Tuesday, 9 May 2017

ဗီယက်နမ်ခရီးစဉ်.....(4)



ဒါးလက်မြို့က ကျွန်မတို့တည်းတဲ့ ဟိုတယ်ကနေ မနက်စာစားပြီး တောင်ပေါ်မှာရှိတဲ့ Truc Lam ဘုရားကျောင်းကို cable ဓါတ်လုံးနဲ့ထပ်တက်ကြရပါတယ်...။


Cable မစီးခင် ဒါးလက်မြို့ရဲ့ ရှုခင်း






တောင်ပေါ်တက်တဲ့ ရှုခင်း











တောင်ပေါ်ကအမှတ်တရပစ္စည်းဆိုင်


Truc Lam ဘုရားကျောင်း








ဘုရားကျောင်းဝင်းထဲမှာ ပန်းတွေအများကြီးစိုက်ထားတယ် လှမှလှပဲ





ချဉ်ပေါင်ပန်းလေးမပွင့်သေးဘူး





 
ကျွန်မတို့ဆီမှာ ဈေးထဲမယ် ပဲပန်းဆိုပြီး တစ်စီးကို ငါးထောင်လောက်နဲ့ရောင်းနေတာ ပေါ့ ..။ ဒီမှာတော့ အလှစိုက်ပန်းလေးတွေ သိပ်လှတာပဲ





ငယ်ငယ်တုန်းက ရွာမှာ အဲလိုပန်းမျိုးတွေ အ၀ါရောင်လေးတွေအများကြီးပဲ ပန်းရောင်တော့ ခုမှမြင်ဖူးတာ



Bao Ding ဘုရင့်နန်းတော်ထဲမှာလည်းအဲဒီပန်းလေးရှိတယ် ဘာပန်းမှန်းမသိ





လာသမျှခရီးသွားတွေအားလုံးကလည်း ဘုရားရှိခိုးပြီး ဒီပန်းတွေနဲ့ပဲလှည့်ပတ်ဓါတ်ပုံရိုက်နေကြတာပဲ







ပန်းမြို့တော်ကိုရောက်ခဲ့တော့ ပန်းပုံတွေကများနေတယ်





ဘုရားကျောင်းမှာ ဘုရားကန်တော့ လျှောက်ကြည့် ဓါတ်ပုံရိုက်ကြပြီးတော့ Dantala ရေတံခွန်ကို ဆက်သွားခဲ့ကြပါတယ်..။ ပြင်ဦးလွင်မှာရှိတဲ့ ပိတ်ချင်းမြှောင်ရေတံခွန်လောက်တောင်မလှပါဘူး..။ ပွဲကောက်ရေတံခွန်သာသာရယ်..။ ဒါပေမယ့် ရေတံခွန်က ဟိုးအောက်ဖက်လျှိုထဲမှာမို့ လမ်းလျှောက်ဆင်းရင် တစ်နာရီလောက်ကြမယ်တဲ့..။ အားလုံး ရိုလာခို့စတာလိုမျိုးဟာနဲ့ တစ်စီးကိုနှစ်ယောက်စီးပြီး ရေတံခွန်ရှိတဲ့အောက်ကို သွားရတယ်..။ ကားမောင်းတာက လက်တံလေးနှစ်ဖက်ပါတယ် အရှေ့မှာထိုင်တဲ့သူက လက်တံကို ရပ်ချင်ရင် အနောက်ကိုဆွဲပြီး အရှေ့ကိုသွားချင်ရင် အရှေ့ကိုတွန်းရတယ်..။ မောင်းခါစက အထိန်းအချုပ်ခက်ခဲတယ်..။ ကျွန်မနဲ့ညီမလေးကတစ်စီး အတူစီးရတာ ကျွန်မက Driver ပေါ့..။ အကွေ့အကောက်နေရာရောက်ရင် လမ်းကြောင်းကအစောင်းလုပ်ထားတော့ အသည်းယားစရာ..။ ခါးပတ်ကလည်း အရှေ့ကတစ်ယောက်ပဲပတ်ရတာ..။



















အဆင်းအတက်မှာ လုပ်ကိုင်ပေးရတဲ့ ၀န်ထမ်းလေးတွေကလဲ အဲလိုဝတ်စုံပြည့် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်လေးတွေ..။ ဖော်ဖော်ရွေရွေလဲရှိကြတယ်..။ ဆက်ဆံရေးကတော့ ပြောစရာမရှိ။






ရေတံခွန်ကြီးဆီကအပြန် နေ့လည်စာစားတဲ့ဆိုင်က မုန့်ဆိုင်လေး... ပြန်ခါနီးတော့ လူက အားယုတ်လျော့လာတယ် ပင်ပန်းနေပြီလေ ဓါတ်ပုံတောင် စုံအောင်မရိုက်နိုင်တော့ဘူး..။ ဒါးလက်မှာ ညစာစားပြီး ဒါးလက်ညဈေးကိုသွားလည်ကြသေးတယ်..။ ဖုန်းက ဘက်ထရီလုံးဝကုန်သွားလို့ ဟိုတယ်မှာ အားသွင်းပြီးထားခဲ့ရတာနဲ့ ဘာပုံမှမရိုက်ခဲ့ရဘူး..။ ညဈေးမှာ အများဆုံးရောင်းတောက အနွေးထည်တွေများတယ်..။ 3in 1ကော်ဖီထုပ်တွေကတော့ ဈေးပေါတယ်..။ ကော်ဖီက သိပ်ကောင်းတာပဲ..။ Nest နဲ့တော့တခြားဆီရယ်..။ ကော်ဖီစစ်လို့လားမသိ အနံ့မွှေးပြီး သောက်ချင်စဖွယ်ရှိတယ်..။ အခါးတော့နည်းနည်းကဲတယ်..။

ရေတံခွန်ကအပြန် ခရီးစဉ်မှာ ပါတဲ့ Xaun Houng ရေကန်ကို မရောက်တော့ပါဘူး အချိန်မရှိတာလည်းဖြစ်ပါမယ်..။ ကျွန်မတို့ ခရီးစဉ်မှာပါပြီး မရောက်ဖြစ်ခဲ့ကြတာ နောက်တစ်နေရာက တောင်ပေါ်လက်ဖက်ခင်းနေရာပါပဲ..။ အဲနေရာကို ကျွန်မက သိပ်ရောက်ချင်တာ..။ မလေးရှားက Cameron High Land က လက်ဖက်စိုက်ခင်း ပန်းစိုက်ခင်းနဲ့ စတော်ဗယ်ရီစိုက်ခင်းတွေဆီကို သိပ်ရောက်ဖူးချင်နေခဲ့တာ..။ ဒီခရီးစဉ်မှာလည်း ကျွန်မကိုအဆွဲဆောင်နိုင်ဆုံးက အဲဒီလက်ဖက်ခင်းနေရာလေးပဲ ..။



 ဟိုချီမင်းစီးတီး အပြန်လမ်းမှာ မိုးတွေရွာ


 





 



Sai Gon City ပြန်ရောက်တော့ shopping ထွက်ဖို့ Sai Gon ညဈေးကိုပို့ပေးတယ်..။ ဈေးဝယ်မယ်ဆိုရင် ထက်ဝက်စစ်ပြီးမှဝယ်တဲ့..။ ဂိုက်ကအဲလိုမှာထားတယ်..။ ကိုယ်လိုချင်တဲ့ ပစ္စည်းဈေးမေးလိုက်ရင် သိန်းဂဏန်းကြီးပဲ..။ တစ်ဝက်လောက်စစ်ချရမှာ မစစ်ချင်ဘူး ဒီတော့ ဘာမှကိုမ၀ယ်ခဲ့ဘဲ ပတ်ပြီး ပြန်ထွက်လာခဲ့တယ်..။  ညစာစားကြတယ်....ညစာစားဖို့ ပီဇာဆိုင်ထဲဝင်သွားတော့ ပီဇာကျွေးမယ်ထင်ထားတာ.. ဘယ်ဟုတ်မလည်း ထမင်းနဲ့ ဟင်းလည်းရတယ်တဲ့ ..။ ဟိုတယ်ပြန်ပြီး ရေမချိုးသေးဘဲ ညဈေးထပ်သွားကြတယ်..။ အပြန်လက်ဆောင်ဘာမှမ၀ယ်ရသေးဘူးလေ..။ ညဈေးမှာ ဗီယက်နမ် လက်ကိုင်ပိုက်ဆံအိပ်သေးသေးလေးတွေ ဒါဇင်လိုက်ဝယ်လာတယ်..။


အပြန် လေယာဉ်ကွင်းမှာ ပစ္စည်းချိန်ဖို့တန်းစီတော့ ဘေးနားက အဲကောင်ကလေး သိပ်ဆော့တာပဲ ချစ်ဖို့လည်းကောင်းတယ် အသားလေးကဖြူဖွေးကြည်ဥနေရော


ဘိုင်ဘိုင် ဟိုချီမင်း C U again


ပုံတွေက ဆွဲဆောင်မှုမရှိတော့ သီးခံပြီး အစအဆုံးအားပေးလာတဲ့ စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်...။ နောက်နှစ်တွေ ဟနွိုင်းတို့ ဒါနန်းတို့ဆီ သွားလည်ဖို့ အားခဲထားတယ်....း)


မိုးငွေ့

Friday, 5 May 2017

ဗီယက်နမ်ခရီးစဉ်.....(3)




ကျွန်မတို့ ဖန်းသိပ်ကမ်းခြေဟိုတယ်ကနေထွက်ပြီး ဗီယက်နမ်ရဲ့ တောင်ပေါ်မြို့ကလေးတစ်မြို့ဖြစ်တဲ့ ပင်လယ်ရေမျက်နှာပြင် ခြောက်ထောင်ကျော်လောက်မြင့်တဲ့ ဒါးလက်မြို့ကိုရောက်ခဲ့ပါတယ်..။ ဒါးလက်မြို့ကို ပန်းမြို့တော် အချစ်မြို့ စသဖြင့် ခေါ်ကြတယ်..။ City of Love, City of Flower တဲ့..။ ညားခါစ ဇနီးမောင်နှံတွေ ဟန်းနီးမွန်းထွက်တဲ့ မြို့လေးလည်းဖြစ်တယ်..။ ကျွန်မတို့ကားပေါ်မှာလည်း ဟန်းနီးမွန်း ဇနီးမောင်နှံတွေ နှစ်တွဲပါတယ်..။ ဒါးလက်မြို့ရောက်တော့ နွေရာသီရဲ့ နေရောင်တောက်တောက်ပပအောက်မှာပူအိုက်မနေဘဲ အေးမြနေခဲ့တယ်..။ တစ်မြို့လုံး လမ်းတောက်လျှောက် လမ်းလယ်ကျွန်းမှာ ရောင်စုံ နှင်းဆီပွင့်အကြီးကြီးတွေက စွင့်ငွားလို့...။ နေ့လည်စာစားချိန်နဲ့ကွက်တိမို့ ဒါးလက်ဟောက်စ် ထမင်းဆိုင်မှာ နေ့လည်စာကျွေးပါတယ်..။










ဟင်းတွေကတော့ အစုံအလင်ပဲ..။ ပင်လယ်စာတွေက လတ်ဆတ်လို့လားမသိ တော်တော်အရသာရှိတယ်..။ အသီးအရွက်ကအစပေါ့..။ ကျွန်မတို့ကို Tango က ဟင်းတွေအများကြီးမှာကျွေးပါတယ်..။ ပဲကြာဇံကြက်သားသုတ်၊ ငါးမှုတ်ကြော်၊ ငါးကြော်၊ ကြက်ဥလိပ်ကြော်၊ နံရိုးကင်၊ ပုစွန်လှော်နဲ့ မုန်ညင်းဖြူကိုရှာလကာရည်နဲ့သုပ်၊ မုန်ညင်းစိမ်းကြော် အစုံပါပဲ..။ ထမင်းက စေးစေးထန်းထန်းမို့ ရာသီဥတုအေးအေးနဲ့ ဗိုက်ဆာဆာနဲ့ တော်တော်စားဝင်ကြတယ်..။ လက်ဖက်စိမ်းရည်ပူပူလေးကလည်း သောက်လို့ကောင်း..။ ဒီခရီးကအပြန်မှာ 6ပေါင်လောက် ၀ိတ်တက်လာပါတယ်ကွယ်တို့...။














 ထမင်းစားပြီး အစာကျေရင်ချောင်အောင် လမ်းထွက်လျှောက်ရင်း..ဒါးလက်ထမင်းဆိုင်ရှေ့က အပင်လေးတွေလျှောက်ရိုက်..။ အဲအလုံးလေးတွေက အလှစိုက်တဲ့ ငရုတ်သီးတဲ့ ..














ဒါးလက်မရောက်ခင်က လမ်းမှာ ပေါက်တောနားတော့ ဆိုင်တစ်ဆိုင်မှာ အဲလို ပခက်တွေနဲ့ထိုင်ကြတာ..။ စားပွဲထိုင်ခုံနဲ့မထိုင်ပဲ သူတို့က လက်ဖက်ရည်တစ်ခွက် ခေါက်ဆွဲတစ်ပွဲမှာစားရင် အဲလိုပခက်ထဲလှဲပြီးကျောဆန့် စားစရာတွေကို ဘေးနားက ထိုင်ခုံမှာတင်ပြီးစားကြတာ..။ ဇိမ်ကျချက်..။ အဲလို ပခက်တွေနဲ့ဆိုင်ကို တစ်လမ်းလုံးတောက်လျှောက်တွေ့ရတယ်..။ မြန်မာပြည်က လက်ဖက်ရည်ဆိုင်မှာ အဲလိုသာထားရင် တနေကုန်ထတော့မှာကိုမဟုတ်ဘူး..။



 
အဲဆိုင်က မြွေစိမ်ထားနဲ့ တောအရက် ကြောက်စရာကြီး







စားသောက်ပြီး Tango က Tour Leader  ကိုမြင့်မြတ်က ကျွန်မတို့ကို အရင်ဦးဆုံး Crazy House ကိုပို့ပါတယ်..။ Tour leader တွေကို မိတ်ဆက်ပေးဖို့မေ့သွားတယ်..။ Tango က ကျွန်မတို့ ခရီးစဉ်မှာပါတဲ့ လူအယောက်သုံးဆယ်နီးပါးကို Guide နှစ်ယောက်ထည့်ပေးပါတယ်..။ Tour leader ကတော့ ကိုသက်ထွန်းတဲ့ သူက မြင့်မြတ်နဲ့ခပ်ဆင်ဆင်မို့ သူကိုယ်သူ ရုပ်ရှင်မင်းသားမြင့်မြတ်ဆိုလို့ ကျွန်မတို့ကားပေါ်က ခရီးသည်တွေအားလုံး သူ့ကို မြင့်မြတ်ပဲခေါ်လိုက်ကြတယ်..။ ဒုတိယဂိုက်ကတော့ မမြသဇင်ကျော်ဖြစ်ပါတယ်..။ ဒီညီမလေးကိုတော့ သဇာဝင့်ကျော်လို့ခေါ်ကြတယ်..။ ဂိုက်တွေက တော်တော်လေးကို စိတ်ရှည်လက်ရှည်နဲ့ ဖေးဖေးမမရှိကြပါတယ်..။ ဗီယက်နမ်ဖက်က ဂိုက်ကတော့ ဒွန်တဲ့.. သူ့ကိုယ်သူ Fast and Furious ကားထဲက Dom တဲ့ ကျွန်မတို့ကသူ့ကို သားစိုးနဲ့တူလို့ သားစိုးပဲခေါ်ကြတယ်..။ သူကတော့ သားစိုးရဲ့ ညီ သိုးစားဆိုပြီး လက်နဲ့ DJ ပွတ်တဲ့ပုံလုပ်ပြတတ်သေးတယ်..။
































 ညီမလေးက သူတီးတတ်တဲ့ တစ်ခုတည်းသော တေးသွား Happy Birthday...ကို အိုက်တင်အပြည့်နဲ့တီး












Crazy House ကိုတည်ဆောက်ခဲ့တဲ့  Miss Dang Viet Nga ဟာ ကမ္ဘာစစ်ခေတ်က ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးဖြစ်ပြီး ရှရှားမှာ ဗိသုကာပညာနဲ့ကျောင်းပြီးခဲ့ပါတယ်..။ သူဆောက်တဲ့ Crazy House က ကမ္ဘာမှာရှိတဲ့ Crazy House ဆယ်လုံးထဲမှာပါဝင်ပါတယ်..။ ခုဆိုရင် ဒီခရေဇီဟောက်စ်အိမ်ပုံကိုတည်ဆောက်တဲ့သူဟာ အသက်ရှစ်ဆယ်ကျော် အဖွားအိုတစ်ယောက်ဖြစ်နေပါပြီ..။ ဒီအိမ်ထဲက အခန်းတစ်ခန်းထဲမှာနေတယ်လို့တော့ ဂိုက်တွေကပြောပြတာပဲ..။ ဒါပေမယ့် အိမ်က ဒီအပေါက်က၀င်ရင် ဟိုကိုရောက် ဒီကိုရောက် ရောက်ချင်တဲ့နေရာရောက်နဲ့ ၀င်္ကပါလိုလုပ်ထားတာ..။ ဧည့်ခန်း အိပ်ခန်းတွေတော့ အများကြီးပဲတွေ့ရတယ်..။







ခရေဇီဟောက်စ်ပြီးတော့ ဗီယက်နမ်ရဲ့ နောက်ဆုံးဘုရင်နေခဲ့တဲ့ နန်းတော်ကိုရောက်ပါတယ်..။ ဘုရင်ကြီးက နောက်ဆုံး ပြင်သစ်နိုင်ငံမှာပဲ သက်တော် ၈၀ ကျော်မှ နတ်ရွာစံသွားခဲ့တယ်တဲ့..။ အပေါ်ကပုံက ဘုရင်ကြီးရယ် မိဖုရားရယ် အိမ်ရှေ့စံမင်းသားရယ်ပါ..။






  နန်းတော်ထဲကိုဝင်ရင် စီးထားတဲ့ဖိနပ်အပြင်ကို အဲလိုခြေအိတ်စွပ်ပြီးဝင်ရတယ် 
သူတို့ကြမ်းက အဲခြေအိပ်တွေနဲ့ ကြမ်းတိုက်ပြီးသားတွေဖြစ်...















Domain De Marie ဘုရားကျောင်း


ပန်းကလေးတွေမြင်တိုင်းရိုက်ရတာကို သီးခံကြပါ




Domain De Marie ဘုရားကျောင်းပြီးတော့ Valley of Love ပန်းခြံကိုဆက်သွားကြတယ်..။ ကျွန်မတို့ပြင်ဦးလွင်က အမျိုးသားကန်တော်ကြီးဥယျာဉ်လိုပါပဲ ပန်းတွေမျိုးစုံစိုက်ထားတယ်..။ ဧရိယာကတော့ အကျယ်ကြီးပဲ တကယ်အနှံ့လျှောက်သွားရင် တစ်နေကုန်မှစုံမယ်ထင်တယ်..။ ဟိုး အနောက်ဖက်ကျ တောင်အောက်ဖက်ကို လှေကားထစ်နဲ့ဆင်းသွားရင် တောင်တွေကြားထဲက ရေကန်အကြီးကြီးတစ်ခုရှိတယ်..။ ကျွန်မတို့က အဲဒီအစပ်နားထိပဲသွားကြတာ အောက်ကိုမဆင်းတော့ဘူး အချိန်လဲသိပ်မရတော့ဘူးလေ..။ ရေကန်ထဲမယ် ခြေနင်းလှေလေးတွေစီးလို့ရတယ်..။ အဲအောက်နားက ပန်းတွေလည်းသိပ်လှတယ်..။



ဒါက ပန်းခြံရှေ့မျက်နှာစာက ပျိုးပင်အရောင်းဆိုင်
















 ဗိုက်ဆာလို့ ၀က်အူချောင်းကင်ဝယ်စား ဈေးသည်အမျိုးသမီးက ထိုင်းလိုလည်းတတ်တော့ သူ့ကို ထိုင်းလိုပြောပြီးဝယ်စားခဲ့တယ်


























တနေကုန် ပင်ပန်းပြီဆိုတော့ ညစာစားတဲ့ပုံတွေ ဟင်းပွဲတွေကိုတောင်မရိုက်ထားလိုက်နိုင်ဘူး...။ ဒီမြို့က ဟိုတယ်တိုင်းမှာ လေအေးစက်မတပ်ထားဘူး..။ ကျွန်မတို့သွားတဲ့ မတ်လလို နွေရာသီကြီးမှာတောင် ဂွမ်းကပ်စောင်အထူကြီးခြုံအိပ်ရတာ..။ ဒီခရီးစဉ်တစ်လျှောက်မှာ ဒါးလက်မှာညအိပ်ရတာ အပျော်ဆုံးပဲ ရာသီဥတုက အရမ်းအေးလို့လေ..။ ညစာမစားခင်က ဒေသထွက်လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ကို လိုက်ပို့ပေးသေးတယ်..။ ဗီယက်နမ်ထွက် ကော်ဖီမျိုးစုံ လက်ဆောင်ပေးစရာတခြား ငှက်ပျောကြော်လို ကန်ဇွန်းဥကြော်လို မုန့်မျိုးစုံ အသီးခြောက်မျိုးစုံတွေကို ၀ယ်လိုက်ကြတာ ကြိတ်ကြိတ်ကိုတိုးပဲ..။ 3in1 ကော်ဖီဗူးတွေ ဆယ်ဗူးယူရင် တစ်ဗူးရတယ်တဲ့..။


ကျွန်မတို့တည်းတဲ့ ဟိုတယ်

မနက်စာလေး စားကောင်းတယ် အစုံပဲ ပေါင်မုန့်က ပူပူနွေးနွေးဖုတ်ပြီးထားတော့ ထောပတ်နဲ့သုတ်ပြီး ဘာအချိုမှမပါ ဒီတိုင်းစားတာတောင် သိပ်အရသာရှိတယ်..


နောက်ဆုံးအပိုင်းမှာ  ဘယ်ကိုရောက်လည်းဆိုတာ စောင့်ဖတ်ကြပါဦးနော်..း)

မိုးငွေ့