ဖတ်တာတော့ ဒီလိုကြီးကြီးကျယ်ကျယ်တွေပဲ ဘာတစ်ခုမှလက်တွေ့မလုပ်ဖြစ်ဘူး.....။ ဖတ်လိုက် စားချင်စိတ်ပေါက်လိုက်ပေါ့....။ အော်...အော်... လောဘတွေ မောဟတွေ အသောမသတ်နိုင်တာများ......။ ကညိမ်းကမေးတယ် အူးပုပ်(ဥပုသ်)ရလိုက်လားတဲ့....။ ရဝူး....။ တစ်နေ့တစ်နေ့ စာအုပ်ဖတ် အိပ်လိုက်စားလိုက်နဲ့ လူက ဖက်တီးဖြစ်နေပြီလေ....။ စာအုပ်ကလည်း ပြထားတာ လေးငါးအုပ်ပေါ့ တကယ်တမ်းဖတ်ဖြစ်တာက...ဆရာမခင်ခင်ထူးရဲ့ ဝတ္ထုတိုတွေဖတ်ဖြစ်တယ်...။ တော်တော်လေးကိုစွဲသွားတာ လက်ကမချနိုင်ဘူး...။ အညာဓလေ့ကို အသေးစိတ်မြင်သာအောင် ရေးတတ်တဲ့ ဆရာမ....။ တကယ်ကြိုက်တယ်...။ သူ့စာအုပ်တွေကိုဖတ်ပြီး တောင်ငူစာပေဟောပြောပွဲလေးကို ကြည့်လိုက်တော့ ပိုမိုက်သွားတယ်...။ သူ့ဇာတ်ကောင်တွေကို ကွင်းကွင်းကွက်ကွက်မြင်လိုက်ရတယ်...။ သာမီးမဖတ်ရသေးတာရှိသေးတယ် သူ့စာအုပ်ထဲက ဖက်စိမ်းကွမ်းတောင်နဲ့ ပန်းကြာဝတ်မှုံ...။ ပြောကြတော့မယ် အမလေး ဒီလောက်ဟစ်ဖြစ်တဲ့ စာအုပ်ကိုမဖတ်ရသေး ကောင်းလားလို့...။ ဟိုနေ့က စာအုပ်ဆိုင်မှာသွားကြည့်တယ် ၇၀၀၀ကျပ်တဲ့ ...အဲဒါနဲ့ ပြန်ချလိုက်တယ်...။ မြို့ထဲသွားရှာဝယ်မယ် အဲမှာဈေးသက်သာလောက်တယ်....။ စာအုပ်ဆို အွန်လိုင်းက ဒေါင်းပြီးမဖတ်တတ်ဘူး တောကျတယ်ပြောပြော...။ စာအုပ်ကို အုပ်လိုက်ကိုင်ပြီး စာရွက်ကလေးကိုတစ်ရွက်ချင်း လှန်ပြီးဖတ်ချင်တာ အားရပါးရလေး....။ ဖတ်ပြီး သူများတွေလိုလဲ ရီဗြူးမရေးတတ်တာခက်တယ်....။ ဒီတော့ ဒီစာအုပ်တွေ ဒါ ဒါ ဒါတွေ ဖတ်ဖြစ်တယ်...။ ကောင်းတယ် ဖတ်ကြည့်ကြပါ အဲလောက်လေးပဲ ပြောတတ်တယ်...ကောင်းရော.....။ မပြောတတ်ဘူးဆိုပေမယ့် နဲနဲကလေးတော့ပြောပြချင်သေးတယ်။ ဖက်စိမ်းကွမ်းတောင် ဝတ္ထုတိုထဲက “ပိုးဖလံ”ဆိုတဲ့ တစ်ပုဒ်ကြိုက်တယ် ...။ အသက်ခြောက်ဆယ်ကျော်အဖိုးကြီး နောက်မိန်းမငယ်ငယ်ထပ်ယူလိုက်တဲ့ဇာတ်လမ်းလေး... အဲဒီဝတ္ထုကို လူမင်းနဲ့ရိုက်ထားတယ် ဟိုနေ့တုန်းက ခွေငှားကြည့်တော့ ကြော်ငြာတွေ့လိုက်တယ်...။ ဦးစံကွန့်ကြီးယူတဲ့ အကြော်သည်သမီးလေး ခင်အေးချစ်နေရာမှာ မယ်လိုဒီ သရုပ်ဆောင်တယ်....။ စာအုပ်ကိုဖတ်ပြီးရင်တော့ ပြန်ရိုက်သမျှကားတွေက ပေါ့တာပါပဲ...။ အဲဒီဦးစံကွန့်ကြီးနေတဲ့ အိမ်ရှေ့မှာ ခင်အေးချစ်တို့ မိသားစုလိုက် အကြော်ကြော်ရောင်းကြတယ်...။ မနက်မနက် ဦးစံကွန့်ကြီး လမ်းလျှောက်ပြန်လာရင် ခင်အေးချစ်က အကြော်ပန်းကန်လေးကိုင်ပြီး ဘကြီးအတွက်ဆိုပြီး လာလာပေးတတ်တယ်...။ ကြာတော့ အဖိုးကြီးက အပေါင်းအသင်းတွေ ဆေးပေးမြီးယူဖို့ မြှောက်ပင့်ပေးရင်းက ... ခင်အေးချစ်လေးကို မျက်စေ့ကျလာရော...။ ခင်အေးချစ်အမေကလဲ ဦးစံကွန့်ကြီးကို ကြည့်ပြီး သူ့သမီးနဲ့လှော်ပေးလိုက်တာ ခင်အေးချစ်နဲ့ ဦးစံကွန့်ကြီးယူမယ်ဆိုတော့ ဦးစံကွန့်သားသမီးတွေတားလိုက်ကြတာ မရပါဘူး...။ အဖိုးကြီးက ဇွတ်ပဲယူလိုက်တယ်...။ အသက်ကြီးကြီးအဖိုးကြီး မယားငယ်ငယ်ယူတော့ ဘာဆက်ဖြစ်မယ်ထင်လဲ ... အဟဲ အဲတစ်ပုဒ်ဖတ်ကြည့် တကယ်ကောင်းတာ... တော်တော်တောင် ဖတ်ပြီးလောက်ကြပါပြီ...။ အဲဒီစာအုပ်မှာပဲ ကြိုးတန်းကိုဖတ်မိတယ်...။ အဲဒါ ရုပ်ရှင်ရိုက်တော့ ကျော်ဟိန်းနဲ့ကျော်ရဲအောင်လားပဲ မကြည့်လိုက်ရပါဘူး....။ ဝတ္ထုကတော့ တိုတိုလေးနဲ့ကောင်းတယ်...။ ကျန်တဲ့ အပုဒ်တွေလဲ အကုန်ကောင်းတယ် ပြောရမယ်ဆို အများကြီး....။ ပုံဆိုးမ ကျတော့ ခွေးချစ်တတ်တဲ့သူတွေဆို ဖတ်ပြီး ငိုမလားပဲ သာမီးတောင် နောက်ဆုံးခန်းလေးသနားလို့ ငိုချင်ချင်ဖြစ်မိသေးတယ်...။ ငှက်ဖမ်းသမားထဲက ဦးသူတော်ဆိုတဲ့ အဖိုးကြီးကိုကလဲ သနားဖို့ကောင်းတယ်...။ ယက်ကန်းလွန်းဝတ္ထုတိုစာအုပ်ထဲမှာကျတော့ နွေသီး၊ အရီးနဲ့ ကြီးတော် ခွေးတို့အမေ အဲဒါလေးတွေကြိုက်တယ်..။ ဒေါ်ခင်မျိုးချစ်ကို ဝယ်ထားတာ မနှစ်ကတည်းကပါ စာအုပ်ဝယ်တိုင်းကိုယ့်လက်မှတ်ကိုထိုး နေ့စွဲကလေးတပ်ထားတော့ ပြန်ကြည့်မိတာ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကတည်းက ဝယ်ထားတာမဖတ်ဖြစ်ဘူး...။ ဒီနှစ်လဲ နဲနဲဖတ်ကြည့်တယ် သူ့စာနဲ့ကိုယ်နဲ့သိပ်မတည့်ဘူး...။ သူ့ရေးဟန်ကို သိပ်မကျက်မိသေးတာလည်းပါမယ်......။ ခင်ခင်ထူးစာအုပ်တွေချည်း စလုံးပေါင်းဖတ်နေတာနဲ့... သင်္ကြန်တတွင်းလုံး သူ့စာအုပ်ပဲဖတ်ဖြစ်တယ်...။ မင်းလူလဲမဖတ်ဖြစ်...။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.... စာဖတ်ဖြစ်တယ်ဆိုကတည်းက သိပ်ကိုကောင်းတဲ့ အလေ့အကျင့်ဖြစ်သွားပြီ...။ ဘယ်သွားသွား စာအုပ်ကလေးတစ်အုပ်ဆောင်ထားတာ မမှားဘူး....။ ကားစောင့်ရင်းဖြစ်ဖြစ် တနေရာရာကိုသွားလို့ စောင့်ရတာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကိုချိန်းပြီး ရောက်မလာသေးလို့ စောင့်နေတာပဲဖြစ်ဖြစ် စာလေးတစ်ကြောင်းနှစ်ကြောင်း ဖတ်ဖြစ်လိုက်တာကိုက ကိုယ်တစ်ခုခုရလိုက်တာပဲလေ...။ အဲ...ဒါပေမယ့် ကိုယ်ဖတ်တဲ့စာအုပ်က ကိုယ်စိတ်ဝင်စားတဲ့ စာတွေ အကြောင်းအရာလေးတွေဖြစ်ရင်ပိုကောင်းတာပေါ့ တခါတည်း ခေါင်းထဲတန်းရောက်ရော..။ ရသစာတွေကို ဖတ်တတ်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ...။ ဒီလောက်ပါပဲ .....။
မိုးငွေ့



