Wednesday, 11 December 2024

နေ့တိုင်း_တရားထိုင်သင့်တဲ့_အကြောင်းအရင်း_၆_ချက်




၁။ ဟိုမုန်းကို မြင့်တက်စေတယ်

~~~~~~~~~~~~~~~~~~~~~


ဟိုမုန်းဓါတ်ဟာ သင့်စိတ်ထဲက ပျော်ရွှင်ခြင်း၊ 

ဝမ်းနည်းခြင်း စတဲ့ ခံစားချက်တွေကို 

အပြောင်းအလဲ ဖြစ်စေတဲ့ ဟိုမုန်းဓါတ်တွေ ဖြစ်ပါတယ်။


တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့စိတ်အတွင်းပိုင်းမှာ ကြည်လင်လာပြီး ငြိမ်းအေးမှုကို ဖြစ်စေပါတယ်။ 

ဒါ့အပြင် နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကိုလည်း

 အထောက်အပံ့ ဖြစ်စေပါတယ်။


၂။ စိတ်ဓါတ်ကျခြင်း နည်းစေတယ်

~~~~~~~~~~~~~~~~~~~~~~~~


စိတ်ဓါတ်ကျဆင်းခြင်း( Depression ) ဖြစ်နိုင်ချေကို 

သိသိသာသာ ကျဆင်း စေပါတယ်။ 

အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ သင့်စိတ်ကို

 ထိခိုက်စေနိုင်မယ့် အကြောင်းအရာတွေကို 

ရင်ဆိုင်ရာမှာ သင့်စိတ်တွေကို ပိုမို သန်မာလာစေပါတယ်။


၃။ စိတ်ကို ငြိမ်းအေးစေတယ်

~~~~~~~~~~~~~~~~~~~~


ဒါကတော့ တရားထိုင်တဲ့သူတိုင်း ချက်ချင်း 

ခံစား ရပါတယ်။ တရားထိုင်ခြင်းဟာ 

သင့်စိတ်အေးချမ်းမှုရဲ့ ဇစ်မြစ်တစ်ခုလို့လည်း 

ပြောလို့ရပါတယ်။


တရားထိုင်တာဟာ ဘာသာရေးနဲ့ 

သက်ဆိုင်ရုံတင်မကဘဲ စိတ်ကုထုံးအနေနဲ့ပါ 

အသုံးချလို့ရတာကြောင့် လူအတော်များများဟာ 

တရားထိုင်ခြင်းကို စွဲစွဲမြဲမြဲ လုပ်ဆောင် လာကြပါတယ်။


၄။ ပျော်ရွှင်ခြင်း ဆေးဝါး

~~~~~~~~~~~~~~~~~


တရားထိုင်နေတဲ့ အချိန်မှာ သင့်ရဲ့စိတ်ကို 

ငြိမ်းအေးမှု ပေးပါလိမ့်မယ်။ 

ဒီ ငြိမ်းအေးမှုဟာ သင့်ရဲ့ မသိစိတ်ထဲက 

ပျော်ရွှင်ခြင်းတွေကို နှိုးဆွ ပေးပါတယ်။

သင့်ကိုယ်သင် စိတ်ကျေနပ်မှု ရှိလာမယ်။ 

လောကကြီးကို အကောင်း မြင်တတ်လာမယ်။


ကြုံတွေ့လာမယ့် အဆိုးတွေကိုလည်း 

အကောင်းမွန်ဆုံး တုန့်ပြန် ရင်ဆိုင် လာနိုင်မယ်။ 

ပြောရရင်တော့ တရားထိုင်ခြင်းဟာ 

ပျော်ရွှင်ခြင်းဆေးဝါး တစ်လက်ပါပဲ။


၅။ အတွေးအခေါ်သစ်တွေကို ရစေတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~


တရားထိုင်ခြင်းရဲ့ ကောင်းတဲ့ အကျိုး

ကျေးဇူးတွေထဲမှာ စိတ်ကို ငြိမ်းအေးစေတာ 

တစ်ခုတည်း မဟုတ်သေးပါဘူး။


သင့်ရဲ့ စိတ်ကူးဥာဏ်တွေကိုလည်း ကွန့်မြူး 

စေပါတယ်။ ဒါ့ကြောင့် အောင်မြင်တဲ့သူတွေဟာ 

တရားထိုင်ခြင်းကို သူတို့ရဲ့ နေ့စဉ်

လုပ်ငန်းဆောင်တာတွေထဲမှာ ထည့်သွင်း 

လုပ်ဆောင်လေ့ ရှိပါတယ်။


၆။ စျေးပေါသော ကျန်းမာရေးလက်ဆောင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~


တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေး 

တစ်ခုတည်းအတွက်တင် မဟုတ်ပါဘူး။ 

ကိုယ်ကျန်းမာရေးကိုလည်း များစွာ

အထောက်အကူ ဖြစ်စေပါတယ်။


တစ်နေ့ကို ဆယ့်ငါးမိနစ်ကနေ နာရီဝက်၊ 

တစ်နာရီလောက် တရားထိုင်ခြင်းဟာ 

သင့်အတွက် ငွေကုန်ကြေးကျနည်းတဲ့ ကျန်းမာရေး

လက်ဆောင်ကောင်းတစ်ခု ဖြစ်လာ ပါလိမ့်မယ်။


သတ္တဝါများ နှလုံးသား တရားကိန်းဝပ်နိုင်ပါစေ။


#အရှင်ဇဝနဉာဏ သိဒ္ဓိအောင်ကျောင်းတိုက် တောင်ကမ္ဘားကျေးရွာ

Friday, 6 December 2024

အဘိဓမ္မာစိတ်ပိုင်း(၆).....

 နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ


ကျမတို့ စိတ်၈၉ ထဲမှာမှ ရူပဝိစရစိတ် ၁၅ပါးကိုရှင်းနေတာ မပြီးသေးတဲ့အပိုင်းကို ပြန်ဆက်ပါမယ်...။

ရူပါဈာန်ငါးဆင့် Five Step of Five Material Jhana ကို သမထ ဘာဝနာပွားများပြီး တက်ရောက်တာကို ပြောပြပါမယ်...။

သမထနဲ့ ဝိပဿနာက ဘာကွာလဲ?

    သမထက ဝိပဿနာလို့ ရုပ်နာမ်တွေနဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောကိုမြင်အောင်မကြည့်ဘဲ စိတ်တည်ကြည်မှု သမာဓိအားကိုယူပြီး ဈာန်အဘိဉာဏ် Higher Physic Power ရတဲ့အထိအားထုတ်တာပါ...။ သမထရဲ့အာရုံက လူအများက အရှိအနေနဲ့ လက်ခံထားတဲ့ ပညတ်တွေပါ...။ သူတို့ကို ကသိုဏ်း Object of Meditation လို့ခေါ်တယ်...။ သမထ ကမ္မဠာန်းက အမျိုးလေးဆယ်ကျော်တောင်ရှိတယ်..။ လူအများကျင့်ကြံအားထုတ်တာက အဓိကနှစ်မျိုးပဲရှိတယ်...။ ပထမတစ်ခုက ပထဝီ ဒါမှမဟုတ် မြေကသိုဏ်းဝန်းကိုကြည့်ပြီး ရှုတာပါ...။

မြေကသိုဏ်းဝန်းဆိုတာဘာလဲ ?

နေအာရုံအဆင်းရှိတဲ့ နှုန်းမြေစေးနီနီရဲရဲကို တစ်ထွာလောက်ရှိတဲ့ ကျောက်ပျဉ်မှာ တင်ရပါမယ်..။ နောက် ညက်ညောချောမွေ့အောင်လုပ်ပြီးပိတ်ကားချပ်ပေါ်မှာတင်လိုက်ရင် မြေကသိုဏ်းဝန်း Earth Meditation Device ကိုရပါတယ်...။

ဒုတိယနည်းက ဘာကိုကြည့်တာလဲ?

ဒီကျင့်စဉ်ကို အာနာပါနလို့ခေါ်တယ်...။ ကျွန်မတို့အားလုံး နေ့စဉ် လေရှူထုတ် ရှူသွင်ူးနေတာဖြစ်လို့ အာနာပါန Practice of out-breath and in-breath နဲ့ လက်တွေ့ကျင့်မယ်ဆို သင့်တော်ပါတယ်...။ ကသိုဏ်းဝန်းရှာဖွေစရာမလိုတဲ့အတွက် အချိန်ရသလို ဘယ်နေရာမဆို ရှုမှတ်နိုင်ပါတယ်...။

ဘယ်လိုအနေအထားနဲ့ ရှုမှတ်သင့်လဲ ?

အကောင်းဆုံးအနေအထားက တင်ပလ္လင်ခွေပြီး ခါးအထက်ကို ဆန့်ဆန့်ထားရတယ်...။ သမထ စတင်အားထုတ်မယ်လို့ ရည်ရွယ်ထားရင် ငါးပါးသီလကိုအနည်းဆုံး ဆောက်တည်ဖို့လိုပါတယ်...။ ဒါကလည်း သီလဖြူစင်မှ သမာဓိရမှာမို့လို့ပါ...။

လေကိုဘယ်လိုရှူသွင်းရသလဲ ?

သမထကျင့်တဲ့အခါ လေကိုမှန်မှန်နဲ့ ဖြေးဖြေးရှုပေးရပါတယ် နောက်ခန္ဓာကိုယ်နဲ့ စိတ်ကိုလုံးဝဖြေလျှော့ပြီး Relax  လုပ်ဖို့လိုပါတယ်...။ စိတ်ဖိစီးမှုနဲ့ Stress တွေရှိနေရင် အားထုတ်လို့မရပါဘူး....။ တဖြေးဖြေးခန္ဓာကိုယ်အနေအထားမှန်သွားတာနဲ့ ထွက်လေဝင်လေတိုးနေတဲ့နှားသီးဖျားလိုနေရာမျိုးမှာ စိတ်ကိုထားရပါမယ်...။ ဒီနေရာမှာ လေကြောင်းလမ်း Air Passage တလျှောက်လိုက်နေရင် သမာဓိရဖို့မလွယ်ပါဘူး ဒါကြောင့်မို့  ကေသရာဇာ ခြင်္သေ့ King Lion လို တစ်ပေါက်တည်းရှိတဲ့ ဂူထဲပြေးဝင်သွားတဲ့သားကောင်လို ဂူဝကနေ စိတ်ရှည်ရှည်နဲ့ စောင့်ဖမ်းသလို နှာသီးဖျားမှာ ထွက်လေဝင်လေ ထိနေတာကို မိမိက သတိလေးနဲ့သိနေရပါတယ်...။

စိတ်လေးထွက်မပြေးရအောင် ဘယ်လိုလုပ်မလဲ

ဒီလို မငြိမ်ဘဲ ပြေးလွှားနေတဲ့စိတ်ကို မင်းဘယ်မှမပြေးနဲ့ ဒီမှာပဲနေလို့ ဝိဘတ်နဲ့ဆွဲတင်မှ စိတ်ကနှာသီးဖျားဆိုတဲ့ အာရုံပေါ်ကိုရောက်မှာပါ...။ ဒီနေရာမှာ ဝိသုဒ္ဓိမဂ် The Path of purification မှာရှင်းပြထားတာက နို့ညစ်မယ်ဆိုရင် မိခင်နွားမကြီးရဲ့ နို့မှာ နွားပေါက်စလေးကို အရင်စို့ခိုင်းလိုက်ပါတယ်...။ မိခင်မှာ နို့တက်လာလို့ နို့တွေ ဒလဟောစီးလာတဲ့အခါ နွားကလေးကိုတိုင်မှာ ကြိုးနဲ့ချည်းထားလိုက်ပါတယ်...။ ဒီအခါမှာ နွားကလေးဟာ နို့မဝသေးတော့ တိုက်ကိုပတ်ပြီးပြေးပေမဘ့် အတော်ကြာလို့ မောလာတဲ့အခါ တိုင်နားမှာပဲ သနားစဖွယ်အိတ်နေပါတော့တယ်..။ အလားတူ လွတ်ပြေးနေတဲ့ စိတ်ကို သတိနဲ့အာရုံမှာ ပြန်သွင်းယူတဲ့ အလေ့အကျင့်များလာရင် စိတ်လေးက ငြိမ်သွားပါလိမ့်မယ်..။ ဒီလိုစိတ်ဟာ ဘယ်မှ မထွက်ပြေးတော့ဘဲ နှာသီးဖျားမှာ ဒါမှမဟုတ် ကသိုဏ်းဝန်းမှာ တည်သွားရင် ပရိကမ္မနိမိတ် Sign of  Preliminary or Preparation လို့ခေါ်ပါတယ်...။

နိမိတ်ဆိုတာ ဘာလဲ ?

နိမိတ်ဆိုတာ အာရုံကို တင်စားပြီးပြောတာပါ...။ ပရိကမ္မဆိုတာက သမထအားထုတ်တဲ့အခါ ပထမဦးဆုံး ရရှိတဲ ဘာဝနာပါ...။ ရှုမှတ်ရင်း စိတ်ရဲ့ စူးစိုက်မှုလေးဟာ တည်တည်ကြည်ကြည်ခိုင်မြဲလာရင် မျက်စိမှိတ်ထားပေမယ့် မျက်စိဖွင့်ပြီးမှတ်သလို အာရုံကိုမြင်လာပါမယ်..။ အာနာပါနဆိုလည်း ထွက်လေဝင်လေက နှာသီးဖျားမှာ ထိတွေ့နေတာ ကသိုဏ်းတာလည်း ကသိုဏ်းဝန်းကိုစွဲစွဲမြဲမြဲထင်မြင်နေတာပါ...။ အာနာပါနမှတ်တဲ့အခါ လေလေးဟာ မီးခိုးတန်းအလင်းတန်းဒါမှမဟုတ် ပုလဲလုံးလေးတွေထွက်လာသလိုမြင်နေရပါတယ်...။ ဒီလိုအတော်ကြာကြာမှတ်ယူနိုင်တဲ့အနေအထားကို ဥဂ္ဂဟနိမိတ် Learning Sign လို့ခေါ်ပါတယ်...။

ဥဂ္ဂဟဆိုတာဘာလဲ ?

ဥဂ္ဂဟဆိုတာ ဖမ်းယူဆုပ်ကိုင်ထားတာ ဥပမာ ဓါတ်ပုံရိုက်တဲ့အခါ ကင်မရာထဲက Negative ဒါမှမဟုတ် Micro-chip ထဲမှာ စွဲစွဲမြဲမြဲထင်သွားတာမျိုးနဲ့အလားတူပါတယ်...။ ဆက်ပြီး မိမိရထားတဲ့ ဥဂ္ဂဟနိမိတ်ကို မပျောက်ပျက်ဘဲ ထပ်တလဲလဲ စူးစိုက်ထားရင် သမာဓိအားကောင်းလာပြီး စိတ်လည်းအေးချမ်းတည်ငြိမ်လာပါမယ်...။ 

ဥဂ္ဂဟပြီးရင် ဘာနိမိတ်ဆက်ဖြစ်လဲ ?

ပဋိဘာဂနိမိတ် ဆက်ဖြစ်တယ်...။ တဖြေးဖြေးဆက်မှတ်နေရင်းနဲ့ အက်ကြောင်းလုံးဝမရှိတဲ့ မှန်သားပြင်လို လေဟာ အလင်းတန်းလေးလို အလွန်ချောမွေ့ညက်ညောသိမ်မွေ့လာပါတယ်...။ ဒီတစ်ခါမှာ ပွတ်တိုက်ထားတဲ့ ခရုသင်း ဒါမှမဟုတ် ကူးခတ်နေတဲ့ငါးလေးတွေတောင်မြင်နိုင်တဲ့ စမ်းရေအိုင်လို ကြည်လင်လာပါမယ်...။ အရှင်ဇနကာဘိဝံသက အခြေပြုသဂြိုလ်ကျမ်းမှာ ဆွတ်ဆွတ်ဖြူသော ဗျိုင်းကလေးများ ညိုမှောင်နေတဲ့ တိမ်တောင်ထဲ ပျံသန်းသွားတဲ့အခါ လွန်စွာပသာဒရှိသလို ဒီနိမိတ်ဟာ ယောဂီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ အလွန်ကြည်နူးစရာဖြစ်ပါတယ်လို့ တင်စားဖော်ပြထားပါတယ်...။ ဒီအခါမှာ အချိန်ဘယ်လောက်ကြာအောင် ရှုမှတ်ပေမယ့် ပျင်းရိအိပ်ငိုက်တာမျိုးမရှိတော့ဘဲ မိမိရဲ့ အာရုံဟာ အဆရာထောင်မက အလွန်ကြည်လင်လာပါတယ်...။ ဒီလို Bright and Clear ဖြစ်လာတာကို ပဋိဘာဂနိမိတ် Material Sign လို့ခေါ်တယ်...။

* မျက်စိဖွင့်ထားပြီး အာရုံကိုစွဲစွဲမြဲမြဲ ကြည့်နိုင်တာက ပရိကမ္မနိမိတ်

* မျက်စိမှိတ်ထားပေမယ့် အာရုံစွဲထင်နေတာက ဥဂ္ဂဟနိမိတ်

* တဖြေးဖြေးအာရုံဟာကြည်လင်လာပြီး တောက်ပလာတာက ပဋိဘာဂနိမိတ်


ပဋိဘာဂနိမိတ်ရောက်ရင် ဥပစာရဈာန်လို့လည်းခေါ်တယ် ဈာန်အစစ်တော့မဟုတ်ပေမဘ့် ရောက်ခါနီးတဲ့ သဘောကိုပြောတာပါ...။

ပရိကမ္မနိမိတ် --------> ဥဂ္ဂဟနိမိတ်-------->ပဋိဘာဂနိမိတ်-------->ဥပစာရဈာန်


ဥပစာဆိုတာ ပရိဝုဏ် နယ်နမိတ် အနီးအနားကိုပြောတာပါ...။ တက္ကသိုလ်ဥပစာလို့ သုံးတာမျိုးကို ကြားဖူးမှာမို့ ဥပစာရဆိုတာ အနီးအနားအိမ်နီးနားချင်းကို Neighborhood ဆိုလိုတာပါ...။ မိမိနေတဲ့အိမ်အနားရောက်လာတဲ့သဘောမျိုးပေါ့..။ ဥပစာရပြီးတာနဲ့ ဈာန်ရတော့မှာပါ ဥပစာရအဆင့်ကနေ စူးစူးစိုက်စိုက်ရှုမှတ်သွားရင် စိတ်က ဘယ်ကိုမှ ထွက်မပြေးတော့ဘဲ အာရုံတစ်ခုတည်းမှာ Super Glue နဲ့ကပ်ထားသလို စွဲမြဲသွားပါပြီ...။ ဒီအခါမှာ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်ငါးပါးဟာ Unity and Harmony ဖြစ်သွားပြီ ရူပါဝစရ ပထမအပ္ပနာဈာန်အဆင့်ကို ရသွားပါပြီ....။

ပထမဈာန်ရပြီးရင် ဒုတိယဈာန်ကို ဘယ်လိုဆက်က်ရသလဲ

သဘာဝအရ ပထမတန်းအောင်ပြီးရင် ဒုတိယတန်းကိုဆက်ချင်သလို စိတ်ကအလွန်ချမ်းသာနေတော့ ဒီထက်ကောင်းတဲ့ ချမ်းသာကိုမှန်းပြီး တောင့်တာလာပါတယ်...။ ဒီအခါမှာ သူက ဝိတက်ကိုအပြစ်မြင်လာတယ်...ဒါကလည်း ဝိတက်က အာရုံကို ပို့ပေးရတဲ့ သဘောရှိလို့ နည်းနည်းကြမ်းတမ်းတဲ့ သဘာဝရှိလို့ပါ...။ စိတ်ကိုအေးချမ်းစွာထားနိုင်တာနဲ့အမျှ ဝိတက်မလိုတော့ဘဲ ဆက်တိုက်ရှုမှတ်သွားရင် ဝိစာရ ပီတိသုခနဲ့ ဧကဂ္ဂတာ သာရှိတဲ့ ဒုတိယဈာန်ကိုရောက်သွားပါတယ်...။ 

ဒီလိုဆို တတိယဈာန်ကိုရဖို့ ဝိစာရကိုလည်း ပယ်ရမှာ

တဖြေးဖြေး သမာဓိအားကောင်းလာလို့ ဝိတက်နဲ့ ဝိစာရမပါတော့ဘဲ အာရုံမှာ စွဲမြဲတည်တံ့နေရင် ပီတိ သုခနဲ့ ဧကဂ္ဂတာတို့သာ ရှိတဲ့ တတိယဈာန်အဆင့်ရောက်သွားပါပြီ...။ တတိယဈာန်က ပီတိနဲ့ ချမ်းသာနေတာပေါ့...။ ဒီနေရာမှာ နှစ်သက်ပြီး ချမ်းသာတာနဲ့ သူ့အလိုလိုချမ်းသာတာဆိုပြီး နှစ်မျိုးရှိပါတယ်....။ ဒါပေမယ့် နှစ်သက်ပြီး ချမ်းသာတာက စိတ်လှုပ်ရှားမှုတွေရှိနေလို့ အလွန်အေးချမ်းတဲ့ တည်ငြိမ်မှုမဟုတ်ပါဘူး...။ ပီတိကို အပြစ်မြင်ပြီး ဖယ်ရှားမှ စိမ့်စမ်းရေလို သူ့အလိုလို ချမ်းမြေ့တဲ့ သုခနဲ့ စိတ်တည်ငြိမ်မှု ဧကဂ္ဂတာ တို့သာရှိတဲ့ စတုတ္ထဈာန်အဆင့်ရောက်သွားမှာပါ....။ ဘုရားပြီး ငြမ်းဖျက်သလိုပဲ ဒီလိုဆို ပဥ္စမဈာန်ရောက်ဖို့ သုခကိုလည်း ပယ်ရမှာပါ....။ ပဥ္စမဈာန်မှာတော့ ဥပေက္ခာနဲ့ ဧကဂ္ဂတာ....။

အနှစ်ချုပ်လိုက်ရင်

ပထမဈာန်ရပြီးရင်   -------->    ဝိတက်ပြုတ်

ဒုတိယဈာန်ရပြီးရင်  -------->    ဝိစာရပြုတ်

တတိယဈာန်ရပြီးရင် -------->    ပီတိပြုတ်

စတုတ္ထဈာန်ရပြီးရင်  -------->    သုခပြုတ်

ပဥ္စမဈာန်ရပြီးရင်    -------->     ဥပေက္ခာနဲ့ ဧကဂ္ဂတာ တို့ပဲကျန်ပါတော့တယ်...။ 


ရူပဝစရစိတ် (၁၅)ပါး ဒီမှာပြီးပါတယ် နောက်တစ်ပိုင်းကျရင် အရူပဝစရစိတ်(၁၂)ကိုဆက်ပြောပါမယ်....။

အဘိဓမ္မာစိတ်ပိုင်း(၅)

မှတ်ချက်။     ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်စာအုပ်ပေးခဲ့တဲ့ ဉီး------ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။


___________________
Revolution will prevail
မိုးငွေ့

Wednesday, 6 November 2024

Nina again......






ဆိုင်ကို မကြာခဏလာလည်တတ်သော ကလေးလေး..... နီးနာစံလေး သူ့နာမည်ရဲ့ အဓိပ္ပါယ်က လိမ္မော်သီးတဲ့...။ တစ်နှစ်ပြည့်တော့မယ် အဲကလေးမတစ်တုတ်လေးက အရမ်း....ချစ်စရာကောင်း အရမ်း...ညစ်လို့ကောင်း အသားလေးဖြူဖြူအိအိနဲ့ ဂွမ်းစိုင်လေးလိုပဲ...။ ကိုယ်မမွေးနိုင်တော့ ချစ်စရာသူများကလေးလေးတွေဆို လိုက်ချီချင်နေတာက ရောဂါတစ်ခု...။ လူသားတစ်ယောက်လာဖြစ်ပြီး နောက်ထပ်မျိုးဆက် လူသားလေးတစ်ယောက်ကို လူဖြစ်ခွင့်ပေးဖို့ အခွင့်မရလိုက်လာကိုတွေးမိရင်တော့ တခါတခါ နှမြောမိတယ်...။  ဒါပေမယ့် တစ်နေ့ထက်တစ်နေ့ စုတ်ပြတ်သတ်လာနေတဲ့ ကမ္ဘာကြီးထဲ ငါတို့ခံခဲ့ရတဲ့ ဒုက္ခတွေနင်တို့ဆက်ခံဆိုပြီးလဲ အပြစ်မရှိတဲ့ကလေးလေးတစ်ယောက်ကို တကိုယ်ကောင်းဆန်အတ္တကြီးပြီး ထားခဲ့ရမှာလည်းမဖြစ်ချင်ဘူး...။ ဒီလိုဆိုတော့ ဒီအတိုင်းပဲကောင်းပါတယ်ပေါ့လေ....:)







































 











သူ့ကို ကလစ်လေးဝယ်ပေးတာကို ပန်လာပြတာတဲ့











__________________
Revolution will prevail
မိုးငွေ့

Thursday, 24 October 2024

Dear Angel (21).....

 



ချစ်သော... အိန်ဂျယ်,,

ဒီနှစ်မိုးရာသီက နေပူလိုက်  မိုးရွာလိုက်နဲ့ မတည်မငြိမ်ဖြစ်နေတာ ကိုယ့်စိတ်အခြေအနေတိုင်းပါပဲ....။ 

ကိုယ့်စိတ်ကခုတလော ဆတ်ဆတ်ထိမခံဖြစ်နေတယ်... တစ်ခုခုဆို ဒေါသထွက်လွယ် ဝမ်းနည်းလွယ်တတ်လာတယ်....အရာရာတိုင်းကို ခံစားနစ်ဝင်မှု အားကြီးလွန်းတယ်လို့ ကိုယ့်ကို သူမကြာခဏ စကားကြုံတိုင်းပြောတတ်တယ်...။ အထူးသဖြင့် စာရေးခြင်းကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းလေးမှသေးသေးတင်မခံတာမျိုးပေါ့...။ တခါတလေကျရင် ကိုယ်ဘာဖြစ်ချင်နေတာမှန်းတောင် ကိုယ့်ဘာသာနားမလည်နိုင်တော့အောင်ပါပဲ...။ 

ကိုယ်က လူတစ်ယောက်ယောက်အတွက် အနှောက်အယှက်တစ်ခုပါပဲတကယ်တော့ ကိုယ်နဲ့လာပတ်သက်ရင် သူတို့ ပူလောင်ရမှာ လွယ်လွယ်ပြောရရင် ကိုယ်က မီးတောက်တစ်ခုပမာပဲ...။ စိတ်ချမ်းမြေ့စရာ ဘာတစ်ခုမှမပေးစွမ်းနိုင်တဲ့ ကိုယ့်နားကို ဘာကြောင့်နေချင်ရတာလဲ ကိုယ်နားမလည်နိုင်ဘူး ...။ ချစ်တဲ့စိတ် ဆိုတာတစ်ခုတည်းနဲ့ လွယ်လွယ်ပြန်မပြောပါနဲ့ ပင်ပန်းရပါတယ်...။ ကိုယ့်အနားမှာရှိရင် အမြဲစိတ်ပင်ပန်းရတယ်လို့ သူမကြာခဏပြောဖူးသလိုပေါ့...။ ဒါနဲ့များ ကိုယ့်ဆီ ဘာကြောင့်လာချင်ရတာလဲ...။ တကယ်တော့ ကိုယ်က စိတ်ကုန်ချင်စရာ မိန်းမတစ်ယောက်ဆိုတာ သူနားလည်ဖို့ကောင်းပြီ...။

ကိုယ်တစ်ယောက်ထဲပဲ တိတ်တိတ်ဆိတ်ဆိတ်နေချင်တယ်....။ ဘာအပူသောကမှမရှိတဲ့ ကိုယ့်အခန်းလေးထဲမှာပဲ ကိုယ်နေချင်တယ် ဘယ်သူနဲ့မှလည်းမတွေ့ချင်ဘူး...။ ကိုယ့်ကိုလည်း တွေ့ဖို့ မကြိုးစားပါနဲ့...။ ခုရက်ပိုင်း Physically ရော Mentally ရော ill ဖြစ်နေတယ်....။ တလောကလုံး E စီးကရက် (Vape) တွေကို မသောက်ဖို့ တင်းတင်းကြပ်ကြပ်တားမြစ်နေချိန်မှာ ကိုယ်ကတော့ သူ့ကိုစွဲနေခဲ့ပြီ...။ မီးခိုးတွေကို မှုတ်ထုတ်လိုက်တဲ့ အရသာကို ကိုယ်ကြိုက်သွားတာ မီးခိုးတန်းတလျှောက်အတွေးတွေလိုက်ပါရတာကို သဘောကျသွားတာ...။

ကိုယ့်ဘဝမှာ ကိုယ့်အတွက် ကိုယ့်စိတ်အတွက် လုံခြုံမှုပေးနိုင်တဲ့ ကိုယ့်အခန်းကျဉ်းလေးရယ် သီချင်းသံစဉ်တွေရယ် ပုံဆွဲဖို့ကိရိယာတချို့ရယ်နဲ့ Vape လေးတစ်ခုရယ်ရှိရင် ပြည့်စုံပြီပဲ...။ အရင်ကဆိုရင်တော့ စာအုပ်တွေ ကော်ဖီတွေပါလိမ့်မယ် ခုတော့ ကိုယ်အဲဒါတွေမလိုတော့ဘူး...။ တဖြေးဖြေးနဲ့ ဖြတ်ချနိုင်သလောက် ပစ်ချနိုင်သလောက်ဝန်တွေပေါ့အောင် ကိုယ်ကြိုးစားနေပါတယ်...။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ရင်ခွင်မှာမှမခိုလုံချင်သလို ဘယ်တစ်ဦးတစ်ယောက်မှလည်း ကိုယ့်ရင်ခွင်မှာ လာခိုလုံခွင့်မပြုနိုင်ဘူး...။ ကိုယ်ဟာ အဲဒီလို ရက်စက်တတ်သော မိန်းမတစ်ယောက်ပါ....။

သတိရခြင်းကို သယ်ဆောင်လာမယ့်
လိပ်ပြာတွေက ပန်းပွင့်ရဲ့
ဖြားယောင်းမှုကြောင့်
သေဆုံးသွားကြပြီ .....တဲ့ အိန်ဂျယ် ။





Still flying .....

Still loving .....


__________________
Revolution will prevail
မိုးငွေ့


Thursday, 29 August 2024

မိုးရွာတိုင်း....မိုးရွာတိုင်းလွမ်း

D-vision featuring A Zeed အဖွဲ့ရဲ့ မိုးရွာတိုင်း
(19th Dec 2018, 6.27K Subscribers, Views 2.2M)


Born For You အဖွဲ့ရဲ့ "မိုးရွာတိုင်းလွမ်း"
(4th April 2020,1.14K Subscribers, Views 16K)



ကျနော် ဒီသီချင်းနှစ်ပုဒ်ကို July 2020 မှာ ဆယ်ရက်ပဲခြားပြီး တင်ခဲ့ဖူးပါတယ်...။ ပြောပြချင်တာက ဒီမိုးရွာတိုင်း နဲ့ မိုးရွာတိုင်းလွမ်းသီချင်းနှစ်ပုဒ်ကို အဖွဲ့နှစ်ဖွဲ့ကသီဆိုထားပြီး  D-vision အဖွဲ့က တစ်နှစ်ကျော်ကျော်လောက်စောပြီး You Tube ပေါ်တင်ခဲ့တာ အခုနေ့ထိ Viewer နှစ်သန်းကျော်သွားပြီ...။ အဲ...ဒါပေမယ့် Born For You ရဲ့ "မိုးရွာတိုင်းလွမ်း" ကတော့ You Tube မှာတင်တာ လေးနှစ်ကြာခဲ့ပေမယ့် Viewer တစ်သောင်းကျော်ပဲရခဲ့တယ်...။ နံပါတ်တစ် အနုပညာ Industry မှာ စီးပွားရေးဖက်ကကြည့်ရင် နောက်ခံပံ့ပိုးမှုအားကောင်းဖို့လိုတယ်ဆိုတာ သိတာထင်ရှားစေတယ် နံပါတ်နှစ်ကတော့ အားပေးတဲ့ Fan အင်အားပါပဲ...။ နောက်ခံပံ့ပိုးတယ်ဆိုတဲ့ထဲမှာ Market ကိုဘယ်လိုဖောက်မယ် ကိုယ်တိုင်က ဘယ်လိုတွေ Performance ပေးနိုင်လဲ ဆိုတာတွေပါပါတာပေါ့..။ Album တစ်ခုထွက်ပြီးတိုင်းလည်း ဒီတိုင်းပြီးမသွားသေးဘူး Rating တက်အောင်လုပ်ရသေးတယ် နေရာစုံမှာ Promotion တွေလုပ်ရတယ် Fan Meeting တွေလုပ်ရတယ် ဒါကို After sale service လို့ ကုန်ရောင်းကုန်ဝယ်တွေမှာ ခေါ်ကြတယ်...။ Born For You အဖွဲ့မှာ အဲဒါတွေအားနည်းလို့ထင်ပါတယ် တကယ်တမ်းသူတို့သီချင်းက အကုန်လုံးနီးပါးကောင်းတာ....။ ခုမှသေချာကြည့်မိတယ် နှစ်ဖွဲ့လုံးရဲ့ MV က ရိုက်ထားတာ ခပ်ဆင်ဆင်တွေတူနေကြတယ်...။ သူတို့ music အမျိုးအစားက Rock ...။ ခက်တာက ကိုးဗစ်နဲ့ မအလရဲ့အကြမ်းဖက် ဖက်ဆစ်တပ်တွေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့တိုင်းပြည်က အနုပညာတွေကန်းနေပြီလေ...။ နှမြောစရာသိပ်ကောင်းပါတယ် တစ်ကိုယ်ကောင်းအတ္တစိတ်နဲ့ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေကို အရှင်လတ်လတ်သတ်လိုက်ကြတာ..။ မအလအကြမ်းဖက် ဖက်ဆစ်တပ်အမြန်ကျဆုံးပပျောက်ဖို့ ကျတော်တို့အားလုံးမှာ တာဝန်ရှိတယ် သေနတ်ကိုင်မှရယ်မဟုတ်ပါဘူး ကိုယ်တတ်နိုင်တဲ့တစ်တောင့်တစ်နေရာကနေ လုပ်ရှားနိုင်ပါတယ်...။ ဖက်ဆစ်တပ်ကျဆုံးတဲ့ အဲဒီနေ့ အမြန်ဆုံးရောက်လာတော့မှာပါ...။

Ok!!! ဘာပဲဖြစ်ဖြစ် Born For You ကို You Tube မှာ သွားနားထောင်ပေးကြပါဦး သီချင်းချစ်စာဖတ်သူအပေါင်းတို့.... :)


__________________
Revolution will prevail
မိုးငွေ့

Friday, 9 August 2024

My Health Condition.....


ပလာစတာလေးလှလို့ တစ်နေကုန်ကပ်ထားမိတာ ညနေခွာလိုက်တော့ သွေးချေဥလို့ရယ်



လိပ်ပြာစီးရီးတွဲတွေ ဆက်တိုက်ဖြစ်နေလို့ အီနေမှာဆိုးလို့ ကြားဖြတ်ပို့စ်လေးလာတင်တာ...။ ပြီးတော့ ကျနော့်ရဲ့ လိပ်ပြာစီးရီးတွဲကို အများကြီးလာဝင်ဖတ်တာတွေ့ရလို့ ကျေးဇူးအကြီးကြီးပါ....။

ဒီနှစ်ထဲမှာ ကျနော် ကျန်းမာရေးအတွက် သွေးစစ်တာ အခုတစ်ခေါက်ဆို သုံးကြိမ်မြောက်....။ ထုံးစံအတိုင်း မိုးရာသီရောက်ရင် ဖြစ်နေကျ လက်ပြဿနာ...။ ကျနော်သတိထားမိသလောက် မနှစ်ကတစ်နှစ်ပဲ ဘာမှသိပ်မဖြစ်တာ....။ ဒီနှစ်က ဘယ်ဖက်လက်မဟုတ်တော့ဘူး ညာဖက်လက် လက်မောင်းရင်းကနေညောင်းကိုက်ပြီး တောက်လျှောက်လက်မအထိ စူးကနဲစူးကနဲနဲ့ ကျင်နေတာ ငါးမိနစ်ဆယ်မိနစ်လောက်ဖြစ်လိုက် ပျောက်လိုက် အဲလိုကြီး...။ ကျန်လက်လေးချောင်းတော့မပါဘူး ညာလက်မောင်းကနေစပြီး အတွင်းလက်တစ်လျှောက် လက်မထိ ကျင်ကျင်နေတာ....။ အပ်သေးသေးလေးတွေနဲ့လာစွသလိုမျိုး တရှိန်းရှိန်းနဲ့ခံစားရတယ်...။

ကျနော်ပေပြီး ဆရာဝန်မပြဘဲနေနေတာ စာတွေလျှောက်ဖတ်တာပေါ့ လက်ကျင်တာ ဘာကြောင့်ဖြစ်တတ်သလဲ ဘာဓါတ်တွေလိုသလဲပေါ့ အဲဒါနဲ့အောက်မှာရှာတွေ့ထားတာက ဗိုက်တာမင်ချိုတဲ့ရင် အဲလက္ခဏာဖြစ်တတ်တာလို့ရေးထားတယ်..။ အရင် ပို့စ်တွေတုန်းက ကျနော်ပြောခဲ့ဖူးမယ်ထင်တယ် ကျနော့် ညာဖက်တင်ပါးဆုံရိုးနာနာနေတတ်တာဆိုတာလေ အဲဒါ ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး Omega 3 တစ်နေ့နှစ်လုံးသောက်တာ အခုမနာတော့ဘူး သတိထားမိသလောက်...။ ကျနော်တို့အရွယ်က အရိုးပွတာတွေ နာတာတွေကစပြီလေ Menopause ကလဲစဖြစ်နေပြီဆိုတော့ ဗိုက်တာမင် E ဆေးတွေလဲ တစ်လတစ်ကဒ်လောက်သောက်ထားသင့်တာ...။

အဲဒါနဲ့လက်ကျင်တာ မပျောက်လို့ နောက်ဆုံး ပြနေကျ အရင်နေခဲ့ဖူးတဲ့ စမ်းချောင်းက GP ဆရာဝန်ဆီပဲပြလိုက်တော့ ဆရာက သွေးပြန်စစ်ဘာညာရေးပေးလိုက်တယ် ပြီးတော့ ထုံးစံအတိုင်းဆေးခန်းရောက်လို့ သွေးတိုင်းရင် တက်နေပြီ ...။ ဆရာက သွေးကျဲဆေး သွေးကျဆေးတွေ ဆယ်ရက်စာပေးလိုက်ပြီး သွေးတိုင်းတာနေ့တိုင်းမှတ်ထားခိုင်းတယ် သွေးအဖြေရရင် ပြန်ပြရင်းနဲ့ လိုအပ်တဲ့ဆေးတွေပေးမယ်ပေါ့...။ အဲဒါနဲ့ ကျနော်တို့အဒေါ်ခြံရှေ့မှာဖွင့်တဲ့ အာရှတော်ဝင်ဆေးစစ်ဌာနမှာပဲ ညကတည်းက Fasting လုပ်ပြီး မနက် ၇နာရီခွဲလောက်သွားစစ်လိုက်တယ်...။ ကျနော်က သွေးစစ်ထုတ်လို့ ကိုယ့်အသားအပ်ဝင်တဲ့ချိန်ကို တစ်ခါမှမကြည့်ဖူးဘူး...။ ဒီတစ်ခါတော့ သတ္တိရှိရှိနဲ့ကြည့်မယ်လို့ သွေးထုတ်တဲ့ ဆရာမလေးကအပ်သေးသေးမျှင်မျှင်လေးနဲ့ ဘယ်ဖက်လက် တတောင်ကွေးနေရာကို ထိုးစိုက်လိုက်တာ လုံးဝတောင်မနာဘူးအပ်ဝင်တော့ အမလေး ဘဝမှာကိုယ်အသားကို ဆေးထိုးအပ်နဲ့ထိုးတာ ခုမှပထမဆုံးကြည့်ဖူးတာတဲ့....။

နောက်နေ့သွေးအဖြေရတော့ ဆရာဝန်ဆီပြန်သွား ဆရာက စိတ်ရှည်လက်ရှည် တစ်ခုချင်းသေချာရှင်းပြပါတယ်...။ ကျနော်က သွေးဖြူဥ သွေးနီဥ ကျောက်ကပ်လုပ်ငန်းစဉ်တွေအားလုံးကောင်းတယ် ...။ အော် ပြောဖို့မေ့သွားတယ် ဆရာစစ်ခိုင်းတဲ့သွေးအမျိုးအစားတွေအပြင် ကျနော်က အထွန့်တက်ပြီး Vitamin D3 ပါထည့်စစ်လိုက်တယ်...။ မိုးတွင်းနေရောင်မရလို့ အဲဒါများလိုနေမလားသိချင်တာလေ တစ်ခါမှလည်းမစစ်ဖူးဘူး...။ အဲဒီသွေးတစ်မျိုးထဲတင် လေးသောင်းခွဲကျတယ် အားလုံး တစ်သိန်းခွဲလောက်ကုန်သွားတယ် သွေးစစ်ခချည်းပဲ...။ ကျနော်ဖြစ်နေတာက ကိုလက်စထောတက်နေတယ် သွေးတွင်းဆီများနေတယ် မကောင်းတဲ့အဆီကတက်ပြီး ကောင်းတဲ့အဆီကနည်းနေတယ် ပြီးတော့ အသဲအဆီဖုံးနေတယ်...။ သွေးကြောထဲအဆီတွေ အညစ်အကြေးတွေများနေလို့ သွေးလျှောက်ရတာပြဿနာဖြစ်တဲ့နေရာမှာ ကျနော်က သွေးအားကောင်းလို့ တစ်ခုကံကောင်းသွားတာ သွေးနီ/ဖြူတွေသာမကောင်းရင် လေဖြတ်တတ်တယ်လို့ ဆရာကရှင်းပြတယ်...။ ဒါကြောင့် ကျနော်သွေးတိုင်းရင် အောက်သွေးကများများနေတတ်တာ..။ အဲတော့ ဆရာက အဆီကျဆေးတွေနဲ့ Vitamin D ကမဆိုစလောက်လေးပဲကျလို့ တစ်လစာတော့ဆေးပေးလိုက်တယ်..။ အဲဒါဆေးတစ်လသောက်ပြီး ထူးခြားမှုရှိမရှိ ဆရာနဲ့ပြန်တိုင်ပင်ရမယ်...။ ဆေးဖိုးက တစ်သိန်းသုံးသောင်းရှစ်ထောင်ကျတယ် ဟင့်....။ ဟိုနေ့ကမှ CW ဆိုင်မှာ ကျနော့် Local ချည်ထည် Consignment ထားပြီးရောင်းတဲ့ပစ္စည်းတွေ တစ်ဖြတ်ရှင်းပေးတဲ့ ငွေတွေ ခုတော့ သွေးစစ်ခနဲ့ဆေးဖိုး အတွက် ကွက်တိဖြစ်လို့ပေါ့...။

သတင်းကောင်းအနေနဲ့ ကျနော်တို့ ဒီလ လစာတိုးတယ်...။ အလုပ်ကောင်းနေလို့တော့မဟုတ်ဘူး သူဌေးက သူ့ဝန်ထမ်းတွေ ဒီကုန်ဈေးနှုန်းနဲ့ ဒီလစာမကိုက်တော့ဘူးသိလို့ ထောက်ပံ့ကြေးသဘောနဲ့တိုးပေးတာလောက်ပဲ..။ ဘယ်လိုပဲတိုးတိုး ဒေါ်လာဈေးနဲ့တွက်ရင် သူများနိုင်ငံမှာ နာရီပိုင်းလုပ်အားခရဲ့တစ်ပတ်စာလောက်ပဲရှိတဲ့လစာ ...။ $ပု မတော်တရော် ခုန်ပေါ်တက်ထိုင်လိုက်တာ ဒေါ်လာဈေးတွေ တစ်သက်လုံးမကြားဖူးတာဖြစ်သွားတယ် ငါးထောင်ကျော်သွားတယ် ကဲ...။ $အရည်အချင်းမရှိဘဲ တိုင်းပြည်ကို စုတ်ပြတ်သတ်နေအောင်ဖျက်စီးနေတာ လုပ်တတ်တာက ပြဿနာရှာဖို့ပဲ ဆန် ဆီ ရွှေ မြေ ဒေါ်လာ တစ်ခုပြီးတစ်ခု ပတ်ပြီးမွှေတာ မွှေတာဆိုတာ နှောက်တက်နေတာဆိုတာ သေဖို့ပဲကျန်တော့တယ် တိုင်းသူပြည်သားတွေက....။ စီးပွားရေးသမားတွေလည်း ဘာမှလုပ်ကိုင်မရ ပြည်ပသွင်းကုန်အနေနဲ့ ဘာ Transferမှ လုပ်မရ အဲတော့ ဘာသွင်းကုန်မှသွင်းမရ အဓိက ဆေးပစ္စည်းတွေမဝင်တော့တာမို့ သေရေးရှင်ရေးလူနာတွေအတွက် တော်တော်ဒုက္ခများရပါတယ်...။ ကျနော်တို့မယ် ဂျပန်ငပုခေတ်မဟုတ်ဘဲ ဗမာငပုခေတ်ပျက်ကြီးထဲ လူလာဖြစ်ရတာကိုက အကုသိုလ်ကြီးနေတာပါ...။ ဒီကြားထဲ စစ်ပြေးရတဲ့ ဒုက္ခသည်တွေ ရေဘေးဒုက္ခသည်တွေနဲ့ အရင်လို ထမင်းထုပ်လှူလုပ်မယ့်သူတွေ ပရဟိတတွေလည်းသိပ်မရှိတော့ဘူး....။ အစစ အရာရာခက်ခဲလာတဲ့ ခေါင်းဆောင်ကောင်းမဲ့နေတဲ့တိုင်းပြည်မှာ ကျနော်ကတော့ နီးစပ်ရာအဝိုင်းအဝန်းလောက်ပဲ သင့်သလောက် တတ်နိုင်သလောက်လှူနိုင်တယ်...။ 



ခုထိကျင်နေတုန်းပဲ ညာဖက်လက်က ဆရာဝန်ကတော့ ကျည်းပေါင်းကြောင့်လို့ပြောတယ် ဖုန်းကြည့်တာ ကွန်ပြူတာကြည့်တာလျှော့တဲ့ ကျနော်ကတော့ စကားနားထောင်သလားမပြောနဲ့ 
ဖုန်းနဲ့ဖက်အိပ်တာ ညညဆို


ကျနော်တို့မှာ ဟန်မပျက်နေထိုင်နေရတာပဲရှိတော့တာ  အရင်ရေးထားပြီးသား မတင်ရသေးတဲ့ ပို့စ်တွေကို စိတ်ထွက်ပေါက်အနေနဲ့ တင်ပါရစေလို့...။  ပြီးတော့ ကျနော့်ပေ့ချ်လေး အမြဲတမ်း Update ဖြစ်နေဖို့ရယ် တစ်နေ့တစ်နေ့ ကျနော့်အတွက် Moti ရတာက ဒီနေရာလေးပဲလေ Entertain လည်းဖြစ်တာမို့ ကျနော်ချစ်တဲ့ ဒီနေရာလေးကို ကိုယ်တိုင်အမြဲရောက်ဖြစ်သလို စာဖတ်သူတွေကိုလည် အမြဲဝင်ထွက်သွားလာစေချင်တာပါ....:)

ဒီလောက်ပဲ ကျနော့် ကျန်းမာရေးကို Update လာလုပ်တာပါပဲ....


__________________
Revolution will prevail
မိုးငွေ့

Wednesday, 19 June 2024

လက်ရှိသုံးဖြစ်နေသော Skin care များ.....




Lancome ရဲ့  Clarifique ဆိုတဲ့ Spot Eraser လေးကို ကျမအဒေါ် ဒီတစ်ခေါက်ပြန်လာတော့ ပေးတာ..။ Lancome Skin care တွေကို ကျမ သိပ်မသုံးဖူးဘူး ဟိုးအရင်က ရေမွှေးတော့သုံးဖူးခဲ့တယ် ကြာပါပြီ...။ Skin Care တွေ အလှကုန်တွေ တော်တော်များများ ကိုယ့်ဘာသာကိုယ် ဝယ်တာနည်းတယ် အဒေါ်တွေဝယ်ပေးတာများတယ်...။ အဒေါ်က ဒီတစ်ခေါက်ပြန်လာတော့ အဲဒီ Lancome ဗူးလေးကို "ရော့ နင့်မျက်နှာမှ မှဲ့ခြောက်တွေရှိနေပြီ ဒါမှဲ့ခြောက်ပျောက်တယ် လိမ်း"ဆိုပြီးပေးလိုက်တာ...။ ကျမ တစ်ခါတော့လိမ်းကြည့်လိုက်တယ် ခရင်မ်အသားလေးက အေးမြမြ မပျစ်မကျဲနို့ရည်လေး...။ ကျမက မျက်နှာမှာရှိတဲ့ အညိုရောင် အစက်အပျောက်သေးသေးလေးတွေကို ပျောက်အောင် မလုပ်ချင်ပါဘူး အဲဒါလေးတွေက အသက်အရွယ်ကြီးရင့်ခြင်းရဲ့ အမှတ်အသား လက္ခဏာတွေ သူ့ကို ဒီတိုင်းထားတာက ပိုသဘာဝကျတယ်...။ သူများနိုင်ငံမှာ မှည့်ခြောက်မရှိလို့ မိတ်ကပ်လိမ်းပြီးတိုင်း အညိုရောင်မိတ်ကပ်တွေကို အစက်အပျောက်လေးတွေ မျက်နှာမှာထည့်ပြီးတောင် အလှဆင်ကြသေးတယ်...။ ဒါကြောင့် ဒီဗူးလေးကိုတော့ မျက်နှာအမဲစက်တွေပျောက်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပြန်ပေးလိုက်တော့မယ်လို့.....။




 

ဒီဒေါက်ဖိနက်လေးက  Very Good Girl ရေမွှေးပုလင်းလေး (Carolina Herrera)...။ အနံ့လေးက မဆိုးပါဘူး ခပ်အီအီ sexy ကျကျလေးပေမယ့် performance သိပ်မကောင်းဘူး တစ်နေကုန်မစွဲဘူး...။ တကယ်က ကျမအကြိုက်အနံ့မျိုးတော့မဟုတ်ဘူး...။ အခုရေမွှေးတစ်ပုလင်းဝယ် ခုနှစ်သိန်း ရှစ်သိန်းက အနည်းဆုံးဖြစ်နေတော့ Decant လေးတွေကိုပဲ သုံးဖြစ်တော့တာ ကိုယ့်ဟာနဲ့ကိုယ်ဆို....။ ဒါလေးကတော့ မနှစ်ကတည်းက အဒေါ်ပဲဝယ်လာပေးတာ သိပ်မကြိုက်ပေမယ့် ကိုယ့်ဘာသာနဲ့ဆို ဈေးကြီးတယ်လေ လက်ဆောင်ရတုန်းလေး ယူထားရတာ...။ Bad Girl လေးလဲ သုံးကြည့်ချင်ပါသေးတယ်...။






မျက်နှာကို foundation မိတ်ကပ်တွေ နေ့တိုင်းမလိမ်းဖြစ်ပေမယ့် အပြင်သွားဖြစ်နေတော့ ဖုန်တွေဘာတွေနဲ့ဆို ညနေပိုင်းရေမချိုးခင် ဒါလေးနဲ့တော့ Cleansing လုပ်သင့်ပါတယ်..။ သူက အဆီအမျိုးအစား လက်ဝါးထဲ နည်းနည်းထည့် မျက်နှာအနှံ့သုပ်လိမ်းပြီး Wet tissue လေးနဲ့သုပ်ပစ်လိုက်ရင် အဆင်ပြေပါတယ်...။





ဒါလည်း ဒီတစ်ခေါက် အဒေါ်ပါလာတဲ့ MAC Set လေးပဲ Essence လို အရည်လေးတစ်ပုလင်းပါတယ် Mascara တစ်တောင့်နဲ့ မြေပဲခွံရောင် Matte type နှုတ်ခမ်းနီလေးပါတယ်...။ နှုတ်ခမ်းမခြောက်ဘဲ ချောချောမွတ်မွတ်လေး ဆိုးလို့တော့ကောင်းတယ်...။ ဗူးဝိုင်းပြားလေးက ရွှေနုရောင် အလက်လေးတွေပါတဲ့ Highlighter လေးပါ....။





ဒါလေးကတော့ Top Ten UV protection ထဲမှာ ထိပ်ဆုံးကပါတယ်... ။ ဟိုတလောက အွန်လိုင်းမှာ ဈေးချလို့ ဝယ်ထားတာ 32000/- တဲ့ လိမ်းလိုက်ရင် စေးကပ်ကပ်မဖြစ်ဘူး မပူဘူး အသားလေး မွတ်မွတ်လေးဖြစ်တယ်...။ မျက်နှာတစ်ခုမှာ ဘာမိတ်ကပ်မှမလိမ်းချင်ရင်တောင် တစ်နေ့တာအတွက် နေလာင်ကာဖို့ ဒါလေးတွေ မလိမ်းမဖြစ်လိမ်းထားသင့်ပါတယ်...။





Sephora က နှုတ်ခမ်းဆီလေး အုန်းဆီနံ့လေးနဲ့ နှုတ်ခမ်းနီအရောင်မတင်ခင် အောက်ခံလိမ်းပေး ညဖက် အိပ်ရာမဝင်ခင် Skin Care ပြီးတိုင်းလိမ်းပေး သဘာဝ အုန်းသီးကပဲထုတ်ထားတာမို့လို့ ဘာမှဘေးမဖြစ်ဘူး....4U2 တဲ့ ညီမလေး BKK ကပြန်လာလို့ ဝယ်လာတာ သူလည်း မြေပဲခွံရောင်ပဲ ဒါပေမယ့် Gel Type..။






Instagram မှာ ထိုင်း Beauty Blogger တစ်ယောက် ညွှန်းထားတာတွေ့လို့ ညီမလေး BKK သွားတုန်း မှာလိုက်တာ B.60 ပေးရတယ်...။ နှုတ်ခမ်းနီအသားကောင်းတယ် မခြောက်ဘူး ဆိုးလိုက်ရင် စိုစိုပြောင်ပြောင်လေး...။ Tarte Cosmetic ကထုတ်တဲ့ Tarte Maracuja Juicy Shimmer က BKK မှာ အရမ်းတွေ ခေတ်စားနေတဲ့ နှုတ်ခမ်းဆိုးဆီလေး...။







ဒါက ရုံးကအစ်ကိုတစ်ယောက် BKK သွားတုန်းက မှာဖြစ်လိုက်တဲ့ Body Lotion လေး သူလည်း ထိုင်းမင်းသမီးတွေ ကြော်ငြာလို့ ရောင်းကောင်းနေတဲ့ SPF 15 ပါတဲ့ Nivea Lotion...။ အနံ့လေးက သစ်သီးနံ့လေးမွှေးပြီး စေးကပ်ကပ်မဖြစ်ဘူး လိမ်းလို့ကောင်းတယ်...။ SPF ပါတဲ့ Lotion အမျိုးအစားတွေကို ညဖက် မလိမ်းသင့်ပါဘူး...။



 

Miss Dior Moisturizing Body Milk ကတော့ ရေမွှေး lotion လို့ပြောလို့ရတယ် လိမ်းထားလိုက်ရင် ရေမွှေးဆွတ်ထားသလိုပဲ မွှေးကြိုင်နေရော ညရေချိုးပြီးရင် ကျမ ဒါလေးလိမ်းဖြစ်တယ်...။



_________________
Revolution will prevail
မိုးငွေ့