Thursday, 19 March 2026

Butterfly Diary ..... (Our Hidden Paradise)




 

အဲတုန်းက တောင်ထိပ်ပန်းလမ်းက Landbay Cafe ဆိုတဲ့ ကော်ဖီဆိုင်လေးဟာ ကျမတို့နှစ်ယောက်မကွဲကွာခင် လပိုင်းလောက်အလိုမှာပဲ ဆိုင်အပြီးပိတ်သွားခဲ့တယ်...။ ရာဇဝင်ကိုလေ့လာကြည့်တော့ ဆိုင်ကလူအဝင်နည်းလို့ စီးပွားရေးကလည်း ရဲ့ရဲ့လေးဖြစ်နေတဲ့ပုံပါပဲ ဒီလိုနဲ့ ကျမတို့နှစ်ယောက်လာထိုင်ဖို့ ဆိုင်မပိတ်သေးဘဲ ဖွင့်ပေးတယ်လို့တောင် ယူဆလို့ရတယ်...။ သူ ကျမနဲ့အတူ သွားထိုင်ချင်တဲ့ အဖြူရောင်ဆေးသုတ်ထားတဲ့ ကော်ဖီဆိုင်လေးက ညဖက်ဆို မီးအလင်းရောင်နဲ့ သိပ်လှတယ်...။ ခုခေတ်လို အပြင်အဆင်လှလှပပနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ဓါတ်ပုံရိုက်လို့ကောင်းတဲ့ ကော်ဖီဆိုင်မျိုးတော့မဟုတ်ဘူးပေါ့...။ အစားအသောက်လည်း ထင်သလောက်မကောင်းဘူး ဒါပေမယ့် ကျမတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းထဲမှာပါဝင်လာဖို့ ဖြစ်လာတဲ့ ကော်ဖီဆိုင်လေးလို့ ကျမထင်တယ်...။ ကော်ဖီဆိုင်ရှိတဲ့ လမ်းနာမည်ကလဲ ကျမတို့အတွက်သီးသန့် ဖန်းဆင်ပေးထားတဲ့ လမ်းလေးလို့တောင်ထင်ရတယ် "တောင်ထိပ်ပန်းလမ်း"တဲ့....။ လမ်းနာမည်လေးကိုကြားရတာနဲ့  နွယ်ပင်တွေနဲ့သိပ်လှတဲ့ သစ်ပင်ကြီးတွေနဲ့ လိပ်ပြာရောင်စုံလေးတွေ ပတ်လည်ဝိုင်းပျံသန်းနေတဲ့ ပန်းပေါင်းစုံပွင့်လန်းမွှေးပျံ့နေတဲ့ သစ်တောကြီးတစ်ခုလိုမြင်ယောင်မိတယ်...။ ဘယ်ပြောလို့ရမလဲနော် ကျမတို့နှစ်ယောက်ထိုင်နေတဲ့ အဲဒီကော်ဖီဆိုင်မှာ ကျမတို့အနား မမြင်နိုင်တဲ့ မွှေးပျံ့လန်းဆန်းနေမယ့်ပန်းလေးတွေ လိပ်ပြာလေးတွေ ဝဲပျံနေကြမယ်လို့...။

ဟိုနေ့က အိပ်မက်ထဲမှာ ကျမရဲ့လိပ်ပြာကိုတွေ့လိုက်ရတယ်....။ ဒါပေမယ့် မျက်နှာချင်းဆိုင်တော့မဟုတ်ဘူး သူက အိပ်မက်ထဲမှာ ကျမကို အမှတ်တမဲ့တွေ့လို့ အတင်းလိုက်ရှာနေတဲ့ပုံ ကျမက သူကျမကို မြင်သွားမှာစိုးပြီး ပုန်းအောင်းနေတာလို့ မြင်မက်တယ်...။ သူနဲ့ပတ်သက်ပြီး ကျမအိပ်မက်မက်ချင်တယ် မက်လည်းမမက်ချင်ဘူး....။ ကျမတို့ ဒီလောက်အချိန်ကာလနဲ့ တစ်ယောက်ကိုတစ်ယောက် မေ့မေ့ပျောက်ပျောက်ရှိသင့်ပြီလို့ထင်တယ်...။ မဖြစ်နိုင်တာတွေကို တမ်းမက်နေဖို့မသင့်တော့ဘူး...။ ဒါပေမယ့် လူတစ်ယောက်ရဲ့ စိတ်ကိုထိန်းချုပ်ဖို့က အခက်ခဲဆုံးဆိုတာဟုတ်တယ်...။ တာရော့ကြည့်တိုင်းလည်း ကျမကို လူတစ်ယောက် အမြဲစောင့်ကြည့်နေတယ်လို့ပေါ်တယ်....။ အမှန်ပြောရရင် သေသည်အထိ ကျမကိုမမေ့ပျောက်နိုင်လောက်တဲ့ ခံစားမှုတွေနဲ့ သူ့ကို တစ်သက်လုံးမရှင်သန်စေချင်ဘူး...။ ဒါပေမယ့်လည်း အဲဒီ မကြာခဏ ဖြစ်ပေါ်လာမယ့် သတိရလွမ်းဆွတ်ခြင်းတွေက သူ့အတွက် Energy တစ်ခုမဖြစ်ရင်တောင် ကောင်းတဲ့ခံစားမှုဖြစ်ဖြစ် ပြောင်းလဲပေးနိုင်ရင်ပဲ ကျမကျေနပ်ပါတယ်...။



ပြင်ပလောကမှာတော့ ကျမတို့နှစ်ယောက်နဲ့ပတ်သက်ခဲ့ဖူးတဲ့ မျက်မြင်ကိုင်တွယ်လို့ရတဲ့ နေရာအဆောက်အဦတွေ ပျောက်ပျက်ကောင်း ပျောက်ပျက်သွားနိုင်ပေမယ့် ကျမတို့ရဲ့ သတိရခြင်းတွေကတော့ ဘယ်အချိန် ဘယ်ကာလအထိဆက်လက် တည်မြဲနေဦးမယ်ဆိုတာ မပြောနိုင်သေးပါဘူး...။


မိုးငွေ့


Tuesday, 17 March 2026

အခုမှချစ်တတ်ပြီ.....


 

Tiktok မှာ ဒီသီချင်းလေး trend ဖြစ်နေလို့ ဘယ်သူဆိုလည်းသွားစပ်စုတော့မှ ပန်းရောင်ခြယ်တို့ ညီအစ်မနှစ်ယောက်ပြန်ဆိုထားတာ ကလေးမလေးတွေက ချစ်စရာကောင်းလိုက်တာ အထူးသဖြင့် ပန်းသွန်းခြယ်က ပိုလှလာတယ် သူ့အစ်မထက်လည်း ဆွဲဆောင်မှုပိုရှိတယ်...။ သီချင်းစာသားတွေကို ရင်းနှီးပါတယ်လို့ စဉ်းစားနေတာ သူတို့အဖေ ကိုဂရေဟမ်ရဲ့သီချင်း မခိုင်ကြီးလည်းဆိုဖူးတယ်...။ နောက်ပြီး ဂျူဝယ်လ်နဲ့ဂေးဂေးနှစ်ယောက်လည်း ပြန်ဆိုဖူးတယ်...။ ပြောရမယ်ဆို ဗားရှင်းအသစ်တွေမှာ မြူးဆစ်ပိုင်းကို သိပ်ပြောင်းမထားပေမယ့် အဆိုပိုင်းမှာ အဆိုရှင်တွေရဲ့ skillတွေနဲ့သီချင်းရဲ့ လှပကြွရွမှုကတော့ ပုံစံမတူဘူး တစ်ပုဒ်နဲ့တစ်ပုဒ်က...။ ဆိုတော့ overall အနေနဲ့ပြောရရင် လေးပုဒ်လုံး သူ့ပုံစံနဲ့သူကောင်းတယ်...။ ကျနော့် အကြိုက်ကတော့ ဗားရှင်းအသစ် ပြန်ဆိုတာလေးတွေကို ပိုကြိုက်တယ်...။












မိုးငွေ့

Friday, 13 March 2026

လက်ရှိ mood.....

 



ပြီးခဲ့တဲ့လက စာမရေးဖြစ်လို့ (တကယ်တော့ စာရေးတဲ့ Mood ရှိမနေတာ) 2024 တုန်းကတင်ထားခဲ့ပြီးသား လိပ်ပြာဒိုင်ယာရီစာစုလေးတွေပဲ အစအဆုံးပြန်တင်ဖြစ်တယ်....။ ခုတစ်ခေါက်လဲ စာလာဖတ်တဲ့သူတွေအများကြီးပဲ ကျေးဇူးတကယ်တင်ပါတယ်...။ ကျနော် လိပ်ပြာဒိုင်ယာရီကို စာအုပ်ထုတ်ချင်သေးတယ်...။ မသေခင်လုပ်ချင်တဲ့အလုပ်ထဲမှာ အဲဒါပါတယ်လို့ ကျနော်ပြောဖူးခဲ့တယ်...။

တစ်နေ့တစ်နေ့ကျနော်ဘာတွေလုပ်နေတာလဲ အလုပ်ပြီးလို့ အိမ်ပြန်ရောက်ရင် ရေမချိုးခင် လမ်းတစ်နာရီလောက်လျှောက်တယ် ဒါမှမဟုတ် ရေကူးတယ်...။ ပြီးတာနဲ့ ရေတစ်ခွက်သောက် ထမင်းစားပြီးမှ ရေချိုးတယ်...။ Skin care ဘာညာလုပ်ပြီး တစ်ပတ်ကိုနှစ်ရက် ပဌာန်းတရားတော်ကို ပူဇော်ရမယ့်နေ့ဆို ဘုရားရှိခိုးဖို့ ဝတ်စုံလဲ ပန်း‌ ရေချမ်း ဆီမီးကပ် ဘုရားရှိခိုးအလုပ်ပြီးသွားရင် အခန်းကိုအေးနေအောင် လေအေးပေးစက်ဖွင့်ပြီး သစ်တောနက်တစ်ခုထဲရောက်နေသလို မွှေးနေအောင်အခန်းဖျန်းဆေးလေးဖျန်းထားတယ် ပြီးတော့ သီချင်းဖွင့် မီးပိတ်ပြီး စာကြည့်မီးနဲ့ doodle တွေထိုင်ဆွဲတယ်...။ tiktok ရိုက်ဖို့ mood လာရင် ရိုက်တယ်...။ အဲဒါနဲ့ IG မှာတောင် ပုံမတင်ဖြစ်ဘူး တစ်လလုံးနေမှ ပုံဆယ်ပုံမတင်ဖြစ်ဘူး....။ ဘလော့ကိုတော့ ဝင်ကြည့်တယ် စာမဖတ်ဖြစ်တော့ စာရေးဖို့ အရှိန်မရဘူးဖြစ်နေတာ မနေ့ကမှ စာပြန်ရေးဖို့ ကိုယ့်ကိုယ်ကိုတိုက်တွန်းဖြစ်တယ်...။

OK ကျနော် ဘလော့ဖက်မှာ ခုကစပြီး အလုပ်ပြန်လာလုပ်မယ်ဗျ...:)


......see you all soon.......


မိုးငွေ့


Friday, 6 March 2026

ဆရာကျောင်း၏ ပုဂံဘုရားပုံများစုစည်းမှု.....(2)





































































My all time favorite









လက်ဖက်ရည်တစ်ခွက် ဆုံမက်
မနက်ကိုကြိုခဲ့
.....   ....... .....

တစ်ယောက်ထဲ ထိုင်နေတာ
အိပ်မက်တယ်


@@@@@



ဒီပုံတွေအားလုံးနဲ့ စာသားတွေက ဒီဇိုင်းမျိုးဆွေသန်းပေ့ချ်က အကုန်သွားယူလာခဲ့တာပဲ....။ ရည်ရွယ်ချက်က ရိုးရိုးလေး ဆရာကျောင်းရဲ့ ပုဂံဘုရားဓါတ်ပုံများ စုစည်းသိမ်းထားချင်လို့ပါ...။ ကျေးဇူးပါ ခွင့်ပြုချက်မတောင်းခဲ့ပေမယ့်လဲ..။



မိုးငွေ့


Friday, 27 February 2026

Butterfly Diary…..(Mocha)

 




"ကိုယ့်ကို ကတိပေး ကိုယ်တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုထားခဲ့ပြီး မင်းကိုယ်လွတ်ရုန်းထွက်ပြေးပါ့မယ်လို့"

"ဟင့်အင်း ကျွန်မ မလုပ်နိုင်ဘူး .... "

"ကိုယ့်ကို ကတိပေးစမ်းပါ မင်းတစ်ခုခုဖြစ်လို့မရဘူး မင်းသာတစ်ခုခုဖြစ်ရင် ကိုယ်တစ်ယောက်ထဲအသက်ဆက်ရှင်နေနိုင်မှာမဟုတ်ဘူး... ကိုယ့်ထက် မင်းကိုယ်မင်းချစ်ရမယ် ကိုယ်ပြောတာနားလည်လား...." 

ကျွန်မ ပခုံးနှစ်ဖက်ကို သူခပ်ကြမ်းကြမ်းလှုပ်ခါရမ်းပြော​နေပေမယ့် အရုပ်တစ်ရုပ်လို ကျွန်မအသက်ဝိဉာဉ်မဲ့နေခဲ့တယ်...။ အဲချိန်မှာပဲ ရုတ်တရက် မှော်ဆရာလို မုတ်ဆိတ်ဖြူနဲ့အဖိုးအိုတစ်ယောက်ပေါ်လာပြီး ဓါးမြောင်ထုတ် ပါးစပ်ကလဲပွစိပွစိရွတ်ပြီး သူ့နောက်ကျောကို တရစပ်ထိုးလိုက်တယ်....။

 "အား...."

ကျွန်မ အိပ်မက်မက်နေတာပါလား....။ တစ်ကိုယ်လုံးလဲချွေးတွေရွှဲစိုလို့ ခေါင်းရင်းနားစားပွဲပေါ်က ရေဗူးကိုမော့သောက်လိုက်တယ်.....။ ပြီးတော့ သူ့ဆီဖုန်းဆက်မလို့ ဖုန်းကောက်ကိုင်လိုက်တာ အချိန်က မနက် (၃) ရှိနေပီ....။ သူ့ဆီ မက်ဆေ့ပို့ထားရင်ကောင်းမလား....။ 

"How you doing? " လို့အရင်နှုတ်ဆက်ရမလား ....။ တကယ်တော့ ကျွန်မတို့ အဆက်သွယ်မလုပ်ကြတာ တော်တော်ကြာနေပြီ ...။ "Long time no see" လို့အရင်ပြောရမလား...။ ခုမှ အွန်လိုင်းမှာ စတွေ့မယ့်သူတွေလို ကျွန်မ စကားလုံးတွေရွေး စာတွေစီနေမိတယ်....။

သူ့ဆီက တိုက်တိုက်ဆိုင်ဆိုင် မက်ဆေ့ဝင်လာသံကြောင့် ဖုန်းကိုင်ထားရင်း လန့်သွားရသေးတယ်....။ ကော်ဖီခွက်ကိုင်ထားတဲ့ပုံလေးပို့လာတာ...။ ကျမ သူ့ခန္ဓာကိုယ်မှာ သူ့မျက်လုံးတွေပြီးရင် သူ့လက်ချောင်းလေးတွေကို သိပ်သဘောကျတာပဲ ... ရှည်ရှည်သွယ်သွယ်နဲ့ အနုပညာဆန်တဲ့လက်ကလေး ကျမလက်ကိုဆုပ်ကိုင်ထားတဲ့အခါ မြဲမြံနွေးထွေးလိုက်တာလို့ ခံစားရတယ်...။ ဒါပေမယ့် အဲဒီနွေးထွေးတဲ့ လက်အစုံကိုပဲ လွတ်ချဖို့ ဒီနေ့ထိ ကျမအမြဲကြိုးစားနေမိတယ်...။

 


 

" Mocha Latte သောက်ရင်း မင်းကိုသတိရလာလို့ ဘေဘီရေ... နေကောင်းလား"တဲ့.... ။

အိပ်မက်ဆိုးကလန့်နိုးလာချိန် သူ့ဆီကလဲမက်ဆေ့ဝင်လာတော့ ဝမ်းနည်းဝမ်းသာနဲ့ မျက်ရည်ကျရသေးတယ်....။ ဖုန်းစခရင်ကိုကြည့် ပါးပြင်ပေါ်က မျက်ရည်သုတ်လိုက်တယ်...။ ကျွန်မငိုရင် သူပြောတတ်လေ့ရှိတဲ့ စကားကိုကြားယောင်လာမိတယ်... "ငိုတာနဲ့မင်းနဲ့မလိုက်ဖက်ဘူးလေ မငိုနဲ့ မင်းမျက်နှာက မာနတွေနဲ့မာကျောခက်ထန်နေမှပိုကြည့်လို့ကောင်းတာ ကိုယ့်ရှေ့ရော နောက်ကွယ်ရော ဘယ်တော့မှမငိုနဲ့ ကြားလား" ဆိုပြီး အဲနေ့က သနပ်ခါးပါးကွက်ကျားနဲ့ ကျွန်မပါးပြင်ပေါ်က မျက်ရည်စီးကြောင်းကို သူ့လက်နဲ့ခပ်ဖွဖွသုတ်ပေးခဲ့ဖူးတယ်....။

တကယ်တမ်း ကျွန်မက ဘယ်တုန်းကမှ မာကျောတဲ့မိန်းမတစ်ယောက်မဟုတ်ခဲ့ဘူး....။ လူကြောက်တတ်ပြီး အမြဲတမ်းအားငယ်ပျော့ညံ့နေတတ်ခဲ့သူတစ်ယောက်ပါ....။ အတွင်းစိတ်ကို လူမြင်မှာစိုးလို့ ဖုံးကွယ်ရင်း မျက်နှာကျောအမြဲမာနေတာ အဲလောက်ပါပဲ....။

“Halo…I am good . I miss you” လို့ ကျွန်မပြန်ပြောတော့ ချက်ချင်းပဲ သူစာပြန်ရိုက်လာခဲ့တယ်....။ 

"မင်း ခုချိန်ထိမအိပ်ရသေးတာလား တရေးနိုးလာတာလား ကိုယ်မက်ဆေ့ပို့လိုက်တဲ့အသံကြောင့်လား ဖုန်းကိုအနားမှာထားမအိပ်နဲ့လို့ ကိုယ်ပြောထားတယ်လေ..." ဆိုပြီး သူ ကျွန်မကို ဆက်တိုက်လွှတ်ပါလေရော...။

“I had a nightmare ” လို့ သူကျွန်မကို ထပ်မဆူခင် မြန်မြန်စာပြန်လိုက်တယ်....။ 

"ဘာအိပ်မက် မက်လို့လဲ မင်းအရမ်းကြောက်နေလား ငိုနေလား"တဲ့....။ "နေဦး ကိုယ်ခု VC ခေါ်လိုက်မယ် မင်းမျက်နှာလေး မတွေ့ရတာကြာပြီ" ဆိုပြီး ကျွန်မဆီ VC ချက်ချင်းခေါ်လာပါလေရော....။

ဖုန်းဖန်သားပြင်မှာပေါ်လာတဲ့ သူ့ရုပ်ပုံမှာ သူ့ဆံပင်တွေတော်တော်ရှည်နေပြီ နဂိုထဲက ဆံပင်ကြမ်းကြမ်းအုံထူထူနဲ့မို့ ရှည်လာတော့ ပိုပြီးပွယောင်းနေတယ်....။ သူ့ညာဖက်နှုတ်ခမ်းဘေးက ပါးချိုင့်က ပြုံးလိုက်တော့ ပီပီပြင်ပြင်လေး သူ့မျက်လုံးစိုစိုနက်နက်တွေက ကျွန်မကိုစူးစိုက်နေတာ တစ်ခုခုဆူတော့မယ့်သယောင် "ငိုထားပြန်ပြီ မဟုတ်လား"တဲ့ ....။ ကျွန်မက သူ့နောက်ကွယ်မှာ အပြစ်လုပ်ထားမိတဲ့ ကလေးတစ်ယောက်လို တစ်ချက်အသံထွက်ရယ်လိုက်ပြီး စကားလွှဲဖို့ကြိုးစားလိုက်တယ်....။ ကျွန်မလေ...ဘယ်တော့မဆို သူ့အသံကိုကြားရရင်ဖြစ်ဖြစ် သူ့ရုပ်ကိုမြင်တွေ့ရရင်ပဲဖြစ်ဖြစ် love at first sight လိုခံစားမှုမျိုး စိတ်လှုပ်ရှားရမြဲ ရိုလာခိုစတာစီးရမြဲပဲ အဲဒါဟိုး....သူနဲ့ပထမဆုံးစတွေ့ကတည်းကနေ ခုချိန်ထိ မရိုးမအီနိုင်အောင် အဲဒီဖြစ်စဉ်လေးက အသက်ဝင်မြဲပါပဲ...။

သူနဲ့ VC ခနပြောပြီး ကျွန်မကိုပြန်အိပ်ဖို့ပြောပြီး သူဖုန်းချသွားတယ်....။ 

ဟိုအရင်အချိန်... ကျွန်မတို့ ညဖက် VC နဲ့ ဖုန်းပြောဖြစ်ကြလို့ ကျွန်မအိပ်ငိုက်လာရင် သူက ဖုန်းမချသေးဘဲ အိပ်ပျော်သွားတဲ့အထိ စာဖတ်ရင်းဖြစ်ဖြစ် စီးကရက်သောက်ရင်းဖြစ်ဖြစ် စောင့်ပေးပြီးမှ ဖုန်းချသွားတတ်တယ်...။ ဘာရယ်မဟုတ် ပြန်မရနိုင်တော့တဲ့ အခွင့်အရေးတွေကို လူတွေက တောင်းတတတ်ကြတယ်... အဲထဲကျွန်မလည်း ပါဝင်နေတယ်...။

မနက်ကျ အိမ်မှာကျန်နေသေးတဲ့ ကိုကိုးမှုန့်တွေနဲ့ မိုးခါးကော်ဖီဖျော်သောက်မယ် စိတ်ကူးရင်း... ခုတော့ ကိုယ့်ဘာသာ ပြန်အိပ်ပျော်ဖို့ ကြိုးစားရဦးမယ်...။




"ခုမှ သေချာကြည့်မိတယ် မင်းမျက်သားတွေနဲ့မျက်ဆံတွေက ပျိုးယုဝသုန် ဝတ္ထုထဲက ရှင်မင်းခလိုပဲ မိုခါးကော်ဖီနဲ့တူတယ် မျက်သားတွေက နို့မြှုပ်အရောင်ဖြူဖြူနဲ့ မျက်ဆံတွေက ချောကလက်ရောင်...." လို့ ကျွန်မတို့ ကော်ဖီဆိုင်အတူထိုင်ဖြစ်တုန်းက သူမှတ်ချက်ပေးဖူးတယ်....။ "ကော်ဖီချစ်သူ"ဆိုတဲ့ စာအုပ်လေး ကျမသူ့ကိုပေးဖတ်ဖူးလို့ "ပျိုးယုဝသုန်" ဇာတ်ကောင်ကိုသူသိနေတာ.... ။ သူ့မျက်ဆံတွေလဲ သေချာကြည့်ရင် အနက်ရောင်တော့မဟုတ်ဘူး ညှို့ဓါတ်ပြင်းပြနေတတ်တဲ့ စိုလက်လက် အညိုရင့်ရင့်မျက်ဝန်းတွေ....။

 

__________________
Revolution will prevail
မိုးငွေ့

Thursday, 26 February 2026

လိပ်ပြာဒိုင်ယာရီ (ဝေးသွားတဲ့အခါ - ၁ ).....

 




ဝေးသွားတဲ့အခါ......

ကိုယ်တို့နှစ်ယောက် ထပ်မဆုံဖြစ်ကြတော့တဲ့အခါ.... 

ကိုယ်မှာတာတွေကိုမမေ့နဲ့သေချာမှတ်ထားနော် ....... ရုပ်ရှင်ကြည့်တာတို့ စာဖတ်တာတို့ဆို မျက်တောင်ခတ်ဖို့သတိရ တက်​တူးထိုးမယ့်ကိစ္စ သေချာပြန်စဥ်းစားဦး....။ ကိုယ့်အနေနဲ့တော့ တက်တူးက ဘာမှသိပ်မထူးခြားသလိုပဲ အရေးပြားပေါ်မှာ အရုပ်တခုက အမြဲတမ်းရှိနေတယ်ပေါ့ အဲလောက်ပဲ..... မင်းအရေးပြားလေးတွေက သူ့အတိုင်းလှပြီးသားပဲ....။ တကယ်တော့ မင်း..ကိုယ့်အကြောင်းစာတွေရေးရင် သဘောကျတယ်မင်းပြောသလို ကိုယ့်ကိုတစ်ယောက်ယောက်က သတိရနေသေးပါလားဆိုတဲ့အသိကိုလည်းရတာအမှန်ပဲ ဒါပေမဲ့ မင်းက မမေ့သေးပါလားဆိုတဲ့အသိနဲ့ မင်းကိုသတိရတာက ခံစားလို့သိပ်မကောင်းဘူး ...။

ဘာပဲဖြစ်ဖြစ် မင်းလုပ်ချင်တာဘာမဆိုအားလုံးလုပ်ဖို့ ကိုယ်အားပေးခဲ့မယ် မသေခင် ဘာမဆို သဘောရှိတာဖြစ်အောင်လုပ် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ကန့်သတ်တားစီးမှုကိုမှ ဂရုမစိုက်နဲ့ အစောထဲကလည်း မင်းက ဂရုစိုက်တဲ့လူတစ်ယောက်တော့မဟုတ်ပါဘူး......။ ကိုယ်ရောမင်းရောသိပြီးသလို ဒီတစ်ကြိမ်ကိုယ်တို့ဝေးပြီးရင် အခုလိုအခြေအနေတောင် ပြန်ရောက်မှာမဟုတ်တော့တာက ဝမ်းနည်းစရာပဲ...။ 

မင်းကိုနောက်ဆုံးအနေနဲ့လည်း👩️‍💋👨 နမ်းခွင့်မရတော့ဘူး......။ မင်းနဲ့အတူသောက်မယ့် အဖြူရောင်ကော်ဖီဆိုင်လေးကို လမ်းကြုံရင် ဝင်ကြည့်ခဲ့ ကော်ဖီဆိုင်လို့ထင်တာပဲကိုယ်တော့...။ 😃ကိုယ်ရှာတွေ့သွားပြီ...."Landbay Cafe"☕️တဲ့ ဟာသပဲ တွေ့လား အဖြူရောင်ဆိုင်လေး တောင်ထိပ်ပန်းလမ်း မင်းတခြားတစ်ယောက်ယောက်နဲ့သွားထိုင်ရင်တော့ ကိုယ်စိတ်တိုမှာနော်....အဲဒါမမေ့နဲ့ ....။ ဆိုင်က လူရှင်းတယ် မင်းတစ်ယောက်ထဲသွားထိုင်လို့ရတယ် တကယ်လို့ ကိုယ်တို့နှစ်ယောက် အတူတူမထိုင်ဖြစ်တာသေချာသွားရင်ပေါ့....။

🦋လိပ်ပြာတွေက သတိရခြင်းတွေကို သယ်ဆောင်လာလိမ့်မယ် မင်းဘေးနားတစ်နေရာမှာ လိပ်ပြာလေးတွေ တွေ့ခဲ့ရင် မင်းအနားမှာဝဲနေရင် မင်းကို ကိုယ်သတိရနေတယ်ဆိုတာ မင်းယုံကြည်လို့ရတယ် လိပ်ပြာတွေက သေချာပေါက် သတိရခြင်းတွေကို ယူလာလိမ့်မယ်...။


 



မင်းအသက်ကြီးလာတဲ့အချိန် နေထိုင်မကောင်းဖြစ်လို့ ဆေးရုံတွေဘာတွေတက်ရရင် မင်းရဲ့ စာမျက်နှာမှာ ဆေးရုံလိပ်စာတင် ကိုယ်အဲဒီအချိန် လာခဲ့ပေးမယ် သိလား.....။  မင်း  စာသာအမြဲပုံမှန်ရေးနေ မင်းမှာစာဖတ်ပရိတ်သတ်တစ်ယောက်တော့ အမြဲတမ်းရှိနေလိမ့်မယ်......။ မင်းနဲ့အတူဆုံခဲ့တဲ့ရက်တွေတုန်းက ကိုယ် မင်းကို ပျော်အောင်မလုပ်ပေးနိုင်ခဲ့တဲ့အတွက် တကယ်စိတ်မကောင်းပါဘူး😔....။ နောင်ဘဝကို ကိုယ်မယုံကြည်ပေမယ့် ကိုယ်တို့ တစ်ခုခုအဖြစ်နဲ့ တစ်နေရာရာမှာ ထပ်ဆုံချင်လည်း ဆုံလိမ့်မယ်...။

ကိုယ်လည်း လောကကြီးအကြောင်း အပြည့်အစုံမသိသေးတော့ တချို့ကိစ္စတွေ အတိအကျတော့ မပြောနိုင်ဘူး....။ ဒါပေမဲ့ လူကသေပြီးရင် ပြီးသွားမှာကတော့ သေချာခဲ့ပြီ.....။ ဖြစ်နိုင်ရင် မင်း ဘော်ဒီကို မြေမြှုပ်ခဲ့ဖို့ စဥ်းစား မင်းအသားကနေ သက်ရှိဇီဝတွေ ဖြစ်လာလိမ့်မယ်  မင်းရဲ့ ဆေးရုံကိုလှူမယ့်အစီအစဥ်ကြီး ကိုယ်ဖျက်စေချင်တယ်သိလား....။    မီးလည်းမရှို့နဲ့ မြေမြှုပ်ပြီးဂူသွင်းဖို့သာစဥ်းစား အဲဒါက မင်းရဲ့ အသက်ဝိဥာဥ်ကို ဆက်ပြီးရှင်သန်စေမယ့်တစ်ခုတည်းသော အကြောင်းတရားပဲ ...။

မင်းတစ်ကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးကို ပိုးကောင်တွေကစားကြလိမ့်မယ် မင်းရဲ့အသားတွေ ခြင်ဆီတွေက သူတို့အတွက် စွမ်းအင်ဖြစ်လာလိမ့်မယ် အဲဒီစွမ်းအင်တွေရဲ့ စွမ်းအားကြောင့် သူတို့ အသက်ဆက်ရှင်သန်နိုင်လိမ့်မယ် ပြီးရင် ကိုယ်ပြောသလို သူတို့မျိုးပွားကြလိမ့်မယ်...။ အဲဒီသက်ရှိဇီဝလေးတွေက မင်းရဲ့ ကိုယ်ပွားတွေအဖြစ် ကမ္ဘာမြေပေါ်မှာ မပြတ်စတမ်းရှင်သန်နေထိုင်သွားကြလိမ့်မယ်... ကိုယ်ပြောတာသိလား အဲဒီအချိန်ကျရင်တော့ တူညီသက်ရှိလေးတွေဖြစ်ခဲ့ရင်တော့ ကိုယ်တို့အချင်းချင်း ပြန်ဆုံတွေ့ကောင်းလည်းဆုံတွေ့ကြမှာပေါ့....။ မင်းအလောင်းကိုမီးလည်းမရှို့နဲ့ ဆေးရုံကိုလည်းမပေးနဲ့ မင်းကိုယ်ပြောတာ နားထောင်မယ်ဆိုရင် နောက်ဆုံးအနေနဲ့ အဲဒီတစ်ခုကို နားထောင်ပေး.....။ ပြီးတော့  မင်းသေဆုံးသွားခဲ့ရင် မင်းအုတ်ဂူနား ကိုယ်အပင်လာစိုက်ချင်တယ် အခွင့်ရေးရှိခဲ့ရင်ပေါ့.... မင်းဆီက ကိုယ်နောက်ဆုံးတောင်းဆိုတဲ့အရာက ဒီကိစ္စတွေပါပဲ....။ ဒီလောက်ပဲ ကိုယ်ပြောနိုင်တော့တယ်....။

ကိုယ်မင်းကိုချစ်တယ်   ❤️❤️❤️

ပျော်ရွှင်ပါစေ ကလေးလေး


@@@@@@


တကယ်တော့ ကျမတို့နှစ်ယောက် နှစ်ပေါင်းများစွာကွဲကွာသွားပြီး ဒုတိယအကြိမ် လူချင်းပြန်မဆုံခင်ကတည်းက ဝေးနေနှင့်ပြီးသားဆိုတာ သူကျမဆီရေးခဲ့ဖူးတဲ့ ဒီစာတွေက သက်သေပြနေတာပါ....။ ဘဝမှာ ကျမကို ပထမဆုံးနဲ့ နောက်ဆုံး လက်ထပ်ခွင့်တောင်းခဲ့ဖူးသော ယောကျာ်းတစ်ယောက်ဖြစ်သလို ကျမကလည်း ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ငြင်းဆိုခဲ့သော ကျမချစ်ခဲ့ဖူးသော တစ်ဦးတည်းသောသူဖြစ်သည်...။


__________________
Revolution will prevail
မိုးငွေ့

 

လိပ်ပြာဒိုင်ယာရီ (ဝေးသွားတဲ့အခါ - ၂ ).....

 


လွန်ခဲ့သော နှစ်များစွာတုန်းကလဲ ဒီဇင်ဘာဟာ ကျွန်မတို့နှစ်ယောက်ကိုဝေးကွာဖို့ လမ်းစခဲ့တာပဲ....။ ခုတစ်ခေါက်ပြန်ဆုံကြတော့လဲ ဒီဇင်ဘာဟာ ဒုတိယအကြိမ် ခွဲခွာရဖို့ နိမိတ်ပုံပြခဲ့ပြန်ပြီ....။ ကျွန်မတို့အတွက် ဒီဇင်ဘာဆိုတာ ကျိန်စာတစ်ခုလေလား.....??

တကယ်တော့................ ကျွန်မတို့က သံယောဇဉ်အမျှင်တန်းတွေနဲ့ တွယ်တာကြရအောင်လည်း အချိန်ကာလရှည်လျားတဲ့အထိ ဆုံတွေ့ခဲ့ကြသူတွေ မဟုတ်ကြဘူး.....။ အချိန်တိုတိုတစ်ခုမှာ ကောင်းတဲ့အမှတ်တရတွေရော ဆိုးရွားတဲ့အဖြစ်အပျက်တွေများစွာ ထင်ကျန်ရစ်စေခဲ့ကြတဲ့ သူတွေဆိုရင်တော့ ပိုမှန်မယ်....။ အဲဒီ အမှတ်တရတွေက အချိန်အကြာကြီးတစ်ခုအထိ အမျှင်တန်းစေခဲ့လိမ့်မယ်လို့လဲထင်မထားကြဘူး......။

ကျွန်မတို့ရဲ့ ပြန်တွေ့ဆုံမှုတွေဟာ ကျွန်မတို့နှစ်ယောက် ကိုယ်တိုင်တောင် မရိပ်မိကြတဲ့ Loneliness ဆိုတဲ့ အထီးကျန်ခံစားမှုတစ်ခုကနေ အရင်းတည်အမြစ်တွယ်လာတာလို့ အဖြေရှာနိုင်ခဲ့တယ်....။ အထီးကျန်တာနဲ့ တစ်ကိုယ်တည်းနေရတာကြိုက်တယ်ဆိုတာ အဓိပ္ပါယ်ခြင်းကွာခြားပါတယ်....။ အထီးကျန်တာက ဘေးပတ်ပတ်လည်မှာ လူတွေဘယ်လောက်ပဲရှိနေပါစေ ကိုယ်က တစ်ယောက်ထဲလို့ ခံစားနေရတဲ့ ဝေဒနာ....။ အဖော်လိုတယ်လို့ အမြဲတွေးမိနေ ခံစားမိနေတဲ့ ဝေဒနာ....။ Privately တစ်သီးတစ်သန့် တစ်ယောက်တည်းနေတာကြိုက်တဲ့သူကျတော့ လွတ်လပ်မှုကို ခုံမင်တာ ဘေးမှာလာနှောက်ယှက်တာကိုမကြိုက်တာမျိုး...။ကျွန်မကတော့ တစ်ယောက်တည်းနေရတာ ကြိုက်တယ် ပျော်တယ် ဘယ်သူမှမလိုဘူးလို့ သိစိတ်ကသိနေပေမယ့် တစ်ဖက်ကလဲ အထီးကျန်ဝေဒနာကို တိတ်တဆိတ်ခံစားနေရသူတစ်ယောက်ဖြစ်နေတာကို တုန်လှုပ်စွာ သိလိုက်ရတယ်....။ 

ကျွန်မတို့နှစ်ယောက်ဟာ ကိုယ်စီခံစားနေရတဲ့ ဝေဒနာတွေတူညီနေတဲ့ အချိန်ကောင်းအခါကောင်းမှာပဲ ပြန်လည်ဆုံတွေ့ဖြစ်သွားကြတယ်....။ ဒီအခါမှာ အရင်ကထက် စကားတွေ အများကြီးပြောဖြစ်ကြတယ်....။ အတိတ်အကြောင်းတွေကို တက်တက်ကြွကြွ ပြန်ပြောရတာကို ပျော်ရွှင်ရသလို အပြစ်တချို့နေရာရောက်ရင်လဲ ရန်တွေဖြစ်ကြရသေးတယ်....။ သူပြောပြသုံးသပ်သလို ကျွန်မဟာ အာရုံခံစားမှုနောက်ကို တရှိုက်မက်မက်လိုက်ရင်း ဘဝတစ်ခုလုံးကို နစ်မြှုပ်ထားသူတစ်ယောက်ဆိုတာ သေချာတယ်...။ ကျွန်မတို့ဟာ ခံစားမှုကို အလိုလိုက်ပြီး တစ်ယောက်ကိုတစ်ယောက်အထီးကျန်မှုကိုဖြေဖျောက်ဖို့ အချင်းချင်းအသုံးချနေကြတာလို့ မြင်တယ်....။ ပြောစရာ ရန်ဖြစ်စရာတွေ ကုန်ခမ်းလာတဲ့ တစ်နေ့မှာ ကျွန်မတို့ ထပ်ဝေးကြဦးမှာ အသေအချာပဲ.... ဒီတစ်ခါဝေးကွာခြင်းဟာ နောက်ထပ်ဘယ်တော့မှ ဆုံဖို့မရှိနိုင်တော့ဘူး.......။ သူလဲ သူရှိသင့်မယ့် တစ်နေရာရာမှာရှိနေလိမ့်မယ်...... ကျွန်မလဲ ကျွန်မ မသေခင် ကျန်ရှိနေသေးတဲ့ အသက်ရှင်နိုင်သေးမယ့် နှစ်လရက်တွေကို လုပ်ချင်တဲ့အရာတွေ လုပ်ချင်တဲ့အလုပ်တွေ Plan ချပြီး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားမယ် သွားချင်တဲ့ ခရီးတွေကိုသွားမယ် (သူ့ကိုလဲ သတိရရင်းနဲ့ပေါ့)....။

 

 


 

ဝေးသွားတဲ့အခါ..........

ကျွန်မကို သတိရနေပေးပါ..... ကျွန်မကိုယ်တိုင်လဲ သူ့ကိုသတိရတဲ့အခါ သူ့အကြောင်းစာတွေရေးမယ်....။ ညမအိပ်ခင် သီချင်းနားထောင်ပြီးတိုင်း အိပ်ခါနီး ဖုန်းကို Air plane mode လုပ်ပြီးတိုင်း   သူကိုသတိရတဲ့စိတ်နဲ့ ကြိတ်ငိုချင်လဲငိုမယ်....။ မနက်အိပ်ရာနိုးတိုင်းလည်း အသက်ဆက်လက်ရှင်သန်ခွင့်ရနေသေးလို့ သူ့ကို သတိရခွင့်ရှိနေသေးလို့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်မယ်....။ ကော်ဖီသောက်ရင်း သီချင်းနားထောင်ရင်းလဲ သတိရမိလို့ မျက်ရည်လည်ချင်လည်လိမ့်မယ်....။ အနားမှာ လိပ်ပြာလေးတွေဝဲတာမြင်တိုင်း သူ့ရဲ့ သတိရခြင်းတွေကို လက်ခံယူဖို့ အမြဲတမ်းသတိရနေလိမ့်မယ်.....။

နောက်ဆုံး.....ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့အတွေး  လွတ်လပ်တဲ့  ရွေးချယ်မှုတွေ အပေါ်ကို စိတ်ပင်ပန်းမှုတွေ အခက်ခဲတွေကြားကနေ ဖြောင့်ဖြောင့်တန်းတန်း ရောက်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်........။

 


____________________
Revolution will prevail
မိုးငွေ့