Sunday, 12 March 2023

အကြော်ပူပူလေးတွေရမယ်......

အကြော်သည် အဒေါ်ကြီးစီးထားတဲ့ ဖိနပ်ကတော့ CW (Commune Wear) ကပါလို့ 
ကြော်ငြာဝင်လိုက်ဦးမယ်


ကျမတို့ ရုံးနားမယ် အိန္ဒိယလူမျိုး အဒေါ်ကြီးတစ်ယောက်ရဲ့ အကြော်တဲလေးတစ်ခုရှိတယ်... ။ တကယ်က သူအကြော်ရောင်းနေတာကြာလှပြီ ကျမက သူ့ဆီကတစ်ခါမှဝယ်မစားဖြစ်ဘူး ...။ နေ့လည်နေ့ခင်းဗိုက်ဆာရင် ဈေးထဲက ရခိုင်မုန့်တီသုပ် နဲ့ မနက်ခင်းကရောင်းမကုန်တဲ့ အကြော်တွေကိုပဲဝယ်စားဖြစ်နေတာ...။ အခုကျ အဲနားလေးက အုန်းစိမ်းရည်နဲ့ ကြံရည်ရောင်းတဲ့ လင်မယားဆီက ကြံရည်လေးသွားဝယ်သောက်ရင်းနဲ့ အဲအဒေါ်ကြီးဆီက အကြော်တွေဝယ်စားဖူးသွားတာ...။ ခုနွေရောက်ပြီဆိုတော့ ရာသီဉတုကပူအိုက်လောင်မြိုက် ထမင်းစားမကောင်း သရေစာတွေပဲစားချင်နေ နေပူပူမှာ ကြံရည်အေးအေးလေးသောက်လိုက်ရတာ အရသာကိုရှိ..။ တကယ်က ကျမ ကြံရည်မသောက်ဖြစ်တာနှစ်ချီနေပြီ... ကြံရည်သောက်ရင် ဘီပိုး စီပိုး ဘာညာကူးတတ်တယ် မသန့်ဘူးဆိုလို့ မသောက်ဖြစ်တာ မနှစ်က သီတင်းကျွတ်တုန်းက ပုဂံသွားတော့မှ ပုဂံဘုရားတစ်ဆူရဲ့ အပြင်ဖက်မှာရောင်းတဲ့ ကြံရည်ဆိုင်မှာပြန်စသောက်တာပဲ..အဲတုန်းက ပူလို့သာသောက်လိုက်တာ ကြံရည်က သိပ်မချိုဘူး...။ အခု ရုံးနားက ဈေးရှေ့က အသည်မှာ ကြံရည်ကချိုအေးမွှေးနေရောပဲ...။ 


အလုပ်မကောင်းတော့ နေ့ခင်းပိုင်းလေး အချိန်ပိုင်းအကြော်သည်လုပ်ပါတယ်


တကယ်ပြောချင်တာက အိန္ဒိယအကြော်သည် အဒေါ်ကြီးဆီက အကြော်တွေက ဈေးလည်းမဆိုးဘူး ခုခေတ် ဆီဈေးကြီးနေချိန် သူများတွေ အကြော်တစ်ခု ၂၅၀/- ၃၀၀/- ရောင်းတာ သူက တစ်ခု ၂၀၀/-  အကြော်တွေက တစ်ခုတစ်ခုလည်း အကြီးကြီးပဲ...။ ငှက်ပျောကြော် ဗူးသီးကြော် ဘရာကြော် မတ်ပဲကြော် ပြောင်းဖူးကြော် ကြက်သွန်ကြော် ခုဆို ငါးကြော်တောင်မှရသေးတယ် ....။ ငါးမြီးတံသွယ် ငါးလေးတွေကို မုန့်နှစ်နဲ့ကြော်တာ....။ သူ့အချဉ်ရည်ကတော့ အရမ်းအကောင်းကြီးထဲကမဟုတ်ဘူး...။ ဂါလံပုံးငရုတ်ဆီချဉ်ကိုမှ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ မချည်းနှစ်နဲ့ ပြန်စပ်ဖျော်ထားတာ...။ သူ့ဆီအကြော်သွားဝယ်တိုင်း သူတစ်ယောက်ထဲ မုန့်နှစ်စပ် အကြော်ကြော် ဝယ်သူလာရင် ထည့်ပေးနဲ့ လက်မလည်ရှာဘူး...။ သူ့သမီးဆိုတာကလည်း အကြော်တဲထဲထိုင် ဖုန်းသုံးနေတာ ဇာတ်ကားပဲကြည့်နေတာဆိုပြီး ညည်းတယ်...။ တစ်ရက်မှာ အကြော်ထပ်သွားဝယ်တော့ သူတစ်ယောက်ထဲကြော်နေတာတွေ့လို့  ကျမကဝင်ကူပေးတာ သူအချဉ်စပ်နေတုန်း အကြော်ဝင်ကြော်ပေးတာ ဝယ်သူတွေကို ထည့်ပေးတာလုပ်ပေးလိုက်တယ် ကိုယ်တိုင်ကလည်း ငယ်ကတည်းက အမေနဲ့ ဈေးရောင်းခဲ့ဖူးတော့ ဒါမျိုးကလည်း ဝါသနာပါနေတော့ ကြော်ချင်တာလေ...။ အဲလိုလုပ်တော့ ကလေးတုန်းက ရွာမှာ မုန့်သွားစားတိုင်း မုန့်လင်မယားဆို ဝင်ကြော်လိုက်တာပဲ ခေါက်ဆွဲဆိုလည်း တစ်ခါတစ်လေဆိုင်ရှင်မအားရင် ကိုယ့်ဘာသာကိုယ်ထည့်လိုက်တာပဲ ပြီးတော့ ကျမတို့ဆီမှာ ရှမ်းမုန့်ဆီကြော်ဆိုတာရှိတယ်...။ ဗမာမုန့်ဆီကြော်လို ဆီများများနဲ့တော့မကြော်ရဘူး ...။ ကောက်ညှင်းဆန်ကြိတ်ထားတဲ့ မုန့်နှစ်နဲ့ ကြံသကာရောထားတဲ့ မုန့်နှစ်ခပ်ပျစ်ပျစ်ကို ဆီနဲနဲထည့်ထားတဲ့ ဒယ်ပူပူထဲ ဟင်းခတ်ဇွန်းကြီးတစ်ဇွန်းခတ်ထည့် နှမ်းနဲနဲဖြူး အုန်းသီးပါးပါးလှီးထားတာလေး သုံးလေးဖတ်ထည့်ပြီး သံယောင်းမနဲ့ ခပ်ပြားပြားအချပ်ဖြစ်အောင်ရိုက်ပေးရတယ် ဟိုဖက်ဒီဖက်လှန်ပေး နီညိုရောင်သန်းလာရင် စားလို့ရပီ... ။ တအားမကျွတ်ဘူး ပါးပါးပျော့ပျော့ ချိုချိုလေးနဲ့ စားကောင်းတယ်...။ အဲလိုမုန့်မျိုး ခုဖက်ခေတ်မှာ လုပ်ရောင်းသေးလားမသိတော့ဘူး....။ အဲဒါမျိုးဆိုလည်း ကျမက ဝင်လုပ်လိုက်တာပဲ တကယ်က ကလေးတုန်းက ဆော့ချင်တာလည်းပါတာပေါ့.... အဲလို...။ ပြောချင်တာကများပြီး တကယ်ပြောပြမှာက ချော်ချော်သွားတယ်...။ အကြော်သည်အဒေါ်ကြီးကိုစပ်စုကြည့်တော့ သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ် လင်ယောကျာ်းကမရှိတော့လို့ ကလေးတွေကို ငယ်ကတည်းက အနီးကပ်သွန်သင်ဆုံးမတာမလုပ်ခဲ့ရဘူး ကလေးကျောင်းစရိတ်ပဲ ငွေရှာနေရလို့တဲ့...။ ကလေးတွေ အလုပ်မလုပ်ချင်တဲ့အကြောင်း အလုပ်လုပ်ဖို့ စိတ်မဝင်စားတဲ့အကြောင်းတွေညည်းပြတာပေါ့...။ 

ဒါနဲ့ ကိုယ့်ကလေးဘဝလေးကို ပြန်တွေးကြည့်မိတယ် ငါကလေးတုန်းက တော်တော်ငယ်ငယ်ကတည်းက ငါ့အမေ ငါ့အဖွားတွေက တော်တော်လေးခိုင်းခဲ့တာပဲလို့...။ ကျမငယ်တုန်းက အလုပ်စလုပ်ရတာ အသက် ၆နှစ် ၇နှစ်အရွယ်ကတည်းက မိုးလင်းလာရင် မောင်လေးရဲ့ နို့ဗူးလေးတွေကို ဆေးကြောပြီး ရေနွေးအိုးနဲ့ပြုတ်ရတယ် ထင်းမီးမွေးရတယ် ရေနွေးအိုးကျိုရတယ် အိမ်မကြီးနဲ့ ပေတစ်ရာကျော်လောက်ဝေးတဲ့ ရေတွင်းကနေ လက်အသားမာတက်တဲ့အထိရေငင်ပြီး အိမ်သာကို ရေပုံးသေးသေးလေးနဲ့ ရေခပ်ဖြည့်ရတယ်...။ တကယ်က ကျမတို့အိမ်မှာ အိမ်အကူ ကလေးထိန်း အဝတ်လျှော်တဲ့သူ အကုန်ရှိတယ်..။ ဒါပေမယ့် လူကြီးတွေက အလုပ်လုပ်တတ်အောင် ကြီးလာရင် အကုန်တတ်အောင်လို့ ထရိန်းပေးလိုက်တာလို့ ကျမမြင်တယ်...။ အဲဒါလေးကို ခုပြန်တွေးတော့ ကျေနပ်မိတယ် တခါတခါကျ ခုခေတ်ကလေးတွေ အပြည့်အစုံနဲ့ သုံးချင်တာသုံး အခွင့်အလန်းတွေအများကြီးရှိကြတာတွေ့တော့ ငါတို့တုန်းကများ ဇိမ်မကျလိုက်တာဆိုပြီး စိတ်ခုမိတယ်...။ ခုခေတ်ကလေးတွေက သူငယ်တန်းကနေ တချို့ဆို တက္ကသိုလ်ရောက်တဲ့အထိ အိမ်က မိဘက လိုက်ပို့နေရတုန်း...။ ကိုယ်တွေတုန်းကများ သူငယ်တန်းတောင် အမေက လိုက်မပို့ပေးဘူး သူများကလေးတွေနဲ့သွားရတာ ကြည့်ဦး ပထမဆုံးကျောင်းတက်ရက်တောင်...။ ဒါပေမယ့် ကိုယ့်အားကို ကိုးတတ်အောင် သင်ပေးလိုက်လို့ လူကြီးတွေကို တကယ်ကျေးဇူးတင်ပါတယ်...။ 

အကြော်သည်သုံးတဲ့ အကြော်ကြော်တဲ့ သံယောင်းမနဲ့ဂေါ်က လက်ကိုင်တိုနေလို့ ဝါးတုတ်တံရှည်ရှည်နဲ့ကြော်သင့်တယ်လို့ အကြံပေးခဲ့လိုက်သေးတယ် နေဦးအိမ်မှာ အဲလိုဝါးတံဝယ်ထားတာရှိရင်လာပေးမယ်လို့ပြောခဲ့သေးတာ .... ကဲ....။


__________________
Revolution will prevail
မိုးငွေ့


Wednesday, 8 March 2023

International Woman's Day




International Women's Day (IWD) is a global holiday celebrated annually on March 8 as a focal point in the women's rights movement, bringing attention to issues such as gender equalityreproductive rights, and violence and abuse against women.[3][4]

Spurred on by the universal female suffrage movement, IWD originated from labor movements in North America and Europe during the early 20th century.[5][6][7] The earliest version was purportedly a "Women's Day" organized by the Socialist Party of America in New York City February 28, 1909. This inspired German delegates at the 1910 International Socialist Women's Conference to propose "a special Women's Day" be organized annually, albeit with no set date;[8] the following year saw the first demonstrations and commemorations of International Women's Day across Europe. After women gained suffrage in Soviet Russia in 1917 (the beginning of the February Revolution), IWD was made a national holiday on March 8;[9] it was subsequently celebrated on that date by the socialist movement and communist countries. The holiday was associated with far-left movements and governments until its adoption by the global feminist movement in the late 1960s. IWD became a mainstream global holiday following its adoption by the United Nations in 1977.[10]

International Women's Day is commemorated in a variety of ways worldwide; it is a public holiday in several countries, and observed socially or locally in others to celebrate and promote the achievements of women.[11]

The UN observes the holiday in connection with a particular issue, campaign, or theme in women's rights.[6] In some parts of the world, IWD still reflects its political origins, being marked by protests and calls for radical change; in other areas, particularly in the West, it is largely sociocultural and centered on a celebration of womanhood.[12]


: Source from Wikipedia















 




_______________________
Revolution will prevail
မိုးငွေ့

Monday, 27 February 2023

Angel Number 12.....



ပြောချင်တာက အိန်ဂျယ်နံပါတ်(၁၂).... သူက ကျမကို ကြီးစိုးနေတာ တစ်နှစ်ကျော်သွားပြီ စမ်းသပ်မှုတွေတော်လောက်ပြီ အချိန်တန်ပြီ အချိန်စေ့ပြီလို့ထင်တယ်...။ 

၂၀၂၂ နှစ်လယ်ပိုင်းထိ ကျမရဲ့ ရစ်သမ်က မှန်နေတာ တစ်နေ့တာရဲ့ နိစ္စဓူဝတွေ သူ့အချိန်နဲ့သူလုပ်သွားတာ...။ ညဖက် ဘုရားမရှိခိုးခင် သောက်တော်ရေချမ်း ဆီမီး ပန်း အမွှေးနံသာ ကပ်လှူပူဇော်ပြီး ဘုရားဦးချကန်တော့ ဩကာသရွတ် နတ်ပင့် မေတ္တာသုတ်ရွတ် အမျှဝေ အဲဒါတွေလုပ်ရင် ကိုယ်စောင့်နတ်(၁၂)ပါးကိုပါ အမြဲပင့်ဖိတ်လေ့ရှိတယ်...။ ခုတော့ ကျမကို အိန်ဂျယ်နံပါတ်ဆယ့်နှစ်က ဒါတွေလုပ်စရာမလိုတော့ဘူးလို့ လာတိုက်တွန်းနေသလို ကျမရဲ့ မှန်နေတဲ့ စည်းချက်တွေကိုဖျက်လိုဖျက်စီး ဘာမှမယ်မယ်ရရမလုပ်ချင်မကိုင်ချင်ဖြစ် စိတ်တွေလေ ခုတော့ အချိန်စေ့ပြီထင်တယ်... ရစ်သမ်ပြန်မှန်ဖို့အချိန်ကျပြီလို့ ကျမထင်တယ်..။ ကိုယ့်ကိုယ်ကို ဘာဖြစ်နေလဲ အမြဲစမ်းစစ်ပြီး ပြုပြင်စရာရှိပြုပြင်ပြောင်းလဲပစ်ရမယ်...။ ဒါဟာ အသိတရာလေးရှိနေသေးတယ်ဆိုတဲ့သဘောပဲ...။ ဒါတောင် ဒီလောက်အချိန်အကြာကြီးဖြစ်သွားခဲ့တာ...။

အောက်မှာ လူတစ်ယောက်ဆီမှာ ကိုယ်စောင့်နတ်(၁၂)ပါး ရှိကြတယ်ဆိုတာ သိဖို့သက်သက်ရေးပြတာပါပဲ.... သိပြီးသားလည်းဖြစ်ချင်ဖြစ်မယ်...။ 

၁။ သတ္တဘာဂ နတ် - နဖူးစာရေးမှတ်သည်။

၂။ သူရဿတီ နတ် - ပညာကို ပွားစေတတ်သည်။

၃။ သကျ နတ် - စည်းစိမ်ဥစ္စာကို ပေးစေတတ်သည်။

၄။ မဟိရာဇာ နတ် - အိပ်မက်ကို ပေးစေတတ်သည်။

၅။ ဝါမသူရ နတ် - နိမိတ်ကို ပြတတ်သည်။

၆။ ဇနသူရ နတ် - အလှူပေးသည်ကို မှတ်တတ်သည်။

၇။ ကရဝါ နတ် - ကာမသုခကို ပေးစေတတ်သည်။

၈။ ယောတိက နတ် - သွားလေရာလိုက်၍ စောင်မတတ်သည်။

၉။ ကလျာဏမိတ္တ နတ် - ကောင်းသောစကားကို မှတ်သားတတ်သည်။

၁၀။ စန္ဒာဒေဝီ နတ် - ကျက်သရေကို စောင့်တတ်သည်။

၁၁။ နရိန္ဒာဒေဝီ နတ် - အိပ်သောအခါ ဦးခေါင်းရင်းက စောင့်တတ်သည်။

၁၂။ ကာလကဏ္ဏီ နတ် - နတ်ယုတ်မာမကောင်းမှုကိုတိုက်တွန်းတတ်သည်။


Angel No.12 @ Evil  ရေ.... "နှုတ်မဆက်နဲ့ဂွတ်ဘိုင်" ဧကရီရဲ့ သီချင်းနဲ့စပြီး အဲသီချင်းနဲ့ ငါတို့ပြန်အဆုံးသတ်ကြမယ်...။


________________
Revolution will prevail
မိုးငွေ့


Friday, 24 February 2023

ဟင်းငုတ်ပွင့်သုပ်.....




ဝမ်းတွင်းမှာနေတဲ့ ကျမတို့ရုံးကညီမတစ်ယောက်ဆီက လက်ဆောင်ရတာ ရေနွေးဖျောပြီးသုပ်စားကောင်းတယ်တဲ့ ပထမရက်ကသူ အိမ်ကသုပ်လာတာကိုမြည်းကြည့်ပြီးပြီ တော်တော်ကောင်းတာ အဲဒါဘာပွင့်ခြောက်ဆိုပြီးသူပြောတယ် မမှတ်မိလိုက်ဘူး နောက်နေ့ပိတ်ရက်ကျ အိမ်မှာလုပ်စားကြည့်တော့ ဟင်းချက်နည်းပို့စ်တွေမတင်ဖြစ်တာကြာပြီတင်လိုက်ပါဦးမှလို့စိတ်ကူးမိတာနဲ့ အဲအပွင့်နာမည်လေးလှမ်းမေးရတယ် "ဟင်းငုတ်ပွင့်" အစ်မတဲ့....။ ဪ... ဟင်းငုတ်ပွင့်လို့ ပါးစပ်ကရွတ်ရင်း ငါလည်းမကြားဖူးတဲ့အပွင့်ပဲလို့ဆိုပြီး Google မှာရှာတော့မှ သခွပ်ပွင့်တဲ့ ...။ ကိုယ်တွေက သခွပ်ပွင့် သခွပ်ပန်း အမြဲကြားဖူးနေတာ အရင်ကလည်း ရုံးမှာ ခင်ဦးသူတစ်ယောက်ရှိတော့ မြူရွက်သုပ်စားဖူးတယ် အဲတုန်းက သခွပ်ပွင့်ခြောက်သုပ်လည်းစားဖူးတယ် မေ့နေတာ...။ အဲတော့မှာ သခွပ်ပွင့်ကို တချို့နယ်တွေက ဟင်းငုတ်ပွင့်လို့လည်းခေါ်ကြတယ်ဆိုတာ သိရတယ်...။ အညာဖက်မှာက အသီးအရွက်တွေကို အခြောက်လုပ်ပြီး တစ်နှစ်ပတ်လုံး သိမ်းဆည်းစားသောက်ကြတာလို့ ကြားဖူးတယ် ဗူးသီးခြောက် ခရမ်းသီးခြောက် ခရမ်းချဉ်သီးခြောက် စတာတွေကအစပေါ့...။ 

သခွပ်ပွင့်ခြောက်ကို လက်တစ်ဆုပ်စာယူပြီး ရေတစ်ထပ်ဆေးလိုက်တယ် သဲတွေခဲတွေစင်အောင်လို့  ပြီးကျမှ ရေနွေးဆူဆူထဲ ၃မိနစ်လောက်ထည့်ပြုတ်ပြီး ရေအေးမှာ ပြန်စိမ် ရေကိုဇကာစစ် ညှစ်ထုတ်ပြီး ပါးပါးလှီးထားပါ ကြက်သွန်နီ မြေပဲနှမ်းထောင်း ငရုတ်သီးစိမ်း နံနံပင် ဆီချက် ဆားအချိုမှုန့် သံပရာသီးညှစ်ပြီး သေချာနယ်လိုက်ပါ ဝါးလိုက်ရင် ဇက်တောက်တောက်လေးနဲ့စားလို့ကောင်းတယ်...။ အရသာက ဆိမ့်ဆိမ့်လေးပဲ...နည်းနည်းသက်တယ်ဆိုရုံလေး...။ နှစ်သက်ရင် အရောင်စုံအောင် ခရမ်းချဉ်သီး အစိမ်းဖြစ်ဖြစ် အမှည့်ဖြစ်ဖြစ် ပါးပါးလှီးထည့် သတ်သက်မလွတ်ရင်တော့ ပုစွန်ခြောက်မှုန့် ငံပြာရည်ဘာညာနဲ့ ခါတိုင်းအသုပ်တွေသုပ်သလိုပဲ လုပ်စားလို့ရပါတယ်...။ 

ကျမက အခု သက်သတ်လွတ်ပြန်စားနေတာ တကယ်က စားဖို့အစီစဉ်မရှိသေးဘူး အစထဲကရည်ရွယ်ထားတာလဲ အသက် ၅၀ကျမှ ရာသက်ပန်စားမယ်လို့ပဲ...။ ခုက Instagram မှာ Vegan သို့ ၁၀ ပတ်ဆိုပြီး ကြော်ငြာတွေတက်တက်လာတော့ အဲဒါလေးကိုစိတ်ဝင်စားပြီး Register ဝင်လုပ်လိုက်တယ်...။ Vegan စားတဲ့သူတွေ ပျော်အောင် ဘာတွေချက်စားလို့ရတယ် အသားမပါလည်း အဟာရဖြစ်အောင် ဘယ်လိုတွေစားလို့ရတယ် စသဖြင့်သူတို့က အီးမေးလ်ကတစ်ဆင့် လမ်းညွှန်ပေးမှာဖြစ်ပါတယ်...။ နိုင်ငံတကာအတွက် ပါဝင်ချင်တဲ့သူတွေအတွက်  Vegan Outreach မှာသွားလေ့လာလို့ရပါတယ်...။ အစာအဟာရဟာ လူတစ်ယောက်တစ်ဦးချင်းဆီအတွက် အင်မတန်အရေးကြီးပါတယ် ဗိုက်ဝမှ အလုပ်ကောင်းကောင်းလုပ်နိုင်မှာမဟုတ်လား...။ အစာစားခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ခွန်အားဖြစ်စေပါတယ် ....။ ကိုယ်စားလိုက်တဲ့အစားစာက တစ်လုတ်ဆိုသလို စားမကောင်းရင် စိတ်ကထိကအောက်ဖြစ်ပြီး စိတ်မပျော်တော့ဘူး...။ အစားကောင်းစားနေရတဲ့ချိန်ဆို လူတိုင်းပျော်ရွှင်မှုကိုရကြတယ်...။ အစားကောင်းစားရရင် ကိုယ်ချစ်ခင်တဲ့သူတွေကို သတိရတတ်တယ်ဆိုတာ ကြားဖူးတယ်မလား...။ 

Vegan စားတဲ့သူတွေအတွက် ကျမတို့နိုင်ငံမှာတော့ သီးသီးသန့်သန့် စားသောက်ဆိုင်တွေမတွေ့သေးပါဘူး...။ Vegan သမားစစ်စစ်ဟာ အသားအပြင် နို့  နို့ထွက်ပစ္စည်းနဲ့ ဉတွေကိုပါမစားကြပါဘူး...။ အရင်ကျမ စားနေကျသက်သတ်လွတ်က နို့နဲ့ ဉတွေစားသေးတယ် အသားတစ်ခုပဲရှောင်တာ...။ အခုက Strong ပိုဖြစ်တယ်...။ ခါတိုင်းလို ကော်ဖီဆိုင်သွားရင် နို့ပါတဲ့ ကော်ဖီနဲ့ မုန့်တွေစားလို့မရတော့ဘူး...။ သူများနိုင်ငံမှာတော့ Vegan သမားတွေအတွက် သီးသန့်ကော်ဖီဆိုင် ဘာဂါဆိုင်တွေ ပေါင်မုန့်ကိတ်မုန့်ဆိုင်တွေရှိတယ် ကော်ဖီသောက်ရင် Latte, Cappuccino တို့မှာ နို့အစား ပဲနို့ကိုသုံးပါတယ် ဘာဂါအသားအစားထိုး စားတော်ပဲကိုသုံးပါတယ် ထောပတ်ဆီအစား ဟင်းရွက်ဆီ နဲ့ ကြက်ဉအစား ထောပတ်သီးကိုသုံးပါတယ် အဲလိုမျိုးပေါ့....။

အခု ကျမ သူတို့နဲ့ Vegan နဲ့အတူ ၁၀ ပတ်ခရီးစထွက်ပါမယ်...။ ရည်ရွယ်ချက်ကတော့ အသားစားတာကိုလျော့ကျစေဖို့ အသီးအရွက်များများစားဖြစ်အောင်လို့နဲ့ ကိုယ့်ကျန်းမာရေးအတွက်ရော ဆိုပါတော့...။ သားသတ်လွတ်အစာနဲ့ အပင်ထွက်အစာတွေ စားသုံးခြင်းဟာ ကမ္ဘာကြီးနဲ့ ကျမတို့ကိုယ်တိုင်ရဲ့ ကျန်းမာရေးကို အထောက်အကူအများကြီးပေးနိုင်ကြောင်းလည်း သွားလေ့လာလို့ရပါတယ်..။ ဒီတလော သွေးတိုးနေတာ အပေါ်သွေး ၁၅၀‌ အောက်သွေး ၉၅, အောက်သွေးများရင် လေဖြတ်နိုင်တယ် နဂိုကလည်း မျိုးရိုးရှိတော့ ဂရုစိုက်ရတယ် အငံစားတာလျှော့....။ Vegan နဲ့ ခရီး ၁၀ ပတ်ထွက်ပြီးလို့စိတ်ပါရင် ကျမ ဆက်စားဖြစ်ဦးမှာပါ...။  သီအိုရီအရဆို ကျမရည်မှန်းထားတာ ကြံစည်ထားတာဟူသမျှ အမြဲနှစ်နှစ်စောစော လုပ်ဖြစ်နေတယ်...။ ဒီလိုဆို ကိုယ့်သက်တမ်းကို ၁၅ နှစ်လို့သတ်မှတ်ထားတာလဲ နှစ်နှစ်စောမလားမသိ (ဘယ်သူမှတော့ ကိုယ်ဘယ်နေ့သေမယ် သေချာမသိပေမယ့်)....။ 











 

__________________
Revolution will prevail
မိုးငွေ့


Monday, 20 February 2023

နွေဦး.....(၁၃)


 

မိုးငွေ့နဲ့အတူ နွေဦးရဲ့ ဖြစ်တည်ရှင်သန်မှုဟာ တစ်ဆယ့်သုံးနှစ်တိုင်ခဲ့ပြီ.....။

ဘယ်တုန်းကမှ ရိုးအီမသွားတဲ့....
ဘယ်တုန်းကမှ ငြီးငွေ့မသွားတဲ့....
ဘယ်တုန်းကမှ ပျောက်ကွယ်မှေးမှိန်မသွားတဲ့....
ခံစားမှုတွေ.... 
ရသတွေ.....
လွမ်းဆွတ်တသမှုတွေ.....
မြူမှုန်တွေကြားက အိမ်မက်ငွေ့ငွေ့တွေဟာ နွေဦးရောက်တိုင်း ဝေ့ဝဲရောက်လာတတ်ကြတယ်.....။

ပြီးတော့ နွေဦးနဲ့သက်ဆိုင်တဲ့ အရာအားလုံးလည်း နှစ်စဉ် မပြောင်းမလဲရှိနေဆဲ....


Miss You Angel...

Still flying.....
Still loving.....


___________________
Revolution will prevail
မိုးငွေ့


Wednesday, 15 February 2023

ယုဇနတွေပွင့်ပြီ.....



ခုတလော မယ်မယ်ရရ ဘာမှလည်းမလုပ်ဖြစ် စာလည်းသေချာမရေးနိုင် မီးဖိုချောင်လည်းမဝင်ဖြစ်တာကြာလှပေါ့ ဟင်းချက်နည်း မုန့်လုပ်နည်းပို့စ်ရေးဖို့ဆို..ဝေးရော...။ ညည ဗီဒီယိုတွေလျှောက်ကြည့် အရင်လို စီးရီးတွဲတွေ ရုပ်ရှင်တွေမကြည့်ဖြစ် စာလည်းမဖတ်ဖြစ် စာအုပ်ပုံကတော့ ခေါင်းရင်းဘေးမှာ အိပ်ခါနီး ရနံ့ကုထုံးဖယောင်းတိုင်လေးတွေ အနည်းဆုံးတစ်နာရီလောက်ထွန်းဖြစ်တယ် အိပ်ခါနီး Skin Care တယ် သီချင်းခနနားထောင်တယ် လူကအကျင့်တွေပျက် ငပျင်းကျ....။ အရင်လို အချိန်ဇယားနဲ့ ပြန်လုပ်ရမလားလို့တွေးပြီးလည်း လုပ်ရမှာပျင်း အမလေး ငါ့မလဲ The Ant အဖွဲ့က ငပျင်းသီချင်းတောင်ကြားယောင်လာမိ...။ လူတွေဟာ အသက်ကြီးလာလေ ပိုပျင်းလာကြလေပဲတဲ့ စာထဲမှာ ဖတ်ဖူးတယ် တကယ်ဟုတ်နေပြီလား...။ ညာဖက်လက်တစ်ခုလုံးထုံကျင်နေတဲ့ ဝေဒနာကိုခံစားနေရတာ သုံးပတ်လောက်ရှိပြီ ဘယ်ဖက်လက်မောင်းနာတုန်းကလိုမျိုးပဲ ပခုံးလက်မောင်းနာတဲ့အပြင် ညာလက်မကနေလက်မောင်းရင်းထိ ထုံနေတာကြီးရော....။ ရုံးကညီမလေးတစ်ယောက်ကတော့ ထွန်းရွှေဝါ အကြောထုံကျင်လိမ်းဆေးဆီလေးတစ်ပုလင်းပေးတယ် လိမ်းပြီး အသားထဲစိမ့်ဝင်အောင်ပွတ်ပွတ်ပေးတဲ့....။ တစ်ခေါက်ပဲလိမ်းတယ် ပျင်းပြီးဆက်မလူးဖြစ်တော့ဘူး...။ ဟိုတစ်ခါ ဆရာဝန်ပြသွေးစစ်ပြီး ခြောက်လနေသွေးပြန်စစ်ခိုင်းထားတာလဲ မစစ်ဖြစ်ပါဘူး...။ အဲတုန်းကလိုပဲ သွေးကြောထဲမှာ ချေးတွေပိတ်ဆို့နေတာ သွေးအဆီကျဆေး ဘာညာသောက်ရမယ်ထင်တယ်...။ တကယ်က လေ့ကျင့်ခန်းမှန်မှန်လုပ်သွေးကြောပွင့်အောင်လုပ်ရင် အဆင်ပြေပြီပဲ ကိုယ်တိုင်ကလေ့ကျင့်ခန်းလုပ်တာမမှန်...ကဲ...။ ယောဂလည်းမလုပ်ဖြစ်တာ ဘယ်လောက်ကြာပြီလည်း ရေလည်းအေးလို့ဆိုပြီးမကူးဖြစ် လမ်းလည်းမလျှောက် .....။ အဲတော့ ဖြစ်တာ ခံပေါ့...။ ပြီးတော့ ဝက်ဆီဖတ်ကလည်းကြိုက်သေးတယ်....။ ဆီကြော်မစားနဲ့ရှောင်ဆို ခနပဲ စားတာပဲ လက်ဖက် အကြော် အာလူးကြော်.....။

ခေါင်းစဉ်တပ်ထားတော့ ယုဇနတွေပွင့်ပြီတဲ့.... ပြီးတော့ ရေးချင်တာရေးနေတာ....။ တလောက ယုဇနပင်လေးတစ်အိုးလက်ဆောင်ရတယ်...။ အဲဒါလေးကို အိုးလှယ်မယ်ဆိုပြီး ရုံးကိုယူလာ ရေကူးကန်နားထားတာ ရက်တော်တော်ကြာသွားခဲ့တယ်...။ အခု ပန်းလေးကို ဂရုတစိုက်ရေလောင်းပေါင်းသင်ပေးမယ့်သူရှိတော့ အိုးလေးပြန်ယူမယ်ကွာဆိုပြီးသွားကြည့်တော့ အရွက်ကလေးတွေက ကြီးမလာ သေးသေးကွေးကွေး အဖူးလေးတွေကလည်း သေးသေးဝါဝါလေးတွေထွက်နေတာတွေ့တယ် အဲဒါနဲ့ပြန်မ'သွားလိုက်တယ်...။ ပန်းလေးကို အခုပြန်ဂရုစိုက်တော့ ပွင့်ထွားစွင့်ကားနေပြီ...။ တခါက ကျမကို ယုဇနပန်းလေး ဖက်ကလေးနဲ့ထုပ်ပြီးလက်ဆောင်လာပေးတုန်းက အဲယုဇနက အပွင့်ကလေးတွေမွှေးတဲ့အပြင် အရွက်ကိုလက်နဲ့ချေလိုက်ရင်ထွက်လာတဲ့ အနံ့ကပိုလို့တောင်မွှေးနေသေးတာ အဲအနံ့လေးရေမွှေးထုပ်ချင်လိုက်တာလို့ တွေးမိသေးတယ်...။ တစ်နေ့နေ့ပေါ့နော် ယုဇနရေမွှေးလေးထုတ်ရောင်းတာပေါ့...။ ဒါမှမဟုတ် ဖယောင်းတိုင်လေးလုပ်ရောင်းမယ် အဲရနံ့နဲ့....။  ခုစိုက်ထားတဲ့ ယုဇနက အရွက်တွေမမွှေးဘူး ဘာမျိုးစိပ်လည်းမသိ မျိုးနွယ်စုမတူလို့ပဲဖြစ်မယ်...။ အပွင့်လေးတွေလှပေမယ့် ဖက်ရွက်လေးနဲ့လက်ဆောင်ရတုန်းက ယုဇနလောက်မမွှေးဘူး...။ အခုစိုက်တဲ့ ယုဇနပွင့်ဖတ်လေးတွေက အဖျားချွန်ချွန်လေးတွေ အရင်ကျမမြင်ဖူးတဲ့ ယုဇနက ပွင့်ဖတ်ဝိုင်းဝိုင်း ....။


___________________

Revolution will prevail
မိုးငွေ့

Thursday, 9 February 2023

In The Mirror.....



2/2/2023 မှာတင်ထားတဲ့ မချစ်ပို့စ်ကိုဖတ်ပြီး ကိုယ့်ကိုယ်ကိုမှန်ထဲပြန်မြင်ရသလိုပဲ....။ ကျမနဲ့မချစ်က ရာသီခွင်မတူပေမယ့်မွေးတဲ့လတော့တူတယ်....။ အမူအကျင့်စိတ်နေစိတ်ထား အလွန်အန်မတန်နီးစပ်ကြတယ်လို့ ယူဆလို့ရတယ်...။ Sister from another mother တွေပေါ့....။ 

မချစ်ရေးထားတာလေးပဲ ပြန်ယူပြီးရေးပြရမယ်ဆို.....

ကျမက ခေါင်းမာတယ်...

အမှားအမှန်ဆိုတာကို လူတွေဆုံးဖြတ်တဲ့အတိုင်း မလိုက်နာချင်သူ

ကိုယ်လုပ်ချင် ဇွတ်တိုးလုပ်တတ်သူ

လမ်းချော်သွားလည်း လမ်းမှန်ပေါ်ပြန်မတက်ဘဲ ချော်တဲ့အတိုင်း ကိုယ်ကြိုက်ရင်ဆက်လျှောက်တတ်သူ..

ကျမရဲ့အားနည်းချက်ကလည်း ကိုယ့်ကိုယ်ကို အပြစ်တင်တတ်သူပဲ 

အားနာတတ်တယ်, ယုံလွယ်တယ်, ကိုယ်လုပ်ချင်ပြီဆို သာတယ်နာတယ် မတွက်တော့ဘူး...။ 

ဒီလိုနဲ့ များလာတဲ့ ဒဏ်ရာတွေကို ကျေကျေနပ်နပ်ပဲလက်ခံလိုက်တယ်...။

ပြန်ပြင်လို့ရမယ့် အတိတ်ကိုပြန်သွားလို့ရမယ်ဆိုရင်တောင် I Say No ပဲ....။

တခါတလေ မာနကြီးချင်တယ် အထူးသဖြင့် ချစ်ရတဲ့သူတွေအပေါ် မာနထားတတ်ချင်တယ်... 

CKA  ပြောသလိုပဲ ရယ်စရာပဲဖြစ်ဖြစ်သွားတဲ့ စိတ်ကူးတစ်ခုမျှပါပဲ ဘာလို့ဆို 

ကျမလေ.... 

ကျမက ကျမဖြစ်နေလို့ပဲ...

အခါပေါင်းများစွာ သဘောကောင်းရတာ လွယ်ပေးလိုက်ရတာတွေဟာ ကိုယ့်တန်ဖိုးကို သူများချနင်းဖို့ ခင်းပေးလိုက်ရတာမျိုးဖြစ်တတ်တာလေ မဟုတ်လား...။

ပန်းဖြစ်ရမယ်ဆို ရနံ့မမွှေးလည်း ဆူး သို့မဟုတ် အဆိပ်တော့ ရှိချင်တယ်....။


Credit to CKA


__________________
Revolution will prevail
မိုးငွေ့