ဗီယက်နမ် ၀က်သားကောက်ညှင်းထုပ်လုပ်ဖို့က ဖက်ကအရေးကြီးဆုံး..။
ငှက်ပျောဖက်ချည်းပဲဆိုရင်တော့ သိပ်အဆင်မပြေဘူး ..။ ထုပ်နေရင်းနဲ့
ဖက်ကကွဲထွက်သွားတတ်လို့ ကျွန်မတို့ ရှမ်းပြည်မှာသုံးတဲ့ တောင်စဉ်ဖက်ရွက်က
ပိုပြီးသင့်လျှော်ပါတယ်..။ မရှိရင်တော့လည်း ငှက်ပျောဖက်ကို ခပ်ထူထူခင်းပြီး
သေသေချာချာရေမ၀င်အောင်ထုပ်ရပါမယ်...။ ကျက်သွားလို့ခွာလိုက်ရင်
ဖက်အရောင်လေး စိမ်းနေတဲ့ ကောက်ညှင်းသားကိုတွေ့ရပါမယ်..။
ကျွန်မတို့ငယ်ငယ်ကဆို အဖွားက ကောက်ညှင်းထုပ်ဖြေပြီးရင် သူ့နှီးကြိုးနဲ့ပဲ
အတုံးလေးတွေ ပြန်ဖြတ်တယ်..။ ဓါးနဲ့ဆို ကပ်စေးနေမှာလေ...။ ဒီတိုင်းလေး
မဟုတ်ရင်လည်း ပြန်ကြော်ပြီး သကြား ငရုတ်ဆီတို့နဲ့ တို့စားရပါတယ်...။
ပဲအရသာလေးစိမ့်ပြီး ငရုတ်ကောင်းနံ့လေး သင်းနေတဲ့ ကောက်ညှင်းထုပ်က
ရန်ကုန်တရုတ်တန်းမှာရောင်းတဲ့ လက်ရှည်တရုတ်တွေ လုပ်သလိုမျိုး
ပဲငံပြာရည်မပါပါဘူး...။ ဒီနှစ် အဒေါ့်အိမ်မှာလုပ်တဲ့ တရုတ်နှစ်သစ်ကူးမှာ
အမွှာအဒေါ်အကြီး ကောက်ညှင်းထုပ်လာလုပ်မယ် သတင်းရတာနဲ့ သွားကူရင်း အဖွားရဲ့
ပညာအမွှေကိုယူရတာ..။
လိုအပ်တာတွေက
ကောက်ညှင်းဆန် 3Kg
ပဲဝါလေး 1 Kg
ဝက်သုံးထပ်သား 2Kg
ငရုတ်ကောင်းစေ့ 10gm
ငါးငံပြည်ရည်
ဆားအနည်းငယ်
ဖက်ရွက်
ဝါးနှီးကြိုး (မရှိရင် Kitchen String ချည်ကြိုးတွေကိုသုံးလည်းရပါတယ်)
ကောက်ညှင်းဆန်ကို ညကတည်းက ရေးဆေးသန့်စင်ပြီး ဆန်မြှုပ်ပြီး လက်လေးလုံးခန့်ထိ ရေသန့်နဲ့စိမ်ထားပါ။ ပဲဝါလေးကိုလည်းထိုနည်းအတူ ရေစိမ်ထားပါ...။ ၀က်သုံးထပ်သားကို ငရုတ်ကောင်းနိုင်နိုင် ဆား ဟင်းခတ်မှုန်တို့နဲ့နယ်ပြီး နှပ်ထားပါ..။ သူ့ကိုတော့ ညမသိပ်လည်းရပါတယ် မနက် ကောက်ညှင်းမထုပ်ခင် ကြိုလုပ်ထားပါ...။ ငရုတ်ကောင်းစေ့ကိုသုံးရတာက ထောင်းပြီးသားရယ်ဒီမိတ်ဆို မမွှေးမှာစိုးလို့ အစေ့ကို ကိုယ့်ဘာသာလှော်ပြီး ပြန်ထောင်းပါတယ်...။ ဗီယက်နမ် ဟင်းလျာတွေ တော်တော်များများကို မသိပေမယ့် အဖွားတို့ လုပ်သမျှတွေတော့ ငရုတ်ကောင်းက သူ့ရဲ့ မပါမဖြစ် အဓိက ဟင်းခတ်အမွှေးအကြိုင်ပါပဲ..။ ပြီးတော့ ဗီယက်နမ်က ကမ္ဘာမှာ ငရုတ်ကောင်းစေ့အထွက်အများဆုံးနိုင်ငံလို့ ကြားဖူးပါတယ်...။
မနက်ကျတော့ ၀က်သားကို နယ်နှပ်ထားပြီး ညကစိမ်ထားတဲ့ ပဲဝါလေးကို အောက်ရေထည့်ပြီး ပေါင်းချောင်နဲ့နူးအိတဲ့ထိပေါင်းထားပေးပါ..။ ပဲရရင် ပဲကို ဆုံထဲ မညက်တညက်ထည့် ထောင်းပြီး ဆား ငရုတ်ကောင်းနဲ့နယ်ထားပါ..။ ဖက်တွေကိုလည်း ကိုယ်လိုချင်တဲ့ အရွယ်အစားဖြတ်တောက် သန့်စင်ပြီး နေပြပေးပါ..။ ဒါမှ ဖက်ကအကြောပျော့ပြီး ထုပ်လို့ကောင်းမှာ..။ အဆင်သင့်ဖြစ်ပြီဆို ဖက်ကို ခပ်ထူထူလေး ကိုယ်စိတ်ချရတဲ့အနေထားထိ ခင်းပြီး ကောက်ညှင်းကို ဟင်းခတ်ဇွန်းကြီး သုံးဇွန်း လေးဇွန်လောက်ခပ်ပြီး အောက်ခံခင်းပေးပါ ထောင်းထားတဲ့ ပဲဝါလေးခင်းပါ သုံးထပ်သား သုံးခုလောက်ထည့်ပါ ပဲနဲ့ပြန်ဖုံးပြီးရင် ကောက်ညှင်းတစ်ထပ်ပြန်အုပ်ပြီးတာနဲ့ ထုပ်လို့ရပါပြီ...။ ဖက်ကို ဘယ်ညာသေချာထုပ်ပြီးမှ အပေါ်အောက်ခေါက် နှီးကြိုးနဲ့ သေချာ ကျစ်နေအောင်ချီရပါမယ်...။ ဒီနည်းအတိုင်းထုပ်ပေးပါ..။ စုစုပေါင်း အရွယ်ညီတဲ့ ကောက်ညှင်းထုပ် 14ထုပ်ရပါတယ်..။ ဒန်အိုးကြီးကြီးတစ်လုံးထဲ ကောက်ညှင်းထုပ်တွေကို စီထည့်ပြီး ရေမြှုပ်အောင်ထည့် မီးပြင်းပြင်းနဲ့ လေးနာရီတိတိ ပြုတ်ပေးရမှာပါ...။
ငယ်ငယ်တုန်းက အိမ်မှာ အဖွားတို့က ညနေပိုင်းထုပ်ပြီး ထင်းမီးနဲ့ တစ်ညလုံးကိုပြုတ်ထားတာ...။ လေးနာရီပြည့်ရင် ကောက်ညှင်းထုပ်တွေကို ဆယ်ထုပ်ပြီး ဇကာကြီးကြီးနဲ့ စစ်ထားပါ..။ စစ်နေတဲ့အချိန်မှာ အပေါ်က အလေးချိန်ရှိတဲ့ ၀ိတ်တစ်ခုခုနဲ့ ဖိထားပေးပါ..။ ပြောဖို့မေ့သွားတယ် ပြုတ်နေတဲ့အချိန်မှာလည်း သစ်သားတုံး သို့မဟုတ် မသုံးတော့တဲ့ စဉ်းတုံးအလေးတွေကို အထုပ်ပေါ်ဖိထားပေးရတယ် မဟုတ်ရင် ရေပေါ်ပေါလောပေါ်လာတတ်တယ်...။ ကောက်ညှင်းထုပ်ကို လေးထောင့်စပ်စပ်မထုပ်ချင်ရင် ပုစွန်ချဉ် ငါးချဉ်ထုပ်တွေလို ဆလင်ဒါပုံ အ၀ိုင်းရှည်ရှည်လေးလည်း ထုပ်လို့ရပါတယ်..။ ကိုယ်သန်ရာပေါ့..။ တကယ်တမ်း သူတို့ဆီမှာဆို လေးထောင့်ကျအောင်လုပ်တဲ့ ပုံစံခွက်နဲ့ထုပ်ကြတာ...။ ဒီနှစ် အမေတို့ ဗီယက်နမ်သံရုံး နှစ်ကူးညစာစားပွဲသွားတော့ အဲဒါတ၀ကြီး စားကြသေးတယ်တဲ့..။ အများကတော့ ညဖက် အစာမကြေလို့ ကောက်ညှင်းဆိုမစားရဲကြတော့ မတို့ကြဘူး..။ ဦးရီးတွေ အဒေါ်တွေကတော့ စိတ်ကြိုက်စားခဲ့ရတယ်တဲ့...။ သူတို့အခေါ် Banh Tet ရန်ကုန်တရုတ်တန်းမှာတော့ Banh Chung (ဘကျန်) လို့ခေါ်ကြတယ်..။
ကောက်ညှင်းအပြင်သားမှာ ဖက်ရောင်လေးအဲလိုစိမ်းနေရမယ်
ကိုယ်တိုင်ဖျော် Ice Latte မွှေလိုက်လို့ ကော်ဖီအရောင်နဲ့နို့ရောင်တို့ရဲ့ အလှကိုမမြင်ရတော့ဘူး..း)
ကောက်ညှင်းထုပ်တွေအားလုံးပြီးသွားတော့ ခဏနားပြီး ကာဖီနှပ်စပ်လေးနဲ့ 2 shot လောက် အစက်ချပြီး နို့များများ ကိုယ်တိုင်ဖျော် Ice Latte တစ်ခွက်နဲ့ ၀က်ခေါင်းသားထုပ်မထုပ်ခင် ငြိမ့်လိုက်တယ်...။ ဗီယက်နမ်ဝက်သားထုပ် ကိုတော့ နောက်တစ်ပို့စ်မှာ ထပ်ရေးပါ့မယ်...း) နောက်ပြီး Chinese chicken floss cookies အသားမျှင် တရုတ်ကွတ်ကီးမုန့်လေးပါ တင်ပါဦးမယ်...။
မိုးငွေ့
1 comment:
Thank u & missing u a lot :(
with love, T Tint.
Post a Comment