ခုတလော မယ်မယ်ရရ ဘာမှလည်းမလုပ်ဖြစ် စာလည်းသေချာမရေးနိုင် မီးဖိုချောင်လည်းမဝင်ဖြစ်တာကြာလှပေါ့ ဟင်းချက်နည်း မုန့်လုပ်နည်းပို့စ်ရေးဖို့ဆို..ဝေးရော...။ ညည ဗီဒီယိုတွေလျှောက်ကြည့် အရင်လို စီးရီးတွဲတွေ ရုပ်ရှင်တွေမကြည့်ဖြစ် စာလည်းမဖတ်ဖြစ် စာအုပ်ပုံကတော့ ခေါင်းရင်းဘေးမှာ အိပ်ခါနီး ရနံ့ကုထုံးဖယောင်းတိုင်လေးတွေ အနည်းဆုံးတစ်နာရီလောက်ထွန်းဖြစ်တယ် အိပ်ခါနီး Skin Care တယ် သီချင်းခနနားထောင်တယ် လူကအကျင့်တွေပျက် ငပျင်းကျ....။ အရင်လို အချိန်ဇယားနဲ့ ပြန်လုပ်ရမလားလို့တွေးပြီးလည်း လုပ်ရမှာပျင်း အမလေး ငါ့မလဲ The Ant အဖွဲ့က ငပျင်းသီချင်းတောင်ကြားယောင်လာမိ...။ လူတွေဟာ အသက်ကြီးလာလေ ပိုပျင်းလာကြလေပဲတဲ့ စာထဲမှာ ဖတ်ဖူးတယ် တကယ်ဟုတ်နေပြီလား...။ ညာဖက်လက်တစ်ခုလုံးထုံကျင်နေတဲ့ ဝေဒနာကိုခံစားနေရတာ သုံးပတ်လောက်ရှိပြီ ဘယ်ဖက်လက်မောင်းနာတုန်းကလိုမျိုးပဲ ပခုံးလက်မောင်းနာတဲ့အပြင် ညာလက်မကနေလက်မောင်းရင်းထိ ထုံနေတာကြီးရော....။ ရုံးကညီမလေးတစ်ယောက်ကတော့ ထွန်းရွှေဝါ အကြောထုံကျင်လိမ်းဆေးဆီလေးတစ်ပုလင်းပေးတယ် လိမ်းပြီး အသားထဲစိမ့်ဝင်အောင်ပွတ်ပွတ်ပေးတဲ့....။ တစ်ခေါက်ပဲလိမ်းတယ် ပျင်းပြီးဆက်မလူးဖြစ်တော့ဘူး...။ ဟိုတစ်ခါ ဆရာဝန်ပြသွေးစစ်ပြီး ခြောက်လနေသွေးပြန်စစ်ခိုင်းထားတာလဲ မစစ်ဖြစ်ပါဘူး...။ အဲတုန်းကလိုပဲ သွေးကြောထဲမှာ ချေးတွေပိတ်ဆို့နေတာ သွေးအဆီကျဆေး ဘာညာသောက်ရမယ်ထင်တယ်...။ တကယ်က လေ့ကျင့်ခန်းမှန်မှန်လုပ်သွေးကြောပွင့်အောင်လုပ်ရင် အဆင်ပြေပြီပဲ ကိုယ်တိုင်ကလေ့ကျင့်ခန်းလုပ်တာမမှန်...ကဲ...။ ယောဂလည်းမလုပ်ဖြစ်တာ ဘယ်လောက်ကြာပြီလည်း ရေလည်းအေးလို့ဆိုပြီးမကူးဖြစ် လမ်းလည်းမလျှောက် .....။ အဲတော့ ဖြစ်တာ ခံပေါ့...။ ပြီးတော့ ဝက်ဆီဖတ်ကလည်းကြိုက်သေးတယ်....။ ဆီကြော်မစားနဲ့ရှောင်ဆို ခနပဲ စားတာပဲ လက်ဖက် အကြော် အာလူးကြော်.....။
ခေါင်းစဉ်တပ်ထားတော့ ယုဇနတွေပွင့်ပြီတဲ့.... ပြီးတော့ ရေးချင်တာရေးနေတာ....။ တလောက ယုဇနပင်လေးတစ်အိုးလက်ဆောင်ရတယ်...။ အဲဒါလေးကို အိုးလှယ်မယ်ဆိုပြီး ရုံးကိုယူလာ ရေကူးကန်နားထားတာ ရက်တော်တော်ကြာသွားခဲ့တယ်...။ အခု ပန်းလေးကို ဂရုတစိုက်ရေလောင်းပေါင်းသင်ပေးမယ့်သူရှိတော့ အိုးလေးပြန်ယူမယ်ကွာဆိုပြီးသွားကြည့်တော့ အရွက်ကလေးတွေက ကြီးမလာ သေးသေးကွေးကွေး အဖူးလေးတွေကလည်း သေးသေးဝါဝါလေးတွေထွက်နေတာတွေ့တယ် အဲဒါနဲ့ပြန်မ'သွားလိုက်တယ်...။ ပန်းလေးကို အခုပြန်ဂရုစိုက်တော့ ပွင့်ထွားစွင့်ကားနေပြီ...။ တခါက ကျမကို ယုဇနပန်းလေး ဖက်ကလေးနဲ့ထုပ်ပြီးလက်ဆောင်လာပေးတုန်းက အဲယုဇနက အပွင့်ကလေးတွေမွှေးတဲ့အပြင် အရွက်ကိုလက်နဲ့ချေလိုက်ရင်ထွက်လာတဲ့ အနံ့ကပိုလို့တောင်မွှေးနေသေးတာ အဲအနံ့လေးရေမွှေးထုပ်ချင်လိုက်တာလို့ တွေးမိသေးတယ်...။ တစ်နေ့နေ့ပေါ့နော် ယုဇနရေမွှေးလေးထုတ်ရောင်းတာပေါ့...။ ဒါမှမဟုတ် ဖယောင်းတိုင်လေးလုပ်ရောင်းမယ် အဲရနံ့နဲ့....။ ခုစိုက်ထားတဲ့ ယုဇနက အရွက်တွေမမွှေးဘူး ဘာမျိုးစိပ်လည်းမသိ မျိုးနွယ်စုမတူလို့ပဲဖြစ်မယ်...။ အပွင့်လေးတွေလှပေမယ့် ဖက်ရွက်လေးနဲ့လက်ဆောင်ရတုန်းက ယုဇနလောက်မမွှေးဘူး...။ အခုစိုက်တဲ့ ယုဇနပွင့်ဖတ်လေးတွေက အဖျားချွန်ချွန်လေးတွေ အရင်ကျမမြင်ဖူးတဲ့ ယုဇနက ပွင့်ဖတ်ဝိုင်းဝိုင်း ....။
___________________
မိုးငွေ့
No comments:
Post a Comment