Tuesday, 13 February 2018

နွေဦး(၈).....





ဆောင်းမကုန်သေးပါဘဲ ဥဩဟာ စောစီးစွာတွန်မြည်ခဲံလေပြီ....


နွေဦးရောက်တော့မယ်ဆိုတာ ကြိုပြီးသတိပေးလိုက်သလိုပါပဲ... ဆောင်းအငွေ့အသက်တွေဆိုလို့ မနက်ခပ်စောစောမှာတခဏတာမြင်ရတဲ့ မြူငွေ့ခပ်ပါးပါး ဝါးဝါးတွေပဲရှိတော့တယ်...။


အားလုံးဟာ ဆက်စပ်နေကြတယ်... ဆောင်းအကုန် နွေအကူးလက္ခဏာတွေကိုမြင်ရရင် ဥသြတွန်သံကြားရရင် နေရောင်ပါးပါးမှာ လေပြေလေးတိုက်ခတ်ခဲ့ရင် သစ်ရွက်နုတွေပုရစ်ဖူးတွေမြင်ရရင် နွေဦးပေါက်တော့မယ်ဆိုတာပဲ ပြီးတော့ နွေဦးရဲ့ရှင်သခင် အိန်ဂျယ်ကို သတိရလွမ်းတရတာပါပဲ...။


နွေဦးဟာ အိန်ဂျယ့်ကို ကိုယ့်ဆီရောက်အောင် ခေါ်ဆောင်လာတဲ့ အထဲမှာ အဓိကဇာတ်ဆောင်နေရာက ပါတယ်....။


အိန်ဂျယ်ရေ.... ဒီပုံထဲကလို နေခြည်ရောင်တွေ လေပြေနုတွေ ငွေမှင်ရောင်တံမြက်စည်းပင်တွေဆိုတာ ကိုယ်တို့ရဲ့စာစုမှာ တဒေါင့်တနေရာကနေ ပံ့ပိုးအလှဆင်ပေးကြတဲ့ အရာတွေပဲမဟုတ်လား..။


နွေဦးမှာ ကမ်းခြေဟာ  သာယာလှပမြဲ သောင်ပြင်ပေါ်မှာလည်း လှိုင်းလုံးလေးတွေအပြေးလာရိုက်ပုတ်ဖို့ သူ့တာဝန်သူကျေဆဲပါပဲ...။ ဒီလိုပဲ ကိုယ်ဟာလည်း အိန်ဂျယ့်အတွက် နွေဦးကို ဖန်ဆင်းဆဲ အိန်ဂျယ့်ကို လွမ်းဆွတ်ဆဲပါပဲ...။


နွေဦးရောက်တိုင်း မင်းကိုယ့်ဆီကို အလည်တခေါက်တော့ ရောက်လာလိမ့်မယ်လို့ ကိုယ်မျှော်လင့်ပါတယ် အိန်ဂျယ်....။



မိုးငွေ့


Wednesday, 7 February 2018

တရံရောအခါက ဘလော့ဂါတွေ.....(၄)

  

ဒီတစ်ခါ ပြန်မိတ်ဆက်ပေးချင်တဲ့ Long Long ago ထဲက ဘလော့ဂါနောက်တစ်ယောက်ကတော့ ကဗျာသည် တစ်ယောက်ဖြစ်တဲ့ မိုးစက်အိမ် ပဲဖြစ်တယ်...။ ဘလော့ ခေတ်ဦးဖြစ်တဲ့ 2009 2010 လောက်က စခင်ခဲ့ကြတဲ့ ဘလော့ဂါတွေထဲက တစ်ယောက်ဖြစ်တဲ့ မိုးစက်အိမ်က ကဗျာအနုအရွလေးတွေကို ရေးစပ်တတ်တဲ့ ရုရှားမြေက စစ်သည်ကဗျာသည်တစ်ယောက်ပါ..။ အဲတုန်းက မိုးစက်အိမ်နဲ့ နာမည်ခပ်ဆင်ဆင် ညလင်းအိမ်လည်းတစ်ယောက်ရှိသေးတယ် သူကတော့ ဘလော့ပါပိတ်ထားလို့ ဒီမှာလင့်မချိပ်ပေးနိုင်တော့ပါဘူး ...။ တကယ်ဆို ဒီအပိုင်း(၄) မှာ ကျွန်မက မိုးစက်အိမ်နဲ့ ညလင်းအိမ်နှစ်ယောက်အကြောင်းရေးချင်တာ သူတို့ကနှစ်ယောက်စလုံးကဗျာဆရာတွေ ကဗျာရေးတဲ့အခါ သုံးနှုန်းတဲ့စကားလုံးတွေမှာ သူတို့နှစ်ယောက်က မတိမ်းမယိမ်းလေးတွေ ...။ သူတို့ကဗျာကိုဖတ်ရတာ စာထဲမှာဖတ်ဖူးတဲ့ ဧဒင်ဥယျာဉ်ထဲကို ရောက်သွားသလိုခံစားမှုမျိုးကိုရတယ်လို့ ကျွန်မတင်စားချင်ပါတယ်...။ မိုးစက်အိမ်ကဗျာတွေက စကားလုံးအသုံးအနှုန်းမထပ် ခံစားမှုရသတွေ ကွဲပြားပေးတယ်...။ သူ့ဘလော့လင့်လေးကို အပေါ်မှာ ချိပ်ပေးလိုက်ပါတယ် စိတ်ကြိုက် သွားဖတ်ကြည့်နိုင်ပါတယ်...။ မိုးစက်အိမ်ကဗျာတွေကို အမြည်းနှစ်ပုဒ်ပေးမယ်...  “မော်ဒန်အချစ်တိုင်ရတု” “ဆောင်းမှာပွင့်တဲ့ရွှေရုပ်လွှာ”...။ မိုးစက်အိမ်နဲ့ကျွန်မက အပြင်မှာ မဆုံဖူးခဲ့ပေမယ့်... ငယ်ပေါင်းတွေလိုပဲ ခင်မင်ကြပါတယ်..။ အဲဒီခေတ်က ဖဘကို တွင်တွင်ကျယ်ကျယ် သိပ်မသုံးကြသေးပေမယ့် ကျွန်မတို့ ဘလော့မောင်နှမတွေရဲ့ ပေါင်းကူးတံတာကတော့ G talk ပါပဲ...။ ဒါမှမဟုတ် ဘလော့စာမျက်နှာဘေးက စီဘောက်စ်မှာစကားပြောကြတယ်...။ မိုးစက်အိမ်နဲ့စကားပြောရင် ကျွန်မဆယ်တန်းအောင်တုန်းက အင်္ဂလိပ်စာသင်တန်းမှာ ရင်နှီးခဲ့တဲ့ ကျွန်မရဲ့ သူငယ်ချင်းလေး “လင်းနပ်စ်”ကို သွားသတိရမိတယ်...။ လင်းနပ်စ်က ကျွန်မထက် အသက် ငါးနှစ်ငယ်ပေမယ့် ကျွန်မနဲ့ဆို သူနဲ့ရွယ်တူလို နင်နဲ့ငါနဲ့ ရင်းရင်းနှီးနှီးပြောဆိုသုံးနှုန်းတတ်တယ်။ မိုးစက်အိမ်လည်း ကျွန်မနဲ့ G talk မှာစကားပြောရင် လေသံတွေ အသုံးအနှုန်းတွေကအစ လင်းနပ်စ်နဲ့တစ်ထပ်တည်း...။ သူတို့နှစ်ယောက်က အရပ်အမောင်းရှည်တာရော အပြောအဆိုရော တူကြတယ်...။ လင်းနပ်စ်အကြောင်းကို ကျွန်မ ဒီမှာ တစ်ခါရေးဖူးခဲ့ပါတယ်...။  အဲဒီတုန်းက ဘလော့ဂါကဗျာဆရာ ကဗျာဆရာမတွေ  ကျွန်မကို မိုးကြီးလို့ခေါ်ကြတယ်...။ မိုးစက်အိမ်လည်း ကျွန်မကို မိုးကြီးလို့ခေါ်တယ် သူကတော့ မိုးလေးပေါ့...။ ကျွန်မကို မိုးကြီးလို့ခေါ်တတ်ပြီး စကားလာလာပြောတဲ့ ကဗျာဆရာမ ဘလော့ဂါနောက်တစ်ယောက်ကတော့ အနှိုင်းမဲ့ ပါ...။ သူလေးလည်း ဘလော့ပိတ်သွားပါပြီ ...။ အဲဒီတုန်းက ဘလော့မောင်နှမတွေ စည်းစည်းရုံးရုံးနဲ့ ပို့စ်တွေမှန်မှန်တင်ကြ တဂ်တွေရေးကြ တစ်ယောက်အိမ်တစ်ယောက်လည်ပတ်ပြီး ကော်မန့်တွေပေးကြ တကယ်အပြင်မှာ မဆုံဖူးကြဘဲ ခင်မင်ရင်းနှ်ီးကြနဲ့ ပျော်စရာသိပ်ကောင်းခဲ့တယ်...။ မိုးစက်အိမ်ကိုတော့မြန်မာပြည် ပြန်ရောက်ပြီး ပြင်ဦးလွင်မှာ တာဝန်ထမ်းတဲ့အထိ ကျွန်မနဲ့အဆက်အသွယ်ရှိခဲ့သေးတယ်...။ ခုတော့ မဆုံဖြစ်တာ  ငါးနှစ်ကျော်လောက်ရှိပြီဆိုတော့ ကိုယေ်တာ်ချောလည်း အိမ်ထောင်တွေ ဘာတွေ ပြုရောပေါ့...။ ညလင်းအိမ်တော့ မင်္ဂလာဆောင်ဖိတ်သေးတယ် မသွားဖြစ်ခဲ့တာ ...။  ခုဆို သူလည်း မိသားစုနဲ့ ကလေးတွေနဲ့ အရုန်းရုန်းဖြစ်နေရောပေါ့...။


အဲဒီခေတ်က မိုးစက်အိမ်နဲ့ခေတ်ပြိုင် ဘလော့ဂါတွေကတော့ ညလင်းအိမ်(ညရဲ့ကောင်းကင်) ဏီလင်းညို အဖြူရောင်နတ်သမီး အနှိုင်းမဲ့ ဗညားရှိန်(လင်းခေတ်ဒီနို) ပျိုခေတ် နှင်းဆီနက်...။ အရင်တုန်းက ကျွန်မ၏ကဗျာစာအုပ်များဆိုပြီး Roll တစ်ခုတင်ဖြစ်ထားသေးတယ် နောက်တော့ အဲဒီကဗျာစာအုပ်တွေက အကုန်လင့်တွေပိတ်သွားကြတော့ ကျွန်မဖြုတ်ပစ်လိုက်တော့တာ..။ ဗညားရှိန်ဦးဆောင်ပြီး ကဗျာဆရာ ဆရာမ (၇)ယောက်ပါဝင်ထားတဲ့ “ကြယ်စင်တို့ရဲ့ရိုက်ခတ်သံ”ဆိုတဲ့ ဘလော့တစ်ခုလည်းရှိသေးတယ်...။ ကဗျာဆရာခုနှစ်ယောက်လုံးရဲ့လက်ရာတွေကို တလှည့်ဆီတင်ပေးတတ်ပါတယ် ခုတော့ ပိတ်သွားပါပြီ...။ ဒါကြောင့် ကျွန်မကို တခါက မွေးနေ့လက်ဆောင်ကဗျာရေးပေးခဲ့ဖူးတဲ့ သူတို့လက်ရာတချို့ကို အောက်မှာပြန်တင်ပေးလိုက်ပါတယ်..။ ကိုတူးလို့ခေါ်တဲ့ မောင်လေးညလင်းအိမ်ကတော့ ကျွန်မကို မွေးနေ့လက်ဆောင် ကဗျာ သုံးနှစ်ဆက်တိုက်ရေးပေးခဲ့ဖူးတယ်...။   အိန်ဂျယ်စာစုတွေ စရေးနေပြီဖြစ်တဲ့ 2011 2012 မှာတော့ ကဗျာတွေထဲမှာ မှတ်မှတ်ထင်ထင် အိန်ဂျယ်ကို အပါဖွဲ့သီပေးထားခဲ့တဲ့အတွက် ဒီနေရာကနေ ကျေးဇူးတင်မိပါတယ်...။


“မိုးငွေ့ ... ဆိုတာ ...”(2010)

ရာသီဖွဲ့ မိုးငွေ့တွေ
ဤကမ္ဘာကို ပတ်ဖြန်း
အရာရာလန်းစေဖို့
မွေးဖွားစေခဲ့တယ်ဆို လွန်မှာလား ...။

မိုးရည်ငွေ့တွေ ဖြစ်တည်မှ
မိုးဖြစ်လာရသလို ...။
မြစ် ပင်လယ်တွေ ပေါင်းဆုံမှ
သမုဒ္ဒရာ ဖြစ်လာရသလို ...။
စကားလုံးတွေနဲ့ ရေးသီမှ
ကဗျာ စာတွေ ဖြစ်လာရသလို ...။
အလှအပ တဝကြီးနဲ့
မိုးငွေ့ဘ၀ ဖြစ်လာရသည် ...။

မိုးငွေ့ဆိုတာ ...
တခဏချက်ချင်း ပျောက်သွားမယ့်
မိုးရည်ငွေ့ မဟုတ်ဘူး ...။
မာန် အပြည့်နဲ့
ဟန်တင့်တတ်တဲ့ သဏ္ဍာန်
တကယ့်စိတ်ရင်းမှန်နဲ့ ဆက်ဆံတတ်သူ ...။
စာပေကို မြတ်နိုး ကလောင်တစ်လုံးနဲ့
စီခြယ်ကုံးတတ်သူ ...။
စိတ်ကူးယဉ်ပေမယ့်
စိတ်မရူးတတ်ချင်သူ ...။
ကော်ဖီခါးခါးအကြိုက်နဲ့
ဖက်ရှင်တအားမိုက်သူပေါ့ ...။

ဒီလိုနဲ့ ...
မိုင်တိုင်သုံးငါး ကျော်လွန်သွားခဲ့တာ
သုံးလ တစ်ဆယ့် ခုနစ်
မွေးနေ့ ရက်တစ်နှစ်ကို ရောက်ခဲ့ပြန်ပြီ ...။
ခရစ် တစ်နှစ်ဟောင်းတိုင်း
ကိန်းဂဏန်းအသစ်ပြောင်းတတ်ပေမယ့်
မိုးငွေ့ကတော့
အသက်တစ်နှစ်ကြီးလေ
စိတ်တစ်နှစ် နုလေပဲ ...။

သူလျှောက်တဲ့လမ်း
ခရောင်းလမ်း ဖြစ်ချင် ဖြစ်ခဲ့မယ် ...။
သူဖောက်တဲ့လမ်း
တဇောက်ကန်းဖြစ်ချင် ဖြစ်ခဲ့မယ် ...။
ရှေ့ဆက်ဖို့ အတွက်ဆို
နောက်ပြန်လှည့်မကြည့်တတ်တာ သူ့ဘဝ
သူ သာဓကနဲ့သူ ...။
ဘယ်သူမှ မကူလည်း
စိတ်ကိုမာန်တင်း တွန်းလှန်ပစ်တတ်သူ ...။
သူ့ ရှေ့ဆက်မယ့် ရက်တွေအတွက်
အောင်မြင်မှုက လက်တကမ်းမှာ
မျှော်လင့်ချက် ရောင်ခြည်တွေက တစ်သက်လုံးစာ
သူ့ အတွက် ဖန်ဆင်းစေတော့မှာလေ...
ဒါကြောင့် ... မိုးငွေ့ ဆိုတာ ...။ (ညလင်းအိမ်@ညရဲ့ကောင်းကင်)


မိန်ရာသီ၏အိန်ဂျယ်....(2011)




နှင်းစက်မြူခိုးတွေအဆုံး
ဆောင်းအကုန်နွေအကူးမှာ
ရာသီစက်ဝန်း ဆယ့်နှစ်ခုမြောက်
မိန်ရာသီ ကာလတစ်ခု ပေါက်ခဲ့ပြီပေါ့ ။

ဒီအချိန်ဆို ကောင်းကင်ပြင်
ရာသီခွင်၌ ငါးနှစ်ကောင်
နက္ခတ်တို့ ပျော်မြူး
အိန်ဂျယ်လ်ဆီ
အခေါ်ထူးကြပေလိမ့်မည်။

လေရူးတသုန်သုန်မို့
နွေဦးကို အကြိုထောက်တယ် ထင်ပါ့
စံပယ်ရုံ သင်းရနံ့တွေနဲ့တင်
ရက်တွေတိုင်းက မွေးပျံ့လှတယ်။

ကြယ်တို့ဧ။် စီးဆင်းခြင်းမျိုး
မြစ်တို့ဧ။် လွင့်မျောမှုမျိုးနှင့်
အိန်ဂျယ်တို့ ဖြစ်ထွန်းရာ
ဤကမ္ဘာမြေဟာလည်း
ချစ်သင်္ကေတတို့ ထုံမွှမ်း
သစ္စာတွေ စုရုံးခဲ့ကြပြီ။

ကဗျာလို နူးညံ့ခြင်းမျိုး
လေပြေလို သန့်စင်ခြင်းမျိုးနှင့်
ရှင်သန်ရာ သူတို့ဧ။်
ရာဇဝင်သည်လည်း လင်းမြနေခဲ့ပြီ။

ဖြတ်သန်းခဲ့ရာ
မိုင်တိုင်တိုင်း
သူတို့ ခရီးပေါက်မှုကို ပြသခဲ့ပြီ။
လျှောက်လှမ်းရာ
ရောင်နီတိုင်းသည်လည်း
အားအင် ပြည့်စွာ
ရုန်းကြွနေလိမ့်မည်။

ဤသို့ဆိုလျှင်
ယနေ့၌ ကျရောက်သော
မွေးနေ့မှစ၍
နောင် နှစ်ပေါင်းများစွာတိုင်
ဆောင်ယူရာ
သတင်းတိုင်း
လေပြေလို အေးလို့
ပန်းခိုင်လို မွှေးလို့
ရေကြည်လို အေးမြပါစေသား ...။ ( ညလင်းအိမ် )

မိုးငွေ့....သို့ (2012)





မိုးငွေ့တစ်စက်ရဲ့ ရာဇဝင်တဲ့
ကောင်းကင်ကြီးက ဖွဲ့သီတယ်
သူ့ အကြောင်းက လှလို့
ငှက်ကလေးတွေတောင် တေးဆိုကြတယ် ...။

အဲ့ဒီနေ့ ...
မိန်ရာသီစက်ဝန်း အစွန်းမှာ
တောင်တန်းပြာက တရစ်
မိုးပြာထစ်ထစ်တွေ
ဆောင်းအကုန်နွေအကူး
အလှစုံ အထူးတွေနှင့်
နှစ်သစ်ကို သယ်ယူလာကြတယ် ...။

အဲ့ဒီ အချိန် ...
အိနိဂျယ်လိုပါပဲ
တိမ်တွေထဲ ဝဲ
နွေဦးကျဲကျဲမှာ
မိုးငွေ့ တစ်စက်က
အနာဂတ်ကို ဖွင့်လှစ်လိုက်တယ် ...။

အဲ့ဒီလိုနဲ့ ...
ဟိုး ... အရှေ့မှာ လေပြင်းတွေ
ပင်လယ်နဲ့ တောင်တန်းများ သက်သေတည်လို့
မိုးငွေ့ စီးဆင်းရာ လမ်းကြောင်း
ဖြောင့်ဖြူးခြင်း များစွာဖြင့်သာ ...။


အမှတ်တရဖြင့်
ညလင်းအိမ် 


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


နွေဦးပန်း......




အဲ့ဒီနေ့...၊ ည...၊ မနက်တွေမှာ....

တန်ခူးလရဲ့ လေပြေတွေ...

ညင်းသွဲ့သွဲ့တိုက်ခတ်နေခဲ့ကြလိမ့်မယ်....။

နွေဦးမှာတိုက်ခတ်တဲ့လေပေမယ့်....

လေရူးတော့ မဟုတ်ခဲ့လေဘူး....။


တစ်ခါတစ်ရံဆို...

နွေဦးရဲ့ ရွက်ကြွေတချို့တောင်....

လေစီးကြောင်းထဲ လိုက်ပါဆော့ကစားလို့....။


ဥသြငှက်ငယ်လေးတွေ...

နွေဦးတေးသံသာ သီကျူးဆဲခဏ...

လောကကို အလှဆင်မယ့် နွေဦးပန်းလေးတစ်ပွင့်.....

မတ် (၁၇) ရက်မြတ်အမွန်မှာ....

ကမ္ဘာမြေပြင်ထက် ဖူးပွင့်ခဲ့လေတော့တယ်....။


နွေဦးမှာပွင့်ခဲ့တဲ့ပန်းမို့....

ပူလောင်ခြင်းတွေကိုမမှုပဲ...

ညှိုးနွမ်း ဆိတ်သုန်းမသွားရသေးခင်အချိန်အထိတော့....

တင့်ဆန်းစွာ ပွင့်လန်းဖြာရင်း....

သူ....

ပတ်ဝန်းကျင်ကို စိုပြေလှပနေခဲ့စေမှာ....

အသေအချာ.......။ (ဏီလင်းညို)




မိုးငွေ့




Friday, 2 February 2018

တစ်ရံရောအခါက ဘလော့ဂါတွေ.....(၃)





“မမဝသုန်နှင့် အပြာရောင်တောင်တန်းများ” ရဲ့ပိုင်ရှင် မမဝသုန်ဆိုတာ ကျွန်မနဲ့ မနေ့တနေ့က သိကြခင်ကြတဲ့ သာမန်ဘလော့ဂါတစ်ယောက်မဟုတ်ပါဘူး...။ ကျွန်မဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ စောင့်နေချိန်တုန်းက အင်္ဂလိပ်စာသင်တန်းမှာဆုံပြီး ညီအစ်မတွေလို ခင်မင်ရင်းနှီးခဲ့ရတဲ့ သူတစ်ယောက်ပါ...။ နောက်တော့ မမဝသုန် အင်္ဂလန်ကိုထွက်သွားကတည်းက ကျွန်မတို့မဆုံဖြစ်ကြတော့ဘူး...။ မမဝသုန်ဆိုတာ ဘက်စုံတော်တဲ့ မိန်းကလေးတစ်ယောက် ကဗျာအရေးကောင်း စာအရေးကောင်းတဲ့အပြင် တခြားအနုပညာတွေဖြစ်တဲ့ ဂီတာ စန္ဒယား တယော ပန်းချီဆွဲမှာလည်းအစုံရတဲ့သူတစ်ယောက်...။ ဖက်ရှင်ဒီဇိုင်နာတစ်ယောက် မိတ်ကပ်လည်းလိမ်းခြယ် တတ်သေးတာ...။ မှတ်မှတ်ရရ ကျွန်မကို မမဝသုန် မိတ်ကပ်သင်တန်းပြီးတုန်းကလား တစ်ခါ မိတ်ကပ်အစမ်းလာပြင်ပေးဖူးသေးတယ်...။ နောက် B&W ကိုစထောင်ပြီး အပ်ထည်တွေချုပ်လုပ် လက်ခံခဲ့တယ်...။ B&W Brand နဲ့လည်း မိန်းကလေးအကြိုက် အင်္ကျီလေးတွေ ထုတ်လုပ်ဖြန့်ချီရောင်းချခဲ့သေးတယ်...။ ကျွန်မတို့နှစ်တော်တော်ကြာဝေးသွားကြပြီးမှ ဖဘမှာပြန်ဆုံခဲ့တယ်...။ ကျွန်မတို့နှစ်ယောက်က ကော်ဖီကြိုက်တာချင်းတူကြတယ်...။ ပြန်ဆုံဖြစ်ကြတော့လည်း Blue Mountain ဆိုတဲ့ အပြာရောင်တောင်တန်း ကော်ဖီဇာတ်လမ်းလေးနဲ့ပါ..။ မမဝသုန်ရေးတဲ့ ဝတ္ထုတွေထဲမှာ ကျွန်မရဲ့ ဖေးဘရိတ်က “အပြာရောင်တောင်တန်းများသို့လွမ်းချင်း” ဝတ္ထုရှည်လေးပါ...။ ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းလွန်းတဲ့ ဝတ္ထုလေးတစ်ပုဒ်လည်းဖြစ်တယ်...။  2012 August လောက်က ထွက်ခဲ့ဖူးတဲ့ ကော်ဖီနဲ့ပတ်သက်တဲ့ ဂရိတ်စာရေးဆရာတွေရဲ့ အက်ဆေးလေးတွေ ဝတ္ထုတိုလေးတွေစုစည်းထားတဲ့ “ကော်ဖီရနံ့” ဆိုတဲ့ စာအုပ်လေးထဲမှာ မမဝသုန်ရဲ့ အပြာရောင်တောင်တန်းများသို့လွမ်းချင်း ပါခဲ့ဖူးတယ်...။ ကျွန်မ အဲစာအုပ်လေး လက်ဆောင်ရလိုက်သေးတယ်...။ အဲဒီတုန်းက နိုင်ငံခြားကနေ အလည်ပြန်လာခဲ့ကြတဲ့ ဘလော့ဂါ မောင်နှမတွေကို လက်ဆောင်ပေးဖို့ ကျွန်မ “ကော်ဖီရနံ့” ကို လေးငါးအုပ်လောက်ဝယ်ထားခဲ့ဖူးတယ်...။ အဲတုန်းက ညီရဲသစ်တို့ ကိုညိမ်းနိုင်တို့ အဲစာအုပ်လက်ဆောင် ရလိုက်သေးတယ်...။ ပြီးတော့ မမဝသုန်ကို အလျှိုလျှို စာအုပ်လေးမှာ လက်မှတ်ထိုးခိုင်းကြသေးတာ...။ စာပေနဲ့ပတ်သက်ပြီး မမဝသုန်က ကလေးကဗျာလေးတွေ ရေးတဲ့နေရာမှာ တကယ်ဆရာကျပါတယ်...။ ကလေးကဗျာလေးတွေနဲ့လည်း လူသိများတဲ့ စာရေးဆရာမတစ်ယောက်ပါ...။ ချစ်စရာကောင်းလွန်းတဲ့ မမဝသုန်ရဲ့ ကလေးကဗျာလေးတွေကို ဒီမှာ သွားဖတ်ကြည့်လို့ရပါတယ်...။ အို...ဒါတင်ဘယ်ကဦးမလဲ... အဖက်ဖက်မှာတော်တဲ့အပြင် လူကလည်း မြန်မာဆန် မဟာဆန်ပြီးလှပချောမောသူ..။ လက်မှုပညာလည်း ကျွမ်းကျင်သူ...။ မမဝသုန်ဟာ ကျွန်မအမြဲအားကျရတဲ့ Idol တစ်ယောက်လည်းဖြစ်တယ်...။ သူသည်လည်း အများနည်းတူ ဘလော့လောကကို စွန့်ခွာခဲ့တာ နှစ်ချီနေလေပြီ...။ အဆင်ပြေရင် စာတွေထပ်ရေးစေချင်တယ် ပို့စ်အသစ်တွေထပ်တင်စေချင်ပါတယ်လို့ ဒီကနေတောင်းဆိုပါရစေ...။



 





ကျွန်မ ဘလော့ဂါနောက်တစ်ယောက်အကြောင်းလေးထပ်ပြောပြချင်သေးတယ်...။ သူကတော့ 2013 ခုနှစ်ကတည်းက ပို့စ်တွေမတင်တော့ဘဲ ပျောက်ချက်ကောင်းနေသူဘလော့ဂါထဲက တစ်ယောက် အပါအဝင်ပါ...။ သူကတော့ “Mon Petit Avrata ပဲဖြစ်ပါတယ်...။ ဒီအစ်မကိုတော့ ကျွန်မ အပြင်မှာမတွေ့ဖူးပါဘူး...။ ကျွန်မ မသက်ဝေတို့ကတဆင့် သိခဲ့ရတဲ့သူပါ...။ ကျွန်မရဲ့ Top Ten ဘလော့ဂါ  List ထဲမှာပါတဲ့ ကျွန်မရဲ့ ဖေးဘရိတ်ဘလော့ဂါတစ်ယောက်လည်းဖြစ်တယ်...။ မွန့်ဘလော့ကိုကြိုက်တာ မွန်ရဲ့ Simple ဖြစ်ပြီး အင်္ဂလိပ်အရေးအသားကောင်းတာလည်းပါတယ် ...။ လူတိုင်းအလွယ်တကူ နားလည်နိုင်တဲ့ မွန့်အရေးအသားနဲ့ ခရီးသွားပို့စ်တွေကို ကျွန်မသိပ်ကြိုက်ခဲ့တယ်...။ မွန်ရဲ့ ကြည်လင်ပြတ်သားလှတဲ့ ဓါတ်ပုံရိုက်ချက်လေးတွေ ရုပ်ရှင် Review လေးတွေ ကိုယ်မမြင်ဖူး မစားဖူးသေးတဲ့ အစားအသောက်ပုံတွေက မွန့်ဘလော့ရဲ့ ထင်ရှားတဲ့ အမှတ်အသားတွေပါပဲ...။ ပို့စ်တွေကို အင်္ဂလိုပဲရေးတော့ ကမ္ဘာတစ်ဝှမ်းကလူတွေ ဝင်ဖတ်လို့လည်းအဆင်ပြေတယ်...။ အင်တာနေရှင်နယ် ဘလော့တစ်ခုဖြစ်တယ်...။ မွန် ရေးခဲ့သမျှ label ထဲကိုသွားရှာဖတ်ကြည့်ပါ မွန်ခရီးသွားခဲ့တဲ့ နိုင်ငံတော်တော်များများရဲ့ ခရီးသွားပို့စ်တွေ ပုံတွေကိုမြင်ရမှာပါ...။ I miss you Mon... ဖြစ်နိုင်ရင် ပို့စ်အသစ်လေးတွေတင်ပါဦးလို့... ဘလော့ကိုတော့အပြီးစွန့်ခွာမသွားပါနဲ့ မအားရင်တောင် ကြာကြာတစ်ခေါက်လောက်တော့ ပို့စ်လေးတက်ပေးပါလို့ တောင်းဆိုပါတယ်...:)


မိုးငွေ့


Monday, 29 January 2018

တရံရောအခါက ဘလော့ဂါတွေ.....(၂)



2010 2011 ဝန်းကျင်တုန်းက ဘလော့ဂါတွေ စည်စည်ကားကားနဲ့ လက်သွက်သွက် ပို့စ်တွေတင်နေတဲ့အချိန် အဲချိန်တွေကို သိပ်လွမ်းမိတယ်...။ ကျွန်မက အဲတုန်းက အက်ဆေးလေးတွေကို စရေးခါစလေး... ကျွန်မအက်ဆေးလှလှတွေရေးတတ်လာတာ မသက်ဝေတို့ မချစ်(ချစ်ကြည်အေး)တို့ ကျေးဇူးမကင်းဘူး...။ အစ်မတွေရဲ့ဘလော့က ကျွန်မရဲ့ ဖေးဘရိတ်...။ အထူးသဖြင့် မသက်ဝေရဲ့ အက်ဆေးတော်တော်များများကို စွဲစွဲလန်းလန်းဖတ်ခဲ့ဖူးတယ် အရမ်းလည်းနှစ်သက်ခဲ့ရတယ် ခုချိန်ထိလည်း ပြန်သွားဖတ်တိုင်း အသစ်လိုခံစားမိတုန်းပဲ...။ မသက်ဝေရဲ့ “လေပြေအလာ” အက်ဆေးလေးကို ကျွန်မသိပ်ကြိုက်ခဲ့တာ...။ အဲဒီအက်ဆေးလေးကိုဖတ်ရင်း ပဝါပါးလေးတစ်ထည်ရဲ့ လေအလွင့်နောက်ကို ကိုယ့်စိတ်ဝိညဉ်တွေကပ်ပါသွားသလား အဲလောက်ထိ စွဲလန်းနှစ်သက်ခဲ့ရဖူးတယ်...။ အစ်မရဲ့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အရေးအသားတွေကို သိပ်သဘောကျတယ်...။ သူ့စာတွေ များများဖတ်ပြီး ကျွန်မ အက်ဆေးတော်တော်များများကို ရေးနိုင်ခဲ့တယ်...။ ဒါကြောင့် အစ်မသက်ဝေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်...။ ကျွန်မသိပ်ကြိုက်ခဲ့ရတဲ့ အစ်မရဲ့ စာတွေကတော့ “ကျွန်မ၏ညနေ” “ညနေခင်းစကားဝိုင်း” “မျက်ဝန်းညို” “ရှယ်ရီရဲ့မွေးနေ့” “နှောင်ကြိုးမဲ့စွာ” “ယု” “ကျွန်မ၏ကမ္ဘာ” “ချစ်သူဖတ်ဖို့စာ” .....။ ခေါင်းစဉ်တွေရေးပြရမယ်ဆိုအများကြီးပဲ အစ်မသက်ဝေရဲ့ ဘလော့မှာ စိတ်ကြိုက် သွားမွှေပြီး ရှာဖတ်နိုင်ပါတယ်..။  အစ်မနဲ့က အပြင်မှာတစ်ခါမှ မဆုံဖူးပေမယ့် အစ်မပေးခဲ့တဲ့ လက်ဆောင်တွေကိုတော့ ရခဲ့ဖူးတယ်...။ မှတ်မှတ်ရရ ချယ်ရီရောင် Clinic နှုတ်ခမ်းဆိုးဆေး နဲ့ ဖန်စီလက်ကောက်ကလေးတစ်ခု...။ အဲတုန်းက တဂ်ပို့စ်တွေ တော်တော်များများ အစ်မသက်ဝေစလုပ်တာများတယ်...။ ဆရာမမေငြိမ်းရဲ့ စာအုပ်ဖြစ်တဲ့ “အချစ်အကြောင်းပြောရအောင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မသက်ဝေက ဒီပို့စ်မှာ စပြီးတဂ်ဖူးခဲ့တယ်.. ..။ အစ်မကိုယ်တိုင်ရေးတဲ့ “အချစ်အကြောင်းရေးရအောင်” ကို ကျန်တဲ့ ဘလော့ဂါတွေကိုပါ တန်းစီပြီးတဂ်လာတဲ့အထဲ ပါဝင်ခဲ့ရလို့ ကျွန်မလည်း ဒီနေရာမှာ ရေးခဲ့ဖူးပါတယ်...။ တဂ်ပို့စ်ရေးရတာ ကျွန်မတို့ ငယ်ငယ် ကျောင်းတက်တုန်းက စာစီစာကုံးတစ်ပုဒ်ရေးရသလိုပါပဲ ဆရာဆရာမတွေ ချပေးတဲ့ ခေါင်းစဉ်ကို ကိုယ့်စိတ်ကူး ကိုယ့်အိုင်ဒီယာနဲ့ ခေါင်းစဉ်တူပြီး အရေးအသားကွဲပြားသွားတာပါပဲ...။ အဲတုန်းက မသက်ဝေတို့နဲ့ တဂ်ပို့စ်တွေ တပျော်တပါး ရေးကြရတာကို လွမ်းတယ်...။ ယောကျာ်းဆန်ပြီး ဓါတ်ပုံရိုက်ကောင်းတဲ့ ချစ်စရာသားကလေး တစ်ယောက်နဲ့ လက်တွဲဖော်အစ်ကိုကြီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အရပ်ရှည်ရည် ဆံပင်ရှည်ရှည်နဲ့ မသက်ဝေကိုလည်း လွမ်းတယ်...:)



ချစ်ကြည်အေးရဲ့ ချစ်ကြည်လေးစာအုပ်မိတ်ဆက်ပွဲတုန်းက


နောက်တစ်ယောက်က မချစ်(ချစ်ကြည်အေး)... ဒီအစ်မနဲ့တော့ အပြင်မှာ ခဏခဏဆုံဖူးတယ်...။ အပြင်မှာဆုံလို့ ဓါတ်ပုံတွဲရိုက်တိုင်းလည်း ကော်မန့်မှာ ညီအစ်မတွေလားလို့ မေးခံရဖူးတယ်..။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မအားကျလေးစားရတဲ့ အစ်မနှစ်ယောက်(မသက်ဝေနဲ့မချစ်)ကလည်း အပြင်မှာ ဟိုး သူငယ်တန်းကနေ ဆယ်တန်းထိ ငယ်သူငယ်ချင်းတွေ...။ မချစ်ကလည်းစာရေးကောင်းတယ် ဇဝနဉာဏ်ရွှင်တယ်...။ အစ်မရဲ့ ခရီးသွားပို့စ်တွေ ဝတ္ထုတိုတွေကို သိပ်ကြိုက်တယ်...။ ဓါတ်ပုံလည်း အရိုက်ကောင်းတယ်...။  “ချစ်သူတို့ရဲ့ တိမ်ပြာပြာနေ့တစ်နေ့” မှာ အစ်မရဲ့ ရိုက်ချက်တွေမြင်ရမှာပါ...။ ဒါက အစ်မရဲ့ ဟင်းချက်လက်ရာ...။ အစ်မက ခရီးသွားပို့စ်တွေ အရေးများတယ်..။ ခရီးလည်းတော်တော် သွားခဲ့တယ် ကျွန်မလိုပဲ...။ ဒါမယ့် ကျွန်မကတော့ အစ်မရဲ့ ခြေရာကိုမမှီ...။ အစ်မရဲ့ “အစားအသောက်မီးလိုတောက်” “ကျွန်မရဲ့ ရိုက်ချက်များ” “ခရီးသွားခြင်း” တို့အပြင် ခံစားမှုရသ ဝတ္ထု လည်းအရေးကောင်းသူပါ...။ ဒါတင်မက အစ်မချစ်က သီချင်းဆိုလည်း ကောင်းသေးတယ်ရှင့်..။ အစ်မကိုယ်တိုင်တီးဆိုတာတွေကို ဒီမှာ သွားကြည့်နိုင်ပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ဘလော့တစ်ခေတ်ဆန်းထခဲ့တဲ့ အချိန်တွေကို သိပ်လွမ်းမိတယ်...။ အစ်ကိုကြီးကိုပန်းသီးဆိုတဲ့ သဘောမနှောကောင်းလွန်းတဲ့ လက်တွဲဖော်ကိုပိုင်ဆိုင်ထားတဲ့ CKA ကိုလည်းလွမ်းတယ်...။

အပိုင်း(၃)လေးလည်းရေးဦးမယ် မျှော်နော်...:)



မိုးငွေ့


Saturday, 20 January 2018

တရံရောအခါက ဘလော့ဂါတွေ.....(၁)


ကိုညိမ်းနိုင်ဆီကရခဲ့ဖူးတဲ့ ကော်ဖီခွက်လက်ဆောင်



ပြီးခဲ့တဲ့ ဒီဇင်ဘာတစ်လလုံး ပိတ်ရက်တွေက သုံးရက်ဆက်တွေချည်းပဲ သူများတွေ ခရီးသွားပေမယ့် ကျွန်မကတော့ ခရီးတော့မသွားနိုင်တော့ဘူး...။ ဒီတစ်နှစ်လုံးမှာပဲ ခရီးကများနေပြီလေ....။ နောက်နှစ်အတွက် ချန်ထားမယ်လို့ တေးထားရင်း ပိတ်ရက်တွေမှာ စာဖတ်ဖြစ်တယ်..။ ဘာစာအုပ်တွေလဲဆို အရင်ဝယ်ထားတဲ့ စာအုပ်တွေကိုမဖတ်ဖြစ်သေးဘဲ စာအုပ်ဗီဒိုထဲ သိမ်းသော့ခတ်ထား...။ ခုလောလောလတ်လတ် နောက်ဆုံးဝယ်ဖြစ်တဲ့ မယ့်ကိုးနဲ့ ဂျာနယ်ကျော်မမလေး ဖတ်ဖြစ်တယ်...။ အဲနှစ်အုပ်က ပါးပါးလေးပေမယ့် နှစ်ရက်လောက်ဖတ်ယူရတယ်...။ အဲစာအုပ်တွေ အကြောင်းတော့ နောက်မှ သပ်သပ်လာပြောပြမယ်...။ နောက်ဆုံးပိတ်ရက်ကိုတော့ အေးအေးလူလူ သီချင်းလေး နားထောင်ရင်း 2011 ကစပြီး တင်ဖြစ်ခဲ့တဲ့ မိုးငွေ့နှင့်အတူ ဘလော့က စာတွေကို ပြန်ဖတ်တယ်..။ ကော်မန့်တွေပြန်ဖတ်ရင်း အဲဒီတုန်းက အချိန်တွေကို ပြန်လွမ်းတမိသွားတယ်...။ အဲမှာ ကော်မန့်တွေလာလာရေးတဲ့အထဲမှာ ကျွန်မရဲ့ အိန်ဂျယ်စာစုတွေကို ထိပ်ဆုံးကနေ အမြဲအားပေးတတ်တဲ့ ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့နားခိုရာ) ရဲ့ ကော်မန့်တွေကိုပြန်ဖတ်မိရင်း သူ့ဘလော့ကို သွားလည်ဖြစ်တယ်..။ ကျွန်မသူ့ဘလော့ကိုသွားလည်တိုင်းလည်း ကျွန်မအကြိုက်ဆုံးပို့စ်တစ်ပုဒ်ဖြစ်တဲ့ “ကြည်စင်ကောင်းကင်၌ တည်သောပန်းနုရောင်မိုးတိမ်” ကိုအရင်ဦးဆုံးပြန်ဖတ်ဖြစ်တယ်...။ အကြိမ်ရေဘယ်နှစ်ခေါက်မှန်းမသိဖတ်ဖြစ်နေတဲ့ ကိုညိမ်းနိုင်ရေးတဲ့ ခံစားမှုဝတ္ထုလေးက ကျွန်မရဲ့ ဖေးဘရိတ်ဆိုပါတော့...။ အဲဒီတုန်းက သူ့ဘလော့မှာ ကောင်းကင် ကောင်းကင်ဆိုပြီး ဟိုးလေးတကြော်ကြော်ဖြစ်တဲ့အချိန် ကျွန်မရဲ့ ဘလော့မှာက အိန်ဂျယ် နေရာယူနေတဲ့အချိန်...။ တနေ့သူနဲ့စကားပြောဖြစ်ရင်းက သူ့ရဲ့ ကောင်းကင်နဲ့ အိန်ဂျယ်ကို ဇာတ်လမ်းလေးတစ်ပုဒ်လောက် ရေးချင်တယ်လို့ ပြောလာခဲ့တယ်...။ ဟား မိုက်တယ်ပေါ့... ကျွန်မ အရမ်းကို ခရေဇီဖြစ်နေတဲ့ သူ့ရဲ့ဇာတ်ကောင် ကောင်းကင်ဆိုတဲ့ တင်ပါးလုံးကျစ်ကျစ်နဲ့ ကောင်မလေးနဲ့ ကျွန်မရဲ့ အိန်ဂျယ်နဲ့ သူဘယ်လိုများဇာတ်လမ်းဆင်မလဲလို့ စိတ်ဝင်စားမိသွားခဲ့တယ်..။ ဒီလိုနဲ့ သူရေးမယ်လို့ ပုံပြင်တွေပြောပြီး အတော်ကြာတဲ့အချိန်တစ်ခုအထိ ပို့စ်က တက်မလာခဲ့ဘူး...။ ကျွန်မလည်း သူနဲ့တွေ့တိုင်း  အိန်ဂျယ်နဲ့ကောင်းကင်ဇာတ်လမ်း မရေးသေးဘူးလားလို့ ဂျီကျနေကျ...။ ဒါနဲ့ 2013 မတ်လ 13ရက်နေ့မှာ “အိန်ဂျယ်အလင်း မြတ်နိုးခြင်းကောင်းကင် ယုံကြည်စွာတည်အပ်သောချစ်ခြင်းများ” ဆိုတဲ့ ပို့စ်လေး တက်လာခဲ့တယ်...။ ကျွန်မမျှော်လင့်ထားသလို ကိုညိမ်းနိုင်က အိန်ဂျယ်နဲ့သူ့ကောင်းကင်ကိုဆုံပေးပြီး ဇာတ်ဖွဲ့မထားခဲ့ပါဘူး... အိန်ဂျယ်ကိုတမ်းတတဲ့သူမနဲ့ ကောင်းကင်ကိုလွမ်းဆွတ်နေတဲ့သူ့ကို ခေါင်းစဉ်လေးနှစ်ပိုင်းခွဲပြီး ရေးထားပါတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ အိန်ဂျယ်ကို အရေးတယူနဲ့ စာတပုဒ်ရေးပေးခဲ့တဲ့အတွက် ကိုညိမ်းနိုင်ကို ဒီနေရာကနေ ထပ်ပြီးကျေးဇူးတင်ပါတယ်..။ ကျွန်မက ကော်ဖီကြိုက်တတ်တာသိကြလို့ အပြင်မှာ တိုင်းတပါးက ပြန်လာတဲ့ဘလော့ဂါတွေနဲ့ဆုံတိုင်း ကော်ဖီခွက်လက်ဆောင် ပေးတတ်ကြတယ်လေ...။ အပေါ်ပုံက ကော်ဖီခွက်ပေးတုန်းကဆို အိကု(ကိုညိမ်းနိုင်)က  ကော်ဖီထည့်မသောက်ဘဲ ဘီယာထည့်ရမယ့်ခွက်ကြီးတဲ့ ပြောသေးတယ်..။


 
 ကိုညီလင်းသစ်ပေးခဲ့ဖူးတဲ့ ကော်ဖီခွက်လက်ဆောင်လေး


ကျွန်မရဲ့ အိန်ဂျယ်စာစုတွေကို ကော်မန့်လာပေးတဲ့အထဲမှာ ကော်မန့်တွေကိုလှလှပပ ဖွဲ့ဆိုရေးတတ်တဲ့ ကိုညီလင်းသစ် တစ်ယောက်ရှိသေးတယ်...။ ကိုညီလင်းနဲ့ ကျွန်မအပြင်မှာဆုံဖူးခဲ့ပါတယ်...။ ဆွီဇာလန်နိုင်ငံမှာနေထိုင်နေတဲ့ ကိုညီလင်း မြန်မာပြည်ကို အလည်တစ်ခေါက်ပြန်ရောက်တုန်းကပါ...။  ကျွန်မနဲ့ မွေးနှစ်တစ်နှစ်ထဲတစ်လထဲ မွေးပြီး ကျွန်မထက် ရက်ပိုင်းလေးပဲအသက်ကြီးတဲ့ ကျွန်မရဲ့ ဘလော့စီနီယာအစ်ကိုတစ်ယောက်ပါ...။ စာရေးကောင်းပြီး စိတ်ဝင်စားစရာအကြောင်းအရာတွေကို မထပ်အောင်တင်တတ်တဲ့ ဘလော့ဂါတစ်ယောက် အော်..နောက်ပြီးတော့ ဓါတ်ပုံဆရာလည်းဟုတ် ဂီတာတီးကောင်းပြီး သီချင်းအဆိုလည်းကောင်းတဲ့သူတစေ်ယာက်ပါ...။ ခုတော့ ပို့စ်တွေမတင်ဖြစ်တော့ဘဲ ဘလော့ကနေ ပျောက်ချက်သားကောင်းနေတာ နှစ်ချီနေပြီ...။ ပထမတစ်ခေါက် အစ်ကိုပြန်လာလည်တော့ ပန်းဆိုးတမ်း ကမ်းနားက ရွှေဘဲမှာ တခြားဘလော့ဂါတွေနဲ့အတူ ညစာစားရင်း ဆုံဖူးခဲ့တယ်..။ အစ်ကို့ဆီက Switzerland ကလက်ဆောင် ရိုးရာဓါးမြှောင်လေးတစ်ခုလက်ဆောင်ရခဲ့ဖူးတယ်...။ အဲဒီတုန်းက အစ်ကို့ကို စာအုပ်လက်ဆောင်ပြန်ပေးခဲ့ဖူးတယ်ထင်တယ် ဘာစာအုပ်လည်းတော့ မမှတ်မိတော့ဘူး...။ ချစ်စရာကောင်းတဲ့အစ်ကို့သားလေးနဲ့အတူ ဓါတ်ပုံရိုက်ခဲ့ဖူးသေးတယ်...။ ဒုတိယတစ်ခါတော့ အစ်ကိုနဲ့မဆုံဖြစ်လိုက်ပေမယ့် အစ်ကိုကြိုက်တတ်တဲ့ချဉ်ပေါင်ကြော်ကိုတော့ လက်ဆောင်ပေးခဲ့လိုက်ရပါတယ်...။ အစ်ကိုရေးတဲ့ ပို့စ်တွေထဲမှာ အထူးသဖြင့် ခရီးသွားပို့စ်လေးတွေကို သိပ်ကြိုက်တယ်..။ ခရီးတခုကပြန်လာတိုင်း အစ်ကို ပြန်ရေးပြတဲ့ နေရာဒေသတွေက တကယ်မျက်စိထဲမျက်ယောင်ပြီး ကိုယ်တိုင်ရောက်သွားသလိုခံစားရတယ်..။ နောက်ပြီးအက်ဆေးလေးတွေ ကောင်းတယ်...။ အစ်ကိုကိုယ်တိုင် ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်းကောင်းတယ်...။ ကျွန်မတို့ဘလော့ဂါတွေက တော်တော်များများစာရေးတာအပြင် ဓါတ်ပုံရိုက်လည်း ကျွမ်းကျင်ဝါသနာတစ်ခု အဖြစ် တွဲပါမြဲမဟုတ်လား..။ အဲဒီချိန်တုန်းက B&W Photo Challenge နဲ့ Lovely Toys Photo Challenge ဓါတ်ပုံတွေ ငါးရက်ဆက်တိုက်တင်ဖို့ ဖဘမှာတဂ်တွေလုပ်ကြတယ်...။ အဲဒါကို မသက်ေ၀ စလုပ်တာ...။ အဲဒါကနေအဖြူအမဲပုံတွေ ကိုယ်ကြိုက်တဲ့ အရာဝတ္ထုပစ္စည်း နေရာဒေသ တစ်ခုခုကို ရိုက်ပြီးတစ်နေ့တစ်ပုံတင်ရတာမျိုး... ပျော်စရာတော့ကောင်းတယ်...။ အဲစိန်ခေါ်ပွဲမှာ အစ်ကိုညီလင်းလည်း ပါတယ်...။ သူကတော့ ပို့စ်တစ်ခုအဖြစ် ဒီမှာ  ဒီမှာနဲ့ ဒီနေရာ တွေမှာ တင်ထားခဲ့ဖူးတယ်...။ အဲတုန်းက ကျွန်မရဲ့ အဖြူအမဲပုံတွေကို ဒီမှာ ပို့စ်မတင်ဖြစ်ခဲ့ပါဘူး...။ ဒါကြောင့် လက်ရာဟောင်းလေး ပြန်လာကြွားချင်တာနဲ့ အောက်မှာတင်ပေးလိုက်ပါတယ်...။ ကြည့်ရှုအားပေးကြပါကုန်...။

















 








 




















နောက်ထပ်အမှတ်ရစရာ ဘလော့ဂါတွေအကြောင်းကို အပိုင်း(၂)မှာစောင့်ဖတ်ကြပါလို့....:)


မိုးငွေ့


Friday, 5 January 2018

ထိုင်းမှိုထောင်း.....


ရုံးက အော်ဒါမှာလို့ ထောင်းလာပေးတာ...
FOC မှိုထောင်းလေးကို ရုံးကညီမလေးတွေက ကြိုက်လွန်းလို့ ခဏခဏထောင်းရပါတယ်...



2018 ပို့စ်အဖွင့်ကို အစားနဲ့ဖွင့်လိုက်တာ မင်္ဂလာတစ်ပါးမဟုတ်လား...။ အားလုံးပုံကြည့်ရင်း ဖတ်ရင်းနဲ့ သရေကျကြစေကုန်...။ ဒီမှိုထောင်းနည်းလေးကို သူငယ်ချင်းတစ်ယောက်က သူ့အိမ်ထမင်းဖိတ်စားလို့ သိသွားခဲ့တာ...။ သူငယ်ချင်းဆီကပြန်လာကတည်းက သဘောင်္သီးထောင်းဆုံတစ်ခုကို သံဈေးက၀ယ်လိုက်တယ် ဆိုင်ထောင်းအတိုင်း ဆိုဒ်ကြီးပဲဝယ်လိုက်တာ နှစ်သောင်းကျော်ပေးရတယ်...။ ထောင်းနည်းလေးယူလာပြီး အိမ်မှာ ပြန်ထောင်းစားကြည့်တော့ စားကောင်းလိုက်တာ ဆိုတာမပြောနဲ့ ရှူးရှူးရှဲရှဲနဲ့ ပါးစပ်မပိတ်နိုင်ဘူး...။ အဖတ်ကုန်သွားလို့ ကျန်တဲ့အရည်တောင် ထမင်းကြမ်းလေးနဲ့စားရင် သိပ်ကောင်းပဲ...။ ယိုးဒယားသဘောင်္သီးထောင်းဆိုတာ ဆိုင်မှာပဲအလွယ်တကူ ၀ယ်စားနေကျဆိုတော့ အိမ်မှာထောင်းစားဖို့ တခါမှတောင် စိတ်မကူးမိဘူးလေ...။ မှိုထောင်းဆိုတာ ယိုးဒယား သဘောင်္သီးထောင်းနဲ့ အတူတူပါပဲ ခုတခေတ်ဆန်းသစ်ပြီး သဘောင်္သီးဖတ်နေရာမှာ မှို သစ်သီးစုံ မုန့်တီဖတ် မြီးရှည်ဖတ် စသဖြင့် အစားထိုးထောင်းစားကြပါတယ်...။ ကျွန်မထောင်းစားတဲ့ Recipe လေးကိုရေးပေးပါ့မယ်...။ ဒီမှိုလေးကိုတော့ ဈေးထဲမှာ City Mart တို့မှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်..။ မှိုအဖြူကတစ်ထုပ် ၉၀၀ကျပ် အညိုကတော့ ၈၀၀ကျပ်ပါ..။ ဒီအထောင်းတွေထဲကိုထည့်တဲ့ သကြားခဲကို သံဈေးမှာဝယ်နိုင်ပါတယ်... သကြားကို ခပ်ပျစ်ပျစ်ကလေးပြန်ကျိုထားတာ ကြံသကာလိုအရောင် ငပိလိုပုံစံမျိုးဗူးလေးနဲ့ရောင်းပါတယ် Sugar Paste ပေါ့..။ ကျွန်မကတော့ Pro Mart က ကိုးရီးယားကလာတဲ့ သကြားညိုကိုသုံးပါတယ်...။ တချို့လည်းထန်းညက်ထည့်ပါတယ်..။


1. မှိုဖြူ (သို့) အညိုရောင် နှစ်ထုပ် ၊ သခွားသီးတစ်လုံး၊ မုန်လာဥနီတစ်ဥ
2. အောဂင်းနစ် ချယ်ရီခရီးချဉ်သီး ဆယ်လုံး
3. ငရုတ်သီးခြောက် နှစ်တောင့် 
4. ငရုတ်သီးမိုးမျှော်သီး ငါးတောင့်
5. ကြက်သွန်ဖြူ လေးတက်
6. ပုစွန်ခြောက် ထမင်းစားဇွန်းတစ်ဇွန်း
7. သံပုရာသီး တစ်လုံး
8. မကျည်းနှစ်ရည်ထမင်းစားဇွန်းနှစ်ဇွန်း
9. ငံပြာရည်ထမင်းစားဇွန်းနှစ်ဇွန်း
10. သကြား ထမင်းစားဇွန်းတစ်ဇွန်း
11. ပုစွန်ငါးပိ လက်ဖက်ရည်တစ်ဇွန်း


ပထမဦးစွာ ကြက်သွန်ဖြူနဲ့ ငရုတ်သီးနှစ်မျိုးကို ဒယ်အိုငယ်လေးနဲ့ လှော်လိုက်ပါ..။ ငရုတ်သီးက အစိမ်းမဟုတ်တော့ ဗိုက်မနာတော့ဘူးပေါ့...။ ဆိုင်ထောင်းဆိုရင်တော့ အကုန်အစိမ်းပဲ ထောင်းကြပါတယ်..။ ကြက်သွန်ငရုတ်လှော်တာရရင် ဆုံထဲမညက်တညက်ထောင်းပါ ရတာနဲ့ ငါးပိမီးကင်ထားတာထည့် သကြား ငံပြာရည် ချယ်ရီးခရမ်းချဉ်သီးနှစ်ခြမ်းခြမ်းထားတာထည့် သံပုရာသီးညှစ်ထည့် မကျည်းရည်ထည့်ပြီး အသာလေးသမသွားအောင်ထောင်း အရသာမြည်းပြီးရင် သန့်ပြီး ရေနွေးဖျောထားတဲ့ မှို အချောင်းလိုက်လေးတွေလှီးထားတဲ့ သခွားသီးနဲ့ မုန်လာဥနီ ထည့်ထောင်းပါ ရပြီဆို ပန်းကန်ထဲပြင်ထည့်ပြီး ပုစွန်ခြောက်လေးဖြူးလိုက်ပါ..။ မိမိနှစ်သက်ရင်တော့ မြေပဲစေ့လှော်လေးပါဖြူစားပါ..။  ဂေါ်ဖီထုပ်၊ ကန်ဇွန်းရိုးနီတို့နဲ့တွဲဖက်စားသုံးပါ...။ မှိုထောင်းလေး စားတော့မယ့်ဆိုရင်တော့ လက်ဖက်စိမ်းရည်ပူပူလေးတစ်ခွက်လောက် ဘေးနားထားသောက်ပါ... အရသာလွှတ်ရှိပါတယ်လို့...း) ငရုတ်သီးကတော့ ကျွန်မထည့်ထားတာ အနေတော်ပါပဲ အစပ်ပိုစားနိုင်ရင်တော့ ပိုထည့်လို့ရပါတယ်...။ အစပ်က Grate အရဆိုရင်တော့ နံပါတ်(၁) လောက်ပဲရှိပါတယ်..။





မှိုအညိုရောင်နဲ့ ပဲကြာဇံနဲ့တစ်ခါထောင်းစားသေးတယ်
ကြာဇံကျတော့ တခါထဲစားမှ မဟုတ်ရင် အရည်တွေစုပ်ပြီး ပွကုန်ရော...


မိုးငွေ့

Saturday, 23 December 2017

ဝယ်သုံးဖြစ်တာလေးတွေ....



ကျွန်မသုံးနေကျ foundation Bobby Brown စတစ်လေးက ကုန်ခါနီးပြီ...။ ရုံးနားက ဈေးထဲမှာ ကုန်စုံဆိုင်တစ်ဆိုင်က သူ့သမီး အင်္ဂလန်ကနေ အလှကုန်တွေမျိုးစုံပို့လို့ မှန်ဗီဒိုလေးနဲ့ရောင်းတာရှိတယ် အဲမှာ ပုစွန်ခြောက်သွားဝယ်ရင်း စပ်စုလိုက်တာ foundation make up အရည် နှစ်မျိုးနဲ့ Eye Shadow နှစ်ခုရခဲ့တယ်...။ လက်မှာစမ်းတော့ အရောင်ကဟုတ်နေရောပဲ... မျက်နှာပေါ်လိမ်းတော့မှာ အရောင်က ကိုယ့်အသားအရောင်ထက်နုနေလို့ ထုံးစံအတိုင်း ကိုယ့်အသားအရောင်နဲ့တသားထဲမကျရင် ဘယ်လိုမှကြည့်မကောင်းဘူး ဖြူဖတ်ဖတ်လိုလိုဘာလိုလိုနဲ့ ကျွန်မကတော့အရောင်လေးက သနပ်ခါးလိုဝါလို့ရွေးလိုက်တာပဲ မလိုက်ဘူးကိုယ်နဲ့က...။ Maybelline Fit Me ဆိုတာ Top Ten စားရင်းဝင်ထဲကပဲ မိတ်ကပ်သားကောင်းတယ် ကျွန်မအခုဝယ်လာတာက နံပါတ် 210 ဒီထက်နဲနဲရင့်တဲ့အရောင်နဲ့မှကျွန်မအသားအရည်နဲ့ကိုက်မှာ...။



ဒီမိတ်ကပ်အမျိုးအစားကတော့ တခါမှမကြားဖူး သုံးလည်းမသုံးဖူးပါဘူး ပြင်သစ်ကလာတာတဲ့ သူက လိမ်းလိုက်ရင် Matte ဖြစ်တယ် တအားခြောက်လွန်းအားကြီးတော့ ခုလိုဆောင်းနဲ့ကမကိုက်ပြန်ဘူး...။ ဒီလိုပဲ ၀ယ်လိုက်ကိုယ်နဲ့မကိုက်လို့ သူများပေးလိုက်နဲ့ များနေပြီ...။ ခုတော့ နှမြောလို့ ကျွန်မဆီမှာရှိတဲ့ Revelon powder အမှုန့် အညိုရင့်နဲ့ နဲနဲရောပြီးသုံးကြည့်ဦးမယ်..။




မျက်လုံးခြယ်တဲ့အရောင်လေးတွေတော့ကြိုက်တယ်...။ အစိမ်းရောင်က ကျွန်မဆိုးနေကျအရောင်တော့ မဟုတ်ဘူး..။ ဒါပေမယ့်လာမယ့် ဇန်န၀ါရီလထဲမယ် ညီမ၀မ်းကွဲတစ်ယောက် မင်္ဂလာဆွမ်းကျွေးမှာ ၀တ်မယ့် ၀တ်စုံက ဒီလိုအစိမ်းနဲ့ပန်းခရမ်းစပ်လေးဆိုတော့ ၀ယ်လိုက်တာ..။ ရွေရောင်ကတော့ မျက်ခုံးရုံးတို့ ပါးရိုးတို့မှာ High light အဖြစ်နဲ့လည်း အသုံးဝင်တယ်လေ..။






City Mart မှာ ဂျာနယ်ကျော်မမလေးစာအုပ်ဝယ်ဖြစ်သေးတယ်...။ ရာပြည့်ဝတ္ထုတိုအတွက် အမှတ်တရ ငါးပုဒ်ဆီထုတ်တဲ့ အထဲက ဆရာမရဲ့ စာအုပ် အထဲက စာငါးပုဒ်စလုံးကိုလည်းကြိုက်တယ် မျက်နှာဖုံးလေးကလည်း ချစ်စရာလေး ဖတ်ပြီးရင်လာပြောပြမယ် ...အကြွေးတွေလည်းများနေပြီ...။


Merry Christmas & Happy New Year !!!!!


မိုးငွေ့