“မြသဲတို့ ရှမ်းဓလေ့ကတော့ ကျနော့်အတွက် အထူးအဆန်းတွေချည်းပဲ”

“ဆရာအများကြီးထပ်ကြုံရဦးမှာ သင်္ကြန်ကျရင်လည်းပျော်ဖို့သိပ်ကောင်းတာ မြသဲကရန်ကုန်ပြန်ရမှာဆိုတော့ ဆရာ့ကို သင်္ကြန်ဓလေ့အကြောင်းလေး ပြောပြနိုင်တော့မှာမဟုတ်ဘူး.... ဒါပေမယ့် မပူပါနဲ့ အမမိုခမ်းတို့ရှိတာပဲ ဆရာသိချင်တာ သူတို့ကိုအကုန်မေးလို့ရတယ် ပြီးတော့ ဖေကြီးတို့ မေကြီးတို့ကိုလဲ မေးနိုင်တာပဲ နော့်”

“ဟုတ်တော့ဟုတ်တယ်ဗျ... ဒါပေမယ့် ကျနော်က မြသဲရှင်းပြတာလေးကိုပိုနားထောင်ချင်နေမိတာ”

ဆရာလေး အဲလိုပြောတော့ မြသဲ သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ အကြည့်ချင်းဆုံမိသွားသည်....။ မြသဲ မျက်လွှာမချဘဲ သူ့ကို ပြန်စိုက်ကြည့်နေမိသည်...။

“အော်... ဒီလိုလေဗျာ...မြသဲက ကျနော်ဒီရွာရောက်ကတည်းက နေရာအနှံ့လိုက်ပို့ပြီးရှင်းပြနေကျဆိုတော့ မြသဲရှင်းပြတာကို နားယဉ်နေပြီလေ... အဲဒါပြောတာပါ”

“ ဆရာကလည်း မြသဲလဲ ဘာမှမပြောပါဘူး”

မြသဲသူရှက်ကိုးရှက်ကန်းဖြစ်ပြီး ပြန်ဖြေရှင်းနေတာကို သဘောကျစွာပြုံးရယ်လိုက်မိသည်...။ သူက သူရှက်လျှင်လုပ်နေကျ ကုတ်ပိုးမှဆံပင်ကို ပွတ်သတ်နေလိုက်သည်...။



~~~~~~~~~~~~~~~~~~~~~~~~~~~~~



အလှူပြီးပြီး သုံးရက်မှာပဲ မြသဲရန်ကုန်သို့ပြန်ရန်ပြင်ဆင်ရတော့သည်...။ ညတုန်းက အမမိုခမ်းတို့က မြသဲပြန်ခါနီးမို့ အိမ်မှာ ထမင်းချက်ကျွေးကြသေးသည်...။ ပြီးတော့ မြသဲအတွက် အမမိုခမ်းက သူနောက်ဆုံးယက်လုပ်ထားတဲ့ ချည်ထည် ဒေါနစိမ်းရောင်တစ်စုံလက်ဆောင် ပေးလိုက်သေးသည်...။ ဒီအပျိုကြီးတွေက ဒီလိုပဲ မြသဲကို သံယောဇဉ်ရှိကြသည်....။ မြသဲကို ညီမတစ်ယောက်လိုချစ်ခင်ကြပါသည်...။

မြသဲက အထုပ်တွေနှင့် အိမ်ရှေ့မှာစောင့်နေရုံ....။ ထုံးစံအတိုင်း ဒေါဂျစ်ကားက အိမ်ရှေ့ထိလာခေါ်ပေးမည်...။ ဆရာလေးလည်း စောစောစီးစီးရောက်နေပါသည်...။ မြသဲအမေက မနက်စာကို ကောက်ညှင်းပေါင်းပူပူလေးနှင့် ဝက်လက်အေးဟင်းလုပ်ထားပေးသည်...။ မနက်စာကို မြသဲတို့မိသားစုနှင့်အတူ သူစားလိုက်ပါသည်...။

“ဆရာရန်ကုန်မှာ လိုတဲ့စာအုပ်တွေရှိရင် လှမ်းမှာနော် မြသဲ လူကြုံရှိရင်တစ်ခါတည်းပို့ပေးမယ် အားမနာနဲ့”

မြသဲကတော့ အမြဲလန်းဆန်းတက်ကြွ ရွှန်းရွှန်းဝေနေသလောက်... ဆရာကိုကြည်နိုင်ကတော့ မျက်နှာသိပ်မကောင်း ....။ ဟန်ဆောင်မကောင်းလိုက်တာဟု မြသဲ သူ့ကိုကြည့်ရင်း မှတ်ချက်ချလိုက်မိသည်..။ ခဏနေတော့ ဂျစ်ကားရောက်လာပါသည်...။ ဖေကြီးနဲ့မေကြီးကို မြသဲကန်တော့နေတုန်း မြသဲအထုပ်တွေကို သူကူပြီးကားပေါ်တင်ပေးလိုက်သည်...။ ကားပေါ်တက်ခါနီး သူကမှာနေသေးသည် ။

“ကျန်းမာရေးဂရုစိုက်နော်မြသဲ ကျနော် စာရေးလိုက်ပါဦးမယ်”

“ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်... ဆရာ့ကိုတော့စိတ်ချပါတယ် ဒီတစ်ရွာလုံးကဝိုင်းစောင့်ရှောက်ကြမှာဆိုတော့ ပူစရာမလိုတော့ဘူး”

မြသဲရန်ကုန်ပြန်သွားတော့ သူ့စိတ်ထဲ ဟာတာတာဖြစ်ကျန်ရစ်သည်...။ အခါတိုင်းလို ဘေးနားက စကားတတွတ်တွတ်ပြောဆို မရောက်ဖူးတဲ့ နေရာတွေလိုက်ပြ သူနားမလည်တဲ့ ရိုးရာဓလေ့တွေကို မမောနိုင်မပန်းနိုင်ရှင်းပြနဲ့ မြသဲကို သူလွမ်းပြီး သံယောဇဉ်ဖြစ်ကျန်ရစ်ခဲ့မှန်း... အနားမှာ မရှိတော့မှ ပိုပိုသိသာလာသည်...။ ထို့ကြောင့် သူစာတစ်စောင်ရေးပါသည်...။ မြသဲ ဒီရွာကိုပြန်လာဖို့ မြသဲကိုပြန်တွေ့ဖို့ တစ်နှစ်လောက်ကြာဦးမည်...။ နောက်နှစ် ဒီလိုချိန်လောက်မှသာ မြသဲကိုသူ ပြန်တွေ့နိုင်မည်...။

ဒီလိုနဲ့ သူကလေးတွေကို စာပြရင်း မြသဲနှင့် တစ်လတစ်ခါစာအပြန်အလှန်ရေးဖြစ်ကြသည်...။ စာထဲတွင် ရွာကအခြေအနေ မြို့ကအဖြစ်အပျက်များကို ဖလှယ်ဖြစ်ကြသည်....။ နောက် သူနဲ့မြသဲ ကဗျာအကြောင်းများပြောဖြစ်ကြသည်...။ သူက သူကျောင်းဆရာအလုပ်အပြင် သူ့ကိုယ်ပိုင်ဝါသနာက ကဗျာရေးခြင်းဖြစ်သည်...။ မြသဲကတော့ သူများရေးသောကဗျာများကို အဖတ်များသူဖြစ်ပြီး ကဗျာကိုတော့ လက်တွေ့မရေးဖြစ်သေးပါ...။ စာရေးတိုင်းတော့ သူ့ကဗျာတိုများကို မြသဲကအမြဲဖတ်ရစမြဲပင်ဖြစ်သည်....။ သူ မြသဲနှင့် ခြောက်လကြာမျှ စာအပြန်အလှန်ရေးပြီးသကာလမှာ မြသဲကိုသူ့ရင်တွင်းခံစားချက်များကို ကဗျာလေးများဖြင့် အရိပ်အမြွက်ပြကာရေးတတ်လာပါသည်...။ မြသဲကတော့ “ဆရာ့ကဗျာလေးတွေက သိပ်....ဖတ်လို့ကောင်းတာပဲ... ဆရာကချစ်တတ်လို့ အချစ်ကဗျာလေးတွေရေးတာလား”စသဖြင့် ရွှန်းရွှန်းဝေအောင် သူ့ကို မေးကာ မသိချင်ယောင်ဆောင်တတ်ပါသည်...။ နောက်တော့ သူဝေ့မနေတော့ဘဲ မြသဲကို ဖွင့်ဟဝန်ခံသည့် စာတစ်စောင်ရေးလိုက်တော့... သူမျှော်လင့်ထားသည့်အတိုင်း မြသဲ မအံ့သြပါဘူး...။ မြသဲ ဆရာ့ကိုလေ့လာပါရစေဦး ဟုစာပြန်လာသောအခါ သူ့အတွက် အဖြေတစ်ဝက်ရလိုက်သလို ဝမ်းမြောက်ဝမ်းသာရှိသွားပါသည်...။

ထိုချိန်မှစ၍ သူစာရေးသောအခါတွင် “သို့..... ချစ်သောမြသဲညှာ” ဟူ၍အစချီတတ်လာပါသည်...။ မြသဲက သူ့ကို နောက်နှစ် ရွာပြန်လာလျှင် အဖြေပေးမည်ဟုစာပြန်လိုက်သည်...။ သူ့ကိုမြသဲက စာပြန်ရေးတော့ “အစ်ကိုဆရာ”ဟုရေးတတ်ပါသည်...။ ကလေးတွေကိုစာသင်ပြရင်း မြသဲ ပြန်အလာကို စောင့်မျှော်ရတာ သူ့အတွက် အချိန်အတော်ကြာညောင်းလှပါသည်...။

သူ့မှာတော့ မြသဲညှာပြန်အလာကို စောင့်မျှော်ရင်း... မြသဲပြန်လာခါနီး တစ်လအလိုမှာပဲ သူ့ဘဝအတွက် သူဘယ်တုန်းကမှ မျှော်လင့်မထားသည့် ပြန်ပြင်မရနိုင်တော့သည့် အပြောင်းအလဲ တစ်ခုက သူ့ကို အစိမ်းလိုက် ဝါးမျိုပစ်လိုက်သည်...။ သူတစ်သက်မှာ ဒီလို အဖြစ်မျိုးလောကမှာရှိနေသည်ဟုပင် မသိရှိခဲ့ဖူးပါ....။ ဒီလိုရှေးဆန်တဲ့ အယူအဆတွေ ကမ္ဘာလောမှာရှိနေသေးတာ သူ့အတွက် မယုံနိုင်စရာပါပဲ...။ သူလေ့လာသိရှိသမျှ ဓလေ့ထုံးတမ်းထဲမှာတော့ သူ့ဘဝကို တစ်ဆစ်ချိုး ဂျွန်းထိုးမှောက်ခုံဖြစ်အောင် ပြောင်းလဲပစ်လိုက်စေတာပါပဲ...။ မြသဲကို သူပြန်လာရင် သူဘယ်လိုရင်ဆိုင်ရမလဲ.... မြသဲကို ဘယ်လို ခံနိုင်ရည်မျိုးနဲ့ သူစာရေးအကြောင်းကြားရမလဲ သူရင်တွေဗလောင်ဆူနေပြီ...။ နောက်ဆုံးတော့ မတတ်နိုင်တော့ မြသဲကို သူအသိပေးရမည်...။ သူချစ်သောမြသဲကိုတော့ သူပွင့်ပွင့်လင်းလင်းပြောပြမှဖြစ်မည်...။


သို့.....

ချစ်သော....မြသဲညှာ

အစ်ကိုတော့ လငပုတ်ဖမ်းခံလိုက်ရပြီ.......။


ဟု....အစချီ၍ သူရေးလိုက်တော့ ပထမစာကြောင်းကိုစဖတ်လိုက်ရတာနှင့် မြသဲချက်ချင်း သဘောပေါက်သွားသည်...။ မြသဲ သူ့ကိုပြောပြခဲ့သော ရွာ၏ ဓလေ့ထုံးစံထဲမှာ အဲဒီလငပုတ်ဖမ်းးသည့် အကြောင်းလေး ကျန်သွားသည်....။ ဒီလိုပါ...။ မြသဲတို့ရွာမှာ ရှမ်းပြည်က ရွာတွေအတော်များများမှာ ယုံကြည်လိုက်နာကြသည်..။ အပျိုအိမ်မှာ လူပျိုလှည့်သွားသည့်အခါ လငပုတ်ဖမ်းသည်နှင့်ကြံခဲ့ရင် ရွာလူကြီးတွေက အဲဒီလူပျိုနဲ့ အပျိုကိုချက်ချင်း ပေးစားပါသည်...။ ဖြစ်ချင်တော့ ဆရာလေးကိုကြည်နိုင် အမမိုခမ်းနဲ့ မြသဲ ပို့ပေးတဲ့ လက်ဖက်သုတ်ကို အတူထိုင်စားနေတဲ့ အချိန် ည၈နာရီကျော်လောက်မှာ လကြတ်ပါလေရော.... ။ ဒီတော့ ဆရာလေး လငပုတ်ဖမ်းခံလိုက်ရခြင်းဖြစ်သည်..။

ရွာလူကြီးတွေနဲ့ အမမိုခမ်းအမေ ဒေါ်နန်းသန်းအေးတို့က မင်္ဂလာပွဲအတွက် စီစဉ်ကြသည်...။ ဆရာလေးခင်ဗျာ ကမ္ဘာလောကထဲကနေ ခုချက်ချင်းပျောက်ကွယ်သွားချင်စိတ်ပေါက်သွားသည်...။ သူ့မှာ ထွက်ပေါက်မရှိ... ။ မိဘတွေကိုလှမ်းအကြောင်းကြားဖို့ပင် စိတ်မပါနိုင်...။ စဉ်းစားကြည့်ဦးလေ....။ သူ့ထက် အသက်ဆယ့်သုံးနှစ်လောက်ကြီးသည့် မိန်းမနှင့်သူ လက်ထပ်ရတော့မည်...။ ရွာကလူတွေ အုပ်အုပ်ကျွတ်ကျွတ်ဖြစ်ကုန်ကြသည်....။ သူ့ကို သနားစရာ သတ္တဝါလေးအဖြစ် ဝိုင်းကြည့်တာခံရသည်...။ တိုးတိုးတစ်မျိုး ကျယ်ကျယ်နှင့်တစ်ဖုံပြောကြသေးသည်...။ “သနားစရာတို့ဆရာလေးအဖြစ် ရမယ့်ရတော့ အမေအရွယ်လောက်မိန်းမရလိုက်တယ်.... အပျိုကြီးတို့ကတော့ စွံသွားတာပေါ့ကွာ”တဲ့....။

သူ့အတွက် မြသဲ စိတ်မကောင်းဖြစ်မိရုံမှတပါး တခြားဘာမှမတတ်နိုင်တော့ပါ...။ မြသဲခံစားမှုကို ချုပ်တည်းနိုင်ပါသည်...။ သူဒီလိုဖြစ်သွားတာကို သိသိချင်း ကဗျာသိပ်ချစ်တတ်သည့် သူ့အတွက် မြသဲ ကဗျာတစ်ပုဒ်ရေးချင်စိတ်ပေါက်သွားသည်...။ မြသဲကိုချစ်ခဲ့ဖူးတဲ့ သူ့အတွက် ကဗျာချစ်တဲ့ သူ့အတွက် ... မြသဲ၏ ရင်းတွင်းဖြစ်အမှတ်တရကဗျာလေးတစ်ပုဒ်ကို ရေးပြီးပို့လိုက်သည်...။ ဒီကဗျာလေးဟာ မြသဲဘဝမှာ ပထမဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ရေးဖြစ်ခြင်းလည်းဖြစ်သည်....။ သူ့အဖြစ်လေးကို ခံစားပြီးရေးဖြစ်ခဲ့သည့် ကဗျာလေးတစ်ပုဒ်လည်းဖြစ်သည်...။

မျဉ်း

ညကသိပ်မှောင်လွန်းတယ်
အေးစိမ့်စိမ့်နဲ့
မျှော်လင့်ထားခဲ့ပြီးသားအရာတစ်ခုကို
အံ့အားသင့်တဲ့စိတ်နဲ့
ငါ....ချွေးတွေပျံခဲ့............။

အသက်ရှူသံတွေပြင်းလွန်းတယ်
အိုက်စပ်စပ်နဲ့
တစ်စုံတစ်ခုကွယ်ပျောက်သွားတော့မယ်ဆိုတာ
သိသိလျက်နဲ့
ငါ....နှမြောတသနေမိခဲ့........။

ရင်ခုန်သံတွေမြန်လွန်းတယ်
ညိုလဲ့လဲ့နဲ့
ငါ့နားက ကြယ်တစ်ပွင့် ဟိုးး....အဝေးကို
ထွက်ခွာသွားတော့မယ်ဆိုတာ သေချာသွားချိန်
ဆို့.....နင့်.....ကြေ.....ကွဲရုံသာ ငါတတ်နိုင်တော့တယ်...။

ဒီလိုနဲ့....အညိုရောင်ကြယ်ကလေး
တဖြေးဖြေး....ဝေး...ဝေး....ဝေး....သွားတာကို
ငါတစ်ညလုံးမအိပ်ဘဲ ထိုင်ကြည့်ခဲ့တယ်.....
ကြယ်ကလေး.....
အဝေးကိုပြေးနေတဲ့ အလင်းတန်းက
ကောင်းကင်ယံမှာ
နင်နဲ့ငါ့ကြား..............
မျဉ်းတစ်ကြောင်းလိုခြားခဲ့ပြီ....။

အော်....ခုတော့လဲ ငါတို့တွေ
တစ်ယောက်နဲ့ တစ်ယောက်
ကဗျာလေးနဲ့တောင်
စကားပြောပိုင်ခွင့်မရှိတော့ဘူးတဲ့လား....။ ။


မြသဲဆီက အဖြေရဖို့သူစောင့်ဆိုင်းလိုက်ရသောတစ်နှစ် မြသဲပြန်ရောက်လာချိန်သည် မြသဲမဟုတ်သော တခြားသူူနှင့်သူ လက်ထပ်လိုက်ရသောပွဲကို ကျင်းပရမည့် အချိန်ဖြစ်လိမ့်မည်ဟု အိပ်မက်ပင်မမက်ဝံ့ခဲ့ပါ..။ ကမ္ဘာလောကကြီး၏ ဆန်းကြယ်လှသောအလှည့်အပြောင်းကို သူလှလှပပ ခံလိုက်ရပြီ....။ မြသဲပြန်လာဖို့အစီစဉ်မရှိပါ...။ သို့ပေမယ့် အမမိုခမ်းက သူ့မင်္ဂလာပွဲလေးကို ညီမလေး မရရအောင်လာတက်ရမည်ဟု စာဖြစ်တတန် လူကြုံဖြစ်တစ်မျိုး လှမ်းခေါ်တာကြောင့် မြသဲပြန်ရောက်လာပါသည်...။ မြသဲ ဆရာ့လက်ထပ်ပွဲကို တက်ဖို့အင်အားအပြည့်ရှိပါသည်။ အမမိုခမ်းလက်ဆောင်ပေးခဲ့သော ဒေါနစိမ်းရောင်ရှမ်းဝတ်စုံရင်ဖုံးဝမ်းဆက်ကို မြသဲဝတ်ဆင်ပါသည်...။ သတိုးသားနှင့် သတိုးသမီးကတော့ ရှမ်းဝတ်စုံအပြည့်နှင့် အမမိုခမ်းကလည်း လှပကျက်သရေရှိနေလေသည်..။ ဆရာကိုကြည်နိုင်ကတော့ မပြုံးနိုင် မျက်နှာခပ်ညိုညိုနှင့်...။


“ဆရာ.... ပြုံးပြုံးလေးနေပါ...တော်ကြာဧည့်သည်တွေလာရင် အဲလိုနေမနေနဲ့ဦး”


သူကတော့ မြသဲကို ချီးကျူးမိသည်....။

မြသဲ တကယ် ဘာမှမခံစားရဘူးဟု သူထင်လဲ မြသဲအတွက်ရော သူ့အတွက်ပါပိုကောင်းပါသည်...။ မြသဲညှာ...ဆိုတာ ကိုယ့်အသဲနှလုံး ကိုယ့်ခံစားချက်ကို တာဝန်ယူနိုင်စွမ်းတဲ့မိန်းကလေးတစ်ယောက်ပါ....။ ချစ်သူတစ်ယောက်အတွက်နဲ့ ကိုယ့်ဘဝကို မစားနိုင်မအိပ်နိုင် အဓိပ္ပါယ်မရှိတာတွေကို စိတ်ကူးယဉ် ရူနှမ်းမနေချင်တဲ့သူပါ...။ လက်တွေ့ဘဝကိုပဲ ဘယ်လိုလှပအောင် ဖန်တီးမလဲဘဲ စိတ်ကူးနေသည့် သူတစ်ယောက်ပါ...။ ဒီအတွက် ဆရာကံကောင်းပါတယ်...။ ဆရာ့အတွက်နဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်မကျန်ရစ်ခဲ့ပါဘူး......။ ဆရာနဲ့ အမတို့ ဘ၀ သာယာချမ်းမြေ့ပါစေလို့ပဲ မြသဲ ဆုတောင်းပေးလိုက်ပါတယ်....။


မှတ်ချက်။ ။ ကျမစာကိုလာဖတ်သူ ညီမတစ်ယောက်ရဲ့ ခံစားချက်ကို ရေးဖွဲ့ထားတဲ့ “မျဉ်း”ဆိုတဲ့ ကဗျာလေးကိုအခြေခံပြီး စိတ်ကူးရေးသားဖြစ်ခဲ့တဲ့ ဝတ္ထုရှည်လေးတစ်ပုဒ်ဖြစ်ပါတယ်...။ ခါတိုင်းလို အပိုင်းတွေခွဲပြီးရေးဖို့ စာဖတ်သူတွေအတွက် တစ်ပိုင်းတစ်ပျက်နဲ့ ဇာတ်လမ်းလေး အရသာပျက်မှာစိုးတာကြောင့် တစ်ပုဒ်လုံးကိုပဲ အပြီးရေးတင်လိုက်ပါတယ်...။ နဲနဲတော့ရှည်သွားတယ်....။ သီးခံပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....။ ခေါင်းစဉ်လေးကိုတော့ “Dear John” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနာမည်ကို သဘောကျပြီး “ချစ်သော...မြသဲညှာ”လို့ပေးထားခြင်းဖြစ်ပါတယ်....။


မိုးငွေ့

နတ်သမီးပုံပြင်





ဆရာဝန်က မှတ်ချက်ချလိုက်ပြီ.... ကျမရောဂါကို....။ အလွန်ဆုံးခံရင် ခြောက်လတဲ့....။ ဘုရားရေ.....လို့ တပြီး ကျမ မတုန်လှုပ်မိပါဘူး....။ ဘာကြောင့်လဲဆိုတော့ ကျမ ဒီလိုဖြစ်လာရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြိုတင်တွေးဆထားပြီးသားမို့ပါ....။ ဒီနေရာမှာ မေးစရာရှိရင်ရှိမယ်.... လူတစ်ယောက် လူ့လောကထဲကနေ အချိန်မတန်သေးဘဲ... ခွဲခွာသွားရမယ့်ကိစ္စမှာ ဘယ်လိုပဲ ကြိုတင်တွေးထားပါစေ... တကယ်တမ်းရင်ဆိုင်ရတဲ့အခါ နားနဲ့စပ်စပ်ကြားရတဲ့အခါ အနည်းနဲ့အများတော့ ထိတ်လန့်တုန်လှုပ် သွားကြမှာပဲ...။ ဒါပေမယ့် ကျမ...သေခြင်းတရားကို မကြောက်ပါဘူး...။ ကျမတို့တွေဟာ...မွေးလာကြတယ် လူဖြစ်လာကြတယ်ဆိုကတည်းက သေဖို့လူဖြစ်လာကြတာပဲလေ....။ အတ္တတွေလျှံနေတဲ့ လောကကြီးထဲမှာ အဓိပ္ပါယ်ရှိရှိနေထိုင်သွားဖို့ကလည်း တစ်နေ့ သေဖို့ပါပဲ.....။ ဒီမတိုင်ခင်ကလည်း ကျမပုံမှန်အလုပ်လုပ်ရင်း ... အားလပ်ရင်အားလပ်သလို တွေးနေမိတယ်...။ တစ်ခါတစ်ခါ ညအိပ်ချိန်ထိတောင် တွေးလွန်းလို့ အိပ်ပျက်ပြီး လူကမျက်တွင်းဟောက်ပက်နဲ့...။ သေရမယ့်ရောဂါကိုယ့်ကို မသတ်ပစ်ခင်မှာ အတွေးတွေက အရင်သတ်လိမ့်မယ်ထင်တယ်...။ ဘယ်ရယ်မဟုတ် ဟိုဟိုဒီဒီ... ။ ကျမ မရှိတော့ရင် ကျမချစ်တဲ့မိသားစု ဘယ်လိုနေထိုင်ကျန်ရစ်ခဲ့မလဲ....။ တလောက မောင်တစ်ဝမ်းကွဲတစ်ယောက် ဆုံးသွားတယ်..။ရုတ်တရပ်နှလုံးရပ်ပြီးဆုံးသွားတာ...။ သူ့အသက်တော်တော် ငယ်သေးတယ်...။ လူ့ဘဝဆိုတာ ခုမှသူခြေလှမ်းစဖို့ပြင်နေတုန်း....။ သူသေနေ့စေ့တယ် ခေါ်ရမလား...။ ရက်လည်မှာ ဘုန်းဘုန်းတရားဟော ပါတယ်....။ သေခြင်းတရားနဲ့ပတ်သက်လို့ပေါ့..။ သေခြင်းတရာမှာသုံးမျိုးရှိတယ်တဲ့...။ ကံကုန်လို့သေရတာရယ်.... သက်တမ်းကုန်လို့သေရတာရယ် နဲ့ နောက်ဆုံးတစ်ခုက ဥပ္ဆေတကကံနဲ့ မတော်တဆသေဆုံးရတာရယ်ပါ...။ ကျမမောင်လေးကတော့ သက်တမ်းမကုန်သေးပေမယ့် ကံကုန်လို့သေဆုံးသွားရတာပါ....။ ဒါဖြင့်......မကြာခင်မှာသေဆုံးရတော့မယ့် ကျမရဲ့သေဆုံးခြင်းကရော သေခြင်းသုံးမျိုးမှာ ဘယ်တစ်ခုမှာအကျုံးဝင်မလဲ ....။ သေချာတာတော့ မတော်တဆမဟုတ်တဲ့ သက်တမ်းမချို့ခင်မှာ ကံကုန်ရတော့မယ့် သေခြင်းမျိုးမှာဖြစ်ရမှာပါ...။ ကဲ....ဘာလုပ်ရင်ကောင်းမလဲ.... သေရမယ့်အချိန်ကို တိတိကျကျမသိနိုင်ပေမယ့် အချိန်အကန့်သတ်တစ်ခုကိုတော့ သိလိုက်ရပြီ....။ အဲဒီချိန်တွင်းမှာ ကျမသာမန်လူကောင်းတစ်ယောက်လိုမျိုးပဲ သေဆုံးမယ့်နေ့အထိ ရက်တိုတိုလေးအတွင်း နေထိုင်သွားချင်ပါတယ်...။ ကျမကို သေခါနီးလူနာလို သနားတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်ပြီး ဂရုနာသက်တာမျိုးမလိုချင်ဘူး...။ ကျမပုံမှန်လုပ်နေကျအလုပ်တွေဆက်လုပ်နေမယ်...။ ကျမလုပ်နိုင်မယ့် အင်အားရှိနေသေးသရွေ့ပေါ့...။ တတ်နိုင်သလောက် ဘုန်းဘုန်း ဦးဆေကိန္ဒဆီမှာ သွားပြီး တရားနာချင်တယ်..။ နောက်ဆုံးကျမ အိပ်ယာထဲလဲသွားရင်တောင်မှ အိမ်သားတွေကလွှဲလို့ ဘယ်သူနဲ့မှ မတွေ့ဆုံချင်ပါဘူး... ကျမတစ်ယောက်တည်းပဲ ငြိမ်ငြိမ်ဆိတ်ဆိတ်လေးနေချင်တယ်....။ ကျမနားမှာ စာရေးနိုင်တဲ့ လက်တော့တစ်လုံးရှိနေရင်ရပြီ.....။ ဒီလိုဆန္ဒရှိခဲ့ပါလျက်နဲ့ ဟော... လာပြန်ပြီသူတို့တွေ... ကျေးဇူးပြုပြီး ကျမဆီကို တစ်ယောက်မှမလာကြပါနဲ့....။ ကျမ အိပ်ယာပေါ် ငြိမ်သက်သက်ကလေးပဲ အိပ်နေချင်တယ်...။ သူတို့တွေပြောဆိုနေတာကို ကြားနေရတာ နားထဲ ရထားဆယ်စင်းလောက်ခုတ်မောင်း သွားသလိုပဲ... မကြားချင်ပါဘူး ဒီလို သနားဂရုနာသက်တဲ့ အသံတွေ ....။ ဒါဟာ သနားစရာမှမဟုတ်ဘဲ...။ တစ်နေ့လူတိုင်း ဒီလမ်းကိုသွားရမှာချည်းပဲ...။ လူတိုင်း ဒီအတွက် အမြဲအသင့်ဖြစ်နေသင့်တယ်...။ မေ့လျော့မနေသင့်ပါဘူး...။ အချိန်ကျရင် ကျမက အတင်းထူထပြီး ဘာအရသာမှ မရှိတဲ့ အစာရေစာတွေ ပါးစပ်ထဲ အတင်းမရမက ထိုးထည့်ကြဦးမယ်...။ တစ်ကိုယ်လုံးမှာလဲ ပိုက်တွေတန်းလန်းနဲ့....။ တော်ပါပြီ ကျမဒီလိုဆက်ခံစားရမယ့်အတူတူတော့ မြန်မြန်သာခေါ်သွားကြပါတော့...။ ကျမလက်ချောင်းတွေကို လက်သေးသေးတစ်ခု လာဖမ်းဆုတ်ကိုင်နေတယ်...။ ကျမ အားယူပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်....။ ဂါဝန်အနီရောင်ကလေးနဲ့ ကလေးမလေး.... ။ ကျမမျက်လုံးတွေေ၀ဝါးနေတယ်...။ မျက်ရည်တွေကြောင့်လား..။ အိုး... ကျမမငိုဖြစ်တော့တာကြာနေပြီပဲ...။ ဒါဆို ကျမမြင်ကွင်းတွေက ဘာကြောင့်ဝါးနေသလဲ...။ ကျမမျက်လုံးတွေကို ပြန်မှိတ်လိုက်ပြီး တစ်ချက်အားယူလိုက်တယ်...။ ပြန်ဖွင့်ကြည့်လိုက်တော့ ခုနကထက် အမြင်ကပိုကြည်လင်သွားတယ်...။ စောစောက ကလေးမလေးက ကျမရဲ့ ဘယ်ဘက် လက်ညိုးလက်ခလယ်နဲ့ လက်သန်းကြွယ်သုံးချောင်းကို သူ့လက်သေးသေးလေးနဲ့ ဆုတ်ကိုင်ထားတာ....။ မျက်လုံးဝိုင်းဝိုင်းနဲ့ ကျမကို ကြည့်နေတယ်...။ နေပါဦး သူ့ကို ကျမသိပါတယ်... ဒီကလေးလေးကို ကျမသိနေပါတယ်...။ အို.... သူက ...သူကလေးက ကျမငယ်ငယ်တုန်းကနဲ့ တစ်ရုပ်တည်းတူနေပါလား...။ ဝတ်ထားတဲ့ ဂါဝန်လေးကအစ....။ ဘေးဘီဝဲယာကိုကြည့်တော့ ဘယ်သူမှမရှိကြဘူး...။ ဒီကလေးလေးက ဘယ်ကရောက်လာတာလဲ...။ ကျမငယ်ငယ်ကနဲ့ စွတ်ချွတ်တူနေရအောင်လဲ ကျမမှ သမီးလေးမွေးမထားတာ... ကျမမှာက မောင်နဲ့ကျမရုပ်ကို တစ်ဝက်ဆီပိုင်ထားတဲ့ သိပ်ချစ်စရာကောင်းတဲ့ မျက်လုံးဝိုင်းဝိုင်းနားကားကားလေးနဲ့ သားလေးတစ်ယောက်ပဲရှိတာ....။ ကလေးမလေးက ကျန်တဲ့လက်တစ်ဘက်နဲ့ ကျမပါးပြင်ကို လာပွတ်သတ်လိုက် ဆံပင်လေးသပ်လိုက်နဲ့လုပ်နေတယ်...။ ကျမအခန်းထဲကို အဖြူရောင်အလင်းတန်းကြီးက ဘယ်ကနေဘယ်က ရောက်နေမှန်းမသိ ကျမဘေးပတ်ပတ်လည်က အရာဝတ္ထုတွေကိုလဲ ဘာမှမမြင်ရတော့ဘူး....။ ကျမကိုယ်မှာလဲ သိပ်လှတဲ့ အဖြူဆွတ်ဆွတ် ချည်ဂါဝန်တစ်ထည် ခေါင်းမှာစကားဖြူပန်းကုံးလေး စောစောက ကလေးမလေးကလဲ ကျမလက်ကိုကိုင်ထားဆဲ.... ဘယ်ကနေရောက်လာတာလဲ ဘယ်သူ့သမီးလဲမေးတော့လဲ ဘာမှပြန်မဖြေဘဲ ကျမကိုကြည့်မြဲကြည့်နေတယ်...။ အလင်းတန်းဆီကို လက်ညိုးထိုးပြပြီး ကျမလက်ကိုဆွဲပါတယ် ကျမထိုင်ချလိုက်တော့ ကျမပါးပြင်ကို သူတစ်ချက်နမ်းလိုက်ပါတယ်...။ အဲဒီချိန်လေးမှာပဲ ကျမခန္ဓာကိုယ်တစ်ခုလုံး ဝါကွမ်းစိုင်တစ်ခုလိုပဲ ပေါ့ပါးသွားတယ်... ကျမနားက ကလေးမလေးလဲ မရှိတော့ဘူး ကျမနောက်ကိုလှည့်ကြည့်လိုက်တော့ ကျမကုတင်နားမှာ လူတွေဝိုင်းနေကြတယ်...။ အသိတစ်ချက် ခေါင်းထဲဝင်လာတယ်... အိုကေ...... ဒီလောက်ဆို ကျမသဘောပေါက်ပြီ ကျမအသက်ငွေ့ငွေ့ကလေး ထွက်သွားခဲ့ပြီ... ။ အနီရောင်ဂါဝန်လေးနဲ့ ကလေးလေးက ကျမရဲ့ အိန်ဂျယ်လေးဖြစ်မယ်....။ ကိုမျိုးကျော့ သီချင်းထဲကလိုပဲ တံခါးပေါက်တစ်ခုပွင့်နေတယ် အဲဒီနောက် ပေါ့ပေါ့လေးပဲ ကျမထွက်သွားခဲ့တယ်...။


မိုးငွေ့

Monday, 7 June 2010

အဖြူရောင်နတ်သမီးနှင့်တွေ့ဆုံခြင်း....






ကျမမွေးနေ့မတိုင်ခင်သုံးလပိုင်းကတည်းက မြန်မာပြည်ပြန်လာမယ်လို့ တကဲကဲ ပြောပြောနေတဲ့ နမ်းမဝ(အဖြူရောင်နတ်သမီး)တစ်ယောက် ခုမှပဲ ဗီဇာအဆင်ပြေလို့ မြန်မာမြေကို ပြန်ရောက်လို့လာပါပြီ...။ မပြန်ခင် “ပန်းကလေးများ”နေ့ဆိုတဲ့ ပို့စ်တင်ပြီး သူငယ်ချင်းတွေကို ပြန်လာပါပြီဆိုတဲ့အကြောင်း အဲ...ဟို မင်းသားလွင်မိုး ခရီးသွားနေသည်ကိုအားကျပြီး “နတ်သမီးခရီးသွားနေသည်”လို့ ဘလော့ဂ်မက်ဆေ့ချ်လေး ထားခဲ့တာတွေ့ပါတယ်....။ ကိုလွင်မိုးကိုအားကျပြီး ရမ်းရမ်းမရေးနဲ့လို့ ကြိုသတိပေးချင်ပါတယ် အကြောင်းကတော့ ကိုလွင်မိုးကိုအားကျပြီး မြိုင်ရာဇာဦးတွတ်ပီတစ်ယောက် ခရီးထွက်တော့ အိမ်ရှေ့မှာ “တွတ်ပီခရီးသွားနေသည်”လို့စာရေးပြီးချိတ်ထားလိုက်တာ တစ်အိမ်လုံးသူခိုးခိုးခံရတာ ပြောင်ရော....။ နတ်သမီးအိမ်ကိုတော့ ခုဘယ်သူမှဝင်ခိုးလို့မရတော့ဘူးလို့ မနေ့က ဝါးတန်းလမ်းထိပ်က Feel 3 စားသောက်ဆိုင်မှာ နတ်သမီးကိုယ်တိုင် သူ့အိမ်ကို အသေအချာ လုံခြုံရေးနဲ့ထားထားတဲ့အကြောင်း ပြောပြသွားပါတယ်....။ တစ်နေ့က ရုံးမှာအလုပ်လုပ်နေတုန်း ဖုန်းဝင်လာပါတယ်...။ ဟဲလို...ဟဲလိုနဲ့ ပြန်ထူးတော့ တော်တော်နဲ့ပြန်မပြောဘူး ဘေးနားကလဲဆူညံနေတယ်...ပြီးတော့မှ “မမိုးလားဟင် မမိုးလား ခုပြောတာနမ်းမဝပါ”တဲ့...။ စကော့ဈေးကိုရောက်နေတာတဲ့ သိတယ်နော် စကော့ဈေးမှာ ဘယ်သူ့ကိုသွားရှာသလဲဆိုတာ...။ 

ကျမအထင် သူလမ်းတစ်ဝက်မှာနားတုန်းက ကျမကိုမက်ဆေ့ချ်ပေးသွားတာဖြစ်မယ် နောက်နှစ်ရက်ဆိုရောက်ပြီလို့ ပြောထားတယ်လေ...။ ဆိုတော့ နမ်းမဝသံကြားတော့ ကျမသိပ်ပြီး အံ့အားမသင့်ခဲ့ဘူး....။ အသံနဲ့လူနဲ့လိုက်တယ်ဗျား....။ လူကချောမောလှပသလို အသံကလဲသိပ်ကိုကောင်းပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ပါ...( မုန့်ကျွေးထားတဲ့ ကျေးဇူးရှိတယ်...ဟိ... ဒီလောက်တော့ ရေးပေးရမယ်) နောက်တာပါ...တကယ်ပါ ကျမတို့ တနင်္ဂနွေညနေ4နာရီကို Feel 3 မှာဆုံဖို့ချိန်းထားကြပါတယ်။ တခြား ဘလောက်ဂါတွေလည်းလာမယ်တဲ့ ငါးယောက်လို့ပြောတယ်...။ ကျမရယ် ကိုတူး(ညလင်းအိမ်)ရယ် ညီမလေး ဆုမြတ်မွန်(အနှိုင်းမဲ့)ရယ် ဒေါက်တာသက်တန့်ချို... နောက်တစ်ယောက်ပါသေးတယ် ကျမမမှတ်မိတော့တာ...။ အဲဒီနေ့ကျမှဗျာ....နေ့လည်တစ်နာရီကျော်ကတည်းက လေကြီးမိုးကြီးနဲ့ မိုးတွေတအုံးအုံးရွာလိုက်တာများဗျာ...။ တီဗီရှေ့မှာခေါင်းအုံးလေးနဲ့ “သြော်...မိန်းမ” ကားကို ဇိမ်နဲ့ ကြည့်နေတာ အကောင်းခန်းလဲရောက်.... မိုးတွေသည်းကြီးမဲကြီးရွာပြီး မီးကတောက်ခနဲပျက်သွားရော... ဆိုတော့မထူးဘူး စောကလည်းစောသေးတယ် တရေးလောက်အိပ်ပစ်လိုက်တယ်...။ သုံးနာရီကျော်မှာ ရေမိုးချိုးပြီး...လေးနာရီမထိုးခင်ဆယ်မိနစ်လောက်မှာ အိမ်ကထွက်လိုက်တယ်....။ တော်သေးတယ် မိုးကစဲနေပြီ..။ နည်းနည်းတော့ ရွာနေသေးတယ်...။ ဟိုရောက်တော့ လေးနာရီဆယ်မိနစ်... အပေါ်ထပ်ကိုတက်သွားလိုက်တယ်... ဘယ်မှာထိုင်မယ်ဆိုတာလည်းပြောမထားဘူး.... မတတ်နိုင်ဘူး ဒီအတိုင်းဝင်သွားလိုက်တယ် ... အခန်းအစွန်ဆုံးဒေါင့်ဝိုင်းမှာ အဖြူရောင်နတ်သမီးက အနီရောင်စကဒ်နဲ့ အနက်ရောင်အကျီၤလှလှလေး ဝတ်ထားတယ်...။ 

ကျမကိုမြင်တာနဲ့ သူက မမိုးဆိုပြီးထနှုတ်ဆက်တယ် (ဘိုလိုပေါ့Hugလုပ်ပြီးနှုတ်ဆက်ကြတယ်)..။ ကျမကိုသူဘယ်လိုမြင်ဖူးတာလဲလို့ စိတ်ထဲတော့ နည်းနည်းအံ့အားသင့်သွားတယ်....။ နောက်တော့မှ ကျမ ငွေဆောင်သွားတုန်းက ပုံတွေတင်ထားတာကိုသွား သတိရလိုက်မိတယ်...။ ဖိတ်ထားတဲ့ငါးယောက်ထဲမှာ ကျမက ပထမဦးဆုံးရောက်လာတာ ကျမတို့စကားတွေပြောရင် ကျန်တဲ့ သူငယ်ချင်းတွေကိုစောင့်နေတယ်...။ ကိုတူးကိုတော့ ဖုန်းဆက်လိုက်တာ သုံးနာရီကတည်းကထွက်သွားတယ်လို့ပြောတယ်တဲ့...။ ဒါဆို သေချာပြီ မြို့ထဲမှာ ကိုတူးတစ်ယောက် ဒီမိုးရွာပုံနဲ့ဆို ရေကူးနေရပြီ....။ နာရီဝက်လောက်နေတော့ ကိုတူးရောက်လာပါတယ်...။ ကျမနဲ့ နမ်းမဝက ငါးယောက်စာအတွက် ဟင်းတွေကြိုတင်မှာထားပြီးနေပြီ....။ ကိုယ့်လိုပဲ တွေ့ဆုံပွဲလေးကို ကြည်ကြည်နူးနူး လာကြမှာပဲလို့ ထင်မှတ်ထားတာလေ...။ နောက်တော့ အနှိုင်းမဲ့ဆီဖုန်းဆက်တယ်...မရှိဘူးတဲ့... နယ်က အမျိုးတွေရောက်နေလို့ ဘုရားလိုက်ပို့နေတယ်တဲ့...။ ဒေါက်တာသက်တန့်ချိုလဲ ရောက်မလာ... နောက်ထပ်ကျမမသိတဲ့ ဘလောက်ဂါတစ်ယောက်လဲ ရောက်မလာပါဘူး...။ 

ဒါနဲ့ ငါးယောက်စာဟင်းပွဲတွေကို ကျမတို့သုံးယောက်နဲ့ နမ်းမဝသူငယ်ချင်း တစ်ယောက်ရယ်စားကြတာ တော်တော်လဲ ဗိုက်တင်းသွားကြပါတယ်...။ စကားတွေပြောကြ.... ပြောရင်းနဲ့လည်း ကျမတို့ အသဲကွဲမင်းသားလေး ကိုတူးကိုလဲ ကြုံကြိုက်သလို နာနာကလေးနက်ကြနဲ့ပေါ့...။ ဒီလိုနဲ့ တွေ့ဆုံပွဲလေးကို သုံးယောက်တည်းနဲ့ ပွဲသိမ်းလိုက်ကြတယ်...။ နမ်းမဝကလဲ သူမြန်မာပြည်ပြန်ရောက်ရင်ဘာတွေစားမယ်ဆိုတာ list လုပ်ထားတယ်တဲ့...ခုလောလောဆယ် ငါးပိရည်တို့စရာအစုံ... စတဲ့ သူစားချင်တဲ့ဟင်းအမယ်တွေကို ရွတ်ပြပါတယ်...။ ကျမစိတ်ကူးရှိပြီးသားပါ ရှေ့တစ်ပတ်ပိတ်ရက်မှာ နမ်းမဝနဲ့ကိုတူးကို အိမ်မှာ မိုးငွေ့လက်ရာ မြန်မာဟင်းနဲ့ ငါးပိထောင်းစပ်စပ်ကလေး လုပ်ကျွေးမယ်ဆိုတော့... ကျေကျေနပ်နပ်ကြီးနဲ့ကို သဘောတူကြပါတယ်...။ ကိုတူးကလည်း လောလောလတ်လတ် စလုံးကပြန်လာတာဆိုတော့ ပြောစရာမလိုတော့ဘူး... လာထား..လာထား ဝါးတီးဆိုလာထားပဲ...။ ဒါတောင် သူပြန်လာတုန်းကတွေ့ဆုံပွဲလေး YKK မှာလုပ်ဖြစ်တာကို ပို့စ်ကလေးရေးတင်မလို့......တောင်းတောင်းပန်ပန်နဲ့မရေးပါနဲ့ဆိုလို့ မနည်းအောင့်အီးထားရတာ ခုတော့ အဖြူရောင်နတ်သမီးအကြောင်းလေးရေးရင်း နည်းနည်းကလေး ထည့်ရေးလိုက်ပါတယ်....။ 

နမ်းမဝက တစ်လလောက်နေဦးမှာဆိုတော့ ကျမတို့အိမ်မှာ ဟင်းချက်စားကြတဲ့နေ့မှပဲ ပုံလေးတွေနဲ့ ဝေေ၀ဆာဆာ သရေကျစရာလေးတွေတင်ပေးပါ့မယ်...။ ခုတော့ ဒီလောက်နဲ့ တစ်ခန်းရပ်လိုက်မယ်... အိုကေ..။ မောင်မိုးစက်အိမ်နဲ့ တော့ကီပွားရင်း ဒီပို့စ်လေးကိုရေးလိုက်တာ... မိုးစက်က အမမိုးငွေ့ အမအဖြူရောင်က ဓါတ်ပုံထဲကထက် အပြင်မှာပိုချောလားဟင်.... အမမိုးလဲ ချောတယ်ပြောတယ် အပြင်မှာလဲ အဲလိုပဲမဟုတ်လား နဲ့ ဒီကောင်လေး အမတွေကို လာကပ်ချွဲနေတယ် သူနဲ့စကားတပြောပြောနဲ့ ပို့စ်လေးတင်လို့ပြီးသွားတာ ပြောနေတုန်းကတော့ မောင်လေးနာမည်လည်းပါမှာသိလားဆိုပြီး ပို့စ်လဲအစမ်းတင်လိုက်ရော မိုးစက် ချက်ချင်းလာဝင်ဖတ်လိုက်တာ “ဘယ်မတုန်း မိုးစက်အိမ်အကြောင်း တစ်လုံးတောင်မပါဘူး”တဲ့... မိုးကြီးလေကြီးထဲမှာ မိုးတစ်လုံးပဲတွေ့တယ်တဲ့...။ ကျမက အစတုန်းက မိုးစက်ကို ရန်ကုန်ကပဲအောက်မေ့ပြီး အဖြူရောင်နတ်သမီးလာရင် မောင်လေးလဲလာခဲ့နော်လို့ခေါ်လိုက်တော့ အမက ကျနော့်ကို နေ့ချင်းပြန်လေယာဉ်ငှားပေးမလို့လားတဲ့....။ ဒီတော့မှ သူက နိုင်ငံခြားမှာတဲ့... ။ နို့...သိမှမသိဘဲကိုး...။ 

မိုးငွေ့