Thursday, 9 May 2013

သီးစုံဝက်သားကုန်းဘောင်ကြော်.....

 


ကုန်းဘောင်ကြီးကြော်ဆို မစားဖူးတဲ့သူမရှိသလောက်ပါ...။ တရုတ်ဟင်းထဲမှာ သူက နာမည်ရပြီးသား ဟင်းအမယ်တစ်မျိုးမဟုတ်လား...။ ကုန်းဘောင်ကြော်နည်းအခြေခံက ဒါဒါပဲဆိုပေမယ့်ပေမယ့် ကိုယ့်ကြော်နည်းလေးကို ပြန်မျှဝေချင်တာကြောင့်ရယ်ပါ။






ဝက်သားကုန်းဘောင်ကြော်အတွက် ကိုယ်ထည့်မယ့် အမယ်လေးတွေကိုပြောပြမယ်...။

၁) ၀က်သား 200g (တစ်လက်မအရွယ်ပါးပါးလှီးထားတဲ့ မိုးခိုသား/ကျောကုန်းသား)
၂) ကြက်သွန်နီကြီးတစ်ဥ+ဖြူနှစ်မွှာ+ဂျင်းလက်တစ်ဆစ်
၃) ငရုတ်နီ ငါးတောင့်
၎) ချယ်ရီခရမ်းချဉ်သီး 12လုံး
၅) မုန်လာဥနီ 1/2လုံး
၆) ခရမ်းချဉ်သီးတစ်လုံး
၇) ငရုတ်ပွနှစ်လုံး
၈) ပဲငံပြာရည်အနှောက် 1 tbsp
၉) ပဲဆီ(သို့)နေကြာဆီ ဟင်းခတ်ဇွန်းကြီးတစ်ဇွန်းခွဲ


အသားနှပ်မည့် ဟင်းခတ်တွေက
(အသားထဲကို အောက်က ဟင်းခတ်တွေအကုန်ထည့်ပြီး ဆယ်မိနစ်လောက်နှပ်ထားပါ)
၁) ပဲငံပြာရည်အကြည် 1tbsp
၂) ပဲငံပြညရည်အနှောက် 1tbsp
၃) ဟင်းခတ်မှုန့် 2 tsp
၎) ငရုတ်ကောင်းအမဲမှုန့် 2 tsp
၅) ပြောင်းမှုန့် 2 tsp
၆) ဆန်ဝိုင် 2 tbsp
၇) သကြား 2 tsp
၈)နှမ်းဆီ သုံးစက်(အားလုံးကိုရောမွှေပြီးမှ နှမ်းဆီကိုနောက်ဆုံးမှထည့်မယ်)






ပုံမှန်ကြော်နည်း (သို့) မူလကြော်နည်းမှာတော့ ဂျင်း ကြက်သွန်နီ ဖြူတွေကို အရင်ကြော်ပြီး ပန်းကန်ထဲပြန်ဖယ်ထားတတ်ကြတယ်...။ ကိုယ်ကြော်မယ့်နည်းကတော့ အဲဒါနဲ့ပြောင်းပြန်...။ ဆီပူဒယ်ထဲကို အရင်ဦးဆုံး အစောင်းလေးတွေလှီးထားတဲ့ ကြက်သွန်ပင်အရင်းလေးကို ဆီသတ်တယ် နှစ်ချက်လောက်မွှေပြီးတာနဲ့ ဂျင်းချောင်းလေးတွေဆက်ထည့် ခရမ်းချဉ်သီး ထည့်ကြော်တယ်။





ခရမ်းချဉ်သီးနဲနဲနွမ်းလာတာနဲ့ နှပ်ထားတဲ့ ၀က်သားထည့်ကြော်ပါမယ်..။ သြော်တစ်ခုပြောဖို့မေ့သွားတယ် သိပြီးသားလဲဖြစ်ကြမှာပါ..။ ခုလို Stir Fry လို့ခေါ်တဲ့အကြော်တွေမှာ အသားကို အမြန်နူးလွယ်တဲ့အသားမျိုးကိုသုံးဖို့လိုပါတယ်..။ ဥပမာ ၀က်သားဆို မိုခိုသား ကျောကုန်းသား မဟုတ်ရင် နံရိုးနားက ခွာထားတဲ့ ခွာသွားတွေကို သုံးရင်ပိုကောင်းတယ် မဟုတ်ဘဲ ပေါင်သားတို့ဘာတို့နဲ့ကြော်မိရင် အသားမနူးဘဲ မာဆတ်ဆတ်နဲ့စားမကောင်းတတ်ပါဘူး။ ကြက်သားဆိုလည်း ရင်အုံသားဆို ပိုကောင်းတယ်။ 

အိုခေ... အသားထည့်ပြီးရင် ဆက်တိုက်သာမွှေပေးနေ... အရောင်လိုရင် ပဲငံပြာရည်အနှောက်ထပ်ထည့်ပြီး အသားလေးမွှေးပြီးနူးအိလာခါနီးပြီဆို ကျန်တဲ့အသီးအရွက်တွေဖြစ်တဲ့ ကြက်သွန်နီလေးစိပ်စိပ်နဲ့ ဓါးပြားရိုက်ကြက်သွန်ဖြူရယ် ငရုတ်နီနဲ့ ဥနီကိုထည့်ကြော် တစ်မိနစ်လောကမွှေကြော်ပြီးရင် ငရုတ်ပွစိမ်း ဆက်ထည့်ပြီး ကြော်လိုက်ရုံပဲ....။ ငရုတ်ကောင်းနဲ့ နှမ်းဆီနံ့မွှေးပျံ့နေတဲ့ ဆန်ဝိုင်ကြောင့်နူးညံ့နေတဲ့ ၀က်သားကုန်းဘောင်ကြော်တစ်ပွဲရပါပြီ...။ သူ့အဆီလေးကို ထမင်းပူပူမှာနယ်ပြီးစားရင် သိပ်ကောင်းတယ်။


မိုးငွေ့


Tuesday, 7 May 2013

ဟိုတုန်းက နွေရက်ကလေးဆီ.....





“ကိုကို... မီးမီးကို ကြက်တောင်လေးကောက်ပေးပါလား....” 

ခြံစည်းရိုးဘောင်နား ခုံခုပြီး ခေါင်းလေးပေါ်လာတဲ့ နဖူးအပြောင်ဆံပင်တွေကို ပိုနီတေးခပ်မြင့်မြင့် ဖဲပြားအနီရောင်စနဲ့ချည်ထားတဲ့ ကိုယ့်ကို တံမြက်စည်းလှည်းနေတဲ့သူက တအံ့တသြ လှမ်းကြည့်နေခဲ့တယ်...။ သူ့မျက်ဝန်းတွေထဲမှာ အံ့အားသင့်အကြည့်တချို့က ကိုယ်သူ့ကို ကိုကိုလို့ခေါ်လိုက်တာလဲ ပါလိမ့်မယ်....။ အစ်ကို အစ်မ မရှိတဲ့ တစ်ဦးတည်းသောသမီးကိုယ်က အစ်ကိုအစ်မသိပ်လိုချင်ခဲ့တာလေ...အငယ်လုပ်ချင်တာပေါ့...။

သူဆိုတာက.... ကိုယ်တို့ခြံဘေးကို ရန်ကုန်စက်မှုတက္ကသိုလ်တက်ဖို့ ဟိုးးး တောင်ပေါ်ဒေသ ပန်းတွေအများကြီးပွင့်တဲ့ ပြင်ဦးလွင်ကနေရောက်လာတဲ့ တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်...။ အဲဒီခြံမှာနေတဲ့ သူ့အဒေါ်က ကိုယ့်မေမေနဲ့ ဟိုးးအရင်ကတည်းက ရင်းနီးကြပြီးသားတွေ...။ ဟိုနေ့တုန်းက ဒေါ်ဒေါ်ငယ်အိမ်လာလည်တော့ မေမေနဲ့ပြောနေကြ သံကြားလိုက်တာပါ...။ နယ်က သူ့တူတစ်ယောက်ကျောင်းတက်ဖို့ ရောက်နေတာ...။ သူ့တူလေးက ဘယ်လောက်အေးကြောင်း လိမ္မာကြောင်း အလိုက်သိကြောင်းကို ရွှမ်းရွှမ်းဝေနေအောင် ပြောသွားတာလေ...။

သူက သစ်ရွက်ခြောက်တွေလှည်းတဲ့ တံမြည်းစည်းကြမ်းရှည်ကို မာလကာပင်ရင်းမှာ ခဏမှီထားလိုက်ပြီး မြက်ခင်းစိမ်းပြင်ပေါ်မှာ ကျနေတဲ့ ကြက်တောင်ကိုသွားကောက်ပေးပါတယ်..။
အသားခပ်ဖြူဖြူ သူက အဖြူရောင်ချိုင်းပြတ်စွပ်ကျယ်နဲ့ နက်ပြာကွက် ချည်သားဘောင်းဘီတိုလေးနဲ့  နုငယ်ပျိုမျစ်လှတဲ့ ကောင်လေးတစ်ယောက်ပေါ့....။ (ကိုယ် နောက်ဆုံးတွေ့လိုက်တဲ့ ပါးမြိုင်းမွှေးစိမ်းစိမ်းနဲ့ ရင့်ကျက်တည်ငြိမ်နေပြီဖြစ်တဲ့ လူကြီးတစ်ယောက်နဲ့ ပြင်ပရုပ်ကလေးပဲကွာသွားတာပါ.... သူ့ရဲ့ စိတ်အနေအထား အပြောအဆို ဟန်ပန်တွေက ဟိုတုန်းကနဲ့ အခုနဲ့ဘာမှမပြောင်းလဲသွားပါဘူး...)

ကိုယ်တို့ခြံဘေးပြောင်းလာခဲ့တဲ့ တက္ကသိုလ်ကျောင်းသားပေါက်စနအရွယ်ကတည်းက ကိုယ်စတွေ့ကတည်းက သူက တကယ့်လူကြီးတစ်ယောက်လို စကားပြောဆို ဆက်ဆံရာမှာ အေးဆေးတည်ငြိမ်လှတယ်...။

“ဒေါ်ခင်ခင်လေးရဲ့သမီးထင်တယ်.....”

သူက ကိုယ့်ကို ကြက်တောင်ကမ်းပေးရင်းက မေးလိုက်တာ....။ ကိုယ်က ခြံစည်းရိုးနား ခုံခုထားတာဆိုတော့ သူက ကိုယ့်ကိုပြန်မော့ကြည့်နေရတဲ့ အနေအထားမှာပေါ့...။ 

“ဟုတ်.... ကျေးဇူးနော် ကိုကို...”  သူ့လက်ထဲက ကြက်တောင်လဲရရော ကျေးဇူးတင်စကားပြောပြီး ကိုယ်စွေ့ခနဲ ခုံပေါ်က ပြန်ခုန်ချလိုက်တော့...ကိုယ့်ကို နောက်ထပ်စကားပြောဖို့ ဟန်ပြင်ရင်း ကျန်ရစ်ခဲ့တဲ့သူ့ပုံလေးကို မြင်ယောင်ပြီး ပြုံးမိသွားတယ်...။

ကိုယ်က ဆယ်တန်းဖြေပြီး တက္ကသိုလ်တက်ဖို့စောင့်နေရင်း အပြင်မှာ သင်တန်းတွေတက် အားရင် အိမ်မှာ ညီမတစ်ဝမ်းကွဲလေးနဲ့ ကြက်တောင်ရိုက် ပန်းကလေးတွေစိုက် ရေလောင်းတဲ့အလုပ်တွေကို လုပ်နေရတာပေါ့...။

သြော်... သင်တန်းတက်တာဆိုလို့... ထုံးစံအတိုင်း ကွန်ပြူတာတွေ အင်္ဂလိပ်စာတွေလည်းတက်ရင်း မေမေက မိန်းကလေးမို့ အချက်အပြုတ်လဲတတ်ရမယ်ဆိုပြီး အင်းလျားလမ်းချိုးက ဘောင်ထရီမှာ အချက်အပြုတ်သင်တန်းတက်ခိုင်းပါတယ်...။ ငယ်ငယ်ကတည်းက မေမေ့ကို မီးဖိုချောင်မှာကူနေကျမို့ သိပ်တော့မစိမ်းပါဘူး...။ သင်တန်းမှာ ဆနွင်းမကင်းမုန့်လုပ်ဖို့ အိမ်စာပေးလိုက်တဲ့တစ်နေ့ကျ အိမ်က မီးဖိုချောင်မှာ ကိုယ်အလုပ်ရှုပ်ရပြီပေါ့....။ ဆနွင်းမကင်းမုန့်ပေမယ့် ကိုယ်တိုင်ရဲ့ တီထွင်ကြံဆအားထုတ်မှုပါရမှာမို့ ဘာဆနွင်းမကင်းမုန့်ရယ်လို့ အတိအကျခေါင်းစဉ်မပေးပါဘူး...။ အာလူ ဒူးရင်း တခြားကိုယ်ကြိုက်တဲ့ အသီးအနှံနဲ့လည်း လုပ်လို့ရတယ်ပေါ့...။

အဲဒီနေ့က ကိုယ်တိုင် ဈေးသွား ဝယ်ရတယ် အမယ်တွေအစုံဝယ်ရတယ်...။ ကိုယ်လုပ်မှာက ရွှေဖရုံသီးဆနွင်းမကင်းပါ...။ အိမ်က အကူကောင်မလေးနဲ့ ကိုယ်နဲ့နှစ်ယောက်တည်း မေမေတို့မနက်စာဟင်းချက်ပြီးသကာလမှာ မုန့်လုပ်ဖို့ပြင်ဆင်ကြပါတယ်....။ ကိုယ်ပထမဦးဆုံး ကျောင်းကပေးတဲ့ အိမ်စာမုန့်လေးကို မေမေတို့ကတောင်ချီးကျူးတာ... သိပ်ကောင်းတာပဲတဲ့...။ ထောပတ်နဲ့ သကြားအချိုးအစားနဲနဲလျှော့ထားလို့ သိပ်ပြီး မချိုမအီပဲ ရွှေ့ဖရုံနှစ်အရသာလေးနဲ့မွှေးနေတာပဲတဲ့...။ မေမေအဲလိုပြောတော့ ဒေါ်ဒေါ်ငယ်တို့ကိုလည်း
ကျွေးချင်စိတ်ပေါက်လာခဲ့တယ်....။ 

ခါတိုင်း ဒေါ်ဒေါ်ငယ်တို့ကို မေမေမုန့်ပို့ခိုင်းရင် အရှေ့ခြံတံခါးကနေဝင်နေကျပေမယ့် ဒီတစ်ခါတော့ ခြံထဲမှာ စာဖတ်နေတတ်တဲ့ သူ့ကိုပဲလှမ်းခေါ်ပြီးယူခိုင်းမယ်လို့ စဉ်းစားပြီး ခြံစည်းရိုးနား ခုံခုလိုက်တော့ မြက်ခင်းပြင်ဒေါင့်က ကျောက်စားပွဲလေးမှာ သူစာဖတ်နေတာ တန်းတွေ့လိုက်တယ်...။ ကိုယ်ဒီနားမှာရောက်လာလိမ့်မယ်လို့ သူကြိုသိထားလေသလား တိုက်ဆိုင်သွားလို့လားတော့ မသိဘူး...။ ကိုယ်လဲခုံပေါ်တက် သူစာဖတ်တဲ့နေရာကိုလှမ်း ကြည့်လိုက်တာနဲ့ သူက ကိုယ်ကိုလှမ်းကြည့်နေတာနဲ့ ချက်ချင်းတိုးမိတယ်...။ ကိုယ်သူ့ကိုပြုံးပြတော့... သူ့လက်ထဲက စာအုပ်ကို စားပွဲပေါ်မှောက်ချရင်း ပြန်ပြုံးပြတယ်...။ ဒီတော့မှ သူ့ပါးနှစ်ဖက်က ပါးချိုင့်ခွက်ခွက်ကို ထင်းခနဲမြင်လိုက်ရတယ်...။ အိုးး... ကိုယ်မြင်ဖူးသမျှ ပါးချိုင့်ရှိတဲ့ ယောကျာ်းတွေထဲမှာ သူက ချစ်စရာအကောင်းဆုံးထင်ရဲ့...။

“ကိုကိုတို့ကို မီးမီးလုပ်တဲ့ မုန့်ပေးမြည်းမလို့.... ” ကိုယ်က သူ့ကို လက်ထဲက မုန့်ဗူးလေးမြှောက်ပြရင်း ပြောလိုက်တော့.. သူ ကျောက်စားပွဲနားကနေ ခြံစည်းရိုးနားကိုရောက်လာတော့တယ်...။

“ညီမလေးနာမည်က မီးမီးတဲ့လား... ”
“မေမေတို့အိမ်မှာခေါ်တာပါ.. နာမည်အရင်းက မေညိုလဲ့”

ကိုယ်ပေးတဲ့ မုန့်ကို သူ့တခါတည်းမြည်းခိုင်းတော့ မုန့်ဗူးလေးဖွင့်ပြီး သူချက်ချက်စားကြည့်ပါတယ်....။ ပြီးတော့ မုန့်ကိုဝါးရင်း နှုတ်ကပြန်မဖြေဘဲ ကိုယ့်ကို လက်မထောင်ပြတယ်...။ ခြံစည်းရိုးပေါ် လက်နှစ်ဖက်ယှက်မေးတင်ပြီး သူမုန့်စားတာကို အပေါ်စီးက ကြည့်ရတာ လှိုက်ဖိုကြည်နူးစရာ....။ အဲဒီနေ့ကစပြီး ကိုယ်လက်တည့်စမ်းသမျှ ဟင်းခွက်တွေ မုန့်တွေကို ဒိုင်ခံစားပေးတာ သူက ထိပ်ဆုံးကပေါ့...။

သူက တင်းနစ်ကစားသမားမို့ ကိုယ်ကြက်တောင်ခေါ်ရိုက်တိုင်းငြင်းတတ်တယ်...။ တင်းနစ်သမားတွေက ဘောလုံးကို လက်ဖျံအားသုံးပြီး ရိုက်တာမို့ လက်ကောက်ဝတ်သုံးပြီးရိုက်တဲ့ ကြက်တောင်နဲ့ကျတော့ ဆန့်ကျင်ဖက်လေ...။ ဒါကြောင့် ကိုယ်အတင်းရိုက်ခိုင်းရင် သူက ကိုယ့်ကိုဘယ်တော့မှမနိုင်တတ်...။ အင်းလေ... သူတမင်သက်သက် အရုံးပေးပြီး ရိုက်တာလည်းဖြစ်နိုင်တာပဲ...။ ငယ်ကတည်းက ခြေဆစ်လက်ဆစ်ကိုက်တတ်တဲ့ ကိုယ်... သူနဲ့ကြက်တောင်ရိုက်ပြီးတိုင်းဆေးလိမ်းရတော့တယ်...။

“အဲဒါပြောတာပေါ့.... လက်ကိုက်တတ်တာကို တခြားကစားနည်းပြောင်းကစားပါလား ညီမလေးရယ်....” ပြောလည်းပြောရင်း သူက စိတ်ရှည်လက်ရှည်နဲ့တော့ ဆေးကိုသေချာ လိမ်းပေးတတ်ပါတယ်….။

သူက တခြားသူတွေလို ကိုယ့်အိမ်နာမည်ကိုဘယ်တော့မှမခေါ်တတ်ဘဲ... ညီမလေးဆိုတဲ့ နာမ်စားကိုသာ တရှိုက်မက်မက်သုံးတတ်တယ်....။ သူနဲ့တွေ့ပြီးမှ ကိုယ်လည်း သူနဲ့စကားပြောတိုင်း  ကိုယ့်ကိုယ်ကို ညီမလေးလို့သုံးတာ နှုတ်စွဲသွားတော့တယ်...။ သူ့မှာက သူနဲ့ အသက်သုံးနှစ်ကွာတဲ့ ညီတစ်ယောက်ပဲရှိတာတဲ့...။ ကိုယ့်ကို တွေ့တော့ ညီမလေးအရင်းတစ်ယောက်လိုပဲ ချစ်ခင်တယ်တဲ့...။ ကိုယ်ကလည်း အစ်ကိုလိုချင်နေတဲ့ သူတစ်ယောက်ဆိုတော့ ဟုတ်နေတော့တာပဲ...။ တကယ်ဆိုသူက ကိုယ့်ထက် တစ်နှစ်ကျော်ကျော်ပဲကြီးပေမယ့်.... ကိုယ့်ကို သူနဲ့အသက်လေးငါးနှစ်ကွာတဲ့ ညီမအငယ်ဆုံး ကလေးလို ပြောဆိုဆုံးမဆက်ဆံတတ်တယ်...။

သူကျောင်းစတက်ချိန်မှာ ကိုယ်က မတက်ရသေးဘူး....။ သူ့ကျောင်းကိုလိုက်လည်ချင်တာ သူက မလာရဘူး...ကျောင်းမှာက ယောက်ျားလေးတွေများတယ်... ညီမလေးအနေရခက်အောင် စကြလိမ့်မယ်တဲ့...။ သူတို့တက်တဲ့ စက်မှုတက္ကသိုလ်ကြီးဆိုတာ ကိုယ်က ရုပ်ရှင်တွေထဲပဲမြင်ဖူးတာ ရောက်ဖူးချင်တာ တပိုင်းသေပေါ့...။ နေပေစေ့ မခေါ်လည်း ကျောင်းတက်ရတဲ့ အခါကျမှ သူငယ်ချင်းတွေနဲ့သွားလည်မယ်လု့ိတေးထားလိုက်တယ်...။

တကယ်လည်း ကိုယ် RC မှာပထမနှစ်စတက်တော့ အတန်းထဲက တွဲမိတဲ့ သူငယ်ချင်းကလည်း သူ့သူငယ်ချင်း YIT မှာရှိတယ်သွားလည်ကြမယ်ဆိုတော့...ဘာပြောကောင်းမလည်း ကိုယ်သိပ်ရောက်ဖူးချင်နေတဲ့ကျောင်းကိုး တခါတည်းကောက်လိုက်သွားတာပေါ့....။ သွားသာသွားရတာ သူဘယ်အတန်းမှာတက်နေတယ် သူ့အခန်းကိုဘယ်လို သွားရတယ်ဆိုတာမသိဘူး...။ ဟိုရောက်တော့ သူငယ်ချင်းရဲ့ သူငယ်ချင်းကို ဒုတိယနှစ်အတန်းတွေက ဘယ်အဆောင်လည်းဆိုပြီး သွားလျှောက်ကြည့်ကြတာ...။ သူ့ကိုရှာမတွေ့ပါဘူး....။ မိန်းကလေးတွေလာတယ်ဆိုပြီး အတန်းထဲက ကျောင်းသားတွေရဲ့ စားမယ့်ဝါးမယ့်မျက်လုံးတွေနဲ့ထွက်ထွက်ကြည့်တာခံရသေး...။ 

ဒါနဲ့ သူငယ်ချင်းနဲ့ အောက်ကိုပြန်ဆင်းခဲ့လိုက်တာ...အဆောင်လေးဖက်လေးလံရဲ့ အလယ်ကွက်လပ် မြက်ခင်းပြင်မှာ ခလော့စ်ပုံကွန်ကရစ်လမ်းလေးကိုတွေ့လိုက်တယ်...။ လမ်းကလေးက မြက်ခင်းစိမ်းစိမ်းကြားမှာ လျှောက်ချင်စရာလေး...။ သူငယ်ချင်းက ပြောပြတယ် အဲဒါ သြဘာလမ်းတဲ့...။ နာမည်လေးကအဆန်းပဲ....။ လျှောက်ကြည့်ချင်တယ်ဆိုတော့ ...မလျှောက်ရဘူးတဲ့... အဲလမ်းကိုဖြတ်လျှောက်တာနဲ့...အတန်းထဲရှိရှိသမျှ ကျောင်းသားတွေက လက်ခုပ်သြဘာ ဝိုင်းပေးကြမှာတဲ့...။ ဟာ.... မဖြစ်နိုင်တာ မယုံဘူးဆိုပြီး ကိုယ်က ဇွတ်တရွတ်ဖြတ်လျှောက်လိုက်တာ... ဘုရားရေ... ကြက်သီးမွှေးထလောက်တဲ့ လက်ခုပ်သံတွေ ရှိရှိသမျှအရပ်ကထွက်ပေါ်လာတာ ကိုယ်တောင်ကြောင်ပြီး ခြေလှမ်းတွေရပ်သွားတဲ့အထိပဲ...။ ကိုယ့်သူငယ်ချင်းက ကိုယ့်ကို ရုတ်တရက် လက်လာဆွဲခေါ်သွားတော့မှ ကော်ရစ်တာတွေ အောက်ဖက် ပြန်ရောက်သွားတော့တယ်...။ ကဲ..ယုံပြီလားတဲ့...။

ညနေသူကျောင်းကပြန်ရောက်တော့ အိမ်မပြန်သေးဘဲ ကိုယ့်ဆီကို တန်းရောက်လာခဲ့တယ်...။ ကျောင်းကိုမလာခဲ့ပါနဲ့လို့ အတန်တန်မှာထားတာ ဘယ်လိုရောက်လာသလဲ...။ ပြီးတော့ ဘာကိစ္စသြဘာလမ်းကိုသွားဖြတ်လျှောက်ရသလဲ စသဖြင့် ကိုယ့်ကို လူကြီးတစ်ယောက်လိုပဲ ဆူပူပါတော့တယ်....။ သူ့စကားကို နားမထောင်လို့ဆိုပြီး ကိုယ်ကို သူတစ်ပတ်တိတိ အပြောအဆိုမလုပ်ဘဲ ဆန္ဒပြသေးတယ်...။ ကိုယ်ဖြင့် ကြိတ်ပြီး သဘောကျလို့မဆုံးဘူး ကိုယ့်ကို စိတ်ကောက်တဲ့ လူကြီးလည်းရှိသေးတယ်ဆိုပြီးတော့လေ...။ ဟွန့်..သူကျတော့ ကိုယ့်ကိုကျောင်းမှာ တွေ့လျက်နဲ့ ထွက်မနှုတ်ဆက်တာကရော….။

ကိုယ်ကလည်း သူမပြောတော့ ဘာမှပြန်ပြီးစသွားမပြောဘူးပေါ့ တစ်ပတ်တိတိ ကိုယ်လဲကောက်တယ်ကွယ်..ကဲ...။ တစ်ပတ်ပြည့်တဲ့နေ့... အဲဒီနေ့က မှတ်မှတ်ရရ စနေနေ့ ကျောင်းပိတ်ရက်လေး...။ ညနေ ကိုယ်ခြံထဲပန်းပင်ရေလောင်းနေတုန်း သူရောက်လာတယ်...။ မေမေကလည်း ခြံထဲ ပုတီးစိပ်ရင်း လမ်းလျှောက်နေတာ...။ သူက ကိုယ့်သဘောထားကိုတောင် မမေးတော့ဘဲ မေမေ့ကိုခွင့်တောင်းပါတယ်...။

“ဒေါ်ဒေါ်... ကျွန်တော် လမ်းထိပ်မှာ ဝက်သားတုတ်ထိုးသွားစားမလို့ ညီမလေးကိုခေါ်သွားမယ်နော်”တဲ့...။ 

တွေ့လား သူဘယ်လောက်လူလည်ကျလည်း ကိုယ်ဝက်သားတုတ်ထိုးကြိုက်တတ်မှန်းသိလို့ အစားနဲ့လာပြီး မျှားခေါ်သလိုလိုနဲ့ ကိုယ့်ကိုလာပြန်စခေါ်တာလေ....။ ကိုယ်လည်းမကြားချင် ဟန်ဆောင်ပြီး တဖက်လှည့်ပြီး ပန်းပင်ရေဆက်လောင်းနေလိုက်တယ်...။ အိုက်တင်တခွဲသားနဲ့ ပဲများကြည့်တာလေ... တကယ်တော့ သူဝယ်ကျွေးမယ့် ဝက်သားတုတ်ထိုးကို မျက်စိထဲမြင်ယောင်ပြီး သရေကျနေပြီ...။

“ညီမလေး လာလေသွားကြမယ်...” 

သူအဲလိုလေးပဲခေါ်လိုက်တာ... ရုပ်ရှင်တွေထဲကလို အဝတ်စားသွားလဲလိုက်ဦးမယ်တွေ ဘာတွေတောင် ပဲမများနိုင်ဘဲ အိမ်နေရင်း ချည်ဂါဝန်လေးနဲ့သူ့နောက်လိုက်သွားလိုက်တာပဲ...။

“ညီမလေးက တစ်ပတ်လုံးလုံး ကိုယ့်ကို လက်တည့်စမ်းတဲ့ မုန့်လေးဘာလေးတောင် လာကျွေးဖော်မရဘူးနော်...”

သူက လက်ပိုက်ထားရင်း ဘေးနားကနေ ခပ်ဆိတ်ဆိတ်ကလေးလိုက်လာတဲ့ ကိုယ့်ကိုမသိမသာ မျက်လုံးလေးစွေကြည့်ရင်း စကားစပါတယ်...။

“ကျောင်းစာတွေနဲ့ရှုပ်နေတာ ဘာမုန့်မှမလုပ်ဖြစ်ပါဘူး....” လေသံခပ်အေးအေးနဲ့ ပြန်ဖြေတဲ့ ကိုယ့်ကို သူက ကိုယ့်ပခုံးကိုခပ်ဖွဖွလာသိုင်းဖက်လိုက်ပြီး....

“နောက်တစ်ခါ ကျောင်းကိုလိုက်လည်ချင်ရင် ကိုယ့်ကိုပြောနော် ကိုယ်ခေါ်သွားမယ်... ဟိုတပတ်ကလို သူငယ်ချင်းတွေနဲ့ ဗရုတ်လာမကျရဘူး ဟုတ်ပြီနော်” တဲ့...။

အမယ်...သူကကိုယ်ကို ခေါ်လည်ချင်သလိုလိုနဲ့ ကိုယ့်ကို ဗရုတ်ကျတယ်လို့ ထည့်ပြောသွားသေးတယ်...။ နေနင့်ဦး...သူခေါ်လည်းကိုယ်ဘယ်တော့မှမလိုက်ဘူးလို့ စိတ်ထဲ တေးပြီးဆုံးဖြတ်ထားလိုက်တယ်...။ အပြင်ပန်းကတော့ သူ့ကိုခေါင်းညိတ်ပြလိုက်တာပေါ့...။

တကယ်လည်း သူ YIT မှာ ကျောင်းတက်တဲ့ ခုနှစ်နှစ်လုံးလုံးမှာ ကိုယ်သူ့ကျောင်းကို တစ်ခါကလေးမှတောင် ထပ်မရောက်ဖြစ်တော့ပါဘူး...။ သူကျောင်းပြီးသွားတဲ့အချိန်ထိပေါ့....။ နွေကျောင်းပိတ်ရက်တိုင်း သူ့အမေနဲ့ညီလေးရှိတဲ့ ပြင်ဦးလွင်ကိုပြန်နေကျ...။ ပြန်လာရင် ကိုယ်ကြိုက်တတ်တဲ့ ရှမ်းစာတွေကို တပုံတပင်ကြီး ဝယ်လာပေးနေကျ....။

သူဘွဲ့ယူမှ သူ့မေမေနဲ့သူ့ညီလေးကိုမြင်ဖူးလိုက်တာပါ…။ သူ့ညီလေးက သူ့လိုအသားမဖြူဘူး အသားခပ်လတ်လတ်ပိန်ပိန်နဲ့ သူ့မေမေက သူ့လိုပဲ ပါးချိုင့်နဲ့ ခန့်ခန့်ထည်ထည် အမျိုးသမီးကြီးပေါ့…။ သူကျောင်းပြီးသွားတော့ သူ့ဇာတိကိုမပြန်ဖြစ်တော့ဘဲ... နိုင်ငံခြားသွားဖို့ လိုအပ်တဲ့ သင်တန်းတိုလေးတွေကို တက်နေခဲ့တယ်...။

ကိုယ်ကတော့ ကျောင်းပြီးသွားလို့.... မေမေတို့ပန်းစိုက်တဲ့ခြံမှာပဲ ပန်းစိုက်တဲ့ အလုပ်ကိုလုပ်ရင်း ခြံထွက်သီးနံှကလေးတွေနဲ့ တခါတလေ မုန့်ဖုတ်ပြီး ကိုယ့်အသိမိတ်ဆွေတွေကို ဝေပေးတတ်တယ်...။ သူကတော့ သင်တန်းတက်နေစဉ်ကာလလေးမှာ အားလပ်ချိန်တွေများတော့ ကိုယ်ပန်းစိုက်တဲ့ ခြံထဲမှာ ကိုယ်လုပ်တဲ့မုန့်တွေ ကိုယ်ချက်တဲ့ဟင်းတွေကို ဒိုင်ခံလာပြီး အားပေးတတ်သူပေါ့...။ 

အရင်ချိန်တွေတုန်းက သူကျောင်းတက်နေချိန်တွေတုန်းက ကိုယ်သတိထားမိသလောက် စီးကရက်သောက်တာခုလောက် မစိပ်ဘူး ။ ...ခုကိုယ့်ခြံထဲမှာ သူအချိန်လာဖြုန်းတတ်တဲ့အခါမှသာ စီးကရက်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပိုသောက်တတ်မှန်းသိလာရတယ်...။ တခါတလေသူက သောက်လက်စစီးကရက်ကို နှှုတ်ခမ်းမှာ တေ့ထားရင်းက ကိုယ့်ကို ပန်းအိုးတွေရွေ့ပေးနေတတ်သေးတာ...။ အဲလို သူ နှှုတ်ခမ်းမှာ စီးကရက်ကိုတေ့ထားတဲ့အခါ ကိုယ့်မျက်စိထဲမှာ သိပ်ကြည့်ကောင်းတာပဲ....။

“ကိုကိုက စီးကရက်ကိုတော်တော်ကြိုက်တာပဲလား.... ကျောင်းတက်ခဲ့ရတဲ့ ခုနှစ်နှစ်လုံးလုံးကို တကယ်ပဲ စီးကရက်ထက် ကောင်မလေးလှလှလေးတစ်ယောက်ကိုတောင် မချစ်ခဲ့မကြိုက်ခဲ့ဘူးတဲ့လား...”

ကိုယ်အဲလိုလေးမေးတဲ့အခါတိုင်း သူက ဘာမှပြန်မဖြေဘဲ ပြုံးလို့သာနေတော့တယ်....။ သူနဲ့ ကိုယ်တို့နှစ်ယောက်ကြားက သံယောဇဉ်အမျှင်တန်းတွေကို သူမသိဘဲနဲ့တော့မနေပါဘူး..။

တခါ...သစ်သားခုံတန်းလေးပေါ်မှာ ခရေပန်းသီနေတဲ့ ကိုယ့်ဆံနွယ်ကြားကို အဖြူရောင်နှင်းဆီတစ်ပွင့် သူလာပန်ပေးခဲ့ဖူးတယ်...။ ပန်းသီရင်း ကိုယ်သူ့ကိုမော့ကြည့်တော့ သူမျက်ဝန်းတွေမှာ အရည်လဲ့လို့ လင်းရောင်စဉ်တန်းတစ်ခုလို တောက်ပခက်ဖြာလို့...။ ပြီးတော့ ကိုယ့်မျက်ဝန်းထဲကို အပြေးအလွှားတစ်စုံတစ်ခုကို သူလိုက်ရှာနေတယ်....။ ကိုယ်မျက်လွှာချပြီး ပန်းကိုသာဆက်ပြီး သီနေခဲ့တယ်...။ ရင်ထဲမှာတော့ သူ့အကြည့်တွေနဲ့ မှိန်းမူးတဲ့ မိုက်ခနဲခံစားမှုလိုလို... အသက်ရှူကျပ်ပြီး  ချွေးစေးပျံလာသလိုလို....။ သူတစ်ခါမှ ကိုယ့်ကိုအဲလိုမကြည့်ဖူးခဲ့ပါဘူး....။

နောက်တော့ သူ့ကိုမော့မကြည့်ဘဲ... သူ့ဆီက သက်ပြင်းချသံခပ်ပြင်းပြင်း တစ်ခုကိုကြားလိုက်ရတယ်...။ လေပူတွေမှုတ်ထုတ်သလိုမျိုးလဲ ဟုတ်တယ်...။ ပြီးတော့ ဇစ်ပိုမီးခြစ်ဖွင့်လိုက်တဲ့ ဖြောင်းခနဲအသံကိုဆက်ပြီးကြားလိုက်ရတယ်...။ သူစီးကရက်ထုတ်ပြီး မီးညှိနေတာ..။ သူ့ ဟန်အမူအရာကို ကိုယ်မကြည့်ဘဲ အလွတ်ရနေတတ်ပြီ...။ ကိုယ့်ဘေးနား သူတိတ်တဆိတ်ထိုင်ပြီး စီးကရက်သောက်နေခဲ့တယ်...။ ဘေးတစောင်းထိုင်နေတဲ့ ကိုယ့်နောက်ကျောကနေ သူထိုင်နေတာ...။ ခေါင်းလျှော်ခါစ ကိုယ့်ဆံနွယ်ဆီက သစ်သီးရနံ့တချို့ကို ရှူရှိုက်နိုင်လောက်တဲ့အထိ နီးနီးကပ်ကပ် ကလေးမှာပါ....။

တကယ်တော့ သူဟာ... ခံစားချက်ကို မျိုသိပ်နိုင်လွန်းသူ... အပြင်ထုတ်မပြတတ်သူ...ဘာဖြစ်ဖြစ် တစ်ယောက်ထဲ ကြိတ်ပြီးမြုံနေတတ်တဲ့သူမျိုး.....။ အရာရာကို ငဲ့ကွက် တွက်ချက်တတ်လွန်းတဲ့သူလဲ ဟုတ်သေးတယ်...။ ကိုယ်အမြဲတွေးကြည့်ဖူးတယ်... သူနဲ့ကိုယ့်ကြားမှာ အဲဒါတွေလိုအပ်သလား....။ တကယ်ဆို ကျောင်းမတက်ခင် ဆယ်ကျော်သက်ရွယ်ကတည်းက ခင်မင်တွယ်တာလာခဲ့ သူနှစ်ယောက်ဟာ ဒီထက်ပိုပြီး မပွင့်လင်းသင့်ဘူးလား...။

ဒီလိုနဲ့သူနိုင်ငံခြားထွက်ရမယ့် ရက်တွေက နီးနီးလာခဲ့တယ်........။ သူသွားမှာက သူ့တစ်ဝမ်းကွဲအစ်ကိုရှိတဲ့ ဟိုးး ကမ္ဘာတစ်ဖက်ခြမ်းက New York City ကိုပါ....။

သူ့ကို လေယာဉ်ကွင်းလိုက်ပို့ရတဲ့ နေ့ကျတော့ ကိုယ်ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘူး...။ လူတွေအများကြီးကြားမှာ မျက်ရည်တွေက သူ့အလိုလို ပိုးပိုးပေါက်ပေါက်ကျလာတော့တယ်...။ ကိုယ့်ထက်အရပ်ခေါင်းတစ်လုံးစာမြင့်တဲ့သူက ကိုယ့်ရှေ့တည့်တည့်မှာ ကိုယ့်ကိုငံုံ့ကြည့်ပြီး မျက်နှာမှာလည်း ဘာမှမခံစားရသလို ကိုယ်နဲ့အကြာကြီးခွဲခွာသွားရမယ့် အဝေးတစ်နေရာကိုအချိန်အကြာကြီးတစ်ခုအထိ ထွက်သွားရမယ့်သူတစ်ယောက် မဟုတ်သလိုပဲ...။ သူ့လို ဟန်ဆောင်နိုင်မှုမျိုးလေး ကိုယ်လိုချင်လိုက်တာ....။ သူက ကိုယ့်ပါးပြင်ပေါ်က မျက်ရည်တွေကို လက်မနှစ်ဖက်နဲ့ အသာအယာသုတ်ပေးပြီး ကိုယ်ကို ပထမဦးဆုံးအကြိမ် သူ့ရင်ခွင်ကျယ်ကြီးထဲ ခဏထွေးပိုက်ထားခဲ့တယ်...။ သူ့ရင်ဘတ်ကြီးထဲမျက်နှာအပ်ရင်း ကိုယ်ရှိုက်လိုက်တဲ့အခါတိုင်း သူ့ကိုယ်က ရနေကျ ပရုတ်နံ့သင်းသင်းကလေးက ကိုယ့်အသက်ရှူလမ်းကြောင်းကတဆင့်... ကိုယ်ခန္ဓာအနှံ့ကို အားတစ်ခုလို လတ်ဆတ်နွေးထွေးစွာရောက်သွားခဲ့တယ်...။



 



“မငိုပါနဲ့ ညီမလေးရယ်... ဟိုရောက်ရင် ကိုကိုတို့ အွန်လိုင်းကနေစကားပြောလို့ရသားပဲကို...နော်...”

သူက ကိုယ့်ကို သူ့ရင်ခွင်ထဲကခွာပြီး ကိုယ့်ဆံပင်ကိုသပ်တင်ပေးရင်းနှစ်သိမ့်တယ်...။ ကိုယ်နောက်ဆုံးတကြိမ် သူ့ကိုမော့ကြည့်တော့ သူ့မျက်ဝန်းတစ်စုံမှာ မျက်ရည်ကြည်တချို့ စို့နေတာတွေ့လိုက်ရတယ်….။ အိုကွယ်…. ကိုယ်သာ ရင်ကွဲပက်လက်ငိုကြွေးကျန်ရစ်သူဖြစ်ပါစေ… သူ့ကိုတော့ စိတ်ချလက်ချနဲ့ သူ့အနာဂတ်ရှိရာဆီ သူ့ရည်ရွယ်ချက်ပန်းတိုင်ရှိရာဆီကို ဖြောင့်ဖြောင့်တန်းတန်းပဲသွားစေချင်တယ်… ။ ကိုယ့်ရဲ့စိတ်အလိုလိုက်မိလို့ကျလာတဲ့ မျက်ရည်တွေနဲ့တောင် သူ့ကို အနှောက်အယှက်မပေးချင်ဘူး….။ ကိုယ် ပါးပေါ်က မျက်ရည်တချို့ကို လက်ဖနောင့်နဲ့ သုတ်ပြီး သူ့ကိုပြုံးပြလိုက်တယ်….။ ဒီတော့မှ သူက ကိုယ့်ကို ဟိုငယ်ငယ်က ကလေးတစ်ယောက်လို ကိုယ့်ခေါင်းကိုဖွပြီး လက်ပြနှုတ်ဆက်ပြီး check in ဝင်သွားတော့တယ်….။

ကိုယ်တို့ အွန်လိုင်းနဲ့အဆက်အသွယ်ပုံမှန်ရှိခဲ့ကြပါတယ်…..။ ဒါပေမယ့် ကိုယ်တို့နှစ်ယောက်ကြားက အဖြူရောင်သံယောဇဉ်တွေ တိုးတက်ပြီး အရောင်မပြောင်းလဲခဲ့ပါဘူး…..။ ဆယ်နှစ် ဆယ့်နှစ်နှစ်ဆိုတဲ့ အချိန်ထိ သူတစ်ခါလေးမျှတောင်အလည်မပြန်ဘဲ အဲဒီမှာပဲနေခဲ့တယ်….။

ကိုယ့်အတွေးတွေက ကိုယ့်ဘဝကိုအတိတ်နိမိတ်ဖတ်လိုက်သလားမပြောတတ်ပါ….။ သူပြန်ရောက်လာခဲ့ပေမယ့်… ကိုယ်တို့နှစ်ယောက်ဝေးဖို့အကြောင်းကဖန်လာခဲ့တော့တယ်…..။ တကယ်ပါပဲ….. သူစိတ်ချမ်းသာကျေနပ်ဖို့ ကိုယ်တကယ်ပဲ ရင်ကွဲပက်လက်ငိုကြွေး ကျန်ရစ်ရမယ့်အဖြစ်က ခဏတာအတွက်မဟုတ်ဘဲ… တသက်တာအတွက်ထိဖြစ်လာခဲ့တာဟာ ကိုယ်တို့နှစ်ယောက်ရဲ့ အတိတ်ဘဝကံနည်းခဲ့လို့ပဲ ဖြေတွေးလိုက်ရတော့မလား……။

တခါတုန်းက စိုပြေနွေးထွေးမှုတွေပြည့်နှက်ခဲ့ဖူးတဲ့ နွေနေ့ရက်ကလေးတွေဟာ…. ခုတော့ သူ့ရာသီအတိုင်း သွေ့သွေ့ခြောက်ခြောက် လောင်မြှိုက်လို့……..။

ဟုတ်မှာပဲ…. ခုလိုနွေရာသီလေးမှာ မြက်ခင်းပြင်ပေါ်ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေလည်း ဘယ်တော့မှပြန်ရောက်မလာတော့တဲ့ သူတို့ကိုလှဲကျင်းပေးစုစည်းမယ့်သူကို ကိုယ့်လိုပဲ မျှော်နေကြမလားပဲ…..။


သူတို့နှစ်ယောက်အကြောင်းကို အောက်ကပို့စ်တွေမှာရေးခဲ့ဖူးပါတယ်...။

၁) မကုန်ဆုံးချင်သော ညနေ
၂) တိမ်တွေငိုတဲ့နေ့
၃) မေမြို့ည
၄) ချစ်သူရဲ့သမီး


မိုးငွေ့

Monday, 6 May 2013

ကြေငြာမောင်းခတ်အပ်ပါသည်.....




တလောက စိတ်ကူးလေးရပြီး ကိုယ်ချက်ပြုတ်ထားတဲ့ ဟင်းပွဲလေးတွေအတွက် ဘလော့အသစ်တစ်ခုလုပ်မယ်ပေါ့...။ လုပ်လဲလုပ်လိုက်ပါသေးတယ်...။ ကိုယ့်စာဖတ်သူလည်းဖြစ်တဲ့ ကြိုကြားကြိုကြား ကဗျာလေးတွေတင်တဲ့ ဘလော့ဂါညီမလေးတစ်ယောက်က မေးလ်အသစ်ဖွင့်တာရော ဘလော့တမ်းပလိတ်ရှာတာကအစ လုပ်ပေးခဲ့ပါတယ်...။ အဲဒီအချိန်လေးမှာ စိတ်ဓါတ်နဲနဲကျနေတာလဲပါတယ်...။ တခါတခါအဲလိုပဲ ကိုယ်ရေးတဲ့စာတွေပြန်ဖတ်ပြီး...။ ဒီလိုစာမျိုးကိုတော့ ငါမရေးသင့်တော့ဘူး...။ ငါဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ အနုအရွတွေကို မရေးတော့ဘူးလို့ စိတ်ကူးမိတယ်..။ ဒါပေမယ့်လည်း ဒီရောဂါဆိုတာ Anti Virus ဆေးရှိတာမှမဟုတ်တာ...။ ဆိုတော့ ဟိုဟာလည်းမလွတ်ချင် ဒီဟာလည်းလုပ်ချင် အဲလိုဖြစ်နေတယ်...။
တကယ်တမ်းကျတော့ ကိုယ်ကလုပ်ချင်တာပဲရှိတာ ပြန်စဉ်းစားကြည့်တော့အဆင်မပြေနိုင်ဘူး...။ အခုဒီဘလော့တစ်ခုထဲတောင်မှ အလုပ်လုပ်နေရင်းက အချိန်လုတင်နေရတာမဟုတ်လား...။ ကူညီပေးတဲ့ ညီမလေးကပြောပါတယ် အစ်မက ဘလော့နှစ်ခုခွသုံးမလို့လားတဲ့..။ ဟုတ်တယ်...ခုလက်ရှိသုံးနေတဲ့ ဘလော့အတွက်က ကိုယ်အလုပ်ကိစ္စအတွက်ရော တခြား ပြင်ပသူငယ်ချင်း ဘလော့သူငယ်ချင်းတွေရှိတဲ့ မေးလ်နဲ့သုံးနေတာဆိုတော့ နောက်တစ်ခုသုံးရင် ဒီတစ်ခုကို ပိတ်လိုက်ရမယ်။ အဓိက ကအလုပ်လုပ်နေတဲ့ မေးလ်မို့လို့ ခဏခဏ ဆိုင်းအောက်ဖို့အဆင်မပြေဘူး...။ 

အမှန်တော့ ကိုယ်က မေတစ်ရက်နေ့ကိုတောင် အဲဒီဘလော့အသစ်ကလေးကိုဖွင့်ဖို့လုပ်ထားတာ...။ ဒီအတိုင်းဆို မဖြစ်ဘူး တော်ပြီမဖွင့်တာပဲကောင်းတယ်လို့ ဆုံးဖြတ်လိုက်တယ်...။ ဘလော့တစ်ခုထဲကိုတောင် မရောက်ဖြစ်လို့ ဖုန်တက်ခံပြီး ပစ်ထားတဲ့သူတွေအများကြီးကြားမှာ ကိုယ်တစ်ယောက်တည်း အားအားနဲ့ နှစ်ခုတောင်ဖွင့်မယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ....။ ကိုယ်က ကိုယ့်ချက်တဲ့ ဟင်းအမယ်လေးတွေကို ပြန်ရှာကြည့်လို့ အဆင်ပြေအောင်လေဘယ်လေးတွေ ခွဲပြထားချင်တာပါ...။ ဒါကြောင့် အသစ်မဖွင့်တော့ဘဲ မိုးငွေ့ဘလော့မှာပဲ မလိုအပ်တဲ့ အရေးသိပ်မကြီးတဲ့ လေဘယ်တွေကိုဖြုတ်ပစ်ပြီး... Simply Coral's Kitchen ခေါင်းစည်းလေးဘေးမှာ ဟင်းအမယ်တွေကိုခွဲလိုက်မယ်ပေါ့...။ အဲလိုအကြံရသွားလို့ ဒီစာလေးရေးဖြစ်သွားတာပါ... အားလုံးကိုလည်း သိစေချင်တဲ့သဘောနဲ့ ကြော်ငြာလိုက်တာပါ...။

ယနေ့ထိတိုင် ကိုယ့်ရေးတဲ့စာ ကိုယ်တင်တဲ့ပို့စ်တွေကို အစဉ်မပြတ်လာရောက်ဖတ်ရှုအားပေးသူ သူငယ်ချင်းအားလုံးကို ကျေးဇူးအကြီးကြီးပါလို့ပြောချင်ပါတယ်...။



မိုးငွေ့


Saturday, 4 May 2013

Angel Hair Spaghetti + Honey Lemon

 
 အမဲသားလုံးနဲ့ပုစွန် အိန်ဂျယ်ဆံချည်မျှင်ခေါက်ဆွဲကြော်..
( နာမည်ပေးတာ အရမ်းရှည်သွားသလားမသိဘူး ) 

 Angel Hair Spaghetti တစ်ထုပ်မှာ 500 g ပါတယ်... (စီးတီးမတ်မှာဝယ်လို့ရပါတယ်)

လေးယောက်စာအတွက် အထုပ်တစ်ဝက် 250g ကိုဆားနဲ့သံလွင်ဆီထည့်ထားတဲ့ ရေဆူဆူမှာ ငါးမိနစ်ကနေ ခုနှစ်မိနစ်လောက်ပြုတ်ရပါတယ်...။ အိန်ဂျယ်ဟဲက ခါတိုင်းပြုတ်တဲ့ နန်းကြီးမျှင်မဟုတ်ဘဲ နန်းသေးလို့ခေါ်ရမယ် အမျှင်လုံးလေးတွေက သေးသေးနဲ့ ပြုတ်ရတာလဲမြန် စားလို့လည်းကောင်းတယ်။
ပြုတ်ပြီးရလာတဲ့ အိန်ဂျယ်ဟဲတွေကို ဇကာနဲ့စစ်ပြီး အငံမပါတဲ့ ထောပတ်တစ်လက်မတုံး တစ်တုံးနဲ့နယ်ထားမယ်။



အသားလုံးလုပ်ဖို့ နို့ခွက်တစ်ဝက်ထဲကို ချေထားတဲ့ ပေါင်မုန့်ကြမ်း အသေးတစ်လုံးထည့်စိမ်ထားမယ်...။ ကြိတ်ပြီးသားအမဲသား 150g ကို နို့စိမ်ထားတဲ့ ပေါင်မုန့်ကြမ်း၊ parsley(အီတလီစာမှာသုံးတဲ့အရွက် တရုတ်နံနံနဲ့တူတယ် အနံ့တော့မတူဘူး) ပုံအောက်ကပုံမှာပြထားတဲ့တစ်စည်းရဲ့ သုံးပုံတစ်ပုံကို နုတ်နုတ်စင်း၊ လတ်လတ်ဆတ်ဆတ်လှော်ပြီး ချက်ချင်းထောင်းထားတဲ့ ငရုတ်ကောင်း လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ ဟင်းခတ်မှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း နဲ့ ဆားနဲနဲထည့်နယ်ပြီး ခဏနှပ်ထားမယ်...။

အသားလုံးတွေကို ရေဆူဆူအိုးထဲ လက်နဲ့ဖြစ်ဖြစ် ထမင်းစားတဲ့ဇွန်းနဲ့ဖြစ်ဖြစ် အလုံးလေးတွေလုပ်ပြီး သုံးမိနစ်လောက်ပြုတ်ပေးပါ...။



သံလွင်ဆီ ဟင်းခတ်ဇွန်ကြီးတစ်ဇွန်းကိုအပူပေးပြီး ကြက်သွန်နီအရွယ်တော်လုံးတစ်လုံးနဲ့ အဖြူနှစ်မွှာ သေးသေးစင်းထားတာကို ထည့်ကြော်မယ်..။ တစ်မိနစ်လောက်မွှေပြီးရင် ချယ်ရီခရမ်းချဉ်သီးလေးတွေကို ဆယ့်ငါးလုံးလောက်ထည့်ပြီး မီးဖြေးဖြေးနဲ့ အိုးကင်းပူတိုက်မယ်...။ ချယ်ရီလေးတွေ ရွှေညိုရောင်လေးဖြစ်ပြီး နွမ်းလာရင် persleyရွက်နဲ့ origano အမှုန့်နယ်ထားတဲ့ ပုစွန်ဆယ်ကောင်ကိုထည့်ကြော်ပါမယ်.. ပြီးတာနဲ့ ပြုတ်ထားတဲ့ အမဲသားလုံးပါတခါတည်း ထည့်ကြော်မယ်.. ။ မီးပြင်းပြင်းမသုံးတာမို့ စိတ်ရှည်ရှည်နဲ့ အသားလုံးလေးတွေကိုအရောင်ပြောင်းလာတဲ့ အထိကြော်ပြီးရင် အိန်ဂျယ်ဟဲအမျှင်ကိုထည့် ဆားနဲ့ ကြက်သားမှုန့်လေးထည့် အပေါ့အငံမြည်းပြီးရင်  Parmesan cheese အမှုန့်လေးဖြူးပြီး ဆိမ့်မွှေးတဲ့ အရသာရှိတဲ့ အိန်ဂျယ်ဆံချည်မျှင် ခေါက်ဆွဲကြော်လေး တစ်ပွဲရပြီပေါ့...။




အအီပြေ ရှောက်ပျားဖျော်ရည်လေးတစ်ခွက်သောက်လိုက် အဆာကြေ ရင်ချောင်တယ်...း)


ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်း သံပုယိုသီး(Lemon) တစ်စိပ် ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်ကို အရင်ခွက်ထဲ ထည့်မွှေပြီး ရယ်ဒီမိတ်ဂရိတ်ဖရုသီးအရည်ကို ခွက်တစ်ဝက်ထည့် ရေခဲအပြည့်ထည့်မွှေပြီးရင် ချိုချဉ်ခါး Honey Lemon အေးအေးလေးတစ်ခွက်ရပြီပေါ့...

မိုးငွေ့
 

Thursday, 2 May 2013

အဖြူရောင်တိမ်တိုက်ပါးပါးလေးထဲက မှင်တက်တူး








မင်းဟာ…ဘယ်တော့မှဖျောက်ဖျက်ပစ်လို့မရနိုင်တဲ့ ကိုယ့်အတွက် မှင်တက်တူးတစ်ခုလိုပါပဲ….။ အချိန်တွေသာ တိုက်စားလို့ တဖြေးဖြေးအငွေ့ပျံကုန်ပေမယ့်…ခုထက်ထိ မရင့်ကျက်တဲ့ စိတ်ကတော့ မင်းကို စွဲလန်းရူးသွပ်နေတုန်းပဲဆို မင်းအပါအဝင် ဘယ်သူမှမယုံကြဘူးထင်ရဲ့….။

တယ်လီဖုန်းထဲကနေ ဂွတ်နိုက်တို့ ဖရိုင်းကစ်တို့ နှုတ်ဆက်ဖူးခဲ့တဲ့ ညတွေဟာ….ချောင်ထိုးခံထားရတဲ့ ပုံပြင်စာအုပ်ဟောင်းတစ်အုပ် ဖြစ်သွားခဲ့ပြီလားကွယ်……။ 

ကိုယ့်ကိုပြောနေကြပြီ နေ့အိပ်မက်ကနေ နိုးထပါတော့တဲ့….။ မင်းနဲ့ပတ်သက်ပြီး ကိုယ်နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ အိပ်မက်မက်နေတယ်ဆိုတာ ကိုယ်တိုင်သိသိလျက်နဲ့လည်း …….။ ဟင်း....အိပ်ချင်ယောင်ဆောင်တဲ့သူဟာ အနှိုးရခက်တယ်ဆိုတာ ဟုတ်မယ်…။

ယောကျာ်းတစ်ယောက်… အထူးသဖြင့် ကိုယ်နှစ်သက်မြတ်နိုးစွဲလန်းလွန်းခဲ့တဲ့ မင်းဆိုတဲ့ ယောကျာ်းတစ်ယောက်ဟာ အလိုလိုနေရင်းနဲ့လည်း ကိုယ့်ကိုပြုစားပိုင်စွမ်းတယ်တဲ့လား…ကိုယ့်နားမှာမရှိဘဲ ကိုယ်နဲ့အဆက်အသွယ်မလုပ်ဘဲနဲ့ ဟိုး....အဝေးတစ်နေရာကနေလေ (နီးနီးလေးပေမယ့်)။

ကိုယ်ဟာ မင်းအတွက် တကယ်မုန်းစရာ နာကျည်းစရာကောင်းတဲ့ မိန်းမတစ်ယောက် ဖြစ်သွားပြီတဲ့လား….။ မယုံချင်ဘူးကွယ်….။ မင်းနှုတ်က မင်းကိုယ်တိုင်မဝန်ခံပေမယ့် အခြေအနေအချိန်ခါက သူ့ဟာသူ ဝန်ခံသွားပြီ…။ ကိုယ်ဆိုတာ မင်းနဲ့ဘာမှမသက်ဆိုင်တဲ့ မိန်းမတစ်ယောက်…။ ခုမှမဟုတ်ဘူး ဘယ်တုန်းကမှမသိခဲ့ မပတ်သက်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်လို့များ မင်းမှတ်လိုက်ပြီလား….။

မင်းအတွက်တော့ ဟုတ်မှာပေါ့လေ….။ မင်းနဲ့ကိုယ်တို့ရဲ့ တွေ့ဆုံချိန်တိုတိုလေးဟာ မင်းအတွက်တော့ အပျင်းပြေ သီချင်းတစ်ပုဒ်နားထောင်လိုက်သလို ဂိမ်းတစ်ခုကစားလိုက်ရသလို တခါတလေ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားကြည့်လိုက်ရသလောက်ပဲရှိမှာပါ…..။ 

ကိုယ့်အတွက်တော့ မင်းဟာ…linkin park ရဲ့ဝုန်းဒိုင်းကျဲ ပေါက်ကွဲနေတဲ့ heavy rock သီချင်းတစ်ပုဒ်လို……. ခတ်ရွတ်ရွတ်နဲ့နှုတ်ကတတွတ်တွတ်ဆိုတဲ့ နီကီမီနာ့ဂျ်ရဲ့ Hip Hop ဂီတလို ငြိမ့်ငြိမ့်ညောင်းညောင်း ဘီယွန်းစေးရဲ့ R&Bတေးသွားလေးလို….. စီးမျောနစ်ဝင်သွားလောက်အောင် စိတ်ညွှတ်နူးဖွယ်ရာကောင်းတဲ့ Letters to Juliet ရိုမန့်စ်အချစ်ဇာတ်ကားလေးတစ်ကားလို…. ဘယ်တော့မှသောက်လို့မကုန်နိုင်တဲ့ ခါးဆိမ့်နေတဲ့ ကော်ဖီတစ်ခွက်လို…. စွဲလန်းနှစ်သက်စရာကောင်းလှပါတယ်…။


ကိုယ်မင်းကို သံယောဇဉ်ကြီးသလို…. သူတို့တွေလည်း ကိုယ့်မင်းအကြောင်းလာဖတ်ရင်း မင်းကိုမမြင်ဖူးဘဲနဲ့ မင်းကိုခင်တွယ်ရစ်နှောင်နေတတ်ကြပြီလေ….။ ဟုတ်တယ်… ကိုယ်တစ်ခုခုပြောလိုက်မိတာတို့ တစ်ခုခုလုပ်မှာတို့ဆို မင်းအတွက်လားလို့ပဲ မေးမေးနေတတ်ကြတော့တယ်….။ တကယ်တမ်း မင်းနဲ့ကိုယ်ဆိုတာ ကိုယ်ရေးတဲ့ အက်ဆေးလေးတွေထဲမှာ အိန်ဂျယ်စာစုတွေထဲမှာပဲ ရှင်သန်သက်ဝင်နေကြတာပါ………။ တကယ့် အပြင်လက်တွေ့မှာတော့ အသက်မရှိတော့တဲ့ ပြာမှုန်တွေအဖြစ်ကိုရောက်နေသူတွေလောက်တောင် အဓိပ္ပါယ်မရှိလှပါဘူး…..။

ဘာပဲဖြစ်ဖြစ်ပေါ့ ကိုယ့်လက်ချောင်းတွေနဲ့ ကိုယ့်နှလုံးသားနဲ့ မင်းကိုဘယ်ချိန်ထိ ကိုယ်အသက်သွင်းပုံဖော်နေဦးမလဲဆိုတာကိုလည်း သူတို့က စိတ်ဝင်စားနေကြဦးမှာပါ…..။ 

တကယ်တော့ လက်တွေ့မဆန်လှတဲ့ ကိုယ်ဘဝမှာ မင်းဟာ ကိုယ့်ကောင်းကင်ကိုခုချိန်ထိတိုင် အုပ်မိုးပေးနေသေးတဲ့ တိမ်တိုက်ပါးပါးလေးတစ်ခုပါ….ဟုတ်တယ် ဘယ်တော့မှလွင့်ပြယ်ပျောက်ဆုံး မသွားမယ့် တိမ်လွှာဖြူဖြူလေးတွေလေ….။



 Happy Belated Birthday Angel....:)



မိုးငွေ့