Wednesday, 11 December 2013
ပဲသိပ်နှမ်းသိပ်မုန့်.....
ငယ်ငယ်တုန်းက တရုတ်တန်းဖက်မှာ တရုတ်မအဒေါ်ကြီးတစ်ယောက်တောင်းလေးနဲ့လိုက်ရောင်းတာ ၀ယ်စားဖူးတယ် မွှာကြီးလို့ခေါ်တယ်...။ အခုခေတ်တော့ ပဲသိပ်နှမ်းသိပ်မုန့်လို့ခေါ်ကြတယ် မွှာကြီးဆို သိပ်မသိကြတော့ဘူး...။ ခုနောက်ပိုင်း အဲဒီအဒေါ်ကြီးမရောင်းတော့ ဘယ်သူမှလုပ်ရောင်းတာ သိပ်မတွေ့တော့ဘူး...။ အဲဒါမစားရတာကြာပြီ ၀ယ်စားမရတော့ ကိုယ့်ဘာသာကိုယ် လုပ်စားကြည့်လိုက်တယ်...။
 ကောက်ညှင်းမှုန့်နဲ့ ဆန်ကြမ်းမှုန့် သုံးချိုးတစ်ချိုးရောစပ်ပြီး ကိုယ်လိုချင်တဲ့အရောင်လေးဆိုးလို့ရပါတယ်...။ ရောင်းတန်းမုန့်ကတော့ အဖြူရောင်ပါပဲ...။
 cutter လေးဝယ်ထားတော့ ပုံဖော်လိုက်တယ် လိပ်ပြာ အိန်ဂျယ် ပင်ကွင်း ကြောင် ယုံနဲ့ ၀က်ဝံရုပ်လေးတွေ
 ဆန်မှုန့်ဖြစ်လို့ ဂျုံမုန့်သားလို ကာတာနဲ့ဖြတ်ရတာမလွယ်ဘူး မုန့်သားတွေက အနားခြောက်တာမြန်တယ်..
 ရေဆူဆူအိုးထဲကိုထည့်ပြုတ် ပေါလောပေါ်လာတာနဲ့ဆယ်ပြီး ရေအေးခဏစိမ်ထားရတယ်...ပြီးမှ ဇကာနဲ့စစ်ထား
 ပြီးတာနဲ့ ဆားနဲနဲနဲ့ သကြားရောထားတဲ့ မြေပဲနှမ်းထောင်းထားထဲကို မုန့်လေးကပ်ပေး
စားမယ်ဆိုမှ မြေပဲနှမ်းကပ်ပေးနော် မဟုတ်ရင် မြေပဲတွေကပျော့ကုန်ရော
မိုးငွေ့
Friday, 6 December 2013
ကျွန်မချက်သောဆွမ်းဟင်းများ(၂)
ခရမ်းသီးပုစွန်ဆိတ်နှပ်+ပန်းဂေါ်ဖီကြော်+ကင်မွန်းချဉ်ဟင်းချို+သဘောင်္သီး+ဂန္ဓမာပန်း
အဒေါ်တွေကပြောတယ် ကျွန်မအဖေက ခရမ်းသီးနှပ်ချက်တာသိပ်ကောင်းတယ်တဲ့...။ ငယ်ငယ်ကစားဖူးခဲ့မယ်ထင်တယ် မမှတ်မိတော့ဘူး...။ အဒေါ်တွေက အဖေ့ဆီက ခရမ်းသီးနှပ်နည်းကို သင်ခဲ့ရတာ...။ အခုကျွန်မချက်တဲ့ ခရမ်းသီးနှပ်ကတော့ ပုစွန်ခြောက်နဲ့မဟုတ်ဘဲ ပုစွန်ဆိတ်ကလေးတွေနဲ့ချက်ထားတာပါ..။ ပြီးတော့ ခရမ်းသီးကိုလည်း တို့စရာလုပ်တဲ့ ခရမ်းသီးအသေးလေးတွေနဲ့နှပ်ထားတာပါ...။ ပန်းမုန်လာနဲ့ ချဉ်ဟင်းချက်နည်းကတော့ လူတိုင်းသိနေတာမို့ ခရမ်းသီးနှပ်နည်းလေးပဲပြောပြတော့မယ်နော်..။ မနက်ဆွမ်းဟင်းအတွက် ညကတည်းကချက်ရတော့ တအိမ်လုံးညှော်နံ့နံမှာစိုးတာကြောင့် ဆီသတ်မချက်ပါဘူး ကျွန်မက လုံးချက်ချက်တယ်...။ ပုစွန်စိတ် ဆယ့်ငါးကျပ်သားကိုအခွံသင် ရေစင်စင်ဆေးပြီးစစ်ထားမယ်...။ ခရမ်းသီးလေးတွေကို ရေဆေးပြီး အညှာမထုတ်ဘဲ လေးစိပ်စိပ်ထားမယ်..။ ကြက်သွန်ဖြူတစ်လုံး အနီအကြီးသုံးဥလောက်ကို ညက်အောင်ထောင်းထားပေးမယ်...။ ခရမ်းချဉ်သီးအရွယ်တော်လေးလုံးကို ရှစ်စိပ်စိပ်ထားမယ်...။ စချက်ပါမယ်...။ ခရမ်းသီးနှပ်မယ့်အိုးထဲကိုခရမ်းသီး ပုစွန် ခရမ်းချဉ်သီး ကြက်သွန်နှစ် ဆား အရသာမှုန့် ငံပြာရည် (ငပိကြိုက်ရင် ကွမ်းသီးလုံးလောက်ထည့်သုံးနိုင်ပါတယ်) ငရုတသ်ီးမှုန့် နနွင်းနဲနဲ ဆီတို့နဲ့သမအောင်နယ်ပြီး မီးဖြေးဖြေးမှာ မိနစ်နှစ်ဆယ်လောက်နှပ်ပေးပါ...။ ခရမ်းသီးမနှပ်သေးရင် ရေနွေးလေးထပ်ထည့်ပြီး ဆက်တည်ထားပေးပါ...။ ဆီပြန်လာရင် ပုစွန်နံ့လေးမွှေးနေတဲ့ ခရမ်းသီးနှပ်လေးရပါပြီ..။ တချို့တော့ အိုးချခါနီးကို မဆလာအုပ်ပါတယ်...။ ကျွန်မက မြန်မာဟင်းထဲကို မဆလာထည့်တာမကြိုက်လို့ပါ..။
ဝက်ကုန်းဘောင်ကြော်+ပဲထောပတ်နှပ်+မုန်လာဥချဉ်ဟင်း+ဘေဘီလိမ္မော်+မေမြို့ပန်း
ဝက်သားကုန်းဘောင်ကြော်နည်းက အဆန်းတကြယ်တော့မဟုတ်ပါဘူး...။ ခုနောက်ပိုင်း ၀က်သားမစားတာကြာလို့လားမသိဘူး အနံ့မခံနိုင်ဘူးဖြစ်သွားတယ်...။ ခြေလေးချောင်းတောင်ရှောင် မလားလို့ စဉ်းစားမိတယ်..။ ၀က်သားထဲမှာဆို ဂုတ်သားက အစိမ်းကြော် အသားလုံးကြော် ကုန်းဘောင်ကြော် ချိုချဉ်ကြော်စသဖြင့် အသုံးပြုတတ်ကြတယ်..။ အခု ကျွန်မလည်း ဂုတ်သားကိုပဲသုံးပါတယ်..။ ၀က်သား 200 ဂရမ်ကို ခပ်ပါးပါးလှီး ပြောင်းမှုန့် ဆန်ဝိုင် ဆား သကြား ပဲငံပြာရည်ကြည် အနှောက်တို့နဲ့ နာရီဝက်နှပ်ထားလိုက်တယ်...။ ကျွန်မကြော်မယ့် ၀က်သားကုန်းဘောင်က တခြား ပဲသီး ပန်းဂေါ်ဖီတွေမထည့်ဘဲ မျှစ်နဲ့ ဥနီကိုခပ်ပါးပါး စောင်းစောင်းလေးတွေ လှီးထည့်ထားပါတယ်...။ ပထမဦးစွာ ရှစ်စိပ်စိတ်ထားတဲ့ ကြက်သွန်နီဥကြီးနှစ်လုံးကို ဆီကြော်ပါတယ်..။ ကြက်သွန်မကြွပ်တကြွပ်လေးမှာ ပြန်ဆယ်ထားတယ်...။ မီးပိတ်ပြီး ပူလက်စဆီနဲ့ ငရုတ်သီးခြောက် ဆယ်တောင့်ကိုဆက်ကြော်ပါတယ်...။ ငရုတ်သီးကိုလည်း ဆယ်ထားပါတယ်..။ မီးပြန်ဖွင့်ပြီးရင် ပါးပါးနဲ့အချောင်းလေးတွေလှီးထားတဲ့ဂျင်းရယ် ကြက်သွန်ဖြူဓါးပြားရိုက်တာကိုဆီသတ်ပါတယ် မွှေးလာရင် အသားထည့်ကြော်... အသားထဲကရေထွက်လာရင် ရေခမ်းတဲ့အထိ ခြောက်တဲ့အထိကြော်ပါမယ်...။ အသားရပြီဆိုမှ မျှစ်နဲ့ဥနီထည့်မွှေပြီး နွမ်းလာရင် ကြက်သွန်နဲ့ငရုတ်သီးကြော်ထားတာကိုရောထည့် ခဏမွှေပြီးတာနဲ့ ရပါပြီ။
မုန်လာဥဖြူနီချဉ်ဟင်းကိုလည်း လုံးချက်ပါတယ်...။ အိုးတစ်လုံးထဲမှာ မုန်လာဥ ပုစွန်ခြောက်မှုန့် ငပိ ငံပြာရည် ငရုတ်သီးကြက်သွန်နှစ် နနွင်းမှုန့် နံနံမြစ်သုံးလေးခုလောက်ထည့် ဆီထည့်နယ်ပြီး အိုးတည်လိုက်ပါတယ်...။  အရည်ခမ်းပြီး အနှစ်ကလေးမွှေးလာရင် ရေနွေးလိုသလောက်ထည့် ဆူလာရင် မကျည်းမှည့်ရည်ထည့် အပေါ့ငံမြည်းပြီးရင် ရပြီ...။ ပဲထောပတ်လဲ အခွံပါတာဝယ်လာလို့ တစ်ခွက်စာကို အခွံတော်တော်ချွတ်ယူရတယ်...။ အခွံချွတ်ပြီးပဲထောပတ်ကိုရေဆေးပြီးစစ်ထား..။ အိုးထဲဆီထည့် ဆီပူလာရင် နနွင်းလက်ဖက်ရည်ဇွန်းဝက်ထည့် တအောင့်နေတာနဲ့ ပဲထည့်ပြီး ဆီသတ် ဆားလေးထည့်ပြီး နှပ်ထား...။ ပဲနူးလို့အိုးချခါနီးကျ ကြက်သွန်နီဆီချက်ဖတ်လေးအပေါ်ကဖြူးလိုက်ပါ..။
မိုးငွေ့
Tuesday, 3 December 2013
ကျမက နှင်းဆီနက်.....
ကျွန်မစောင့်နေခဲ့သေးတယ်....... အကြာကြီးပါပဲ....။
ဒါပေမယ့် အဲဒီနေ့က သူရောက်မလာခဲ့ဘူး...။
ဆောင်းပျောက်နေပြီဖြစ်တဲ့ ဆောင်းအဝင်မနက်ခင်း နေခြည်ပူနွေးနွေးမှာ... ကျွန်မ သူ့ကို သတိရနေခဲ့မိတယ်...။
နှင်းဆီပန်းခိုင်လေးကိုကိုက်လို့ အနက်ရောင်ကော်ဖီခါးခါးတစ်ခွက်နဲ့ သူရောက်လာခဲ့မလားလို့ ကျွန်မမျှော်နေခဲ့သေးတယ်......။
ဘာလို့လဲ...?? ဘာကြောင့်လဲ...??
သူနဲ့ပတ်သက်ပြီး သံသယအငွေ့သက်လေးတစ်ခုကို ရနေခဲ့တယ်...။ မဟုတ်ပါစေနဲ့လို့ ကျွန်မကြိတ်ပြီး ဆုတောင်းနေမိတယ်...။ ကျွန်မက သူနဲ့ မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့အမြဲရှိချင်နေသူပါ...။
လှည့်ဖြားမှုတွေ မာယာတွေနဲ့ သူ ကျွန်မရဲ့ ခင်မင်မှုတွေကိုတန်ဖိုးမဲ့စွာ ယူငင်သွားမှာကို ကျွန်မစိုးရိမ်နေမိတယ်..။
သူဟာ... ပုံပြောကောင်းသူတစ်ယောက်တော့မဟုတ်ပေမယ့်... ကျွန်မနဲ့ စကားပြောတဲ့အခါ ပုံပြင်အတိုအစလေးတွေလို တစ်ကြောင်းစ နှစ်ကြောင်းစ ပြောသွားတတ်တာလေးရှိခဲ့ဖူးတယ်...။
ကန်စပ်ကနေ ကောင်းကင်ကိုမော့ကြည့်မိတော့ ခပ်မှိန်မှိန် ကြယ်မှုန်ကလေးတစ်ပွင့်ရဲ့အလင်း မရဲတရဲမှိတ်တုတ်လင်းလက်ပြနေတယ်...။ ကန်ရေပြင်အလယ်က ကျွန်းစုတွေ မှောင်မိုက်မိုက်ထဲမှာ...။ သူတို့ရဲ့ အထက်ကောင်းကင်မှာတော့ ကြယ်တွေပျောက်နေကြတယ်...။ ပုန်းနေကြတယ်ဆိုမှန်မလားဘဲ..။
ကျွန်မခုနက မြင်လိုက်တဲ့ ကြယ်ပွင့်လေးက သူနဲ့တူတယ်....။ ကျွန်မဆီကို သူရောက်လာခဲ့တုန်းကလဲ သူဟာ အလင်းမှိန်ပြပြနဲ့ ကြယ်မှုန်ကလေးတစ်ပွင့်လိုပါပဲ...။
သူက ကျွန်မကို ဆူးတွေခြံရံထားတဲ့ ပန်းတစ်ပွင့်လို့တင်စားတယ်.....။ အနက်ရောင်ကြိုက်နှစ်သက်တဲ့ ကျွန်မဟာ သူ့အတွက် သူနှစ်သက်လွန်းလို့ ပန်းဆိုင်တွေမှာ သွားသွားငေးကြည့်ခဲ့ရတဲ့ နှင်းဆီနက်တစ်ပွင့်တဲ့...။
သူပြောသလို ကျွန်မသာနှင်းဆီနက်တစ်ပွင့်ဖြစ်ခဲ့မယ်ဆိုရင် ကြမ်းရှနွေးထွေးတဲ့ သူ့ရဲ့လက်တွေနဲ့ဆူးစူးခံပြီး ဆုပ်ကိုင်ထားတဲ့ နှင်းဆီနက်တစ်ပွင့်သာဖြစ်ချင်ပါတယ်...။
မိုးငွေ့
Sunday, 1 December 2013
ချိန်မြိန်သောဒီဇင်ဘာ.....
Sweet December ပါ အိန်ဂျယ်......
မင်းကို ကိုယ်နှုတ်ဆက်ဖူးတာ ခုတစ်နှစ်နဲ့ဆို တတိယအကြိမ်ရှိပြီနော်...။
ပထမနှစ်က မင်းရဲ့ ဖဘဝေါလ်မှာ ကိုယ်သွားနှုတ်ဆက်ခဲ့တယ်...။ ဒုတိယနှစ်က ဖုန်းနဲ့ပဲမက်ဆေ့ချ်ပို့ခဲ့တယ် ပြီးတော့ အမှတ်တရပို့စ် ရေးခဲ့တယ်...။ ဒီနှစ်လည်း မင်းကို ကိုယ်ပို့စ်နဲ့ပဲနှုတ်ဆက်ခွင့်ရှိပါတယ်...။
ဒီဇင်ဘာရဲ့ မနက်ခင်းစောစောတစ်ခုမှာ
မြူနှင်းမှုန်မှုန်တွေကျရောက်တဲ့အခါ.. နေခြည်သန်းလာတဲ့အခါ... ကျေးငှက်ကလေးတွေတွန်တဲ့အခါ...
နွေးထွေးတဲ့အိပ်ယာကနေ မင်းနိုးထလာတဲ့အခါ... ချိုမြိန်သော ဒီဇင်ဘာဖြစ်ပါစေ အိန်ဂျယ်......။
Thursday, 28 November 2013
ပုံဖော်ဖြစ်ခဲ့သော....
Glasses....
ဆူးများနဲ့
 မင်္ဂလာနံနက်ခင်းလေးပါ
ဧည့်ခန်းထဲက ငွေဒေါင်းရုပ်ပန်းချီကား
ကျွန်မ၏ကတ္တီပါဖိနပ်ကလေး
မြစိမ်းရောင်ကောင်းကင်က ကြယ်နှစ်ပွင့်
 ကန်ရေပြင် အစိမ်းရင့်ရင့်သစ်တောအုပ် နဲ့ တိမ်စိုင်အလှ
တိမ်းစောင်းနေသော
 ပျံသာပျံပါ ရွှေဟသာင်္
တိမ်ကမ္ဗလာ ကောင်းကင်ပြာ
 တိမ်တွေနေတဲ့အရပ်တွေဆီ နင်နဲ့ငါ...
 မေမြို့ည
 ကောင်းကင်ယံက လွမ်းနေတတ်သော ကြယ်လေးတစ်လုံး
ငွေနှင်းမှုန် တိမ်အကွယ်က လပြည့်လ
တိမ်ကြားက အလင်းဖြန့်နေသောလ
သုံးရောင်ခြယ်
နွေရာသီအိမ်
 Pink Angel
 White Angel
ဖြူဆွတ်သော
ဝါလွင်သော
စကားဝါပန်း
ယုဇနပန်း
သနပ်ခါးပန်း
နှင်းရည်ဆွတ်သော ဖိနပ်လေးကို မနက်နေရောင်ပြခဲ့ရတယ်
ပြင်ဦးလွင်ရောက်တုန်း အဒေါ့်ခြံဝင်းထဲကပန်းကလေးတွေ ဧည့်ခန်းက အလှဆင်ထားတဲ့ ပစ္စည်းလေးတွေကို မတတ်တခေါက်ရိုက်ထားဖြစ်ခဲ့ပါတယ်...။အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်....။
မိုးငွေ့