Monday, 13 February 2012

ကျွန်မဘ၀ရဲ့နေရာလေးတခု.....


မီးဖိုချောင်ထဲမ၀င်ဖြစ်တာတော်တော်ကြာပြီ...။ အားချိန်ကိုမရှိတာ....ပိတ်ရက်ကလဲ ဒိတ်ကအပြည့်လေ....။ ဒါကြောင့် မီးဖိုထဲခဏကလေးဝင်မွှေတုန်း ရိုက်ထားတာ...။ အိမ်မှာ ကင်မရာပျက်နေတာလဲပါတယ်...။ ဖုန်းနဲ့ရိုက်ထားတာတွေတင်ဖို့ရှိတယ်..။ ဖုန်းရဲ့ usp ကြိုးကလည်းပျက်နေတယ် ...ကဲ...အဲဒါနဲ့ပဲသူများတွေ သရေကျအောင် ပုံတွေ မတင်ဖြစ်တာ...။ ခုက အသစ်စက်စက်ရထားတဲ့ အိုက်ပက်ကြီးနဲ့ရိုက်ထားတာ (နဲနဲကြွားလုံးဝင်မယ်)...။ သိပ်မသုံးမတည့်ပါဘူး ဒီမှာက နေရာတိုင်းလိုင်းမရတာနဲ့ လိုင်းမကောင်းတာနဲ့။ ဂိမ်းလဲဆော့ရတာ ၀ါသနာမပါ....ပြီးရော....။ ဘာလုပ်ဖို့တုန်း...။ လောလောဆယ် MTV ကြည့်တယ် သီချင်းနားထောင်တယ်...။


တကယ်တော့ ဟင်းချက်ရတာကို မွေ့လျော်ခုံမင်တဲ့သူတစ်ယောက်အတွက် မီးဖိုချောင်ဆိုတာလဲ သူ့ဘ၀ရဲ့ နေရာလေးတစ်ခုပဲလေ...။ မချက်တာကြာရင် လက်ရည်ကျသွားမစိုးရသေးတယ်...။ ၀ယ်ဖတ်လိုက်ရတဲ့ mini cook စာအုပ်လေးတွေ....။ အဲဒီထဲကအတိုင်း ပြန်မချက်ဖြစ်တာကများပါတယ်...။ အိုကေ ...ချက်မယ် ချက်မယ် ချက်မယ် ဟင်းပွဲတွေပြောပါတယ်.....။ မုန့်ဖုတ်သင်တန်းလဲမတက်ဖြစ်ဘူး.... သူတို့အချိန်နဲ့ ကိုယ့်အလုပ်ချိန်နဲ့တိုက်နေတယ်....။ ဆရာခေါ်သင်ဖို့ကျတော့ အိမ်မှာ 0ven ကမရှိ...ဟူးး အဆင်မပြေသေးဘူး.။ မုန့်အရမ်းလုပ်ကြည့်ချင်နေတာ ...။ လောလောဆယ် သူများဘလော့ကမုန့်ကိုပဲ သွားသွားငမ်းနေရတယ် ...။


ကြက်သားငပိချက်နဲ့အတို့အမြှုပ်(ဆလပ်ရွက်၊ခရမ်းကျွတ်သီး၊ မုန်ညှင်းရွက်ပြုတ်)

တိုဖူးဦးနှောက်
တရုတ်တန်းက၀ယ်ခဲ့တာ ပဲနို့ရည်ကိုအခဲလုပ်ထားတာ သကြားရည်နဲ့သောက်တယ်
ဒါက အိမ်မှာ ထန်းညက်ရည်ဆမ်းထားတာ


ကျွန်မ၏လက်ရာထမင်းသုပ်....
ဘာထမင်းသုပ်လဲတော့မသိဘူး အိမ်မှာ ဗိုက်ဆာဆာနဲ့တွေ့တာ
အကုန်ကောက်ထည့်သုပ်ထားတာ...
ထမင်း ကြက်သွန်နီ ဆီချက် ငါးကြင်ကြော်အသားမျှင်ထားတာရယ် ဆီတိုဖူးရယ်ကိုနယ်နှပ်ပြီး
အားလူးငပိကြော်ဖြူးလိုက်တယ် ကြက်သွန်ဖြူထည့်တယ် ..။
ထမင်းသုပ်လေးစားလိုက် ခါဂျက်ဥအနီ သရက်သီးစိမ်းနဲ့ ငြုတ်သီးလေးကိုက်လိုက်နဲ့ ဂွတ်ပဲ...။


ဝက်သားကို အတုံးလိုက်ပဲငံပြာရည်လေးနဲ့
ပြုတ်ကြော်လေးလုပ်ပြီး ပြန်လှီးထားတာ...။ အချဉ်ရည်နဲ့တို့စား...ရှလွှတ်...။

Saturday, 11 February 2012

နှဦေး(၂)








နွေဦးကို ဥသြတွေက ချိုသာတဲ့အသံလေးနဲ့ စပြီးနှုတ်ဆက်ပါတယ်.....။ ဆောင်းလေမကုန်သေးတဲ့ နွေဦးလေက ကိုယ့်ရဲ့ ဆံနွယ်တွေကိုတိုက်ခတ်ကျီစယ်လိုက်တယ်...။ ဒီမနက်က မြူတွေပိန်းပိတ်နေတာများ လမ်းတောင်မမြင်ရဘူး ... မနက်ကိုးနာရီမှာ ဒီလိုမြူဆိုင်းတာ တခါမှမမြင်ဖူးဘူး...။

နွေဦးကာလမြူထသောအခါတဲ့....
မြူတွေအများကြီးထတာဟာ သြဥငှက်တွေတွန်မြည်တာဟာ နွေဦးရဲ့ လက္ခဏာတွေတဲ့....။

ပြီးခဲ့တဲ့ ဒီလိုအချိန်မှာပေါ့ မင်းနဲ့စဆုံခဲ့တာ ...တစ်နှစ်ပတ်လည်ခဲ့ပါရောလား....။ လှိုင်းပုတ်ခတ်သံတွေ လေပြေညှင်းတိုက်ခတ်လို့ အုန်းလက်တွေလှုပ်ခတ်သွားတဲ့ အသံတွေကို ခပ်တိုးတိုးပြန်ကြားယောင်နေမိတယ်......။

ကြယ်တွေစုံတဲ့ သံစဉ်ညလေးကိုပြန်လွမ်းမိသွားတယ်.....။ ကြည်လင်တဲ့ အပြုံးဖြူဖြူလေးတွေကို မြင်ယောင်မိသွားတယ်.....။ တေးသံချိုချိုတွေကို သီဆိုတတ်တဲ့ နှုတ်ခမ်းထူထူတစ်စုံကို သတိရမိသွားတယ်....။ မင်း....ဘယ်ဆီမှာလဲ အိန်ဂျယ်လို့ ကိုယ်မတဖြစ်တာကြာပြီ........။

အချိန်တွေအကြာကြီးနေမှ ခနကလေးပေါ်လာတတ်တဲ့ မင်းကို.... မင်းရဲ့ အတောင်ပံဖြူဖြူတွေကို ငေးမောကြည့်လို့မဝဘူးကွယ်....။ တဖျတ်ဖျတ်ရှိနေတဲ့ အတောင်ပံတွေက ကိုယ့်ကိုဘယ်ချိန်မဆို နွေးထွေးမှုပေးတတ်တယ်.....။ ဟိုတစ်ညတုန်းကပဲ ရုတ်တရက် ကိုယ့်ကို မက်မွန်သီးလေးလာကျွေးတယ်.....။ ထူးထူးဆန်းဆန်းနော်.......။ ပြီးတော့ ချက်ချင်းပဲ ပျောက်ကွယ်သွားတယ်.....။

ဟန်ထူးလွင်ရဲ့ “နွေဦး” သီချင်းကို နားထောင်မိရင် ပိုလွမ်းမိတယ်......။
“မနေ့ကလိုပဲ ငါ....လွမ်း...... တယ်...” လို့လိုက်ညည်းရင်းလေ....

ကမ်းခြေရဲ့လှိုင်းကြက်ခွပ်တွေထရုံကလေးရှိတဲ့ နွေဦး နေ့လည်ခင်းလေးကို အုန်းရည်ချိုမြမြလေးနဲ့ ထိုင်မြည်းရတာလေးကိုလွမ်းတယ်....

ကမ်းခြေသောင်ပြင်က အရောင်စုံဆော့ကစားနေကြသူတွေကို ငေးမောရတာလေးလွမ်းတယ်.... 

လာသမျှမုန့်သည်တွေကို ခေါ်ပြီးဝယ်စားရတာတွေကိုလွမ်းတယ်....

ကိုယ်မပါဝင်လိုက်ရတဲ့ မီးပုံပွဲကိုလွမ်းတယ်......

လွှင့်ပျံလာတဲ့ သံစဉ်ချိုမြမြတွေ ဖမ်းဆုတ်ရတာကို လွမ်းတယ်......

သိပ်လှတဲ့ နွေဦးရဲ့ နေဝင်ချိန်ညနေခင်းလေး.........။ အဲလိုညနေခင်းမျိုးကို ဘယ်ချိန်ရောက်မှကိုယ်ထပ်မြင်ခွင့်ရမလဲ...။ ထပ်မြင်ခွင့်ရရင်တောင် မင်းမရှိတဲ့ ကမ်းခြေအလှဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး အိန်ဂျယ်.......။



မိုးငွေ့

Tuesday, 7 February 2012

You're Beautiful.....

ရန်ကုန်ဆောင်းက မအေးရတဲ့အထဲ အဆင်မပြေမှု စိတ်တိုင်းမကျမှုတွေနဲ့ လူကပိုပြီး အိုက်စပ်စပ်နိုင်လွန်းလှတယ်...။ ဒီမနက် ကိုးနာရီမှာချိန်းထားတဲ့ အင်တာဗျူး....။ ကျွန်တော့်ကပဲ သူတို့မေးခွန်းတွေကို မဖြေနိုင်လောက်အောင်ညံ့ဖျင်းနေသလား မပြောတတ်တော့....။ ကျွန်တော့်အတွက် ညဖက် ကော်ဖီဆိုင်မှာ သီချင်းဆိုလို့ရတာလေးနဲ့ အခန်းငှားခ စားရေး သောက်ရေး မဖူလုံလို့ နေ့အလုပ်ကိုရှာနေတာ...။ အဆင်မပြေဘူးဗျာ....။ ဟူးးးး....။ အင်တာဗျူးရှိရာကနေ မြေနီကုန်းကားဂိတ်ဆီကို လမ်းလျှောက်လာလိုက်တယ်...။ ဘယ်ဆက်သွားရမလဲ စဉ်းစားမရတာနဲ့ မြို့ထဲက တိုက်ခန်းကိုပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်တော့တယ်...။ စိတ်ကညစ်ညစ်နဲ့ လူစည်ကားတဲ့ နေရာကို မသွားချင်လဲသွားရဦးမယ်...။ အိုက်စပ်ပြီး စိတ်ပျက်ဖို့ကောင်းလိုက်တာ...။ မြို့ထဲကို ဘယ်ကားစီးစီး ရောက်တာမို့ ချောင်တဲ့ ကားစီးဖို့စောင့်လိုက်တယ်...။ လာသမျှကလဲ ငါးချဉ်သိပ် ကျပ်ပိတ်ညှပ်သတ်နေတာချည်းပဲ...။ မတတ်နိုင် လူများလည်းဒီကားစီးမှမြန်မြန်အိမ်ရောက်မှာ...။ နေရာလည်းရနိုင်မယ်ထင်ရတဲ့ အထူးကားတစ်စီးပေးတက်လိုက်တယ်...။ အထူးကားသာပြောတယ် နေရာကပြည့်လို့ မတ်တပ်ရပ်သူကရပ်ရတာပါပဲ....။ ကျွန်တော်အပါအ၀င်ပေါ့....။ ရှေ့ခန်းဖက်ကို တိုးဝင်လိုက်တယ်။ ကားစထွက်ပြီး မီးပွိုင့်မှာမိတော့ အရှေ့ဖက်ကို ကျွန်တော်လှမ်းကြည့်လိုက်တာ....။ ကျွန်တော့်မြင်ကွင်းထဲကို အလင်းတန်းတစ်ခုဖြတ်ပြေးသွားတယ်...။ ဒရိုင်ဘာနောက်ကျောက စတီးတိုင်ကိုကျောပေးပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်အနေအထားမှာ နတ်သမီးလေးတစ်ပါး....။ ဘုရားရေ..... ဒီလောက်လှပချောမောတဲ့ မိန်းကလေးမျိုးကို ကျွန်တော့်တစ်သက် တစ်ခါမှ မမြင်ဖူးခဲ့တာသေချာပါတယ်....။ ကျွန်တော်က ကားရှေ့ဖက်ကိုလှမ်းအကြည့် တစ်ယောက်ယောက်ကိုစကားပြောရင်း ရယ်မောနေတဲ့ သူမနဲ့ အကြည့်ချင်းဆုံသွားတယ်....။ ကျွန်တော်နဲ့မသိပေမယ့် သူမက ကျွန်တော့်ကို လှမ်းပြုံးပြသလိုမျိုး အသိအမှတ်ပြုလိုက်တဲ့ အမူအရာမျိုးကိုခံစားလိုက်ရတယ်....။ တကယ်ဆို တခြားမိန်းကလေးတွေသာဆို သူတို့နဲမျက်လုံးချင်းဆိုင်သွားရင် ချက်ချင်းအကြည့်လွဲပစ်တတ်တာများတယ်... ကံဆိုးရင် မျက်စောင်းထိုးပါခံရမယ်....။ သူမကတော့ အဲလိုမဟုတ်ဘူး...။ အသားအရေလေးက ၀င်းလက်ကြည်စင်လို့ နက်ပြာရောင် ကချင်မနောတိုင်အဆင်နဲ့ ၀မ်းဆက်လေးဝတ်ထားတယ်...။ အကျီင်္ကရင်ဖုံးလက်ပျက်လေးမို့ လက်မောင်းသားတွေက ဆင်စွယ်ရောင်ပေါက်နေတယ်...။ ဒီလိုမျက်ဝန်းအိမ်မျိုးကို ကျွန်တော်သိပ်သဘောကျတာ...။ ဗာဒံစေ့ပုံ ဘေးတိုက်အလျားရှည်မျောမျောမျက်အိမ်ကို မဲနက်တဲ့ မျက်တောင်ရှည်ရှည်ကော့ကော့တွေနဲ့ ၀န်းရံထားတော့ မျက်ဆံနက်နက်တွေက တောက်ပလို့ ကြယ်ပွင့်လေးတွေလိုပဲ...။ မျက်ခုံးမွှေးတွေက နက်နက်စိပ်စိပ် ခပ်ထူထူကွေးကျသွားပုံလေးက သိပ်လှတာပဲ...။ နှာတံစင်းစင်း သန္တာရောင်တောက်နေတဲ့ ဆေးရောင်ကူမထားတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ...။ စောစောက ကျွန်တော့်ကို သွားလေးတွေပေါ်အောင်ပြုံးပြတာများ ပုလဲလုံးလေးတွေစီထားသလိုပဲ...။ အိုဗျာ... ပြစ်မျိုးမှဲ့မထင်လှတဲ့အလှမျိုး...။ ဒဏ္ဍာရီထဲက နတ်မိမယ်တွေကို မမြင်ဖူးပေမယ့် စာတွေထဲမှာ ဖွဲ့နွဲ့ထားသလို အလှမျိုးထက်ပိုမယ်ထင်ပါတယ်...။ ဆံကေသာပိတုန်းရောင်ဆိုတာ သူမဆံပင်တွေကမှ အစစ်...။ ဆံပင်တော်တော်ရှည်မယ့်ပုံလို့ ခန့်မှန်းမိတယ်...။ နောက်တွဲလေးထုံးထားတာ အထုံးတော်တော်ကြီးတယ်...။ သူမရှေ့က သူမနဲ့စကားပြောနေတဲ့ အမျိုးသားက စကားပြောရင်း သူမဆံပင်ကို ညင်ညင်သာသာပွတ်သပ်လိုက်သေးတယ်...။ သူ...သူတို့က ချစ်သူတွေပေါ့.... ဟုတ်လား...။ ဘယ်လိုစိတ်ခံစားမှုမျိုးမှန်းမသိဘူးဗျာ...။ ကျွန်တော့ဘ၀မှာတစ်ခါမှ မခံစားဖူးတဲ့ ခံစားမှုလေး...။ သေချာတာတော့ ကျွန်တော်သူမကို မြင်မြင်ချင်းချစ်မိသွားတာပဲ....။ တပြိုင်နက်ထဲမှာပဲ သူမဘေးနားက သူမပိုင်ရှင်ကြောင့် ကျွန်တော်တိတ်တိတ်ကလေးပဲ အသည်းကွဲသွားပါတယ်...။ သူမကိုကြည့်ပြီး...ကျွန်တော်ဖြစ်နေတဲ့ စိတ်ခံစားမှုနဲ့ Jame Blunt ဆိုထားတဲ့ “You Beautiful” သီချင်းကို ချက်ချင်းကြားယောင်မိသွားတယ်...။ သီချင်းစာသားထဲကအတိုင်း အခုအပြင်မှာ ကျွန်တော်တကယ်ဖြစ်ပျက်နေတာလေဗျာ...။ အဲဒီသီချင်းက ကျွန်တော်မကြာခဏဆိုနေကျ သီချင်းလေး...။ခုမှ သီချင်းအဓိပ္ပါယ်လေးက ပိုပြီးပီပြင်လေးနက်လာတယ်....။ ကဲ ... ဘယ်သူတွေကများ ကျွန်တော့်လိုအဖြစ်မျိုးကြုံဖူးမလဲ...။ မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာ မိန်းကလေးတစ်ယောက်ကို မြတ်မြတ်နိုးနိုးလေး ချစ်မိသွားတယ်.... ပြီးတော့ စက္ကန့်ပိုင်းလေးမှာပဲ အသည်းတွေ ကွဲကြေရတယ်ဗျာ...။ ဒီနေ့က ကျွန်တော့်အပေါ် ဘယ်လို ကံကြမ္မာဆိုးတွေများကျရောက်ရသလဲ...။ ငယ်တုန်းက ကျွန်တော်တို့ အင်္ဂလိပ်စာဆရာသင်ပေးဖူးတဲ့ စကားပုံလေးကို သတိရသွားတယ်...။ “Misfortune is never come alone, its come one after one” တဲ့....။နောက်ထပ် ဘယ်လိုကြမ္မာမျိုးထပ်ရောက်လာဦးမလဲ....။ အလုပ်လည်းမရ အသည်းလဲကွဲ...။ လူကို ခန္ဓာအားဖြင့် ထိခိုက်တာမဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာကိုတော့ ကြမ္မာဆိုးကျရောက်နေတယ်...။ ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုက ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲလား...။ နောက်ထပ်ဘယ်မှာ ထပ်ဆုံတွေ့နိုင်ဦးမလဲဆိုတာ မသေချာမရေရာတဲ့ မျှော်လင့်ချက်ကြီးပါဗျာ....။ တချက်တချက် ကျွန်တော့်ကိုလှမ်းလှမ်းကြည့်တဲ့ သူမမျက်လုံးတွေကစကားတွေ အများကြီးပြောနေသလိုပဲ...။ ကျွန်တော့်စိတ်တွင်းခံစားမှုကိုများ သူမကဖတ်တတ်နေတာလား....။ မြို့ထဲကို အမြန်ရောက်ပါတော့လို့ ဆုတောင်းနေမိတယ်....မရောက်လဲ မရောက်စေချင်ဘူး...။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ ကိုယ်စီလမ်းခွဲသွားရတော့မှာ...။ သူမကပဲ အရင်ကားပေါ်ကဆင်းသွားမလား ကျွန်တော်ပဲ အရင်းဆင်းရမလားမသိပေမယ့်... လူကျပ်ကျပ်သိပ်သိပ်ကြားမှာ ကျွန်တော့်စိတ်တွေက သူမနဲ့နှစ်ယောက်တည်းလို့ပဲ ထင်မှတ်မှားနေမိတော့တယ်...။ ကားထဲမှာ လူက လွှင့်လွှင့်မျောမျောနဲ့ ကြမ်းပြင်နဲ့ ခြေထောက်ကပ်မထားဘူးတောင် ထင်ရတယ်...။ ရင်ဘတ်ထဲဟာလာဟင်းလင်းနဲ့..... နောက်ဆုံးတော့ကျွန်တော်ဆင်းရမယ့် မှတ်တိုင်ရောက်တဲ့အထိ သူမတို့က မဆင်းသေး...။ ကျွန်တော်အပေါက်ဝမှာသွားရပ်ပြီး သူမကို တစ်ခန်ပြန်လှမ်းကြည့်တော့ ဗာဒံစေ့ပုံအလျားရှည်ရှည်နဲ့ မျက်ဝန်းတွေမှာအရည်လဲ့နေတာတွေ့လိုက်ရတယ်...။ ဘယ်လိုအဓိပ္ပါယ်မျိုးလဲဗျာ....။.

ကျွန်တော့်နတ်သမီးလေးက ကျွန်တော့်ဆီကို အရိပ်ယောင်လေးပြရုံ တခဏလေး ရောက်လာပြီး ကျွန်တော့်ကိုရူးရူးမိုက်မိုက်ဖြစ်အောင်ထားရစ်ခဲ့တယ်....။ ခုလိုဖြစ်ရတာ ဘယ်သူ့ကို အပြစ်တင်ရမလဲ ကျွန်တော့်မှာလည်းအပြစ်မရှိသလို သူမမှာလဲ အပြစ်မရှိဘူး........။ ကားပေါ်ကဆင်းပြီး တိုက်ခန်းရှိရာလမ်းထဲကို လျှောက်ဝင်လာလိုက်တယ်.....နေကလဲပူပြင်းလိုက်တာ..။ ကောင်းကင်ကိုမော့ကြည့်တော့ ကြည်ပြာရောင်နောက်ခံမှာ အဖြူရောင်တိမ်တောက်အထွေးတစ်ခု ပြေးလွှားနေလိုက်တာ..... ကျွန်တော့်အဖြစ်ပျက်ကလေးလိုပဲ တခဏအတွင်း အဲဒီတိမ်လိတ်တွေလဲ တစဆီလွှင်ြ့ပယ်ပျောက်ကွယ် သွားကြတယ်....။ သီချင်းစာသားလေးရဲ့ နောက်ဆုံးပိတ်စာကြောင်းလေးလိုပဲ “I will never be with you” တဲ့ ...သိပ်မှန်တာပေါ့....ဘယ်လိုမှမဆုံနိုင်မယ့်သူတွေလေ ဘယ်လိုလုပ်အတူရှိနေနိုင်တော့မလဲ...။
♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫ You're Beautiful My life is brilliant. My life is brilliant. My love is pure. I saw an angel. Of that I'm sure. She smiled at me on the subway. She was with another man. But I won't lose no sleep on that, 'Cause I've got a plan. You're beautiful. You're beautiful. You're beautiful, it's true. I saw your face in a crowded place, And I don't know what to do, 'Cause I'll never be with you. Yeah, she caught my eye, As we walked on by. She could see from my face that I was, Fucking high, And I don't think that I'll see her again, But we shared a moment that will last till the end. You're beautiful. You're beautiful. You're beautiful, it's true. I saw your face in a crowded place, And I don't know what to do, 'Cause I'll never be with you. You're beautiful. You're beautiful. You're beautiful, it's true. There must be an angel with a smile on her face, When she thought up that I should be with you. But it's time to face the truth, I will never be with you.
Link မှတ်ချက်။ ။ James Blunt ရဲ့ “You're Beautiful” သီချင်းကိုနားထောင်ပြီး ဒီစာလေးကို စိတ်ကူးရေးသားဖြစ်ပါတယ်....။ ကော်နက်ရှင်ကြောင့် သီချင်းရဲ့ ဗီဒီယိုဖိုင်လေးကို မတင်ပေးတော့ဘူး လင့်လေးပဲချိပ်ပေးလိုက်ပါတယ်....။


မေတ္တာအားဖြင့်
မိုးငွေ့

Monday, 6 February 2012

ရင်ထဲကနှင်းဆီ.....




ရင်ထဲက နှင်းဆီ
နေခြည်မရ လေပြေမကျလည်း
ကိုယ့်ရင်ထဲက အကြင်နာတွေနဲ့
လန်းဆန်းလို့
နှင်းဆီအလှမှာ ယစ်မူး
တကိုယ်တည်း ကြည်နူးမိတယ်
မြူမှုန်တွေအုံ့ဆိုင်း
အလွမ်းငွေ့တွေ ဝေတိုင်း
မျက်ရည်ဝိုင်းလို့
နှင်းဆီအလှ မှုန်ပြပြကို
ခပ်ဆွေးဆွေးလေး ငေးဖြစ်တယ်။
တစ်ယောက်တည်း နေ့ ညတွေမှာ
နှင်းဆီရနံ့တွေက လူးလွန့်လှုပ်ရှား
ကိုယ့်အနား မွှေးပျံ့နေခဲ့တယ်
ကျေးဇူးပါ နှင်းဆီ
ကိုယ့်နေ ရက်တွေအတွက်
သင်းပျံ့တဲ့ ရနံ့တွေနဲ့
အိပ်မက်တွေ မက်ခွင့်ရတဲ့အတွက်ပေါ့။ 


ကျမ၏ကဗျာဆရာ



Saturday, 4 February 2012

တစ်စုံတစ်ရာသို့ လွမ်းချင်း.....



·
˙
˙






·
˙
˙
·




အသံတစ်ခုကိုကြားလိုက်တယ်......။
ဟင့်အင်း မဟုတ်ဘူး....အဲဒီအသံကိုမကြားခင်ကတည်းက သူဆိုတာ သေချာနေခဲ့တာပါ....။ ဟုတ်တယ်....နှလုံးသားက သူ့အလိုလိုအော်တိုသိနေတာလေးက ချစ်စရာပါ..။ အသံလှိုင်းလေးရဲ့ ဟိုဘက်ဒီဘက် အစွန်းနှစ်ခုမှာ အနီရဲရဲအသဲနှလုံးလေးတစ်ခုနဲ့ ပန်းနုရောင်အသဲနှလုံးလေးတစ်ခုချိပ်ဆွဲထားတယ်.....။ ကြိုးမျှင်လေးကတစ်ဆင့် အလွမ်းတွေက ကူးလူးခေါက်ပြန်သွားနေကြတယ်.......။

♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫ ဟောဒီလိုလေးပေါ့...။
တချိန်ထဲမှာပဲ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးပြီး ရှိန်းတိန်းတိန်းလေးဖြစ်သွားတယ်...။
နှလုံးခုန်နှုန်းရဲ့ အပူဓါတ်ကတဆင့် ကူးစက်လာပုံရပါတယ်...။

“ကိုယ်မရှိလို့ ပျင်းနေပြီလား”တဲ့......။

အမှန်ပြောရရင် တနေ့တနေ့ သူ့ခြေရာတွေရှိရာဆီသွားလိုက် မီးလင်းမနေတဲ့ အိမ်ကလေးကို လှမ်းကြည့်လိုက်နဲ့ နေ့ရက်တွေက ဟာတာတာဖြစ်နေခဲ့တာ....။ တခါတလေကော်ဖီတစ်ခွက်နဲ့ ငုတ်တုတ်ထိုင်လို့.....။
ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်တချို့ကို သူသိသိသာသာ ယူသွားခဲ့လိမ့်မယ်လို့တောင် ထင်မထားမိဘူး...။ ခုလဲ ကော်ဖီပူပူတစ်ခွက်ကိုကြည့်ရင်း သတိရလွမ်းဆွတ်မိသွားလို့ ကော်ဖီကိုမသောက်သေးဘဲ(အမှန်တော့ပူနေသေးလို့)
ခံစားချက်လေးတွေကို ရေးချနေလိုက်မိတယ်.......။ကိုယ့်ဆီကိုဘယ်တော့ပြန်လာမလဲ.....။
ဒီမေးခွန်းကိုခက်ခဲမှန်းကိုယ်နားလည်ပါတယ်......။ ပြန်ဖြေဖို့မလိုပါဘူး...။ ပြန်ဖြေဖို့မဟုတ်ပါဘူး...။ သူမရှိလည်း သူ့ရဲ့ ဥယျာဉ်ခြံဆီကို အလည်ခဏခဏသွားလို့ရသားပဲ......။ ပန်းကလေးတွေ လိပ်ပြာကလေးတွေနဲ့ အလွမ်းဖြေလို့ရသားပဲ.....။ ပြန်တွေးကြည့်ရင် သူကမှပိုသနားဖို့ကောင်းပါတယ်.... ကိုယ့်ကိုအလွမ်းဖြေစရာ နေရာတွေမရှိ.......လူမသိသူမသိ တိတ်တဆိတ် ရင်ဘတ်ထဲသိုသိပ်သိမ်းဆည်းရင်း...နေ့ရက်တွေကို ဖြတ်ကျော်နေရမှာ....။


မိုးငွေ့

Friday, 3 February 2012

အိပ်မက်လှလှမက်ပါစေ.....





နှင်းလေပြေသွေး 
ခပ်အေးအေးမှာ 
ချမ်းခိုက်တုန်လို့ 
အိပ်မောကျသူ
 လှပျိုပြူအား 
ရင်ငွေ့များဖြင့် 
နွေးစေသား။         ။ 

ကျမ၏ကဗျာဆရာ

Thursday, 2 February 2012

ချစ်သူရဲ့မြို့.....




အဲဒီတုန်းက မြူတွေမှုန်ဝါးဝါးနဲ့ ညနေခင်းလေးမှာ ဘုရားဖူးရင်း အဲဒီဘုရားရှေ့က အုတ်ခုံတန်းလေးမှာ ထိုင်ခဲ့ဖူးတယ်.......။ မီးခိုးရောင်မှိန်မှိန်အောက်ကမြို့ကလေးကို ငေးကြည့်ခဲ့မိတယ်....။ နာရီစင်ကိုငေးကြည့်ခဲ့မိတယ်...။ လမ်းမပေါ်မှာ ဆိုင်ကယ်တွေနဲ့ရှုပ်ရှက်ခတ်နေတာကို ငေးကြည့်ခဲ့မိတယ်...။ ခဏလေးပါပဲ....။ ဘယ်လိုထင်ခဲ့မလဲနော်....။ အဲဒီမြို့ကလေးက လူငယ်လေးတစ်ယောက်နဲ့ ဆုံတွေ့ပတ်သက်လိမ့်မယ်လို့....။

ညနေဆည်းဆာချိန်လေးရဲ့ မြင်ကွင်းက လွမ်းဆွေးချင်စရာလေးပါ....။
အဝေးပြေးလမ်းကလဲ မီးခိုးရောင် လမ်းတလျှောက်တွေ့ရတဲ့ အပင်တွေကအစ ညနေအရောင်လေးကြောင့်မီးခိုးရောင်ခပ်ရင့်ရင့်တွေဖြစ်ကုန်တယ်....။

မြန်မာပြည်ရဲ့ အထင်ကရမြစ်တစ်စင်းကိုဖြတ်ကျော်ပြီးမှ ရောက်တဲ့မြို့ကလေး....။
မြို့ကလေးက သေးငယ်ပေမယ့် လူတွေစည်ကားလို့ အသီးအနှံတွေလည်းပေါတယ်ပြောတယ်....။ ခရီးသွားဟန်လွှဲ ခဏလေးပဲဖြတ်သွားရတာမို့ မြို့ကလေးကို နှံ့နံှ့စပ်စပ်မလေ့လာခဲ့ရဘူး......။ မြို့ကလေးရဲ့ အဓိကစီးပွားရေးက စိုက်ပျိုးရေးလို့တော့ အကြမ်းမျဉ်းသိရတယ်...။ ဒါဖြင့် သူကြိုက်တတ်တဲ့ ပန်းကလေးတွေကောစိုက်ကြသလား.......။ ဒီဒေသမှာ ဘာပန်းတွေထွက်သလဲ သိချင်မိတယ်။

စိတ်ကူးထဲမှာတော့ တောင်စောင်းအနိမ့်အမြင့်လေးတွေမှာ ရောင်စုံပန်းခင်းလေးတွေကိုမြင်မိတယ်...။ ဒါပေမယ့် ရှမ်းပြည်လိုအေးတဲ့ နေရာမျိုးမှာပဲ ဒီလိုမြင်ကွင်းမျိုးရှိမယ်ထင်တယ်...။ ဒီမြို့ကလေးရဲ့ ရာသီဥတုက နဲနဲ ပူအိုက်စွတ်စိုတဲ့ အထဲပါလိမ့်မယ်ထင်တယ် မိုးလေဝသ သတင်းထဲမှာ အပူချိန်တွေကိုကြည့်ရသလောက်ပေါ့..။

ချစ်သူကို လွမ်းလို့ ခဏကလေးရောက်ခဲ့ဖူးတဲ့ ချစ်သူရဲ့မြို့ကို ပြန်မှန်းဆကြည့်မိတာပါ.....။
မြို့ကလေးအကြောင်းကို သေသေချာချာမသိပေမယ့် အလင်းရောင်အောက်မှာလဲ သိပ်လှတဲ့မြို့ကလေးတစ်မြို့ဖြစ်လိမ့်မယ်လို့ထင်ပါတယ်.....။


မိုးငွေ့