Wednesday, 25 January 2023
မြင်နေခွင့်လေး.....
Saturday, 21 January 2023
Midlife Crisis အလ္လာပ သလ္လာပ.....
2023 အစမှာပဲ ကျနော့်ဘလော့ကို ခါတိုင်းနှစ်တွေလတွေလို ပို့စ်တွေများများမတင်နိုင်တော့ဘူးပဲ...။ ကျနော့်မှာ လုပ်စရာတွေများနေတယ် ဟိုဟာလေးလဲ လုပ်ကြည့်ချင် ဒီဟာလေးလဲလုပ်ကြည့်ချင်ပေါ့ ငွေရမယ့်လမ်းပြောပါတယ်...။ အသက်အရွယ်က ကျန်းမာရေးကောင်းတုန်း ရှာထားဖွေထားဖို့လိုပီလေ...။ အိုစာမင်းစာက ကိုယ့်ဘာသာပဲရှာဖွေစုဆောင်းထားရမှာမလား...။ အသက်ရလာလေ သက်ကြီးပိုင်းရောက်လေလေ ပျင်းစရာကောင်းလာလေလေပါပဲ... တခါတလေ အလုပ်လုပ်နေရင်းနဲ့ကို ပျင်းလိုက်တာ အော်ရတဲ့ထိ...။ စိတ်အခြေအနေကလည်း Hormone Changing အရွယ်ရောက်လာပြီဆိုတော့ ပိုသတိထားလာရတယ်...။ ကိုယ့်ကျန်းမာရေးအတွက် စိတ်ကိုဘယ်လိုထားရမယ် ခန္ဓာကိုယ်ကိုဘယ်လိုလေ့ကျင့်ရမယ် ဘာဆေးတွေမှီဝဲရမယ်ကအစပေါ့ ..။ Midlife Crisis သာပြောရတာ ကျနော့်အရွယ်က သက်လတ်ပိုင်းကျော်လွန်နေပြီ...။ ဒါပေမယ့်လည်း crisis ပါပဲပေါ့...။
လောကမှာ အစီစဉ်တကျဘာမှမရှိဘူးဘဲ....။ ကိုယ်တိုင်က ဘယ်လိုပဲ ဇယားချထားပါစေ သူ့အချိန်အခါ သူဖြစ်ချင်တဲ့အတိုင်းပဲဖြစ်ရတာပဲ...။ ဒီထဲမှာမှကိုယ့်အစီစဉ်လေးနဲ့စီးမျောတတ်ဖို့လိုတာ...။ ဒီနှစ်က တရုတ်လိုယုန်နှစ်... ကျနော်ကယုန်နှစ်ဖွားဆိုတော့ ဆယ့်နှစ်လေးလီ လေးဆယ်ရှစ်....။ ယုန်ပုံလေး တက်တူးထိုးဖို့တောင် တခါမှ မစဉ်းစားဖူးဘူး ရာသီခွင်ငါးနှစ်ကောင်တော့ ထိုးဖြစ်တယ်...။ ယုန်နဲ့ပတ်သက်ပြီး ကျနော့်မှာ အရုပ်လေးတွေပဲရှိတယ်...။ ဒါပေမယ့် ယုန်ရုပ်ကိုတော့ တက်တူးထိုးဖို့မရှိဘူး...။
လုပ်စရာရှိတာတော့ ဆက်လုပ်ရဦးမှာပဲ မသေမချင်းတော့....။
Revolution will prevail
မိုးငွေ့
Wednesday, 18 January 2023
Dear Angel(13).....
ချစ်သောအိန်ဂျယ်.....,
ဒီနေရာကိုမရောက်ဖြစ်တာတောင်ကြာပြီပဲ....
ဒီနှစ်ရန်ကုန်ဆောင်းကအေးတယ်.....။ နေ့ရောညရော စိမ့်နေတာပဲ....။ အေးတဲ့ရာသီဆို ဒဏ်ရာအနာတရတွေက ယင်းတတ်တယ်တဲ့...။ ကိုယ့်မှာ မှားယွင်းလွဲချော်တဲ့နားလည်မှုတစ်ခုကြောင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရှိနေတယ် အတွင်းရောအပြင်ရော အနာယင်းနေတယ်...။ တခြားဉတုတွေထက်တော့ သူက ရက်ပိုကြာတတ်တယ် အေးစိမ့်လေ အနာက ပိုနာလေပဲလေ....။ ငယ်စဉ်ကတည်းက မိစုံဖစုံနဲ့အတူမနေခဲ့ရတော့ ကိုယ့်ကိုယ်ကိုသာကိုးကွယ်ရာ ကိုယ့်အတွက်ကိုယ်ပဲသူရဲကောင်းဆိုသလိုပေါ့...။ အဆိုးဆုံးအခြေအနေရောက်တဲ့အထိ ခံနိုင်ရည်ရှိဖို့ ကိုယ်အမြဲကြိုးစားလေ့ကျင့်ထားခဲ့တယ်...။ ကိုယ့်မကြိုက်ဆုံး အဆိုးဆုံးအရာတွေ... ဉပမာကိုယ်က အနံ့ဆိုးတွေကိုလုံးဝမခံနိုင်တာတို့ ရွံတတ်တာတို့ကအစပေါ့...။
ညဖက်ဆိုဆောင်းလေက စိမ့်စိမ့်ပြီး ရှိရှိသမျှအပေါက်ကတိုးဝင်တော့တာပဲ...။ မနက်စောစောပိုင်းဆို နှင်းတွေမြူတွေကျတာ မြင်ရလိမ့်မယ်ထင်တယ်...။ အရင်လို စောစောထ လမ်းလျှောက်တာလည်းမလုပ်ဖြစ်တာ နှစ်ချီနေပြီ...။ ဆောင်းမနက်စောစောရဲ့ မြင်ကွင်းကို ဒီနှစ်ကိုယ်မမြင်ရသေးဘူးပဲ....။ ရန်ကုန်ဆောင်းမနက်ခင်း နေမထွက်ခင်မှာ ချစ်ခင်သူနဲ့ လက်ဖက်ရည်ပူပူလေးသောက်ရရင်ကောင်းမှာပဲ မုန့်ဟင်းခါး ရှမ်းခေါက်ဆွဲ အုန်းဆီချက်နဲ့နယ်ထားတဲ့ ပဲပြုတ်ကောက်ညှင်းပေါင်းပူပူ တိုရှည် ပူရီ ပလာတာစားရရင်ကောင်းမှာပဲ....။ တကယ်က အေးတဲ့ရာသီဉတုနဲ့ကိုယ့်ကျန်းမာရေးက မကိုက်ဘူး...။ အေးလာရင် နှာပိတ်တာတို့ အသက်ရှူကြပ်တာတို့ ခြေသလုံးကြွက်တက်တာတို့ ခြေချောင်းအကြောကပ်တာတို့ဖြစ်တတ်လို့လေ...။ ဒီအသက်အရွယ်မှာ ကြီးကြီးမားမားရောဂါမရှိ ကျန်းမာရေးကောင်းတယ်လို့ ဆိုနိုင်ပေမယ့် အဲလို သေးသေးမွှားမွှားလေးတွေတော့ ကြိုကြားကြိုကြားဖြစ်တတ်တယ်....။ နှစ်တိုင်းမိုးတွင်းမှာဖြစ်နေကျ ဓါတ်မတည့်စာစားလို့ လက်ဖမိုးယားယံပြီးရောင်တာလိုမျိုးတွေရောပေါ့....။
ရာသီဉတုအေးတယ် အိန်ဂျယ်....ကျန်းမာရေးဂရုစိုက်ပါ
Still flying....
Still loving....
Revolution will prevail
မိုးငွေ့
Wednesday, 11 January 2023
My Favorite Place.....
ခေါင်းစဉ်ကိုဖတ်မိတော့ ကျောင်းတုန်းက အတန်းထဲမှာ ဆရာမရေးခိုင်းတဲ့ အက်ဆေးကို သတိမရကြဘူးလား....?
ဘာရယ်မဟုတ်ဘူး မနက်ကစောစောထ လုပ်စရာရှိတာလုပ်ပြီး ဝရံတာနား ပက်လက်ကုလားထိုင်မှာထိုင်ပြီး မအေးတဲ့ဆောင်းရာသီရဲ့အရသာကို ရေးနွေးတမတ်ခွက်သောက်ရင်း ခံစား... အတွေးပေါ်လာလို့ ဒီအက်ဆေးလေးရေးဖြစ်သွားတာ...။
ကျမအိမ်မှာ ကျမအကြိုက်ဆုံးနေရာက လေဝင်လေထွက်ကောင်း ရှုခင်းလှ နေဝင်ချိန် လထွက်ချိန်တွေကို တမေ့တမြောငေးမောကြည့်ရတဲ့ အိမ့်ဧည့်ခန်းက ဝရံတာလေးရယ် ကျမရဲ့အိပ်ခန်းလေးရယ်ပဲ....။ လသာညမှာ လက်ဖက်သုပ်လေးနဲ့ စာအုပ်တစ်အုပ် အကြမ်းရည်လေးတစ်အိုးနဲ့ ဇိမ်ကျမလား ...။ အေးဆေးငြိမ်ငြိမ်စိမ်စိမ်လေးနဲ့ စီးကရက်လေးနဲ့ feel မလား...။ မနက်စောစော နေစထွက်ချိန်ဖြစ်ဖြစ် နှင်းဝေဝေ မိုးသည်းသည်း ကော်ဖီလေးတစ်ခွက်နဲ့လည်း Chill မလား...။ ပန်းပင်လေးတွေစိုက် တစ်နေ့နှစ်ခါရေလောင်းပေးရတာလဲ အပျင်းပြေစရာနေရာလေးပဲ...။ အသားငါးခြောက်လှမ်းမလား ငှက်ပျောခြောက်လုပ်ဖို့ နေလှမ်းစရာနေရာ...။ နေ့လည်နေ့ခင်းအလင်းရောင်ကောင်းကောင်းမှာခြေသည်းလက်သည်းညှပ်တဲ့နေရာ အမေ့ကိုဆံပင်ဆေးဆိုးပေး ဆံပင်ညှပ်ပေးတဲ့နေရာ...။ သူ့တစ်နေရာလေးကပဲ အများကြီးအသုံးဝင်နေတာ...။
အေးစိမ့်မွှေးမြနေတဲ့ကျမအခန်းလေးထဲမှာ ကျမသဘောကျတဲ့အရာဝတ္ထုတွေနဲ့ပြည့်နှက်နေတယ်...။ ပန်းချီကား, သံသေတ္တာ, စာကြည့်စားပွဲ, စာအုပ်စင်, သီချင်းနားထောင်ဖို့ Song Boxတစ်လုံး, ကျယ်ဝန်းတဲ့သစ်သားကုတင်, အေးမြတဲ့ချည်သားစစ်စစ်နဲ့ချုပ်ထားတဲ့အိပ်ရာခင်း, မနိမ့်မမြင့်ခေါင်းအုံး ၂လုံး နွေမှာအေး ဆောင်းမှာနွေးတဲ့ ဂွမ်းကပ်စောင် ညမီးလုံးနှစ်လုံး မှိတ်တုတ်လင်းတဲ့မီးလုံးကြိုးတန်း, အဖြူရောင် Dream Catcher, ရနံ့ကုထုံးဖယောင်းတိုင်, မီးခြစ်, ဖန်ပန်းအိုး, ပန်းဖျော့ရောင်မြက်ပင်ရှည်ပန်းအိုး, အိမ်စီးဖိနပ်တစ်ရံ, ကြည့်မှန်, ကြမ်းခင်းပိတ်သားဖျာတစ်ချပ်, အလှခွေးခြေခုံတစ်လုံး, Soft Doll အရုပ်တွေ, ရေဒီယို, ရေဖန်ခရား, ဗိုက်တာမင်အားဆေး, ပေါင်ချိန်စက်, အဝတ်ဗီဒို....နောက် ဘာကျန်သေးလဲ...။ ကျမအနှစ်သက်ဆုံးအရာတွေကိုပဲ စုစည်းထားတဲ့နေရာမို့ ကျမအိပ်ခန်းလေးကအကြိုက်ဆုံးနေရာလေးဖြစ်တယ်...။ အိပ်ခန်းထဲကစာကြည့်ခုံလေးမှာ ကျမညည သီချင်းထိုင်နားထောင်ရင်း Skin Care တဲ့နေရာ စာအုပ်ဖတ်တဲ့နေရာ Doodle ပုံလေးတွေဆွဲတဲ့နေရာ အလုပ်စာရင်းတွေတခါတလေလုပ်တဲ့နေရာ ကုန်ပစ္စည်းကြော်ငြာရိုက်တဲ့နေရာ စုံပလုံစိပါပဲ....။
မနက်မိုးလင်းလင်းချင်း လိုက်ကာပါးစနောက်က မှန်ပြူတင်းကနေ လှမ်းမြင်နေရတဲ့ ရှုမျှော်ခင်းကိုကြည့်ရင်း ဒီနေ့တစ်ရက်အသက်ဆက်ရှင်သန်ခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်ရတယ်...။ ပြီးတော့ ဒီလို ကျမအိပ်မက်ထားခဲ့ဖူးတဲ့ အနှစ်သက်ဆုံးနေရာလေးကို ပိုင်ဆိုင်ခွင့်ရလို့ ကျမကိုယ်ကျမကျေးဇူးတင်ရပါတယ်...။
Revolution will prevail
မိုးငွေ့
Thursday, 5 January 2023
2023.....
2023 ကိုအားလုံးမျှော်လင့်နေကြတယ်....။
ကျနော်လည်း မျှော်လင့်တယ်....
ဘာကိုမှန်းမသိတဲ့အရာတွေကို....။
တခါတလေစဉ်းစားကြည့်တယ် "ငါဟာ ... သူများတွေအတွက်...ပြဿနာကောင်ဖြစ်နေပြီလား"လို့ အဲလိုဆိုရင်တော့ပြဿနာပဲ
နေရမှာက အချိန်တိုတိုလေးပဲ.... ကျနော်ခုနောက်ပိုင်း ကိုယ်ဖြစ်ချင်လုပ်ချင်တာကိုပဲ ဦးစားပေးလုပ်ဖြစ်တယ်... ကိုယ့်ကိုယ်ကိုပိုချစ်အောင်နေတယ် ကြီးတော်နွားကျောင်းရတဲ့ ကာလကိုဖြတ်သန်းလာခဲ့ရတာများပြီလေ....။
2022 ကတည်းကစဉ်းစားထားတာက....
"My goal for the next year is just to fall back in love with myself" ဆိုတာပဲ....
ကိုယ်ပျော်အောင် ကိုယ့်ကိုယ်ကိုများများချစ်မယ်...။
အလုပ်လုပ်မယ်......
အလုပ်လုပ်မယ်....
အလုပ်လုပ်မယ်....
မသေမချင်းတော့ အလုပ်လုပ်နေရဦးမှာပဲ.....။ ပြီးရင် quality time တွေကို ကောင်းကောင်းအသုံးချရမယ်...။
လိပ်ပြာတစ်ကောင်ကို ရှာဖွေတွေ့ရှိဖို့အတွက် ကျနော်အသက်ရှင်ရဦးမယ်....။
_____________________
Revolution will prevail
မိုးငွေ့
Monday, 26 December 2022
Choice.....
လူရယ်လို့ဖြစ်တည်လာတာ ဘယ်အရာမျိုးကိုမဆို မှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့ ရေးကြီးဆုံးပဲ...။ အသေးအမွှားကအစပေါ့ ငယ်စဉ်ကလေးအူဝဲကစပြီး ကျမတို့ရွေးချယ်ခဲ့ကြရတယ် အမေက နို့ဗူးထဲကိုရေထည့်တိုက်တဲ့အခါ ကလေးကနို့မဟုတ်လို့ ငိုမယ် ဒါက သူနို့ကိုရွေးချယ်ချင်တယ်ဆိုတဲ့ စကားမပြောတတ်သေးတဲ့ ကလေးရဲ့ပထမဆုံးရွေးချယ်မှုပါပဲ...။ နောက်ပိုင်းကျမတို့ အသက်နည်းနည်းကြီးလာမယ် ကစားစရာတွေ စားစရာတွေကို ရွေးချယ်တတ်လာမယ် အဲဒီကနေအဆင့်ဆင့်ရွေးချယ်ပြီး အထက်တန်းရောက်တဲ့အချိန်မှာလည်း ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်ကို ဝိဇ္ဇာ သိပ္ပံ စသဖြင့်ထပ်ရွေးချယ်ရပြန်တယ်...။ ငါကတော့ သမိုင်းတွေ မြန်မာစာတွေမကျက်ချင်ဘူးဆို သိပ္ပံဘာသာကိုယူမယ် သင်္ချာမတွက်ချင်ဘူး ဓါတုဗေဒ အီကွေးရှင်းတွေဘာတွေမတွက်ချင်ဘူးဆို ဝိဇ္ဇာကိုရွေးကြတယ် အဲလိုပေါ့...။ အထက်တန်းပြီးလို့ တက္ကသိုလ်တန်းဝင်တဲ့အခါ မေဂျာတွေထပ်ခွဲတော့ ရွေးရပြန်ရော ....။ နေ့စဉ်စားနေရတဲ့ ထမင်းနှပ်တိုင်းလည်း ဘာဟင်းနဲ့စားမလဲဆိုပြီးရွေးချယ်ကြတယ်မဟုတ်လား...။ ဒီနေ့ရုံးသွားရင် Client နဲ့သွားတွေ့ရင် ဘယ်ဝတ်စုံဝတ်သွားရမလဲဆိုတာလည်း ရွေးရတာပဲ...။ သေချာစဉ်းစားကြည့်ရင် ကျမတို့ နေ့စဉ်နဲ့အမျှ မလွှဲမရှောင်သာ ရွေးချယ်မှုတွေပြုလုပ်နေကြရတယ်...။
အရေးကြီးဆုံးနောက်ထပ်တစ်ခုက ဘဝလက်တွဲဖော်ရွေးချယ်တဲ့နေရာမှာပဲ...။ ဒါကတော့ ကံစမ်းမဲနှိုက်ရသလိုပဲလို့သုံးသပ်ကြတယ်...။ ကိုယ်ရွေးတုန်းက အကောင်းပေမယ့် ကိုယ့်လက်ထဲကျမှ ပြောင်းလဲသွားတတ်တာ ဆိုးရွားသွားတတ်တာ ကိုယ်ရွေးတုန်းက ဘာမှမဟုတ်ပေမယ့် ကိုယ့်လက်ထဲကျမှ ကောင်းသွားတာအဆင်ပြေသွားတာမျိုးပေါ့...။ နောက် အလုပ်အကိုင်ရွေးချယ်မှုလဲ အဲလိုပါပဲ....ရွေးချယ်မှုတိုင်းက ကိုယ်တိုင်ရဲ့ ပဲ့ကိုင်လုပ်ဆောင်မှုနဲ့ထိန်းချုပ်ယူလို့ရနိုင်တယ်လို့တော့ ကျမယူဆတယ်...။ ကျမဘဝမှာ မှန်ကန်တာရော ကြီးမားတဲ့မှားယွင်းမှုတွေရော ရွေးချယ်ခဲ့မိတာ အများကြီး ...။ မှန်ကန်မှုအတွက် ဘာမှထပ်စောင်းပြီး ပြောစရာမရှိပေမယ့် မှားယွင်းတဲ့ရွေးချယ်မှုအတွက်တေ့ာ ကျမက သတ္တိရှိရှိ ခံနိုင်ရည်ရှိရှိ ရင်ဆိုင်နိုင်ဖို့ အမြဲကြိုတွေးထားဖြစ်တယ်...။ ဘယ်ချိန် ကျမရဲ့ရွေးချယ်မှု မှားယွင်းမလဲ ကျမကြိုမသိနိုင်ဘူးလေ ဒါကြောင့် အဲဒီရွေးချယ်မှုကိုခံနိုင်ရည်ရှိဖို့ ကျမအဖက်ဖက်ကကြိုတင်တွေးထားတယ်...။ တခါတလေ ဆဌမအာရုံရပေမယ့် မရှောင်လွဲနိုင်ဘဲ တည့်တိုးလိုက်မိတာကများတယ်...။ ကျမ တစ်ခုခုဖြစ်တော့မယ်တိုင်း သုံးလေးရက်လောက်အမြဲတမ်း Sense ကြိုရတတ်တယ်...။ အဲဒါလေးကို ထိန်းချုပ်လိုက်နိုင်ရင် တော်တော်အဆင်ပြေပြီ...။
မှားယွင်းတဲ့ရွေးချယ်မှုလို့ဆိုတာမှာ ကျမပေးဆပ်လိုက်ရတဲ့ အရင်းနှီးတွေသိပ်များတာမျိုးရှိတယ် ...။ တစ်သက်လုံး ရေရှည် Plan ထားတာတွေ မိနစ်ပိုင်းအတွင်း ပျက်စီးသွားတာမျိုး တစ်သက်လုံးထိန်းသိမ်းလာတဲ့ ဂုဏ်သိက္ခာတွေ ရစရာမရှိတော့တာမျိုး.... ဒါတွေဟာ...အေးအေးချမ်းချမ်းဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ အကြီးမားဆုံး ဆုံးရှုံးမှုလို့တောင်ပြောလို့ရသေးတယ်....။ ဒါပေမယ့် ကျမရွေးချယ်ပြီးသွားခဲ့ပြီလေ....ကျမပြုလုပ်ပြီးသားအရာကို နောင်တ ဘယ်တော့မှမရချင်ဘူး...။ ဒါကြောင့်ရင်ဆိုင်ပစ်လိုက်တဲ့နည်းလမ်းကိုပဲ ကျမရွေးချယ်ရတယ်...။ ကျမဘာလို့ နောက်ဆုတ်လိုက်ဖို့ ဖြတ်ချပစ်လိုက်ဖို့ နည်းလမ်းကိုမရွေးချယ်ခဲ့တာလည်းလို့မေးခွန်းထုတ်လို့ရတယ်....။ ဒါက စိတ်ခံစားမှုပိုင်းနဲ့အများကြီးသက်ဆိုင်သွားပြီ...။ တခါတလေ ရွေးချယ်ပြီးသားအရာကို လွတ်ချပစ်လို့မရဘဲ ဆုတ်ကိုင်ထားရတာမျိုးလည်းရှိတတ်တယ်လေ...။ အဲလို ချောင်ပိတ်မိ ကျဉ်းထဲကြပ်ထဲအခြေအနေမှာ ကျမရဲ့မှားယွင်းစွာရွေးချယ်ခဲ့ရတဲ့ အရာမှန်သမျှကို အကောင်းဆုံး အသက်သာဆုံး နည်းလမ်းနဲ့ ကျမရအောင်ဖြတ်သန်းရတာပဲ ဘာမှမတတ်နိုင်တော့ဘူးလေ....။
ကျမတို့မှာ တစ်ခုခုကို ရွေးချယ်မှုပြုလုပ်ရမယ်တိုင်း သေချာစဉ်းစားဆုံးဖြတ်ဖို့ အချိန်တစ်ခုတော့ပေးရတယ်...။ အဲဒီအချိန်ဟာ မိနစ်ပိုင်းလဲဖြစ်မယ် စက္ကန့်ပိုင်းလည်းဖြစ်ချင်ဖြစ်မယ် ရက်ပိုင်းလပိုင်းလည်း ဖြစ်ချင်ဖြစ်မယ်....။ ဘယ်လောက်အချိန်ကိုပဲသုံးရသုံးရ မှန်ကန်သင့်လျော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်...။
ကျမဘဝမှာ ရွေးချယ်မှုတစ်ခုအတွက် ပြန်နှုတ်မရတော့တဲ့ ဆူးတစ်ချောင်းရှိနေတယ်....။ ခြေဖဝါးထဲနစ်ဝင်နေတဲ့ အဲဒီဆူးတစ်ချောင်းဟာ ကျမခြေလှမ်းတစ်လှမ်း လှမ်းတိုင်း....လှမ်းတိုင်း နာကျင်နေမှာ အမှန်ပဲ...။
ဒါပါပဲ .....
ဒီလောက်ပါပဲ....
Revolution will prevail
မိုးငွေ့





