Friday, 5 January 2018

ထိုင်းမှိုထောင်း.....


ရုံးက အော်ဒါမှာလို့ ထောင်းလာပေးတာ...
FOC မှိုထောင်းလေးကို ရုံးကညီမလေးတွေက ကြိုက်လွန်းလို့ ခဏခဏထောင်းရပါတယ်...



2018 ပို့စ်အဖွင့်ကို အစားနဲ့ဖွင့်လိုက်တာ မင်္ဂလာတစ်ပါးမဟုတ်လား...။ အားလုံးပုံကြည့်ရင်း ဖတ်ရင်းနဲ့ သရေကျကြစေကုန်...။ ဒီမှိုထောင်းနည်းလေးကို သူငယ်ချင်းတစ်ယောက်က သူ့အိမ်ထမင်းဖိတ်စားလို့ သိသွားခဲ့တာ...။ သူငယ်ချင်းဆီကပြန်လာကတည်းက သဘောၤသီးထောင်းဆုံတစ်ခုကို သံဈေးကဝယ်လိုက်တယ် ဆိုင်ထောင်းအတိုင်း ဆိုဒ်ကြီးပဲဝယ်လိုက်တာ နှစ်သောင်းကျော်ပေးရတယ်...။ ထောင်းနည်းလေးယူလာပြီး အိမ်မှာ ပြန်ထောင်းစားကြည့်တော့ စားကောင်းလိုက်တာ ဆိုတာမပြောနဲ့ ရှူးရှူးရှဲရှဲနဲ့ ပါးစပ်မပိတ်နိုင်ဘူး...။ အဖတ်ကုန်သွားလို့ ကျန်တဲ့အရည်တောင် ထမင်းကြမ်းလေးနဲ့စားရင် သိပ်ကောင်းပဲ...။ ယိုးဒယားသဘောၤသီးထောင်းဆိုတာ ဆိုင်မှာပဲအလွယ်တကူ ဝယ်စားနေကျဆိုတော့ အိမ်မှာထောင်းစားဖို့ တခါမှတောင် စိတ်မကူးမိဘူးလေ...။ မှိုထောင်းဆိုတာ ယိုးဒယား သဘောၤသီးထောင်းနဲ့ အတူတူပါပဲ ခုတခေတ်ဆန်းသစ်ပြီး သဘောၤသီးဖတ်နေရာမှာ မှို သစ်သီးစုံ မုန့်တီဖတ် မြီးရှည်ဖတ် စသဖြင့် အစားထိုးထောင်းစားကြပါတယ်...။ ကျွန်မထောင်းစားတဲ့ Recipe လေးကိုရေးပေးပါ့မယ်...။ ဒီမှိုလေးကိုတော့ ဈေးထဲမှာ City Mart တို့မှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်..။ မှိုအဖြူကတစ်ထုပ် ၉၀၀ကျပ် အညိုကတော့ ၈၀၀ကျပ်ပါ..။ ဒီအထောင်းတွေထဲကိုထည့်တဲ့ သကြားခဲကို သံဈေးမှာဝယ်နိုင်ပါတယ်... သကြားကို ခပ်ပျစ်ပျစ်ကလေးပြန်ကျိုထားတာ ကြံသကာလိုအရောင် ငပိလိုပုံစံမျိုးဗူးလေးနဲ့ရောင်းပါတယ် Sugar Paste ပေါ့..။ ကျွန်မကတော့ Pro Mart က ကိုးရီးယားကလာတဲ့ သကြားညိုကိုသုံးပါတယ်...။ တချို့လည်းထန်းညက်ထည့်ပါတယ်..။


1. မှိုဖြူ (သို့) အညိုရောင် နှစ်ထုပ် ၊ သခွားသီးတစ်လုံး၊ မုန်လာဥနီတစ်ဥ
2. အောဂင်းနစ် ချယ်ရီခရီးချဉ်သီး ဆယ်လုံး
3. ငရုတ်သီးခြောက် နှစ်တောင့် 
4. ငရုတ်သီးမိုးမျှော်သီး ငါးတောင့်
5. ကြက်သွန်ဖြူ လေးတက်
6. ပုစွန်ခြောက် ထမင်းစားဇွန်းတစ်ဇွန်း
7. သံပုရာသီး တစ်လုံး
8. မကျည်းနှစ်ရည်ထမင်းစားဇွန်းနှစ်ဇွန်း
9. ငံပြာရည်ထမင်းစားဇွန်းနှစ်ဇွန်း
10. သကြား ထမင်းစားဇွန်းတစ်ဇွန်း
11. ပုစွန်ငါးပိ လက်ဖက်ရည်တစ်ဇွန်း


ပထမဦးစွာ ကြက်သွန်ဖြူနဲ့ ငရုတ်သီးနှစ်မျိုးကို ဒယ်အိုငယ်လေးနဲ့ လှော်လိုက်ပါ..။ ငရုတ်သီးက အစိမ်းမဟုတ်တော့ ဗိုက်မနာတော့ဘူးပေ့ါ...။ ဆိုင်ထောင်းဆိုရင်တော့ အကုန်အစိမ်းပဲ ထောင်းကြပါတယ်..။ ကြက်သွန်ငရုတ်လှော်တာရရင် ဆုံထဲမညက်တညက်ထောင်းပါ ရတာနဲ့ ငါးပိမီးကင်ထားတာထည့် သကြား ငံပြာရည် ချယ်ရီးခရမ်းချဉ်သီးနှစ်ခြမ်းခြမ်းထားတာထည့် သံပုရာသီးညှစ်ထည့် မကျည်းရည်ထည့်ပြီး အသာလေးသမသွားအောင်ထောင်း အရသာမြည်းပြီးရင် သန့်ပြီး ရေနွေးဖျောထားတဲ့ မှို အချောင်းလိုက်လေးတွေလှှီးထားတဲ့ သခွားသီးနဲ့ မုန်လာဥနီ ထည့်ထောင်းပါ ရပြီဆို ပန်းကန်ထဲပြင်ထည့်ပြီး ပုစွန်ခြောက်လေးဖြူးလိုက်ပါ..။ မိမိနှစ်သက်ရင်တော့ မြေပဲစေ့လှော်လေးပါဖြူစားပါ..။  ဂေါ်ဖီထုပ်၊ ကန်ဇွန်းရိုးနီတို့နဲ့တွဲဖက်စားသုံးပါ...။ မှိုထောင်းလေး စားတော့မယ့်ဆိုရင်တော့ လက်ဖက်စိမ်းရည်ပူပူလေးတစ်ခွက်လောက် ဘေးနားထားသောက်ပါ... အရသာလွှတ်ရှိပါတယ်လို့...း) ငရုတ်သီးကတော့ ကျွန်မထည့်ထားတာ အနေတော်ပါပဲ အစပ်ပိုစားနိုင်ရင်တော့ ပိုထည့်လို့ရပါတယ်...။ အစပ်က Grate အရဆိုရင်တော့ နံပါတ်(၁) လောက်ပဲရှိပါတယ်..။







မှိုအညိုရောင်နဲ့ ပဲကြာဇံနဲ့တစ်ခါထောင်းစားသေးတယ်
ကြာဇံကျတော့ တခါထဲစားမှ မဟုတ်ရင် အရည်တွေစုပ်ပြီး ပွကုန်ရော...


မိုးငွေ့

2 comments:

မီးမီးငယ် said...

ဟေး..
နောက်နည်းတခုတိုးလာပြီ
ကိုယ့်နေ့လည်စာဆိုရင်
သခွါးသီးထောင်း
သစ်သီးစုံထောင်း
မုန့်တီဖတ်သုပ်(ရှမ်းနည်း၊ထိုင်းနည်း)
အမြဲစားလေ့ရှိတယ်
မိုထောင်းတော့မစားဖြစ်သေး
မိုခေါက်ဆွဲတော့
ခနခနစားဖြစ်တယ်
မိုးငွေ့ထောင်းတာစားချင်စရာလေး

Iora said...

ခုတလော ထိုင်းအထောင်းတွေဓါတ်ကျနေတာ
မိုးငွေ့ လို ဆုံလေးတောင်ဝယ်ချင်နေတာ
အိုင်အိုရာ