ဒီပို့စ်ဟာ မယ့်ကိုးရဲ့ အိုင်ဒီယာမဂ္ဂဇင်းကအခန်းဆက်ဝတ္ထုကို စာအုပ်ပြန်ထုတ်ထားတဲ့ စာကိုဖတ်ပြီး ရီဗျူးပြန်ရေးတာမဟုတ်ပါဘူး…။ ကျွန်မရီဗျူးလည်းမရေးတတ်ပါဘူး….။ မယ့်ကိုးကို ကျွန်မ မသိပါဘူး…။ သူ့ဘလော့ကိုတောင်မှ သူ့စာအုပ်ဖတ်ပြီးမှရောက်ဖူးတာ…။ ကျွန်မက ဘလော့သိပ်အလည်နည်းပြီး ကိုယ့်ဘလော့ရိုးလ်မှာအသစ်တက်လာတဲ့ ဘလော့တွေကိုတောင်မှာ စုံအောင်သွားမဖတ်နိုင်တဲ့သူပါ….။ ကျွန်မမှာ ဖဘအကောင့်နှစ်ခုရှိပါတယ်…။ ဒုတိယတစ်ခုမဖွင့်ခင် ကတည်းက မယ့်ကိုးကို မယ်ကိုးဆိုပြီးကျွန်မသူငယ်ချင်းထဲမှာ တွေ့ဖူးနေပါတယ်… ဘလော့ဂါတစ်ယောက်ဆိုတာကိုတော့ မျက်မှန်းတန်းမိနေပေမယ့် သူ့ဘလော့ကို သွားမလည်ဖူးခဲ့ပါဘူး…။ နောက်တော့ ကျွန်မအမျိုးတွေနဲ့သူငယ်ချင်းတစ်ချို့ကို အဲဒီဖဘမှာထားခဲ့ပြီး… ဘလော့ဂါမောင်နှမတွေချည်းစုထားဖို့ ဖဘတစ်ခုထပ်ဖွင့်ပါတယ်…။ ဟိုဖက်အကောင့်မှာ အကုန် unfriend လုပ်ပြီး ဒီဖက်အသစ်မှာ ပြန်ပြီး invite လုပ်တော့လည်း မယ်ကိုးပြန်ပါလာခဲ့ပါတယ်…။ သူ့ဘလော့မပြောနဲ့ သူ့ဖဘဝေါလ်ကိုတောင်မှ ကျွန်မတကြိမ်ကလေးမျှ သွားမချောင်းဖူးပါဘူး…။ ရင်းနှီးတဲ့ဘလော့မောင်နှမတချို့ Notes တွေရေးလို့ တဂ်လာရင် မယ်ကိုးကို (နာမည်ခပ်ဆန်းဆန်းမို့)အဲဒီမှာတွေတွေ့ရတတ်တယ်…ဒီလောက်ပါပဲ….။
ခုတလော ဘလော့ဂါတွေစုပြီး စာအုပ်ထုတ်ကြတာ တော်တော်လေးကို အလုပ်ဖြစ်ပါတယ်….။ အလုပ်ဖြစ်တယ်ဆိုတာ စာအုပ်ကထုတ်ထားတဲ့အရေအတွက်တောင်မလုံလောက်ဘဲ ဒုတိယအကြိမ် တတိယအကြိမ်တွေပြန်ပြန်ရိုက်နေရတဲ့အထိကြားရပါတယ်….။ ဘာပဲဖြစ်ဖြစ် လုံးချင်းဝတ္ထုရှည်တွေကို အမြဲဖတ်လာခဲ့ရာက ခုလိုတစ်အုပ်တည်းမှာ စာရေးသူမျိုးစုံရဲ့ အရေးအသား ခံစားမှုရသတွေကို မြည်းစမ်းရတာကို လူတွေပိုသဘောတွေ့လာပုံရတယ်လို့လည်းထင်ပါတယ်…။ ခုခေတ်က သူများနဲ့မတူတဲ့ပုံစံတွေကို ကြိုက်ကြတာမျိုးလေ…။ အဲဒီလူတွေထဲမှာ ကျွန်မလည်း အပါအဝင်ဖြစ်ပါတယ်…။ ကိုယ့်ဘလော့မောင်နှမအချင်းချင်းဆိုတော့ ပိုပြီးတောင်အားပေးရဦးမယ် မဟုတ်လား…။ မယ့်ကိုးစာအုပ်ကိုဝယ်ဖြစ်သွားပုံကဒီလိုပါ….။ ခါတိုင်းကျွန်မက အိမ်နားကစီးတီးမတ်မှာပဲ ဝယ်နေကျ မြို့ထဲကစာအုပ်ဆိုင်လဲမရောက်ဘူးလေ…။ နယ်မှာဆေးသွားကုနေတဲ့ တစ်ဝမ်းကွဲဆရာဝန်မောင်လေးတစ်ယောက်က စာအုပ်တွေ ဆယ်အုပ်နီးပါးလောက်မှာလို့ ရုံးကကလေးမလေးကို သွားအဝယ်ခိုင်းလိုက်တာ… အဲဒါမယ့်ကိုးစာအုပ်ကိုပါ ဝယ်ခဲ့ပေးစမ်းပါလို့ မှာလိုက်တာ…။ အဲဒီချိန်ထိ အမှုမှတ်မဲ့ဘဲ မယ်ကိုးကနေ မယ့်ကိုးပြောင်းထားမှန်းလဲမသိပါဘူး…။ စာအုပ်ကြော်ငြာကို ဖဘမှာ အစ်မမြသွေးဆီက တွေ့လိုက်လို့ထင်တယ်… (တွေ့လား...ကျွန်မမှတ်ဉာဏ်မကောင်းဘူး…) ဒါမှမဟုတ် သတင်းစာကြော်ငြာမှာလား မသေချာတော့ (ခွင့်လွှတ်ပါ…စာအုပ်ဝယ်ဖြစ်သွားတာက အကြောင်းရင်းမှန်မဟုတ်လား)။
ကျွန်မက စာအုပ်တစ်အုပ်ဝယ်တိုင်း နေ့စွဲတပ်တယ် လက်မှတ်ထိုးတယ်….။ ဒီဇင်ဘာ(၂၆)ရက်နေ့နေ့စွဲနဲ့ ဝယ်ဖြစ်ခဲ့တဲ့ မယ့်ကိုးစာအုပ်လေးက အဖုံးအမာနဲ့… စိတ္တဇဆန်ဆန် မိန်းကလေးတစ်ယောက်ရဲ့ နောက်ကျောကို ခပ်မှုန်မှုန်ကလေးဆွဲထားတဲ့ မယ့်ကိုးရဲ့လက်ရာ ပန်းချီလေးပါ…။ စာရေးတတ်တဲ့အပြင် ပန်းချီပါဆွဲတတ်တယ်ဆိုတော့ ပါရမီကနည်းလား…။ အဲဒီတော့မှပဲ…လုပ်ပြီ ဒီပုံနှိပ်တဲ့သူတွေတယ်ပေါ့ဆတာကိုးလို့အထင်လွဲလိုက်မိသေးတယ်…။ မယ်ကိုးကို မယ့်ကိုးလုပ်ထားတယ်ပေါ့….။ နာမည်ပြောင်းလိုက်တယ်ဆိုတာ မယ့်ကိုးဘလော့ကို သွားလည်တော့မှသိတာကိုး..။ စာမျက်နှာ(၇၀)သာပါတဲ့ ခပ်ပါးပါး စာအုပ်ရှည်မျောမျောလေးမှာ… စကားလုံးတွေ ခံစားမှုတွေကတော့ ထူထူထဲထဲလေးလေးပင်ပင်နဲ့….။ စာအုပ်ခေါင်းစဉ်နဲ့ မျက်နှာဖုံးပန်းချီကိုမြင်လိုက်ကတည်းက ခံစားမှုတစ်ချို့ကိုကြိုရနေသလိုလိုပါပဲ….။ မယ့်ကိုးကို ကျွန်မမသိပါဘူး…။ သူဘယ်လိုမိန်းကလေးမျိုးလည်း ဘယ်လိုစာတွေကိုရေးခဲ့ဖူးလည်း ဆိုတာကိုလည်း မသိပါဘူး…။ ဒီစာအုပ်ကိုဖတ်ပြီးမှသာ ကျွန်မရဲ့ဘလော့ရိုးလ်မှာ သူ့ကိုလင့်ချိပ်ထားမိတာပါ…။
ကျွန်မက စာဖတ်နှေးသူတစ်ယောက်ပါ…။ စာဖတ်ရင် တစ်လုံးမကျန်ဖတ်တတ်တယ်… တစ်မျက်နှာတစ်မျက်နှာကိုလည်း အကြာကြီးဖတ်တယ် နားလည်အောင် ကိုယ်တိုင်ခံစားနှစ်ဝင်ပြီး ဖတ်ရတာကိုကြိုက်တယ်…။ စာဖတ်ရင်လည်းအမြဲဇာတ်ကောင်နေရာကဖတ်တတ်လို့ ဝမ်းနည်းတဲ့အခါမျိုးဆို မျက်ရည်တွေဘာတွေကျတဲ့ထိဖြစ်ရတတ်တယ်…။ အရင်ကအလုပ်မလုပ်ခင် အားနေတုန်းက စာအုပ်ဖတ်ရင် မိုးလင်းပေါက်သွားတတ်တဲ့အခါမျိုးရှိဖူးတယ်… စာအုပ်မပြီးမချင်းဖတ်တာ တစ်ပိုင်းတစ်စမထားခဲ့ချင်တာ…။ ခုတော့အလုပ်လုပ်တော့ ညဉ့်နက်တဲ့အထိနေလို့မဖြစ်ဘူးလေ…။ ဒါကြောင့် မယ့်ကိုးရဲ့ စာအုပ်ပါးပါးလေးကို ကျွန်မနှစ်ခါခွဲပြီး ဖတ်ပါတယ်…။ သူ့စာဖတ်ပြီး သူ့ဆီက sence တစ်ခုခုကိုရလိုက်တယ်…ဘာလဲဆိုတာကိုတော့ ကျွန်မ မပြောပြတတ်ဘူး….။ မိခင်မေတ္တာကို အငမ်းမရငတ်မွတ်နေတဲ့ မိန်ကလေးတစ်ယောက်နေရာကို ကျွန်မခဏရောက်သွားခဲ့တယ်…..။ ကျွန်မဘဝမှာ အဲဒီမိန်ကလေးလိုခံစားမှုမျိုး မခံစားခဲ့ဖူးပေမယ့်.. သူ့ခံစားမှုကိုသိနေခဲ့တယ်… နာလည်ပေးနိုင်ခဲ့တယ်…သူမျှော်လင့်သလိုမျိုး စာဖတ်ရင်း မျှော်လင့်ကြည့်မိတယ်… စာမျက်နှာတွေကုန်သွားမှာကို မသိစိတ်က ကြောက်နေမိတဲ့အထိပဲ…။ တကယ်လည်း ဇာတ်သိမ်းသွားခဲ့တဲ့အထိ မျှော်လင့်ချက်က ခပ်ရေးရေးတောင်မရလိုက်ပါဘူး….။ ဖတ်ရင်းနဲ့လည်း အသက်ရှူကြပ်လာတယ်...ဇာတ်ကောင်မိန်းကလေးရဲ့ မွန်းကျပ်မှုကို ကူးစက်ခံစားသွားလို့ဖြစ်မယ်....။ အဲလိုအခါမျိုးမှာ နာကျင်တဲ့စိတ်ဒဏ်ရာမျိုးကိုရခဲ့ဖူးလို့ မယ့်ကိုးရဲ့စာကို နှစ်သက်သွားမိဟန်တူပါတယ်….။
စာရေးသူမယ့်ကိုးကတော့ သူဟာ လူမကြိုက်တဲ့စာတွေကိုရေးနေတဲ့သူ လို့ပြောပါတယ်….။ ကျွန်မကတော့ သူများမကြိုက်တာ သူများမလုပ်တာမျိုးတွေကို နှစ်သက်တတ်သူမို့လားတော့ မသိဘူး.. မယ့်ကိုးရဲ့ ဝါကျခပ်တိုတို သူများနဲ့မတူတဲ့အရေးအသား ဆန်းပြားတဲ့ရေးဟန်တွေကို သဘောကျမိတယ်….။ မယ့်ကိုးကို ကျွန်မမသိပါဘူး…ခုချိန်ထိလဲ မသိပါဘူး….။ ဖဘမှာ သူ့စာအုပ်ပုံလေးတင်ပြီး သူ့ကိုတဂ်ထားလို့ သူကော်မန့်လာပေးတာ ဒါ..ပထမဆုံးအကြိမ် သူနဲ့စကားပြောဖူးချင်းပါ….။ ကျွန်မနဲ့သူ ဂျီမေးလ်လင့်လည်းမရှိပါဘူး…။ မယ့်ကိုးဆိုတဲ့မိန်းကလေးဟာ ကျွန်မထက်အများကြီးအသက်ငယ်တဲ့ သူဖြစ်ချင်ဖြစ်မယ်…။ ဒါပေမယ့် သူ့အရေးအသား သူ့ပုံစံကိုနှစ်သက်လို့ ကျွန်မထက်ငယ်သူပေမယ့် သူ့ကိုလေးစားမိပါတယ်…။ ဘာပဲဖြစ်ဖြစ် ကျွန်မကိုယ်တိုင်မရေးတတ်တဲ့ အရေးအသားမျိုးကို ရေးနိုင် ထုဆစ်နိုင်တယ်ဆိုတဲ့ အရေးအချင်းဆိုတာ ဘုရားကပေးတာပါ…။ လူချင်းမသိပေမယ့် မရင်းနှီးပေမယ့် အနုပညာချင်းရင်းနှီးတဲ့ ညီမငယ်မယ့်ကိုးကို စာတွေများများရေးပါ စာအုပ်တွေထပ်ထုတ်ပါလို့ ဒီပို့စ်လေးနဲ့အားပေးလိုက်ပါတယ်….။
ပို့စ်ခေါင်းစဉ်လေးက ဖဘမှာကိုဏီတဂ်ထားတဲ့ သူ့ Notes ရဲ့ခေါင်းစဉ်လေးကို ပြန်ယူထားတာပါ…:)
မိုးငွေ့













