Friday, 13 January 2012

အလွမ်းကဗျာလေးရွတ်ဆိုပြမယ်......




မျက်လုံးလေးမှိတ်ပြီး နွေးထွေးစွာ အိပ်စက်လိုက်ပါ........အလွမ်းကဗျာလေးတစ်ပုဒ်တိုးတိုးကလေး ကိုယ်ရွတ်ဆိုပြမယ်.......။ ရင်ဘတ်နဲ့နားထောင်ကြည့်ပါ....ကာရံတွေလှပနေတာကို တွေ့ရလိမ့်မယ်....။

အိပ်မက်လေးလှပါစေ ....အိပ်ရေးလဲဝပါစေ....။ မနက်ခင်းနေခြည်နွေးနွေးမှာ ....လေပြေညှင်းလေးနဲ့အတူတိုးဝှေ့ပြီး ကိုယ်လာရောက်နှိုးလှည့်မယ်.....။

သာယာတဲ့နှုတ်ဆက်သံနဲ့အတူ.... နိုးထခြင်းကို ရေကြည်ချမ်းမြတစ်ခွက်နဲ့မြည်းစမ်းလိုက်ပါ.........။ ဒီလိုဆို ရင်ထဲ အေးချမ်းလို့ သန့်စင်သွားလိမ့်မယ်....။

ကိုယ်တို့ မကြာမကြာဆုံကြမယ်လေ.... ကျေးငှက်လေးတွေတွန်မြည်ကြရင်.....သစ်ပင်သစ်ရွက်တွေကိုလေတိုးကြရင်... မြက်ခင်းစိမ်းတွေဦးမော့ကြရင်.... လိပ်ပြာငယ်လေးတွေ ပျံဝဲကြရင်..... နှင်းဆီပန်းခင်းတစ်ခုလုံးမွှေးပျံ့ချိန်ကျရင်လေ.......။

ဦးတည်ရာမဲ့ ဆောင်းလေအေးတွေ ဝှေ့ရမ်းတိုက်ခတ်လိုက်သလိုပဲ...... မီးခိုးရောင်တွေကိုမြင်ရတိုင်း ကိုယ်တို့ပိုပိုဝေးသွားကြတယ်လို့ မယူဆပါနဲ့....။ စင်္ကြာလေးတွေလည်နေတာကိုကြည့်ရင်းလည်း ကိုယ်တို့မဝေးကြပါဘူး....။ များပြားလှတဲ့ လောကရဲ့ အရှုပ်အထွေးများကြားမှာ မနားမနေပြေးလွှားလှုပ်ရှားရုန်းကန်ရလို့.....ပျောက်ပျောက်သွားတတ်တဲ့ အစိမ်းရောင်ပန်းသီးလေးတစ်လုံးပါ.....။ ဒါပေမယ့် ပန်းသီးလေးက သူ့အတွက်တော့ အမြဲချိုမြပါတယ်.....။ အလွမ်းတွေကို ရင်ထဲထိုးသိပ်သိမ်းမထားချင်ပါဘူး.....။ ဒါကြောင့် ကဗျာလေးတစ်ပုဒ်အဖြစ်ဖန်ဆင်းလိုက်မယ်...။ ပြီးတော့ သူ့ဆီကို အရောက်ပို့ပေးလိုက်မယ်.....။

ကိုယ်ရွတ်ဆိုပြမယ့် အလွမ်းကဗျာလေးကို မျက်လုံးလေးမှိတ်ပြီး သေချာနားထောင်ကြည့်ပါ...... ကိုယ်...ကိုယ်တိုင် ရေးဖွဲ့သီကုံးထားတဲ့ အဲဒီအလွမ်းကဗျာလေးထဲမှာ ဘယ်လိုအရာမျိုးတွေ ပျော်ဝင်စီးဆင်းနေမလဲဆိုတာလေ.... ။


မိုးငွေ့

Wednesday, 11 January 2012

တိတ်တိတ်လေးပဲလွမ်းသွားမယ်.....







ရင်ထဲ အသည်းထဲက
အပြီးအပိုင် ထုတ်လိုက်ရင်
မလွမ်းတော့ဘူးတဲ့
ဟင့်အင်း...
ကိုယ်ဆက်လွမ်းချင်သေးတယ်
အဲဒီ အလွမ်းကြောင့်
ဟောဒီ ရင်ဘတ်ကြီး
ကြေမွသွားပါစေပေါ့
ဆုံနိုင်ခွင့်မရှိလဲ
ရင်ထဲမှာရှိနေမှတော့
အဲဒါတွေ လိုသေးလို့လား
ဝေ့ဝဲလာတဲ့
မျက်ရည်တွေကို ထိန်းချုပ်
သိမ်းထုပ်ထားတဲ့ အလွမ်းတွေနဲ့
ဆက်လွမ်းမယ်
အလွမ်းပေါ် အလွမ်းဆင့်
အလွမ်းတွေ ရင့်သွားပါစေ
တိတ်တိတ်လေးပဲလွမ်းသွားမယ်.....။        ။ ကျမ၏ကဗျာဆရာ



Tuesday, 10 January 2012

Picnic မှာစားဖြစ်ခဲ့တာလေးတွေ.....

စိမ်းလန်းစိုပြေမှာ picnic သွားထွက်တာ


ဗူးသုံးဗူးကရေနွေးကြမ်း၊ ကော်ဖီ၊ ရေသန့် ဘေဘီလိမ္မော်သီး ...နဲ့ မက်မှန်ထဲမှာ မီးမီးပုံပါသွားတယ် ကွာ...... မကွန်လို ၀မ်းလျားမှောက်လိုက်ဖို့မေ့သွားတယ်း)




အဖိုးကြီးသုပ် အဖွားကြီးသုပ်


ပါစတာရှဲလ်လေးတွေကို ခေါက်ဆွဲအတွန့်တွေနဲ့ ပုဇွန်နဲ့ ကြော်ထားတာ အပေါ်မှာ ချီတာချိစ်ပြီး မိုင်ခရိုဝေ့ထဲလှည့်လိုက်တယ် အနောက်နဲ့အရှေ့တိုင်းစတိုလ်ကိုရောသမမွှေထားတာ


အမှတ်တရ” အင်းလေးဆိုင်က ငါးထမင်းနယ်


မုန်ညင်းစိမ်းနဲ့ဝက်နံရိုးဟင်းရည်ဆမ်းထားတဲ့ ထမင်း


ဒါက ထောပတ်သီးမစားဖူးဘူးလို့ပြောတဲ့ ဖြိုးအတွက်


Monday, 9 January 2012

တစ်နေ့တာ...(ပစ်ပစ်လေးရဲ့ တဂ်ပို့စ်)





ဟုတ်ပါ့ ပစ်ပစ်ရေ....2012 ရဲ့ ပထမဆုံး tag post လေးပါပဲ..... အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ နှိုးစက်ထမြည်တဲ့ မနက်ရှစ်နာရီနိုးနိုးချင်း ဆေးသောက်တယ်..... မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ ဘိတ်မုန့်ဟင်းခါးနဲ့ ထမင်းနဲ့စားရတာကြိုက်တယ်...ဒါမှမဟုတ် လက်ဖက်ရည်နဲ့ အီကြာကွေး.... လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ... ထမင်းကြမ်းနဲ့ဟင်း...... နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ ဖြစ်နိုင်ရင်အိမ်မှာပေါ့.... အလုပ်သွားတော့ရုံးမှာချက်စားကြတယ်.... အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ ရှမ်းဝက်လက်အေးဟင်းနဲ့ ကောက်ညှင်းပေါင်းပူပူလေး.... အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ မိုးငွေ့ကြိုက်တဲ့ ကော်ဖီခါးခါးတခွက်....(မသောက်ဖြစ်တာများပါတယ်) ညနေစာကိုဘယ်မှာစားတတ်ပါလဲ အိမ်မှာပဲအစားများပါတယ် တခါတလေတရုတ်တန်းက ဆူရှီဝယ်စားတယ်..... ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ ဒီညအင်တာနက်လိုင်းကောင်းပါ့မလား ဘာစာရေးရင်ကောင်းမလဲ ဆိုတာပါ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်.. ပထမဆုံးခံစားမိတာက တနေ့တော့ပြီးသွားပြီဆိုတာပါ ဒုတိယခံစားမိတာက ပင်ပန်းတယ်ဆိုတာပါ တတိယခံစားမိတာက ဘဝရဲ့အလုပ် လုပ်ရမဲ့နေ့ရက်တွေကထဲက တရက်တော့လျော့သွားပြီလို့ (ပစ်ပစ်နဲ့တူတူပဲ) အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ လွယ်အိတ်ကိုခုံပေါ်ပစ်တင်ပြီး ညနေစာဘာချက်လဲလို့ နောက်ဖေးပြေးပြီး အုပ်ဆောင်းအရင်ဆုံးဖွင့်ကြည့်တယ်....။ အိမ်ကချက်တဲ့ဟင်းဆို ငရုတ်သီးထောင်းနဲ့ပဲဖြစ်ဖြစ် ကြက်ဥကြော်နဲ့ပဲဖြစ်ဖြစ်စားမြိန်တယ်.... ဒုတိယလုပ်မိတာလေး.. နက်ဖြန်ရုံးတက်ရင်ဝတ်ဖို့ ဝတ်စုံကိုမီးပူတိုက်တယ်..... ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား.. သောက်တတ်တယ်တခါတလေမှပါ....အရမ်းသောက်ချင်တဲ့အခါမျိုးမှ ပုံမှန်တော့ နို့တစ်ခွက်အမြဲသောက်တယ်... ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ... ကိုယ့်ရဲ့ Mp4 နားထဲထည့် သီချင်းလေးနဲ့အိပ်စက်တယ်.. အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ သီချင်းပဲနားထောင်ဖြစ်တယ် ....တခါတလေ ခေါက်ဆွဲပြုတ်ထသောက်တယ် စာရေးဖြစ်တယ်ဒါပါပဲ...။ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ ငိုပလိုက်တယ်.... အစားတွေအများကြီးစားပလိုက်တယ်....ဟင်းတွေချက်တယ်......ရှော့ပင်တွေထွက်ပလိုက်တယ် အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း အိမ်သော့...ဖုန်း...ပိုက်ဆံအိတ်...နေကာမျက်မှန် မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ ကိုယ့်ကိုယ်ကို အချစ်ဆုံး ပြီးမှအမေကိုချစ်တယ်.....။ တော်တော်အသက်ကြီးတဲ့အထိတစ်ဦးတည်းသောသမီးဖြစ်ချင်ခဲ့တယ်...။ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ မရှိသေးဘူးခုထိ... အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ အားလုံးကိုခင်ပါတယ်....... ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.. ကြိုက်တာတွေက သိပ်များနေတယ်ကွယ်.... လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု သော့ချိတ်ကလေးတစ်ခုပါ ခုထိတော့ လက်ထဲမရောက်သေးဘူး အဲဒီလက်ဆောင်လေးက.... ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ ကိုယ့်ရဲ့ချစ်သူ...ထင်တာပဲ ....(ဘယ်တစ်ယောက်လဲမသိဘူး မေးကြည့်ဦးမယ် ကိုကြီးအောင်သာငယ် ညီမပီသအောင်လို့ပါ) အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ ကိုယ့်မွေးနေ့မတိုင်ခင် ကိတ်မုန့်လှလှလေးတစ်လုံးလောက်လုပ်တတ်ချင်တယ်(ခုထိသင်တန်းမတက်ရသေး) .... ကဲ ဂျယ်လီပစ်ပစ်လေးရေ.... သာမီးတဂ်လိုက်တဲ့ တစ်နေ့တာကို မမရေးပေးလိုက်ပီနော်.....။ ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်.....။ တခြားဘလော့ဂါတွေကိုဆက်မတဂ်တော့ပါဘူး ကျမတဂ်ရင် မအောင်မြင်တတ်လို့ပါ... ဟ ဟ ကိုယ့်အရည်ချင်းကိုယ်သိနေတယ်.....။ 


မိုးငွေ့

Friday, 6 January 2012

အလွမ်းတွေအိတ်ကပ်ထဲ ထည့်သိမ်းထားမယ်.....



တကယ်တော့....ဘယ်အချိန်ကတည်းက သယ်ပိုးထွေးပိုက်ထားမှန်းမသိတဲ့ သူပေးခဲ့တဲ့အလွမ်းတွေက ကိုယ့်ဆီမှာ ပြည့်သိပ်နေခဲ့ပြီးသားပါ......။

ကိုယ်ကလဲ အလွမ်းကိုမှ ခုန်မင်နှစ်သက်တတ်သူလေ.....။ အလွမ်းပင်လယ်ထဲမှာမှ မွေ့လျော်တတ်သူလေ....။ ကိုယ်က ကိုယ့်အလွမ်းတွေကို စာဖွဲ့တတ်သလို သူက သူ့အလွမ်းတွေကို ကဗျာဖွဲ့သူ.....။ ကိုယ်တို့က ရင်ခုန်သံချင်းနီးစပ်ပြီးသားသူတွေ ခံစားမှုချင်းယှက်နွယ်ပြီးသားသူတွေ........။

ပြန်ခါနီးကျပြောနော် တစ်ခုထည့်ပေးလိုက်မယ်တဲ့....။ ကိုယ့်ကို သူဘာပဲပေးပေး..... သူပေးမယ့်အရာအားလုံးကို အမှတ်တရလေး သိမ်းထားချင်တယ်.....။ ကိုယ်ပြန်ခါနီးကိုယ့်ကို လက်ဖဝါးဖြန့်ခိုင်းတယ်....။

ရော့ ယူသွား.....အလွမ်းတွေတဲ့....။ သေချာသယ်သွား မဖိတ်မလျှံစေနဲ့တဲ့.......။ စိတ်ချပါ အလွမ်းတွေလျှံမကျအောင် ကိုယ့်ဘယ်ဖက်အိပ်ကပ်လေးနဲ့သယ်သွားပါ့မယ်....။

ခေါင်းတွေအရမ်းကိုက်နေတယ်.....။
ဒီညကိုယ်မလာဖြစ်တော့ဘူးကွယ်......။ ဆေးသောက်ပြီးအနားယူမယ်...စောစောအိပ်တော့မယ်....။ ပြီးတော့ ဘယ်ဘက်အိပ်ကပ်ထဲက သူပေးခဲ့တဲ့အလွမ်းတွေကို ခပ်ဖွဖွ ထွေးပွေ့ရင်း အိပ်ယာထဲမှာ တိတ်တိတ်ကလေး သူ့ကိုလွမ်းနေရဦးမယ်....။

ကိုယ့်ကို အိပ်ပျော်အောင် နွေးထွေးပေးပါ...... ပျံ့လွှင့်နေတဲ့ အတွေးတွေကိုစုစည်းပေးပါ........ သူအနားမှာ ကဗျာလာရွတ်ဆိုပြ သလိုခံစားမှုမျိုးနဲ့ ကိုယ်အိပ်ပျော်သွားချင်တယ်.....။

အလွမ်းတွေကို အိပ်ကပ်ထဲထည့်ထားရင်း.... ကိုယ်အိပ်ပျော်သွားပါရစေ........။


မိုးငွေ့


Thursday, 5 January 2012

ခပ်နွေးနွေးလေးလွမ်းကြမယ်.....






တစ်ခါတစ်ခါ ဖြေးဖြေးညိမ့်ညိမ့်လေး
တခါတလေလည်း ပြင်းပြရှတ
အဲဒီအလွမ်းတွေအောက်မှာ
ကိုယ်တို့ယစ်မူးခဲ့ကြတယ်
တစ်နေ့တာလွမ်း တစ်ညတာလွမ်း
ခနတာလည်းလွမ်းတာပါပဲ
အလွမ်းတွေကို ပန်းတွေလိုသီလို့
စိတ်ကူးတွေနဲ့ ဆံနွယ်ထက်မှာ
ပန်ဆင်ပေးမိတယ်

အလွမ်းတွေကို ဝေလို့
လွမ်းလွန်းလို့တော့
မျက်ရည်တွေမကျလိုက်နဲ့
အလွမ်းတွေ ကျဲကုန်လိမ့်မယ်
နှုတ်ခမ်းနှစ်လွှာဖွင့်ဟ
အပြုံးစစနဲ့ လွမ်းလိုက်ပါ
လွမ်းတတ်သူအဖို့
ဟောဒီတစ်ညကို ဖြတ်ကျော်ဖို့
လက်ဆောင်ပေးလိုက်မယ်
မျက်လုံးမှိတ်ပြီး
လက်ဖဝါးလေးဖြန့်လိုက်ပါ
လျှံမကျစေနဲ့
ရော့.... 
***အလွမ်း***
ဘယ်ဖက်အိပ်ကပ်ထဲ
ထည့်သိမ်းခဲ့ရင်တော့
သွေးခုန်လိုက်တိုင်း
ခပ်နွေးနွေးလေး လွမ်းရတာပေါ့
ကိုယ်တို့ ခပ်နွေးနွေးလေး
လွမ်းကြမယ်လေ...
***ခပ်နွေးနွေးလေး*** (ကျမ၏ကဗျာဆရာ)




Monday, 2 January 2012

ကျွန်မ၏ကဗျာဆရာ.......




စာတွေ.... ကဗျာတွေ ရူးသွပ်ခဲ့ဖူးပေမယ့် ကိုယ့်ဘဝမှာ ကိုယ်ပိုင် ကဗျာဆရာတစ်ယောက်ရှိလာလိမ့်မယ်လို့ တခါမှမတွေးခဲ့ဖူးဘူး.......။ ပျော်လိုက်တာ....:) ခုခေတ်ပိုင်း မောဒယ်လ်တွေ မင်းသမီးတွေ ကိုယ်ပိုင်ဒီဇိုင်နာတွေထားကြသလိုပေ့ါ..... ကိုယ်လဲ အားကျမခံ ကိုယ်ပိုင်ကဗျာဆရာထားတယ်...။ကိုယ့်ခံစားမှုတိုင်း ကိုယ့်လှုပ်ရှားမှုတိုင်းဟာ သူ့ရဲ့ ကဗျာတွေဖြစ်ဖြစ်လို့သွားတယ်......။ ကိုယ့်ရဲ့ ဝမ်းနည်းမှု ကိုယ့်ရဲ့ မျက်ရည်စက်တွေဟာလည်း ကိုယ့်ရဲ့ ကဗျာဆရာက ကဗျာတစ်ပုဒ်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တယ်....။ အလွမ်းတွေလည်း ကဗျာဖြစ်ကုန်တယ်....။ ကျမကဗျာဆရာရဲ့ကိုယ်ပိုင်ဥယျာဉ်လေးထဲမှာ အလွမ်းကဗျာပန်းခင်းတွေလည်း ဝေနေခဲ့ဖူးတယ်......။

ကိုယ်တို့စဆုံဖြစ်တုန်းက ကဗျာတစ်ပုဒ်နဲ့ကတောက်ကဆဖြစ်ရင်းနဲ့ပါ........။ ကဗျာတစ်ပုဒ်အတွက် စတင်ဆုံးဆည်းတဲ့သူတစ်ယောက် ကိုယ့်ဘဝထဲကို နူးညံ့ညင်သာစွာ ချင်းနင်းဝင်ရောက်လာလိမ့်မယ်လို့ ဘယ်လိုထင်ထားမိမလဲ....။

နေ့စဉ်နှင့်အမျှ သူရေးစပ်တဲ့ ကဗျာလေးတွဟာ နူးညံ့သိမ်မွေ့လို့ လူတကာစိတ်ဝင်စားလေ့ရှိတယ်.....။ ဒါကြောင့် သူ့ကဗျာထဲပျော်ဝင်ခံစားသွားတာကိုယ့်အပြစ်မဟုတ်ပါဘူးနော်...။ ကိုယ်တို့ဆုံဖြစ်ကြတဲ့အချိန်ဆို သူနဲ့ကိုယ် ကဗျာတွေစာတွေအပြန်အလှန်ဖလှယ်ကြတယ်.......။ တခါတလေ ရေးတဲ့အချိန်တွေတောင်တူတဲ့အပြင် အကြောင်းအရာ စကားလုံးကအစ တိုက်တိုက်ဆိုင်ဆိုင်တူနေတတ်သေးတယ်.......။ ဒါဟာ...တကယ်တော့ ဝါသနာတူ ရင်ခုန်သံချင်းတူ ခံစားချက်ချင်းတူလို့ဖြစ်လာတာပါ....။

ကိုယ့်ရဲ့ ကဗျာဆရာဟာ တစ်သက်လုံး ကိုယ့်အတွက် ကဗျာဆရာဖြစ်နိုင်ပါ့မလားလို့ တခါတခါအတွေးခေါင်မိတယ်။... တကယ်တော့ အဲဒီအတွေးဟာ အဖြူရောင်အတ္တပါ....။ လောကမှာ ပိုင်ဆိုင်မှုဆိုတာ ဘာမှမရှိပါဘူး........။ ပိုင်ဆိုင်မှုဆိုတာ သတ်မှတ်ချက်သက်သက်ပါ........။ ဘယ်ချိန်ဘယ်ခါမှာ ကိုယ့်နားက ပျောက်ကွယ်သွားမလဲမသိပေမယ့်.....လောလောဆယ်တော့ ကိုယ်ပိုင်ကဗျာဆရာတစ်ယောက်ရထားတဲ့အတွက် ကြည်နူးပီတိဖြစ်နေမိတော့တယ်......။


မိုးငွေ့