Thursday, 28 April 2022

ကျွန်မပညာသည်...ညနေအပြန်


 


ဆရာမကြီး ကြည်အေး စာအုပ်ကို "နွမ်းလျအိမ်ပြန်" တစ်အုပ်ပဲ သေချာဖတ်ဖူးတယ်... ။ ကျန်တဲ့ ကဗျာတွေဘာတွေ အဲလိုပဲ ဟိုတို့တို့ ဒီတို့တို့ဖတ်ဖူးခဲ့တယ်...။ "ကျွန်မပညာသည်" ကိုဖတ်ကြည့်ဖို့ ညွှန်းတဲ့သူရှိလို့ ဒီနေ့ အင်းဝရောက်တုန်း ဝယ်ဖြစ်ခဲ့တယ်...... ။ ရာသီဉတုက အရမ်းပူအိုက်လောင်မြိုက်လွန်းလို့ စာအုပ်ဆိုင်ကို Tiger Sugar က Boba Milk Tea တစ်ခွက်နဲ့ စာအုပ်ထိုင်ရွေးဖြစ်တော့ ဘာသာပြန်စာအုပ်လေးတစ်အုပ်ထပ်ရတယ်...။  ဘာသာပြန်သူက "မိုဆတ်"... ရောဘတ်တိုဘိုလာညို ရဲ့ ညနေအိမ်အပြန်ဝတ္ထုတိုများဆိုတဲ့စာအုပ် ...။ စာအုပ်ပါးလေးပါပဲ... စုစုပေါင်း ခြောက်ပုဒ်ပါတယ်.....။ ဘာသာပြန်သူရဲ့ အမှာစာကို အောက်မှာရေးပြချင်ပါတယ်...။

" စာရေးတယ်ဆိုတာ ပျော်ရွှင်စရာအခိုက်အတန့်တွေ ရနိုင်တဲ့ အလုပ်ပဲ...။ ဒါပေမယ့် စာရေးတာလိုပဲ ပျော်စရာကောင်းတဲ့ တခြားအလုပ်တွေရှိပါသေးတယ်...။ ပြောရရင် ဘဏ်ကိုဝင်စီးတာ....။ ရုပ်ရှင်ဒါရိုက်တာ...။ ဒါမှမဟုတ် ယောကျ်ားပိုင်းလုံးလုပ်တာမျိုးပေါ့...။ အဲလိုမှမဟုတ်လည်း ကလေးဘဝကို ပြန်သွားပြီး ဘောလုံးပြန်ကန်တာမျိုးဖြစ်ဖြစ်ပေါ့...။ ဒါပေမယ့် ကံက မကောင်းချင်တော့ ကလေးက လူကြီးပြန်ဖြစ်သွားတယ်...။ ဘဏ်ဓါးပြက အသတ်ခံရတယ်...။ ရုပ်ရှင်ဒါရိုက်တာက ဆက်ရိုက်ဖို့ ပိုက်ဆံပြတ်သွားတယ်...။ ပိုင်းလုံးငနဲကလည်းနေမကောင်းတွေ ဘာတွေဖြစ်ပေါ့....။ အဲဒီတော့ ဘာလုပ်မလဲ...။ စာပဲပြန်ရေးပေါ့....။ ရွေးစရာမှမရှိတာ...။ "

ဒါကတော့ ချီလီစာရေးဆရာ၊ ကဗျာဆရာ ရောဘတ်တိုဘိုလာညို(၁၉၅၃-၂၀၀၃) Boom Magazine နဲ့ အင်တာဗျူးမှာ ဖြေခဲ့တဲ့စာရေးခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်ပါပဲ...။

ဘိုလာညိုရဲ့ ဝတ္ထုတိုတွေ ဘာသာပြန်တုန်းက ဟိုတစ်ပုဒ် ဒီတစ်ပုဒ် လျှောက်ပြန်ခဲ့တာဖြစ်ပေမယ့် စာအုပ်လုပ်မယ်ဆိုပြီး ကြည့်လိုက်တော့ ဒီဝတ္ထုတိုစုစည်းမှုက ဘိုလာညိုရဲ့ ဘဝဖြတ်သန်းမှုကို ထင်ဟပ်ပေးနိုင်တာ သတိထားမိလာတယ်...။

မွေးရပ်မြေ ချီလီမှာ ကြုံခဲ့ရတဲ့ အာဏာသိမ်းမှု အတွေ့အကြုံတွေဟာ ဘိုလာညိုရဲ့ စာတွေမှာ အမြဲထင်ဟပ်နေပြီး ဒီစာအုပ်ထဲမှာ "ချီလီ" လို့ နာမည်ပေးထားတဲ့  Detective ဝတ္ထုတိုက အဲဒီအတွက် အကောင်းဆုံး ဉပမာတစ်ခုပါပဲ...။

"မြေကမ္ဘာပေါ်က နောက်ဆုံးညနေခင်းတွေ" ဟာ မိဘတွေနဲ့အတူ ဘိုလာညို ပြောင်းရွှေ့ကြီးပြင်းခဲ့ရာ မက္ကဆီကိုမှာ ဇာတ်အိမ်တည်ထားပြီး သူ့ရဲ့ အကောင်းဆုံး ဝတ္ထုတိုတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်...။ ဘိုလာညိုက မက္ကဆီကိုမှာပဲ စာတွေ ကဗျာတွေ စရေးခဲ့ပြီး အင်ဖရာရီယယ်လစ်ဆိုတဲ့ ကဗျာဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်မှာ ဉီးဆောင်ပါဝင်ခဲ့ပါတယ်....။ ဇာတိမြေ(လက်တင်အမေရကတစ်ခုလုံး)က အခြေအနေအရပ်ရပ်နဲ့ သဟဇာတ မဖြစ်တော့တဲ့ စာရေးဆရာဟာ တဖြည်းဖြည်းနဲ့ ဉရောပဘက်ကို လွင့်လာပြီး နောက်ဆုံး စပိန်က ဘလန်းဇ်ဆိုတဲ့ ပင်လယ်ကမ်းခြေမြို့လေးမှာ သေတဲ့အထိ အခြေချသွားခဲ့ပါတယ်..။ (ဒီစာအုပ်မှာ စပိန်နောက်ခံဝတ္ထုတိုတွေဖြစ်တဲ့ "ကလာရာ" နဲ့ "ခေါ်ဆိုမှုများ" ကိုလည်းဖတ်ရမှာပါ..)။

ဘိုလာညိုဟာ ၂၁ရာစုရဲ့ အကောင်းဆုံး ဝတ္ထုတိုရေးဆရာတွေထဲက တစ်ယောက်ပါ...။ အင်ဖရာရီယယ်လစ် ကဗျာလှုပ်ရှားမှုကို နောက်ခံထားတဲ့ Savage Detectives ဝတ္ထုနဲ့ ( ဂါဘရီယယ်မားကွက်ဇ်တို့ ဗားဂတ်စ်ယော်ဆာတို့လည်း ရဖူးတဲ့) Romulo Gallegos စာပေဆုကို သူ ရခဲ့ပါတယ်...။ ဒါပေမယ့် ကမ္ဘာကျော်စာရေးဆရာအဖြစ်ကိုတော့ သူကွယ်လွန်ပြီးထုတ်ဝေတဲ့ 2666 ဝတ္ထုတိုထွက်ရှိချိန်မှ ရခဲ့တယ်လို့ ပြောရင်ရပါလိမ့်မယ်...။ (2666 ဝတ္ထုဟာ ကျန်းမာရေး ယိုယွင်းလာတာသိလို့ ကွယ်လွန်ပြီးနောက်ပိုင်း ကျန်ရစ်တဲ့ မိသားစုကို ရေရှည် အထောက်အပံ့ပေးနိုင်အောင် တစ်အုပ်ချင်းအနေနဲ့ ထုတ်ဝေပါဆိုပြီး အပ်ခဲ့တဲ့ ဝတ္ထုငါးပုဒ်ကို ထုတ်ဝေသူက စာအုပ်တစ်အုပ်ထဲပေါင်းပြီး ထုတ်ဝေခဲ့တာပါ...။ ပျက်စီးနေတဲ့ အသည်းကို အစားထိုးခွင့်ရဖို့ စောင့်ဆိုင်းနေတုန်း တန်းစီဇယားအရ ရှေ့မှာ နှစ်ယောက်ပဲ ကျန်တော့တဲ့ အချိန်မှာ ဘိုလာညိုကွယ်လွန်ခဲ့ပါတယ်...။ Reading is always more important than writing လို့ ပြောခဲ့ဖူးတဲ့ ဘိုလာညိုရဲ့ အရေးအသားတွေကို ဖတ်ရှု့ကြည့်ကြပါဦး....။

နှစ်အုပ်လုံးဖတ်ပြီးတဲ့အခါ တစ်ခုချင်းဆီ ဖတ်ရှုခြင်းအပေါ်ရတဲ့ ခံစားမှုရသတွေကို ပြန်လာရေးပေးပါဦးမယ်...။ 



__________________
Revolution will prevail
မိုးငွေ့


Tuesday, 26 April 2022

Hope (Black Version)


 


ကိုရီး(Y-Zet) ဗားရှင်းအသစ်နဲ့ပြန်ဆိုထားတဲ့ Hope (Black Version) မိုက်တယ်...။ မူရင်းသံစဉ်ကိုရော အခုအသစ်ကိုပါ ကြိုက်တယ်....။ အေးအေးငြိမ့်ငြိမ့် လွမ်းလွမ်းဆွေးဆွေး အရသာလေး.....။ ပြန်နားထောင်ချင်သူများအတွက် အရင် Original Version ကိုပါ ပြန်တင်ပေးလိုက်ပါတယ်....။ 






_______________________
Revolution will prevail
မိုးငွေ့


Sunday, 24 April 2022

ချစ်လိုက်.....





 🎵ရတယ်.... ချစ်လိုက်🎶 

လွန်ခဲ့တဲ့တစ်နှစ်ကျော်က "ချစ်လိုက်" Part 1 2 3 ဆိုပြီးတော့ ထက်ယံရဲ့ Official MV လေးကြည့်ဖူးခဲ့တယ်...။ အောင်ရဲလင်းနဲ့နေခြည်ဦး သရုပ်ဆောင်ထားတဲ့ ချစ်စရာကောင်းတဲ့ MV လေးပါပဲ....။ "ချစ်လိုက်" ကို ပြန်နားထောင်ဖြစ်လို့ ဒီမှာလာတင်ဖြစ်သွားတာပါ....။






____________________
Revolution will prevail 
မိုးငွေ့

Thursday, 21 April 2022

Wonder Woman.....

I Feel Like Every Woman is Wonder Woman

 

လူတွေဟာ အသက်ကြီးလာလေလေ သတ္တိနည်းလာလေလေပဲလို့ တချို့ပြောတာကြားဖူးတယ်....။ ကျမတော့မထင်ဘူး .... ကျမကကျတော့ အသက်ကြီးလာလေလေ သတ္တိပိုရှိလာလေဆိုတဲ့ လူစားမျိုးလို့ ထင်တယ်...။ ငယ်စဉ်ကာလက မလုပ်ရဲခဲ့တဲ့ ကိုယ်လုပ်ချင်ဖြစ်ချင်နေတဲ့အရာတွေကို ခုချိန်မှာလုပ်ဖြစ်သွားခဲ့တယ်...။ ဘောင်အပြင်ဖက်ရောက်အောင်သွားခဲ့တဲ့ ခံစားချက်က တကယ်ဘာနဲ့မှမတူဘူးပဲ...။ ဘောင်မရှိဘူးဆိုတာက စည်းကမ်းမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူး....။ အရာရာတိုင်း ဉာဏ်နဲ့ဆုံးဖြတ်ပြီးမှ လုပ်သင့်တယ်လို့ ဆုံးဖြတ်ပြီး လုပ်တာချည်းပဲ တခါတလေ ချွင်းချက်လေးတော့ရှိတာပေါ့....။ တစ်ခုခု ဆုံးဖြတ်ချက်မှားခဲ့ရင်လဲ ကျမကတော့ နောင်တမရှိဘူး....ကျမတကယ်လုပ်ချင်စိတ်ရှိလို့ လုပ်ခဲ့တာအတွက် ကြည်ဖြူစွာလက်ခံတတ်ဖို့ ကိုယ့်စိတ်ကို ကျင့်ခဲ့တယ်...။ ကျမပြောနေကျအတိုင်းပေါ့ စိတ်မပါရင် လေတောင်မချွန်ဘူးလို့....။ 

၂၀၂၂ မှာ ကျမတစ်သက်မှာမလုပ်ဖူးတဲ့ အလုပ်တွေလုပ်ဖြစ်ခဲ့တယ်....။ အသက်ရလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို စိတ်ချလုံခြုံစွာ ပိုင်ဆိုင်တယ်လို့ခံစားလာရတယ်....။ ဘာမဆို လုပ်ပိုင်ခွင့်အပြည့်အဝရှိတယ်လို့ ယုံကြည်မှုရှိလာတယ်....။ 

လောင်းရိပ်မိနေခဲ့တာ နှစ်ပေါင်းများစွာ.......
မလိုအပ်ဘဲ ပတ်ဝန်းကျင်ကို ဂရုစိုက်ခဲ့တာ နှစ်ပေါင်းများစွာ....... ဆိုတော့
တော်လောက်ပြီထင်ပါတယ်..... ဘယ်နှစ်နှစ်မှမကျန်တော့တဲ့ အသက်ရှင်နေထိုင်ဖို့သက်တမ်းတိုတိုလေးမှာ စိတ်ချမ်းသာစရာတွေနဲ့ပဲ အချိန်ကုန်ချင်တော့တယ် ပြီးတော့ပျော်ရွှင်မယ်လို့ထင်တဲ့အရာမှန်သမျှကိုလုပ်ဖို့ စဉ်းစားထားတယ်....။ 

အခုချိန်မှာ စိတ်ရော ကိုယ်ရောကျန်းမာကြံ့ခိုင်တဲ့ ကျမလိုပဲ မိန်းမတိုင်းကို Wonder Woman ဖြစ်စေချင်ပါတယ်....။



_______________________
Revolution will prevail
မိုးငွေ့


Sunday, 17 April 2022

ဓမ္မအထွေထွေမှတ်စုများ(၂၂).....

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....


 


“ဝဋ်ကြွေးရှိက ပြန်ဆပ်ရ”


သူတပါးအပေါ်ပြုလုပ်ထားတဲ့အကြွေးရှိရင် ပြန်ပေးဆပ်ရတတ်တဲ့သဘောရှိတယ်။

ဝဋ်ကြွေးရှိရင် ပြန်ဆပ်ရတယ်။


"ဝိပါတ်ကြမ္မာ၊ ခွင့်ကြုံလာက၊ သတ္တဝါများ၊ မဆိုထားနှင့်၊ ဘုရားသော်မှ၊ မလွတ်ရဘူး" တဲ့..။

ဘုရားရှင် အကြွေးပြန်ဆပ်ရတဲ့,ဝဋ်ပြန်ခံရတဲ့ ဝိပါက်တော်တွေကိုပြောပြမယ်။


ဘုရားရှင်၏ ဝိပါက်တော် ၁၂ ပါးပေါ့..

မြတ်စွာဘုရားတောင်  နုစဉ်အခါက မသိ မိုက်မှားသည့်အလျောက် ပြုခဲ့ပြောခဲ့သော အကုသိုလ်ကံများကြောင့် ပြန်လည်ခံစားရသည့် အကျိုးဝိပါက်ဆိုးကျိုးများမှာ ၁၂ ပါးရှိတယ်။


 (၁)ပထမ ဝိပါက်တော်

ကဿပဘုရားရှင်သည် တောထွက်ခါ ဒုက္ကရစရိယာကို (၆)ရက်ကျင့်ကြံကာ ဘုရားအဖြစ်သို့ရောက်တော်မူရာ ဂေါတမဘုရားလောင်း ဇောတိပါလအမည်ရှိ ဗေဒင်ကျမ်းတတ်ပုဏ္ဏားက “လောကီပညာတောင်နှစ်ပေါင်းများစွာ သင်ရသေးတာ ဗောဓိဥာဏ်ရဖို့ဆိုတာအင်မတန်ခဲယဉ်းလှပါဘိ။ ဒီဥာဏ်မျိုးရဖို့၆ရက်ထဲကျင့်ရသည်မှာ မဖြစ်နိုင် ငါသာဆို ၆ နှစ်တောင်ကျင့်ကြံနိုင်သည်”ဟု အထင်သေး စကား(မနောကံ ဝစီကံ)ဖြင့်ပြောဆိုမိခဲ့၍ ဥရုဝေလတောမှာ ဒုက္ကရစရိယာကို ၆နှစ်ကြာကျင့်ကြံခဲ့ရပါသည်။

(၂)ဒုတိယဝိပါက်တော်

ဗာရာဏသီပြည် ဝေဿဘူမြတ်စွာဘုရားလက်ထက် ဘုရားလောင်းသည် သူဆင်းရဲမျိုး၌ ဖြစ်ကာ နေ့ညသောက်စားမူးယစ်လျှက် ဆွမ်းခံရပ်နေသော ရှင်အာနန္ဒာ အမည်ရှိ ရဟန္တာမြတ်ကို “သပိတ်ပိုက်ပြီး လိုက်တောင်းစားနေတာပဲ ခြေလက်အင်္ဂါပြည့်စုံပါလျှက်လုပ်ကိုင်စားလိုစိတ်မရှိ အချောင်သက်သက်လူညွန့်ခူးစားနေတယ် ကိုယ်ကျင့်သီလမရှိပဲ ရှက်စရာသိပ်ကောင်းတယ်”ဟု စွပ်စွဲပြောဆိုခဲ့သဖြင့် ဘုရားအဖြစ်သို့ရောက်သောအခါ လာဘ်လာဘပါးရှားလာသောတတ္ထိဆရာကြီးတို့က တပည့်စိဉ္စမာဏကို ငွေအသပြာပေးကာကိုယ်ဝန်အတုပြုလုပ်၍ ဇေတဝန်ကျောင်းတော် ပရိသတ်အလည်တွင်စွပ်စွဲပြောဆိုခြင်းကို ခံရပါသည်။

(၃)တတိယဝိပါက်တော်

ဖုဿမြတ်စွာဘုရားလက်ထက်တွင် အလောင်းတော်သည် ‘မုဠာနိ’အမည်ရှိ အရက်သမားဖြစ်လေရာ‘သုရဘိ’ပစ္စေကဗုဒ္ဓါကို “ဒီပုဂ္ဂိုလ်ဟာ သူ့ကျောင်းထဲမှာမိန်းမတွေတရုန်းရုန်းနဲ့ပျော်ပါးနေပြီးဆွမ်းခံချိန်ကျမှသင်္ကန်းရုံ သပိတ်ပိုက်ပြီးဣနြေ္ဒကြီးနဲ့နေတဲ့အချောင်သမားဖြစ်သဖြင့် လှူတန်းစရာမလို”ဟု မဟုတ်မမှန်စွပ်စွဲကဲ့ရဲ့ ခဲ့သည်။ ဂေါတမဘုရားအဖြစ်ပွင့်သောအခါ လာဘ်လာဘနည်းသောတိတ္ထိများကစေခိုင်းမှု့ကြောင့် သုန္ဒရီအား ညနေပိုင်းလူအများ ဘုရားရှင်၏ကျောင်းတော်မှအပြန်ကျောင်းသို့လာဟန်ပြုစေ၏။ နံနက်အခါလူအများကျောင်းသို့လာစဉ် ကျောင်းမှပြန်လာဟန်ပြုစေ၍ လူအများအထင်မှားအောင် ပြုခဲ့သဖြင့် အသိပညာဥာဏ်နည်းပါးသူတို့၏ အကြည်ညိုပျက်စေရန် အပြုခံရသည်။

(၄)စတုတ္ထဝိပါက်တော်

တစ်ခုသောဘဝတွင် ဘုရားအလောင်တော်သည်စျာန်မရသော ရသေ့တစ်ပါးဖြစ်လေရာ သူ၏အနီးသို့စျာန်ပျံရသေ့ဆင်းသက်လာသည်ကို မနာလိုစိတ်ပြင်းထန်ကာ ပတ်ဝန်းကျင်ရှိလူများအား” ထိုရသေ့သည်စျာန်သာရ၍ အကျင့်ယုတ်မာသူဖြစ်၏ ထိုသူမျိုးကိုကိုးကွယ်လျှင်ဘာအကျိုးမှ မရနိုင်အပြစ်သာဖြစ်နိုင်သည်”ဟု မစ္ဆရိယစိတ်ဖြင့် လိမ်ညာပြောဆိုခဲ့သဖြင့် ဤဘဝတွင် တိတ္ထိတို့က သုန္ဒရီကိုသတ်မှု့အား စွပ်စွဲပြောဆိုခြင်းခံရလေသည်။ အချို့ပညာဥာဏ်နည်းပါးသူတို့၏အကြည်ညိုပျက်မှု့ကိုလည်းခံရသည်။

(၅)ပဉ္စမဝိပါက်တော်

နုစဉ်ဘဝက သူကြွယ်မျိုး၌ ဖြစ်ခဲ့ရာမိဘများဆုံးပါးသွားသောအခါ ညီငယ်အားအမွေပစ္စည်းများ မပေးလို၍ တောတွင်းသို့လှည့်ဖျားခေါ်ဆောင်ကာ ကျောက်တုံးဖြင့် အသေထုသတ်ခဲ့သည်။ ဘုရားလောင်းအကိုဖြစ်သူမှာ ထိုဘဝမှကွယ်လွန်သောအခါ ငရဲကျခံခဲ့ရပြီး လူ့ဘဝရောက်လျှင်လည်း သူတစ်ပါး၏ ကျောက်တုံးဖြင့်ထုသတ်ခြင်းကိုအမြဲခံရသည်။ ယခုဘုရားဖြစ်တော်မူသောအခါ ကိဇ္ဈကုဋ်တောင်ခြေတွင် ဆွမ်းခံကြွတော်မူစဉ် အရှင်ဒေဝဒတ်က ကျောက်မောင်းဆင်ကာ အသက်ကိုလုပ်ကြံခြင်းခံရလေသည်။ ကြီးမားသောကျောက်တုံးကြီးမှ လွတ်သော်ငြား ပဲ့ထွက်လာသောကျောက်လွှာချပ်က ဘုရားရှင်၏ ခြေမတော်ကို ထိမှန်ခဲ့သည်။

(၆)ဆဌမဝိပါက်တော်

ရှေးနုစဉ်ဘဝ၌ ကလေးသူငယ်အရွယ် ဆော့ကစားရင်း ပစ္စေကဗုဒ္ဓါအရှင် ဆွမ်းခံကြွလာသည်ကိုမြင်သောအခါ ကလေးဘဝအတွေးဖြင့် အနားသို့မလာအောင် ခဲဖြင့်ပစ်ပေါက်လိုက်ရာ ခြေမတော်ကိုထိမှန်၍ သွေးများယိုစီးထွက်လာ၏။ ထို့ကြောင့် ရှင်ဒေဝဒတ်လုပ်ကြံသဖြင့် ခြေမတော်တွင် ကျောက်လွှာထိမှန်ကာ သွေးစိမ်းတည်၍ ကိုက်ခဲနာကျင်ခြင်းဖြစ်စေခဲ့လေသည်။

(၇)သတ္တမဝိပါက်တော်

ရှေးဘဝက ပြည်ူ့ရှင်မင်း၏ ဆင်ဦးစီး(ဆင်ထိန်း)ဖြစ်ခဲ့ရာ ဆင်ကျောင်းရာမှ မြို့ထဲသို့ပြန်လာစဉ် ပစ္စေကဗုဒ္ဓါအရှင်တစ်ပါး ဆွမ်းခံကြွလာခိုက်နှင့် လမ်းတွင်ကြုံလေသည်။ လမ်းဖယ်ပေးဖို့ပြောရာ ကြွမြဲအတိုင်းကြွနေသဖြင့် ဒေါသဖြစ်ကာဆင်ကိုချွန်းဖြင့် တအားထိုးစိုက်ချလေ၏ထိုအခိုက်ပစ္စေကဗုဒ္ဓါအရှင်မြတ်က ကောင်းကင်သို့ပြန်တက်သွားရာ အပေါ်ရုံသင်္ကန်းမြေသို့ ကျကျန်ခဲ့လေသည်။ ဆင်လည်း ဒေါသထွက်ကာ ထိုသင်္ကန်းကိုစိစိညက်ညက်ကြေအောင် နင်းချေလေ၏။ ထို့ကြောင့်ယခုဘဝတွင် ရာဇဂြိုလ်မြို့တွင်း ဆွမ်းခံကြွလေရာ ရှင်ဒေဝဒတ်က အရက်ကိုးမောင်းမူးအောင်တ်ိုက်ထားသော နာဠာဂီရိဆင်ကြီးသည် ဘုရားရှင်ရှိရာသို့ပြေးလာရာ သားငယ်မိခင်တစ်ယောက်သည် ကလေးကိုချ၍ ထွက်ပြေးရာနောက်သို့ လိုက်လေသည်။ ထိုအခါဘုရားရှင်က ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူးစေပြီး မဟာဂရုဏာတော်ဖြင့်မေတ္တာပို့လွှတ်ရာ ပြေးနေရာမှ ဆင်ဆိုးကြီးအမူးပြေကာ ဘုရားရှင်ရှေ့တွင်ဒူးထောက်ဝပ်ချရှိခိုးလေသည်။

(၈)အဌမ ဝိပါက်တော်

အတိတ်ဘဝ ဘုရင်ဧကရာဇ်မင်းမြတ်ဖြစ်ခဲ့စဉ်ကမူးယစ်သောက်စားပျော်ပါးကာ လူစိတ်ကင်းမဲ့ပြီး သတိလက်လွတ်ဖြစ်ကာ အပြစ်မဲ့သောမင်းမှု့ထမ်းတစ်ဦးကိုဓါးဖြင့်ထိုးသတ်ခဲ့လေသည်။ ထို့ကြောင့်ကျောက်လွှာထိမှန်သော ခြေမတော်တွင် သွေးစိမ်းတည်ကာ သွေးပုပ်ပြည်ပုပ်တို့ကြောင့် ကိုက်ခဲနာကျင်မှု့ကို ပျောက်ကင်းအောင် သမားတော်ဇီဝက ကဓားဖြင့်ခွဲထုတ်ပေးခြင်းခံရလေသည်။

(၉)နဝမ ဝိပါက်တော်

နုစဉ်ဘဝ တံငါသည်မိသားစုတွင် ကေဝဋ် အမည်ရသူဖြစ်ခဲ့သည်။ မိဘဆွေမျိုးများက ဖမ်းဆီးရမိပြီးငါးများကိုပြန်ရောင်းရန် ခေါင်းကိုထုသတ်နေသည်ကို အနီးမှရပ်ကြည့်ကာ ဝမ်းသာအားရကြေနပ်နေခဲ့ဖူး၏။ ယင်းမနောကံဝဋ်ကြွေးကြောင့် ဘုရားဖြစ်သောအခါ ရံဖန်ရံခါ ခေါင်းတော် ကိုက်ခဲခြင်းဝေဒနာကို ခံစားရလေသည်။

(၁၀)ဒဿမ ဝိပါက်တော်

မထင်မရှားနုစဉ်ဘဝက ကဿပဘုရားရှင်၏တပည့်သာဝကများကို “သလေးဆန်ကောင်းကိုမစားကြနဲ့ မုယောဆန်ကြမ်းကိုသာစားကြ”ဟုအပြစ်တင်ပြောဆိုခဲ့ရာ ယခုဘဝတွင် ဝေရဉ္ဇာပြည်တွင် ရဟန်းတော် ၅၀၀ နှင့်အတူဝါဆိုတော်မူစဉ် မာရ်နတ်၏ဝင်ရောက်နှောင့်ယှက်မှု့ကြောင့် တိုင်းသူပြည်သားများဆွမ်းလောင်းရန်မေ့လျော့နေကြလေသည်။ ထိုအခါမြင်းကုန်သည်တို့က မြင်းကိုကျွေးသည့် မုယောဆွမ်းဖြင့်သာတစ်ဝါတွင်းလုံး ဘုန်းပေးသုံးဆောင်ခဲ့ရသည်။

(၁၁)ဧကဒဿမ ဝိပါက်တော်

ဗာရာဏသီပြည်တွင် ဝါမနအမည်ရှိ လက်ဝှေ့အကျော်အမော်တစ်ဦးဘဝတွင် သူ၏ပြိင်ဘက်များကိုအနိုင်ထိုးကာ ခါးရိုးကိုမြေဖြင့်ရိုက်ချိုးကာလဲကျအောင်သတ်ပုတ်ခဲ့သဖြင့် ဘုရားဖြစ်သောအခါ ရံံဖန်ရံခါ ခါးတော်ကိုက်ခဲခြင်းဝေဒနာကို အပြင်းအထန်ခံစားရလေသည်။

(၁၂)ဒွါဒဿမ ဝိပါက်တော်

ရှေးဘဝက ကျွမ်းကျင်သော ဆေးဆရာတစ်ဖြစ်ရာ ဘဝ၌ သူဌေးသားတစ်ဦးကိုဆေးကုသပေးခဲ့သည်။ ရောဂါပျောက်ကင်းသော်လည်း မပျောက်သေးဟုပိုက်ဆံမပေးလိုသဖြင့် လိမ်ညာပြောရာ ဆေးတစ်ခွက်စာကျန်သေးသည်ဟုဆိုကာ ပြင်းထန်သောဝမ်းနှုတ်ဆေးကိုတိုက်ကျွေးခဲ့ရာ သူဌေးသားလည်းဝမ်းအသွားလွန်၍သေဆုံးလေသည်။ ထို့ကြောင့် စုန္ဒဒကာ၏ဤဆွမ်းကိုဘုန်းပေးတော်မူပြီးနောက် ဝမ်းတော်လားလေရာ သမားတော်ဇီဝက ကဆေးတိုက်သော်လည်း ”ဇီဝက သင့်ဆေးတွေသောက်သော်လည်း အကျိုးမထူးတော့ပေ။ ရှေးဝိပါတ်ကြုံလာခဲ့ပေပြီ”ဟုတားမြစ်ကာ ပြန်လည် ခံစားရပေသည်။

ဘုရားရှင်တောင် ဒီလိုပြန်လည် ပေးဆပ်ရ ဝဋ်ပြန်ခံရသေးတယ်ဆိုရင် ဒို့များအဖို့တော့ ဆိုဘွယ်ရာ မရှိတော့ဘူး..။

အကုသိုလ်ကံ အကြွေးတွေ ဝဋ်ကြွေးတွေကို ကံနဲ့ဆပ်ရင် မပြတ်တော့ဘူး...မပြီးတော့ဘူး..ဥာဏ်နဲ့ဆပ်မှ ပြတ်မယ်..ဥာဏ်နဲ့ဖြတ်မှ ပြတ်မယ်..။

ကံတွေကို ဥာဏ်နဲ့ဖြတ်ကြပါသူတော်ကောင်းတို့..။


ဆရာတော် ဒေါက်တာအရှင်အဂ္ဂဇေယျ
မူရင်းရေးသားသူကို Credit ပေးပါသည်။


______________________
Revolution will prevail
မိုးငွေ့

Friday, 15 April 2022

အချစ်ပေးခဲ့သည်.....




 

JOOX မှာ မကြာသေးခင်ကမှ တင်လိုက်တဲ့ Born For You ရဲ့"အချစ်ပေးခဲ့သည်" Single Album လေးပါ....။ Piano နဲ့ Violin အဝင်လေးက လွမ်းစရာလေးပါ....။ ပိတ်ရက်ရှည်မှာ ထုံးစံအတိုင်း သီချင်းနားထောင်လိုက် စာဖတ်လိုက် ဇာတ်လမ်းတွဲတွေကြည့်လိုက်နဲ့ အရင်လို အစားအသောက်အထူးအဆန်းတွေ ချက်စားဖို့လည်း စိတ်မရှိတာနဲ့ ရှိတာပဲစားလိုက်တယ်....။ ကိုယ့်ကို စိတ်ခံစားမှုက အနိုင်ပိုင်းနေရာယူလိုက်တာပဲ....။

မာန်မာနဟာ လူနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို အကြီးမားဆုံး ဖျက်စီးပစ်နိုင်တဲ့ အဓိကလက်နက်တစ်ခုပဲဆိုတာ ဒီသီချင်းနားထောင်ရင်း လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်က ကိုယ့်ဘာသာ ဖျက်စီးခဲ့တဲ့ ချစ်ခြင်းတစ်ခုအတွက် နှမြောတသမိရင်း... 😢

JOOX Myanmar ဟာ လောလောဆယ် တစ်တိုင်းပြည်လုံးနီးပါး BC လုပ်ထားတဲ့ Entertainment Media တစ်ခုဖြစ်တယ်...။ အခုဆို အဆိုတော် အများစုဟာ သူတို့စာချုပ်သက်တမ်းစေ့ကုန်တာနဲ့ သူတို့သီချင်းကို JOOX မှာ မတင်ကြတော့ပါဘူး....။ ကိုယ်ကသာ ကပ်စေးကုတ်ပြီး အလကားရတဲ့ သီချင်းကို ရှာဖွေနားထောင်နေခဲ့တာ BC မလုပ်လို့ အပြစ်တင်ချင်လည်း လွတ်လပ်စွာ တင်နိုင်ပါ၏...။




_____________________
Revolution will prevail 
မိုးငွေ့


Tuesday, 12 April 2022

Dear Angel…..(6)




ချစ်သောအိန်ဂျယ်ရေ.......

ဒီလို လာခေါ်လို့ ကိုယ့်မှာမင်းကို ရင်ဖွင့်ဖို့ အကြောင်းတစ်ခုခုရှိပြီဆိုတာ ခြောက်ခုမြှောက်ပို့စ်မှာတော့ မင်းအလွတ်ရနေလောက်ပေါ့....။

ဟိုအရင်က  ကိုယ်တကယ် သတိမထားမိခဲ့ဘူး... ကိုယ်ဟာ ကိုယ်ခံစားပြီးရေးခဲ့တဲ့    စာတွေအပေါ် ဆတ်ဆတ်ထိမခံနိုင်တာ....ကိုယ့်အသည်းကို အပ်နဲ့လာပေါက်သလိုခံစားရတာ အဲဒါတွေကို သိလာရချိန်မှာ တော်တော်လေးတုန်လှုပ်မိသလို ပြင်းပြင်းပြပြလည်း ခံစားလိုက်ရတယ်....။ 

လွတ်လပ်စွာရေးသားပိုင်ခွင့်နဲ့ တားမြစ်ပိတ်ပင်မှုကို ကွဲပြားစွာ ကိုယ်သိရှိခံစားရတဲ့အခါ အရင်လို ချစ်စရာ ကြည်နူးစရာ အက်ဆေးတွေ... ရေးဖို့ကိုယ့်မှာ အားအင်တွေ စုပ်ယူခံလိုက်ရ သလိုပဲ.... ။ တစ်ချိန်က ဘလော့ဂါတစ်ယောက် ကိုယ့်ကိုအားပေးဖူးခဲ့တာ အမှတ်ရမိတယ် ဆရာမောင်သာရတို့လို အသက်ဘယ်လောက်ကြီးသွားလဲ အချစ်အနုအရွလေးတွေရေးလို့ ရပါသေးတယ်တဲ့....။ ကိုယ်တော့ အဲလိုအနုတွေရေးဖို့ အချိန်တွေ သက်တမ်း ကုန်ဆုံးသွားပြီ ထင်ပါရဲ့.....။

မင်းကို ပျော်စရာ ဝမ်းသာစရာတွေထက် စိတ်ဆင်းရဲစရာတွေပဲ လာပြောပြမိလို့ ကိုယ်တကယ်တောင်းပန်ပါတယ်...။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရင်ဖွင့်သံကိုနားထောင်ပေးတဲ့အတွက် ဒီစာကိုလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အိန်ဂျယ်....။


Still flying….
Still loving….


___________________
Revolution will prevail 
မိုးငွေ့