Monday, 29 April 2024

သူငယ်ချင်း.....


 

ကျနော် ဒီသီချင်းကို ကျနော်အခုမောင်းနေတဲ့ကားထဲက CD ကနေ နေ့တိုင်းနားထောင်ဖြစ်နေတာ ခံစားမှုအားကောင်းတယ် နားထောင်သူကိုမျောစေတယ် သံစဉ်တွေလှတယ် အဆိုရှင်ဘယ်သူမှန်းကျနော်မသိဘူး သီချင်းနာမည်မသိတော့ You Tube ကနေဘယ်လိုမှသွားရှာလို့မရဘူး ဒါနဲ့ကျနော်အရမ်းသိချင်လာလို့ CD ဘမ်းထားတဲ့ ကျနော့်မောင်လေးကိုမေးလိုက်တော့မှ အဆိုတော်နာမည်က "လူခေတ်" တဲ့ လွန်ခဲ့တဲ့နှစ်နှစ်ကမှ တင်ထားတဲ့သီချင်းလေး တစ်ပုဒ်ကောင်းလေး လူသိပ်မသိလို့မပေါက်တာ....။ တကယ်တမ်းကျ သူ့သီချင်းလေးက သီချင်းကောင်းလေးတစ်ပုဒ်ပါ...။ ကျနော့်လို ဆယ့်နှစ်ရာသီအလွမ်းအဆွေးသမားမို့လည်း ကြိုက်တာနေမယ်...။ 


🎵 🎵 မင်းရဲ့အနား အရိပ်လိုပဲ

လိုက်လို့စောင့်ရှောက်ချင်တယ်

အကြင်နာစစ်ပါတယ်

မင်းအတွက် အဆင်သင့်ရှိချင်ပါတယ် ဟေ့🎵🎵  


သူငယ်ချင်းကနေ ချစ်သူဖြစ်သွားတဲ့သူတွေအတွက်ရော ချစ်သူကနေ သူငယ်ချင်းပြန်ဖြစ်သွားတဲ့သူတွေအတွက်ပါ အဆင်ပြေနားထောင်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ...။ ကျနော်က Rap နှစ်သက်သူမို့ Rapping ပါတဲ့ R&B ဆန်ဆန်သီချင်းတွေကိုဆို သိပ်ကြိုက်တာ...။

ရာသီဥတုအရမ်းပူတယ် ဂရုစိုက်ပါ....


__________________
Revolution will prevail
မိုးငွေ့

Friday, 26 April 2024

လွမ်းရယ်မပြေ.....



တက္ကသိုလ်ကျောင်းနဲ့ ဝေးကွာနေပြီဖြစ်ပေမယ့် ကျောင်းတော်ကြီးအနားပတ်ဝန်းကျင်ရှိတဲ့ လမ်းမတွေကို နေ့စဉ်ဖြတ်သန်းနေရတော့ ကျောင်းဆောင်တွေ စိန်ပန်းပင်တွေ အထူးသဖြင့် အခုလိုနွေရာသီမှာ အရွက်မရှိ ပင်လုံးကျွတ်ဝင်းဝါနေတဲ့ ငုဝါပင်တွေကို မြင်ရတော့ စိတ်ထဲမယ် ကျောင်းတော်နဲ့မဝေးဘူးလို့လည်း ခံစားမိတယ်....။ မနေ့က ရုံးကညီမလေးတစ်ယောက် တက္ကသိုလ်ဝင်းထဲက ဧကရီဆောင်မှာ BE.d သင်တန်းလာတက်တဲ့ သူ့ငယ်သူငယ်ချင်းရောက်နေလို့ သွာတွေ့ရင်းနဲ့ အဝေးသင်ကျောင်းဝင်းထဲကိုရောက်ဖြစ်ခဲ့တယ်....။ တက္ကသိုလ်ဖက် ဝင်ပေါက်ကနေဝင်တော့ ဘယ်ဘက်က တက္ကသိုလ်ရေကူးကန်ပြီးရင် ဘောလုံးကွင်းရှိတယ်....။ ကျမတို့ ကျောင်းတက်တုန်းက ကျမတို့ RC3 က မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲရှိတယ်....။ အဲနေ့မနက်က ပထဝီမေဂျာက ကျမ Crush လေး Botany မေဂျာနဲ့ ဘောလုံးကန်ပြိုင်ကြတာကို ဝီရိယကောင်းကောင်းနဲ့ သွားအားပေးခဲ့တယ်...။ ကျမက Zoology  ကိုယ့်မေဂျာက မဟုတ်ဘဲ လာအားပေးလို့ ကျမကို ဘယ့်သူလာအားပေးလဲဆိုပြီး စပ်စုကြသေးတယ်...။ ဟော...ဟိုက ဂိုးတိုင်နားမှာ ဘောလုံးဖမ်းဖို့စောင့်နေတဲ့ ပထဝီမေဂျာက ဂိုးသမားလေးကိုလာအားပေးတာလို့...။ ဘောလုံးကွင်းလေးက တော်တော်ဟောင်းနေပြီး ပြုပြင်ထားပုံလည်းမရဘူး ဒါပေမယ့် ကလေးတွေ ဝတ်စုံပြည့်နဲ့လာကန်နေတာ အပြန်ကျတော့တွေ့တယ်....။ သတိရလိုက်တာ အဲအချိန်လေးတွေကို ပြန်မရနိုင်တော့တဲ့ ကြည်နူးစရာအချိန်လေးတွေ...။

ဒီသီချင်းက တစ်နှစ်နေမှတစ်ခါလောက်တောင်မဆုံဖြစ်ကြတဲ့ သူငယ်ချင်းတွေစုံလို့ ကာရာအိုကေသွားဟစ်ကြရင် ဆိုနေကျသီချင်းလေးတစ်ပုဒ်ပေါ့...။


__________________
Revolution will prevail
မိုးငွေ့


Monday, 22 April 2024

Dear Angel (19).....



ချစ်သော .... အိန်ဂျယ်


ပြီးခဲ့တဲ့ လဆန်းပိုင်းတုန်းက ရင်းနှီးချစ်ခင်ရတဲ့ အန်တီကြီးတစ်ယောက်ဆုံးပါးသွားလို့ ရေဝေးသုဿန်ကို လိုက်ပို့ဖြစ်ခဲ့တယ်..။ အဲနေ့က နေအပူရှိန်ကလည်းပြင်း နေကာမျက်မှန်မပါရင် လုံးဝအဆင်မပြေဘူး...။ ဟိုရောက်တော့ စောနေသေးလို့ ကိုယ်ပို့ရမယ့် နာရေးရှင်တွေတောင် မရောက်ကြသေးဘူး ဒါနဲ့ ဟိုဖက်ထိပ်ဒီဖက်ထိပ် အဆောင်တွေကိုလျှောက်ကြည့်ဖြစ်တယ်...။ အဲနေ့က သင်္ဂြုလ်တဲ့ထဲ အသက် ၃၅နှစ် အမျိုးသမီးလေးက အငယ်ဆုံးပဲ ကျန်တဲ့သူတွေက ၅၉ တို့ ၆၅ တို့ ကိုယ်တို့ပို့ရမယ့် အန်တီကြီးကတော့ ၇၇နှစ်ရှိပြီ....။ အပြန်ကျကားပေါ်မှာ အတူသွားတဲ့ အဖော်တွေနဲ့ စကားတွေတစ်လမ်းလုံးပြောလာကြတာ ဒီလိုနေရာတစ်ခါရောက်တိုင်းလူတွေက သံဝေဂတော့တစ်ခါရကြတယ်မဟုတ်လား...။ ဒီလိုနဲ့ ကိုယ်သေရင် ဘယ်လိုတွေလုပ်မလဲကအစ ပြောဖြစ်လာတာ ကိုယ်အသက် ၄၂နှစ်ပြည့်မွေးနေ့တုန်းက အမှတ်(၁)ဆေးကျောင်းကို ကိုယ်သေရင် Body  လှူဖို့ Cert ယူထားခဲ့ပြီးသား...။ ဒီနောက်ပိုင်း ကိုယ်သေရင် Body ကိုလည်း မလှူတော့သလို မီးလဲမသင်္ဂြုလ်ဘူးလို့ ဆုံးဖြတ်ထားတယ်...။ ကိုယ်သေလွန်သွားပြီးခဲ့ရင် မြေမြှုပ်ဂူသွင်းမယ် ကိုယ့်ခန္ဓာကိုယ်ကို ကမ္ဘာမြေမှာ နောင်နှစ်ပေါင်းများစွာအထိ ဆက်လက်အသက်ရှင်သန်ပွားများသွားမယ့် အင်းဆက်ပိုးကောင်လေးတွေအတွက်ဖြစ်ဖို့ ကိုယ်ဆုံးဖြတ်ထားခဲ့တယ်...(ဒါပေမယ့် မျက်ကြည်လွှာကိုတော့ အရင်လှူထားတဲ့အတိုင်းပဲ လှူပါမယ်)။ မြေတွေကြိုဝယ်ဖို့စိတ်ကူးပေမယ့် ကိုယ်ဘယ်အချိန် ဘယ်နေရာမှာသေမယ်ဆိုတာမှကြိုမသိရဘဲမဟုတ်လား...။ အဲလို ဆုံးဖြတ်ချက်ပြောင်းလဲသွားရတာကလည်း ကိုယ်တို့ဝေးသွားတဲ့အခါ ကိုယ့်ကို နောက်ဆုံးတောင်းဆိုထားဖူးခဲ့တဲ့ လူတစ်ယောက်ရဲ့ဆန္ဒ အတွက်ကြောင့်ပါပဲ....။ သူ ကိုယ့်ကို ဒီလိုပြောထားခဲ့ဖူးတယ်လေ....။

" ဖြစ်နိုင်ရင် မင်း ဘော်ဒီကို မြေမြှုပ်ခဲ့ဖို့ စဥ်းစား မင်းအသားကနေ သက်ရှိဇီဝတွေ ဖြစ်လာလိမ့်မယ်  မင်းရဲ့ ဆေးရုံကိုလှူမယ့်အစီအစဥ်ကြီး ကိုယ်ဖျက်စေချင်တယ်သိလား....။    မီးလည်းမရှို့နဲ့ မြေမြှုပ်ပြီးဂူသွင်းဖို့သာစဥ်းစား အဲဒါက မင်းရဲ့ အသက်ဝိဥာဥ်ကို ဆက်ပြီးရှင်သန်စေမယ့်တစ်ခုတည်းသော အကြောင်းတရားပဲ ...။ မင်းတစ်ကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးကို ပိုးကောင်တွေကစားကြလိမ့်မယ် မင်းရဲ့အသားတွေ ခြင်ဆီတွေက သူတို့အတွက် စွမ်းအင်ဖြစ်လာလိမ့်မယ် အဲဒီစွမ်းအင်တွေရဲ့ စွမ်းအားကြောင့် သူတို့ အသက်ဆက်ရှင်သန်နိုင်လိမ့်မယ် ပြီးရင် ကိုယ်ပြောသလို သူတို့မျိုးပွားကြလိမ့်မယ်...။ အဲဒီသက်ရှိဇီဝလေးတွေက မင်းရဲ့ ကိုယ်ပွားတွေအဖြစ် ကမ္ဘာမြေပေါ်မှာ မပြတ်စတမ်းရှင်သန်နေထိုင်သွားကြလိမ့်မယ်... ကိုယ်ပြောတာသိလား အဲဒီအချိန်ကျရင်တော့ တူညီသက်ရှိလေးတွေဖြစ်ခဲ့ရင်တော့ ကိုယ်တို့အချင်းချင်း ပြန်ဆုံတွေ့ကောင်းလည်းဆုံတွေ့ကြမှာပေါ့....။ မင်းအလောင်းကိုမီးလည်းမရှို့နဲ့ ဆေးရုံကိုလည်းမပေးနဲ့ မင်းကိုယ်ပြောတာ နားထောင်မယ်ဆိုရင် နောက်ဆုံးအနေနဲ့ အဲဒီတစ်ခုကို နားထောင်ပေး.....။ ပြီးတော့  မင်းသေဆုံးသွားခဲ့ရင် မင်းအုတ်ဂူနား ကိုယ်အပင်လာစိုက်ချင်တယ် အခွင့်ရေးရှိခဲ့ရင်ပေါ့.... မင်းဆီက ကိုယ်နောက်ဆုံးတောင်းဆိုတဲ့အရာက ဒီကိစ္စတွေပါပဲ....။ "


ကြည့်စမ်း !!!!!

ကိုယ်..အခုမှသိလိုက်တယ် 

တလောကလုံးမှာ ကိုယ်ဂရုစိုက်တာ သူတစ်ယောက်တည်းရှိတာပဲ

ကိုယ်ဟာ ဘယ်သူ့ကိုမှ သောက်ဂရုမစိုက်ဘူးလို့ တစ်ချိန်လုံးကြွေးကြော်နေပေမယ့် သူ့ကိုတော့ ကိုယ်က အရာရာတိုင်းမှာ ဂရုစိုက်နေမိတာကိုတော့ အံ့ဩမိတယ်...။

သတိရခြင်းတွေကနေ အိပ်မက်တွေဖြစ်လာတာလို့ အိပ်မက်အကြောင်းလေ့လာသူတွေပြောလေ့ရှိတာဖတ်ဖူးတယ်...။ 

တစ်စုံတစ်ယောက်က ကိုယ့်ကိုအိပ်မက်တာ သူ ကိုယ့်ကို သတိရနေတာဖြစ်နိုင်သလို

သူ ကိုယ့်ကိုတစ်နေကုန်အိပ်မက်မက်နေတာလည်း ကိုယ် သူ့ကို အချိန်တိုင်းသတိရနေလို့လို့ သူဘာလို့မတွေးမိလဲ


ဒီဘလော့ဟာ ကိုယ့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းလို့တောင် သတ်မှတ်လို့ရတဲ့ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ နေရာတစ်ခုဖြစ်တယ်....။ အဲဒီကိုယ်မြတ်နိုးတန်ဖိုးထားတဲ့နေရာလေးကိုပဲ ကိုယ်က အကြိမ်ပေါင်းများစွာ စွန့်ခွာဖို့ စဉ်းစားခဲ့ဖူးတယ် ခုချိန်ထိလဲ စဉ်းစားနေတုန်းပဲ....။ လူတစ်ယောက်ကိုယ့်ကို မေ့သွားဖို့ဆိုတဲ့အကြောင်းပြချက်သက်သက်နဲ့ ရက်တော်တော်ကြာတဲ့အထိ ကိုယ်စာမရေးဘဲနေခဲ့တယ်...။ ကိုယ်မြတ်နိုးတဲ့နေရာလေးဖြစ်ပေမယ့် တစ်စုံတစ်ဦးအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ သတိရအမှတ်ရစရာနေရာ စိတ်နာစရာနေရာ မေ့မရတဲ့နေရာအဖြစ်လည်း မခံချင်ဘူး....။ ဘယ်တော့မှစာပြန်မရေးတော့ဘူးလို့လဲ စဉ်းစားထားခဲ့သေးတယ်...။ ကိုယ်တကယ်နေနိုင်အောင်လုပ်လို့ရပေမယ့် အသက်ရှင်ရမယ့် အချိန်တိုတိုလေးမှာ ဆန္ဒတွေကို ဘာလို့ ပိတ်ပင်တားဆီးထားမလဲ....။ ကျေးဇူးပြုပြီး တကယ်မေ့ချင်ရင် သတိမရချင်တော့ရင် ဒီနေရာလေးကို ဘယ်တော့မှမလာပါနဲ့လို့.....။

ဒီတလော နေလို့မကောင်းဘူး စိတ်ဓါတ်အမြဲကြံ့ခိုင်နေဖို့ ခံနိုင်ရည်အားရှိဖို့ ကိုယ်ကြိုးစားအားတင်းပြီးနေနေပါတယ်....။ အသက်ရှူမမေ့ဖို့ အမြဲသတိရအောင်နေတယ်...။ တစ်နေ့တာ သောက်သုံးရမယ့် ရေကိုလည်း များများသောက်တယ်...။ ဒီလိုဆိုတော့ တစ်စုံတစ်ယောက်ရဲ့ စကားကို ကိုယ်နားထောင်ဖြစ်နေသေးတာပဲ...။


__________________
Revolution will prevail
မိုးငွေ့




Thursday, 21 March 2024

ပြန်မလာတော့ဘူးကွယ်.....


 


ကိုငှက် အသံ ကိုငှက်ဆိုပုံဆိုပေါက်ကလွဲပြီး ကျနော်သူ့သီချင်းတွေကို ဘယ်သူ ကာဗာဆိုဆိုမကြိုက်နိုင်ခဲ့တာ ကိုငှက်သီချင်းတွေနဲ့ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းလာတဲ့ သူနဲ့ပတ်သက်တဲ့ ကျနော့်ရဲ့အတ္တပါးပါးလေးလို့လည်း ဆိုလို့ရတယ်....။ ချွင်းချက်တစ်ပုဒ်ပဲရှိတယ် ဇမ်နူးပြန်ဆိုထားတဲ့ "ချစ်တိုင်းလည်းမညား" ကတော့ ဇမ်နူးရဲ့ အဆိုပါရမီ နဲ့ အနုပညာအရည်အသွေးပြည့်ဝမှု, အဲသီချင်းကို သူပိုင်နိုင်တဲ့ R&B ဒီဇိုင်းလေးပြန်ပြောင်းထားတာလေး အရမ်းလှတော့ ကာဗာပြန်ဆိုတဲ့ထဲမှာ အဲသီချင်းကိုတော့ ကျနော်သဘောကျတယ်...။

ခုတလော ကိုငှက်သီချင်းတွေကို စွဲစွဲမြဲမြဲနားထောင်တတ်တဲ့ ကြိုက်တတ်တဲ့ သူ့ကိုလည်းဝေဖန်စာတွေရေးတတ်တဲ့ သူတစ်ယောက်ကို သတိရရနဲ့ ကိုငှက်သီချင်းတွေကို ဆက်တိုက်တင်ဖြစ်နေတာပါ....။


🎵 🎵 🎵 

ပြန်မလာတော့ဘူးကွယ်..... ကိုယ်ထွက်သွားတော့မယ်

ကြင်နာသူနဲ့ဝေးရာ အဝေး အဝေး အဝေး 


နှလုံးသားက နာကျင်စွာနဲ့ နောက်ဆုံး နှုတ်ဆက်ခဲ့တယ်...

ကိုယ်အလိုချင်ခဲ့ဆုံးအရာ ဘဝမှာ ချစ်ခြင်းမေတ္တာ

ရယူပိုင်ဆိုင်ခွင့်မရှိတော့ အဆွေး....အဆွေး...ဆွေး

မမေ့တတ်ခဲ့သူသာ ရင်ထဲ အိုး...တမ်းတနေမယ်....🎵 


ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း ကိုယ်ဘဝမှာ

ဖျောက်ဖျက်မရတဲ့ အမှားများ...

မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ

ဒဏ်ရာတွေပြည့်နှက်ခဲ့တယ် ကြေကွဲ.....🎵 


မဆုံနိုင်တော့ဘူးကွယ် မင်းကို ကိုယ်ချစ်ခဲ့တယ်

တို့ရင်ခုန်သံများ အဝေးမှာ ဝေးမြဲ ဝေးဆဲ အေးခဲ

ရက်စက်တဲ့ ကံကြမ္မာကိုပဲ...ဟွန့်.... သိပ်စိတ်နာတယ်...🎵 


ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း ကိုယ်ဘဝမှာ

ဖျောက်ဖျက်မရတဲ့ အမှားများ...

မျှော်လင့်ရင်း ဆံးရှုံးရင်း နှလုံးသားမှာ

ဒဏ်ရာတွေပြည့်နှက်ခဲ့တယ် ကြေကွဲ.....(ကိုယ့်ရင်ထဲ)


ပြန်မဆုံနိုင်တော့ဘူးကွယ် မင်းကို ကိုယ်ချစ်ခဲ့လည်း

တို့ရင်ခုန်သံများ အဝေးမှာ ဝေးမြဲ ဝေးဆဲ အေးခဲ

ရက်စက်တဲ့ ကံတရားပဲ ကိုယ် သိပ်နားကြည်းတယ်

နောက်ဆုံးနှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်

ကိုယ်သွားပြီကွယ်.......🎵 

(အဝေး)..................................................🎵 


Note: ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အခွင့်အရေးတွေကို စိတ်ကူးကြည့်ရတာ ကြည်နူးစရာကောင်းသလို ကြေကွဲစရာလဲ ကောင်းလှပါတယ်....။ ဘယ်တတ်နိုင်ပါ့မလဲ ကျမတို့ အကောင်းဆုံးလို့ထင်တာကို ရွေးချယ်ခဲ့ကြပြီးပြီပဲ ....။ နောက်ဆုံး...မှာချင်တာက.....

အကောင်းဆုံးဖြစ်အောင်နေထိုင်ပါ.... လုပ်ကိုင်ပါ

ဘယ်သူ့အတွက်မှမဟုတ်ရင်တောင် 

ကိုယ့်အတွက်အကျိုးပြုတာတွေကို လုပ်ဆောင်ပါ

အိပ်ပျော်အောင်အိပ်ပါ

နေကောင်းအောင်နေပါ

ပြီးတော့......

ကျမကို မေ့ပစ်နိုင်အောင် ကြိုးစားပါ......



__________________
Revolution will prevail
မိုးငွေ့


Sunday, 17 March 2024

Hello!!! 49…..










 


ထိပ်စီးပြောင်းဖို့ တစ်နှစ်သာလို....:)
သတိရခြင်းတွေကို ဇွတ်အတင်းယူဆောင်လာပေးကြတဲ့ လိပ်ပြာသုံးကောင်နဲ့ကျမရဲ့ မွေးနေ့ကိတ်....
ကျမတစ်သက်တာမှာ နောက်ဆုံးလုပ်ဖြစ်မယ့် မွေးနေ့ကိတ်....




__________________
Revolution will prevail
မိုးငွေ့

Friday, 15 March 2024

အစိမ်းရောင်ရက်စွဲများ.....


 


ကိုငှက်က ကျနော်အကြိုက်ဆုံး သဘောအကျဆုံး အဆိုတော်ထဲမှာ ပါတယ်....။ ကျနော်အထက်တန်းကျောင်းသူဘဝမှာ ကိုငှက်သီချင်းတွေနဲ့ပဲလက်ပွန်းတတီးရှိလာခဲ့တာ နားယဉ်လာခဲ့ရတာ....။ အဲခေတ်ကတော့ ခုလို သီချင်းစာသားဘာညာကို အွန်လိုင်းကနေ ယူကျုကနေ ရှာလို့မရဘူးသေးဘူး ...။ ကျောင်းရှေ့မှာလာရောင်းတဲ့ ငါးကျပ်တန် တစ်ဆယ်တန် သီချင်းစာအုပ်တွေကိုပဲဝယ်ရတာ...။ သီချင်းနားထောင်ရင်း စာသားလဲဖတ်ချင်တာကိုး...။ သီချင်းစာအုပ်တောင် အော်ရီဂျင်နယ် ကော်ပီ ရှိသေးတာ....။ ကျနော်က သီချင်းစာအုပ်ဝယ်တယ်ဆိုတာ ဂီတာတီးတတ်လို့ Cord တွေ Note တွေသိချင်လို့ဝယ်တာမဟုတ်ဘူး သီချင်းစာသားလေးသိချင်လို့ အလွတ်ရအောင်လို့ ...။ ဂီတနဲ့ ကျနော် , သီချင်းတွေနဲ့ကျနော်က ကျနော်ဟိုး ကလေးပိစိကတည်းက ရင်းနှီးလာခဲ့ရတာ...။ ကျနော်တို့အမျိုးထဲ အဆိုတော်တွေပါလို့တော့မဟုတ်ဘူး...။  ကျနော်တို့အဒေါ်တွေစုပြီး အိမ်မှာဖွင့်ထားတဲ့ အအေးဆိုင်မှာ Song Box နှစ်လုံးနဲ့ ဆိုင်ဖွင့်ချိန်ဆို အမြဲသီချင်းတွေဖွင့်ထားတတ်လို့လေ...။ မီးမရှိပေမယ့် ဘက်ထရီအိုးနဲ့ ဖွင့်ရတာ...။ အဲခေတ်က ကျနော်တို့ရွာမှာ မီးမရဘူးဆိုလို့ အခုလဲရတယ်မထင်နဲ့ဦး ကျနော်တို့နိုင်ငံကို ကိုယ်ကျိုးပဲကြည့်ပြီးခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ဟာတွေက မီးကိုမပေးနိုင်လို့ လာအိုကနေတစ်ဆင့် လျှပ်စစ်မီးကိုယူရပါတယ်...။ ဒုတိယကမ္ဘာစစ်မှာ ဗီယက်နမ်ကနေ ထွက်ပြေးပြီး ဗမာပြည်ထဲ အခြေလာချတဲ့ အဖိုးနဲ့အဖွားကို အရမ်းစိတ်ဆိုးပါတယ်...။ ခုနေ သူတို့ရှိသေးရင် ကျနော် ရန်တွေ့စကားပြောမိမယ်ထင်တယ်...။ ဘာလို့ အဖိုးတို့ ဒီနိုင်ငံကိုမှရွေးချယ်ရသလဲလို့....။ 

ကိုငှက်သီချင်းတွေကို ထွက်တဲ့ စီးရီးတိုင်း တစ်ခုမှမလွတ်အောင်နားထောင်ခဲ့တာ ဒီအစိမ်းရောင်းရက်စွဲများထွက်တဲ့အချိန်က ၂၀၀၁ ခုနှစ်ဆိုတော့  ကျနော် တက္ကသိုလ်တက်လို့ ကျောင်းသားအရေးခင်းထပ်ဖြစ် ကျောင်းတွေပိတ်နေတဲ့အချိန်လောက်ကဖြစ်မယ်...။ ကိုငှက်လောက် သီချင်းရေးတဲ့နေရာမှာ စာသားလှတာ သံစဉ်တွေလှတာ ကျနော်တို့နိုင်ငံမှာ ဘယ်သူမှမရှိသေးဘူး ကိုယ်ပိုင်သံစဉ်ကိုပြောတာနော်...။ တချို့တလေရှိချင်ရှိနေနိုင်ပေမယ့် သူဆရာတအားကျတာတော့သိတယ်...။ ဘယ်လိုပြောရမလဲ ကျနော်က တူရိယာတွေအကြောင်းနားမလည်တော့ သေချာမရှင်းပြတတ်ဘူး...။ 
 
နားထောင်ပြီးသား သီချင်းအဟောင်းပေမယ့် ဘယ်တော့အခါမှ ရိုးမသွားတဲ့ အီမသွားတဲ့ ကိုငှက်သီချင်းတွေကို တဖန်ပြန်သတိရပြီး နားထောင်စေချင်လို့ တင်လိုက်ပါတယ်...။

ဒီသီချင်းလိုပဲ ကျနော့်မှာလဲ အစိမ်းရောင်ရက်စွဲတွေရှိခဲ့ဖူးပါသည်ပေါ့.....။




__________________
Revolution will prevail
မိုးငွေ့



Monday, 11 March 2024

Nina.....






ကျမ အသက်နှစ်ဆယ်ကျော်အရွယ်တုန်းက စိတ်ကူးထားခဲ့တာရှိတယ် ဘယ်အရွယ်မှာ အိမ်ထောင်ပြုမယ် ကလေးဘယ်နှစ်ယောက်ယူမယ် စသဖြင့်ပေါ့....။ ဒါပေမယ့် ဒီနေ့ထိတော့ အကောင်ထည်မပေါ်ခဲ့ပါဘူး...။ ဘဝပေး အခြေအနေအရပ်ရပ်ကြောင့်လို့ မစွပ်စွဲလိုပေမယ့် ကိုယ်ကိုယ်တိုင် ဒီလမ်းကို မရွေးချယ်တော့ဖို့ ဖန်လာတာကြောင့်လည်းဖြစ်တယ်...။ ကျမက ကလေးလေးတွေကို သိပ်ချစ်တယ် Sperm ဝယ်ပြီးကလေးပဲယူမယ် ယောကျာ်းတော့မယူချင်ဘူး အဲလိုထိတောင်စိတ်ကူးဖူးတယ်...။ ကိုယ်တိုင်က ကလေးမမွေးထားတော့ သူများတကာ ကလေးတွေ ချစ်စရာကောင်းတာမြင်ရင် မနေနိုင်ဘူး ချီပွေ့လိုက်ရမှ.....။ ပုံထဲက ကလေးလေးက ကျမတို့တိုက်မှာ ငှားနေနေတဲ့ ဂျပန်လင်မယားနှစ်ယောက်ရဲ့ သမီးငယ်လေး...။ ဂျပန်မတုတ်တစ်လေးနာမည်က နီးနာ တဲ့.....။ 

ကျမနဲ့ကလေးယူချင်တဲ့ ဆန္ဒပြင်းပြတဲ့ ကျမရည်းစားတစ်ယောက်ရှိခဲ့ဖူးတယ်....။ ကလေးလေးတွေမြင်တိုင်း ကျမ သူ့ကို ကလေးတစ်ယောက်မမွေးပေးနိုင်ခဲ့ပါလားလို့ နောင်တရတာမျိုးမဟုတ်ဘဲ သူ့ကိုသတိတော့ရမိတယ်...။ သူက သူ့လိုဉာဏ်ကောင်းပြီး ကမ္ဘာကြီးကို ကိုင်လှုပ်မယ့် ကျမလိုချောပြီးချစ်စရာကောင်းတဲ့ မျိုးဆက်လေးတစ်ယောက်လိုချင်တယ်လို့ အမြဲလိုလို ကျမနဲ့စကားကြုံတိုင်းပြောဖူးတယ်....။ သူ့နှုတ်က"ကိုယ်မင်းနဲ့ လက်ထပ်ချင်တယ်"လို့  ဖွင့်ဟပြောခဲ့ပေမယ့် ကျမတို့ လက်ထပ်ဖြစ်ကြရင် ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုးတောင် သူနဲ့ပတ်သက်ပြီး ကျမမှာ မရှိခဲ့ဘူး တော်တော်ဆိုးတာပဲ.....။ ဘာလို့လဲဆိုတော့...ကျမကို အသုံးချပြီး ကျမအတွက် အန္တရာယ်ရှိလာနိုင်မယ့် Over confident ရှိလွန်းအားကြီးတဲ့ ယောကျာ်းကို ရှောင်သွေလိုက်တာပဲဖြစ်တယ်...။ 























လွန်ခဲ့တဲ့နှစ်လက ဂျပန်ပြန်မသွားခင် ကျမဆီရောက်လာခဲ့တဲ့ နီးနာလေး
အပေါ်ပုံကတော့ နဲနဲထွားလာပြီ











_______________________
Revolution will prevail
မိုးငွေ့