Thursday, 9 December 2010

ရိုးစင်းတဲ့ မြန်မာစာ ပဲပြုတ်ထမင်းကြော်

မြန်မာစာကို တရုတ်စတိုင်လ်တူနဲ့စားမယ်


ပဲပြုတ်ထမင်းကြော်.... မြန်မာစာလေး....။ သက်သတ်လွတ်စားလို့ မနက်စာကို လမ်းလျှောက်အပြန် ပဲပြုတ်ဝယ်ခဲ့တယ် နှစ်ရာဖိုး....။ ကြက်သွန်နီးပါးပါးလှီးကို ဆီးသတ်ပြီး နနွင်းထည့်တာနည်းသွားလို့ထင်တယ် အရောင်မှိန်နေတယ်...။ ထမင်းကြမ်းကို ခြေပြီးထည့် ဆား အချိုမှုန့်လေးခတ် ထမင်းအရောင်ညီသွားရင် ပဲပြုတ်လေးထည့် ပဲလုံးလေးတွေ မကြေအောင် သတိထားမွှေပေး အိုးပူနည်းနည်းတိုက်ပြီး စားလို့ရပြီ.. ။ ပဲပြုတ်ထမင်းကြော်ကို တွဲဖက်စားသုံးတာကတော့ ရှမ်းပြည်က လက်ဆောင်ရထားတဲ့ ဂျူးမြစ်ချဉ်နဲ့ ကြက်သွန်ချဉ်။ ကြက်သွန်ချဉ်က ကိုယ့်ဘာသာကိုယ်လုပ်လိုက်တာ..။ ကြက်သွန်မထူမပါးလှီးရေဆေးပြီး ကြက်သွန်ဖြူ ငရုတ်သီးစိမ်းပါးပါးလှီး ဆားလေးဖြူး သံပုရာသီးလေး ညှစ်လိုက်။ ရပြီ...။

ဒါမျိုး ရိုးစင်းတဲ့ ထမင်းကြော်လေးကို မစားရတာကြာပြီဖြစ်တဲ့ ပြည်ပက သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်...။ ဟိုမှာက ပဲပြုတ်မရ ဘာမရနဲ့ ကြော်နည်းလေး မေ့သွားမှာစိုးလို့ပါ...။ ကြက်ဥ ဟပ်ဖရိုက်ကြော်လေးနဲ့ဆိုပိုကောင်းမယ် သက်သတ်လွတ်မို့မထည့်တာပါ..။


မိုးငွေ့

Tuesday, 7 December 2010

အီတလီခေါက်ဆွဲကြော်




အမဲသားကြော်နေတာ



ခြစ်ပြီးသားဒိန်ခဲဖြူးထားတာ



micro wave ထဲလှည့်ပြီးသား ဒိန်ခဲတွေပျော်ပြီးစီးနေတဲ့စားချင်းစဖွယ်စပါကတီပွဲ


ဝိတ်ချမယ်သာပြောပြောနေတာ ဘလောက်လည်တာတောင် အစားအသောက်နဲ့ ပတ်သက်တဲ့ ဘလောက်တွေကိုပဲ သွားသွားသရေယိုနေတာများတယ်...။ ခုတလော အီတလီစာကလဲအရမ်းစားချင်စိတ်ပေါက် နေတာနဲ့ (အီတလီစာကလဲ မယ်မယ်ရရမချက်တတ်ပြန်) စပါကတီလို့ခေါ်တဲ့ အီတလီခေါက်ဆွဲကြော်လေး လုပ်စားဖြစ်တယ်...။

ဓမ္မစေတီလမ်းမှာတော့ အီတလီစာ ဆိုင်တစ်ဆိုင်မှာတော့ တစ်ခါသွားစားဖူးတယ်...ဆိုင်နာမည်က shaggie ကျမစလုံးပေါင်းမှားချင်မှားလိမ့်မယ် အသံထွက်ကတော့ ရှက်ဂီတဲ့...။ ခြံဝင်းထဲက နှစ်ထပ်တိုက်အိမ်လေးပါပဲ အောက်ထပ်မှာက ၀က်ပေါင်ခြောက်နဲ့ ၀က်အူချောင်းမျိုးစုံ သံလွင်သီး အစိမ်းရော အမဲရောင်ရော စည်ပိုင်းထဲထည့်ထားတယ်...။ ဆယ်မွန်ငါးနဲ့ တခြား ကျမမသိတဲ့ ငါးမျိုးစုံကို ငါးဆားနယ်လုပ်ထားတာ မှန်ဗီဒိုထဲက အင်တုံတစ်ခုစီမှာ ဆီစိမ်ထားတာတွေ့တယ်...။ ဘာစားစား အချိန်နဲ့ရောင်းတယ် ဂရမ်နဲ့ချိန်ရောင်းတယ်... ။ သံလွင်သီး တစ်ရာဂရမ်ကို လေးထောင်ကျပ်ပါတဲ့ဗျာ...။ ဟိုဘက်တခြမ်းမှာတော့ ပီဇာမုန့်ကို မျိုးစုံခင်းပြထားတယ် ကိုယ်ကြိုက်ရာကို လက်ညှိုးထိုးပြလိုက် သူတို့ဖုတ်ပေးတယ်..။ ပီဇာက နံပြားလောက်တောင်မထူဘူး ပါးပါးလေးရယ်...ဒါပေမယ့် ၀က်ပေါင်ခြောက်နဲ့ တခြားကျမမသိတဲ့အရွက်(herb) တွေပါတော့ စားလို့သိပ်ကောင်းပါတယ်...။ အဲဒီညက ပီဇာရယ် ၀က်အူချောင်းကင်ရယ် ဆလပ်သုပ်တစ်ခွက် ရယ်စားခဲ့တယ်...။

ဒါနဲ့...စီးတီးမတ်မှာ စပါကတီမုန့်ဖတ်တစ်ထုပ် ကြိတ်ပြီးသားအမဲသား 200g ဒိန်ခဲ နဲ့ စပါကတီလုပ်တဲ့ အနှစ်တစ်ပုလင်းဝယ်လိုက်တယ်...။ အောက်ထပ်က ပေါ်ပြူလာစာအုပ်ဆိုင်မှာ step by step Italian cook နဲ့ Asian rice cook စာအုပ်နှစ်အုပ်ဝယ်လာတယ်...။ အိမ်ရောက်တော့အထုပ်ချ ချက်နည်းလေး ဘာလေးနည်းနည်းဖတ် အဲဒီထဲက စကားလုံးတွေမသိတော့ အဘိဓာန်စာအုပ်လှန်... ရှာလို့မတွေ့ဘူး ဘယ်တွေ့မလဲ အီတလီစကားလုံးကိုး...။ ကျမရှာတာက oregana leave ပါ...။ ပီဇာစားရင်ပဲဖြစ်ဖြစ် စပါကတီအနှစ်ချက်တဲ့အထဲမှာဖြစ်ဖြစ် အဲဒီအရွက်ကို နုတ်နုတ်စင်းပြီးထည့်ကြတယ်...။ နံနံပင်လိုဟင်းခတ် အမွှေးကြိုင် တစ်မျိုးပါပဲ သိတဲ့သူများရှိရင်လဲ မန့်ခဲ့ပါနော်...။ အဲဒီအရွက်ကိုအခြောက်လုပ်ထားတာ စီးတီးမတ်မှာရပါတယ် ကျမမှမ၀ယ်ခဲ့တာကိုး ...။ ဒါပေမယ့် ကိစ္စမရှိဘူး အနှစ်ဗူးလေးကို ဖတ်ကြည့်တော့ အဲမှာ အစုံသူထည့်ထားပြီးသား ဘာမှမလိုတော့ဘူး... အိုကေ ဒါဆို စချက်မယ်ဗျာ...။


ပါဝင်ပစ္စည်းများ(လေးယောက်စာအတွက်)

စပါကတီခေါက်ဆွဲတစ်ထုပ် (တစ်ဝက်ပဲပြုတ်ပါတယ်)
အမဲသားကြိတ်ပြီးသား ၂၀၀ဂရမ်(ပြောင်းမှုန့် ငရုတ်ကောင်း ဆီ ဆားနဲ့ နယ်ထား )
ဆီထမင်းစားဇွန်း သုံးဇွန်း
ကြက်သွန်နီတစ်လုံး( အတုံးလေးတွေလှီးထား)
စပါကတီအနှစ်တစ်ပုလင်း(တစ်ဝက်ပဲထည့်ပါတယ်)
ကြက်သားမှုန့်( လက်ဘက်ရည်ဇွန်း နှစ်ဇွန်း)
ဒိန်ခဲ (အမျှင်လေးတွေဖြစ်အောင်ခြစ်ထားပါ )


ပထမဦးဆုံး စပါကတီမုန့်ဖတ်ကို ပြုတ်ပါမယ်...။ သူက မြီးရှည်ခြောက်လိုပဲ ကြာကြာပြုတ်ရပါတယ်...။ ပြုတ်လို့နူးသွားရင် ရေအေးဆေးပြီး ဇကာမှာစစ်ထားပါ...။ ဒယ်အိုးကိုတင် ဆီထည့် ဆီပူလာရင် ကြက်သွန်အတုံးလေးတွေထည့် ကြက်သွန်ရွှေညိုရောင်သန်းလာရင် အမဲသားထည့် ...။ အသားမွှေးလာရင် အနှစ်ကိုထည့်ချက် ကြက်သားမှုန့်လေးခတ်ပြီး အရသာပေါ့ငန်ကိုမြည်းကြည့်လိုက်ရင်ရပါပြီ...။ စားတော့မယ်ဆို ပန်းကန်ပြားပက်ပက်ထဲ စပါကတီထည့် ဟင်းနှစ်ဆမ်း ခြစ်ထားတဲ့ ဒိန်ခဲမျှင်တွေဖြူးပြီး micro wave ထဲတစ်မိနစ်လောက်ထည့်လှည့်လိုက်ရင် ဟင်းနှစ်နဲ့ ဒိန်ခဲနံ့သင်းပျံ့မွှေးကြိုင်တဲ့ အီတလီခေါက်ဆွဲလေး သုံးဆောင်လို့ရပါပြီရှင်......။ စာအုပ်ထဲကအတိုင်း ပင်လယ်စာ ကမာနဲ့ချက်ရတဲ့ စပါကတီကတော့ သံလွင်သီးအနက်နဲ့ သံလွင်ဆီတွေကို ထည့်သုံးရမှာပါ။ ပုံမှာကတော့ ကျမက ဟင်းနှစ်နဲ့နယ်ထားပြီးသားကိုပဲ ရိုက်ထားတာပါ...။ Asain rice cook စာအုပ်ထဲက ထမင်းကြော်အမျိုးမျိုးကိုတော့ နောက်နေ့များကြော်စားဖြစ်ရင် တင်လိုက်ပါဦးမယ်...။ ထမင်းကြော်အန်မတန်ကြိုက်တဲ့ အမတစ်ယောက်ကလဲ တောင်းဆိုထားပါသေးတယ်...။ အဲလိုအားပေးတာ...။


မိုးငွေ့

Thursday, 2 December 2010

ယိုးဒယားမုန့်လုံးရေပေါ်

ကောက်ညှင်းမှုန့်ကို အရောင်တွေနဲ့နယ်ထားတာ


လုံးပြီးပြုတ်ထားတဲ့ မုန့်လုံးရေပေါ်ရောင်စုံတွေ


အသင့်စားသုံးလို့ရပါပြီဖြစ်တဲ့ ရောင်စုံယိုးဒယားမုန့်လုံးရေပေါ်


ှSweet December ဖြစ်တဲ့ ဒီဇင်ဘာတစ်ရက်နေ့လေးမှာ လာလည်ကြတဲ့ မောင်နှမအပေါင်းကို အချိုပွဲလေးနဲ့တည်ခင်းချင်ပါတယ်...။ ပုံမှာပြထားတဲ့ စားချင်စဖွယ် ယိုးဒယားမုန့်လုံးရေပေါ်လေးပါ...။ ကျမတို့မြန်မာမုန့်လုံးရေပေါ်လို မုန့်လုံးထဲကိုဌာပနာထည့်စရာမလိုဘူး... ကောက်ညှင်းမုန့်ထဲကို ဆားနည်းနည်းထည့်ပြီး ကိုယ်ကြိုက်တဲ့အရောင်လေးတွေနဲ့ သပ်သပ်စီနယ်ထားတယ်...။ ကျမတို့ငယ်ငယ်က ရှမ်းပြည်မှာစားဖူးတာတော့ ခုလို ရောင်စုံနဲ့မဟုတ်ဘဲ ရိုးရိုးကောက်ညှင်းအဖြူလုံးလေးတွေပါ...။ ခုတော့ တစ်ခေတ်ဆန်းပြီး အမြင်လှအောင်ဆွဲဆောင်တဲ့ ရည်ရွယ်ချက်နဲ့ အရောင်လေးတွေထည့်လာကြတယ်လို့ ထင်ပါတယ်...။ ကဲပါ....မုန့်အကြောင်းလေးဆက်ကြစို့...။ မုန့်ရောင်စုံတွေကို ရေဆူဆူမှာ လုံးပြီး ပေါလောပေါ်လာရင် ရေအေးမှာ စိမ်ထားလိုက်...။ ဒါကတော့ ကျမတို့မြန်မာမုန့်လုံးအတိုင်းပါပဲ...။ အားလုံးပြီးရင် ညှစ်ထားတဲ့ အုန်းနို့အရည်ကိုကြို သကြားလိုသလောက်ထည့် ဆားအနည်းငယ်ခတ်ပြီး ရောင်စုံမုန့်လုံးလေးတွေကို ထည့်လိုက်ရင်ရပြီ....။ စားလိုက်ရင်...အရသာလေးက ချိုဆိမ့်မွှေးတဲ့အရည်လေးနဲ့ မုန့်အသားနူးနူးညံ့ညံ့လေးကို တပြိုင်တည်းလျှာပေါ်မှာခံစားထိတွေ့ရမှာပါ...။

သူငယ်ချင်းအားလုံးပဲ Sweet December မှာ မိုးငွေ့ရဲ့ အချိုပွဲလေးကိုသုံးဆောင်အားပေးရင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေ....။


မိုးငွေ့


Wednesday, 24 November 2010

လိမ္မော်ရောင်...





ဟူးးးး.... ညစ်တယ်ဗျာ.......။


တစ်နေ့တစ်နေ့ဘာမှမဟုတ်ဘဲ စိတ်တွေရှုပ်နေတယ်....။ သူငယ်ချင်းတွေဝေဖန်သလိုပဲ ... လောကမှာ ကျွန်တော့်လောက် အမြဲစိတ်ညစ်တတ်မယ့်သူများရှိဦးမလား....။ ခုလဲ ထုံးစံအတိုင်း ကျွန်တော့်ချစ်သူနဲ့ နဲနဲ ကွိုင်တက်လာတယ်...။ သူက သူ့အိမ်ကမိသားစုတွေနဲ့ ခရီးသွားဖို့ရှိတယ်.... ကျွန်တော်ကမလိုက်နဲ့ လို့တားတယ်...။ တကယ်တော့ ကျွန်တော်သူ့ဆန္ဒကို ကျေကျေနပ်နပ်လိုက်လျော ပေးလို့ဖြစ်သားပဲ...။ တမင်သက်သက် သူ့အစ်မအပျိုကြီးကို အမြင်ကတ်လို့ လိုက်မသွားနဲ့ သွားရင် အပြတ်ပဲလို့ပြောပြီး... ထွက်ခဲ့တာ....။ ဒီနေ့မှ ရုံးကို နေမကောင်းတဲ့ကြားကသွားရတာ ခွင့်ရက်တွေယူထားတာ များလို့သာ သွားတာ...လူကနေမကောင်း စိတ်ကမချမ်းသာ...ဟူးးး ။

သူ့အိမ်ကနေထွက်လာပြီး အိမ်ပြန်လမ်းလျှောက်ရင်း စီးကရက်သောက်ချင်လာတာနဲ့ စတိုးဆိုင်တစ်ခုကို ဝင်လိုက်တယ်...။ စီးကရက်ဝယ်ပြီး ဆိုင်ထဲကအထွက် သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ အတူ လက်ဘက်ရည်ဆိုင်ထိုင်ဖြစ်ကြတယ်...။ ကျွန်တော့် ဖြစ်ကြောင်းကုန်စင်ကို သူ့ပြောပြတော့... မင်း ကိစ္စကပါးပါးလေးပါကွာတဲ့....။ သူက ကျွန်တော့်ကို ပြန်ခါနီး အကြံပေးသွားတယ်...တကယ်အတည်လား နောက်တာလားတော့မသိဘူး...။ စိတ်တအားညစ်ရင် လိမ္မော်ရောင်တွေကို များများကြည့်တဲ့...။ ကျွန်တော်ကတော့ မွေးကတည်းက တစ်ခါမှမကြားဖူးပါဘူးဗျာ...။ ဘယ်လိုမျိုးလဲ ဥပမာလေးတစ်ခုလောက်ပေး ကြည့်ပါလားလို့ပြောတော့....။ ညနေနေဝင်ခါနီး လိမ္မော်ရောင်တောက်နေတဲ့ နေလုံးကြီးကို ကြည့်လိုက်ပါတဲ့........။ အာရုံစူးစိုက်ပြီးကြည့်ရင် ကိုယ့်ရဲ့ ညစ်နေတဲ့စိတ်တွေကို နေလုံးကြီးရဲ့ စွမ်းအားတွေက စုပ်ယူသွားလိမ့်မယ်တဲ့....။ မယုံရင်စမ်းကြည့် ...ငါကတော့ လက်တွေ့ပဲလို့ဆိုတယ်ဗျာ...။

ဒါနဲ့ သူငယ်ချင်းကို နှုတ်ဆက်ပြီး ကျွန်တော့်တိုက်ခန်းကိုပြန်လာတော့ လမ်းထိပ်မှာ သစ်သီးဆိုင်တစ်ဆိုင် ကိုတွေ့တယ် အသီးတွေများစုံနေရောဗျာ... ။ စောစောကသူငယ်ချင်းပြောသွားတဲ့ လိမ္မော်ရောင်ကခေါင်းထဲ ချက်ချင်းပြန်ဝင်လာတယ်။ အဲဒီထဲမှာ ပန်းလိမ္မော် လို့ခေါ်တဲ့ လိမ္မော်သီးသေးသေးလေးတွေကို ပိုက်ဇကာအိတ်ကလေးနဲ့ အထုပ်လိုက်လေးတွေလုပ်ထားတာတွေ့တယ်...။ ဘေးနားက ဗန်းထဲမှာတော့ အဲလိုလိမ္မော်သီးမျိုးကိုပဲ အရွက်ကလေးတွေပါ တွဲလျက်အပုံလိုက်ရှိတယ်...။ တစ်ပိဿာသုံးထောင်တဲ့..။ ကျွန်တော်တစ်ပိဿာဝယ်ပစ်လိုက်တယ်...။ အိမ်ရောက်တော့ လိမ္မော်သီးလေးတွေကို အာရုံစိုက်ထိုင်ကြည့်ရင်း တစ်လုံးပြီးတစ်လုံးခွာစားလိုက်တယ်...။ အင်းဗျ...စိတ်ထင်သလား ဘာလားတော့မသိဘူး... နည်းနည်းတော့ နေသာထိုင်သာရှိသွားတယ်... စိတ်လဲနည်းနည်းကြည်လာတယ်...။

ဟိုအရင်တွေတုန်းက ကျွန်တော်စိတ်ညစ်ရင် သီချင်းနားထောင်တယ် ဂီတာတီးတယ်...။ တလောက ဂီတာကို စိတ်ပေါက်ပေါက်နဲ့ ပစ်ခွဲလိုက်တာ ထွက်ပေါက်လေးတစ်ခုလျော့သွားတယ်...။ စီးကရက် ဘီယာ ကာရာအိုကေ အကခန်းမ ဆိုတဲ့ ကျွန်တော်သုံးနေကျထွက်ပေါက်တွေကို ကြာလာတော့ ငြီးငွေ့လာတယ်...။ ခု...ဒီလိမ္မော်သီးလေးကတော့ မဆိုးပါဘူး...။ ငွေကုန်လဲသက်သာတယ် လူလဲ ကျန်းမာရေးမထိခိုက်ဘူး....။ နောက်နေ့တွေ ရုံးပြန်ချိန်ကို ကန်စောင်းမှာ ဝင်လုဆဲဆဲ လိမ္မော်ရောင်တောက်တောက်နေလုံးကြီးတွေကို သွားသွားထိုင်ကြည့်ပစ် လိုက်တယ်...။ သူ့ကိုလဲ ကျွန်တော်အဲဒီညကပဲ ဖုန်းဆက်ပြောလိုက်တယ် လိုက်သွားချင်လဲ စိတ်ဖြောင့်ဖြောင့်နဲ့သာလိုက်သွားပါလို့...။ ကျွန်တော့်ချစ်သူ သဝန်တိုတတ်ပုံနဲ့ ကန်စောင်း ရောက်ရောက်နေတယ်သာသိရင် မလွယ်ကျောပဲ...။

အဲဒီနေ့က လိမ္မော်ဝါရောင်စပို့စ်ရှပ်ကို ကော်လံထောင်ပြီး ဝတ်လာတော့ ချစ်သူက ကျွန်တော့်ကို မျက်မှောင်ချီပြီး ကြည့်ပါတယ်...။ ခုတလော လန်းနေပါလားတဲ့....အရင်လို မျက်မှောင်ကျုံ့ပြီး လောကကြီးကို စိတ်ကုန်နေတဲ့ ရုပ်မဟုတ်တော့ဘူးတဲ့ဗျာ....။ အဟဲ...လိမ္မော်ရောင်ရဲ့အစွမ်းများလား... ကျွန်တော်ပဲ စိတ်ထားတတ်သွားသလား မခွဲခြားတတ်တော့ပါဘူး...။ ကဲ....မကောင်းလား...ခုတော့ ချစ်သူနဲ့လဲ အဆင်ပြေပြေဖြစ်သွားပြီ....






ခုတော့...ညနေချိန်လေးမှာ ကန်စောင်းကနေဝင်ချိန်ကို ချစ်သူနဲ့အတူတွဲပြီး ကြည်ကြည်နူးနူးလေး ကြည့်ခွင့်ရသွားပြီ...။ လိမ္မော်ရောင်လေးရေ... မင်းကို ကျေးဇူးအများကြီးတင်ပါတယ်...။


မိုးငွေ့

Monday, 22 November 2010

ကျွန်မရဲ့လမင်း...




ကျွန်မရဲ့လမင်းဆီက အလင်းတန်းတွေမှာ ဆွဲငင်တတ်တဲ့ စွမ်းအားတွေ ရှိတယ်။ ကျွန်မလမင်းဆီက အလင်းတန်းတွေ ရောင်ပြန်ဟပ် ပြီးရောက်လာတတ်တိုင်း ကျွန်မနှလုံးသား တစ်ခုလုံးတုန်ခိုက်ပြီး ဘာမှမကျန်ရှိတော့သလိုမျိုး လှိုက်ဟာစွာ နာကျင်ပြီး ကျန်ရစ်ခဲ့တတ်တယ်။ ဒါပေမယ့် ဒီအလင်းတန်းတွေကို ကျွန်မ မက်မောစွာ စောင့်မျှော်ခဲ့ဖူးတဲ့ အကြိမ်ပေါင်းလဲ မနည်းခဲ့ဘူး။ ကျွန်မရဲ့ နူးညံ့အေးစိမ့်နေတဲ့ နှလုံးသားပေါ်ကို ကျွန်မလမင်းရဲ့ အလင်းတန်းတွေ ဘယ်တော့မှ ပြန်ရောက်လာမှာလဲ။

အဝေးကြီးက လမင်းရယ် ကျွန်မရင်ထဲက ဆွဲနုတ်ယူသွားတဲ့ တမ်းတခြင်းတွေကို မြင်တွေ့နိုင်မလား။ အဲဒိလိုမြင်တွေ့နိုင်ဖို့ လမင်းရဲ့ နှလုံးသားမှာ တစ်ခြားသော တွယ်ငြိမှုတွေ ကင်းလွတ်အားလပ်နေပါ့မလား။ သေချာတာကတော့ ကျွန်မကို သတိတရ ရှိဖို့တောင် သူ့နှလုံးသား အားလပ်နေမည်မဟုတ်ပါ။အဲသည့် အဖြစ်ကတော့ စိတ်ကူးနဲ့တောင် ရင်မဆိုင်ရဲသော ကျိန်စာတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်မလက်ခံရမယ့် အမှန်တရားတစ်ခုလဲ ဖြစ်နေပြန်တယ်။

ဘာပဲဖြစ်ဖြစ် သူ့အလင်းရောင်ဟာ ကျွန်မရင်ထဲမှာ ဆန်းကြယ်စွာ ထွန်းလင်းတောက်ပခဲ့ဖူးတာ သူအသိဆုံးပါပဲ။ အဲဒိအခိုက်အတန့်တွေ တုန်းက ကျွန်မရဲ့ မှောင်နဲ့မည်းမည်း ဘဝထဲမှာ အဓိပ္ပယ်အရှိဆုံး၊ အလင်းလက်ဆုံး ၊အလှပဆုံး လမင်းတစ်ခု ဖြစ်ခဲ့ဖူးတာပဲလေ။ ဆွဲငင်တတ်တဲ့ အလင်းတန်းတွေ အတွက် ကျွန်မရဲ့ ငွေရောင်လမင်းကို အရူးအမူးကျေးဇူးတင်ပါတယ်.....။


ခေါင်ခေါင်

Tuesday, 16 November 2010

နိုဝင်ဘာမိုး...


ဘုရားရေ!!!! နေပူကျဲတောက်ကြီးမှာ...မိုးတွေရွာချလိုက်ပြီ......။


ရာသီဥတုက သာသာယာယာရယ်....။ ထီးကိုင်ပျင်းတဲ့ ကိုယ့်အတွက်...ဒီနေလောက်တော့ အပူခံပြီးတော့ကို လမ်းလျှောက်နေတာ...။ ထီးမပါတော့ခုလို ရုတ်တရက် မိုးရွာချလိုက်တာတော့ မတတ်နိုင်...။ ကိုယ်ရောက်နေတဲ့ နေရာကလဲ မိုးခိုဖို့ရာဘာမှရှိတဲ့ ဟယ်လ်ပင်လမ်းထဲမှာ....။ ကိုယ်အလှူသွားလှူနေကျ မိဘမဲ့ကျောင်းက ကလေးတစ်ယောက်ဆေးရုံတက်လို့ လာကြည့်တာ... အပြန်ကားမငှားချင်လို့... လမ်းလျှောက်ချင်လို့ကို လျှောက်တာပါဆိုခါမှ...။ တကယ်တော့...ကိုယ်.. ခရေပင်လမ်းကို ဖြတ်လျှောက်ချင်ခဲ့တဲ့ ရည်ရွယ်ချက်လဲ ပါပါတယ်...။ ခရေပင်လမ်းမရောက်ခင်လေးမှာပဲ မိုးကရွာချလိုက်တာ...။ မိုးက တစ်ပေါက်နှစ်ပေါက်ဖွဲဖွဲ လေးတောင် မဟုတ်ဘူးဆရာ... ဝုန်းဒိုင်းကိုကျဲပစ်တော့တာ...။ ခရေပင်လမ်းထဲ ကိုယ်ခပ်သုတ်သုတ် ဝင်လိုက်တော့...... အိုး... လှလိုက်တာ...ခရေပင်တွေ ဟိုတစ်ဘက်ဒီတစ်ဘက် ကိုင်းယှက်လို့ ခပ်အုပ်အုပ်ကလေးမှာ မိုးပွင့်ဇာပုဝါးလေးချထားသလိုပဲ...။ ခရေပန်းကောက်တဲ့ ကလေးတွေလဲ အများကြီးပဲ...။ အရင်လို ခြံရှေ့တွေမှာ ကားတွေမရပ်တော့လို့တော်သေးတယ်...။ မထူးဘူး...မိုးစိုလက်စနဲ့တော့ ကလေးတွေနဲ့အတူဝင်ပြီး ခရေပန်းဝင်ကောက်လိုက်ဦးမှပါ..။ ဘောင်းဘီတို စွတ်ကျယ်လေးနဲ့ အသားညိုညိုတုတ်တုတ်နဲ့ အသက်ခုနှစ်နှစ်အရွယ်ကောင်လေးက “မမပန်ဖို့ကောက်တာလား...ရော့ သားဆီကယူ” တဲ့...။ အမယ်မယ်.... ကလေးလေးက ကိုယ်မွေးရင် ကိုယ့်သားတောင်သူ့ထက်ကြီးဦးမယ်...သူက အန်တီအရွယ်ကိုယ့်ကိုများ မမဆိုပဲ..။ အဟဲ... ခပ်မြောက်မြောက်တော့ မဖြစ်တော့ပါဘူး... ကိုယ့်အခြေအနေ ကိုယ်အသိဆုံး...။ သူတို့က ဒီပန်းတွေကို မိုးစိုခံပြီးကောက်... သီကုံးပြီး ပြန်ရောင်းရမှာ...။ တစ်နေ့ကို ဘယ်နှစ်ကုံးရလဲဆိုတော့ သုံးဆယ်ကနေ ငါးဆယ်ထိရတယ်တဲ့...။ ဒါပေမယ့် ပြန်ရောင်းရတာ ပိုပင်ပန်းတယ်တဲ့...။ ဟုတ်မှာပါ... သူတို့လေးတွေ ကားလမ်းမမှာ... မီးပွိုင့်မှာရပ်တဲ့ ကားတွေဆီ အပြေးရောင်းကြရတာ..။ ကားဆယ်စီးမှာ တစ်စီးဝယ်ဖို့က မသေချာ...။ ကံကောင်းလို့ လက်ထဲရှိတဲ့ ပန်းတွေအကုန် ဝယ်သွားမယ့် ဝယ်သူဆိုတာကလဲ တစ်လလုံးနေမှ တစ်ယောက်နှစ်ယောက်ပေါ်လာဦးမှလေ...။ ပါးစပ်ကလဲ အာပေါက်အောင် တတွတ်တွတ်နဲ့ရွတ်ပြီး ရောင်းရသေး...။ ဘဝလေးပေးအခြေအနေအရ သူတို့လေးတွေခင်ဗျာ မိဘရှိလျက် မရှိလျက်နဲ့လဲ ကိုယ့်ဝမ်းကိုယ်ကျောင်းနေကြရရှာတာပါ...။

မိုးရေစိုစိုနဲ့ ကိုယ်သူတို့နဲ့အတူ ပန်းတွေ တော်တော်များများကောက်နိုင်ခဲ့တယ်...။ တစ်ခါတည်း ပန်းတွေကို ကူပြီးသီကုံးပေးလိုက်တယ်...။ မျှင်ထားပြီးသားနှီးတွေနဲ့ ခရေပန်းပွင့်လေးတွေကို တစ်ပွင့်ချင်း တစ်ပွင့်ချင်းဆီ သီကုံးရတဲ့အရသာက ကဗျာတစ်ပုဒ် စပ်ရသလိုပဲ...။ စုစုပေါင်း အကုံးသုံးဆယ်လောက်ပြီးသွားတယ်..။ အဲဒီချိန်မှာ မိုးက ခပ်ဖွဲဖွဲပဲရွာတော့တယ်...။ နိုဝင်လာလကြီးထဲမှာ ဆောင်းအဝင်ရွာတဲ့ မိုးက တစ်နာရီနီးပါးလောက်ကြာတယ်...။ ကလေးဆီက ခရေပန်းဆယ့်ငါးကုံးကို ကိုယ်ငွေနှစ်ထောင်ပေးပြီး ဝယ်လာလိုက်တယ်..။ တန်ဖိုးက နှစ်ထောင်မရှိပေမယ့် တမင်မုန့်ဖိုးအဖြစ်နဲ့ပေးခဲ့လိုက်တာ...။ “မမနောက်နေ့အားရင်လဲ သားတို့နဲ့ ပန်းလာကောက်ဦးနော်”တဲ့...။ သူတို့လေးတွေကို လက်ပြနှုတ်ဆက်ပြီး ခရေပင်လမ်းကအထွက် အလုံလမ်းမဘက်ရောက်တော့ လမ်းမကြီးက စိုထိုင်းပြီး... ကောင်းကင်ကြီးက မီးခိုးရင့်ရောင်သန်းနေတယ်..။ နာရီကြည့်လိုက်တော့...ငါးနာရီထိုးနေပြီ..။ ဒီကနေပဲ ကားငှားစီးမှ ဖြစ်တော့မယ်...။ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိတော့... မိုးရေတွေနဲ့စိုကပ်နေပြီ...။ တော်ပါသေးရဲ့ ဂျင်းပင်နဲ့ ရှပ်ဝတ်လာမိလို့...။ လုံချည်နဲ့သာဆို သေပြီဆရာပဲ...။ နံ့သာရောင် all star ဖိနပ်လေးလဲ ရွှံ့တွေပေကျံလို့...။ လွယ်အိတ်ကမိုးကာသားနဲ့မို့... အထဲက ပစ္စည်းတွေရေမစို...။ ဖြတ်သွားသမျှကားတွေကလဲ... ကိုယ့်ကိုကွက်ကြည့်ကွက်ကြည့်လုပ်သွားကြတယ်...။ ဘာလဲ ဒီခေတ်ကြီးထဲမှာမိုးရေစိုတဲ့သူကို မမြင်ဖူးကြဘူးလား.....။
 
ကိုယ်မတားဘဲနဲ့ ပါရမီ taxi တစ်စီး ကိုယ့်နားထိုးရပ်လာတယ်....။ 

“အစ်မ ဘယ်သွားမလဲဗျ”....

ကိုယ်ကြောင်နနနဲ့ ပြန်မဖြေဘဲ...သူ့ကိုကြည့်လိုက် သူ့ကားကိုကြည့်လိုက်လုပ်နေတာ...။ အမယ်... ကားကလဲ သန့်ပြန့်... ကားမောင်းသူကလဲ taxi မောင်းသမားနဲ့မတူဘဲ.... လန်းနေပုံများ စပို့ရှပ်ဖြူဆွတ်ဆွတ်ကို ကော်လံထောင် ထားသေးတယ်...။ လူကလဲ ရည်ရည်မွန်မွန် အသက်အစိတ်အရွယ်ကလေးပါ...။ ကားအထဲကိုလှမ်းကြည့်တော့ အညိုနုရောင်ရှမွိုင်းနဲ့ ကိုယ့်အဝတ်စိုစိုနဲ့တော့ နောက်ထပ်လာစီးမယ့်သူတွေ မေတ္တာပို့လိမ့်မယ်....။ 

“ဟို....နေပါစေတော့ မငှားတော့ဘူး အားနာတယ် ထိုင်ခုံတွေစိုကုန်မှာ...” ဆိုတော့....
“ရပါတယ်ဗျ... ကျွန်တော် အစ်မထိုင်မယ့်နေရာကို မိုးကာခင်းပေးပါ့မယ်... ဘယ်လိုက်ပို့ပေးရမလဲ...”...

ရော်....ဇွတ်ပဲနော်.....။ အင်းလေ...ဒါ passenger ရဖို့ပြောရတာ သူ့အလုပ်ပဲလေ...။ အိုကေ ဒါဆိုလဲ စီးမယ်ဆိုပြီး လိပ်စာပြောလိုက်တော့...အော်... သိပ်မဝေးဘူးဘဲတဲ့....။ သူက ကားပေါ်ကဆင်းပြီး ကိုယ်ထိုင်မယ့်နေရာကို သူ့မိုးကာအကျီၤခင်းပေးတယ်....။ 

ကိုယ်တွန့်ဆုတ်ဆုတ် လုပ်နေတော့ “အစ်မ အားမနာနဲ့ထိုင်လို့ရတယ်...” 

“ကျွန်တော် လေအေးစက် ပိတ်ထားလိုက်မယ်နော် အစ်မက မိုးစိုနေတော့လေ...” တော်သေးရဲ့ ကားမောင်းသူက လမ်းတစ်လျှောက်စကားမပြောတော့လို့....။ ကားစီးလို့ အဲလို ဟိုမေးဒီမေး လိုက်စပ်စုရင်သိပ်မုန်းတယ်....။ အိမ်ရှေ့ရောက်တာ့ ကားခတစ်ထောင်ထုတ်ပေး လိုက်တယ်....။ 

“အစ်မ....ချက်ချင်းရေမိုးချိုးပြီး နွေးနွေးထွေးထွေး နေလိုက်နော် မဟုတ်ရင် ဖျားသွားလိမ့်မယ်” 

ကိုယ်...ခေါင်းပဲညိတ်ပြလိုက်တယ်...။ ကျေးဇူးလို့တော့ နှုတ်ကထွက်မသွားပေမယ့် စိတ်ထဲက ပြောလိုက်မိပါတယ်..။ ဒါဟာ ကားမောင်းသမားတစ်ယောက်ရဲ့ After Sale Service ပဲ....။ ဒီလို ဖော်ရွေပြီး ကားကလဲ သန့်ပြန့် လေအေးစက်နဲ့ဆိုတော့ စီးရတာနဲ့ ပေးရတာ ထိုက်တန်ပါတယ်...။

အိမ်ပေါ်တက်ခါနီး လက်ထဲကိုင်ထားတဲ့ ခရေပန်းကုံးလေးကို ကိုင်မြောက်ကြည့်ပြီး ကိုယ်တစ်ချက်ပြုံး လိုက်တယ်...။ ကိုယ့်အပြုံးကိုသာတစ်စုံတစ်ယောက် မြင်ခဲ့ရင် ကဗျာဆန်လိုက်တာလို့ မှတ်ချက်ချမှာ သေချာတယ်....။ 

မှတ်ချက်။    ။ တိုက်တိုက်ဆိုင်ဆိုင် ဒီပို့စ်လေးတင်နေတုန်းမှာပဲ မိုးတွေရွာချလာတယ် ....အချိန်က ညနေ ငါးနာရီဆယ်မိနစ်......။


မိုးငွေ့

Tuesday, 2 November 2010

ကြယ်ကြွေသောက်ရင် လွမ်းတာပျောက်တယ်...

ကြယ်တွေတောင်စုံနေပြီ ပျော်နေလိုက်ကြတာ ကောင်းကင်ကြီးတစ်ခုလုံးလင်းလက်လို့ ပျော်နိုင်သူတွေပျော်နေချိန် ငါ့ဘေးမှာဂစ်တာအိုလေးပဲ အဖော်ရှိတယ် ဆေးပေါင်းခတဲ့ညဆို… ငါလွမ်းနေတာသက်သာအောင် ဆေးတစ်ခွက်လောက်ဖော်ပေးမယ့်သူ ခုထိပေါ်မလာသေးပါလား…….. ချစ်ခွင့်မရှိတဲ့ဘ၀မှာ တစ်ဖတ်သတ်လွမ်းရတဲ့ဝေဒနာ ဘယ်လောက်ခံရခက်တယ်ဆိုတာ ကြွေသွားတဲ့ကြယ်လေးတွေကိုမေးကြည့်ပါလား…… ဖြစ်နိုင်မယ်ဆိုပြောပြချင်တယ် ငါဘယ်လောက်လွမ်းလဲဆိုတာပေါ့ နင်ကမသိသလိုနေနေမှတော့ မပြောတော့ပါဘူး………. ကြယ်ကြွေတွေလိုက်ကောက်ပြီး ကော်ဖီထဲထည့်သောက်လိုက်တော့မယ် ငါ့အလွမ်းတွေများပျောက်သွားမလားလို့လေ………..။ ။(ဒဿ)