Monday, 8 April 2013

အိန်ဂျယ်ခြွေတဲ့ ကြယ်ကြွေတွေ....



အဲဒီညနေက နေညိုညိုအဝင် ညရောင်စပ်ကြား… တိမ်တွေအနုကအရင့်ပြောင်းနေချိန်မှာ…. ကောင်းကင်က လင်းလင်းလက်လက်… ကြယ်မှုန်မွှားတစ်စု ဖွာခနဲကြွေကျလာတာကို ကိုယ်မြင်လိုက်တယ်….။ အလင်းတန်းလေးတွေက ကောင်းကင်မှာ ချက်ချင်းမှိန်ဖျော့ ပျောက်ကွယ်မသွားသေးဘဲ…..။ စက္ကန်းပိုင်းကလေး ကိုယ့်ကို မြင်ခွင့်ပေးသေးတယ်……။ ကြယ်မွှားကလေးတွေ မြင်ကွင်းရှေ့က ပျောက်ကွယ်သွားတာကို ကြည့်ပြီး ကိုယ်တော်တော်ကလေးဝမ်းနည်းသွားခဲ့တယ်……။ ကိုယ်သိတာပေါ့… အိန်ဂျယ် မင်းကိုယ်ယောင်ဖျောက်ပြီး Magic stick ကလေးနဲ့ ကိုယ့်ကို လှည့်စားသွားခဲ့တာမဟုတ်လား….။ အဲဒီတမဟုတ်ချင်း အချိန်ကလေးမှာတောင် ကိုယ်ဆုတစ်ခုတောင်းလိုက်မိသေးတယ်…..။ မင်းနဲ့ ပြန်ဆုံဖို့ကိုပေါ့….။


ကိုယ်လေ….နေလုံး၀၀င်သွားလို့…ညအရောင်ပြောင်းသွားတဲ့အထိ နွေညချမ်းရဲ့ ကောင်းကင်ကို မျက်နှာအပ်နေမိတော့တယ်…..။ မမှိတ်မသုန်နဲ့မင်းများ….ဘွားခနဲပေါ်လာနိုးနိုးနဲ့ပေါ့…။ လေပြေဟာ…. သစ်ရွက်နုတွေရဲ့ စိမ်းရွှေရွှေရနံ့ကို သယ်ဆောင်လာကြတယ်……။ တောက်ပတဲ့ ကြယ်ကလေးနှစ်ပွင့်ကို ကိုယ်မြင်ယောင်မိတယ်….။ ခပ်ထူထူနှှုတ်ခမ်းတစ်စုံရဲ့ ဒေါင့်နှစ်ဖက်မှာ ပြုံးလိုက်တိုင်းပေါ်ပေါ်လာတတ်တဲ့  အချိုင်းကလေးနှစ်ခုကို မြင်ယောင်မိတယ်…။ 


ကိုယ့်ရဲ့ ကောင်းကင်မှာ လတစ်စင်းကို ခိုတွဲလို့….. မင်းလက်ထဲက Magic Stick အစွမ်းနဲ့ ကြယ်ပွင့်ကလေးတွေကို ခြွေချမယ့် ညတွေကို ကိုယ်စောင့်မျှော်နေခဲ့တာပါ……။ လမင်းကြီးကပြောနေပြီ…. မိန်းကလေးရယ်….မင်းဟာ သိပ်ကို စိတ်ကူးယဉ်ဆန်တာပဲတဲ့……..။ ပြောပါ လမင်းကြီးရယ်…. တကယ်တော့ ကိုယ်ဟာ စိတ်ကူးပဲယဉ်ခွင့်ရှိသူတစ်ယောက်ပါ…..။


မိုးကောင်းကင်ထက်ကနေ မင်း..ဆီးပြီးကြည့်လိုက်ပါ…….။ အဝါရောင်းပန်းခင်းတွေကြားမှာ… အရူးတပိုင်းနဲ့ မင်းကိုပြေးလွှားရှာဖွေနေတဲ့သူတစ်ယောက်ကိုမြင်ရပါလိမ့်မယ်….။ အဝါရောင်ပန်းခင်းတွေကြားကနေ လွမ်းရလွန်းလို့ ကျေးဇူးပြုပြီး အဖြူရောင်ပန်းခင်းတွေအဖြစ် ဖန်ဆင်းပေးပါ....အိန်ဂျယ်…….။ 


မိုးငွေ့

Saturday, 6 April 2013

ပဲနို့ရည်ပဲပေါင်း နဲ့ ဖက်ထုပ်ပေါင်း.....


ပဲပေါင်းကိုလုပ်ကြည့်ချင်နေတာကြာပြီ...။ တရုတ်တန်းမှာဆို 19လမ်းထိပ်မှာ အမြဲဝယ်စားဖြစ်တယ်...။ ပဲပေါင်း ပဲနို့ရည်ပူပူလေး ...။ ပဲပေါင်းကို သစ်သားစည်ကြီးထဲမှာအခဲလုပ်ထားတာ ဂျယ်လီလိုလေးလေး အဲဒါကို သကြားနဲ့ဂျင်းပြုတ်ရည်ပူပူလေးဆမ်းပြီးစားရတာ သိပ်ကြိုက်တယ်...။ ငယ်ငယ်တုန်းက ရှမ်းပြည်မှာ ဈေးထဲသွားတိုင်း ၀ယ်စားဖြစ်တယ် အဲမှာကျတော့ ကြံသကာကိုဂျင်းနဲ့ခပ်ပျစ်ပျစ်ကျိုပြီး ဆမ်းပေးတယ် ပြီးတော့ အုန်းနို့လည်းပါတယ်...။ အခု လုပ်ကြည့်ဖြစ်တယ်ဆိုတာ မခိုင်ချောစုရဲ့စာအုပ်ထဲက လုပ်နည်းလေးဖတ်ပြီး အဲအတိုင်းလုပ်ထားတာ...။ ပဲနို့ကို ခဲသွားအောင် လုပ်ဆောင်ပေးတာကတော့ ဂျယ်လီမှုန့်လို့အလွယ်တကူခေါ်ကြတဲ့ Gelatine အမှုန့်ကို အချိုးကျလေး ထည့်ပေးရတာပါ....။ မုန့်လုပ်တဲ့ ချိန်ခွက်တွေ အချိန်အစတွေက ကိုင်တိုင်လက်တွေ့လုပ်ကြည့်မှသာ သူ့အညွှန်းအတိုင်းအတိအကျလုပ်တိုင်းလည်း မုန့်မပျက်ဘူးရယ် မရှိဘူးဆိုတာသိရတယ်...။


အခု မချောစုရဲ့နည်းအတိုင်း Gelatine မှုန့်ကို 20g ထည့်သုံးပေမယ့် (ပဲနို့ကတော့ 1လီတာပဲနော်) အခဲကလိုနေသေးတယ်...။ ဒါတောင် အမှုန့်ကို ချိန်တဲ့ ဇွန်းနဲ့အတိအကျထည့်တာ..။ Gelatine ကို နောက်ထပ် 5 g လောက်ထည့်ရင် ပိုအဆင်ပြေလိမ့်မယ်လို့ထင်တယ်...။ အိုခေ နောက်တခါ ထပ်စမ်းတာပေါ့ နော်...။  ပဲနို့က ရယ်ဒီမိတ်လည်းဖြစ်နေတော့ ခဲသွားတဲ့အခါ အသားက အရမ်းကိုချောပြီးပျော့အိနေတော့တာ... စားလို့တော့သိပ်ကောင်းတယ်...။ ဒီလုပ်နည်းလေးကို အခြေခံပြီး တခါကလုပ်ဖူးတဲ့ သီးစုံဂျယ်လီလေး ထပ်လုပ်ကြည့်ဦးမယ်...မကျေပွဲပေါ့...။

 သူက ဂျုံမှုန့်တော့မဟုတ်ဘူး...။ ကော်မှုန့်ပါပဲ... ထိုင်းကုန်စည်ပြပွဲလာလုပ်တုန်းက ၀ယ်ထားခဲ့တာ...။ ခုမှစမ်းလုပ်ကြည့်ဖူးတယ်...။ ပုံမှာပြထားတဲ့အတိုင်းလုပ်တာမဖြစ်လို့ ကွကိုယ် ပန်းပွင့်ပုံလေး ထုပ်လိုက်တယ်... မှတ်ကရော...။ ကော်မှုန့်ကို ရေကြက်သီးနွေးလေးနဲ့ဖျော်ပြီးနယ်ထားတယ်..။ အထဲမှာ အမှန်က ပုစွန်နဲ့သာအစာသွပ်တာပိုကောင်းတယ်လေ...။ သာမီးက ကြက်သားကြိတ်သားပဲရှိလို့အဲဒါနဲ့ လုပ်လိုက်တယ်...။ အဲလိုပဲ Recipe တွေကို အမြဲအမယ်ပြောင်းလုပ်ချင်တာလေ...။ အစာအတွက် ကြက်သား 100ဂရမ် ထီးမှိုနှစ်ပွင့် ရေနွေးစိမ်ပြီး သေးသေးလှီးထား ကူချိုင်လို့ခေါ်တဲ့ ကြက်သွန်မှိတ်တမျိုးကို အစည်းတစ်ဝက် သေးသေးလှီး ကြက်သွန်နီသေးတစ်ဥ သေးသေးလှီး ဒါတွေအားလုံးကို ပဲငံပြာရည်ကြည် စားပွဲဇွန်းတစ်ဇွန်း ငရုတ်ကောင်းလက်ဖက်ရည်ဇွန်း တစ်ဇွန်း ပြောင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကြက်သားမှုန့်လက်ဖက်ရည်ဇွန်တစ်ဇွန်းနဲ့ သေချာနှံ့အောင် လက်နဲ့ နယ်ပေးပါ...။ ပြီးမှာ နှမ်းဆီ နှစ်စက်လောက်ထည့်ပြီးထပ်နယ် နာရီဝက်လောက် နှပ်ထားပါ..။


ကော်မှုန့်လုံးကို ပထမဆုံးကိုင်ဖူးတာ ဂျုံလိုစေးကပ်မှုမရှိတော့ လက်မကပ်ဘူး ... ကောက်ညှင်းမုန့်လုံးနဲ့တူတယ်... ဒလှိမ့်တုံးနဲ့လှိမ့်တော့ကွဲတယ်... လိုချင်တဲ့အပြား/အပါးမရဘူး...။ နောက်တော့ လက်နဲ့ပဲလုံးပြီး ပြားအောင်ဖိလိုက်တယ် အစာသွပ်ထည့်လိုက်တယ် အပွင့်ပုံဖော်လိုက်တယ် ကဲအေးရော..။ ထမင်းပေါင်းအိုးကိုပဲသုံးလိုက်တယ်...။ အိုးထဲရေထည့်ပြီး အပေါ်ယံဇကာအောက်ခြေကို ဆီသုပ်ပြီး ဖက်ထုပ်ပွင့်ကလေးတွေကို တန်းဆီထည့်လိုက်တယ်...။ မိနစ်နှစ်ဆယ်လောက်ပေါင်းပြီး...။ ပူပူနွေးနွေးဆော့ ဂျင်းပဲငံပြာရည်လေးနဲ့စားပါ...။


 


နယ်က အဒေါ်ရောက်နေလို့ အမေက မအားဘူး အပြင်ထွက်နေရတယ်...။ အိမ်မှာထမင်းတအိုးပဲ တည်ထားပေးခဲ့တယ်...။ ဟင်းလဲမချက်ချင်တော့လို့ ကြက်ဥထမင်းကြော် ကြော်စားတယ်....။ ကြော်နည်းလေးက လွယ်ပါတယ်..။ ထမင်းက တရုတ်ပန်းကန်တစ်လုံးစာခူးထား..။ ဒယ်ထဲဆီ ထမင်းစားဇွန်းတစ်ဇွန်းထည့် ဆီပူရင် ကြက်ဥတစ်လုံးဖောက်ထည့် ထမင်းထည့် ပဲငံပြာရည်အကြည် ငရုတ်ကောင်းနဲနဲ ကြက်သားမှုန့်နဲနဲ ထည့်ပြီး ဆက်တိုက်မွှေပါလေ့...။ သုံးမိနစ်လောက်မွှေပြီးရင် ကြက်ဥထမင်းကြော်မွှေးမွှေးလေးရပါပြီ....။  အဲဒါကို ခရမ်းချဉ်သီး ကြက်သွန်ကွင်းလေးတွေနဲ့ ထိုင်းငပိထောင်း (ငရုတ်သီးအခြောက်နဲ့ထောင်းထားတဲ့ ထောင်းပြီးသား အဒေါ်လက်ဆောင်ပေးထားတာ) စပ်စပ်ကလေးနဲ့စား ဆွေမျိုးမေ့ပဲ....။

ကဲပါလေ... ဒီနေ့အတွက် သရေကျစရာတွေကတော့ ဒီလောက်ပါပဲကွယ်...။

Have a nice weekend..........

မိုးငွေ့


Thursday, 4 April 2013

ပန်းပွင့်လေးတွေလို မင်းရဲ့အသံတိတ်စကားတွေ.....


 




ကိုယ်….မင်းပြောတဲ့ ဘာသာစကားကို တတ်ကျွမ်းဖို့ ဘယ်နှစ်နှစ်ထိသင်ယူရဦးမလဲ……………….


အစိမ်းရောင်အလင်းတန်းကို ခဏကလေး ကိုယ်ကျောခိုင်းထားချိန်မှာပဲ မီးခိုးရောင်စဉ်တန်းတွေနဲ့ မင်းက စီးနှင်းဝင်ရောက်လာခဲ့တယ်….။ ကိုယ်လှည့်ကြည့်မိတဲ့အချိန်မှာ မင်းကိုမတွေ့ရတော့ဘူး…။ မင်းများပုန်းနေသလားလို့ ကိုယ်ရှာကြည့်မိသေးတယ် မင်းဆီက ဘာတုန်ပြန်မှုမှမရခဲ့ဘူး….။ မင်းပြောသွားတဲ့ အသံတိတ်စကားတချို့ကို ကိုယ်ဘာမှန်း အဓိပ္ပါယ်ဖော်လို့မရခဲ့ဘူး..။ ခုချိန်ထိတိုင် ကိုယ်ညံ့နေတုန်းပဲ အိန်ဂျယ်……။ 

အဖြူရောင်ကို ကိုယ်စားပြုထားတဲ့ မင်းပြောသွားတဲ့ စကားလုံးတွေက ကိုယ့်အမြင်အာရုံထဲမှာတော့ ရနံ့မွှေးမြမြနဲ့ အဖြူရောင်ပန်းပွင့် သေးသေးလေးတွေ ဖြန့်ကျဲထားသလိုပဲ….။ လပေါင်းများစွာ ကိုယ့်ကိုနာကျည်းပြီး မင်းထွက်သွားခဲ့တဲ့နောက်မှာ ပထမဦးဆုံး မင်းရဲ့နှုတ်ဆက်မှုက တိုးတိုးတိတ်တိတ် ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ကလေးရယ်…။ ဒီလိုနှုတ်ဆက်မှုကို တုန့်ပြန်ခွင့် မရခဲ့တာတော့ ဝမ်းနည်းစရာပဲ…..။

မင်းရောက်လာနိုးနိုးနဲ့ ကိုယ်အကြာကြီးစောင့်နေသေးတယ် …….. ဒီလိုနဲ့ပဲ ခေါက်ရိုးကျိုးနေပြီးတဲ့ နေ့ဟောင်းတွေလိုပဲ…. နေညိုညိုက ဒီနေ့တစ်ရက်ကို ထပ်ပြီး ဝါးမြိုသွားပြန်ပေါ့……။

နောက်ထပ်…တွေ့ချင်သေးတယ်….။                                           

ကောင်းကင်ယံက တိမ်တွေမငိုချခင်……. မင်းနဲ့ ကိုယ်ထပ်တွေ့ချင်သေးတယ်…။ 

တကယ်တော့… ကိုယ်ဟာ အတ္တကြီးသူတစ်ယောက်ပါ……။ ဟုတ်ပါတယ်…..မင်းရဲ့ ခံစားမှုကို နားလည်ဖို့မကြိုးစားဘဲ…. ကိုယ့်ခံစားမှုကိုသာ ရှေ့တန်းတင်ပြီး… ငိုပြနေတာလို့ မင်းစွပ်ဆွဲချင်ရင်တောင် ကိုယ်မငြင်းပါဘူး…။ ဒါပေမယ့် ကိုယ်ကို အပြစ်ဆိုလဲ ကိုယ်ခံပါ့မယ် ကိုယ့်မျက်ရည်တွေကို သီကုံးခွင့်ရနေတာကိုပဲ ကိုယ်ကကျေနပ်နေမိသူကိုးး…။

မင်း…ကိုယ့်ကို ပြောသွားခဲ့တဲ့ အသံတိတ်စကားတွေကို ကိုယ်တစ်ယောက်တည်း အဓိပ္ပါယ်မဖော်တတ်လို့ ကိုယ့်ကိုချစ်ခင်သော….မင်းကိုလည်း ချစ်ခင်သောသူများနဲ့အတူဝိုင်းပြီး အဖြေဖော်ပေးနိုင်အောင် ကိုယ် ဒီမက်ဆေ့ချ်လေးကို နုံးချိသောနှလုံးသားနဲ့ ပုံဖော်ခဲ့ခြင်းပါ….။

နောက်ဆုံးတော့ ကိုယ့်ကိုချစ်ခင်သော သူတစ်ယောက်ရဲ့ ခန့်မှန်းပေးမှုနဲ့ ကိုယ်သိခွင့်ရသွားခဲ့ပါတယ်…..။ မင်းပြောသွားတဲ့ အသံတိတ်စကားလုံးတွေဟာ ...
“မဆုံနိုင်တဲ့လမ်းကိုဆက်လျှောက်ရင် ဆူးညှောင့်ခလုတ်တွေ များလိမ့်မယ်”တဲ့…..။ မင်းပေးသွားတဲ့ မက်ဆေ့ချ်ဟာဘာလဲသေသေချာချာမသိပေမယ့် ဒီခန့်မှန်းချက်က အမှန်ဆိုတာ ကိုယ်သိနေတယ်…။ 

မဆုံနိုင်တဲ့လမ်းကို ကိုယ်လျှောက်နေတာမဟုတ်ရပါဘူးကွယ်….။ မဆုံနိုင်တဲ့လမ်း မဖြစ်နိုင်တဲ့ သူနှစ်ယောက်အကြောင်းကို ကိုယ်တတ်ကျွမ်းသော အနုပညာနဲ့ ခံစားနားလည်သလောက်ကလေးကို စကားလုံးတွေနဲ့ဖန်တီး တင်ပြနေချင်းသက်သက်ပါ…။


မိုးငွေ့


Monday, 1 April 2013

မီးမီးစားဖြစ်ခဲ့တဲ့ မနက်စာတွေ.....

နို့ခဲကြော်+ကော်ဖီ



ငချိပ်ခေါပုတ်+ပဲခေါပုတ်+ရှမ်းပဲငပိ+ကော်ဖီ



အသားလုံးဂျုံဆီချက်(တာချီလိတ်ကမောင်လေးပို့ပေးတဲ့ ဂျုံခေါက်ဆွဲ+မုန်ညင်းချဉ်)



 
မာမားခေါက်ဆွဲ ကောင်းမှကောင်း



ရှမ်းပြည်က အမေအလည်ပြန်တော့ သယ်လာတဲ့ နှီးဒေါင်းလန်း ထမင်းကြိမ်ဗန်းကြီးပါ... အိမ်မှာ အခုအဲဒါနဲ့ထမင်းစားကြတယ် ဟင်းတွေက ဘာဟင်းတွေလဲဆိုတော့ အမဲသားနှပ်+ပဲသီးကြော်+ငါးပိထောင်းနဲ့သရက်သီးတို့စရာ ပန်းကန်လုံးထဲက အ၀ါက ရှမ်းထမင်းချဉ်ပါ



ခေါက်ဆွဲသုတ်+ကော်ဖီ



ကော်ဖီခွက်အောက်ခံ Disney ရဲ့ ဇာတ်ကောင်လေး Stitch


ပျောရွှင်ချမ်းမြေ့သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ....


မိုးငွေ့



Thursday, 28 March 2013

ဝက်သားပူစီနံသုပ်+ငါးပိထောင်း+ငှက်ပျောသီးအချိုပွဲ


 


ပြီးခဲ့တဲ့ နှစ်ရက်က ပိတ်ရက်ဆိုတော့ အိမ်မှာဟင်းချက်စားဖြစ်တယ်....။ ခုတလော မီးဖိုချောင်နဲ့ဝေးနေတယ်....။ တပေါင်းလပြည့်နေ့တုန်းက ဘုရားမသွားဖြစ်ဘူး လူများလို့...။ ဒါနဲ့ တပ်မတော်နေ့မနက်ပိုင်းကို တစ်မိသားစုလုံးဘုရားသွားကြတယ်... ဒုတိယမောင်လေးရဲ့မွေးနေ့လည်း ဟုတ်တယ်လေ ..မွေးနေ့ရှင်ကတော့ ဒီမှာမရှိဘူး မန်းလေးရောက်နေတယ်...။ ဘုရားဖူးပြီး မနက်စာသွားစားကြတယ်... Royal Garden မှာ...။ အိမ်ပြန်ရောက်တော့ ဆယ်နာရီခွဲကျော်နေပြီ နေ့လည်စာချက်ဖို့ရေခဲသေတ္တာထဲမှာ ၀က်သားတွေ့တာနဲ့ ၀က်သားကြော်သုပ်လုပ်စားမယ် စိတ်ကူးရသွားတယ်...။ ဈေးထဲမယ် ညီမလေး နှင်းဆီပန်းဝယ်တာ လိုက်သွားရင်းနဲ့ ရခိုင်ငှက်ပျောသီး လှတာလေးရလို့ တစ်ဖီးဝယ်ခဲ့တယ်... ငှက်ပျောပေါင်းစားချင်နေတာကြာပြီ... ပြီးတော့ ငှက်ပျောကြော်လုပ်မယ့် အမှုန့်ထုပ်ကလည်းရှိနေပြီးသား ဆိုတော့ စမ်းလုပ်ဦးမယ်ပေါ့...။

ဝက်သားပြားတွေကို ဟင်းခတ်မှုန့် ပဲငံပြာရည်အကြည်နဲနဲနဲ့ နာရီဝက်နှပ် ထားလိုက်တယ်...။ နှပ်နေတဲ့အချိန် အသုပ်ထဲထည့်ဖို့ အစာပလာလေးတွေကို အဆင်သင့်လုပ်ထားရတယ်...။ မုန်လာဥနီတစ်လုံးနဲ့ သခွားသီးတစ်လုံးကို အခွံခွာ အမျှင်ခြစ်ထား..။ ခရမ်းချဉ်သီး တစ်လုံးခွဲကို ပါးပါးလှီး ပူစီနံ့တစ်စီးကို ရေဆေးထား...။ အချဉ်ရည်အတွက် ငရုတ်သီးဆော့+နှမ်းလှော်ထောင်း+ ငါးငံပြာရည်+ သံပုရာသီး+ ငရုတ်သီးစိမ်းကို ရေနဲနဲနဲ့ဖျော်ထားတာ တစ်ခွက်လုပ်ထားပါတယ်...။ ၀က်သားပြားကို မကပ်တဲ့ဒယ်မှာ ကျက်အောင်ကြော်.... အအေးခံပြီးရင် အရှည်လိုက်လေးတွေ လှီးပြီး အဆင်သင့်လုပ်ထားတဲ့အစာပလာထဲရောထည့် အချဉ်ရည်လောင်းထည့်ပြီး ခပ်ဖွဖွလေးနယ်လိုက်ရင် ရပါပြီ....။




ငါးပိထောင်းစပ်စပ်လေး သံပုရာရည်ညစ်ထားတယ်...  



 ဒါက ထမင်းစားပြီးလို့ ရှူးရှူးရှဲရှဲဖြစ်တော့ 
အစပ်ပြေ အချိုပွဲ အုန်းနို့ခပ်ပျစ်ပျစ် နှမ်းမဲဖြူးထားတဲ့ ငှက်ပျောပေါင်း


 


ရခိုင်ငှက်ပျောသီးကိုးလုံး (ကျန်တာကို ငှက်ပျောကြော်လုပ်ဖို့ချန်ထားတာ) သကြားထမင်းစားဇွန်းငါးဇွန်း ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် အုန်းနို့တစ်ဗူး(ရယ်ဒီမိတ်) ။ သကြားကိုရေနဲနဲနဲ့ အရင်ကြိုပြီး စစ်ထားပါ...။ ပြီးမှ အုန်းနို့ သကြားရည်နဲ့ဆား ကိုပြန်ရောပြီး ဆူအောင်တည်မယ်...။ ငှက်ပျောသီးကိုဖန်ရည်ကုန်အောင် ကင်မွန်းရွက် မကျည်းရွက်တို့နဲ့ တရေပြုတ်ထားပြီး ရရင်အခွံခွာထားပါ..။ အုန်နို့ပွက်ပွက်ဆူတဲ့အထဲ ငှက်ပျောသီးထည့်ပြီး မီးမြေ့မြေ့နဲ့ မိနစ်နှစ်ဆယ်လောက်တည်ရင် ချိုမွှေးဆိမ့်နေတဲ့ငှက်ပျောပေါင်းရပါပြီ...။


 အမြင်လည်းလှ စားချင်စရာလည်းကောင်းတဲ့ ယိုးဒယားငှက်ပျောကြော်...ကြွပ်ကြွပ်ရွရွလေး
 နေ့လည် နေ့ခင်း သရေစာလေးတစ်ပွဲပေါ့


 City Mart က၀ယ်ထားတဲ့ ရယ်ဒီမိတ် ငှက်ပျောကြော်အမှုန့်... ဂျုံ+သကြား+အုန်းသီးဖတ်+နှမ်း


 ဂျုံမှုန့်ကို ခပ်ပျစ်ပျစ်အနေရေနဲ့ရောပြီးဖျော်ထားတာ



 ငှက်ပျောသီးတစ်လုံးကို လေးလွှာလွှာထားတာ...



နှစ်ရက်ဆက်ပိတ်ထားတော့ ရုံးဖွင့်ဖွင့်ချင်းအလုပ်တွေရှုပ်နေတာ... ဒီပို့်စ်ကိုတောင် မနည်းအချိန်လု တင်ရတယ်...။ အဲလို ကိုယ့်ကိုအားပေးတဲ့ ကိုယ်ချစ်တဲ့ စာဖတ်သူတွေကို အဆက်မပြတ်ချင်တာပါ...း)


မိုးငွေ့



Saturday, 23 March 2013

အဝါရောင်အလွမ်း……






နွေဦးလေပြေနဲ့အတူ သံစဉ်လှလှတွေက နူးညံ့တိုးတိတ်စွာ ကိုယ့်ကိုခေါ်ဆောင်သွားကြတယ်……….
လွမ်းစရာကောင်းလိုက်တာ……………


အဝါဖျော့ရောင် နေခြည်နုနုအောက်မှာ အချစ်လိပ်ပြာကလေးတွေ ဝဲပျံနေကြတာကို တခဏ ငေးမောနေကြည့်မိတယ်….။ စိတ်တွေထဲမှာ အလွမ်းတွေက သိပ်သိပ်သည်းသည်းလေးပင်လွန်းလို့ ထိုင်နေရင်း ပင်ပန်းလာတယ်…။ ရော်ဝါတွေကလည်း လေအဝေ့မှာ တဖြုတ်ဖြုတ်ကြွေလွင့်လို့ရယ်…….။ ရွက်နုအစို့ကလေးတွေပေါက်နေတဲ့ စကားပင်ကိုင်းပေါ်မှာ အညိုဝါကျား ငှက်ကလေးတစ်ကောင်က ခါတိုင်းလို တေးမဆိုဘဲ နှုတ်ဆိတ်လို့ ငြိမ်ငြိမ်ကလေးနားနေတယ်…..။ 

အရောင်တွေထဲမှာ အဝါရောင်ကို ကိုယ်မကြိုက်ဘူး….။ အလွမ်းရောင်တွေဟာ အဝါရောင်လား…..။ ဒါဆို ကိုယ့်ဘဝမှာ အဝါရောင်တွေက အချိန်ဘယ်လောက်ကြာအောင်ရှိနေမလဲ…..။ ကိုယ်မနှစ်သက်ပါဘူးဆိုတဲ့ အရောင်ကို စွဲလန်းလာမိတဲ့ နေ့အထိလား…..။ 

ကိုယ့်ဆီမှာ ကိုယ်ပိုင်တဲ့ အဝါရောင်အသုံးအဆောင်ပစ္စည်းတွေက လက်ချိုးရေလို့ရနိုင်တယ်….။ ကိုယ့်မှာ တီရှပ်အဝါရောင်တစ်ထည် ရေခဲသားလို ပျော့ပျော့လွင့်လွင့်နဲ့ ရင်ဘတ်မှာ အတွန့်အဖတ်ကလေးပါတဲ့ အဝါရောင် ဘလောက်စ်အင်္ကျီတစ်ထည် အဝါရောင်ပိုက်ဆံအိတ် တစ်လုံးရယ်….. ရွှေတွင်းဝါလို့ခေါ်တဲ့ ကျောက်နဲ့ခတ်ထားတဲ့ လော့ကက်သီးရယ် လက်စွပ်တစ်ကွင်းရယ်ပဲရှိတာ…။ အဝါရောင်တွေကို တစ်နှစ်လုံးနေမှ ကိုယ်တစ်ကြိမ်နှစ်ကြိမ် ဝတ်ဆင်ဖူးတာ….။ မသိစိတ်ကများ အဝါရောင်ဟာ အလွမ်းရဲ့ အရောင်လို့ကြိုသိနေခဲ့လို့များလား…..။ ဒါပေမယ့်လည်း ကိုယ်မနှစ်သက်ပေမယ့်လည်း အဝါရောင်က ကိုယ့်အိပ်မက် ကိုယ့်အတွေး ကိုယ့်စိတ်ကူး... နောက်ဆုံး ကိုယ့်ဘဝကိုတောင်မှ လွှမ်းမိုးထားချင်တော့တာ……။ 

မနက်စောစော နေခြည်အရောင်ကလည်းအဝါရောင်….....
နွေနေ့ခင်းပြင်းပြင်းပြပြနေရောင်ကလည်း အဝါရောင်….......
မြေပြင်ပေါ်ကြွေခနေတဲ့ သစ်ရွက်တွေကလည်းအဝါရောင်…......
ရေကန်ထဲကူးလူးသွားလာနေတဲ့ ရွှေငါးတစ်ချို့ကလည်းအဝါရောင်…...... 
ကိုယ်ကော်ဖီသောက်တဲ့ ပြူတင်းပေါက်မှာလာနားတတ်တဲ့ ငှက်ကလေးရဲ့လည်ရစ်မှာ အဝါစင်းကလေးပါတယ်….။ ညနေသုံးနာရီအချိန်ကလည်း အဝါရင့်ရောင်သန်းနေတယ်….။ ညနေအိမ်ပြန်ရောက်လို့ ဖျော်သောက်မိတဲ့ လီမွန်သီးကလည်း အဝါရောင်….။

အဝါရောင်ဆိုတာ အခြေခံအရောင်ခုနှစ်ရောင်ထဲမှာ ပါသလား ကိုယ်သေချာမသိပါဘူး….။ သေချာတာကတော့ မင်းဆိုတဲ့ အဖြူရောင် အပေါ် ကိုယ့်ရဲ့ အညိုရောင်ဆေးစက်တွေ စွန်းထင်သွားလို့ အဝါရောင်ဖြစ်ပေါ်လာခဲ့ရတာ…။


မိုးငွေ့
 

Wednesday, 20 March 2013

ခုတလော....

တဂ်ပို့စ်မရေးရတာကြာပါပြီကောလား....။ အရင်ချိန်ခါတုန်းက မသက်ဝေတဂ်တဲ့ပို့စ်တွေကို ဘလော့ဂ်ဂါတွေ တပျော်တပါးကြီး လိုက်ရေးကြတာကိုလွမ်းမိပါရဲ့...။ ခုပို့စ်ကို မနော်(မနောဟရီ)က မသက်ဝေကိုတဂ်ထားတဲ့ပို့စ်လေး...။ မသက်ဝေက ဘလော့ဂ်ဂါတိုင်းအတွက် တဂ်ပို့စ်ပါဆိုတော့ ကိုယ်လည်း အားရဝမ်းသာစွာနဲ့ရေးတော့တာပဲ...။ တကယ့်မူလရင်းမြစ်က မခဥမဆီကလာတာ ဖြစ်ပါလိမ့်မယ်.....။ ဘာလို့လဲဆိုတော့ မနေ့တုန်းကမှ ခုတလော(ကိုယ့်ဘာသာကိုယ်တဂ်သည်) ဆိုတဲ့ ခင်ရဲ့ပို့စ်ကိုသွား ဖတ်လာခဲ့ရတာကိုး...။ ဒီနေ့တော့ ကိုယ့်ဘလော့ရိုးလ်မှာ မသက်ေ၀ နဲ့ မအိန္ဒြာ တို့ရေးထားတာတက်လာတယ်....။ ဖဘမှာလဲ မကေသွယ်နှုတ်စ်ရေးထားတာတွေ့လိုက်တယ်...။ မသက်ဝေဆီက မေးခွန်းလေးတွေကိုပဲ ပြန်ကူးပြီး ဖြေထားတာပါ...။

ခုတလော....

တွေးနေမိတာက -
(၁)ဘယ်တော့လောက်မှ မုန့်ဖုတ်ခြင်းအလုပ်ကိုစတင်ရမလဲလို့...(ပစ္စည်း ကိရိယာသံဇာပလာတွေကို ဝယ်စုဆောင်းနေတာ ခုထိမပြည့်စုံသေးဘူး)

(၂)Small Business လေးတစ်ခုလောက်ဘာလုပ်ရင်ကောင်းမလဲလို့ (ဥပမာ မုန့်ဆိုင် အလှပြုပြင်ဆိုင်,
ဒေါ်စောယုနွယ်ကတော့ ဟောထားတယ် ညည်းကိုယ်ပိုင်နာမည်နဲ့မုန့်လုပ်ရင် အောင်မြင်မယ်တဲ့...ဟိ ခုထိတော့ မုန့်တွေကအကောင်းတိုင်းမဖြစ်သေး ပျက်နေတာချည်းပဲ)

ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက -
ကိုယ်အသက်ကြီးပြီ.... လုပ်ချင်ဖြစ်ချင်တာဘာမှရေရာရာရာမလုပ်ဖြစ်သေးဘူး

ကျန်းမာရေး -
ဒီလိုပဲအကောင်းဆုံးဖြစ်အောင် ဂရုစိုက်ရတာပဲ ဘာမှကြီးကြီးမားမားတွေမဖြစ်ချင်ဘူး မခံစားချင်ဘူး...ခုခေတ်ကသိတယ်မှုတ်လား...ဆရာဝန်တွေရဲ့အစမ်းသပ်ခံဖြစ်ရမှာတော့ ကြောက်တယ်

ဖတ်ဖြစ်တဲ့စာအုပ်တွေက -
Real Life Real Story ဆိုတဲ့ တစ်နှစ်မှာ ခြောက်အုပ်ပဲထွက်တဲ့ မဂ္ဂဇင်းဖတ်ဖြစ်တယ်...
မွေးနေ့တုန်းက ကိုယ့်မိတ်ဆွေလည်းဟုတ် ကိုယ့်အလုပ်မှာလဲ လင့်ခ်ရှိတဲ့ ကိုယ့်ဘလော့စာဖတ်သူလဲဖြစ်တဲ့ အစ်မတစ်ယောက်ဆီက လက်ဆောင်ရထားတဲ့ ခင်နှင်းယုရဲ့ မဂ္ဂဇင်းဝတ္ထုရှည်စာအုပ်ကိုဖတ်နေတယ် မပြီးသေးဘူး.. တော်တော်ကောင်းတယ်...။

ရောက်ဖြစ်နေတာက -
ဘယ်မှသိပ်မရောက်ဖြစ် မွေးနေ့တောင် ဘုရားမရောက်ဖြစ်တာလေ...ပိတ်ရက်နှစ်ရက်ဆက်တာရှိတယ် သွားချင်တဲ့နေရာကတော့စုံနေတာ...

နားထောင်ဖြစ်နေတာက -
ချမ်းချမ်းဆိုထားတဲ့ “အိန်ဂျယ်တွေစောင့်ရှောက်တဲ့အချစ်”

ရွတ်နေဖြစ်တဲ့ကဗျာက -
စာရေးဖြစ်နေပေမယ့် ကဗျာကတော့ ကိုယ်နဲ့ဝေးပါတယ်...

ဖြစ်ချင်နေတာက -
ပန်းကလေးတစ်ပွင့်ဖြစ်ချင်မိတာပါပဲ....

စားဖြစ်နေတတ်တာက -
ပိန္နဲသီးဟင်း ညောင်ချဉ်ဖူး စွယ်တော်ရွက် ခေါပုတ် (ရှမ်းပြည်ကအစားတွေကို သံဈေးထဲလျှောက်ဝယ်ပြီး စားဖြစ်နေတယ်)
ဟိုတလောက လက်ဆောင်ရထားတဲ့ မွှေးပြီး ဆိမ့်သက်နေတဲ့ ကော်ဖီ

သနားနေမိတာက -
အသက်အရွယ်ကြီးရင့်လာပေမယ့် (တချို့ဆိုနောက်ဆုံးအချိန်ရောက်တဲ့အထိ) ကိုယ်ကိုယ်ကို ရှာဖွေမတွေ့တဲ့သူတွေ

လွမ်းနေမိတာက -
ပြောနေစရာလိုသေးလားကွယ်....

မေ့လျော့ပစ်နေရတာက -
စကားပြောရင် “ဒုက္ခပဲ”လို့ ထည့်မပြောမိအောင်

ခါးသက်နေမိတာက -
ကိုယ်ကိုယ်ကိုပဲထင်တယ် တွေဝေလွန်းလို့ မပြတ်သားလွန်းလို့လေ...

တမ်းတနေမိတာက -
အမြဲတမ်းစိတ်ချမ်းသာ ကြည်လင်လန်းဆန်းနေဖို့ကိုပဲ....

ကြိတ်ပြီးချီးကျူးနေမိတာက -
ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကို စိတ်ရောကိုယ်ပါ ပင်ပင်ပန်းပန်း တကုပ်ကုပ်ကြိုးစားလုပ်နေတဲ့ကိုယ်နဲ့မွေးနေ့တူတဲ့ အချစ်ဆုံးညီမလေးတစ်ယောက်ကိုပဲ...

ကြိတ်ပြီးအထင်သေးနေမိတာက -
မရှိဘူးထင်တာပဲ...လူတိုင်းမှာ အကောင်းဆုံးအရည်အချင်းကိုယ်ဆီရှိကြတာပဲ

ဆန္ဒမရှိတဲ့နေရာ -
လူအုပ်ကြီးကိုကြောက်တယ် အသက်ရှူကြပ်လို့ (လာမယ့် 23 th March လေးဖြူ +++ ဆီးဂိမ်းရံပုံငွေရှိူးကိုသွားကြည့်ချင်တာ ခုံနဲ့ဘာနဲ့ဆို သွားမယ်စိတ်ကူးမိတယ် ခုတော့ မတ်တပ်တဲ့)

ဆန္ဒရှိနေတဲ့ကိစ္စ -
အကောင်အထည်ဖော်ဖို့ အချိန်+ငွေ++ 

မုန်းတီးနေမိတာက -
လူဖြစ်ရတဲ့ဒုက္ခ

ချစ်နေတာက -
မနှစ်ကတည်းက လက်ဆောင်ရထားတဲ့ ကြောင်ရုပ်သော့တွဲလေး (ဟိုတလောက အံဆွဲသော့ခတ်ပြီး အိတ်ထဲပြန်အထည့်မှာ အိတ်ထဲမရောက်ဘဲ ကွန်ပြူတာစားပွဲလေးအောက်ကျသွားလို့ ကိုယ့်မှာ နှစ်ရက်လောက် အိမ်မှာရော အိတ်တွေအကုန်လုံးထဲမှာပါ ရှာလိုက်ရတာ)

စိတ်ပျက်နေမိတာက -
ဟန်ဆောင်မှုတွေ...အပိုစကားတွေ...

စွဲလန်းနေမိတာက -
ရေပြင်လှိုင်းလုံးကြီးပေါ်မှာ ပက်လက်ကလေးနဲ့ ကောင်းကင်ကိုမျက်နှာမော့ပြီး နေဝင်ချိန်ကို လိမ္မော်ရောင်နေလုံးကြီးနဲ့အတူ လိုက်ပါစီးမျောရတဲ့အချိန်

လိုအပ်နေတာက -
ကိုက်နေတဲ့ခေါင်းကို အသာအယာ shampoo လုပ်ပြီး နှိပ်နယ်ပေးမယ့်သူ (ဆိုင်မသွားချင်ဘူး ပျင်းတယ်)

ရောက်နေတဲ့နေရာက -
ခုထက်ထိ နေရာမှာရပ်နေတုန်းပဲလေ..

နက်နက်နဲနဲပြန်စဉ်းစားနေမိတာက -
ကိုယ့်ကိုယ်ကို အချိန်တွေဖြုန်းတီးနေတယ်လို့...

နိဂုံးချူပ်လိုက်တော့ -
တဂ်ပို့မရေးဖြစ်တာကြာလို့ ခုလို မမသက်ဝေနဲ့မနော် တဂ်လာတာကို ရေးရတာ ပျော်နေတယ်...

ချစ်ခင်ရပါသော ဘလော့ဂ်ဂါ အစ်ကိုကြီး အစ်မကြီး မောင်ငယ် ညီမငယ်များလည်း ဆန္ဒရှိရင် ရေးပေးကြပါလို့.....။



မိုးငွေ့