Saturday, 11 June 2016

အလွမ်းမိုးရိပ်.....

 




အိန်ဂျယ်ပို့စ်လေးတွေ စမရေးခင်တုန်းက အက်ဆေးလေးတွေသွားပြန်ဖတ်ရင်း အဲဒီပို့စ်တွေမှာ မင်းနဲ့ ကော်မန့်တွေအပြန်အလှန် ပြောထားတာလေးကြောင့် မင်းကို သတိရလွမ်းဆွတ်ခြင်း မိုးတိမ်တွေ တရိပ်ရိပ်တက်လာခဲ့တယ်.....။ မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာလေးကိုတောင်ပြေးသတိရမိတယ်...။ “ဒါပါပဲကွယ်... ပုံပြင်ရယ်ထား အိပ်မက်များလို မေ့သွားနိုင်ရိုး အဖြစ်မျိုးလား မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ ချစ်ခြင်းဆင်းရဲ မိုးသားမဲညို  ပြိုမည်အုန်းအုန်း မိုးထစ်ချုန်းပြီ နှလုံးသားတောင်ထိပ်မှာ အလွမ်းမိုးရိပ်တွေပါညို".....။

ဒီမနက် မင်းသူငယ်ချင်းတွေထဲက တစ်ယောက်အွန်လိုင်းမှာ လာနှုတ်ဆက်လို့ စကားပြောရင်းလည်း မင်းကို လွမ်းသွားမိပြန်တယ်..။ “ကျွန်တော်တို့တွေ မတွေ့ဖြစ်ခဲ့တဲ့ နှစ်တော်တော်ကြာသွားပြီထင်တယ်နော် အစ်မ” တဲ့ မင်းသူငယ်ချင်းတွေလည်း ကလေးအဖေတွေဖြစ်ကုန်ပြီလေ...။  ကိုယ့်ကိုလာနှုတ်ဆက်တဲ့ မင်းသူငယ်ချင်းက သူ့အမျိုးသမီးလေး ကိုယ်ဝန်လွယ်ထားပြီဆိုပြီး အစ်မရောတဲ့... ကိုယ်လည်း သားကလေးတစ်ယောက်ရပြီလို့ ကိုယ့်တူလေးနဲ့ရိုက်ထားတဲ့ ပုံလေးပြလိုက်တယ်။ သူယုံသွားတယ် ဟဟ....:)  ။

ဒီလ ဦးသုမောင်ရဲ့ စာပေသဘင် စာအုပ်ဒုတိယတွဲဝယ်ဖတ်ဖြစ်တော့ အိန်ဂျယ်စာစုတွေကို ဦးသုမောင် ဂျယ်နယ်မှာရေးခဲ့သမျှဆောင်းပါးတိုလေးတွေစုပြီး စာအုပ်ပြန်ရိုက်သလိုဆို စာအုပ်တစ်အုပ်ကောင်းကောင်း ရလောက်ရဲ့နော်...။ မနှိုင်းသာပါဘူး... ဦးသုမောင်ဆိုတာ ရုပ်ရှင်မင်းသားမဖြစ်ခင်ကတည်းက အဆိုတော်မဖြစ်ခင်ကတည်းက စာအရင်ရေးခဲ့တဲ့ စာရေးဆရာ ဝါရင့် သဘာမြင့်မဟုတ်လား...။

အိန်ဂျယ်ကိုလည်း လွမ်းရင်း တခြားကိုယ်ဖတ်ထားတဲ့စာအုပ်လေးတွေအကြောင်းလည်းရေးပါဦးမယ်...။


မိုးငွေ့


Tuesday, 7 June 2016

မိုးရွာခြင်းအနုပညာ (၃).....



ကျွန်မကို မိုးပေးဖို့ရာ ပိန်းကြာရွက်ကြီး သူသွားခူးသည်။

စောင့်နေခဲ့သော ကျွန်မသည် မိုးရွှဲရွှဲစိုလေ၏။

ပိန်းကြာရွက် ပါလာသည်ဖြစ်စော၊ မပါလာသည်ဖြစ်စေ

ကျွန်မ မိုးစိုများသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ

“ကျွန်မအတွက်”ဟူသော အသိစိတ်ကလေးကို ကျွန်မ နင့်နေအောင်ချစ်သည်။

 (Craton)  
 

                             

Thursday, 2 June 2016

မိုးရွာခြင်းအနုပညာ (၂).....



                                            

မှိုင်းခိုရီ ပြာသီလို့ဝေ
ရာသီပီတဲ့လေ
မိုးစက်ရယ် ထွေးသန်း
စကားဖြူငယ် စွင့်ကာလန်း
ပွင့်လွှငယ်ငယ်ချမ်း
(Craton)
                                                                                                         


Friday, 27 May 2016

မိုးရွာခြင်းအနုပညာ (၁).....

သိမ့်ကြည်တဲ့ရသ
လှလှကလေး မှောက်ချလို့
မြေပြင်ပေါ် ခြေအချဝယ်
တမ်းတမဆုံး

(Craton)


Monday, 23 May 2016

ဒီမိုး.....






မိုးစက်တွေ အိပ်စက်နေကြတုန်းပဲ အိန်ဂျယ်......

နွေခေါင်ခေါင်မှာ ကိုယ်တစ်ယောက်တည်းပဲ မိုးတွေရွာချနေခဲ့တယ်...

မင်းကတော့ ပင်လယ်ပြင်မှာ ပေါလောမျောပြီး မုန်တိုင်းကြားထဲ သက်စွန့်ဆံဖျား ခရီးဆက်နေရတုန်းပေါ့...။

မိုးကို ကိုယ်စောင့်နေတယ်...

ဒီမိုးကျရင် မင်းနဲ့ပတ်သက်မယ့် မိုးကဗျာတွေ တသီကြီး ရေးခွင့်ရမယ် ထင်တာပဲ...။

လောလောဆယ်တော့ ....

ကိုယ်ဟာ နွေကန္တာရထဲ အထီးကျန်နေဆဲပေါ့...

အိန်ဂျယ် ဖန်ဆင်းမယ့်နေ့ညတွေကို စောင့်မျှော်နေရင်းပေါ့....

မြက်ပြင်စိမ်းစိမ်းပေါ်က ဖက်ဆွတ်မိုးတွေကို ခြေဗလာနဲ့နင်းဖို့ စိတ်ကူးယဉ်ရင်းနဲ့ပေါ့...


မိုးငွေ့

Friday, 13 May 2016

မလိုချင်ဘူး စစ်.....





ငယ်ငယ်တုန်းက ရှမ်းပြည်မှာ မြန်မာ့တပ်မတော်တွေနဲ့ ဗကပတွေ ခဏခဏစစ်ဖြစ်လွန်းလို့ ကျွန်မတို့နေတဲ့ ရွာမှာဆို အိမ်တိုင်းလိုလို ဗုံးခိုကျင်းတူးထားရတယ်...။ ဒုန်းဒုန်းဒိုင်းဒိုင်း ပစ်ခတ်သံကြားတာနဲ့ ရင်ထိတ်နေကြရပြီ...။ အခြေနေမကောင်းရင် ကျင်းထဲဆင်းပုန်းရသေးတာ...။ ကျွန်မကလေးအရွယ် ကတည်းက အဲအသံတွေကိုကြားနေရတုန်းပဲ နည်းနည်း ငြိမ်းချမ်းရေးရသွားတော့မှ ဗုံးခိုကျင်းလည်း ကျွန်မတို့အတွက် ဆင်းပြီး တူတူပုန်းတမ်းကစားတဲ့ နေရာတစ်ခုဖြစ်လိုဖြစ်သွားရတာပေါ့..။

ကျွန်မရန်ကုန်ကိုရောက်ပြီး နှစ်တော်တော်ကြာ စစ်ဆိုတဲ့စကားလုံးမကြားရတော့ပေမယ့် ခုနောက်ပိုင်း ပြည်တွင်းစစ်တွေ ဟိုနားဒီနားဖြစ်နေကြတယ်...။ ဘာလို့လည်းကွယ်... ဘာလို့ အပြစ်မရှိသူတွေ အသက်ကို သနားညှာတာမှုမဲ့စွာ စစ်တိုက်နေကြရတာလဲ...။ ကမ္ဘာကရွာဖြစ်လာတော့ လူတွေလည်း အမြင်ကျယ်လာ အကုန်လုံးသိလာခဲ့တာ... စစ်ဘေးဒုက္ခသည်တွေအတွက် အဆိုးထဲက အကောင်းလို့ပဲမှတ်ယူရတော့မယ်...။ ပရဟိတစိတ်ပြည့်ဝသူတချို့ရဲ့ ကူညီထောက်ပံ့အားပေးမှုနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အတွက် တော်တော်ကောင်းသွားတယ်...။ ဘာပဲဖြစ်ဖြစ် စစ်ဆိုတာ မရှိရင်အကောင်းဆုံးပေါ့ လောဘ ဒေါသ မောဟတွေနဲ့ လူတွေရှိနေသရွေ့တော့  ငြိမ်းချမ်းရေးဆိုတာရတလှည့် မရတလှည့်နဲ့ လည်နေမှာပါပဲ...။

နီနီ့ရဲ့ စစ် အမ်တီဗီလေးကိုလည်း မျှဝေရင်း ပြောချင်တာလေး နည်းနည်းပြောသွားတာပါပဲ..။



မိုးငွေ့

Tuesday, 3 May 2016

နွေရာသီအနုပညာ..... (၁၃)





 
 
 
 
 
 
 

လက်ကို ရထားအပြင်ဘက် ထုတ်ထားတယ်

အစိမ်းရောင်ရနံ့တွေ သူ့ကိုနမ်းတယ်

ကိုယ်က အစိမ်းရောင်ရနံ့တွေကို ပြန်နမ်းတယ်

ကိုယ့်ရဲ့ညာဖက်လက်မောင်းပေါ် ဘယ်သူအိပ်မှာလဲ။ ။


 ရေးသားသူ။   ။ Craton