Saturday, 29 September 2012

ကော်ဖီရနံ့.....






ကိုယ်ကကော်ဖီခရေဇီတစ်ယောက်ဆိုတော့ စာအုပ်နာမည်လေးတွေ့တာနဲ့တင် တော်တော်လေးကြိုက်နေပြီ...။ ပြီးတော့ စာရေးဆရာတွေကလည်း တကယ့်ဒိတ်ဒိတ်ကျဲတွေချည်းပဲ...နောက်ဆုံးကိုယ့်သူငယ်ချင်း မမဝသုန်ကိုယ်တိုင်ကိုက စာရေးအလွန်ကောင်းသူ...။ အက်ဆေးလှလှလေးတွေကို နှစ်သက်တတ်သူတွေ ဝယ်သိမ်းထားဖို့ကောင်းတဲ့ စာအုပ်လေးတစ်အုပ်ပါ...။ လက်ဆောင်ပေးလို့လဲကောင်းတယ် ...။ တန်ဖိုးက 1500ကျပ်ပါ...။ (((ဟမ်))) .... ထုတ်လုပ်သူက ကိုယ့်ကို ကြော်ငြာခိုင်းထားတာ မဟုတ်ပါဘူးနော်...။ ကိုယ်ကိုယ်တိုင်က ကြိုက်နှစ်သက်လို့ ညွှန်းတာပါ..။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)တို့ ဆရာနွမ်ဂျာသိုင်းတို့ရဲ့ အရေးအသားနဲ့ ဇာတ်လမ်းဖွဲ့စည်းပုံကလွဲလို့ ကျန်တာ အားလုံး ဒီဖက်ခေတ်အရေးအသား အတွေးအမြင်တွေပါ...။ စာရေးဆရာအယောက်စီတိုင်းရဲ့ ကော်ဖီနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေကို ဘယ်လိုချစ်စရာ ကောင်းအောင် စွဲဆောင်မှုရှိအောင်ရေးထားသလဲဆိုတာ ကိုယ်တိုင်ဖတ်ရှုခံစား ကြည့်စေချင်ပါတယ်...။

တလောက ကိုဏီ(ဏီလင်းညို)နဲ့လိုင်းပေါ်မှာတွေ့လို့ စကားပြောဖြစ်တယ်...။ ကိုယ့်သူငယ်ချင်းပါတော့ ဒီကော်ဖီရနံ့စာအုပ်လေးကိုကြော်ငြာဝင်လိုက်သေးတယ်...။ ဒါနဲ့ သူလဲ ဘလော့ဂါဆယ်ယောက်နဲ့ စာအုပ်ထွက်ထားတယ်ဆိုတာပြောပြတယ်...။ သက်တံဆယ်စင်းတဲ့ စာအုပ်နာမည်လေးလှလိုက်တာ...။ မမြသွေးလဲပါတယ် ဖဘမှာ မမြသွေးတင်ထားတာတွေ့လို့သွားကြည့်လိုက်တာ...။ စာအုပ်ဆို အိမ်နဲ့နီးတဲ့ စီးတီးမတ်မှာပဲဝယ်နေကျဆိုတော့ အဲဒီစာအုပ်က စီးတီးမတ်မှာမတင်သေးဘူးတဲ့...။ ဝယ်အားပေးဦးမယ်...။ ကိုဏီကပြောသေးတယ် မမိုးအရေးအသားလေးတွေလဲကောင်းတာပဲ မမိုးရေးတဲ့ အက်ဆေးလေးတွေဆို အရမ်းသဘောကျတယ်တဲ့...။ ဘလော့ဂါတွေ ဟိုတစ်စုဒီတစ်စုတော့ စာအုပ်ထုတ်နေကြတာပဲ...။ ဒါပေမယ့် ကိုယ့်စာတွေက စာအုပ်ထဲပါလောက်ဖို့အထိတန်းမဝင်ပါဘူးဆိုတာ့ ကိုဏီက တန်းဝင်မဝင်ဘာနဲ့တိုင်းတာ တာလဲတဲ့..။ အဟဲ...မင်္ဂလာပန်းခြင်းနဲ့လေလို့ နောက်လိုက်သေးတယ်..။ စာအုပ်တစ်အုပ်ထဲပါဖို့ဆိုတာ အရေးအသားကောင်းဖို့တစ်ခုတည်းနဲ့မပြီးဘူးလေ...ကိုယ်ရေးတဲ့အကြောင်းအရာဟာ စာဖတ်သူတွေရင်ထဲ စိမ့်ဝင်သွားမယ့် မက်ဆေ့ချ်တစ်ခုခုပေးခဲ့နိုင်မှကောင်းတာလေ... ကိုယ့်စာဟာ စာဖတ်သူအတွက် အဆိပ်အတောက်ဖြစ်သွားတာမျိုးဆိုမကောင်းဘူးမဟုတ်လား...။ ဆိုတော့... ဒီဘလော့မှာသာ ကိုယ်ကဘောင်လွတ်...ကိုယ့်ခံစားချက်အတိုင်းချရေးနေတာလေ...။ စာအုပ်ထဲကျတော့...အဲလိုရေးလို့ မရဘူ့း..။ အဲဒါ...အဲဒါတွေကြောင့်.......။ ပြီးတော့ စာအုပ်လုပ်ဖို့ လူအများနဲ့စကားများများပြောရမှာ အပေါက်အစေ့များရမှာကိုလဲ မလုပ်ချင်ဘူး..။ ဒီတော့ ဒီမှာပဲကောင်းတယ် ကိုယ်ရေးချင်တာ ရေးပြီးတင်မယ်...လွတ်လွတ်လပ်လပ်ပဲ...။ ဒီလိုဆိုတော့လဲ စာရေးတတ်လျက်နဲ့ စာအုပ်တစ်အုပ်တော့အမှတ်တရထုတ်သင့်တာပေါ့ နှမြောစရာလို့ပြောစရာရှိဦးမယ်...။ ကဲ..မခက်ပလား...။ ငယ်ငယ်တုန်းက ကျောင်းမှာ ကဗျာစာအုပ်ထုတ်ဖူးတယ် အဲဒီစာအုပ်ကိုစာအုပ်စင် ရှင်းရင်းက ပြန်တွေ့ထားတယ် အဲဒါခင်ဗျားတို့ကိုပြဦးမယ်...ကိုယ်ငယ်ငယ်တုန်းက မတတ်တခေါက်ရေးထားတဲ့ ကဗျာလေး...။ မမဝသုန်လဲပါသေးတယ်...။







ဆရာမကြီးကြည်အေးရဲ့ နွမ်းလျအိမ်ပြန်တဲ့...။ အဲဒီစာအုပ်ကိုနာမည်ကြားဖူးတာ ကြာနေပြီ...။ ကော်ဖီရနံ့ကိုမှာထားတဲ့ ကိုညိမ်းနိုင်နဲ့ ညီရဲသစ်တို့အတွက် စာအုပ်သွားဝယ်ရင်းနဲ့ စာအုပ်စင်မှာ အဲဒီစာအုပ်ကလေးကိုတွေ့တာနဲ့ ဝယ်လာဖြစ်ခဲ့တယ်...။ အဆုံးထိမဖတ်ရသေးဘူး...။ ဇာတ်လမ်းလေးကတော့ အဆုပ်ရောဂါသည်မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကိုရေးဖွဲ့ထားတာ....။ ထုံးစံအတိုင်း စစ်ပြီးခေတ်က မိသားစုတစ်ခုအိမ်တွင်းပြဿနာနဲ့ ညီအစ်နှစ်ယောက်ရဲ့ မတူညီတဲ့ အသွင်သဏ္ဍန်တွေကိုရေးထားတာ...။
 


မိုးငွေ့

11 comments:

လွင်ပြင်လှိုင်းငယ် said...

ရေးတဲ့သူကလဲကိုယ်ကြိုက်တဲ့သူတွေကြီးပဲ
ဖတ်ချင်လိုက်တာ ။

စံပယ်ချို said...

ဂျက်လဲအဲဒီ စာရေးဆရာတွေအားလုံးကိုကြိုက်တယ်
ဖတ်ချင်တယ်
သရဲကားကြည့်တာ များတို့ကိုတော့ မခေါ်ဘူးနော်
အိန်ဂျယ်ကိုတော့ လိုက်မလားတဲ့
မတရားမှုတွေ ရှိနေပြီ

ညိမ်းနိုင် said...

ကျွန်တော်မြန်မာပြည်ပြန်ရောက်ရင် ပေါက်ကရရှစ်ယောက်
ဆိုပြီး စာအုပ်တစ်အုပ်ထုတ်မယ်...သိလား.....၊ဈေးနှုန်း
က ရောင်းရန်မဟုတ်.....:)၊အုပ်ရေကိုလည်း ၃၀၀ပဲထုတ်
မယ်....ပထမအကြိမ်ကလွဲပြီး နောက်တစ်ကြိမ်ဆိုတာလည်း
မရှိစေရဘူး...အဲ့ရှစ်ယောက်ကို သိချင်ရင်....မျော့.....:P

Candy said...

ကော်ဖီရနံ့တဲ့... ကော်ဖီသိပ်ကြိုက်တဲ့ကန်ဒီ့ကို ခေါင်းစဉ်နဲ့ဆွဲဆောင်လို့ ရောက်လာတာ ဟီးး.. ဖတ်ကြည့်ချင်တယ်.. ရန်ကုန်က မှာလိုက်ဦးမှ :D

blackroze said...

နွမ်းလျအိမ်ပြန် ကို ဖတ်ဖူးတယ်
ဆရာမကြီးကြည်အေးရဲ့ ကဗျာတွေကို
ကြိုက်တယ်..

ဟုတ်တယ် မကြီးမိုးငွေ့ ပစ်ပစ်တို့လည်း
စုပြီးအမှတ်တရဖြစ်အောင်
စာအုပ်လေးတအုပ်လောက် လုပ်ကြည့်ရအောင်လား

ညီရဲသစ် said...

အစ်မ မိုးငွေ့ ညွှန်းတာနဲ့ တင် ကော်ဖီရနံလေးကို ဖတ်ကြည့်ချင်နေမိပြီ... စာရေးဆရာတွေကလဲ ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေ... မမဝသုန်ရေးထားတဲ့ တစ်ပုဒ်ဘဲ ဖတ်ရသေးတယ်... ခုလို ဝယ်ပေးထားပေးလို့ ကျေးဇူးပါ အစ်မ မိုးငွေ့ ...

ညီလင်းသစ် said...

မမိုးငွေ့ကတော့ နှိမ့်နှိမ့်ချချနဲ့ ပြောပြန်ပါပြီ...၊း)

မမိုးငွေ့ရဲ့ အက်ဆေးလေးတွေက ခံစားမှုလေးတွေ တမျိုးမဟုတ် တမျိုးပေးလေ့ ရှိပါတယ်ဗျ...၊ ပညတ် သွားရာ ဓါတ်သက်ပါလို့များ ဆိုရမလားတော့ မသိဘူး၊ ဖတ်ပြီးသွားတဲ့အခါ မိုးစက်၊'မိုးငွေ့' ပက်ဖြန်းသွားတဲ့ ပြူတင်းပေါက် မှန်ကလေးတစ်ချပ်ကို ကြည့်နေရတဲ့ ခံစားမှုမျိုးလေးတွေ ကျန်ခဲ့တတ်တယ်..၊

ကော်ဖီရနံ့ကတော့ စာရေးဆရာတွေ နာမည်တွေ့တာ နဲ့တင် ဖတ်ချင်စရာ...။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မိုးငွေ့ရဲ့ ကဗျာလေး တင်ပေးဦးကွယ် ..နော်

ဆရာမကြီးကြည်အေးရဲ့ နွမ်းလျအိမ်ပြန်ကတော့ တော်တော်ကလေးခိုက်တယ်.. ခုအချိန်အထိ နောက်ကောက်မကျန်တဲ့ ခေတ်အမြင်တွေ ကျန်နေဆဲပဲ ..

ငါလည်းစာမွဲရှိနေလို့ ဘလော့ဂ်ထဲ မရောက်နိုင်ဘူးဟာ .. သတိတော့ ရနေတယ်..

ချစ်တဲ့
ဝသုန်

Yoemyaykya said...

ကော်ဖီရနံ့စာအုပ်လေးဝယ်ဖတ်ပြီးသွားရင်နောက်တစ်ခါလာဆွေးနွေးမယ်မမနဲ့

ချော(အစိမ်းရောင်လွင်ပြင်) said...

သက်တံဆယ်စင်းကတော့ မကြာခင်ရတော့မယ်ဆိုတော့ ကော်ဖီရနံ့လေးကို ရှာဦးမှာ..
ဟုတ်ပါ့မမိုးရေ စာအုပ်နာမည်လေးကိုက စိတ်ဝင်စားချင်စရာရယ်နော်။
ဖတ်ချင်လာပြီ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မိုးငွေ့ရေ ..

သက်တံဆယ်စင်းကော
ကော်ဖီရနံ့ကော မြတ်မှာ မရှိသေးဘူး။ သက်တံဆယ်စင်းကတော့ ဒီအပတ်ရမယ်။ နွမ်းလျအိမ်ပြန်တော့ ရှိတယ်။ ဖတ်ပြီး မောလိုက်တာလေ ..

ခင်တဲ့
မြတ်