Friday, 4 August 2017

လတ်တလောပြောင်းလဲမှု.....


 အခုဒီဆံပင်ပုံလေးညှပ်ထားတယ်


ပုံမှန်ဆို ကျွန်မက ခရီးသွားပို့စ်တွေရေးရတာပျော်တယ်...။ ခုတစ်ခေါက် ဘန်ကောက်သွားပြီးပြန်လာတော့ ဘန်ကောက်ခရီးသွားပို့စ်ကို ရေးချင်စိတ်နဲနဲလေးတောင်မဖြစ်မိဘူး..။ မှတ်တမ်းတင်ပုံတွေကအစ ရိုက်ချင်စိတ်ကိုမရှိ သိပ်မရိုက်မိ ရိုက်မိတာလေးတွေကိုတောင် delete ပြန်လုပ်မိ အဲလိုတွေ..။ တကယ်တော့ ဘန်ကောက်သွားဖို့က သူငယ်ချင်းတွေကိုချိန်းထားတာ နှစ်ချီနေပြီ တခြားသူနဲ့ ကပ်လျက်နိုင်ငံတွေသာ ရောက်ပြီး ပြန်လာခဲ့တာ ..။ ဒီတစ်ခေါက်တော့ အဒေါ်တွေနဲ့လိုက်သွားတာ.. လေးညအိပ်ငါးရက်ခရီး..။ အဒေါ်က သူ့သမီးမင်္ဂလာဆောင်အတွက် လိုအပ်တာတွေသွားကြည့် အင်္ကျီချုပ်စရာရှိတာ အပ်ခဲ့..။ ကျွန်မကတော့ သူတို့နောက်ကို နှစ်ရက်လောက် တစ်ကောက်ကောက်လိုက်..။ ရောက်ဖူးသူတွေကတော့ ဟိုကိုသွားခဲ့ ဟိုဟာကြည့်ခဲ့ ဒီဟာဝယ်ခဲ့ မှာတာပဲ..။ မြဘုရား လေးမျက်နှာဘုရား safari ဖတ္တရားကမ်းခြေ ဘယ်မှမရောက်ခဲ့ နေမပူမိုးမထိတဲ့ ရှော့ပင်းမောကြီးတွေကိုပဲရောက်ခဲ့..။ ရောက်ခဲ့တဲ့ မောတွေမှာလဲ ဖုတ်ဖက်ခါပဲကြည့်ရ အဲလိုတွေ..။  ကိုယ်လိုချင်တဲ့ ပစ္စည်းကို စိတ်ကြိုက်မွှေခွင့် သိပ်မရလိုက်တော့ စိတ်တွေပျက် ဘာမှမလုပ်ချင် ဓါတ်ပုံတွေမရိုက်ချင်..။ ဓါတ်ပုံမရိုက်ချင်တော့ အဒေါ်က ဆံပင်ပုံမလှတော့ဘူး ဆံပင်ညှပ်လိုက်ဆိုလို့ တွေ့တဲ့ဆိုင်ဝင်ညှပ်လိုက်တာ နဂိုကောက်သားရှိတော့ ပုံသွင်းရတာအလုပ်ရှုပ်..။ ဘာမှသိပ်မဝယ်ခဲ့ရပါဘူး H&M  Zara နဲ့ Uniqilo ဒီသုံးဆိုင်မှာပဲ ရာခိုင်နှုန်းတွေတော်တော်များများလျှော့လို့ ဝယ်ဖြစ်...။ ဘန်ကောက်မြို့ကြီးက နေချင်စရာမကောင်း ကားတွေပိတ်ညှပ်ကျပ် အသက်ရှုမ၀ ပိတ်လှောင်မွန်းကျပ်..။ ထိုင်းမတွေက ဈေးရောင်းတာပုံမလာ ဆက်ဆံရေးမကောင်း မြန်မာပြည်နဲ့ ဘာမှသိပ်မကွာ အင်္ဂလိပ်လိုမရ ပြောလည်းနားမလည် သူတို့ပြန်ပြောတဲ့လေသံကိုလည်း ဘယ်လိုမှဖမ်းမရ..။ တော်သေး ကိုယ်တွေက ငယ်ငယ်က နယ်စပ်မှာနေခဲ့တော့ ထိုင်းစကားလေးတတ်နေပေလို့ သူတို့နဲ့ဈေးမေးဈေးဝယ် အဆင်ပြေ..။ မြန်မာလုပ်သားတွေကို ပြန်ပို့လို့ သူတို့မှာ ဆိုင်ပေါင်း နှစ်ထောင်ကျော်လောက်ပိတ်ထားရ...။ နင်တို့ထုတ်လုပ်သမျှပစ္စည်းတွေကို ဒိုင်ခံဝယ်ယူစားသုံးနေတာ ငါတို့မြန်မာပြည်ကပဲဆိုတာ မှတ်လောက်သားလောက်အောင် နယ်စပ်တွေအကုန်တံခါးပိတ်ပစ်မှပဲ..။


FYI : ဒီ August လကစပြီး ကျွန်မတို့သင်တန်းကကော်ဖီဆိုင်မှာ weekend ရက်တွေတိုင်း part time အလုပ်ဆင်းဖြစ်မယ် ..။ ကော်ဖီ Bar မှာတစ်ပတ်လုပ်ရမယ် Bakery မှာ ဆရာတွေနဲ့ မုန့်ကူလုပ်တာတစ်ပတ် နှစ်မျိုးကို Rotate လုပ်သွားမယ်...။ ဒီကြားထဲအားသေးရင် Busan အသားချောင်းလေးတွေရောင်းတဲ့ ဘားမှာ စားပွဲထိုးလည်းလုပ်ပါမယ်...။ ကိုယ်ပိုင်ဆိုင်ဖွင့်တဲ့အခါကျ Practice ရနေအောင်လို့...။ ကျွန်မဖျော်တဲ့ကော်ဖီ သောက်ချင်တယ်ဆိုရင် စံရိပ်ငြိမ်ဂမုန်းပွင့် လေးထပ်က WTC မှာ weekend တွေတိုင်းလာအားပေးလို့ရပါတယ်လို့..း)


 လေးလကျော်လောက် Latte art နဲ့ အဆက်ပြတ်ပြီး 
ကျွန်မရဲ့ ပထမဆုံး latte art ပုံလေး ရုပ်ဆိုးလေး
 ကော်ဖီအရောင်မညီဘူး Rosetta ပွင့်က ကားထွက်မသွားဘူး 
အပွင့်ထိပ်မှာ အသဲပုံမပေါ်ဘူး ဟဟ...ပြစ်ချက်တွေ ပြစ်ချက်တွေ







 WTC ရဲ့ မိနု


 WTC က ခုခေတ်စားနေတဲ့ Busan  အသားချောင်းရောင်းတဲ့ ကောင်တာ



   ဆရာ ကယ်လ်ဗန်ရဲ့ မိုခါးလက်တေးကော်ဖီ လှမှလှ



စကားမစပ် ခုတလော ရုံတင်နေတဲ့ “ည”ဆိုတဲ့ဇာတ်ကားကို Cele တွေ ရေးတဲ့ပုံစံနဲ့ “ည”ဆိုတဲ့စကားလုံးကို ကာတွန်းနဲ့ ဟာသလေးတွေရေးကြတာ...။   ဥပမာ နီနီခင်ဇော်ရေးတဲ့ပုံနဲ့ “ကျွန်မနဲ့ (၇)ညအိပ်နိုင်မှလာခဲ့ပါ” အဲလိုမျိုး..။ ကျွန်မလဲ မတင်ရသေးတဲ့ ကျွန်မပို့စ်တစ်ခုထဲက ဝါကျလေး တစ်ကြောင်းလောက်ဖွဲ့ပါရစေ... ။

“ညက မလှဘူးလား..ဟင်..ကလေး...ကိုယ်တို့နှစ်ယောက် ဒီလိုလှတဲ့ညတွေကို အတူမဖြတ်သန်းရတာ ဘယ်လောက်ကြာခဲ့ပြီလဲ...”  


မိုးငွေ့

Wednesday, 12 July 2017

ခရီးမှဝယ်ဖြစ်ခဲ့သော.....



မလေး Kota Bharu မြို့ကိုရောက်တုန်းက Aeron Mall မှာ Sephora အလှကုန်ဆိုင်ကြီးလည်းတွေ့ရော ၀င်မွှေပြီး ၀ယ်လာခဲ့တာတွေ..။ နှုတ်ခမ်းဆိုးဆေးတွေက gloss ၀ယ်ဖြစ်တယ် အရောင်ဖျော့တွေပဲ ကြိုက်တယ်..။ ခုခေတ်စားနေတဲ့ Kylie နှုတ်ခမ်းနီလို အခြောက် (Matte)ကျတော့ ကျွန်မဆီမှာ Color pop ရှိပြီးသားမို့ မ၀ယ်ဖြစ်ဘူး ..။ Kylie ကို မျက်ခုံးမွှေးဆွဲတံ နဲ့ Lip Liner  ပဲဝယ်ဖြစ်ခဲ့တယ်..။ Kylie Make-up Brush က လက်ဆောင်ရတာ..။ Smokey eyes, liquid liner နဲ့ cheek high lighter ရော contouring ရော Catrice တံဆိပ်ဝယ်ဖြစ်တယ်..။ ကျွန်မက Bobby brown golden honey foundation ကလွဲရင် brand လက်ဆွဲသိပ်မရှိပါဘူး..။ ကိုယ်ကြိုက်တဲ့အရောင်တွေဆို အဆင်ပြေတယ်..။ ကျွန်မက မိတ်ကပ်ပြင်ရင် အရောင်တွေကို Natural တွေကြိုက်တယ် Nude ဖြစ်တာကြိုက်တယ်..။





ဒါလေးတွေကို ခုစသုံးနေပါပြီ..။ အရင်တစ်ခေါက်က မလေးကအိမ်ရှင်သူငယ်ချင်းက ဗူးသေးလေးတွေ လက်ဆောင်ပေးဖူးတယ်..။ သူကစမ်းသုံးကြည့်ကြည့်... မျက်နှာလေးဝင်းမွတ်ပြီး ကြည်စင်နေရောလို့ပြောတယ်..။ အဲဒါ စမ်းသုံးကတည်းက ကြိုက်လို့ ကိုယ်တိုင် မလေးသွားလည်ဖြစ်တော့ Watson Mart မှာတစ်ဆက်ဝယ်လိုက်တယ်... ။ မျက်နှာသစ်ဆပ်ပြာ၊ toner နဲ့ day/night cream တွေပါ..။ ကိုရီးယား brand ပဲ ...။ စာတွေကိုတော့ မဖတ်တတ်..။ သူကရေဓါတ်ကိုအခြေခံထားတော့ cream က လိမ်းလိုက်ရင် အေးပြီး စေးကပ်ကပ်မဖြစ်ဘူး..။ မျက်နှာအသားရေလေး ပြောင်ပြောင်ကြည်ကြည်လေးနဲ့ ကျွန်မတော့သိပ်ကြိုက်တယ်..။



မနက်ဆို  မျက်နှာသစ်ဆပ်ပြာနဲ့သစ်၊ သူ့ toner ကို ၀ါဂွမ်းလေးနဲ့ဆွတ်ပြီးသုတ်ချင်လည်းရတယ် မဟုတ်ရင် လက်ဖ၀ါးထဲထည့်ပြီး ပါးပေါ်ခပ်ဖေါ့ဖေါ့ပုတ်ပေးလည်းရတယ်..။ ပြီးမှ ခရမ်လေးခပ်ပါးပါးလိမ်း... foundation လူးပြီး contouring လုပ် ပေါင်ဒါပုတ်.. မျက်ခုံးမွှေးဆွဲ မျက်လုံးခြယ် မခြယ်ချင်ရင် လိုင်နာထူထူလေးဆိုး မျက်တောင်ကော့ Bronzerလိမ်း ပါးနီပါးပါးလိမ်း high light တင် နှုတ်ခမ်းလေးနဲနဲဆိုး..။ ကျွန်မရဲ့ နေ့စဉ်မိတ်ကပ်လိမ်းခြယ်နည်း..။ အသက်ရလာတော့ ငယ်ရွယ်နုပျိုစဉ်ကလို မျက်နှာ်ပြောင်နဲ့နေလို့ မသင့်တော်တော့ဘူးလေ..။ လှပကျော့ရှင်း ကျက်သရေလေးရှိအောင် နည်းနည်းပါးပါး လိမ်းခြယ်ဖို့လိုတယ် မဟုတ်လား...။





ဒါလေးက ၀မ်းကွဲညီမတွေ အမေရိကားက အပြန်လက်ဆောင် 
contouring brush, fan brush(hi light brush), powder brush




ဒီပုံက အသားရောင်အဖျော့ပုံပြင်ထားတာ အဓိကက အပေါ်နဲ့အောက်ပုံရဲ့ မျက်ခုံးမွှေးဆွဲပုံကို ယှဉ်ပြောချင်တာပါ..။ ကျွန်မ မျက်ခုံးက ပါးတယ် သေးတယ် ဒီပုံလေးက ကျွန်မရဲ့ နဂိုမျက်ခုံးအတိုင်းကို အညိုရောင် eyebrowနဲ့ ပြန်ဆွဲထားတာ..။ ပြီးတော့ ကျွန်မက မျက်ခုံးမွှေးဆွဲတာညံ့သေးတယ် တစ်ဖက်နဲ့တစ်ဖက် ညီအောင်မဆွဲတတ်သေးဘူး..။ instagram မှာတော့ beauty နဲ့ပတ်သက်တာတွေ တော်တော်မျာျးများကို follow လုပ်ထားတယ် သူတို့ပြင်ပုံပြင်နည်းတွေကြည့်ရတာ လွယ်ကူမြန်ဆန်ပြီး လှပလိုက်တာ..။ contouring နည်းနဲ့ လိမ်းခြယ်ကြတာများတယ် မြန်မာလိုတော့ အပြစ်အနာအဆာကင်းတဲ့ ရုပ်လေးထွက်အောင်ပြင်တာကိုပြောတာ..။ ဒီပုံလေးမှာ foundation က bobby brown မျက်ခုံးမွှေးဆွဲတံနဲ့ လိုင်နာရည်က Sephora နှုတ်ခမ်းဆိုးဆေးက color pop အသားရောင်....။ နောက်တစ်ခုက ကျွန်မ fake eyelashes လုံးဝမတပ်တတ်သေးဘူး....။ ကျွန်မမျက်တောင်ကပါးပြီးကော့ပြီးရှည်တယ် ဒါကြောင့် mascara ကို Volume ပါတာပဲရွေးသုံးဖြစ်တယ်..။





ဒီပုံလေးထဲက မျက်ခုံးမွှေးဆွဲနည်းက ခုခေတ်စားနေတဲ့ မျက်ခုံးအပြားကြီးကြီးထူထူပုံစံ..။ ပြောရမယ်ဆို ကျွန်မတစ်သက်မှာ ဒီလို မျက်ခုံးမွှေးထူထူပုံစံ တစ်ခါမှမဆွဲဖူးခဲ့ဘူး...။ တစ်ခုပိုသိလာရတာက မျက်ခုံးမွှေးဆွဲတံက ချွန်ထက်နေဖို့လိုတယ် တုံးနေရင် ပုံကောင်းကောင်းထွက်အောင် မဆွဲနိုင်ပါဘူး..။ ဒီတစ်ခါမှာတော့ မျက်ခုံးမွှေးဆွဲတံကို အပေါ်ပုံမှာပြထားတဲ့  kylie ကိုသုံးထားတာပါ..။ ပထမဆုံး မျက်ခုံးအရင်းအောက်ဖက်နားကနေ အနောက်ဖက်ထိ ကိုယ်လိုချင်တဲ့ အခုံးအတိုင်း တညီတည်းဆွဲသွားမယ် ပြီးတာနဲ့ အပေါ်ဖက်ကိုလည်း ဒီလိုပဲထပ်ဆွဲမယ် ဆိုလိုတာက မျက်ခုံးပုံကို အပြင်ဖက် ဖရိန်အရင်ချလိုက်တာပဲ ပြီးမှ အတွင်းပိုင်းတွေကို အရောင်ညီအောင်ဖြည့်ပါတယ် ဒါက ကျွန်မဆွဲတဲ့နည်းပါ..။


ကျွန်မ ဗျူးတီးဘလော့ဂါမဟုတ်ပါဘူး လုပ်လည်းမလုပ်ပါဘူး ။ ခုပို့စ်က ကိုယ်ဝယ်ခဲ့တဲ့ ပစ္စည်းလေးထုတ်ကြွားရင်း ပြင်ပုံပြင်နည်းလေးတွေကို ပြောဖြစ်သွားတာပါလို့...။ ဒါနဲ့ စကားမစပ် နေခြည်ဦးရဲ့ အိမ်ခန်းသုံး Hope ရေမွှေးကိုလိုချင်နေတာ ခုထိ ၀ယ်လို့မရသေးဘူး...း(

မိုးငွေ့


Tuesday, 27 June 2017

ကော်ဖီတစ်ခွက်.....





ဒီကော်ဖီခွက်လေး တစ်ခွက်ကိုအကြောင်းပြုပြီး ကျွန်မရေးချင်တာလေးတွေ ရေးပါရစေ..။ ဒီကော်ဖီခွက်လေးက ဒီမနက်ရုံးသွားရင်းလမ်းမှာ take away ဝယ်သောက်ဖြစ်တဲ့ Hot Latte ပါ ..။ bean ကောင်းတယ်..။ သကြားမလိုဘူး။ မခါးဘူး။ ဆိမ့်မွှေးလေး..။ တကယ်ဆို ဆိုင်တစ်ဆိုင်မှာ ကေ်ာဖီတစ်ခွက်ကောင်းမကောင်းက espresso တစ်ခွက်မှာသောက်ရတာပါ..။ ကျွန်မကတော့ ကော်ဖီကောင်းမကောင်းကို Latte မှာသောက်လေ့ရှိတယ်..။ နဂိုထဲက ကိုယ်က ကော်ဖီဆိုတာ ဘာမှန်းညာမှန်း မသိခင်ကတည်းက Ice Latte ကို ခုံမင်ခဲ့သူမဟုတ်လား..။ ဒီ The District ကော်ဖီဆိုင်က Hot Latte လေး မဆိုးဘူး။ ပုံမှန်ဈေးလေးနဲ့ အရသာလည်းကောင်းတယ် balance ဖြစ်တယ်..။ ဒါပေမယ့် ကျွန်မတို့သင်တန်းက ကော်ဖီကိုတော့ မမှီသေးဘူး....။

ဒီကော်ဖီခွက်ပုံလေးကိုတော့ Iphone SE A1662 နဲ့ရိုက်ထားတာပါ..။ ကျွန်မ Iphone SE လေးက Rose Gold အရောင်လေး..။ ကျွန်မက ပန်းရောင် ခရေဇီမို့ အဲအရောင်ကိုရွေးမိတာ..။ ဖုန်းထဲမှာ I ကို ခုမှစကိုင်တာပါ..။ အရင်ကတော့ ကျွန်မ Sony တို့ Sumsung တို့လို Andriod ပဲသုံးဖူးခဲ့တာပါ..။ Iphone ကို ခုမှစကိုင်တာ ရှစ်လလောက်ရှိဦးမယ်..။ I ပစ္စည်းကို သိပ်မစိမ်းတာက လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက ကျွန်မ Ipad သုံးခဲ့ဖူးပါတယ် အဲတုန်းကစသုံးတာက Ipad 2 ခုတော့ Ipad Air သုံးပါတယ်..။ Ipad ကိုသုံးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်မလိုချင်တဲ့ Pinterest ထဲက ပုံတွေကို သိမ်းရတာပါ..။ ပြီးတော့ စာအုပ်စင်ထဲမှာရှိတဲ့ စာအုပ်တွေကို အချိန်မရွေး ခရီးသွားရင်းလည်းဖတ်လို့ရအောင်ပါ..။ နောက်ပြီးတော့ Candy Crush Saga အပျင်းပြေဆော့ရအောင်..။ ကျွန်မအဲဒီဂိမ်းတစ်မျိုးကိုပဲ ဒေါင်းလုတ်လုပ်ထားတယ်..။ အရင်ကဆို အချိန်ပေါတော့ Itune ကနေ Movie တွေထည့်ပြီး ကြည့်ဖြစ်သေးတယ်..။ ခုတော့ You tube လောက်နဲ့ပဲ..။ ကျွန်မက  စိတ်ဝင်စားစရာ သက်ဝင်ဆွဲဆောင်နိုင်တဲ့ အရာဝတ္ထုလေးတွေကို ဓါတ်ပုံရိုက်ရတာ ဝါသနာပါတယ်..။ ဓါတ်ပုံပညာကို ဂဃနဏ နားမလည်ပေမယ့် .. ဖုန်းတွေနဲ့ လျှောက်ရိုက်ရတာကြိုက်တယ်..။ ကျွန်မ အရင်က ကိုင်ခဲ့ဖူးတဲ့ Sumsung Galaxy S5 ကို အကြိုက်ဆုံးပဲ ပုံထွက်အရမ်းလှတယ်..။ Auto Filter ပါလို့ထင်တယ် Selfie ရိုက်ရင်လည်း လူကလှမှလှပဲ..။ Iphone တွေကတော့ လူကိုရုပ်ဆိုးစေတယ် အရေပြားမှာရှိတဲ့ မကောင်းတာမလှတာတွေကို အသားပေးထားသလားအောက်မေ့တယ်..။ ပြောရမယ်ဆိုရင် အရှေ့ကင်မရာပဲကောင်းတယ် အနောက်ကင်မရာမကောင်းဘူး...။ ခုကော်ဖီခွက်ပုံလေးက ကြည်ကြည်လင်လင်လေးထွက်တယ်..။ Focus ယူတဲ့အတိုင်းထွက်တယ်..။  ငှက်ပျောကောက်ညှင်းပန်းကန်နဲ့ တခြားနောက်ခံတွေကို ဝါးထားတယ်..။ ကျွန်မ Fuji XA2 ကင်မရာ တစ်လုံးဝယ်ထားဖြစ်သေးတယ်..။ သူ့ကိုအကြောင်းပြုပြီး ပုံတွေသိပ်မရိုက်ဖြစ်သေးတာနဲ့ သူ့အကြောင်းမရေးဖြစ်သေးတာ..။

ခုတလော နေလို့သိပ်မကောင်းဘူး..။ လည်ပင်းထဲမှာ အစာစားပြီးတိုင်း နင်နေသလို တစ်ဆို့ဆို့ကြီး ခံစားနေရတယ်..။ ဒါမျိုးခံစားမှုကို 2015 နှစ်ဦးပိုင်းတုန်းက တစ်ခါဖြစ်ဖူးတယ်..။ Stress များရင်ဖြစ်တတ်တယ်တဲ့..။ အစာအိမ်က gas က အပြင်မထွက်ဘဲ လည်ပြွန်မှာ တစ်နေတာမျိုး..။ နောက်ပြီး လည်ပြွန်ယောင်နေလို့လဲပါလိမ့်မယ်..။ အဲလိုသာဖြစ်တာ အစားကတော့ စားလို့ကောင်းနေတာပဲ...။ လောလောဆယ် ဆေးခန်းမပြဖြစ်ပါဘူး..။ ဆေးခန်းပြရင် နောက်ဆက်တွဲတွေက များလွန်းလို့ သွေးစစ် ဆီးစစ် ဓါတ်မှန်ရိုက် ဘာညာကွိကွတွေနဲ့..။ အိပ်ရေးကလည်း ဆက်တိုက်ပျက်လို့ ပင်ပန်းတာလည်းပါတယ်..။ အပြင်ပက Virus တွေကူးမလွယ်ရအောင် Vitamin- C သောက်ထားဦးမှလို့ စိတ်ထဲပဲရှိတယ် လက်တွေ့ မသောက်ဖြစ်သေးဘူး..။ မိုးတွင်းဆို ရောဂါထူပျောလွန်းလို့...။ ဒီခန္ဓာကို အလုပ်လုပ်ခိုင်းထားတာ နှစ်ပေါင်းမှမနည်းတော့ဘဲ..။ ဟိုတပတ်ကလည်း ကောက်ညှင်းပြန်ပေါင်းလေး စားမိတာ ဗိုက်ထဲဗြောင်းဆန်ပြီး ထိုးအန်ပါလေရော..။ တော်သေးတယ် ရုံးမှာ အစာအဆိပ်သင့်ရင် ဖြေတဲ့ ဓါတ်ဆားထုပ်လေးရှိပေလို့..။ အဲနောက်ပိုင်းကတည်းက လည်ပြွန်ယောင်တာဖြစ်မယ်..လည်ပင်းက နေလို့မကောင်းဘူး..။ အစပ်ရှောင်ရမယ် မာပြီးအစာကျေမလွယ်တာတွေ ရှောင်ရမယ်...။ ဆီကြော်တွေလည်းရှောင်ရမယ်..။ သိတော့သိနေတာပဲ ပြီးတော့မှသာ အကုန်စားဖြစ်နေတာ..။ 

ဝိတ်ကလည်းလျှော့ချင်သေးတယ်လေ လှချင်တာကိုး..။ ပြီးခဲ့တဲ့ သုံးလက ခရီးတွေဆက်တိုက်ထွက်တုန်းက ဝိတ်တော်တော်တက်သွားသေးတယ် 148ပေါင်တွေ ဘာတွေဖြစ်..။ ခုတော့ 139ပေါင်လို့ စက်ကပြတာပဲ တကယ်ဟုတ်မဟုတ်တော့မသိ..။ ညဖက်ထမင်းမစားဖြစ်တာကြာပြီ..။ စားတဲ့ ထမင်းကလည်း ဆန်လုံးညိုပဲချက်စားဖြစ်နေတယ်..။ ကျွန်မက ရှမ်းပြောင်းကြိုက်တော့ ..။ ရှမ်းပြောင်းအရသာနဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့ ဆန်လုံးညိုကို စားလို့ရနေတယ်..။ တော်ရုံလူတွေ ဆန်လုံးညိုကို အမြင်မှာတင် နှာခေါင်းရှုံ့တတ်ကြတယ်..။ ပြီးတော့ ကျွန်မက ဟင်းမျိုးစုံသာချက်တတ်တာ ထမင်းချက်တော့ သိပ်ညံ့...။ ဆန်လုံးညို ချက်နည်းတောင် You tube မှာ မနည်းလေ့လာသင်ယူထားရတာ..။ ရေကိုအရင်ဆူအောင်တည်ပြီး  သန့်စင်အောင်ဆေးထားတဲ့ ဆန်လုံညိုကိုထည့် ဆန်လုံးကွဲသွားတဲ့အထိတည်ပြီး ကျန်တဲ့ရေတွေကို ငှဲ့ထုတ်ပစ်လိုက်တယ်..။ အဲဒါဆို ဆန်က မာဆတ်ဆတ်မဖြစ်တော့ဘဲ ဝါးလို့ကောင်းတဲ့ ပြောင်ဆံလေးတွေလိုဖြစ်သွားရော..။ ပိုစားကောင်းချင်ရင်တော့ ထမင်းရေငှဲ့ပြီးပြန်နှပ်တဲ့အချိန်မှာ ဆားပါလေကာလေးနဲ့ ကြက်သွန်ဖြူဆီချက်လေး ဆမ်းပြီးနဲနဲမွှေပြီးမှ နှပ်ပါ..။ ဒါဆို ကြက်သွန်ဖြူဆီချက်နံ့လေးမွှေးနေတဲ့ ထမင်းရပြီ..။ ပေါ်ဆန်းလိုတော့ ဘယ်လိုမှ မနူးညံ့နိုင်ဘူးလေ..။ ဒါကြောင့် သူ့ကို အဝင်ကောင်းအောင်တော့ သေချာချက်တတ်မှ စားချင်စဖွယ်လေးဖြစ်မှာ....။

ဟိုးတလောတုန်းကလည်း tissue တွေယောင်တဲ့ Allergies ဖြစ်သေးတယ် ဘယ်ဖက်လက်မှာ..။ မြန်မာလိုတော့ သွေးမှင်လေမှင်ဖြစ်တယ်ခေါ်တာပဲ..။ အဲဒါတော့ ဆရာဝန်ပြပြီး ဆေးသောက်လိုက်တယ်..။ ပင်လယ်စာရှောင်တဲ့ ငပိ ငံပြာရည် ပုစွန်ခြောက်ရှောင်တဲ့..။ ဒါလည်း ဟိုး အရင် သုံးလေးနှစ်ကဖြစ်ဖူးသေးတယ်..။ ဆရာဝန်ကပြောတယ် အချဉ်ဓါတ်လိုတယ်တဲ့..။ သံပုရာရည်သောက်တဲ့..။ ဟုတ်မယ် ကျွန်မ သံပုရာသီးတွေ မစားဖြစ်တာကြာပြီ..။ ဟင်းတွေထဲ အသုပ်တွေထဲထည့်စားရမယ်..။ သရက်သီးစိမ်းလို အချဉ်မျိုးတော့စားဖြစ်ပါတယ်..။ သံပုရာသီးမစားဖြစ်တာ အဓိကက..။ ဒီလိုအသက်ရွယ်မှာ အချိုရှောင်ရမှာ နေ့တိုင်း လိုလို ထမင်းစားပြီး ရသာမွန်က ထုပ်တဲ့ မြေပဲလိတ်တို့ နှမ်းလိတ်တို့စားဖြစ်နေတယ်..။ အဖေ့ဖက်က တမျိုးလုံးက ဆီးချိုသမားတွေ အဲဒီရောဂါတွေနဲ့ပဲ Expire ဖြစ်သွားကြတာ..။ ကျွန်မတို့ပိုသတိထားသင့်တယ်..။ Life Style ကို ပြောင်းဖို့ စပြီး ကြိုးစားနေပါတယ်.. နေထိုင်ပုံ စားသောက်ပုံတွေပေါ့..။ လုပ်စရာရှိ ပြည့်ပြည့်၀၀လုပ်မယ် စားစရာရှိစားမယ် အိပ်စက်စရာရှိ နှစ်နှစ်ခြိုက်ခြိုက်အိပ်မယ်..။ ဒီပို့စ်ရေးနေတုန်း Lunch time ရောက်လို့ ထမင်းဆင်းစား... ဟင်းကစပါယ်ရှယ် ဆန်လုံးညိုကို ကြက်သွန်ဖြူဆီချက်ဆမ်းထားတာရယ် ရှမ်းငရုတ်သီးထောင်းနဲ့စားတယ်..။ ရခိုင်က သရက်သီးလက်ဆောင်ရတာတဲ့ ခွဲထားတာတွေ့လို့ စားခဲ့တယ် ချဉ်ပြုံးလေးကောင်းတယ်..။ ခုတော့ စားပြီး လည်ပင်းက နေလို့ကောင်းနေတယ် တစ်မနေတော့ဘူး..။ တခါတလေ စိတ်ကလည်းအရေးကြီးတယ်..။ စိတ်က တကယ်ဖြစ်နေတဲ့ ရောဂါထက်ပိုကုရခက်တယ်..။






အင်း...ဘာထပ်ပြောရင်ကောင်းမလဲ...။ သြော်... ခုတလော ကျွန်မတို့ဆီမှာ Beauty Blogger တွေခေတ်စားနေတယ်..။ ကျွန်မတို့လို ဘာတွေရေးမှန်းမသိတဲ့ blogger တွေထက်တော့ သူတို့ကို လူပိုစိတ်ဝင်စားကြတယ်....။ အထူးသဖြင့် အလှကုန်တွေ ပေါခြင်းသောခြင်း အမယ်စုံရနိုင်တဲ့ ဒီခေတ်ကြီးထဲမယ် ကလေးမလေးတွေ အရွယ်ရောက်နဲ့ မျက်နှာလေးတွေကို ဘယ်လိုကြည့်လှအောင်ပြင်ရမယ်ဆိုတာ တတ်နေကြပြီ..။ နောက်ဆို Beautician တွေတောင် အလုပ်သိပ်ဖြစ်မှာမဟုတ်တော့ဘူး..။ ကျွန်မကတော့ ဟိုအရင် ဖဘသုံးကတည်းက ဝင်းမင်းသန်းကို အားပေးနေကျပေါ့..။ သူ့ပေ့ချ်က Yangon In My Heart  ...။ ခုဖဘမသုံးတော့ Instagram မှာ follow လုပ်ထားတယ်..။ နောက်ညီမလေးတစ်ယောက်ဖြစ်တဲ့ Nay Chi Oo ကိုတော့ You tube ကြည့်ရင်းနဲ့တွေ့တာ..။ နှစ်ယောက်စလုံး လှတပတလေးတွေ အပြောအဆို သွက်လက်ချက်ချာပြီး ဆွဲဆောင်မှုရှိတဲ့ ကလေးမလေးတွေ..။ ကိုယ်ကိုယ်တိုင်လည်း အလှပြင်တာကြိုက်တော့ You tube မှာ Make up tutorial တွေကြည့်ရင်း နေခြည်ဦးကိုသိသွားတာ..။ ဝင်းမင်းသန်းကိုတော့ မြန်မာပြည်ပြန်မလာခင် ကနေဒါမှာနေကတည်းက သိတယ်..။ တခြား  Beauty Blogger တွေလည်း အများကြီးပါပဲ..။ ဒီနှစ်ယောက်ကတော့ ကျွန်မရဲ့ ဖေးဘရိတ်ပေါ့..။ blogger ခြင်းတူပေမယ့် သူတို့ကတော့ ကျွန်မတို့လို Blogspot တို့  .com တို့နဲ့ စာရေးတာမဟုတ်ဘူး..။ Face Book Page ထောင်ထားတဲ့ ဘလော့ဂါတွေ..။ အဓိက ကတော့ Video တွေ Live တွေလွှင့်ကြတယ်..။ ဖဘစာမျက်နှာက ပိုတွင်ကျယ်တာကိုး..။ ဖုန်းရှိသူတိုင်း ဖဘသုံးကြသည်..။ ကလေး လူကြီး အယုတ် အလတ် အမြတ်မရွေး...။

ဒါနဲ့ စကားမစပ် မေဦးကို တွေ့လိုက်မိတယ်...ကျွန်မဘဏ်ကိစ္စသွားတုန်းကပါ သူနိုင်ငံခြားကနေ အပြီးပြန်လာပြီထင်ပါ့..။ နည်းနည်းပြည့်လာတယ်..။ အဲနေ့ကတွေ့တော့ မြန်မာဝတ်စုံနဲ့ အချိတ်လုံချည်လေးနဲ့ ညိုညက်ပြီး ချစ်စရာကောင်းနေတယ်..။ မေဦးဆိုလို့ ဘယ်သူလဲ မေးနေမယ်..။ တချိန်က No အဖွဲ့ထဲက ရတနာနဲ့ နှစ်ယောက်ထဲဖွဲ့ထားတဲ့ Trio အဖွဲ့မှာ သီချင်းဆိုတဲ့ မေဦးပါ.. (make up artist မေဦးမဟုတ်ဘူးနော်..)။ အဲတုန်းက သူက အမေရိကားမှာ ကျောင်းတက်နေတဲ့ ကျောင်းသူကလေးတစ်ယောက် ဘဝပဲရှိသေးတာ..။ ဒီမနက်ပဲ ဝင်းမင်းသန်း Instagram ထဲမှာ သူ့ကိုထပ်တွေ့လိုက်တော့ တဆင့် သူ့ Instagram ထဲဝင်တော့ Private လုပ်ထားတယ်..။ ဒါနဲ့ ကျွန်မ သူ့ကို follow ဖို့ request လုပ်ထားတယ်..။ ပိုသိသွားအောင် မေဦးဆိုထားဖူးတဲ့ သီချင်းလေး ဗီဒီယိုတင်ပေးမယ်..။ ရှားရှားပါးပါး အဲသီချင်းနှစ်ပုဒ်ပဲရှိတယ်...။








ပြောချင်တာတွေလည်း ကုန်လောက်ပြီဆိုတော့ နှုတ်ဆက်ပါတယ်...အားလုံး ပျော်ရွှင်ချမ်းမြေ့ စီးပွားလာဘ်လာဘတွေ ပွင့်လန်းပါစေလို့.....:)


မိုးငွေ့

Wednesday, 21 June 2017

ဝဲ.....






ခုတလော သိပ်ပြီး hit ဖြစ်နေတဲ့ Mary ရဲ့ “ဝဲ”ကို နားထောင်စေချင်ပါတယ်..။ ဒီသီချင်းကို ကျွန်မနားထောင်ဖူးတာ ရက်ပိုင်းလေးပဲရှိပါသေးတယ်...။ ပြီးတော့ ဖဘက သူ့အကောင့်မှာ ဒီသီချင်းလေးတင်တော့ အားလုံးလာပြီး ကြမ်းကြမ်းတမ်းတမ်း ဝိုင်းဝေဖန်ဆဲဆိုကြလို့ဆိုပြီး အကောင့်ကိုပိတ်သွားတယ်လို့ သိလိုက်ရတယ်...။ အမှန်တော့ အဲဒီသတင်းကို သူ့သီချင်းနားမထောင်ခင် ကတည်းက ကြားလိုက်တာ..။ နောက်တော့ “ဝဲ” သီချင်းကိုသွားနားထောင်ကြည့်တော့ သူ့သီချင်းကို ကျွန်မ ချက်ချင်း ခံစားနားလည်လိုက်မိတာက သူ့ Music ဟာ Lana Del Rey ရဲ့  Music နဲ့ မသိမ်းမယိမ်းပဲ...။ ဆိုလိုတာက ဖဘမှာ လာပြီး ဝေဖန်ဆဲဆိုနေကြသူတွေဟာ Music ဆိုတဲ့ ဂီတကိုသေသေချာချာ နားမလည်ဘဲ ဖဘမှာ ဘယ်သူတွေဘာတင်တင် အသားလွတ်ဆဲဆိုချင်နေတဲ့ ကမ္ဘာကြီးကိုရွာကြီးလို့ ရွတ်ဆိုပြီး ဆိုရှယ်မီဒီယာကိုသုံးနေပြီးတော့မှ အမြင်ကျဉ်း ဘောင်ကျဉ်းထဲမှာနေနေတုန်းဖြစ်တဲ့ သူတွေလို့တော့ ကျွန်မမြင်တယ်..။

ဂီတအမျိုးအစားတွေကို ခွဲခြားနားလည်ဖို့ ကျွန်မက ကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေမယ့် ဂီတကိုတော့ ချစ်မြတ်နိုးသူတစေ်ယာက်ပါ..။ ကျွန်မက Lana Del Rey တို့ Lorde တို့ရဲ့ သီချင်းကိုနားထောင်ဖူးထားတော့ မေရီရဲ့ “ဝဲ” ကိုနားထောင်ရတာ နားထဲဘာမှ ထူးဆန်းမနေပါဘူး...။ ကျွန်မတို့မြန်မာပြည်မှာလည်း ဒါမျိုးဂီတကို ဆိုနိုင်နေပါလားလို့ စိတ်ထဲတောင် ဂုဏ်ယူမိပါသေးတယ်..။ Lil Z နဲ့ featuring ဆိုထားတဲ့ “မငိုပါနဲ့တော့” ကိုတော့ FMမှာ ခနခနလွှင့်လို့ နားထောင်ရင်း မေရီ အသံရဲ့ ထူးခြားမှုကို သတိထားမိခဲ့သေးတယ်...။ “ဝဲ” ကို မနေ့ညနေ အိမ်ပြန်တော့ ချယ်ရီ FMက လွှင့်သေးတယ်...။ မေရီကို အားပေးချင်တာက ဘာမှသိပ်ဂရုမစိုက်ပါနဲ့ ကိုယ့်လမ်းကြောင်း ကိုယ်ယုံကြည်ရာကိုသာ မှန်မှန် ဆက်လျှောက်ပါလို့...။ အနုပညာဆိုတာ ကိုယ့်ကို လက်ခံနိုင်တဲ့လူရှိတယ် လက်မခံနိုင်တဲ့လူတွေရှိတယ် ကိုယ်လည်းကိုယ်လုပ်စရာရှိတာလုပ်ပါ..။ ဒါတောင် မေရီက အသံနဲ့ အပြင်အဆင်နဲ့ သိပ်မလိုက်ဖက်သေးဘူး..။ ဒီလိုဆိုပုံဆိုပေါက်မျိုးနဲ့ဆို ဖက်ရှင်က သူများနဲ့မတူ ခွဲထွက်နေရင် သီချင်းနဲ့ပိုလိုက်ဖက်မှာ...။

“ဝဲ” ဆိုတဲ့ အဓိပ္ပါယ်က သူစွဲလန်းရူးသွပ်နေတဲ့ကောင်လေးတစ်ယောက်ဟာ သူ့အာရုံကို အချိန်းတိုင်း တဝဲလည်လည် ဖမ်းစားထားတယ်လို့ ကျွန်မကတော့ နားထောင်ပြီး ခံစားနားလည်မိပါတယ်..။ သိပ်ကောင်းတဲ့ သီချင်းအမျိုးအစားသစ်လေးတစ်ပုဒ်ပါ..။ Mary ဟာ အသံကဝေလို့တင်စားကြတဲ့ အဆိုတော်တင်ဇာမော် ကိုယ်တိုင်ကတောင် welcome လုပ်ထားတဲ့ ကလေးတစ်ယောက်ပါ...။ သူ့ ဂီတအမျိုးအစားကို ပိုပြီးနားလည်အောင် ကျွန်မ Lana Del Rey ရဲ့ Black Beauty နဲ့  Blue Jean ကိုပါ တင်ပေးလိုက်ပါတယ်..။







Lana Del Rey
Genre  -  Pop/Rock
Style    -  Baroque Pop, Dream pop, trip hop rock, indie pop






...... Fighting !!!!!  “Mary”  ......



မိုးငွေ့

Saturday, 17 June 2017

မိုးရာသီအလွမ်း(၁၄).....







ဒီနှစ်မိုးရာသီမှာ မင်းဘယ်ရောက်နေလဲ အိန်ဂျယ်...??

မြေပြင်ပေါ်မှာလား ပင်လယ်ပြင်မှာလား.....။ မြေပြင်ပေါ်မှာဆို မိုးရေထဲမင်းဘောလုံးကန်နေမလား၊ ကွန်ပြူတာရှေ့မှာ ကော်ဖီပူပူတစ်ခွက်နဲ့ထိုင်နေမလား၊ ဒါမှမဟုတ် ထီးတစ်ချောင်းနဲ့မိုးရေထဲလျှောက်သွားနေမလား...။ မေးခွန်းတွေများစွာရှိနေပေမယ့် မင်းကိုယ့်ကိုခုလောက်ဆိုမေ့နေလောက်ရောပေါ့နော်...။
စိတ်ကူးယဉ်စာတွေရေးမထွက်တော့ဘူးလို့ ကိုယ်ပြောတော့ မင်းစိတ်မကောင်းဖြစ်သွားသေးလား...။ 

ကိုယ်ပြောခဲ့ပြီးသားပဲ အိန်ဂျယ်ကိုယ်နဲ့လိုက်ပါနေသရွေ့ ကိုယ့်အိန်ဂျယ်စာစုတွေ အခန်းဆက်ရှည်နေဦးမှာပဲလေ...။

ဒီနှစ်မိုးက အစနောက်ကျပြီးမှရောက်လာလို့ အနှောင်းနောက်ကျမလားပဲ...။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကတော့ မိုးရွာနေရင်ပဲပျော်တယ်...ပြီးတော့ မင်းကိုလွမ်းတယ်...။



မိုးငွေ့

Monday, 12 June 2017

Luckie and me.....


 


အာကာကျော်ရဲ့ ပထပဆုံးအကြိမ် Solo Show ကို ကြော်ငြာစတွေ့ကတည်းက ကြည့်ချင်နေတာ....။  သူ့ဖွင့်ပွဲက ကြားရက်ဖြစ်နေတော့ မသွားဖြစ်ခဲ့ဘူး...။ တကယ်တော့ ညနေ 6 နာရီကနေ 8နာရီ ရုံးဆင်းချိန်လေးပြေး သွားလို့ရပေမယ့် မရှောင်လွဲနိုင်တဲ့ တခြားလူမှုကိစ္စတွေကရှိနေတော့ ရုံးကညီမလေးတစ်ယောက်ကိုပဲ လွှတ်လိုက်ရတယ်...။ ကျွန်မ မြန်မာဖြစ် မင်းသမီးရုပ် အဖြူရောင်တီရှပ်လေးတစ်ထည်ဝယ်ထားခဲ့တယ်..။ အဲဒီအင်္ကျီရဲ့ ဘယ်ဖက်ရင်ဘတ်နားမှာ အာကာကျော်ရဲ့ လက်မှတ်ထိုးခဲ့ပေးလို့ မှာလိုက်တယ်..။ ရုံးကညီမလေးက တာဝန်ကျေခဲ့ပါတယ်..။ ဓါတ်ပုံတွေရိုက်လာပေးခဲ့တယ်..။ ပန်းချီကားဈေးတွေကိုလည်း ကြည့်ပေးခဲ့လို့မှာတော့ အနည်းဆုံးကားတောင်မှ ဒေါ်လာ 1800လောက်ရှိပါတယ်တဲ့...။  

ပြပွဲက 38လမ်းမှာရှိတဲ့ River Gallery ...။ ကျွန်မထင်တာမမှားဘူးဆိုရင် ပန်းချီဆရာ ဦးထိန်လင်းရဲ့ ဇနီး တချိန်က ရန်ကုန်မှာ အင်္ဂလိပ်သံအမတ်ဖြစ်ခဲ့ဘူးတဲ့ အမျိုးသမီးဖွင့်ထားတဲ့ ပြခန်းလေးမှာပါ..။ June 7 ရက်နေ့မှာ စဖွင့်ပြီး 18ရက်နေ့ထိ နေ့စဉ်ပြသသွားမှာဖြစ်ပါတယ်..။ ပြပွဲ ခေါင်းစီးကတော့ Luckie and me ဖြစ်ပြီး အဓိက ကတော့ Lucky fish ငါးတွေကို အနက်ရောင်နောက်ခံမှာ အနီရောင် အဝါရောင် အပြာရောင်တွေသုံးပြီး ပုံစံမျိုးစုံရေးဆွဲထားတဲ့ ကားတွေဖြစ်ပါတယ်..။ lucky in the dark လို့လည်း အဓိပ္ပါယ်ဖွင့်ပါသေးတယ်..။




OMG!!!!
See .... that's my Crush's sign on my T-shirt




ကျွန်မ အနုပညာရှင်တွေရဲ့ လက်မှတ်ကို အမှတ်တရလိုလိုလားလား မရယူခဲ့တာ ဘယ်လောက်ကြာပြီလဲ..။ လွန်ခဲ့ သုံးလေးနှစ်ကတော့ ကျွန်မတို့ ဘလော့ဂါ အစ်မတွေ စာအုပ်ထုတ်ကြတော့ သူတို့ ကိုယ်တိုင်လက်မှတ်ထိုးပေးတဲ့ စာအုပ်တော့လက်ခံရဖူးခဲ့ပါတယ်..။ ငယ်ငယ်တုန်းကတော့ မင်္ဂလာဆောင်တွေသွားရင် အဆိုတော်တွေရဲ့ အော်တိုလက်မှတ်ကို စာအုပ်လုပ်ထားပြီးတော့ကို သိမ်းထားဖူးခဲ့တာ...။ ခုတော့ အာကာကျော်ရဲ့ Night 2017 ဆိုတဲ့ လက်မှတ်ကို အမှတ်တရသိမ်းထားဖို့ရခဲ့ပြီ...။






ကျွန်မအကြိုက်ဆုံးကား ကျွန်မအိမ်ဧည့်ခန်းနံရံမှာ ချိပ်ဆွဲဖို့ရည်ရွယ်ထားပေမယ့် ဈေးကိုတော့မတတ်နိုင်ပါ ကော်ပီလေးပဲကူးပါရစေတော့
























































တချို့ကို River Galley မှာတင်ထားတဲ့ပုံကို ပြန်လည်ကူးယူထားပါတယ်..။ ကိုယ်တိုင်သွားကြည့်ဖြစ်တဲ့နေ့ကျရင် ကင်မရာလေးနဲ့ ထပ်ရိုက်ခဲ့ပါဦးမယ်  :)

ကျွန်မတို့နိုင်ငံ့ဂုဏ်ကိုဆောင်ပေးတဲ့ လူငယ် ပန်းချီဆရာတစ်ယောက်အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်..။ ရှေ့ဆက်ပြီး ဒီထက် အများကြီးအောင်မြင်ပါစေ အာကာကျော်..။


မိုးငွေ့



Monday, 5 June 2017

မိုးရာသီအလွမ်း.....




ကျွန်မချစ်တဲ့ မိုးရာသီရောက်တိုင်း မိုးသီချင်းတွေကို နားထောင်ဖြစ်တယ်..။ ဒီသီချင်းကတော့ ကျွန်မဖုန်းထဲမှာ အမြဲရှိနေတဲ့ မိုးသီချင်းထဲက တစ်ပုဒ်..။ အဖွဲ့နာမည်က X-banana တေးရေးက အောင်ဖြိုး...။ ဒီသီချင်းလေးကို မှီပြီး 2011 ခုနှစ်တုန်းက အက်ဆေးလေးတစ်ပုဒ်ရေးခဲ့ဖူးတယ်..။ “တနင်္ဂနွေမိုးသည်း”တဲ့...။ အက်ဆေးလေးဖတ်ရင်း သီချင်းလေးနားထောင်ကြရအောင်လား...။


“မိုး မိုး မိုး .......တို့နှစ်ယောက်ချစ်တဲ့မိုး..... 
မိုး မိုး မိုး..... ခုတော့ အချစ်ရယ်...ဘယ်မှာလဲ....
မိုး မိုး မိုး .... လွမ်းလို့မဆုံးဘူး...မိုး...”


လက်ဖက်ရည်ဆိုင်ထဲက သီချင်းသံက ကိုယ့်ရင်ကိုပိုပြီးစူးနစ်စေသလိုလို.....။ မိုးအေးအေးနဲ့ အိမ်မှာကွေးရတာ ပျင်းလာလို့ အပြင်ပတ်ဝန်းကျင်နည်းနည်းထွက်ပြီးလေ့လာနေတာ....။ မိုးခိုတဲ့သူတွေ ကိုယ့်လိုပဲ ပျင်းပျင်းနဲ့ လက်ဖက်ရည်ထွက်သောက်သူတွေ ဆိုင်တစ်ခုလုံးနီးပါး ပြည့်လို့ရယ်....။ တော်ပါသေးရဲ့ ဒေါင့်ခုံနေရာလေးမှာ လူလွတ်နေလို့...။ ပြီးတော့ နံရံကပ်လေးဆိုတော့မှီလို့ရသေး....။ လက်ဖက်ရည်လေးကျိုက်လိုက်... သီချင်းအေးအေးလေးနားထောင်လိုက် လမ်းပေါ်က မိုးရေတွေကို ငေးမောလိုက်နဲ့တော့ ကိုယ့်ဖီလင်နဲ့ကိုယ် ဟုတ်နေလို့ပဲ...။

ဆိုင်ရှင်က အိုင်ဒီယာမဆိုးဘူး....မိုးရာသီအတွက် သီချင်းတွေကို မိုးနဲ့ပတ်သက်တာချည်းပဲ သီးသန့်လက်ရွေးစင် သွင်းထားတဲ့ ခွေကိုဖွင့်ပေးထားတယ်....။ အပြင်မှာတော့ မိုးကသည်းကြီးမဲကြီးရွာလိုက် ပြန်တိတ်သွားလိုက်နဲ့ အလုပ်ကိုရှုပ်နေရော.....သူ့စိတ်ကြိုက်ရွာချင်သလိုကို ရွာနေတာ ဒါ....ရန်ကုန်မိုး....။ မိုးအေးလို့လား အခါတိုင်းလို စကားပြောသံတွေဆူညံမနေဘဲ... ကိုယ်နောက်မှီထားတဲ့ နံရံ အထက်က ချိပ်ဆွဲထားတဲ့ ဘောက်စ်ကထွက်တဲ့ သီချင်းသံ ငြိမ့်ငြိမ့်လေးနဲ့ မိုးစက်ကျသံတို့က ကာရံစည်းချက်ကိုလိုက်လို့....။

“ မိုးစက်မဲ့ ငါ့ညတွေ မိုးစက်မဲ့ မုန်တိုင်းတွေ တိုက်သလို မင်းအတွက် စကားလုံးးတွေငါ့မှာ မရှိသလို အားလုံးပြောင်းလဲသွားမှ အတိတ်က အရင်လိုမဖြစ်သလို ချန်ခဲ့ပြန်တဲ့ မင်းအနမ်းတွေကို လွမ်းသလို ကျန်ရစ်သလို.... ”

ခဏနေတော့ ဆိုင်ထဲကို အသားခပ်ဖြူဖြူသန့်သန့်ကောင်လေးနဲ့ အသားညိုညိုကောင်လေး နှစ်ယောက် ဝင်လာပြီး ဟိုနေရာရှာဒီနေရာရှာလုပ်ရင်းက ကိုယ်ထိုင်တဲ့ စားပွဲကိုလက်ညိုး ထိုးပြီး လျှောက်လာနေကြတယ်...။

“အစ်ကို ဒီနေရာမှာလူရှိလား.... ကျနော်တို့ထိုင်လို့ဖြစ်မလားဗျ”...

ဟားးး လုပ်ပြီ.....။ ဂျင်းဘောင်းဘီ တီရှပ်အဖြူနဲ့ မိုးအေးလို့ အပေါ်ဂျင်းဂျာကင် ထပ်ထားပြီး အောက်က အောစတားရှုး ဦးထုပ်ကိုခိုက်ငိုက်ငိုက်စောင်းထားတဲ့ ကိုယ့်ကို သူတို့က ယောက်ကျားတစ်ယောက်ထင်နေတာ...။ ရှိစေတော့ ရှိစေတော့ ကိုယ်ခေါင်းညိမ့်ပြလိုက်တော့ သူတို့နှစ်ယောက် ခုံဆွဲထိုင်လိုက်တယ်...။

“ဟေ့ကောင်... မင်းကောင်မလေးကလာပါ့မလား မိုးဒီလောက်ရွာနေတာ” အသားညိုညိုကောင်လေးက အဖြူကောင်လေးကိုမေးနေတာ...။ ကြည့်ရတာ ရည်းစားနဲ့ ချိန်းထားကြတာဖြစ်မှာပါ....။ သူတို့စကားပြောရခက်မှာစိုးလို့ ပါလာတဲ့ ဆရာနန္ဒာသိန်းဇံရဲ့ “အရိမဒ္ဒနမှတွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲ” စာအုပ်ကိုဖတ်နေလိုက်တယ်...။ သူတို့နှစ်ယောက်လက်ဖက်ရည် တစ်ယောက်တစ်ခွက်မှာပြီး....။ အညိုကောင်လေးက ရေနွေးခွက်ကိုဆေးပြီး ရေနွေးငှဲ့ထည့်နေတယ်....။ ပြီးတာ့ ကိုယ့်ရှေ့ကခွက်ကိုပါဆွဲယူပြီး...။

“အစ်ကိုကျနော်ရေနွေးဖြည့်လိုက်မယ်နော်”တဲ့

သူပြောတဲ့အချိန် ကိုယ့်ခွက်ထဲကို သူ ရေနွေးငှဲ့ထည့်နေပြီ...။ ကိုယ်သူ့ကိုမော့ကြည့်ပြီး “ကျေးဇူး”လို့တစ်ခွန်းပြောလိုက်တယ်...။ ဒီတော့မှသူက အံ့အားသင့်သွားတဲ့ အကြည့်နဲ့....။

“ဟာ....ဆော ဆောရီးနော်.... ကျနော်က ယောက်ကျားလေးအောက်မေ့လို့ ဆောရီးအစ်မ”

“ရပါတယ်....” လိုရင်းတိုရှင်းပြန်ပြောပြီး ကိုယ်စာအုပ်ကိုဆက်ဖတ်နေလိုက်တယ်....။

အဖြူကောင်လေးကတော့ လက်ကိုင်ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလို့ ကိုယ်တို့အဖြစ်ကို မသိလိုက်....။

“ကျွတ်....ဟာကွာ.... ဖုန်းလည်းမကိုင်ဘူး....” အဖြူကောင်လေးဆီက ကျွတ်ခနဲ စုတ်သပ်တဲ့အသံထွက်လာတယ် ။

“ငါထင်တယ် မင်းကို သူပုံပြောသွားပြီ ငါ့ကောင်”

ကိုယ်လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ပြီး တစ်ကျိုက်မသောက်ခင် သူတို့ကို တစ်ချက်စပ်စုပြီး ကြည့်လိုက်တယ်....။ အဖြူကောင်လေးက ရှပ်အကျီၤဖြူဆွတ်ဆွတ်နဲ့ ကချင်ပုဆိုးလေးကို သပ်သပ်ရပ်ရပ် ဝတ်ထားတာ....။ ခပ်ကြမ်းကြမ်း ဆံပင်တိုတိုတွေက မိုးရေတွေစိုလို့.....။ မျက်ခုံးခပ်ကောင်းကောင်း....။ နှာတံပေါ်ပေါ် နှုတ်ခမ်းတစ်စုံက ယောက်ကျားလေးတွေဆီမှာ မြင်ဖူးလေ့ရှိတဲ့
နှုတ်ခမ်းထက် နည်းနည်းလေး ပိုထူနေတယ်လို့ ထင်တယ်...။ ဆေးလိပ်မသောက်မှန်းသိသာတယ်....။ အသားအရေတွေက ကြည်လက်နေတယ်...။ သူ့ကိုမြင်တော့ အိန်ဂျယ့်ကို သတိရသွားတယ်.........။ ကိုယ့်ရဲ့ အိန်ဂျယ်လေးရော ဘယ်ဆီရောက်နေသလဲ...။ ခုနေ ဟိုကောင်လေးလိုပဲ ကိုယ်ဖုန်းကောက်ဆက်လိုက်ရင် ဒါမှမဟုတ် မက်ဆေ့ချ်ပို့လိုက်ရင် မင်းရောက်လာမလား.....။ ဟ...ဟ...ဟ ဘယ်တုန်းကများ မင်း..မက်ဆေ့ချ်ပြန်ဖူးလို့လဲ.....။ ကိုယ့်ဘာသာကိုယ်တွေးပြီး ရယ်လိုက်ပေမယ့် နာနာကျင်ကျင်နဲ့ ကိုယ့်ရယ်သံတွေကို ကိုယ်တိုင်ပဲပြန်ကြားရတာပါ....။

“မိုးတွေရွာချိန်တိုင်း ဒီရင်မှာလွမ်း အိမ်ပြန်ချိန်လမ်းလေး ငါလျှောက်ရင်း ခုဆို လူတွေအကုန်လုံး အိပ်ပျော်နေချိန်မို့ နင်ဘယ်မှာရှိမလဲ ငါမသိလို့ ဒီဇူလိုင်မိုးတွေရွာတိုင်းမှာ ဟိုအရင်နေ့လေးတွေ ငါသတိရ ရွာနေတဲ့ မိုးတွေရပ်မသွားပါ စိုစိုကာရွှဲရင်း တစ်ယောက်တည်းငါ မိုးတွေရွာ....”


ကိုယ်စာအုပ်ဖတ်ပြီး တစ်ဝက်ကျိုးသွားတဲ့ အထိ သူတို့နဲ့ ချိန်းထားတဲ့ ကောင်မလေးအရိပ်အယောင်တောင် မတွေ့ရပါဘူး....။ မိုးအေးအေးမှာ ကောင်လေးကတော့ ရင်ပူနေရှာမှာပေါ့....။ ကိုယ့်မှာ စာအုပ်ဖတ်လိုက် သူတို့ကို မသိမသာစပ်စုလိုက်နဲ့ အလုပ်ကိုဖြစ်လို့...။ နောက်တော့ ရောက်လာတော့မှာမဟုတ်ပါဘူးလေဆိုပြီး စိတ်လျှော့လိုက်ပုံရပါတယ်။ သူတို့ဘာသာသူတို့ ဟိုအကြောင်းဒီအကြောင်းပြောရင်း....အညိုကောင်လေးက ကိုယ့်လက်ထဲက စာအုပ်ကိုလာစပ်စုလိုက်သေး....။

“အစ်မ အဲဒီစာအုပ်လေးဖတ်လို့ကောင်းလား.... ကျနော်က ဆရာနန္ဒာသိန်းဇံရေးတဲ့ ရသစာတွေကို သိပ်ကြိုက်တာ ဒီစာအုပ်က ခုမှထွက်တာထင်တယ်...”

“ဟုတ်တယ် ခုမှအသစ်ပြန်ထုတ်တာ ဆရာ့ရဲ့ဆောင်းပါးစာစုတွေလေ...”

ဒီတော့မှ အဖြူကောင်လေးကပါ လိုက်လာတော့တယ်....။ အစောကတော့ သူ့ကောင်မလေးကို တမျှော်မျှော်နဲ့ကိုး...။

“အစ်မက အင်တာနက်သုံးလား” တဲ့....။

“ဘာဖြစ်လို့လဲ ဒီဘက်ခေတ်မှာ အင်တာနက်လူတိုင်းသုံးတာပဲ” ကိုယ့်ရဲ့လေသံနဲနဲ မာဆတ်ဆတ်ဖြစ် နေလိမ့်မယ်ထင်တယ်....။

“... အစ်မကို အင်တာနက်ဆိုင်မှာ ခဏခဏတွေ့ဖူးနေလို့ပါ...”

“ဟုတ်မှာပါ...” “မင်းကို တစ်ခုတော့မေးချင်တယ် အကျီၤအဖြူရောင်ကို ကြိုက်လို့ဝတ်တာလား” ကိုယ်မေးလိုက်တော့မှ သူ့ကိုယ်သူပြန်ငုံ့ကြည့်ရင်း....

“ဟုတ်.... အဖြူရောင်ကြိုက်ပါတယ်.... များသောအားဖြင့်ဝတ်ဖြစ်ပါတယ်... ဒီနေ့က လူမှုရေးလုပ်အားပေး တစ်ခုက ပြန်လာလို့ ဒီလိုလေးဖြစ်နေတာ...”

အဖြူရောင်လေးက စကားပြောသွက်လက်သားပဲ....။ ခုခေတ်ကောင်လေးတွေ လူမှုဆက်ဆံရေးမညံ့ကြပါဘူး..။ လိုက်လျောညီထွေစွာနေထိုင်ပြောဆိုတတ်တာပဲ....လို့ စိတ်ထဲတွေးမိသွားတယ်...။ ကိုယ်တို့စကားစပြတ် သွားချိန်မှာပဲ....။ ဆံပင်ခါးလည်လောက်ရှည်တဲ့ ချစ်စရာကောင်မလေး တစ်ယောက်ရောက်လာတယ်....။ သူတို့မျှော်နေတဲ့ ကလေးမလေးပါ....။ အဖြူရောင်ကောင်လေးရဲ့ ကောင်မလေးပေါ့...။ ကိုယ်နဲ့စကားပြောရင်း သူတို့ စောင့်ရကျိုးနပ်သွားပါတယ်....။ မိုးလဲ စဲနေပြီ....။

“ကျေးဇူးပဲ အစ်မရေ... ကျတော်တို့ကို စကားပြောပေးတဲ့အတွက်... နောက်မှဆုံမယ် လစ်ပြီ” တဲ့...။

သူတို့လစ်ပြီပြောခါမှပဲ အချိန်ကိုကြည့်မိတယ်....။ လက်ဖက်ရည်တစ်ခွက်နဲ့ ကိုယ်ထိုင်နေတာ နှစ်နာရီနီးပါးရှိနေပြီ...။ ကိုယ်လည်း လစ်ဦးမှပါ....။ ညနေစာချက်စရာလေးပါ ဒီနားကဈေးမှာ ဝင်ဝယ်ဖို့စိတ်ကူးလိုက်မိတယ်....။ ဘာမှတော့မဆိုင်ဘူးပေါ့ အိန်ဂျယ်.......။ မင်းကြိုက်တတ်တယ်ဆိုလို့ အဲဒီလက်ဖက်ရည်ဆိုင်က စမူဆာလေး သုံးခုဝယ်ပြီး အိမ်ကျသုပ်စားမလားလို့....:)

“မယုံနိုင်ဘူး မင်းစွန့်ခွာသွားတဲ့ နေ့ကို
မယုံနိုင်ဘူး သံယောဇဉ်ဖြတ်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး အိပ်မက်တွေဖျက်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး ဒီအတိုင်းဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်ဘူး....”

ပြန်ခါနီးမှ ကိုငဲကလည်း မယုံနိုင်ဘူး ချည်းဇွတ်အော်နေတော့တာပဲ....။ မယုံနိုင်လည်း ယုံရတော့မှာပဲ တကယ်လည်း မင်းစွန့်ခွာသွားခဲ့တာပဲ သံယောဇဉ်ဖြတ်သွားခဲ့တာပဲ အိပ်မက်တွေကို ဖျက်းစီးပစ်ခဲ့တာပဲ ဒီအတိုင်းဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်လည်း ယုံရပြီ....။

မိုးတွင်းကြီးထဲမှာ ထီးကိုင်ဖို့လည်းပျင်းသေးတဲ့ ကိုယ့်အတွက် မိုးစဲချိန်ကိုပဲ စောင့်ရတာ အကျင့်ရနေပါပြီ....။ အပြင်ဘက်မှာတော့ တိမ်တွေက ခဲသားရင့်ရောင်သန်းနေဆဲ.... မိုးစက်တွေ တစ်ဖျောက်နှစ်ဖျောက်ကျနေဆဲပဲ...။ စာအုပ်လေးကို ရေမစိုအောင် ဂျက်ကက်အတွင်းထဲထည့်ပြီး ကိုယ်ချစ်တဲ့ မိုးအောက်မှာ အရသာရှိရှိ လမ်းလျှောက်ပြန်လာခဲ့တော့တယ်...။



မိုးငွေ့