လှည်းတန်းပွိုင့်မရောက်ခင်က
18.6.2011 စနေနေ့ နေ့လည်(၁)နာရီ စံပြကားဂိတ်ကနေ (၁၂၄)ဘတ်စ်ကိုစစီးလိုက်တာ တစ်နာရီတိတိကြာပါတယ်...။ စထွက်တုန်းကတော့ ရာသီဥတုကအုံ့အုံ့မှိုင်းမှိုင်း...။ ကောင်းကင်ကတော့ အပေါ်ကပုံထဲကမြင်တဲ့အတိုင်းခဲသားရောင်ဖြစ်နေတယ်...။ လေပါလို့ အုန်းလက်တွေလည်းလှုပ်ခတ်နေတယ်....။
ကျမတို့ရဲ့ ဦးတည်ရာကတော့လှော်ကားမှာနေနေတဲ့ အဘဦးသုခကိုလိုအပ်တဲ့ စားစရာနဲ့ ငွေသွားလှူကြတာပါ...။
ရုံးကနေ့တစ်ဝက်ဆိုတော့ ရုံးကညီမနှစ်ယောက်နဲ့ ကျမနဲ့သွားကြတယ်....။ ရွှေပြည်သာကို ရန်ကုန်မှာသာနေတာ တစ်ခါမှ အထဲထိမရောက်ဖူးဘူး...။ လမ်းတစ်လျှောက်ရာသီဥတုက မိုးအုံ့တယ်ဆိုပေမယ့် နေရှိန်ပြီး အိုက်စပ်စပ်ဖြစ်နေတယ်...။ ပထမကားစစီးတော့ ထိုင်ခုံမရဘူး မြေနီကုန်းကျမှ အဆင်းသမားတွေဆီကနေခုံရပါတယ်...။ ကားပြူတင်းနားနေရာရတော့လေတိုက်တာနဲ့ နေရှိန်တာနဲ့ မျက်စိတောင်စပ်ပါတယ်...။ ဒါပေမယ့် ကိုယ်သွားလုပ်မယ့် ကုသိုလ်ကောင်းမှုတစ်ခုအတွက် ကြိုတင်တွေးပြီး ပီတိဖြစ်နေမိတယ်...။ မျက်စိမှိတ်ပြီးလိုက်သွားရင် ဘာမှာမမြင်မတွေ့လိုက်ရမှာစိုးလို့ မျက်စအစပ်ခံပြီး ပတ်ဝန်းကျင်ကို ပြူးပြဲကြည့်သွားတယ်...။ ကားက အင်းစိန်လမ်းမကြီးအတိုင်းသွားတယ်... ဒညင်းကုန်းကျော်တော့ ရွှေပြည်သာမြို့နယ်အစပ်ကိုရောက်ပြီ...။ မြို့ပြင်ရောက်တော့ မိုးတွင်းကလည်းဖြစ် သစ်ပင်တွေစိမ်းစိမ်းစိုစိုနဲ့ ကြည့်ရတာ အေးချမ်းနေတယ်...။ လမ်ဘေးတစ်လျှောက် ကျွန်းပင် အရွက်ဖါးဖါးကြီးတွေ ပိတောက်ပင်တွေ ဗာဒံပင်တွေ ကုက္ကိုပင်ကြီးတွေ စိန်ပန်းပင် ငုဝါပင်တွေစုံလို့ပါပဲ....။ မိုးရွာထားတော့ ကတ္တရာလမ်းဘေး မြေအနိမ့်ပိုင်းမှာရေတွေဝပ်လို့.... အဲဒီရွှံနွန်တောထဲမှာ ကန်ဇွန်းပင်တွေ ပိန်းရွက်တွေ ပြွတ်နေအောင်ပေါက်နေကြတယ်...။ အဲလိုရေ၀ပ်တဲ့ မြေကွက်လပ်တွေ နေရာတိုင်းတွေ့ရတယ်...။
စိတ်ထဲမှာ နယ်မြို့တစ်မြို့ကိုခရီးနှင်နေရတဲ့ အတိုင်းပဲခံစားနေမိတယ်....။ ရန်ကုန်တိုင်းထဲပေမယ့် ဟောင်းနွမ်းပြိုပျက်နေတဲ့ ခရီးသည်နားနေရာကားမှတ်တိုင်တွေ တော်တော်များများတွေ့ရတယ်....။ မြေကြီးမို့မို့ပေါ်မှာ တာလပတ်မိုးထားတဲ့ ကြော်ငြာဗီနိုင်းစတွေ ဟိုဒီတစ်စဆွဲချိတ်ထားတဲ့ လက်ဖက်ရည်ဆိုင်တွေ...။ ၀ါးထံရံကပ်တွေနဲ့လုပ်ထားတဲ့ ဆိုက်ကားဂိတ်တွေ ...။ ရွှံတွေထူလပစ်ဖြစ်နေတဲ့ ရပ်ကွက်ဈေးလေးတွေ.....။ သဘာဝကျကျလေးမြင်ရတာဖြစ်ပေမယ့်.... ဒီဘက်ပိုင်းမှာ တိုးတက်မှုတွေ လိုအပ်နေသေးတာကိုတော့ မျက်ဝါးထင်ထင်မြင်လိုက်ရတယ်...။
သဘာဝပတ်ဝန်းကျင်ကို ဖွဲ့နွဲ့တာနည်းနည်းများသွားတယ် လိုရင်းကိုစလိုက်ကြရအောင်...။ ကျမတို့စီးလာတဲ့ (၁၂၄)ဘတ်စ်ကားက အစိုးရစက်ရုံတွေဖြစ်တဲ့ အုတ်ဖုတ်စက်ရုံ၊ မီးခံအုပ်ဖုတ်စက်ရုံ၊ ရွှေပြည်သာစက်မှုဇုံနဲ့ သာဓုကန်စက်မှုဇုံတို့ကို ဖြတ်ကျော်လာပြီးနောက်...။ အဘဦးသုခသားပြောထားတဲ့ ဂျိုကာမှတ်တိုင်မှာ ဆင်းပါတယ်...။ နောက်တစ်ဂိတ်ဆို ဂိတ်ဆုံးပဲတဲ့ စပါယ်ယာကပြောတယ်...။ အဘကိုကျမသိတာ ဟိုးး ငယ်စဉ်ကတည်းကပါ...။ ကျမတို့ ရှစ်တန်းကိုးတန်းကတည်းက လမ်းမတော်ဘက်မှာ မုန့်လာလာအော်ရောင်းနေကျလေ...။ သူရောင်းတဲ့ မုန့်တွေက ပင်တိုင် ခေါက်မုန့်နဲ့ ရေခဲထုပ်....။ ကျန်တာကတော့ ပဲကြော် မြေပဲကြော် မြေပဲယို နှမ်းယိုနဲ့ ယပ်တောင်တို့ပဲဖြစ်တယ်...။
သူဈေးရောင်းရင် အော်တဲ့ အသံလေးပြောပြချင်ပါတယ်....။
“ပဲကြော် မြေပဲကြော်....” “မြေပဲကြော်....ပဲကြော်”
“မြေပဲကိုနှမ်းပစ်.... ကြက်ဥခေါက်မုန့် ရေခဲထုပ် ရေခဲထုပ်....ယပ်တောင် ယပ်တောင် မြန်မာအဲယားကွန်း”
ယပ်တောင်ပါတဲ့နေ့ဆို အဲဒီလေးနောက်ဆက်တွဲအော်တတ်တယ်....။
ဈေးလာရောင်းရောင်းတိုင်း ရုံးညီမတစ်ယောက်က သနားလို့ဆိုပြီး တစ်လတစ်ခါ ငွေငါးထောင်လှူတတ်ပါတယ်..။ အဲလိုလှူရင်းနဲ့ အဘလိပ်စာကို လိုရမယ်ရတောင်းထားလိုက်တာ...။ ပြီးခဲ့တဲ့ နှစ် ရှစ်လပိုင်းကတည်းက အဘဈေးမရောင်းတော့ဘူး ...။ နိစ္စဓူဝကြားနေရတဲ့ အဘဈေးအော်ရောင်းသံမကြားတော့ နေမကောင်းများဖြစ်နေသလား အဘများသက်ရှိထင်ရှားရှိသေးရဲ့လားပေါ့...။ ဒါနဲ့ ပေးထားတဲ့ လိပ်စာနဲ့ တစ်ဆင့်ခေါ်ဖုန်းကနေဆက်ကြည့်လိုက်တော့ ...အဘဦးသုခတစ်ယောက်ဈေးမရောင်းနိုင်တော့ဘူး အိပ်ယာထဲလဲနေပြီတဲ့...။ အဲဒါနဲ့ အဘအားဖြစ်စေမယ့် နို့မှုန့်တို့ ကွေကာအုပ်တို့ ကိတ်မုန့်တို့ကို ပေးချင်တယ်ဆိုတော့...။ သူ့မှာ မြေးမလေးနဲ့သားရှိပါတယ်တဲ့....။ အဲဒီတုန်းက ကျမတို့သေချာမသိလို့ တစ်ခါ သူ့မြေးမလက်ထဲ့ကို ငွေစတချို့အပ်ခဲ့တာ...အဲဒီကလေးမ အဖိုးကိုဝယ်မကျွေးဘဲ ဖျောင်ပစ်လိုက်သတဲ့....။ ခုသွားတော့မှ သေချာဂဃနဏသိရတာ...။ အဘဦးသုခမှာ သားသမီးသုံးယောက်ရှိတယ်...။ အခု အဘကိုပြုစုပေးနေတဲ့ ကိုအောင်သန်းက အလတ်တဲ့...။ အကြီးဆုံးသမီးကလည်း ကျန်းမာနေတုန်းကလာလာပြီး ပိုက်ဆံယူတတ်ပြီး...။ ခုလို လေဖြတ်သွားတော့ ပေါ်မလာတော့ဘူးဆိုပဲ...။ အစောကပြောတဲ့ မြေးမဆိုတာ အဲဒီသမီးအကြီးကမွေးတဲ့ သမီး...။ ဒီ...အခုနေနေတဲ့ တဲအိမ်သာသာ အိမ်ကရံကိုတောင်ယူသွားလို့ ရပ်ကွက်လူကြီးတွေက ပြန်တောင်းပြီး သိမ်းပေးထားရသတဲ့....။ သမီးအငယ်ကတော့ တရားပေါက်သလို ဘာလိုလိုနဲ့ပျောက်သွားတယ်ဆိုပဲ....။ အော်ဗျာ...... ကိုယ့်မိဘအရင်းခေါက်ခေါက်ကိုတောင် ဒီလို လုပ်ရက်တဲ့သူ ဘယ်လိုစိတ်နှလုံးသားနဲ့သူတွေလဲ....။

အဘဦးသုခ အိမ်ကိုသွားဖို့စ၀င်တဲ့လမ်း ဗေဒါပင်လည်းမတွေ့ရဘူး
ဘဲအုပ်ကလည်းတစ်ရာနှစ်ရာမဟုတ်ဘူး လေးကောင်တည်း

ဘယ်အိမ်ကအိမ်မွေးခွေးလေးလဲတော့မသိဘူး
ရေမချိုးထားပေးတော့ ညစ်ထေးထေး သနားကမားရုပ်လေးနဲ့

အရှေ့နားက ဓါတ်တိုင်ရှိတဲ့ လှိုင်းကြက်ခွပ်ထနေတဲ့ ညာဘက်ချိုးဝင်သွားရမှာ

ရေလည်ခေါင်က အဘရဲ့အိမ်ကလေး

သီချင်းဆိုပြနေတဲ့ အဘဦးသုခ

အဘဈေးရောင်းစဉ်ကခေါက်မုန့်ပုံးလေး
ကျမတို့ကို ကားပေါ်အတူစီးလာတဲ့ အဲဒီရပ်ကွက်ထဲက အဒေါ်ကြီးလမ်းပြလို့ အဘနေတဲ့ လမ်းကို ရေတွေပါတွေကူးပြီးရောက်သွားတော့ ...အဘသား ကိုအောင်သန်းက မနေ့ကတည်းက ကျမတို့အဖွဲ့လာမယ်ဆိုတာ ဖုန်းကြိုဆက်ထားတော့ လမ်းထိပ်ထွက်ကြိုပါတယ်...။ ကိုအောင်သန်းဆိုတာ ရိုးပုံရိုးအနဲ့ အသက်လေးဆယ်ကျော်ငါးဆယ်နီးပါး အရွယ်လောက်ရှိမယ်...။ အဘနေတဲ့ အိမ်ကလေးကိုဝင်ဖို့ ရေတွေကအပြည့်။ ၀ပ်နေတဲ့ရေတွေက ဖို့ထားတဲ့ သဲအိတ်ပေါ်တောင် ကျော်နေပါပြီ...။ အိမ်လေးက ခြေတံရှည်အိမ်ကလေး...။ အင်းလေ... ခြေတံရှည်သာမဟုတ်ရင် နေစရာတောင်မရှိလောက်ဘူး...။ အဲဒီထဆင်ထူးရပ်ကွက်က အိမ်တိုင်းလိုလို မိုးတွင်းရေလွတ်ဖို့ ခြေတံရှည်တွေဆောက်ထားပုံရပါတယ်...။ အိမ်ကပြင်မှာ ဖိနပ်ချွတ်ပြီး အိမ်ပေါ်လှမ်းတက်လိုက်တော့.. ပင့်ကူအိမ်တွေတွယ်သန်းနေတဲ့ ဘုရားစင်အောက်မှာ အောက်ပိုင်းကို ခပ်နွမ်းနွမ်းစောင်တစ်ထည်ခြုံပြီး ပက်လက်ကလေးရှိနေတဲ့ အဘဦးသုခ....။ ပြီးတော့ ကျိုးတိုးကျဲတဲ ကြမ်းပြင်မှာပဲ ဒီတိုင်းကျောခင်းရတော့ အဘကျောတွေ နာနေရှာမှာပဲ... ။ ဘာလို့ အခင်းခင်းမပေးလဲမေးတော့။ အခင်းက ခဏခဏ ဆီးသွားဝမ်းသွားဆိုတော့ သူလဲမလျှော်နိုင်တော့တာ...။ ပြီးတော့ အဲဒီမှာက ရေလဲရှားတယ်...။ ကိုအောင်သန်းက “အဖေ... ဒီမှာ ဘယ်သူတွေလာသလဲသိလား” ဆိုတော့...။ “စွမ်းမိသားစုကလား”တဲ့...။ သူ့ကိုလှူနေကျသူတွေဖြစ်မှာပေါ့...။ “မဟုတ်ဘူး အဘရဲ့ သမီးတို့က ရွှေတောင်တန်းကပါ” လို့ပြောလိုက်တော့ သူမှတ်မိတယ်...။ ကျန်းမာနေတုန်းက ဒီလှော်ကားကနေ ရထားစီးပြီး ဟိုးး မြို့ထဲအထိ ဝေးဝေးလံလံဈေးသွားရောင်းတာ...။ ပြီးတော့ လမ်းမတော်တစ်မြို့နယ်ထဲမှာပဲ ပတ်ရောင်းတာ...။ ငယ်ငယ်တုန်းက အဘ“ယပ်တောင် ယပ်တောင် မြန်မာအဲယားကွန်း”လို့အော်ရင် သိပ်သဘောကျတာ....။
ကျမတို့ ကိုအောင်သန်းထံ အဘအတွက် မုန့်နဲ့ ငွေတွေအပ်ပြီး အဘနဲ့စကားတွေပြောဖြစ်တယ်...။ အဘက မျက်စိကွယ်နေပြီ...။ ဒါပေမယ့် အသံကတော့ အောင်တုန်း...။ ဘေးအိမ်က အစ်ကိုကြီးတစ်ယောက်က “ဧည့်သည်တွေကို သီးချင်းဆိုပြလိုက်ပါဦး”ဆိုတော့....။ ဆိုတာများ အသံလုံးကြီးကြီးနဲ့....အဲဒီနားက လေးငါးအိမ်ထိကြားရမယ်....။ ဘာသီချင်းမှန်းခေါင်းစဉ်သေချာမသိပေမယ့် သမိုင်းထဲက သူရဲကောင်းတွေအကြောင်း စပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ....။ နောက်....“အနော်ရထာရွှေကြိမ်လုံးရယ်နဲိ့ထွန်းတုံးကိုတဲ့”လို့အစချီပြီး အနော်ရထားမင်းကြီး လယ်ထွန်သွားတဲ့ တေးထပ်ကဗျာကိုလဲ ချက်ကျကျလေး ရွတ်ပြသေးတယ်...။ အဘကိုသမီးတို့ မုန့်တွေလာပေးတာ ပိုက်ဆံလာလှူတာလို့ပြောတော့...။ “အေးးကွယ်... အိုဗာတင်းပါလား...”တဲ့ ။ ပြောပါသေးတယ်....ပိုက်ဆံလာလှူတာဆိုတော့ “ပိုက်ဆံရရင် ဗိုက်လန်ပြမယ် .... ပိုက်ဆံမရရင် အမိုက်အမှန်ပွမယ်...”တဲ့ သီချင်းဆိုသလိုဆိုပြတယ်....။ “လူဖြစ်တာ ဆင်းရဲရင် ဘ၀တစ်ဝက်သေတာပဲ... အိုရင် ဘ၀တစ်ဝက်သေတာပဲ”တဲ့...။ ခုခေတ်ခါ အားကိုးရာမဲ့သက်ကြီးရွယ်အိုတွေ တော်တော်များများ လမ်းဘေးမှာတောင်းစားနေရတဲ့အချိန်မှာ အဘဦးသုခကတော့ အိပ်ယာထဲမလဲတဲ့ အချိန်ထိအလုပ်လုပ်သွားခဲ့ပါတယ်...။ မာနရှိတဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အဘဟာ သိပ်ကို ဂုဏ်ယူစရာကောင်းတဲ့ စံနမူနာထိုက်တဲ့ အဘိုးကြီးတစ်ယောက်ပါ..။
အသက်(၈၁)နှစ်ဆိုပေမယ့် အဘက မှတ်ဥာဏ်တွေကောင်းတုန်း...။ အဘရယ် ဘာမှမစဉ်းစာနဲ့ တရားသာမှတ်ပါလို့ပြောတော့... ဓမ္မာရုံကနေ့တုန်းဖွင့်တဲ့ တရားခွေတွေကို ကြားနာနေရတာပါတဲ့....။ အဘကို ဓါတ်ပုံတွေရိုက်...။ ဗီဒီယိုမှတ်တမ်းရိုက်ပြီး ခေါင်းရင်းမှာတွေ့ရတဲ့ အဘရဲ့ ခေါက်မုန့်ပုံးလေးကိုပါရိုက်ခဲ့တယ်...။ အိမ်ဘေးကသူတွေက မိုးရိပ်တွေမဲမှောင်နေပြီး အောင်သန်းရေ...ဧည့်သည်ကိုပြန်ပို့ချည်တော့ဆိုတော့မှ ကျမတို့လဲ ပြန်ဖို့လုပ်တော့တယ်...။ အိမ်ပြင်ထွက်လာတော့ ကောင်းကင်ကြီးတစ်ခုလုံး ခဲသားပုပ်ရောင်တွေက အညိုးဖွဲ့နေပုံပေါက်နေပါတယ်...။ ကိုအောင်သန်းက ကျမတို့ကို ကားစီးရမယ့် ဂိတ်အစထိလိုက်ပို့ပေးပါတယ်....။

ရေဆိုးရေညှစ် အမှိုက်သရိုက်တွေနဲ့နေအိမ်တစ်အိမ်

မနှစ်ကမှစခင်းပေးနေတဲ့ ကွန်ကရစ်လမ်းပေါ်က ဓါတ်ပုံရိုက်နေတဲ့ မိုးငွေ့နဲ့
သူ့ကိုရိုက်တယ်ထင်လို့ ပို့စ်ပေးနေတဲ့ ကလေးလေး....

ရေမြှုပ်နေတဲ့ ခြံထဲက အပန်းဖြေ ထိုင်ခုံလေးနှစ်လုံး

ရေပေါ်လက်ဖက်ရည်ဆိုင်နဲ့ ဈေး
ကားထွက်တော့ မိုးကခပ်စွေစွေပဲရွာပါတယ်...။ မိုးစက်တွေကိုကြည့်ပြီး ပျော်စရာကြီးလို့ ပြောတော့ ပါလာတဲ့ ရုံးကညီမလေးက မိုးရွာတာပဲပျော်စရာလို့ပြောတဲ့ ကျမကို ရယ်ပါတယ်....။ ဘာပဲဖြစ်ဖြစ် ကျမကမိုးကိုချစ်တာကိုး....။ အသွားတုန်းကတွေ့ခဲ့တဲ့ လမ်းဘေးမှာပေါက်နေတဲ့ ပိန်းရွက်တွေတိုင်းရဲ့အပေါ်မှာ မိုးရေစက်တွေတင်နေတာများ စိန်တစ်ပွင့် ကျောက်တစ်လုံးလိုပဲ လက်လက်ကိုထလို့...။ စောစောက တိမ်ရိပ်တွေကိုကြည့်ရတာ အညှိုးတကြီးရွာချမယ့်ပုံနဲ့.....။ ရွာတော့ရွာချလိုက်ပါတယ်...။ ကျမတို့ကားလှည်းတန်းနားရောက်တော့လေ....။ ကိုယ်ဆင်းရမယ့်ဂိတ်မှာတော့ မိုးက၀ုန်းဒိုင်းကိုကျဲနေရောပဲ....။
ခရီးဝေးလို့ ကားစီးရတာ ပင်ပန်းပေမယ့် ကိုယ်ပြုခဲ့တဲ့ အလှူဒါနအတွက် ကျေနပ်ဝမ်းသာပီတိဖြစ်ရလို့ မိုးရွာရွာ နေပူပူမှုပါဘူး...။ အဘကိုမှတ်တမ်းတင်ခဲ့တဲ့ ရည်ရွယ်ချက်ကလဲ မမြသွေးနီတို့ရဲ့ “Save The Age” သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအသင်းကို ဓါတ်ပုံနဲ့တကွ အကြောင်းကြားချင်လို့...။ နောက်ပြီး ဒီလကမှစပြီး အဲဒီအဖွဲ့အစည်းမှာ ကျမနဲ့ ရုံးကညီမနှစ်ယောက်ပေါင်း ငွေတစ်သောင်းပုံမှန်အလှူထည့်ဖို့ပြောထားပြီးသား...။ နောက်များလဲ အချိန်ရရင် ရသလို ခုလိုပဲ ထပ်သွားဖို့ အစီစဉ်ရှိပါတယ်...။ လောလောဆယ် အဘဦးသုခအတွက် မွေ့ယာနဲ့ အိပ်ယာနာမပေါက်တဲ့ ပလပ်စတစ်အခင်း ၀ယ်ပေးဖို့စီစဉ်နေပါတယ်...။ အဘကိုစေတနာမေတ္တာအားဖြင့် ကူညီချင်သူတွေအတွက် အောက်မှာ ဆက်သွယ်နိုင်တဲ့ လိပ်စာလေးရေးပေးထားပါတယ်...။

မြို့ပြင်မှာတင်ရေကြီးတာမဟုတ်ပါဘူး... ကျမတို့မြို့နယ်မှာလဲ ရေကြီးပါတယ်...
ဦးသုခ
အမှတ်၂၂၉၅/B ၊ သစ္စာ(၃)လမ်း၊
(ထ)ရပ်ကွက်၊လှော်ကား၊ ရွှေပြည်သာမြို့နယ်။
တစ်ဆင့်ခေါ်ဖုန်း 0973091101
မိုးငွေ့