Wednesday, 25 April 2012

နွေပိတ်ရက်မှာ ဖတ်ဖြစ်သောစာအုပ်များ.....






ဖတ်တာတော့ ဒီလိုကြီးကြီးကျယ်ကျယ်တွေပဲ ဘာတစ်ခုမှလက်တွေ့မလုပ်ဖြစ်ဘူး.....။ ဖတ်လိုက် စားချင်စိတ်ပေါက်လိုက်ပေါ့....။ အော်...အော်... လောဘတွေ မောဟတွေ အသောမသတ်နိုင်တာများ......။ ကညိမ်းကမေးတယ် အူးပုပ်(ဥပုသ်)ရလိုက်လားတဲ့....။ ရဝူး....။ တစ်နေ့တစ်နေ့ စာအုပ်ဖတ် အိပ်လိုက်စားလိုက်နဲ့ လူက ဖက်တီးဖြစ်နေပြီလေ....။ စာအုပ်ကလည်း ပြထားတာ လေးငါးအုပ်ပေါ့ တကယ်တမ်းဖတ်ဖြစ်တာက...ဆရာမခင်ခင်ထူးရဲ့ ဝတ္ထုတိုတွေဖတ်ဖြစ်တယ်...။ တော်တော်လေးကိုစွဲသွားတာ လက်ကမချနိုင်ဘူး...။ အညာဓလေ့ကို အသေးစိတ်မြင်သာအောင် ရေးတတ်တဲ့ ဆရာမ....။ တကယ်ကြိုက်တယ်...။ သူ့စာအုပ်တွေကိုဖတ်ပြီး တောင်ငူစာပေဟောပြောပွဲလေးကို ကြည့်လိုက်တော့ ပိုမိုက်သွားတယ်...။ သူ့ဇာတ်ကောင်တွေကို ကွင်းကွင်းကွက်ကွက်မြင်လိုက်ရတယ်...။ သာမီးမဖတ်ရသေးတာရှိသေးတယ် သူ့စာအုပ်ထဲက ဖက်စိမ်းကွမ်းတောင်နဲ့ ပန်းကြာဝတ်မှုံ...။ ပြောကြတော့မယ် အမလေး ဒီလောက်ဟစ်ဖြစ်တဲ့ စာအုပ်ကိုမဖတ်ရသေး ကောင်းလားလို့...။ ဟိုနေ့က စာအုပ်ဆိုင်မှာသွားကြည့်တယ် ၇၀၀၀ကျပ်တဲ့ ...အဲဒါနဲ့ ပြန်ချလိုက်တယ်...။ မြို့ထဲသွားရှာဝယ်မယ် အဲမှာဈေးသက်သာလောက်တယ်....။ စာအုပ်ဆို အွန်လိုင်းက ဒေါင်းပြီးမဖတ်တတ်ဘူး တောကျတယ်ပြောပြော...။ စာအုပ်ကို အုပ်လိုက်ကိုင်ပြီး စာရွက်ကလေးကိုတစ်ရွက်ချင်း လှန်ပြီးဖတ်ချင်တာ အားရပါးရလေး....။ ဖတ်ပြီး သူများတွေလိုလဲ ရီဗြူးမရေးတတ်တာခက်တယ်....။ ဒီတော့ ဒီစာအုပ်တွေ ဒါ ဒါ ဒါတွေ ဖတ်ဖြစ်တယ်...။ ကောင်းတယ် ဖတ်ကြည့်ကြပါ အဲလောက်လေးပဲ ပြောတတ်တယ်...ကောင်းရော.....။ မပြောတတ်ဘူးဆိုပေမယ့် နဲနဲကလေးတော့ပြောပြချင်သေးတယ်။ ဖက်စိမ်းကွမ်းတောင် ဝတ္ထုတိုထဲက “ပိုးဖလံ”ဆိုတဲ့ တစ်ပုဒ်ကြိုက်တယ် ...။ အသက်ခြောက်ဆယ်ကျော်အဖိုးကြီး နောက်မိန်းမငယ်ငယ်ထပ်ယူလိုက်တဲ့ဇာတ်လမ်းလေး... အဲဒီဝတ္ထုကို လူမင်းနဲ့ရိုက်ထားတယ် ဟိုနေ့တုန်းက ခွေငှားကြည့်တော့ ကြော်ငြာတွေ့လိုက်တယ်...။ ဦးစံကွန့်ကြီးယူတဲ့ အကြော်သည်သမီးလေး ခင်အေးချစ်နေရာမှာ မယ်လိုဒီ သရုပ်ဆောင်တယ်....။ စာအုပ်ကိုဖတ်ပြီးရင်တော့ ပြန်ရိုက်သမျှကားတွေက ပေါ့တာပါပဲ...။ အဲဒီဦးစံကွန့်ကြီးနေတဲ့ အိမ်ရှေ့မှာ ခင်အေးချစ်တို့ မိသားစုလိုက် အကြော်ကြော်ရောင်းကြတယ်...။ မနက်မနက် ဦးစံကွန့်ကြီး လမ်းလျှောက်ပြန်လာရင် ခင်အေးချစ်က အကြော်ပန်းကန်လေးကိုင်ပြီး ဘကြီးအတွက်ဆိုပြီး လာလာပေးတတ်တယ်...။ ကြာတော့ အဖိုးကြီးက အပေါင်းအသင်းတွေ ဆေးပေးမြီးယူဖို့ မြှောက်ပင့်ပေးရင်းက ... ခင်အေးချစ်လေးကို မျက်စေ့ကျလာရော...။ ခင်အေးချစ်အမေကလဲ ဦးစံကွန့်ကြီးကို ကြည့်ပြီး သူ့သမီးနဲ့လှော်ပေးလိုက်တာ ခင်အေးချစ်နဲ့ ဦးစံကွန့်ကြီးယူမယ်ဆိုတော့ ဦးစံကွန့်သားသမီးတွေတားလိုက်ကြတာ မရပါဘူး...။ အဖိုးကြီးက ဇွတ်ပဲယူလိုက်တယ်...။ အသက်ကြီးကြီးအဖိုးကြီး မယားငယ်ငယ်ယူတော့ ဘာဆက်ဖြစ်မယ်ထင်လဲ ... အဟဲ အဲတစ်ပုဒ်ဖတ်ကြည့် တကယ်ကောင်းတာ... တော်တော်တောင် ဖတ်ပြီးလောက်ကြပါပြီ...။ အဲဒီစာအုပ်မှာပဲ ကြိုးတန်းကိုဖတ်မိတယ်...။ အဲဒါ ရုပ်ရှင်ရိုက်တော့ ကျော်ဟိန်းနဲ့ကျော်ရဲအောင်လားပဲ မကြည့်လိုက်ရပါဘူး....။ ဝတ္ထုကတော့ တိုတိုလေးနဲ့ကောင်းတယ်...။ ကျန်တဲ့ အပုဒ်တွေလဲ အကုန်ကောင်းတယ် ပြောရမယ်ဆို အများကြီး....။ ပုံဆိုးမ ကျတော့ ခွေးချစ်တတ်တဲ့သူတွေဆို ဖတ်ပြီး ငိုမလားပဲ သာမီးတောင် နောက်ဆုံးခန်းလေးသနားလို့ ငိုချင်ချင်ဖြစ်မိသေးတယ်...။ ငှက်ဖမ်းသမားထဲက ဦးသူတော်ဆိုတဲ့ အဖိုးကြီးကိုကလဲ သနားဖို့ကောင်းတယ်...။ ယက်ကန်းလွန်းဝတ္ထုတိုစာအုပ်ထဲမှာကျတော့ နွေသီး၊ အရီးနဲ့ ကြီးတော် ခွေးတို့အမေ အဲဒါလေးတွေကြိုက်တယ်..။ ဒေါ်ခင်မျိုးချစ်ကို ဝယ်ထားတာ မနှစ်ကတည်းကပါ စာအုပ်ဝယ်တိုင်းကိုယ့်လက်မှတ်ကိုထိုး နေ့စွဲကလေးတပ်ထားတော့ ပြန်ကြည့်မိတာ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကတည်းက ဝယ်ထားတာမဖတ်ဖြစ်ဘူး...။ ဒီနှစ်လဲ နဲနဲဖတ်ကြည့်တယ် သူ့စာနဲ့ကိုယ်နဲ့သိပ်မတည့်ဘူး...။ သူ့ရေးဟန်ကို သိပ်မကျက်မိသေးတာလည်းပါမယ်......။ ခင်ခင်ထူးစာအုပ်တွေချည်း စလုံးပေါင်းဖတ်နေတာနဲ့... သင်္ကြန်တတွင်းလုံး သူ့စာအုပ်ပဲဖတ်ဖြစ်တယ်...။ မင်းလူလဲမဖတ်ဖြစ်...။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.... စာဖတ်ဖြစ်တယ်ဆိုကတည်းက သိပ်ကိုကောင်းတဲ့ အလေ့အကျင့်ဖြစ်သွားပြီ...။ ဘယ်သွားသွား စာအုပ်ကလေးတစ်အုပ်ဆောင်ထားတာ မမှားဘူး....။ ကားစောင့်ရင်းဖြစ်ဖြစ် တနေရာရာကိုသွားလို့ စောင့်ရတာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကိုချိန်းပြီး ရောက်မလာသေးလို့ စောင့်နေတာပဲဖြစ်ဖြစ် စာလေးတစ်ကြောင်းနှစ်ကြောင်း ဖတ်ဖြစ်လိုက်တာကိုက ကိုယ်တစ်ခုခုရလိုက်တာပဲလေ...။ အဲ...ဒါပေမယ့် ကိုယ်ဖတ်တဲ့စာအုပ်က ကိုယ်စိတ်ဝင်စားတဲ့ စာတွေ အကြောင်းအရာလေးတွေဖြစ်ရင်ပိုကောင်းတာပေါ့ တခါတည်း ခေါင်းထဲတန်းရောက်ရော..။ ရသစာတွေကို ဖတ်တတ်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ...။ ဒီလောက်ပါပဲ .....။ 


မိုးငွေ့

Monday, 23 April 2012

ကြယ်တွေဝှက်ထားတဲ့ည.....




နွေခေါင်ခေါင်မှာ မိုးတွေရွာချလိုက်တယ်......။
တကယ်တော့ မျက်ရည်မိုးတွေပါ.....။

ကောင်းကင်ကြီးက အမှောင်ထုတွေနဲ့ ကြယ်တွေကိုဝှက်ထားတယ်....။

ကိုယ်...ဒီည... မင်းအကြောင်းရေးခဲ့တဲ့ စာတွေ မအိပ်ဘဲ အစအဆုံးပြန်ဖတ်တယ်...။

မင်းကို လွမ်းတဲ့စိတ်က ကိုယ့်ပါးပြင်တွေကို ရွှဲစိုကုန်တယ်....ကိုယ့်အမြင်တွေကို ဝိုးဝါးစေတယ်....ကိုယ့်ရင်ခုန်သံကို လှိုက်မောစေတယ်.....။

ညက ကြယ်ကလေးတွေကို ဝှက်ထားသလို မင်းကိုလဲ ဝှက်ထားသလား အိန်ဂျယ်....။
ဒါကြောင့်မင်းကို ညထဲမှာ ကိုယ်လာရှာတာ....။

ဒီည ကိုယ့်ကို အဖော်လုပ်ပေးမယ့် ကြယ်ကလေးတွေလည်းမရှိဘူး လလဲမတွေ့ရဘူး.....။
နွေလေပူတချို့နဲ့ အဝေးက ခွေးဟောင်းသံရယ် တိုင်ကပ်နာရီဆီက စက္ကန့်တံသွားတိုင်း တချောက်ချောက်မြည်သံရယ်ပဲရှိတယ်.......။

ရင်ပူလွန်းလို့ ကိုယ့်သိပ်ကြိုက်တဲ့ မင်းဖျော်ပေးတတ်တဲ့ Ice Latte တစ်ခွက်လောက်သောက်ချင်လိုက်တာ...။

ခေါင်းတွေကိုက်လိုက်တာ ကိုယ်ညအိပ်ယာဝင်နောက်ကျတာ ရက်ဆက်နေပြီ..။

မင်းရောက်လာမလားလို့စောင့်ဆိုင်းရင်း ကိုယ်စာတွေထိုင်ဖတ်နေတယ်...။

ဒါပေမယ့် မင်းရောက်မလာတော့ဘူးဆိုတာ သေချာလာသလိုပဲ....။ ဘယ်အရာတွေက သေချာစေသလဲ ကိုယ်မပြောပြတတ်ဘူး...။ အချိန်တွေလား..???

မင်းတကယ်ပဲ...တကယ်ပဲ ကိုယ့်ကို အပြီးပိုင်ထားသွားတော့မှာလား အိန်ဂျယ်.....။

ကိုယ်ရပ်စောင့်နေပါမယ်.....။
စက်ဝိုင်းတစ်ပတ်လည်တဲ့အခါကျရင် ပြန်ဆုံမယ်လို့ ကိုယ်ယုံကြည်ထားလို့ပါ..။

စာတွေရေးရင်း ကဗျာတွေဖတ်ရင်း ကလေးတွေကိုစောင့်လျှောက်ရင်း အချိန်တွေကိုကျော်ဖြတ်မယ်....။

ညကိုပြောချင်ပါတယ် အိန်ဂျယ့်ကိုလွမ်းရင်း ရင်ကွဲနာကျသွားတဲ့ မိန်းမတစ်ယောက်ကိုလဲ ဝှက်ထားပေးပါလို့....။


မိုးငွေ့



Thursday, 19 April 2012

လင်းနပ်စ်.....




အဲဒီနေ့တုန်းက လင်းက ကျွန်မကိုစာအုပ်ပြပွဲသွားဖို့ သူကိုယ်တိုင်ကားမောင်းပြီး လာခေါ်ခဲ့တယ်.....။ ရန်ကုန်တက္ကသိုလ် စိန်ရတုဝင်းထဲမှာ လုပ်တဲ့ စာအုပ်ပြပွဲပါ....။ စာအုပ်ပြပွဲကို သင်တန်းအတွက် အထောက်အကူ အဘိဓာန်စာအုပ်သွားရှာချင်လို့တဲ့....။ စာအုပ်ပြပွဲလျှောက်ကြည့်ပြီးတော့ ကျွန်မတို့ ကန်တော်ကြီးပဲလေ့စ် မြေအောက်ခန်းက ဟော့ရှော့ကလပ်မှာ ဒေးကလပ်ရှိလို့ ရောက်သွားခဲ့ကြတယ်...။ ဒေးကလပ်ဆိုတာ ဘာမှန်းကျွန်မ မသိဘူး အရင်ကလည်း တခါမှမရောက်ဖူးဘူး....။ အဲဒီရောက်တော့ လင်းက လက်မှတ်နှစ်စောင်ဝယ်ပြီးဝင်သွားကြတယ်....။ ဒီနေ့က ညီညီတာလုပ်တဲ့ပွဲတဲ့....။ ကိုမျိုးကျော့မြိုင် Unplugged ပါတယ်....။ အထဲရောက်တော့ မီးရောင်မှိန်ဖျော့ဖျော့အောက်မှာ ကိုမျိုးကျော့က “မယ်မဒီလေးလားမှားမိတယ်” ဆိုပြီး ဟောလိုဂီတာလေးနဲ့ဆိုနေတယ်....။ အကဝိုင်းထဲမှာ ကနေတဲ့သူတွေလည်းအပြည့်ပဲ...။ လင်းက ကျွန်မကိုအကကြမ်းပြင်ပေါ်ခေါ်သွားတယ် ကျွန်မမှမကတတ်တာကို...သူကတာကိုပဲ ရပ်ကြည့်နေလိုက်တယ် ကိုမျိးကျော့သီချင်းကို နားထောင်နေလိုက်တယ်...။ အဲဒီခေတ်ကခုခေတ်လို Day Club လို့မခေါ်ကြဘူး Tea Party လို့ခေါ်တယ်..။

ကျွန်မနဲ့လင်းခင်တာကြာပါပြီ ထူးထူးဆန်းဆန်းဒီနေ့ သူ့ကောင်မလေးမပါဘဲ ကျွန်မကိုလာခေါ်ပြီး ဘာမပြောညာမပြောနဲ့သူသွားချင်တဲ့ နေရာတွေခေါ်သွားပြီး အိမ်ပြန်ပို့တယ်...။ ည ရှစ်နာရီလောက်ကျတော့ လင်း”မေမေဆီကဖုန်းလာတယ်...။ လင်းမိန်းမခိုးပြေးသွားလို့တဲ့....။ ဘုရားရေ.....နေ့လည်တုန်းကမှာ ကျွန်မနဲ့လျှောက်သွားနေတဲ့ကောင်က သူမိန်းမခိုးဖို့အစီစဉ်ရှိတယ်လည်းပြောပြမထားပါဘူး.....။ ခါတိုင်းဆို သူ့ကောင်မလေးနဲ့ ဘယ်လိုဘယ်ဝါ စကားများကြသည်ဆိုပြီး ညညဆို ဖုန်းနဲ့အမြဲရင်ဖွင့်နေကျပါ.....။ အန်တီကစိတ်ပူလို့ လင်းဆီကဖုန်းရရင် သူ့ပြန်ပြောပေးပါလို့ပြောပြီးဖုန်းချသွားတယ်.....။ တကယ်ဆို လင်းက အိမ်ထောင်ပြုဖို့တော်တော်ကြီးကိုစောလွန်းပါသေးတယ်....။ ခုမှဆယ့်ရှစ်နှစ်တောင်ပြည့်သေးရဲ့လားမသိ လင်းအရမ်းကို ငယ်သေးတယ်ဆိုတာကိုတော့ သိတယ်လေ......။ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့စောင့်နေတဲ့အချိန်......။ ဘယ်မိဘမဆို နှမြေသတဖြစ်မှာပဲ စိတ်ပူကြမှာပဲလေ......။ လင်းနဲ့ကျွန်မက သူငယ်ချင်းဖြစ်မယ့်သာဖြစ်တာ လင်းက ကျွန်မထက် ငါးနှစ်ငယ်တယ်....။ ကျွန်မတို့အင်္ဂလိပ်သင်တန်းမှာစဆုံတုန်းက မှတ်မိပါသေးတယ်......။ လင်းတို့သူငယ်ချင်းတွေက ငါးယောက်လားမသိ ပြိုင်တူသင်တန်းလာအပ်ကြတာ....။ ကျွန်မတို့ဆရာကြီးက အခုစာတွေရေးနေတဲ့ ဆရာကြီးလူထုစိန်ဝင်းလေ....။ ဆရာြ့ကီးက သူ့ဆီကျောင်းလာတက်တဲ့သူမှန်သမျှကို အင်္ဂလိပ်နာမည်အကုန်ပေးထားတာ....လင်းရဲ့မြန်မာနာမည်က လင်းပါလို့ဆိုပြီး Linus လို့မှည့်လိုက်တယ်.....။ ကျွန်မတို့က လင်းလို့ပဲ အဖျားဆွတ်ခေါ်ကြတာ..။ အခု...လင်းခိုးပြေးသွားတဲ့ ကောင်မလေးကလည်း လင်းတို့နဲ့ရွယ်တူပဲ ဒီကျောင်းကို ရှေ့ဆင့်နောက်ဆင့်လာအပ်သွားကြတာပဲ....။ ကျွန်မက အဲဒီတုန်းက ပထမနှစ်စတက်နေပြီ...။ ဒါပေမယ့် လင်းတို့အဖွဲ့က သူတို့နဲ့ရွယ်တူ ဆယ်တန်းအောင်လေးထင်ပြီး ကျွန်မကို နင်နဲ့ငါနဲ့ပဲစကားပြောတယ်....။ နောက်တော့ကျွန်မအသက်ကိုသိသွားတော့လည်း လင်းတစ်ယောက်ထဲ ကျွန်မကို နင်နဲ့ငါနဲ့ပဲဆက်ပြောတယ်....။ အိုခေလေ ပြဿနာမဟုတ်ပါဘူး....။ ခင်မင်တဲ့သူငယ်ချင်းတွေပဲလေ... ပြောမနာဆိုမနာပေါ့.....။ ကျွန်မတို့သင်တန်းမှာ လင်းတကယ်စပြီး ချစ်ကြိုက်မိတာက လင်းထက်သုံးနှစ်ပိုကြီးတဲ့ မြန်မာဆန်ဆန်နဲ့ ကိုယ်လုံးသိပ်လှတဲ့ ကောင်မလေးတစ်ယောက်ကိုပါ.....။ ကျွန်မနဲ့လည်း သိပ်ခင်တဲ့သူငယ်ချင်းမလေးပါ...။ သင်တန်းပြီးရင် ဟိုဖက်တစ်လမ်းက ဝက်သားတုတ်ထိုးဆိုင်မှာ သူငယ်ချင်းတွေတဖွဲ့ကြီး သွားထိုင်စားတတ်ကြတယ်....။ ပြီးရင် BC မှာစာအုပ်သွားဖတ်ကြတယ်......။ အဲတုန်းက ကျောင်းသားဘဝက ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်ပဲ.....။ သူငယ်ချင်းကများတော့ မွေးနေ့တွေက တန်းစီပြန်ရော ...။ တော်ကြာသူ့မွေးနေ့မို့ Feel မှာသွားကျွေးမယ် Burger King မှာသွားစားမယ် တချို့ကြတော့ အိမ်မှာမုန့်ဝိုင်းလုပ်ပြီး စုစားကြမယ်စသဖြင့်ပေါ့....။ အင်းလျားကန်ဘောင်သွားကြတယ်.....။ ပျော်စရာကြီးပါပဲ...။ ဒါပေမယ့် လင်းနဲ့ အဲဒီမမနဲ့ကလဲ နောက်ပိုင်း ပြဿနာခဏခဏဖြစ်ကြတယ်......။ လင်းက အရမ်းသဝန်တိုတတ်တာလေ သူ့မမနဲ့ပတ်သက် စကားပြောတဲ့သူတွေနဲ့ပေးစားလို ပေးစားနဲ့ပေါ့.....။ သူတို့တွဲတာ တစ်နှစ်ကျော်လောက်ပဲရှိမယ်ထင်တယ်....ပြတ်သွားကြရော.......။ နောက်တော့ လင်းက သူတို့အဖွဲ့ထဲက ကောင်မလေးနဲ့ရည်းစားဖြစ်သွားတယ်....။ ပြောမယ့်သာပြောတာ ဒီကောင်အတော်စွံတာ....အပြောအဆိုက ကလေးဆန်ပါတယ်.....။ လင်းက အရပ်ရှည်တယ် ခြောက်ပေတစ် နှစ်လောက်များရှိမလားဘဲ....။ ဆံပင်နဲနဲခွေတယ်.။ မျက်နှာက သွယ်သွယ်ရှည်ရှည်...။ အရပ်ကရှည်လို့ လမ်းလျှောက်ရင်နဲနဲကိုင်းချင်နေသေးတယ်.....။ ပြုံးလိုက်ရင် ပါးချိုင့်ကလေးတွေ ပါးနှစ်ဘက်လုံးမှာရှိတယ်...။ သွားလေးတွေ ညီညီညာညာရှိတယ်...။ ဒါကြောင့် ကောင်မလေးတွေခိုက်တာနေမှာ........။ လင်းတို့က မောင်နှမနှစ်ယောက်ပဲရှိတယ်....။ လင်းအစ်မလည်းချောတာပဲ ချစ်စရာကောင်းတယ်....။ နည်းနည်းထူးဆန်းတာလေးပြောပြချင်သေးတယ်..... ကျွန်မဘဝတစ်လျှောက်မှာ ဒီရန်ကုန်ရောက်လာပြီးနောက်ပိုင်းပေါ့ ပေါင်းသင်းသမျှအခင်ဆုံး သူငယ်ချင်းတွေအကုန်လုံးလိုလို ကြည့်လိုက်ရင် အမြဲတစေ မောင်နှမနှစ်ယောက် နှစ်ယောက်ဖြစ်နေတာများတယ်... ။ မောင်နှမမှာတောင်မှ အကြီးက မိန်းကလေးဖြစ်ပြီး အငယ်က ယောက်ကျားလေးအဲလို မောင်နှမတွေနဲ့ သူငယ်ချင်းဖြစ်ဖြစ်နေတာ တော်တော်လေးအံ့သြဖို့ကောင်းတယ်...။ လင်းမှာအမေပဲရှိတာ အဖေမရှိတော့ဘူး..။ လင်းမေမေက အစိုးရရုံးမှာ အလုပ်လုပ်တယ်....။ ဖိုးစိန်လမ်းထဲကတိုက်ခန်းမှာနေတယ်.....။ လင်းတို့မိသားစုနဲ့က အပြင်မှာသိပ်မမြင်ဖူးပေမယ့် ဖုန်းနဲ့တော့ ခင်နေတာပါ......။ ခုတော့ လင်းမေမေလဲ သူ့သားအတွက် သောကတွေဘယ်လောက်ရောက်နေမလဲ....။ အငယ်ဆုံးကလည်းဖြစ် ငယ်ကလည်းငယ်သေးဆိုတော့ပိုဆိုးပေါ့။ လင်းတို့ဘယ်ကို ခိုးပြေးကြတယ်ဆိုတဲ့သတင်း မရပါဘူး...။ ကျွန်မဆီကို သူလုံးဝဖုန်းမဆက်ဘူးလေ သူ့မေမေဆီပြန်ရောက်မယ်ဆိုတာသိနေတာကိုးး...။ နောက်နေ့ကျတော့ အန်တီက ကျွန်ဆီဖုန်းဆက်လာတယ် လင်းတို့နဲ့အဆက်သွယ်ရပြီတဲ့.... (    )မြို့မှာရောက်နေတာတဲ့....။ ပြန်လာဖို့ပြောထားတယ်တဲ့.....။ ခိုးပြေးပြီးပြီဆိုတော့လဲ လင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမပေးစားရတော့မယ်လေ သူလဲဘယ်လိုလုပ်စိတ်ကောင်းပါ့မလဲ...။ ကျွန်မလဲ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ပဲ နားထောင်ပေးရတာပေါ့ ကိုယ်ကလည်းငယ်သေးတော့ လူကြီးတစ်ယောက်ကို ဘယ်လိုဖြေသိမ့်စကားပြောရမှန်းနားမလည်သေးဘူးလေ.....။ လင်းသာ...ဒီစာကိုဖတ်မိလို့ ကျွန်မကိုဆဲချင်ဆဲတော့ လင်းတို့မင်္ဂလာဆောင်တဲ့နေရာကို ကျွန်မတကယ် မမှတ်မိတော့ဘူး....။ ယုဇနဂါးဒင်းလား ဘုန်းကြီးကျောင်းမှာလားတစ်ခုခုပဲ....။ အဲ...ကောင်မလေးအိမ်မှာ ပြန်ပြီး အမှတ်တရဗီဒီယိုတွေရိုက်ကြ ကြိုးတွေတားကြ လက်ဖွဲ့ွတွေဖောက်ကြတာတော့ မှတ်မိသေးတယ်.....။ အဟဲ အကောင်းခန်းလေးကို မှတ်မိတာပဲ လင်းရယ် ငါ့ကို ခွင့်လွတ်လိုက်ပါနော်...။ အဲဒီနောက် လင်းနဲ့ သိပ်အဆက်သွယ်မရှိတော့ဘူး.....။ လင်းကောင်မလေးက ကျွန်မတို့နဲ့အပေါင်းသင်းလုပ်တာကို သိပ်ကြိုက်ပုံမပေါ်ဘူးလေ......။ လင်းအရင်ကောင်မလေးနဲ့ကျွန်မကသိပ်ခင်တာကိုးး...။ လင်းအမျိုးသမီးလေးက သဝန်တိုအရမ်းတိုဆိုပဲ...ကောင်းတယ်ဒီကောင်ဝဋ်လည်တာ...။ ပြီးတော့ ကျောင်းတွေလည်းဖွင့်တော့ တက္ကသိုလ်တက်တာနဲ့ သင်တန်းဖက်လည်း မရောက်ဖြစ်တော့ဘူး....။ ဒါနဲ့ ဝေးသွားကြရော......။ နောက်တစ်နှစ် နှစ်နှစ်ပဲ လင်းတို့ လင်မယားနှစ်ယောက်စလုံး အင်္ဂလန်ကိုထွက်သွားကြလို့ကြားလိုက်တယ်..။ အဲဒီကစပြီး လင်းနဲ့လုံးဝအဆက်သွယ်ပြတ်သွားတာ ဒီနေ့ထိဆိုပါတော့......။ တလောက ဖဘမှာ လင်းအမျိုးသမီးလေးကိုပြန်တွေ့လို့စကားပြောဖြစ်ကြတယ်....။ သူမြန်မာပြည်ပြန်ရောက်နေတာတဲ့... လင်းနဲ့သမီးလေးတစ်ယောက်ရထားတယ်တဲ့...ခလေးလေးက သုံးနှစ်ကျော်ကျော်လောက်ရှိနေပြီ ချစ်စရာလေး...အမေနဲ့ပိုတူတယ်....။ လင်းရော ဖဘမသုံးဘူးလားလို့မေးတော့ မသုံးဘူးဆိုတာနဲ့ လင်းနဲ့ဆက်သွယ်လို့ရတဲ့ တခြားလိပ်စာတွေကိုလည်း ကျွန်မ မတောင်းမိတော့ပါဘူး....။ လင်းပုံတွေကိုကြည့်ချင်တယ်ပြောတော့ သူ့ဖဘဖိုတိုထဲမှာတင်ထားတယ်ဆိုလို့ ကျွန်မဝင်ကြည့်ဖြစ်သေးတယ်.....။ ဒီကောင်နိုင်ငံခြားသားကြီးကျနေတာပဲ အရပ်က ကလန်ကလား ဆံပင်ကလဲ အရှည်ထားသေးတယ်.... ဝလာတယ် အရပ်ရှည်တော့ ထွားထွားကြီးဖြစ်နေတာပေါ့......။ ခုတော့ ကလေးဖအေ ရင့်ကျက်တဲ့ ယောကျာၤးကြီးလုံးလုံးဖြစ်နေပါပြီ........။ ကျွန်မတို့စခင်တုန်းက လင်းက ပိန်ပိန်ရှည်ရှည် ဆယ်တန်းအောင်လေးရှိသေးတာကိုးး...။ ကျွန်မ တစ်ခါတုန်းက တို့ရွာမှာ ခေါင်းစဉ်နဲ့ ငယ်ငယ်တုန်းက အကြောင်းတွေရေးတာတွေလည်း ကုန်သလောက်ရှိပြီလေ....။ ဒါကြောင့် ကျောင်းစတက်တဲ့အချိန် သင်တန်းတွေတက်တဲ့အချိန်တုန်းက အကြောင်းလေးရေးဦးမှပါလို့တွေးမိတော့ လင်းကို အရင်ဆုံးပြေးမြင်မိတာ...။ ဆယ်တန်းအောင်ပြီးနောက်ပိုင်း စတက်ဖြစ်တဲ့ သင်တန်းဆိုတော့ ဒီသူငယ်ချင်းအကြောင်းအရာတွေနဲ့ပဲစရတာပေါ့.....။ ကျွန်မ အဲဒီသင်တန်းတုန်းက သူငယ်ချင်းတွေကို ပြန်တွေ့တာ သုံးယောက်ပဲရှိသေးတယ် ဖဘကျေးဇူးကြောင့်ပေါ့နော်...။ တစ်ယောက်က အခုအပြာရောင်တောင်တန်းများဘလော့နဲ့ မမဝသုန်ရယ် လင်းရဲ့အမျိုးသမီးလေးရယ် အင်္ဂလန်မှာကျောင်းတက်နေတဲ့ နန်းစီနွမ်းဆိုတဲ့ ကျိုင်းတုံက ရှမ်းမလေးပါ....။ 

နောက်ထပ်သူငယ်ချင်းအကြောင်းလေးတွေကိုလဲ အလျဉ်းသင့်သလို ရေးဖြစ်သွားဦးမှာပါ.....။ အော်...ဒါနဲ့ ကျွန်မရဲ့ သူငယ်ချင်း"လင်း"ဆိုတာ ကညိမ်းနိုင်ရဲ့လင်းတော့မဟုတ်ဘူးနော် မှားနေမှာစိုးလို့ :)...။


မိုးငွေ့

Wednesday, 11 April 2012

နှစ်သစ်နှုတ်ဆက်စာ.....

သာမီးရဲ့ ခပ်ညံ့ညံ့လက်ရာ ပိတောက်ပန်းလေး



မိုးလေးတစ်ဖျောက်နှစ်ဖျောက်ရွာလိုက်လို့ထင်ပါ့.... မနက်လင်းချင်း ဝရံတာထွက်ကတည်းက မျက်စောင်းထိုးနားက အပင်ကကြွေတဲ့ ပိတောက်တွေ ကတ္တရာလမ်းပေါ် ပျံ့ကျဲလို့......။ ဒီမနက်မြင်မြင်ရာ အမျိုးသမီးတွေရဲ့ ခေါင်းမှာ ပိတောက်ပန်းတွေဝေလို့.......။ ပိတောက်ကကိုယ်အကြိုက်ပန်းထဲက မဟုတ်ပါဘူး....။ တကယ်ဆို ကိုယ်က ပန်းတွေကို သိပ်မနှစ်သက်တတ်တဲ့ မိန်းမ မဆန်တဲ့ မိန်းမတစ်ယောက်ပါ......။ ပန်းမကြိုက်တဲ့ အကောင်ပလောင်လေးတွေကို မချစ်တတ်တဲ့သူရဲ့ နှလုံးသားဟာ နူးညံ့နိုင်ပါ့မလား....။ ဒီနေ့ အလုပ်နောက်ဆုံးတက်ရမယ့်နေ့...။ လက်စသတ်စရာရှိတာတွေလုပ်ရုံပါပဲ....။ ကိုယ့်အလုပ်စားပွဲဆီကို ညီမတစ်ယောက်က ပိတောက်ပန်းခက်ကလေးကိုင်ပြီးရောက်လာတယ်.....။ ကိုယ့်အထင်တော့ သူတို့လမ်းနားက အပင်ကရလာလို့လာပေးတယ်ပေါ့....။ အမနာမည်နဲ့ကောင်လေးတစ်ယောက် လာပေးသွားတာတဲ့....။ လာပေးတဲ့ကောင်လေးကလဲ... အစ်ကိုတစ်ယောက်ကပေးခိုင်းလိုက်တာလို့ပြောသတဲ့..။ ဟမ်!!!! ကိုယ့်ကို ဘယ်သူ ပိတောက်ပန်းပေးတာလဲ.....???? ပိတောက်ခက်ကလေးကို ကိုင်ပြီး ကိုယ်အတွေးများနေမိတော့တယ်...။ ဆက်စဉ်းစားနေရင် အလုပ်ဖြစ်မှာမဟုတ်...။ ပန်းကို ဘုရားကပ်လိုက်တယ်......။ ကိုယ်မှပန်းမပန်တတ်တာ....။ အပွင့်ဝါဝါလေးတွေကိုကြည့်ရတာ အပြစ်ကင်းစင်လိုက်တာ ရနံ့ကလေးမွှေးပျံ့ပျံ့နဲ့ ပိတောက်မကြိုက်တတ်တဲ့ ကိုယ်တောင် အဲဒီပန်းကလေးကို ကြိုက်ချင်သလိုလိုဖြစ်သွားတယ်... (သူဆွဲဆောင်နေတာလေ)။ ဘာပဲဖြစ်ဖြစ် ဒီပိတောက်ခက်ပိုင်ရှင်ကိုတော့ ကျေးဇူးတင်မိပါတယ်...။ နှစ်သစ်မှာ ပိတောက်ပန်းမကြိုက်တဲ့ ကိုယ့်ကို သိပ်လှပြီး မွှေးပျံ့တဲ့ ပိတောက်ခက်ကလေးတစ်ခက်နဲ့ ပဟေဠိဆန်ဆန် နှုတ်ဆက်လိုက်လို့ပါပဲ.....။ အိန်ဂျယ်.......အိန်ဂျယ်များလားဟင်........ မမျှော်လင့်ရဲပေမယ့် ကိုယ့်မျှော်လင့်ချက်ငွေ့ငွေ့ကလေးက လေထဲမှာ စက္ကန့်ပိုင်းကလေးပဲလွင့်ပြယ်သွားတယ်...။ အိန်ဂျယ်က ကိုယ်အလုပ်လုပ်တဲ့နေရာကိုမှမသိတာ......။ မင်းဆီက ပိတောက်ပန်းတစ်ခက် ရေချမ်းတစ်စက်လောက်တောင်မှာ ကိုယ့်မှာမျှော်လင့်ပိုင်ခွင့်မရှိတော့ဘူးလား.......။ စောစောက ကြည်နူးရာကနေ အတွေးစတွေက စိုနင့်တဲ့ဖက်ကူးလာတယ်....။ ဒါနဲ့ မှတ်မှတ်ရရလေးဖြစ်သွားအောင် မတတ်တခေါက်နဲ့ အိန်ဂျယ့်အတွက်ရည်ရွယ်ပြီး ပိတောက်ပန်းခက်ကလေး ဆွဲလိုက်မိတော့တယ်......။ မဆုံဖြစ်ပေမယ့် ဒီစာလေးနဲ့နှုတ်ဆက်လိုက်ပါတယ် အိန်ဂျယ်......။ ပျော်ရွှင်အေးချမ်းသော နှစ်သစ်လေးဖြစ်ပါစေ။ 


မိုးငွေ့

Sunday, 8 April 2012

နွေရာသီအလွမ်း.....





သွားကြမယ်မဟုတ်လားကွယ်...........။

အဲဒီအရပ်မှာ မြက်ခင်းတွေစိမ်းလန်းလို့...... စကားပန်းပင်တွေစီတန်းလို့.......အေးချမ်းလိုက်ပါဘိ..

ဟိုးး ခပ်ဝေးဝေးဆီက တောင်ကျရေသံတွေတဝေါဝေါနဲ့.......

နွေရဲ့ ပြယုဂ် ဥသြသံတွေ ညံစီလို့.......

လေပူတွေ တချက်တချက်တိုးဝှေ့တိုက်ခတ်လာသေးတယ်......

သစ်ရွက်ကြွေတစ်ခု ကိုယ့်အပေါ်လွင့်ကျလာတယ်......

အရွက်ဖားဖားရှည်ရှည်နဲ့ ဝါကျင့်ခြောက်သွေ့နေပြီ.......

ကိုယ်သစ်ရွက်စိတ်ပေါက်ပြီး သူ့နေရာမှာခဏကလေးနေကြည့်မိတယ်....

သစ်ကိုင်းကလေးကနေ ပျိုမျစ်စိမ်းဖန့်တဲ့ သစ်ရွက်နုနုကလေးဘဝကနေ အစိမ်းရောင်လေးတွေက နေရောင်ခြည်ကစွမ်းအင်တွေကိုယူပြီး တဖြေးဖြေး ပြောင်းလဲရင့်သန်လာတယ်......ပြီးတော့ အခုကိုယ့်လက်ထဲရောက်နေတဲ့ ရမ်းရော်ပြီးကြွေကျသွားတဲ့ အထိပေါ့.......

သစ်ရွက်တွေလည်း ဘာထူးသလဲ လူတွေလိုပဲ သက်တမ်းကုန်တော့ ကြွေခရရှာတာပါပဲ......

အဝါရောင်လိပ်ပြာငယ်လေးတစ်ကောင် ကိုယ့်နားရစ်သီရစ်သီနဲ့ ဝဲလာတယ်.......

ကိုယ်ဖမ်းလိုက်ရမလား အိန်ဂျယ်........

လက်ဖဝါးလေးကို ဆန့်ထုတ်လိုက်ပြီးမှ..... လိပ်ပြာလေးတွေရဲ့ အတောင်ပံက သွေးကြောမျှင်လေးတွေဟာ တို့ထိရက်စရာမရှိ နုဖတ်လွန်းလို့ ကိုယ်လက်ပြန်ရုတ်လိုက်မိတယ်..။

လိပ်ပြာကလေး သူ့ဘာသာသူလွတ်လွတ်လပ်လပ်ပျံသန်းပါစေ........

ဟိုးးး အဝေးဆုံးအထိ........
မိုးကုတ်စက်ဝိုင်းအထိ........

မင်းက မြက်ခင်းစိမ်းပေါ်က ကြွေကျနေတဲ့ စကားပန်းပွင့်တွေကို တစ်ပွင့်ချင်းလိုက်ကောက်နေတယ်....

ငယ်တုန်းက သင်ခဲ့ဖူးတဲ့စာလေးမှတ်မိနေသေးတယ်.....

“တရုတ်စကားပန်း
နွားတင်းကုပ်နားမှာရှိသည်
အဆုတ်အဆုတ်ပွင့်သည်
အပွင့်ကိုပြုတ်၍အသုပ်သုပ်စားရအောင်”

ဒီနေရာလေးက
လူတွေနဲ့အဝေးဆုံး......
အတ္တ လောဘ မာန်မာနတွေနဲ့ အဝေးဆုံး......
အတင်းဖျင်းပြောသူတွေနဲ့ အဝေးဆုံး...............

မိုးခြိမ်းသံကြားရတယ်..........

ဒီအရပ်မှာက ဒီလိုပဲ နွေခေါင်ခေါင်မှာ မိုးခြိမ်းတတ်သတဲ့......

ဝူးခနဲ အသံမြည်အောင် လေပြင်းတစ်ချက်ခပ်ကြမ်းကြမ်းလေးတိုက်လိုက်တယ်.....
လေနဲ့အတူ မိုးစက်တချို့ကပ်ပါလာမှန်း မျက်နှာကိုလာထိလို့သိလိုက်ရတယ်...........
မိုးတွေကျလာရင် ကိုယ်တို့ ဟိုးးး လွင်ပြင်ကျယ်ကြီးဆီ ပြေးသွားကြမယ်လေ.......
ဒါမှမဟုတ်......တောင်ကျရေတွေစီးလာတဲ့ မြစ်ကမ်းပါးမှာ သွားထိုင်ကြမယ်လေ.......

ဘယ်လိုလဲ အိန်ဂျယ်......... ဒီနေရာမှာမင်းပျော်ရဲ့လား........

တစ်သက်လုံးစိတ်ချမ်းသာချင်ရင် အပင်စိုက်တဲ့.........

ကိုယ်တို့ အတူတူ အပင်ကလေးတွေစိုက်ကြမယ်လေ.........
အပင်ကနေပွင့်လန်းလာမယ့် အပွင့်ကလေးတွေကို နေခြည်နုနုအောက်မှာ အတူထိုင်ကြည့်ကြမယ်....:)
လိုက်ခဲ့မယ် မဟုတ်လား အိန်ဂျယ်...........
အရာအားလုံးနဲ့ အဝေးဆုံး ............
အဲဒီနေရာဆီကို.........။


မိုးငွေ့



Friday, 6 April 2012

ထမ်ဆမ်းဂူနှင့်မွေတော်ကက္ကူသို့ အလည်တစ်ခေါက်.....

ကျမတို့စီးလာတဲ့ရန်ကြီးအောင်ကားက တောင်ကြီးမြို့အေးသာယာမှာ မနက်သုံးနာရီခွဲကတည်းက ၀င်ပါတယ်...။ တောင်ပေါ်ကို ဟိုင်းလက်လေးပြန်ငှား...။ တောင်ပေါ်ရောက်တော့ ဟိုတယ်ကိုအရင်မ၀င်ဖြစ်ဘူး တစ်မနက်တည်းနဲ့ တစ်ညစာပေးရမယ်ဆိုတော့ အဆုတ်ဆေးရုံဝင်ထဲမှာရှတဲ့ သူငယ်ချင်းအစ်မအိမ်မှာပဲ ခန၀င်နားလိုက်တယ်.....။ ဧည့်သည်တွေလာမယ်ဆိုတော့ အိမ်ရှင်အစ်မက ခနနားဖို့ကို အိပ်ယာတွေသေချာခင်းပေးထားတယ် စောင်အထူကြီးတွေအထပ်လိုက်ပဲ...။ မိုးမလင်းခင်အထိ ခန၀င်ကွေးလိုက်ကြတယ်....။ သိပ်တော့မအေးတော့ဘူး...။ မနက်လင်းတော့ မျက်နှာသစ် သန့်ရှင်းရေးလုပ်ပြီး အ၀တ်အစားလဲ မနက်စာကို တိုဖူးနွေးဝင်စားကြတယ်...။ အဲဆိုင်က တောင်ကြီးမှာ နာမည်ကြီးပါတဲ့ ....။ အဲ...ဆိုင်နာမည်ကိုတောင်မှတ်ခဲ့ဖို့မေ့သွားတယ်.....။ တိုဖူးနွေးတစ်မျိုးတည်းရောင်းတာ အီကြာကွေးနဲ့စားရတယ်....။ မနက်စာစားပြီးတောင် ငှားထားတဲ့ တောင်းအေ့စ်ကားရောက်လာတယ်...။ ဟိုပုန်းမြို့ကို ကျမတို့စဆင်းတော့ ခုနှစ်နာရီခွဲမှာ....။ နွေမို့လို့ထင်တယ် စိုက်ခင်းတွေ သိပ်များများစားစားမတွေ့ရဘူး....။ လမ်းတလျှောက်တော့ တဲလေးတွေနဲ့ သခွားမွှေးသီးနဲ့ စတော်ဗယ်ရီတွေကိုရောင်းနေကြတာတွေ့တယ်....။ လမ်းတွေက ကွေ့ကွေ့ကောက်ကောက်တွေများတယ်....။ ဒီလမ်းက ကျိုင်းတုံတာချီလိတ်သွားတဲ့လမ်း....။ မြင်ဖူးသမျှလှိုဏ်ဂူတွေထဲမှာတော့ ကျောက်ခက်ပန်းဆွဲတွေက အလှဆုံးပဲ...။ လက်နဲ့ဖန်တီးယူထားတာ မဟုတ်တဲ့ တကယ့် အံ့မခန်းသဘာဝကဖန်ဆင်းပေးထားတာ..။ လှိုဏ်ဂူထဲလျှောက်ကြည့် ဓါတ်ပုံရိုက်ပြီး ...အပြန်ကျ သက်သတ်လွတ်ထမင်းကျွေးပါတယ်...။ တဲအကြီးကြီးထဲမှာ ၀ါးထိုင်ခုံတန်းနဲ့ စားပွဲတွေလုပ်ထားပေးတယ်... ကျမတို့အဖွဲ့တော့မစားဖြစ်ပါဘူး...။ တကယ်က စားရမှာနော့..။ ဒါမှ သူတို့အစားအစာကိုကိုယ်သိမှာလေ....။ ကိုယ်ရင်လေးလဲမရှိလို့ မဖူးခဲ့ရဘူး...။ တောင်ကြီးကိုပြန်တက်တော့ ဆယ်နာရီခွဲပဲရှိသေးတယ်....။ စောစောက အလာတုန်းက တွေ့ခဲ့တဲ့ စတော်ဗယ်ရီတွေ သခွားမွှေးတွေကို ကားရပ်ပြီးဝယ်တယ်....။ ပြည်တောင်းလောက်ရှိတဲ့ စတော်ဗယ်ရီသီးတွေ နှစ်ထောင်ဖိုးတဲ့.....။ အသီးတွေက လတ်ဆတ်ပြီး ရဲနေတာ...။ ကားထဲမှာတစ်လမ်းလုံး နှိုက်စားလာတာ...။ တောင်ကြီးပြန်ရောက်တော့... မောခမ်းဆိုင်မှာ ထမင်းစားပါတယ်...။ ရှမ်းဟင်းတွေသိပ်ကောင်းတယ် မစားရတာကြာပြီလေ....။ ဆောရီးကွယ်.....အစားငမ်းပြီး ဓါတ်ပုံရိုက်ဖို့မေ့သွားတယ်...။ မှာစားဖြစ်တာတွေကတော့ ၀က်စတူးဟင်း ကြက်သားမုန်ညင်းချဉ်ကြော် ဆလတ်ရိုးသုပ် ရွှေပဲရွက်ဟင်းချို အသဲအမြစ်အစိုကြော်... ဟင်းနာမည်တစ်ခုပြောပြဦးမယ် ကြက်ကြောင်မကြီးသုပ်တဲ့... ။ ဘယ်လိုများသုပ်ထားသလဲလို စပ်စုချဉ်စိတ်နဲ့ မှာလိုက်တယ်တစ်ပွဲ...။ ကြက်သားပြုတ်ကိုမျှင်ပြီး ကြက်သွန်နဲ့ မြီးရှည်ထဲထည့်တဲ့ ပဲငပိအစပ်ကိုထည့်သုပ်ထားတာပါ...။ မာလာဟင်းအရသာမျိုးနဲ့ခပ်ဆင်ဆင်ရယ် ...စားကောင်းသတော့....။ နေ့လည်စာစားပြီး ကောက်ညှင်းမွှေးနံ့သင်းနေတဲ့ လက်ဖက်ရည်ကြမ်းလေး သောက်လိုက် ရှမ်းထန်းညက်ခဲလေးကိုက်လိုက်နဲ့ပေါ့.. စည်းစိမ်ရှိလိုက်တဲ့ဖြစ်ချင်း...။ ကဲ..ကဲ အားလုံးသရေကျအောင် ရေးလို့ မေတ္တာပို့နေကြဦးမယ်......။ အောက်ကပုံလေးခဏကြည့်ပြီး ကျမတို့ မွေတော်ကက္ကူကိုဆက်သွားကြစို့......။
ထမ်ဆမ်းဂူ အ၀င်ဝ
လှိုဏ်ဂူအ၀င်ပေါက် အထက်နားမှာထုထားတဲ့မြင်းရုပ်
အဲဒီမြင်းရုပ်တွေက ကျောက်သားလားသစ်သားလား သေချာမခွဲနိုင်ခဲ့ဘူး လက်ရာတော့မြှောက်ပါ့
ထမ်ဆမ်းဂူကိုစတွေ့တဲ့ ကိုရင်လေး
မှိုပုံထီးပုံဖြစ်နေတဲ့ ကျောက်ခက်ပန်းဆွဲ လှိုဏ်ဂူရှေ့က စမ်းချောင်းလေး
မွေတော်ကက္ကူသွားတဲ့လမ်းက နောက်တစ်လမ်းတဲ့.....။ ကျောက်တစ်လုံးဖက်ကိုသွားတဲ့လမ်းလို့ပြောတာပဲ.....။ လမ်းကြမ်းတယ်.....။ ရထားလမ်းကို ကြိုကြားကြိုကြားတွေ့ရတယ်.....။ တော်တော်ဝေးဝေးမောင်းရတယ် နှစ်နာရီနီးပါးပဲ......။ ကက္ကူရွာကိုဖြတ်ပြီး ညောင်ပင်အုပ်အုပ်ကြီးတွေအများကြီးရှိတဲ့ နေရာမှပဲ... စေတီဖြူဖြူတွေကို အများကြီးဖူးတွေ့လိုက်ရတယ်......။ စေတီတချို့ကို ပြန်လည်ပြုပြင်ထားတာရှိတယ်... အများစုကတော့ နဂိုအဟောင်းအတိုင်း ...။ ထူးခြားချက်က စေတီတိုင်းရဲ့ထီးတော်မှာ ချိပ်ဆွဲထားတဲ့ ဆည်းလည်းသံလေးတွေပဲ လေတိုက်တိုင်း လှုပ်ခတ်မြည်နေတဲ့ အသံတွေက သိပ်ကိုအေးချမ်းကြည်နူးဖို့ ကောင်းတာပဲ......။ ထီးတော်တွေနဲ့ ဆည်းလည်းတွေက သံချေးတွေနဲ့မဲနေပြီ......။ အတွင်းဆုံးက စေတီကြီးကို လက်ယာရစ်ဖူးတော့... စေတီရဲ့ထီးတော်ပေါ်က ဆည်းလည်းသံလေးက သိပ်ကိုသာယာတာပဲလို့မော့ကြည့်တော့ ဆည်းလည်းတွေအများကြီးထဲက သူ့တစ်လုံးတည်း လှုပ်ခတ်မြည်နေတယ်....။ အဖွဲ့သားတွေ ဓါတ်ပုံလျှောက်ရိုက် အပြင်ပြန်ထွက်လာတော့ ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ ဧရာမညောင်ပင်ကြီးတွေကတန်းစီးနေတာများ အပင်အောက်မှာဈေးရောင်းသူရောင်း ခုံတန်းလျားမှာ အိပ်သူအိပ်နဲ့။ ဘယ်ကတည်းကစိုက်ထားတဲ့ ညောင်ပင်တော့မသိဘူး တစ်သက်မှာ ဒီလောက်ကြီးမားပြီးမြင့်တဲ့ ညောင်ပင်မျိုးတခါမှမတွေ့ဖူးခဲ့ဘူး...။ ဓါတ်ပုံရိုက်ဖို့ အပင်နားကပ်သွားတော့ လေးအေးလေးတဖြူးဖြူးနဲ့ ကိုယ်ပါ အိပ်ချင်လာတယ်.....။ ဓါတ်ပုံရိုက်ပြီးနောက်တဖက်မှာ ရှိတဲ့ ညောင်ပင်ကြီးဆီကို ဈေးသည်တွေဈေးရောင်းတဲ့နားဓါတ်ပုံထပ်သွားရိုက်တယ်.....။ ရေအေးအေးလေးသောက်ချင်တာ...။ ဒီမှာ ရေခဲမရပါတဲ့..။ အင်းလေ ...ဒီလောက်ခေါင်တဲ့နေရာမှာမှရေခဲမေးရသလား ကိုယ့်ကိုယ်ကိုပြန် အပြစ်တင်မိသွားတယ်...။ ဖော့ဗူးတွေနဲ့အအေးဗူးတွေကို ရေစိမ်ထားတာပဲရှိတာ...။ ကားအ၀င်မှာရှိတဲ့ အုတ်ကြွတ်တွေမိုးထားတဲ့ အဆောက်အဦအကြီးထဲမှတော့ ရေခဲရနိုင်ပါသတဲ့...။ နိုင်ငံခြားသားတွေစီးတဲ့ ဘတ်စ်ကြီးတွေကတော့ အဲဒီဖက်ကိုဦးတည်သွားကြတယ်..။ နိုင်ငံခြားသားများအတွက် အထူးရောင်းချပေးတဲ့ စားသောက်ဆိုင်ဖြစ်ပါလိမ့်မယ်..။ ဘာပဲဖြစ်ဖြစ်အအေးတစ်ခွက်ကိုတော့ တစ်ထောင်ကျော်နှစ်ထောင် လောက်ကတော့ အသာကလေးပေးရမယ်...။ တောင်ကြီးကိုပြန်လာတော့ ညနေမစောင်းသေးဘူး....။ ရာသီဥတုကပူတယ်ဆိုတာ ကားထဲမှာလှောင်နေတတာလဲ ပါတယ်...။ အပြင်လေကတော့ အေးတယ်ဗျ.....။ ခရီးလဲပန်းလာပီဆိုတော့ နားဦးမယ်နော်.....။ နောက်နေ့ခရီးစဉ်လေးကိုဆက်ပါဦးမယ်.....။

Tuesday, 3 April 2012

နေရောင်ကြားက မိုးစက်နေ့......





နေပူကျဲကျဲ ဖုန်တထောင်းထောင်းထနေတဲ့ ကတ္တရာစေးနဲနေပြီဖြစ်တဲ့ လမ်းမပေါ်မှာ ရုတ်တရက် မိုးတဖျောက်နှစ်ဖျောက်ရွာချလိုက်တော့ ဖုန်မှုန့်တွေကနေမိုးရေနဲ့ရောပြီး ရွှံတွေထလို့ .....။ ရပ်ထားတဲ့ကားဘော်ဒီတွေမှာလဲ ဖုန်တွေနဲ့မိုးစက်တွေက အကွက်လိုက်တွေဖြစ်လို့.....။ နွေရာသီရဲ့ အသွင်ပြင်က ခုမှပီပီပြင်ပြင်ပေါ်လာတာပါ.....။ မိုးလေးတွေရွာတာကတော့ သင်္ကြန်နားနီးလို့ သင်္ကြန်မိုးလို့တော့ပြောကြတာပဲ.....။ ပိတောက်တွေလဲ ပွင့်တာမတွေ့ဘူး....။ အင်းလေ... ပိတောက်ပွင့်တာကို ကိုယ်မသိလိုက် မတွေ့လိုက်လို့ဖြစ်မှာပါ...။ မီးတွေကလဲ စပျက်နေပြီ...။ ညနေအိမ်ပြန်ရင် အမှောင်ကြီးထဲနေရမယ။် ပူကလဲ ပူဦးမယ်....။ ဒီတော့ လေအေးစက်ကလေးရှိတဲ့ စူပါမားကက်ကို ခဏဝင်ခိုလိုက်တယ်...။ လခထုတ်ခါစဆိုတော့ စားချင်တာလေး ဟိုမုန့်ဝယ် ဒီမုန့်ဝယ် လိုအပ်တာလေးဝယ်ပေါ့....။ သင်္ကြန်အတွက် သာကူစေ့ထုပ်တွေ ကျောက်ကျောထုပ်တွေ ထန်းလျက်တွေ သကြားတွေ ကောက်ညှင်းမှုန့် ဆန်မှုန့်တွေကို သီးသန့်ဘားလေးမှာ ရောင်းနေတာတွေ့တော့ အိန်ဂျယ့်ကိုသတိရသွားတယ်....။ မနှစ်က ဒီလိုအချိန်ကလေးပဲ ဒီစူပါမားကက်လေးမှာပဲ မင်းနဲ့မင်းသူငယ်ချင်း နှစ်ယောက် သင်္ကြန်တွင်းမုန့်လုပ်စားဖို့ဈေးလာဝယ်ရင်း ကိုယ်နဲ့ဆုံခဲ့ကြသေးတယ်လေ.....။ အို....ဘာလို့ မင်းနဲ့ပတ်သက်တာတွေကို အလွတ်ရရနေရတာလဲ......။ တစ်နှစ်ရှိပြီတဲ့ ...။ အော်...အချိန်တွေ အချိန်တွေ သိပ်မြန်တာပဲ....။ ဘာမှသိပ်မကြာသေးသလိုပဲနော်.....။ ဒီနှစ်သင်္ကြန်ရော မင်းဘာလုပ်ဖို့အစီစဉ်ရှိလဲ.. မင်းအိမ်က သင်္ကြန်လည်တာခွင့်မပြုထားလို့ ကမ့်ပဲဝင်ဖြစ်မှာလား..။ ကိုယ်တို့မဆုံဖြစ်တာတောင်ကြာပြီနော်....(လိုင်းပေါ်မှာပြောပါတယ်).....။ အမြဲကိုယ်ယောင်ဖျောက်ထားတဲ့မင်းကို လိုင်းပေါ်မှာရှိမရှိမြင်နိုင်တဲ့ စွမ်းအားလေးရှိရင် သိပ်ကောင်းမှာပဲ...အိန်ဂျယ်ရယ်...။ သေသေချာချာစဉ်းစားကြည့်ရင် ဒီနှစ်ထဲမှာ မင်းနဲ့ကိုယ်စကားတစ်ခွန်းမှမပြောရသေးဘူး....။ ကိုယ့်မွေးနေ့တုန်းကလဲ မေးလ်လေးနဲ့ ဟက်ပီဘတ်ဒေးဆိုတဲ့စကားလုံးလေးနှစ်လုံးကိုတောင်မှာ Subject မှာပဲရေးပို့လိုက်တာ.....။ စာကိုယ်မှာ ပလိန်းချည်း ဘာမှမရေးဘဲပို့လိုက်တာ.... ။ အော်....ပြောရဦးမယ် သိလား.....။ ကိုယ့်ညီမတစ်ယောက်က ကိုယ့်ကို အထင်ကြီးစွာနဲ့ ကိုယ့်ကို ရည်းစားရနေပြီဆိုပြီး သူငယ်ချင်းတစ်ယောက်ကိုပြောလိုက်တယ်....အိန်ဂျယ်လေတဲ့...။ ဟ ဟ.... အိန်ဂျယ် မင်းကို ကိုယ့်ရည်းစားတဲ့။ အထင်လွဲကုန်ကြပြီ.....။ မင်းက ကိုယ့်ရည်းစားလဲမဟုတ်ဘူး ချစ်သူလဲ မဟုတ်ဘူးဆိုတာ မင်းနဲ့ကိုယ်တို့ပဲ နားလည်ကြမှာနော်....။ ကိုယ့်ရဲ့ချစ်သူရည်းစားတစ်ယောက်မဟုတ်ပေမယ့်.... သေချာတာတော့ အိန်ဂျယ်.... မင်းဟာ...ကိုယ့်ဘဝထဲမှာ တလျှောက်လုံး ကိုယ်နဲ့လိုက်ပါနေမယ့်သူတစ်ယောက်ဆိုတာတော့ သူတို့သိကြမယ်မထင်ဘူး...။ ကိုယ်တို့တစ်ယောက်ကိုတစ်ယောက်ဆုံတွေ့ဖို့မလိုပါဘူး.... မျက်နှာချင်းဆိုင်ဖို့မလိုပါဘူး....စကားလက်ဆုံကျဖို့မလိုပါဘူး.....။ မမြင်နိုင်တဲ့ ဆက်သွယ်မှုလိုင်းလေး သေးသေးလေးကနေ...ဘယ်သူမှမကြားနိုင်တဲ့ စကားတွေကိုယ်တို့ပြောနိုင်ကြရင်ပြီးတာပါပဲ.....။ လာမယ့်ပိတ်ရက်ကလေးမှာ မဖတ်ရသေးတဲ့ ဝယ်ထားတဲ့ စာအုပ်လေးတွေနဲ့ အချိန်ဖြုန်းရင်း ဘာကိုလွမ်းရမှန်းမသိ လွမ်းနေရဦးမှာပါ.....။ 


မိုးငွေ့