Wednesday, 3 November 2021

Lack Vs Abundance Mentality.....



စာရေးဆရာမ မွန်ဟော်စီကို ကျွန်မတစ်ခါတစ်လေ ကြည့်တဲ့ Soulmate ရဲ့ ဖေ့ဘုတ်မှာ friend ဖြစ်နေတဲ့ ညီမတစ်ယောက်က အမြဲလိုလို ဆရာမရဲ့ စာလေးတွေကို ရှယ်ထားတာတွေ့လို့ ဝင်ဝင်ဖတ်ကြည့်ရင်းနဲ့  အခုဆိုသူ့ကို Followed လုပ်ထားလိုက်တယ်....။ ဒီနေ့တွေ့လိုက်တဲ့ ဆရာမစာလေးကိုကြိုက်လို့ ကျွန်မ ဘလော့မှာပြန်မျှဝေချင်တာနဲ့ တင်ပေးလိုက်ပါတယ်...။ ဆရာမရဲ့ "ဆက်၍မပွင့်တော့သောနှင်းဆီများ" စာအုပ်အခုဖတ်နေတယ် ဖတ်ပြီးသွားရင် နဲနဲပါးပါးလာပြန်ပြောပြမယ်....။ 

Giving is the secret source of Abundance ဆိုတဲ့ အဆိုလေးရဲ့အဓိပ္ပါယ်ကိုကြိုက်လို့ ဒီစာလေးကို မျှဝေဖြစ်သွားတာပါ...။ ပြည့်စုံကြွယ်ဝခြင်းရဲ့ လျှို့ဝှက်ချက် အရင်းအမြစ်က ပေးကမ်းလှူဒါန်းခြင်းပါပဲတဲ့.....။ မရှိလို့မလှူ မလှူလို့မရှိဆိုတာ မြန်မာစကားမှာပဲရှိတယ်မှတ်တာ....။ သူတို့မှာလည်း အဲလိုရှိသားပဲ ယုံကြည်ကြသားပဲပေါ့...။ လောကမှာ အရချည်းပဲ လိုချင်တပ်မက်မှုပဲရှိပြီး ပေးကမ်းရမှာ တွန့်တိုတတ်တဲ့သူတွေ ကျွန်မအနီးနား ပတ်ဝန်းကျင်မှာ အများကြီးတွေ့ဖူးတယ်....။ ကျွန်မက ငယ်စဉ်ကလေးဘဝကတည်းက လိုချင်တပ်မက်စိတ်ထက် သူများကိုပေးကမ်းချင်တဲ့စိတ်အမြဲရှိခဲ့တယ်... အဲဒီမွေးရာပါစိတ်ကလေးရှိနေတာအတွက် ကိုယ့်ကိုယ်ကို အမြဲအားရကျေနပ်မိတယ် ခုချိန်ထိပဲ....။  ဒီစိတ်က ကျွန်မရဲ့ အားနည်းချက်မဟုတ်ဘူးနော် တချို့က အဲဒါကိုအားနည်းချက်လို့ထင်ပြီး နင်းချင်ကြတယ်....။ ကျွန်မက အားမနာတတ်ဘူး ကျွန်မတကယ်ပေးချင်တဲ့သူဆို အပြီးအပြတ်ပေးလိုက်တယ် အဲဒီအတွက် သူတို့ဆီက ဘာတပြားတချပ်မှ ပြန်ပြီးမမျှော်လင့်ဘူး...။ ကျွန်မဆီကနေ ချေးငှားတာလဲ လက်မခံပါဘူး ပေးချင်တဲ့စိတ်စေတနာတကယ်ရှိရင်ပေးလိုက်မယ် လှူလိုက်မယ် စိတ်ထဲမပါတဲ့အရာဆို မပေးဘူး မလှူဘူး....။ 

ကျွန်မ သဘောကျတဲ့ အဲဒီမွေးရာပါစိတ်ကလေးဟာ အဖေ့ဆီကရတာလား အမေ့ဆီကရတာလား အဖေက စောစောစီးစီး လူ့လောကထဲကထွက်သွားတော့ သူ့စိတ်နေစိတ်ထားကို သေချာမသိလိုက်ဘူး...။ ဒါပေမယ့် အဖေ့စိတ်ကလေးကိုအမွေရတာပိုဖြစ်နိုင်တယ်...ဘာလို့လဲဆိုတော့ ကျွန်မအမေက ဗီယက်နမ် ကွန်မြူနစ်ဝါဒီ သွေးထဲနဲနဲစီးနေတာမို့ အဲလိုပေးကမ်းလှူဒါန်းတာတွေမှာ မရေက်ရောတတ်ဘူး လက်တွန့်တယ် ဆိုပါစို့....။ ကိုယ့်အမေအတင်းတုတ်လိုက်ဦးမယ် သီတင်းကျွတ်ကန်တော့လို့ မုန့်ဖိုးပေးရင်တောင် ဒီလောက်ပေးတာ များသွားပြီလား ပေးရမလား မပေးရဘူးလား တွေဝေတွက်ချက်သေးတာ....။ ကျွန်မကျတော့ အဲလိုဆို မလိုချင်တော့ဘူးပေးလဲ....။ 

ဒါနဲ့ပြောရဦးမယ် ဒီနှစ် သီတင်းကျွတ်တော့ လူကြီးတွေကို မကန်တော့ခင် ကျွန်မကို ရုံးက နှစ်တိုင်းကန်တော့နေကျ ကလေးမလေးရှိတယ် သံတွဲကရခိုင်မလေး ...ဗိုင်ဘာကနေ လှမ်းကန်တော့တယ်....။ ကိုးဗစ်ဖြစ်တာနှစ်နှစ်ရှိပြီဆိုတော့ ခုကအွန်လိုင်းကပဲကန်တော့ကြတော့တာမဟုတ်လား...။ အဲကလေးမလေးက ခု ကလေးမွေးသွားပြီ သားလေးမွေးတယ် သူလှမ်းကန်တော့တုန်းက မမွေးသေးဘူး... အဲဒါ သူကပထမဆုံးပဲ ကျွန်မကို ကန်တော့တာ Kpay နဲ့ မုန့်ဖိုးပြန်လွှဲပေးလိုက်တယ်....။ နောက်တစ်ယောက်က ကျွန်မကို Series တွေ ကောင်းတာတွေ့ရင် လင့်ပို့ပေးတတ်တဲ့ Mr. Sun Shine လေး သူလဲ Instagram ကနေ လှမ်းကန်တော့လို့  Kpay နဲ့ မုန့်ဖိုးလွှဲပေးတော့ သူကပျော်လို့....။ ဟိုတစ်ခါသူ ကျွန်မကိုမုန့်ဝယ်ကျွေးထားသေးတာလေ....(ချင်းပြည်ထန်တလန်မှာ မီးလောင်လို့ အဲမုန့်ဖိုးတွေ အကုန်လှူလိုက်ပြီတဲ့ သူတို့ကကိုယ်လှူမှစားရမှာ ကျွန်တော်က ကိုယ့်ဘာသာမုန့်ဝယ်စားနိုင်တယ်)တဲ့...။ အို... တော်လိုက်တာ စိတ်ထားလေး ကောင်းလိုက်တာ သူတို့ Generation လေးတွေက စိတ်ဓါတ်ကောင်းလိုက်တာ ပေးကမ်းမျှဝေချင်တဲ့ စိတ်စေတနာတွေ သင်ပေးစရာမလို  ကိန်းအောင်းနေကြတာ တကယ်လေးစားရပါတယ်... ။  

အဲလို အပြန်အလှန် စေတနာ မေတ္တာတွေရဲ့ အကျိုးပေးကောင်းလို့လား မန္တလေးကအဒေါ်တစ်ယောက်ကို လှမ်းကန်တော့တာ သူက အကောင့်ထဲ မုန့်ဖိုးနှစ်သိန်းလွှဲပေးတယ်...။  ကျွန်မ မုန့်ဖိုးလိုချင်လို့ ကန်တော့တာမဟုတ်ဘူး တကယ် ဂါရဝထားလို့ တစ်ချိန်က သူ့အိမ်မှာ ထမင်းစားခဲ့ဖူးလို့ ကျေးဇူးသိတတ်တဲ့အနေနဲ့ ကန်တော့တာ မနှစ်ကတည်းက အဲအဒေါ်က မုန့်ဖိုးပေးချင်နေတာ ကျွန်မက ''ကန်တော့ခံအရွယ်ဖြစ်နေပြီ မုန့်ဖိုးမပေးပါနဲ့ရပါတယ်အန်တီ"လို့ ယဉ်ယဉ်ကျေးကျေးပဲငြင်းဆိုခဲ့တာပါ....။ ဒီနှစ်တော့ မငြင်းတော့ဘဲ လက်ခံလိုက်တယ်....။ အန်တီသက်ရှည်ကျန်းမာပါစေ.....(သီတင်းကျွတ်မဟုတ်လဲ ခါတိုင်း မန္တလေးရောက်တိုင်း အဲအဒေါ်ကို အမြဲဝင်ကန်တော့နေကျ....) သူက ကျွန်မတစ်ယောက်ထဲပေးတာပေမယ့် ကျွန်မက အိမ်မှာမောင်နှမလေးယောက်ရှိတာ တစ်ယောက်ငါးသောင်းဆီပြန်ဝေလိုက်ပါတယ်....။ အဲလိုမျှဝေချင်တဲ့ ကျွန်မရဲ့စိတ်ကလေးကို ကျွန်မချစ်တယ်....။ 

တစ်ခုတော့ရှိတယ် ကျွန်မက ပြတ်သားတယ် အဒေါ်ထဲမှာတောင် ကိုယ်ဂါရဝမထားနိုင်တဲ့ မလေးစားတဲ့သူဆို လုံးဝမကန်တော့ဘူး..... ။  ဉပမာ ဟိုနေကြာပန်းအဖွဲ့ထဲ တစ်သက်လုံးကျွန်ခံနေတဲ့သူတွေပေါ့ နိုးပဲ လုံးဝမကန်တော့ပါ....အဲဒါအပြင် ကိုးဗစ်ကာလမှာ နေကောင်းလား ဘာလား လူမှုရေးအရတောင် မလုပ်တာထိပဲ....။ ကြဉ်တယ်ဆိုတာ အဲလို ပြတ်သားတဲ့စိတ်ရှိမှရမှာ သူက ငါ့အမျိုးပဲ သနားပါတယ်လေဆိုပြီးလဲမရှိဘူးကျွန်မကတော့...။ မောင်နှမထဲ အမျိုးထဲတောင် ကိုယ်က စိတ်မတွေ့ရင် Instagram မှာတောင် unfriend ချက်ချင်းလုပ်ပစ်တာ...။ 

ဒီလောက်ပါပဲ ဆရာမမွန်ဟော်စီ စာလေးအကြောင်းပြုပြီး ကိုယ်ရေးချင်ပြောချင်တာတွေများသွားပြီ.....။


_____________________

Revolution will prevail

မိုးငွေ့



@@@@@@@@@@@@



အိမ်မှာ အလုပ်လာလုပ်ပေးတဲ့ မိန်းကလေးကို ကျွန်မက လစဥ် ဆန်တစ်အိတ် ဆီတစ်ပုံးပါ ပေးပါတယ်..ဆန်တွေ ဆီတွေနဲ့ သူအိမ်ပြန်သွားတဲ့နေ့ဆိုရင် သူ့အိမ်နားဝန်းကျင်က လူတချို့ လာပြီး ဆန်လေးတွေ ဆီလေးတွေ ချေးကြတယ်လို့ ဆိုပါတယ်......။

ဘေးအိမ်က အဒေါ်ကြီးက ဆန်နှစ်လုံး ချေးသေးတယ်..သူ့သမီးဆီက လခရရင် ပြန်ဝယ်ပေးမယ်တဲ့..အိမ်ရှေ့က အစ်မကြီးက ဆီလေး နှစ်ဇွန်းလောက် ချေးသေးတယ်..စသည်ဖြင့် ကျွန်မကို ပြောပြတတ်တယ်..ဒါပေမဲ့..အေးအေး..ကတော့..ပြန်တောင်းမနေပါဘူး..ပြန်ပေးမနေနဲ့ဒေါ်ကြီး..ဆိုပြီး......လှူလိုက်တယ်... ပေးလိုက်တယ်လို့ ပြောပါတယ်..ကောင်းလိုက်တာ..မအေးလည်း မရှိတဲ့ကြားက လှူဖြစ်နေတာပေါ့..လို့ သာဓု ခေါ်လိုက်ရပါတယ်.....။

သူလည်း အဆင်ပြေတယ်မဟုတ်ဘဲ ရုန်းကန်နေရသူပါပဲ..သူ့အမျိုးသားလည်း အလုပ်မရှိရှာဘူး..ကလေးနှစ်ယောက်နဲ့ အိမ်ဌားခနဲ့ ရွာက မိဘတွေတစ်ခါတလေ ထောက်ပံ့ရတာနဲ့..တစ်ယောက်တည်း ပတ်ချာလည်ရိုက်နေတယ်..ဒီထဲကမှ သူရတာလေးတွေကို လျော့သွားမှာ..ကုန်သွားမှာ မစိုးဘဲ ပေးတယ်..ဝေတယ်ဆိုတာ စိတ်ဓာတ်အားဖြင့် ပြည့်စုံကြွယ်ဝတဲ့ Abundance Mentality ရှိလို့ပဲ ဖြစ်ပါတယ်.....။

မြန်မာစကားမှာတော့ မရှိလို့မလှူ..မလှူလို့မရှိ.. ဆိုပြီး ပြောကြတယ်.. အင်္ဂလိပ်စကားမှာတော့..Giving is the secret source of Abundance လို့ ဆိုကြတယ်.....။ Giving ဆိုတာ ပေးကမ်းခြင်းဖြစ်ပြီး.. Abundance ဆိုတာ ကြွယ်ဝ ပြည့်စုံခြင်းကို ဆိုလိုပါတယ်..ပြည့်စုံ ကြွယ်ဝခြင်းရဲ့ လျှို့ဝှက်ချက်.. အရင်းအမြစ်ဟာ.. ပေးကမ်းလှူဒါန်းခြင်းပဲ ဖြစ်ပါသတဲ့..ပေးလေ..ရလေပါပဲ.....။  Abundance Mentality ဆိုတာက ပြည့်စုံကြွယ်ဝတဲ့ စိတ်ဖြစ်ပါတယ်..တချို့ဆင်းရဲပေမဲ့ ပေးချင်ကမ်းချင်တဲ့စိတ်ရှိတယ်..တချို့ ချမ်းသာပေမဲ့ စေ့ကုပ်စေးနဲနေတဲ့သူရှိတယ်.....။ 

Abundance Mentality ရဲ့ ဆန့်ကျင်ဘက်..Lack Mentality ဆိုတာကိုတော့.. တိုရေရှားရေစိတ်ဓာတ်လို့ ပြောရမယ်ထင်ပါတယ်......။ Lack Mentality ကို Scarcity Mentality လို့လည်း ပြောကြတယ် ..ပါးရှားတဲ့ စိတ်မျိုးပေါ့..တစ်ခုခုကို မပေးချင်ဘူး..ကုန်သွားမှာစိုးတယ်..ငါ့အတွက်မလောက်ငှဘူး..မကျန်တော့မှာ စိုးတယ်.....စသည်ဖြင့် တွေးတောတတ်တဲ့ စိတ်ဟာ..Lack Mentality ပဲ ဖြစ်ပါတယ်..Fear Based ကြောက်ရွံ့ခြင်းမှာ အခြေခံတယ်..Energy တွေ ကျသွားတယ်......။

လှုဒါန်းပေးကမ်းခြင်းနဲ့ ပတ်သက်ရင် ငါ..တော့ သိပ်မလှုတော့ဘူး..လှုတာများသွားပြီ..စုထားတာထဲက လျော့သွားလို့မဖြစ်ဘူး..တော်ပါပြီလေ..တစ်ထောင်မလှုတော့ဘူး..တစ်ရာပဲ လှုတော့မယ်..စသည်ဖြင့် ရည်မှန်းထားတဲ့အတိုင်းမဟုတ်ဘဲ..လျှော့လှုတာ..ကန့်သတ်ချက်တွေနဲ့လှုတာ..သံသယတွေနဲ့လှုတာဟာ..Lack Mentality ပါပဲ.....။

တစ်ခါတလေကျတော့လည်း လူတွေမှာ Lack Mentality ကပိတ်ဆို့ကာဆီးနေတတ်ပါတယ်..ကျွန်မ ကိုယ်တိုင် အလှူနဲ့ ပတ်သက်ပြီး..စိတ်ထဲကပါသလောက် မလုပ်ဖြစ်ဘဲ..လုပ်ခါနီးမှ..လျှော့လိုက်တာမျိုးတွေရှိတယ်..ကိုယ့်ကိုယ်ကိုယ် သိပ်မကျေနပ်ဘူး..Limitation အကန့်အသတ်တွေနဲ့..လှူလိုက်တယ်.. အဲဒီအချိန်တုန်းက ကျွန်မရတဲ့ လာဘ်လာဘတွေဟာလည်း အကန့်အသတ်တွေနဲ့ပဲလာတယ်......။ ပိုက်ဆံဆိုတာ မသေသရွေ့ပြန်ရှာလို့ရပါတယ်..သေသွားရင် ရှာထားသမျှ မလှုလိုက်ရဘူး ဖြစ်နေမယ်ဆိုတဲ့ စိတ်နဲ့လှူလာတဲ့အခါ..ခုတော့..စိတ်ကပါသလောက်.. လက်ကရောက်တဲ့ Abundance Mentality ကို ရလာတယ်.....။

ကားထဲမှာ ဆန်..ဆီ..ခေါက်ဆွဲခြောက်စသည်ဖြင့် အထုပ်လေးတွေထည့်ထားပြီး..သွားလေရာမှာ..လိုအပ်တဲ့သူတွေ လှုပါတယ်..ဒါကိုသိတဲ့..လူတစ်ယောက်က ကျွန်မကို..ဆီလေးတစ်ပုလင်းလောက်ပေးပါ..လို့ ..တစ်ရက်ကအလှုခံလာတယ်.. သူ့ကို ဆီတစ်ပုလင်းသာမက..ဆီတစ်ပုံး ဆန်တစ်အိတ်ပါ ယူသွားပါလို့  ပြည့်စုံအောင်ပေးကမ်းနိုင်တဲ့..အတွက် ဝမ်းသာမိတယ်..စိန်တွေရွှေတွေမလှုနိုင်ပေမဲ့..ဆန်ဆီ..စားစရာလောက်တော့လှုနိုင်တယ်..အမြဲအသင့်ရှိနေတယ်......။ အားရပါးရပဲ လှူလိုက်ချင်တယ်..သူများတွေ အားရပါးရလှူတာတွေ့ရင်လည်း ဝမ်းသာမိတယ်.. .... .  ။

ပိုင်းလော့ဆရာတော်ကြီးကလည်း လှူတဲ့အခါ စလယ်ဆုံး ဖြူဖြူစင်စင် ပျော်ပျော်ရွှင်ရွှင် ဖြစ်ရမယ်လို့ ဆိုတာ နာဖူးတယ်......။ ဒီလိုပေးခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း အားရှိလာတယ်....Energy တွေရလာတယ်. မကုန်သွားဘူး..ထပ်ရလာဦးမယ်..ပေးလို့ရသေးတယ်ဆိုတဲ့ ယုံကြည်မှုလည်းပေါ်လာတယ်.... Trust Based ဖြစ်လာပါတယ်.....။ အများကြီး မချမ်းသာပေမဲ့ မခက်ခဲတော့ဘူး..လိုချင်တယ်လို့ စိတ်ကဖြစ်ရင် ပေးတဲ့သူပေါ်လာတာတွေလည်း မကြာခဏကြုံရတာ အမှန်ပါပဲ......။

Lack Mentality က Negative Energy ဖြစ်တယ်..Abundance Mentality ကတော့ Positive Energy ဖြစ်တယ်.....။ Abundance Mentality နဲ့ Lack Mentality ရဲ့ ကွဲပြားခြားနားချက်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်  Abundance Mentality ပြည့်စုံ ကြွယ်ဝသောစိတ်....။

Grateful ကိုယ့်ဘဝကို ကျေးဇူးတင်တတ်သလို..သူများအပေါ်လည်း ကျေးဇူးတင်တတ်တယ် Knows there is enough for everyone အားလုံးအတွက် လုံလောက်ပါတယ်လို့တွေးတယ်....။  Celebrates/ Recognises other people တခြားသူတွေကို အသိအမှတ်ပြုတယ်..ဝမ်းသာပေးတယ်...။  Focus and notice abundance in current life အခုလက်ရှိဘဝမှာ ရနေတဲ့အရာတွေကို သတိထားမိ မြင်မိတယ် ....။ Trust Based ယုံကြည်မှုကို အခြေခံထားတယ် ...။ Can Nourish your positive energy ကောင်းသော စွမ်းအင်တွေကို ပွားလာစေတယ် ...။


How can I serve others?

ကိုယ် ဘယ်လိုပေးရမလဲ စဥ်းစားနေတယ်..

Lack Mentality  တိုရေရှားရေစိတ်

Ungrateful  ကိုယ့်ဘဝကိုရော..သူများတွေကိုပါ..

ကျေးဇူးမတင်တတ်ဘူး  Knows there is not enough for everyone

ဘယ်သူ့အတွက်မှ လုံလုံလောက်လောက်မရှိဘူးလို့ တွေးတယ် 

Jelous of other people

မနာလိုစိတ်ရှိတယ်

Doesn't focus and notice abundance in current life

အခုလက်ရှိဘဝမှာ ရနေတာတွေကို မမြင်တတ်ဘူး

Feared based

ကြောက်ရွံစိတ်ကိုအခြေခံတယ်

Can deplete positive energy

ကောင်းသောစွမ်းအင်တွေ လျော့ကျသွားစေတယ်

What's in it for me ?

ကိုယ့်အတွက်ဘာရှိလဲပဲ စဥ်းစားတယ်..


ဒါနပါရမီ ဖြည့်ဆည်းတဲ့နေရာမှာ.. ဒီ စိတ်နှစ်မျိုးကြောင့် ဘယ်လို အကျိုး ရလာဒ်တွေရနိုင်သလဲ ဆိုတာ သိစေချင်လို့..Lack Mentalityနဲ့ Abundance Mentality အကြောင်းလေးကို ရေးတင်ပေးလိုက်ပါတယ်..... .။


မွန်ဟော်စီ

အောက်တိုဘာ ၂၀၂၁

Credit: Mon Hosey face book page

#monhalsey

#morningvitamin 

#မနက်စာအာဟာရ

#LackVsAbundanceMentality


Sunday, 31 October 2021

The Beginning of Light......

 



တစ်ခါတုန်းက ကျွန်မ ဗုဒ္ဓဘာသာဝင် (၅)မျိုးအကြောင်း ပို့စ်တင်ခဲ့ဖူးတာကို မှတ်မိကြမယ်ထင်ပါတယ်....။ ဒီလိုတင်ဖြစ်ရင်း အဲဒီတုန်းကတည်းက ကိုယ့်ကိုယ်ကို ဘယ်ဗုဒ္ဓဘာသာဝင်ထဲမှာပါလဲလို့ စမ်းစစ်ခဲ့ဖူးတယ်...။ 

၁) ကုလဗုဒ္ဓဘာသာ (မိရိုးဖလာဗုဒ္ဓဘာသာ)

၂) လာဘဗုဒ္ဓဘာသာ (လာဘ်လာဘလိုလို့ကိုးကွယ်သော ဗုဒ္ဓဘာသာ)

၃) ဘယဗုဒ္ဓဘာသာ (ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)

၄) သဒ္ဒါဓိကဗုဒ္ဓဘာသာ (ယုံကြည်လို့ကိုးကွယ်သော ဗုဒ္ဓဘာသာ)

၅) ပညာဓိကဗုဒ္ဓဘာသာ (သစ္စာတရားကိုသေချာသိသော ဗုဒ္ဓဘာသာ)


နံပါတ်(၂) နဲ့ (၃) မှာနှစ်တော်တော်ကြာဖြစ်ဖူးခဲ့လိမ့်မယ်လို့ ထင်ပေမယ့် နံပါတ်(၁) မိရိုးဖလာဗုဒ္ဓဘာသာ မဟုတ်ခဲ့တာတော့သေချာတယ်....။ ဘာကြောင့်လဲဆိုတော့ ကျွန်မကြီးပြင်းခဲ့ရတဲ့ အမေဖက်က အဖိုးအဖွားတွေဟာ ဗီယက်နမ်လူမျိုး ကွန်မြူနစ်လက်အောက်ခံကနေ ဆင်းသက်လာခဲ့ကြသူတွေဖြစ်နေလို့ပါပဲ....။ ဆိုတော့ သူတို့ရဲ့ထုံးတမ်းစဉ်ဆက် ကိုးကွယ်တာတော့ တရုတ်လူမျိုးတွေနဲ့တော်တော်ဆင်တူပါတယ်...။ တရုတ်နှစ်ကူးလုပ်တာ ဘိုးဘွားကန်တော့တာတွေပေါ့....။ အဖွားက စစ်ဖြစ်တဲ့ခေတ်က ဟောင်ကောင်မှာ နေခဲ့ဖူးတော့ အဲကတရုတ်ထုံးစံတွေလုပ်တာများတယ် ငယ်ငယ်တုန်းက အိမ်အလယ်ခေါင် တိုင်အောက်ခြေနားမှာ မုတ်ဆိတ်မွှေးနဲ့တောင်ဝှေးနဲ့ မြေစောင့်နတ်ရုပ်နတ်ကွန်းလေးထားထားတာ မှတ်မိတယ်....။ နေ့တိုင်းရေနွေးကြမ်းကပ် အမွှေးတိုင်ထွန်း သစ်သီးကပ်ပေးတာလုပ်တယ်...။ သီတင်းကျွတ်ခါနီး လကန်တော့တာတွေလုပ်တယ်...။ ငယ်ငယ်က လကန်တော့ပြီးရင် လမုန့်တွေ ဆန်မုန့်တွေအစုံစားရတာ အဲလိုချိန်ဆို သိပ်ပျော်တယ် တစ်နှစ်မှတစ်ခါစားရတာကိုး....။ 

အိမ်မှာ ဘုရားကျောင်းဆောင်ထားတာ ဘယ်ချိန်ကစထားမှန်းသေချာမသိပေမယ့် ကျွန်မလူမှန်းသိခါစအရွယ်မှာတော့ အိမ့်အပေါ်ထပ်မှာ ရှေးဟောင်းအရောင်မဲမဲနဲ့ ဘုရားဆင်းတုတော်တွေအစုံ ပူဇော်ထားတဲ့ ဘုရားစင်တော့ရှိတယ်....။ အဖိုးက ရှေးဟောင်းပစ္စည်းစုဆောင်းရောင်းဝယ်တာ ဝါသနာပါတဲ့သူ...။ ဘုရားဆင်းတုတော် ရုပ်ပွားတော်တစ်ဆူဟာ သူတို့အတွက်တော့ ဗုဒ္ဓရဲ့တရားဒေတနာတော်ကို နားလည်လို့  ယုံကြည်ဆည်းကပ်ကိုးကွယ်ခဲ့တာမျိုးထက် ရုပ်တုတစ်ရုပ်အဖြစ်က ဘာမှမပိုခဲ့ဘူးလို့ ကျွန်မထင်မြင်ယူဆမိတယ်...။ 

ဆိုတော့ အခုပစ္စုပ္ပန်မှာ ဗုဒ္ဓရဲ့ ဂုဏ်တော် တရားဒေတနာတော်ကို ယုံကြည်စွာ ဆည်းကပ်လိုက်နာကျင့်ကြံခဲ့တာမှာ မိရိုးဖလာကနေ ဆင်းသက်လာခဲ့တဲ့ ကိုးကွယ်မှုတစ်ခုမဟုတ်ဘူးလို့ ကျွန်မမှတ်ယူပါတယ်...။ ဗုဒ္ဓမြတ်စွာဘုရားကို ကြည်ညိုအားထား ယုံကြည်ကိုးစားခဲ့တာတွေဟာ ရှေးဘဝအဆက်ဆက်က ကုသိုလ်ပါရမီကံကြောင့်ဖြစ်လာရတယ်လို့ ကျွန်မယုံကြည်တယ်....။ ငယ်စဉ်က ကျွန်မတို့တက်ခဲ့ရတဲ့ မူလတန်း အလယ်တန်းကျောင်းမှာ ဘယ်ဆရာ ဆရာမကမှ ဘုရားရှိခိုးမသင်ပေးခဲ့ဘူး....။ ကျွန်မမှတ်မိသလောက်တော့ ကျွန်မရဲ့အဒေါ်အမွှာအငယ်တစ်ယောက်က မြန်မာလိုဘုရားရှိခိုး စသင်ပေးခဲ့တာ....။ ကျွန်မပထမဆုံးတတ်ခဲ့တဲ့ ဘုရားရှိခိုးက "ဗုဒ္ဓဂုဏော အနန္တော   ဓမ္မဂုဏောအနန္တော သံဃဂုဏောအနန္တော" ဆိုတဲ့ ရတနာသုံးပါး ဂုဏ်တော်အတိုလေးပါပဲ....။ အဒေါ်က ညအိပ်ရာဝင်ရင် ဒါလေးရွတ်ပြီး ဘုရားကန်တော့ ဦးချပြီးမှအိပ်နော်လို့ သင်ပေးခဲ့ဖူးတာ.....။ ဒီနေ့ ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်လာဖို့ အဦးဆုံးတွန်းအားပေးခဲ့တဲ့ အစ စပေးခဲ့တဲ့ အဒေါ်ရဲ့ ကျေးဇူးကိုမမေ့ပါဘူး....အခွင့်သာတိုင်းလဲဆပ်ပါတယ်....။ 

အဲဒီတုန်းက ဩကာသရွတ်ရတာတွေဘာတွေလည်း နားမလည်သေးဘူး ရှမ်းပြည်မှာဆိုတော့ ရှမ်းဘုန်းကြီးကျောင်းမှာ ဉပုသ်နေ့တိုင်း ကျောင်းမှာသီလယူတဲ့ အဖိုးအဖွားတွေကို ဆွမ်းဟင်းတွေပို့ကြတဲ့ ထုံးဓလေ့လေးရှိတယ်...။ အဲလိုနေ့မျိုးဆို ကျွန်မ သူငယ်ချင်းနန်းဖေါင်းက သူ့အဖိုးနဲ့အဖွားအတွက် မွန်းမတည့်ခင် ထမင်းဟင်းအစုံပါတဲ့ ဗန်းနဲ့သွားပို့ပေးတဲ့အခါ သူနဲ့အမြဲလိုက်နေကျမို့ ရှမ်းဘုရားရှိခိုးနည်းတော့အဲတုန်းက ရွတ်ဖူးခဲ့တယ်....။ ခုတော့ မမှတ်မိတော့ပါဘူး....။ ကျွန်မ ခုနှစ်တန်းနှစ်ကစပြီး ရန်ကုန်ရောက်လာခဲ့တာကိုး....။ ရန်ကုန်ကျောင်းရောက်တော့မှ ကျွန်မတက်ခဲ့တဲ့ လသာ(၂)မိန်းကလေးကျောင်းမှာ နေ့စဉ်ဘုရားရှိခိုးရတယ်...။ ဉပုသ်နေ့မတိုင်ခင် အဖိတ်နေ့ဆို ကျွန်မတို့အတန်းရဲ့ ဘုရားခန်းမှာ ဓမ္မစကြာရွတ်ရတယ်...။ အဲခါကျမှ မြန်မာဘုရားရှိခိုးနည်းကို စသိခဲ့ရတာ...။ ဒါပေမယ့် ဗုဒ္ဓရဲ့အနှစ်သာရကို ကျွန်မသေချာမသိခဲ့သေးဘူး....။ ပတ်ဝန်းကျင်မှာလည်း ဘယ်သူကမှ လမ်းညွှန်ပေးတဲ့သူမရှိခဲ့ဘူး...။ ကိုယ်တိုင်လည်း လေ့လာရကောင်းမှန်းမသိခဲ့ဘူး...။ ဘုရားကို သတိရရင် ရှိခိုးတယ် သတိမရရင် မရှိခိုးဖြစ်ဘူး...။ သတိရတဲ့အချိန်က ကြောက်နေတဲ့အချိန် (အဲဒါဘယဗုဒ္ဓဘာသာ) ...။   ဘာသာတရားကိုလေးလေးနက်နက်လဲမရှိခဲ့ဘူး...။ ဒီလိုနဲ့ ကျောင်းပြီးတဲ့နှစ်မှာပဲ(၂၀၀၂ လို့မှတ်မိတယ်)သူငယ်ချင်းနဲ့အတူ ကမ္ဘာအေးဘုရားလမ်းပေါ်က မဟာစည်သာသနာ့ရိပ်သာမှာ သင်္ကြန်တွင်းကိုးရက် သီလရှင်ဝတ်ခဲ့ဖူးတယ်...။ ဒီတော့မှ ဗုဒ္ဓရဲ့ ဩဝါဒတွေ တရားတော်တွေကို နည်းနည်းစပြီးနားလည်လာခဲ့ရတယ်...။ 

အဲဒီနှစ်မှာပဲ ကျွန်မအလုပ်စလုပ်ခဲ့တယ်...။ အလုပ်လုပ်ရင်း မှတ်မှတ်ရရ အလုပ်မှာ လာကူပေးတဲ့ အစ်မတစ်ယောက်ဆီကနေ ပရိတ်ကြီး(၁၁)သုတ်စာအုပ် လက်ဆောင်ရခဲ့ဖူးတယ်....။ အဲတုန်းက ညောင်ပင်လေးဈေးမှာ ကျွန်မတို့ ကုမ္ပဏီက Down နို့ဆီ Import သွင်းတော့ ဈေးထဲမှာ ဖြန့်ချီတဲ့ ဒိုင်အနေနဲ့ ဆိုင်ခန်းတစ်ခုငှားပြီး ကျွန်မက အဲဒီမှာ တာဝန်ကျတာ....။ တစ်လကို လစာစရတာ နှစ်သောင်းကျပ်တိတိ...။ ဈေးရောင်းကောင်းအောင်ဆိုပြီး ဘုရားစာတွေဘာတွေရွတ်ဖို့အကြံပေးတော့(လာဘဗုဒ္ဓဘာသာ) ပြီးတော့ ကျွန်မတို့ သဌေးကလဲ စိတ်တိုအအော်အဟောက်ကြမ်းတော့ 2 in 1 ဈေးလဲရောင်းကောင်း သဌေးအအော်လဲမခံရအောင် ပရိတ်ကြီး(၁၁)သုတ်ထဲက မေတ္တာသုတ်ရွတ်လို့ အကူအစ်မက အကြံပေးတာနဲ့ မေတ္တသုတ်တရားတော်ကို အဲတုန်းကစပြီး နှုတ်တိုက်အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်...။ အဓိပ္ပါယ်ကို ခုချိန်လို အဲတုန်းက လေးလေးနက်နက်မသိသေးဘူး....။  မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်ရာမှာ အခုသိသလို အပြည့်အစုံဘုရားရှိခိုး ငါးပါးသီလခံယူ နတ်ပင့် မေတ္တာပို့ အမျှဝေ နတ်ပို့ ဒါတွေအသေးစိပ်မသိသေးဘူး...။ မေတ္တာသုတ်ရွတ်ဆို ဒီတိုင်းပဲ ကိုယ်အဆင်ပြေချင်တဲ့သူ မြင်ယောင်ပြီး ရွတ်လိုက်တာပဲရှိတာ...။ ယုံယုံကြည်ကြည်နဲ့ရွတ်တော့ တကယ်အစွမ်းထက်ပါတယ်...။ အဲလိုချိန်ဆို အရာအရာအဆင်ပြေချောမွေ့နေရော....။ ဒီလိုနဲ့ ကျွန်မကို ထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်လာစေဖို့ တွန်းအားပေးစေခဲ့တာပဲ....။ ပရိတ်ကြီး(၁၁)သုတ်စာအုပ်ကို လက်ဆောင်ပေးခဲ့တဲ့ အစ်မကိုလဲ မှတ်မိသတိရနေသေးတယ်...။ ဒီပို့စ်ကနေ ကျေးဇူးတင်ပါတယ်... အစ်မ ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိပါစေ....။ 

ဘုရားတပည့်တော်မဟာ ယနေ့ယခုမှာ ယုံယုံကြည်ကြည်နဲ့ (သဒ္ဓါဓိကဗုဒ္ဓဘာသာ) , သစ္စာတရားလေးပါးကို သေသေချာချာ လေ့လာဆည်းပူးသိမြင်ခဲ့ရတဲ့(ပညာဓိကဗုဒ္ဓဘာသာ) ထေရဝါဒဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်အဖြစ်ခံယူရင်း အရှင်ဘုရားကျင့်ကြံအားထုတ်လမ်းညွှန် ဟောပြောပြသပေးခဲ့တဲ့အတိုင်း ကြိုးစားလေ့လာသင်ယူကျင့်ကြံရင်း နိဗ္ဗာန်ကိုမြတ်မှောက်ပြုမယ့် တပည့်တော်ကောင်းတစ်ယောက်အဖြစ် ဒီပို့စ်တစ်ပုဒ်နဲ့ ကျေးဇူးတော်ဆပ်ပါရစေ အရှင်မြတ်ဘုရား.......🙏🙏🙏

ပြီးခဲ့တဲ့ အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့မှာ ဉပုသ်သီလဆောက်တည်ရင်း ဒီပို့စ်ကိုရေးဖြစ်ခဲ့ပါတယ်...။


________________________

Revolution will prevail

မိုးငွေ့


Wednesday, 27 October 2021

အစိမ်းရောင်ကဒ်.....

 


အမေရိကား DV form လျှောက်ကြမလို့ မနေ့ကပဲ ညီမတို့လင်မယားက လျှောက်ဦးမလားပြောလို့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ကျွန်မတက္ကသိုလ်တက်တဲ့အချိန်က တစ်ခါလျှောက်ဖူးတာကို သွားအမှတ်ရမိတယ်....။ အဲခေတ်တုန်းက DV form လျှောက်တာပဲခေတ်စားတာလား နောက်ပိုင်း အဲလိုလျှောက်တဲ့အသံသိပ်မကြားရတာကြာခဲ့ပြီ ကိုယ်တိုင်ပဲမလျှောက်ဖြစ်လို့ မကြားတာဖြစ်နိုင်ပါတယ်....။ ဒီကြားထဲနှစ်တိုင်း တောက်တောက်လဲလျှောက်ကြမယ့်သူတွေရှိနေမှာပဲ ဒီနိုင်ငံကနေ အလွတ်ရုန်းထွက်ချင်ကြသူက အများသားကိုး....။ ကျွန်မရဲ့ ဇာတိမြေ တာလေမြို့မှာ(ရှမ်းပြည်အရှေ့ပိုင်းတာချီလိတ်ခရိုင်) ဟိုအရင်ခေတ်ကဆို သုံးလေးယောက်ပေါက်ကြတာအဲလိုတွေ ကံကောင်းကြတာ အဲသူငယ်ချင်းတွေဆို ခု ဟိုမှာနေနေတာကြာလှပေါ့....။

ကိုယ်တွေကတော့ တစ်သက်လုံးမှာ မဲတို့ထီတို့ပေါက်မယ့်ကံကိုမပါခဲ့တာ အရိုင်းဆုံးပြောရရင် နွားဖြစ်ဖို့ကံကပါလာတာ ကိုယ့်လုပ်အားနဲ့မဟုတ်ဘဲ အလကားဘာမှမရဘူး....။ ကျွန်မဘလော့ကိုအမြဲလာဖတ်တဲ့ မမခိုင်ကလဲ DV မလျှောက်ဘူးလားသမီးတဲ့....။ ဟုတ်ကဲ့လျှောက်ကြည့်ပါ့မယ်လို့ အစ်မကိုဖြေလိုက်ပါတယ်...။ အေးလေလျှောက်ကြည့်တာပေါ့ ဒီအရွယ် အဲကိုသွားရင် ဘာလုပ်လို့ရလဲလို့ စပ်စုကြည့်တော့ ဆူရှီလိတ်လို့ရတယ်တဲ့....။ ရထားတဲ့ဘွဲ့ကလဲ ဘာမှလုပ်စားမရ....။ ကိုယ်တွေမျိုးဆက်က တကယ်ကြီး ဘူပါတယ်ကွာ....သိလား....။ ဆူရှီဆိုင်ပိုင်ရှင်ကလေးကိုမေးတော့ ဆူရှီမလိတ်နဲ့ပင်ပန်းတယ် ခေတ်မရှိတော့ဘူးတဲ့... သူ့ကိုနောက်ချင်တာနဲ့ ဒါဆို ဆူရှီဆိုင်ပိုင်ရှင်ရဲ့လုပ်စာလာထိုင်စားရမလား ဆိုတော့ အဲဒါလဲဖြစ်တာပဲတဲ့ အမလေး မလုပ်ပါနဲ့ ကိုယ်တွေက သူများလုပ်စာထိုင်စားရတဲ့ ကံလဲမပါလာပါဘူး.....။ ကိုယ့်လုပ်အားနဲ့ ကိုယ့်အားကိုယ်ကိုးတာဟာ အလွတ်ကင်းဆုံးနဲ့ အလွတ်လပ်ဆုံးပဲ.....။ မမခိုင်ကတော့ပြောပါတယ် သမီး Passport နဲ့ ဓါတ်ပုံလေးပဲ မေးလ်ပို့ပေးလိုက်တဲ့ ဒီမှာတော့ ညီမလင်မယားက Agent နဲ့လုပ်တာ တစ်စောင်ကို တစ်သောင်းပေးရမယ်တဲ့....။ အွန်လိုင်းနဲ့ ကိုယ့်ဘာသာကိုယ်လျှောက်တဲ့ကိစ္စမှာ အေးဂျင့်လိုသေးတာလား.....။ ဒီမြန်မာပြည်ရဲ့ လုပ်စားခေတ်ကြီး ဂွင်ခေတ်ကြီး ပြန်ရောက်နေတာ စိတ်ပျက်စရာပါ....။

အော်.... မမခိုင်ကပြောသေးတယ် လျှောက်ရင်းနဲ့ Boy friend ကိုပါထည့်လျှောက်ပေါ့တဲ့ ပေါက်ရင်နှစ်ယောက်လုံးလာလို့ရတာပေါ့တဲ့....။ ကိုယ့်အစ်မတွေ အထင်ကြီးတာကြီးတာ....။ စမီးမှာ Boy friend မရှိပါဘူးပြောတာ ဒီလောက်ချောချောလေးကို မရှိဘူးဆိုတာ မယုံပါဘူးတဲ့ ကဲ.......။ ချောချောလေးလို့ပြောတာတော့ သဘောကျတယ်လေ တကယ်ကြီးမရှိတာပါ မမခိုင်ရယ်.....။ Boy friend တွေ Husband တွေမလိုချင်လို့ တစ်ယောက်ထဲနေရတာကြိုက်လို့ ဒီချိန်ထိနေလာခဲ့တာကို.....။ ကိုယ့်ကို ဘယ်သူမှ လာချုပ်နှောင်တာမကြိုက်တာ ကိုယ့်ကမ္ဘာမှာ ကိုယ်သာလျှင် ဘုရင်မ အဲလိုနေချင်တဲ့သူပါ ကျွန်မက....။

ကဲ.... State မှာနေထိုင်နေကြသော စာဖတ်သူအပေါင်းတို့ မိုးငွေ့  DV ပေါက်လို့ Green Card ရရင် ဘယ်သူ့ဆီအရင်လာရမလဲ ပြောကြပါ.....။



My all time CRUSH လေး မိုင်အောတိုင်းမ် အသဲတုံးလေး သူလဲ State ရောက်နေ


ပြောပြချင်တာက အာကာကျော်လဲ အမေရိကားမှာရောက်နေ ကျောင်းတက်နေတယ်ထင်ပါ့....။ သူ့အကြောင်းပို့စ်မရေးဖြစ်တာကြာပေါ့...။ နောက်မှ သူ Art တွေတင်ပေးပါဦးမယ်....။ ကျော့်ကို အကြောင်းပြုပြီး ကိုယ့်ပုံလေးတစ်ပုံလောက်တင်မယ် ၂၀၁၁ ကပုံလေးပါ....။ 




အပေါ်က ဆံပင်ကောက်ကွေးနဲ့ကောင်မလေးကာတွန်းပုံကို Pintrest ထဲက သွားယူရင်း 
ကျွန်မဆံပင်အရှည်ထားရင် စက်နဲ့လိတ်ထားသလို ကောက်ကွေးနေတဲ့ ဒီပုံလေးကို သတိရသွားလို့ လာပြတာ






____________________
Revolution will prevail
မိုးငွေ့



Thursday, 21 October 2021

ဝတ်ရည်.....


 



"မိုးတွေရွာနေချိန်ခဏ" ထဲမှာ ကိုမျိုးကျော့ ဖန်တီးထားခဲ့တဲ့ "ဝတ်ရည်" ဟာ Piano သံစဉ်ထည့်ထားတဲ့ ကဗျာတစ်ပုဒ် သို့မဟုတ် ချစ်သူကောင်မလေးအကြောင်းကိုရေးထားတဲ့ အက်ဆေးတစ်ပုဒ်နဲ့တူတယ်.....။ "ဝတ်ရည်" လို့တစ်ခွန်းခေါ်ပြီး အပြီးသတ် အဆုံးပိုဒ်လေးမှာ မြူးဆစ်လေး ဝိုင်းဒိုင်းကြဲထွက်လာတာလေးလဲ သိပ်ကြိုက်တယ်...။ 

မသိဘူးကွယ်........ အိပ်မက်ဆန် ပုံပြင်ဆန်တာတွေကိုကြိုက်တတ်လို့လား.... ကိုမျိုးကျော့ သီချင်းတွေဆို အကုန်နီးပါးကြိုက်နေတော့လဲ.................... ။





🎵♬ နာမည်လေးကို ဘယ်သူ့မှမကြားအောင် ခေါ်နေမိတယ် တိုးတိုးလေး..........🎵♬ "ဝတ်ရည်"......🎵♬



တစ်ညမှာ အဲသီချင်းနားထောင်ရင်း ကိုမျိုးကျော့သီချင်းတွေကို စနားထောင်ဖူးခဲ့တဲ့ အချိန်တုန်းကအကြောင်းကို သတိရသွားမိတယ်....။ အဲတုန်းက ကျွန်မ တက္ကသိုလ်မတက်ခင်တစ်နှစ်အလို 1995 လောက်ဖြစ်မယ်...။ အဲတုန်းက တရုတ်တန်းဖက်က အဒေါ်တို့မိသားစုနဲ့အတူနေနေတဲ့အချိန် ....။ ကျွန်မနဲ့ဝမ်းကွဲညီအစ်မတွေက ကျွန်မတို့နေတဲ့အိမ်ရဲ့ မျက်နှာချင်းဆိုင်တိုက်က  ကျွန်မထက်နှစ်နှစ်ကြီးတဲ့ အစ်မတစ်ယောက်နဲ့သိပ်ခင်ကြတယ်...။ အဲအစ်မက အဲချိန်တုန်းက တက္ကသိုလ်ကျောင်းသူ  သူတို့အိမ်က ငါးဆီပေါင်းလုပ်တာ သူ့မှာအစ်ကိုသုံးယောက်ရှိတယ် သူကအငယ်ဆုံး သူဌေးသမီး အဲခေတ်တုန်းက ဟော့ရှော့ စတိုင်လ်မိမိုက် ကျောင်းတက်တော့လဲ  ကိုယ်ပိုင်ကားမောင်းပြီးတက်တော့ ကျောင်းမှာရော လမ်းထဲမှာရော ပေါ်ပြူလာတွေဖြစ်....။ သူ့အစ်ကိုတွေကလဲ သုံးယောက်စလုံးချော ကိုယ်တွေက အဲအိမ်သွားရင်း ငမ်းရ.... ခုတော့လဲ အသက်ငါးဆယ်ကျော် ထိပ်ပြောင် ဗိုက်ရွှဲတွေဖြစ်ကုန်နေပါပြီ....။ ဇရာကိုဘယ်သူအန်တုနိုင်မလဲ....။ အဲအစ်မအိမ်က သုံးထပ်တိုက် သူကနှစ်ထပ်မှာအိပ်တယ် သူ့အိပ်ခန်းကို ကျွန်မတို့ခနခနရောက်ဖူးတယ် အိပ်ရာထဲမှာ အရုပ်တွေအပြည့်နဲ့အိပ်တာ မိချောင်းရုပ် ဖက်ခေါင်းအုံးတို့ ဝက်ဝံရုပ်ကြီးတွေတို့ မီးကီးမောက် မီးနီမောက်တို့ အစုံပါပဲ....။ ကိုယ်တွေက သူ့ကိုအားကျပေါ့ တစ်နေ့ကျရင် ငါ့အိပ်ရာလေးမှာလဲ အဲလိုအရုပ်တွေထားအိပ်မယ်လို့ စိတ်ကူးယဉ်လိုက်သေးတယ်....။ ပြောချင်တာက ကိုမျိုးကျော့ပထမဆုံးခွေအချောမထွက်ခင် New Year Night မှာ ခွေကြမ်းတွေကို အသိမိတ်ဆွေတချို့ဝေပေးခဲ့တယ်....။ ဒီမှာ အဲအစ်မက တစ်ခွေရလာတယ် သူ့ဆီကနေ ကျွန်မတို့က ပြန်ပွားပြီးနားထောင်ရတာ....။ အဲဒီတုန်းက ကျွန်မအမေ အဒေါ်တွေရဲ့သမီး စင်္ကာပူမှာ ကျောင်းတက်တော့ အုပ်ထိန်းသူသွားလုပ်ပေးရတာ ဆယ်နှစ်ကြာတယ် အမေက စလုံးကနေ ကျွန်မအတွက် Sony Walkman လေးဝယ်ပို့ပေးထားတာရှိတယ် အဲဒါလေးနဲ့ ကိုမျိုးကျော့ သီချင်းခွေလေးကို နားထောင်ခဲ့ရတာ... အမှတ်တရပါပဲ...။ အဲဒီအခွေကတော့ "မိုးတွေရွာနေချိန်ခဏ" ပဲဖြစ်ပါတယ်....။



စမီးရဲ့ အန်းတစ်ဝေါ့မန်းလေး



_____________________
Revolution will Prevail
မိုးငွေ့



Tuesday, 12 October 2021

ဓမ္မအထွေထွေမှတ်စုများ(၂၀).....


နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ



💐 တရား ဘယ်လိုထိုင်ရမလဲ ❓

  🍂     🌿     🍂     🌿     🍂


အချို့တရားထိုင်ချင်တယ် ။ တရားမှတ်ချင်တယ် ။ နည်းစနစ်မသိလေတော့ ဆန္ဒရှိသော်လည်း အထမမြောက်ဘဲ ဖြစ်နေသောသူများနဲ့ စာပေနည်းကျကျရှုမှတ်ပွါးလိုသောသူများအတွက်ရည်ရွယ်ပါတယ်။

တရားဆိုတာ •••ထိုင်၍ဖြစ်စေ သွားရင်းဖြစ်စေ ရပ်လျက်ဖြစ်စေ လဲလျောင်း၍ဖြစ်စေ ရှုမှတ်နိုင်ပါတယ် ။ အများနားလည်လောက်ပြီး အဆင်‌ပြေနိုင်လောက်မယ့်ထိုင်၍ရှုမှတ်နည်းလေးကိုပြောပြပါမယ် ။

ဦးစွာ ကိုယ်လက်သန့်စင်ပါ ။ ဘုရားကို ဆီမီးရေချမ်း ပန်းစသည်ဖြင့်ကပ်လှူပါ ။ မိမိရတဲ့ဘုရားရှိခိုးနဲ့ဘုရားကန်တော့မေတ္တာပို့ပါ ဘုရားကန်တော့ပြီးလျှင်ဘယ်‌ ခြေထောက်ပေါ်ကိုညာ ခြေထောက်တင်ပါ ။ ဘယ်လက်ပေါ်ကို ညာလက်တင်ပြီးလက်မထိပ်ခြင်းထိထားပါ ။ ခါးကို ဆန့်ပြီးဖြောင့်ထားပြီးလျင်စိတ်ကို နှာသီးဝမှာထားကထွက်လေ  ဝင်လေ ရှု့ပါ ။ ထွက်လေ ဝင်လေ ရှု့နေရင်း ...........

(၁) ထွက်လေ ဝင်လေ လေးကို ရှု့နေတာက ( ကာယာနုပဿနာ )

(၂) ဝမ်းနည်းတယ် ၊ ဝမ်းသာတယ် ၊ ချမ်းသာတယ်၊ ဆင်းရဲတယ် ဆိုတဲ့ ခံစားချက်လေးကို ရှု့နေတာက  ( ဝေဒနာနုပဿနာ )

(၃) ကိုယ့်သန္တာန်မှာ ဖြစ်တဲ့လောဘနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဒေါသနဲ့  ယှဉ်တွဲလာတဲ့စိတ်၊ မောဟနဲ့  ယှဉ်တွဲလာတဲ့စိတ် ဒီစိတ်ကလေးကို ရှု့နေတာက   ( စိတ္တာနုပဿနာ )

(၄) ကြံတွေးမှု ၊ ကြံစည်မှုတွေ၊ ရုပ် ခန္ဓာ ဓာတ်သဘောတွေကို ရှုနေတာက ( ဓမ္မာနုပဿနာ )

အဲ့ဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို အမှန်မြင်အောင်ကြည့်တတ်ဖို့လိုအပ်တယ် ။


၁။ အဲ့ဒီ အမှန်မြင်အောင် ကြည့်တာကိုပဲ ( သမ္မာဒိဋ္ဌိ ) လို့ ခေါ်ပါတယ် ။ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်နိုင်ဖို့အတွက်...

၂။  ( သမ္မာသင်္ကပ္ပ ) ဆိုတဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ လိုတယ်။

၃။ အဲ့ဒီလို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက် ( သမ္မာဝါယာမ ) ဆိုတဲ့ကြိုးစားဖို့ လိုအပ်တယ် ။

၄။ အဲ့ဒီလို ကြိုးစားဖို့ အတွက် ( သမ္မာသတိ ) ဆိုတဲ့  စိတ်စိုက်ဖို့ လိုတယ် ။

၅။ အဲ့ဒီ သမ္မာသတိ ခေါ်တဲ့ အာရုံ တစ်ခုထဲမှာ စိတ်ကိုငြိမ်အောင်ထားတာက ( သမ္မာသမာဓိ ) ပါ။ ဒီလိုပေါင်းစပ်လိုက်တဲ့ မဂ္ဂင် ( ၅ ) ပါး ကို " ကာရာပကမဂ္ဂင် ( သို့ ) ကာရကမဂ္ဂင်"လို့ ခေါ်တယ်။

တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်တဲ့အခါ ဒီ မဂ္ဂင် ( ၅ ) ခုဟာ ဟန်ချက်ညီညီနဲ့ အလုပ်လုပ်သွားပြီ ဆိုရင်ဖြင့် သဘာဝတွေကို အမှန်အတိုင်း   သိနိုင်မှာဖြစ်တယ် ။ 

ဆိုကြပါစို့၊ ထွက်လေ ဝင်လေလေးကို ရှုမှတ်နေတယ် ဆိုရင် ထွက်လေ ဝင်လေလေးကို သူ့သဘာဝလေး အတိုင်း မသိသိအောင် ကြိုးစားတာဟာ (သမ္မာဝါယာမ )အဲ့ဒီ ထွက်လေ ဝင်လေလေးကို အမြဲတမ်း သတိကပ်ထားတာက ( သမ္မာသတိ ) ထို ထွက်လေ ဝင်လေ အာရုံ တစ်ခုထဲပေါ်မှာ စိတ်ကိုငြိမ်အောင်ထားတာက( သမ္မာသမာဓိ )ထွက်လေ ဝင်လေလေးရဲ့သဘာဝကို စဉ်းစားတွေးခေါ်နေတာက ( သမ္မာသင်္ကပ္ပ ) ဟော... အဲ့ဒီလို လေးခု ပေါင်းစပ်လိုက်တဲ့အခါ ဘာပေါ်လာတုန်း ဆိုရင် ထွက်လေ ဝင်လေလေး ရဲ့သဘာဝတရားကို အမှန်မြင်လိုက်တဲ့ ( သမ္မာဒိဋ္ဌိ ) ဆိုတာ ပေါ်လာတော့တာပါပဲ ။ 

ဘာကို_အမှန်မြင်သလဲ ဆိုတော့ ထွက်လေ ဝင်လေလေးဟာ သူ့သဘာဝ ထွက်လေ ဝင်လေပဲ၊ " ငါမဟုတ်ပါလား "ဆိုတဲ့ အယူမှန်သွားတာကို ( သမ္မာဒိဋ္ဌိ ) အမှန်မြင်ခြင်းလို့ ခေါ်တယ်။ ငါမဟုတ်ဘူး ဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့ ။

အဲ့ဒီ_အမှန်မြင်လိုက်တဲ့အခါ ရုပ် နာမ် ဓမ္မ သင်္ခါရတွေနဲ့ ပတ်သက်ပြီး " ငြီးမွေ့မှု "ဆိုတာ ပေါ်လာတယ် ။ ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်တည်း " တွယ်တာမှု "ဆိုတာ မရှိတော့ဘူး ။ တွယ်တာမှုမရှိတာနဲ့ တစ်ပြိုင်နက် " လွတ်မြောက် "သွားတာပဲ ။ 

အဲ့ဒီလို အဆင့်ဆင့်အကျိုးရှိသွားအောင်မြတ်စွာဘုရားက ကာယ ၊ စိတ္တ ၊ ဝေဒနာ ၊ ဓမ္မ လို့ဆိုတဲ့ သတိပဋ္ဌာန် အာရုံ လေးပါး ပေါ်မှာ လူတိုင်း  လူတိုင်းဟာ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် မိမိတို့ အားလပ်တဲ့ အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ အသိဥာဏ်တွေ အားလုံး ပေါ်လာကြမှာပါတဲ့။ 

အဲ့ဒီလို_ပေါ်လာတဲ့အခါမှာ     ဝိမုတ္တိ " လွတ်မြောက်မှု " ဆိုတာကို ရလာမှာဖြစ်ပါတယ်။


ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး


Credit >>    Original uploader 

,မေတ္တာဖြင့် Ashin Thu Mingala

ဣမိနာ ပုည ကမ်မနေ သဗ်ဗ အန်တရာယောဝိနဿတု ။

 💘#Credit to HTET OO HLAING .


Tuesday, 5 October 2021

ဓမ္မအထွေထွေမှတ်စုများ(၁၉).....

 

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

  


ကုသိုလ်တကာ့ ကုသိုလ်ထဲတွင်

🏵🍂🏵🍂🏵🍂🏵🍂🏵


နတ်တွေဟာနေ့စဉ် အစည်းအဝေးလုပ်တဲ့အခါ လူ့ပြည်မှာ လူတွေ ဘာတွေလုပ်လဲဆိုတာ မိမိရဲ့ကိုယ်စောင့်နတ်က တင်ပြပေးရတယ် ။

အဲထဲမှာ ကုသိုလ်တကာ့ ကုသိုလ်ထဲတွင်အမြင့်ဆုံးဖြစ်သော ဝိပဿနာကျင့်ကြံ့အားထုတ်သူကိုမြေစောင့်နတ် ရေစောင့်နတ် တောစောင့်နတ်နတ်အမျိုးမျိုးက အင်မတန်စောင့် ရှောက်ပေးရတယ်။ စောင့်ရှောက်မပေးရင် အထက်က နတ်မင်းကြီးတွေက အပြစ်ပေး ဒဏ်ခံရတယ်။

အရင်ကလည်းပြောဖူးတယ် မနက်ဖြန်မှာ ကမ္ဘာကြီးနဲ့ ဂြိုလ်တခုခုဝင်တိုက်ပြီး ပျက်စီးမယ်ဆိုပါစို့... လူတယောက်ယောက်ကများ အရိယာပုဂ္ဂိုလ်ဖြစ်ရမယ်ဟုတရားတွေကျင့်ကြံ့နေရင် ကမ္ဘာပျက်မဲ့နေ့ကို နတ်တွေဗြဟ္မာတွေက ရက်ရွေ့ပေးရတယ်။ အဲလူဟာ အရိယာဖြစ်မှပဲ ကမ္ဘာကြီးက ပျက်ပေးရတယ်။

ဘုရားရှင်ခေတ်တုန်းကလည်း သံဃာတပါးက ဝိပဿနာအားထုတ်နေရင်း မကြာခင် ရဟန္တာဖြစ်တော့မယ့်အချိန်အခါဖြစ်လေသည်။ မွန်းလွဲပြီးမှ ရဟန္တာဖြစ်ရင်ဆွမ်းမစားလိုက်ရမှာဆိုးလို့ နေနတ်သားကြီးကနေကို ရပ်တန့်ပေးထားပြီး ရဟန္တာဖြစ်မှပဲ မွန်းလွဲပေးရတဲ့အထိ့ စောင့်ရှောက်ပေးကြတယ်။ ယနေ့ခေတ်မှာလည်း တကယ်တရားကျင့်နေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးဆိုရင်နတ်သားနတ်သမီးတွေက လာလာဖူးကြသတဲ့။

အရိယာပုဂ္ဂိုလ်ဖြစ်မဖြစ်ကို အသာထားဦး ဝိပဿနာတကယ်ကျင့်နေလျင်ပင်သင့်အနီးအနားမှရှိတဲ့ ဘုမ္မစိုး ရုက္ခစိုးရွာစောင့်နတ်တွေ နယ်စောင့်နတ် နတ်အမျိုးမျိုးတွေကသင့်ကို စောင့်ရှောက် ကယ်တင်ပေးရတယ်။ သင်ဒုက္ခရောက်ရင် လာကူညီပေးရတယ်။

အခြားကုသိုလ်တွေ လုပ်ရင်လည်း စောင့်ရှောက်ပါတယ်။ သို့သော် သင်ဟာ နတ်တွေကို အမျှပေးဝေဦးမှအမျှဝေလည်း နတ်တွေဟာ သာဓုခေါ်နိုင်ဦးမှဖြစ်သည်။ နတ်တပါးက ကြားရင် သင့်ကို တပါး စောင့်ရှောက်.မယ်သို့သော် အဲ့နတ်က သင်ဘယ်သွားသွားအမြဲတမ်းတော့ စောင့်ရှောက်နိုင်မှာ မဟုတ်။

ဝိပဿနာအားထုတ်သူကြတော့ တလောက လုံးမှာရှိတဲ့နတ်တွေက သင်ဘယ်သွားသွား စောင့်ရှောက်ပေးရတယ်။ သင်မနောစိတ်က ဘာလိုချင်လဲ ဥပမာ အစားအစာဖို့ အခက်အခဲဖြစ်နေလျင်ပင်နတ်တွေက လူရောင်ဖန်ဆင်းပြီး ဆွမ်းလာကပ်တဲ့အထိ အင်မတန်စောင့်ရှောက်ကြတယ်။


ပါမောက္ခချုပ်ဆရာတော်ကြီး

#ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တရားတော်များမှ🙏🙏🙏

Credit...

မေတ္တာဖြင့်ပြန်လည်မျှဝေသည်။



Friday, 1 October 2021

Reflection……





နှစ်စပိုင်း ဖေဖော်ဝါရီလမှာ တင်ထားတဲ့ Give Away for my beloved readers ပို့စ်မှာ လက်ဆောင်ပေးရမယ့် စာဖတ်သူ US ကအစ်မတစ်ယောက် စလုံးက ညီမလေးတစ်ယောက်နဲ့ NPD ကညီမတစ်ယောက်ကို The Guys of Rangoon နဲ့ Guys From Mandalay စာအုပ်နှစ်အုပ်ကို ခုမှပို့ဖြစ်သွားတယ် ကြားထဲမှာ အင်းဝက စာအုပ်ကုန်သွားလို့ ပြန်မရိုက်ရသေးတာနဲ့ အခြေအနေအရပ်ရပ်ကြောင့် လတွေအများကြီးကြာသွားခဲ့တယ်...။ ဒါနဲ့ September ထဲမှာ သုံးနေရာစလုံးကို ပို့တာ အောင်မြင်သွားခဲ့တယ်....။ ကျေးဇူးတင်ပါတယ် စာလာဖတ်တဲ့ အစ်မတွေ ညီမတွေ အစ်ကိုတွေ မောင်တွေ အားလုံးကို.....။ သူတို့တွေအတွက် ကျွန်မရဲ့ Reflection တစ်ခု....။














ကျွန်မလက်ရှိကိုင်နေတဲ့ ခေါက်ထီးလေးအကြောင်းပြောပြဦးမယ် .....။ ဒီခေါက်ထီးကို လက်ဆောင်ရထားတာ သုံးနှစ်လောက်ရှိပြီ.....။ ဆေးကုမ္ပဏီတစ်ခုကလက်ဆောင်ရတဲ့ထီးပါ အပြင်မှာဘယ်နေရာမှာမှဝယ်လို့မရတဲ့ Limited Edition  အရည်အသွေးကောင်းတယ် သုံးမိုးရှိပြီ သုံးနေတာ အထဲက ထီးရိုးတံတွေက ဘာမှမဖြစ်ဘူး ခလုတ်နဲ့ဖွင့်ရတဲ့ထီးမို့ ဆောင်းရတာအဆင်ပြေတယ်....။ ကျစ်လစ်ခိုင်ခန့်မှုရှိတယ် အရွယ်အစားကလဲ အနေတော်ပဲ သိပ်မသေးလွန်း မကြီးလွန်းဘူး....။ တစ်နေ့မှာ ကျွန်မအိမ်ကထွက်တော့ မိုးရွာလို့ အဲထီးထုတ်ဆောင်းရတယ်....။ ကျွန်မတို့နေတဲ့ တာဝါရဲ့ ဘေးကပ်ရပ်က Tower A ဖက်မှာ ညီမဝမ်းကွဲနှစ်ယောက်ရဲ့အခန်းတွေကို တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါ သွားကြည့်ပေးရတယ် သူတို့ကစလုံးရောက်နေကြတော့ ကျွန်မကို သော့အပ်ထားကြတယ်....။ ပထမအခန်းသွားစစ်တော့ ထီးကိုကျန်ခဲ့မှာစိုးလို့ မှတ်မှတ်ရရ အဲအခန်းရဲ့ ထမင်းစားပွဲပေါ်ကိုတောင်မတင်ဘဲ ကိုင်ထားခဲ့တယ်....။ ပထမတော့ စားပွဲပေါ်တင်မလို့ ပြန်ထွက်ရင်မေ့ကျန်ခဲ့မှာစိုးတယ်ဆိုတဲ့ သတိနဲ့ကိုင်ထားခဲ့တာ.....။ နောက်တစ်ခန်းရဲ့တံခါးသွားဖွင့်တော့ ပုံမှာပါတဲ့အတိုင်း အခန်းအဝင်ဝ ဖိနပ်စင်မှာ ကျွန်မတင်ထားပြီး မေ့ကျန်ခဲ့တဲ့ ခေါက်ထီးလေးကိုပြန်တွေ့ရတော့ ကိုယ့်ကိုယ်ကို အံ့အားသင့်ခဲ့ရတယ်........။

နောက်နေ့တွေကျ ထီးပျောက်လို့လိုက်ရှာတာ နှစ်ပတ်လောက်ကြာတယ်.....။ အဲအခန်းထဲဝင်စစ်ခဲ့တာကို လုံးဝမေ့သွားခဲ့တယ် ပထမခန်းကိုသွားပြန်ကြည့်သေးတယ်....။ ဒုတိယအခန်းက တစ်လနေမှတစ်ခါစစ်တော့ သူ့ကိုမေ့သွားတယ်...။ ကိုယ်ထိုင်တဲ့ရုံးခန်း Showroom ကားထဲ ရှာတာ ရှာတာ အော် ဉစ္စာပျောက်ငရဲရောက်ဆိုတဲ့အတိုင်းပဲ ဟိုထင်ဒီထင် ဈေးဝယ်ရင်းပဲကျန်ခဲ့တာလားနဲ့ အတွေးတွေများပြီး နောက်ဆုံးစိတ်လျှော့လိုက်တယ်...။ ကျွန်မက တော်ရုံပစ္စည်းလောက်ကို အဲလောက်အစွဲလန်းမထားဘူး ခုထီးလေးက ရှားပါးလေးမို့ Soul Mate ကပေးထားတာမို့ နှမြောနေမိတယ်....။ နှစ်ပတ်ကျော် မေ့လိုက်ပြီးတော့မှ တစ်ညမှာ ဘုရားရှိခိုးပြီး တရားထိုင်မှာစလုပ်တော့ အာရုံထဲအဲဒီအခန်းလေးဖျတ်ခနဲပေါ်လာတယ်...။ ကာတွန်းတွေထဲမှာရေးသလို အတွေးထဲ မီးသီးလေးလင်းသွားတယ်....။ နောက်နေ့သွားကြည့်တော့ ခေါက်ထီးလေးကို ဖိနပ်စင်လေးမှာပြန်တွေ့တယ်....။ 
 



 


ကျွန်မသောက်နေကျ အုန်းသီးဂျယ်လီဖတ်လေးတွေပါတဲ့ VeVe မဟုတ်တဲ့ တခြားတံဆိပ် အုန်းရေဘူးလေးရှိတယ် ....။ ကျွန်မတို့တိုက်ရှေ့က စတိုးဆိုင်လေးမှာရောင်းတယ် တစ်ကပ်ကို ၃၅၀၀/-....။ အဲလိုပဲ ကိုယ်ကြိုက်ပြီဆိုတဲ့ ပစ္စည်းတွေက ဝယ်တော့မယ်ဆို ပြတ်ပြီ....။ အဲဒါနဲ့သောက်ချင်နေပေမယ့် မရှိလို့ မသောက်ရဘူး....။ မရှိလဲမသောက်ဘူး ရှိရင်ဝယ်သောက်မယ် ဆန္ဒ အာသီသက ပြင်းပြတယ်လည်းမဟုတ်ဘူး.....။ ဒါပေမယ့် နောက်တစ်ရက်နှစ်ရက်နေတော့ ရေခဲသေတ္တာထဲ အုန်းရေပုလင်းလေးနှစ်လုံးတွေ့လိုက်တယ်....။ ကျွန်မမောင်လေးက ကျွန်မအတွက်ဝယ်ထည့်ထားပေးတာ....။ ဖဘမှာလည်း ကျွန်မတို့ မြို့နယ် Group အဖွဲ့ရှိတယ်...။ အဲမှာ ဈေးရောင်းတဲ့သူတွေ စားစရာရောင်းတဲ့သူတွေအများကြီးပဲ....။ မီတာရုံးရှေ့မှာ ရောင်းနေကျ စမူစာသုပ်သည် နေ့လည်၂နာရီကစပြီး ဖုန်းနဲ့မှာစားနိုင်ပါပြီ အိမ်တိုင်ရာရောက်ပို့ပေးပါတယ်တဲ့....။ အဲဒါလေးစားချင်လိုက်တာလို့ စိတ်ကဖြစ်မိတယ် တစ်ရက်လောက်မှာစားဦးမယ်လို့တေးထားပြီး မမှာဖြစ်ဘူး....။ အဲလိုစိတ်ထဲဖြစ်ပြီး တစ်ပတ်လောက်ကျတော့ ကျွန်မမောင်လေးကညနေအလုပ်ကပြန်လာလို့ သူဖြတ်လာတဲ့လမ်းမှာ လူကြိတ်ကြိတ်တိုးဝယ်နေကြလို့ ကောင်းမယ်ထင်ပြီး ကျွန်မအတွက် စမူဆာသုပ်တစ်ပွဲဝယ်လာပေးတယ် ပဲရည်လေးနဲ့....။ အဲလိုကိုယ်တောင်းတမိတာလေးတွေ ရက်ပိုင်းမှာဆန္ဒပြည့်လာတတ်တာကို သတိထားမိတယ်...။

မေတ္တာတရားဟာ တန်ခိုးရှင်လိုပါပဲလားလို့ အောက်မေ့မိတယ်....။ အရင်ကတော့တွေးမိတာ ငါလုပ်ပေးသလောက်ပြန်မရဘူး ရောင်ပြန်ဟတ်တယ်ဆိုတာ တကယ်မရှိဘူးလို့ထင်ထားခဲ့တာ....။ တကယ်တော့ ကိုယ်ဘာလုပ်လုပ် တစ်ခုခုပြန်ရရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာထက် စိတ်စေတနာအပြည့်အဝနဲ့လုပ်တဲ့အလုပ်မှန်သမျှဟာ ကိုယ်ဆီ Reflection ပြန်လာတယ်ဆိုတာကို ခုချိန်မှသေချာ ဦးနှောက်နဲ့ နှလုံးသားနဲ့ချိတ်ဆက်ပြီး ခန္ဓာသိနဲ့သိသွားခဲ့တာ....။ တခြားအရာကိုခဏထားဦး ကိုယ့်ခန္ဓာကိုယ်ကိုပဲ ခေါင်းစခြေဆုံး သတိလေးနဲ့သိအောင်နေကြည့်ကြည့် ထူးခြားတာတွေကို တစ်ခုမဟုတ်တစ်ခုတွေ့ရတတ်တယ်...။ Miracle ဆိုတာတကယ်ရှိတယ်ဆိုတာ ပိုသတိထားမိလာတယ်....။ 

တလောက တရားထိုင်ရင်း မမဝသုန်ကို ဆံထုံးမှာ တရုတ်စကားပန်းအနီရောင်လေးတစ်ပွင့်ပန်ထားတာမြင်လိုက်တယ်....။ ကျွန်မ အရေးကြီးတဲ့သူတွေ တစ်ယောက်ချင်းဆီကို တရားထိုင်ပြီး မေတ္တာလှိုင်းပို့တဲ့အလုပ်ကို ဒီဝါတွင်းမှာစလုပ်ခဲ့တာ အရင်ပို့စ်တွေမှာရေးဖူးခဲ့ပါတယ်....။ မမကို ပြန်ပြောပြတော့ သူတကယ်ပဲ စကားပန်းအနီလေးပန်ထားခဲ့တာတဲ့ စိတ်စွမ်းအင်တွေတော်တော်တက်နေပြီပဲလို့ ကျွန်မကိုသူပြောတယ်...။ တကယ်တော့ ကျွန်မက ခုမှ လမ်းအစကိုရှာနေတုန်း မူကြိုအဆင့်တောင်မရှိသေးပါဘူး....။ နောက်တစ်ရက် မမဝသုန်ကို အရင်မြင်နေကျ အပြုံးလှလှနဲ့ အနက်ရောင်ဇာလက်ပြတ်လေးဝတ်ထားတာတွေ့တယ်....။ ဇာပန်းအကွေးလေးမှာ ကတ္တီပါဖောင်းကြွလေးတောင်ပါတယ်လို့ အသေးစိပ်မြင်တယ်....။ မမကိုအဲလိုဝတ်ထားတာဟုတ်လားလို့ ကျွန်မ ခုထိမမေးကြည့်ရသေးဘူး....။ ဒီပုံရိပ်ကို တရားမထိုင်မီ ဘုရားစာရွတ်နေတုန်းမြင်လိုက်တာပါ...။ အပြုံးတွေကြည့်ရတာတော့ စိတ်ချမ်းသာစရာတစ်ခုခုကြုံရလို့ ဒီလိုနှစ်နှစ်ကာကာအပြုံးမျိုးကိုဖော်ပြတာလို့ ယူဆမိပါတယ်....။ ဘာပဲဖြစ်ဖြစ် ခက်ခဲတဲ့ စိတ်ဆင်းရဲစရာ ဒီလိုကာလမျိုးမှာ တစ်နေ့တာအတွက် အပြုံးတစ်ခုရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး....။ 

ကျွန်မ တရားထိုင်တာ တစ်နေ့ကို ၁၅မိနစ်ပဲရတယ်....။ ဟိုတစ်လက ညာဖက်ပေါင် တင်ပါးဆုံအဆစ်နာတာ တင်ပလ္လင်ခွေထိုင်လို့မရဘူး အဲဒါနဲ့ လွန်ခဲ့သောနှစ်များက ဒူးနာဖူးလို့သောက်ခဲ့ရတဲ့ Mega ကထုတ်တဲ့ Joint Ace ဆေးတစ်ဘူးဝယ်သောက်ဖြစ်တယ် အလုံးသုံးဆယ်ပါတာ တစ်ရက်နှစ်လုံး ၁၅ရက်ဆက်တိုက်သောက်လိုက်တာ ခုလမ်းလျှောက်လဲမနာတော့ဘူး အဲမတိုင်ခင်က လမ်းလျှောက်ရင်ကြာကြာရပ်ရင်တောင်နာတာ...။ အဲဆေးသောက်ပြီးသွားတော့ မနာတော့ပေမယ့်လဲ တရားထိုင်ရင် အကြာကြီးမရတော့ဘူး.....။ လူဆိုတာ အို နာ သေ ဘေးမလွတ်ဘူးဆိုတာပဲ....။ တရားတွေရပြီးရင်းရ.....။ တရားစထိုင်ရင်ဘယ်လိုထိုင်ရတယ် ဘာတွေမှတ်ရတယ်ဆိုတဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ နည်းလေး ပို့စ်တင်ပေးပါဦးမယ်.....။ 



______________________
Revolution will prevail
မိုးငွေ့