Monday, 6 September 2010

စကားပြောသောသီချင်း





အလွမ်းသင့်ပန်းချီ 

"အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေ အတူတူထားရှိခဲ့တဲ့ ကတိများ တစ်ချိန်ကချစ်ခဲ့ဖူးတဲ့ ဒို့ရဲ့အတိတ်ဟာ လေထဲမှာ ပျောက်သွား အပြုံးလေးတစ်ခုကစောင့် ရင်ခုန်ချစ်ခဲ့မိတာ ငါ့အမှား ထိုင်ကာငေးနေရင်း ဟိုးဝိုးတစ်ဝါးအဝေးမှာ အချစ်သစ်တွေ့နေမလား တစ်နေ့တော့ မင်းပြန်လာအုံးမလား..ဟိုးတုန်းကလို ချစ်အုံးမလား ဘာ့ကြောင့် ငါ့ကိုမုန်းသွားခဲ့လဲဖြေ....ဒါအိမ်မက်တွေ ငါ ဘေးနားရှိနေနိုင်အုံးမလားပြောခဲ့သမျှတွေ ယုံစားကာ ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ ပုံပြင်လေးတစ်ပုဒ်ပြီးဆုံးသွားပြီ ကျန်နေခဲ့ပြီ မျက်ရည်များ ရင်မှာရစ်နှောင်ထားတဲ့ကြိုးလေးကပါ ပြတ်သွားပြီ ငါမုန်းလို့မရခဲ့ပါ အချစ်များသာကိုးကွယ်လို့ထား ငါသာမင်းတစ်ယောက်ထဲသာ ချစ်ခဲ့တဲ့အခါ အရှုံးကြီးရှုံးပြီပေ့ါ.. တကယ်ပါ... တစ်နေ့တော့ မင်းပြန်လာအုံးမလား..ဟိုးတုန်းကလို ချစ်အုံးမလား ဘာ့ကြောင့် ငါ့ကိုမုန်းသွားခဲ့လဲဖြေ....ဒါအိမ်မက်တွေ ငါ ဘေးနားရှိနေနိုင်အုံးမလားပြောခဲ့သမျှတွေ ယုံစားကာ ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ မင်းခွင့်လွှတ်ပေးပါ .......SOLO..... မေ့မရတဲ့ အချိန်တွေအဆုံးထိ မျက်စိမှိတ်မျှော်လင့်ခဲ့ပြီ ဘာမှမသိတဲ့တစ်နေ့နေ့ကို ငါ...စောင့်စားလို့ နှလုံးသားကွဲကြေနေတဲ့အထိ အလွမ်းသင့်ခဲ့တဲ့ အတိတ်ရဲ့ပန်းချီ လမ်းစမရှိတဲ့ ငါ့အဖြစ်ကိုမြင်လှည့်..ရေးးး ငါဆက်ချစ်မယ်... တစ်နေ့တော့ မင်းပြန်လာအုံးမလား..ဟိုးတုန်းကလို ချစ်အုံးမလား ဘာ့ကြောင့် ငါ့ကိုမုန်းသွားခဲ့လဲဖြေ....ဒါအိမ်မက်တွေ ငါ ဘေးနားရှိနေနိုင်အုံးမလားပြောခဲ့သမျှတွေ ယုံစားကာ ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ မင်းခွင့်လွှတ်ပေးပါ။ ရေးးး..ရေးးး မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ ဟူးးး.ဟူးးး..ဟင်းး...ဟင်းး မပြတ်သားနိုင်ခဲ့တာမင်းနားလည်ပေးပါ အိုးး..ရေးး..ရေးး မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ အိုးး..ရေးး..ရေးး..ဟေးးး မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ "

တေးဆို - ရတနာမိုင် အမ်ဘမ် - မရှိလို့မဖြစ်



မိုးငွေ့

Saturday, 4 September 2010

ဘ၀ထဲက...လူတွေ




ဒီချိုင့်တွေခွက်တွေထဲက ညစ်ပတ်ပေရေနေတဲ့ မဲညစ်ညစ်ရွှံ့တွေက ကိုယ့်အတွက်တော့ရိုးနေပါပြီလေ...။ စနေနေ့တိုင်း ဘော့စ်က သူ့အိမ်အတွက် တစ်ပတ်စာဟင်းစားတွေဝယ်ပေးဖို့ ကိုယ့်ကိုတာဝန်ပေးထားတာမို့... ဒီဈေးထဲက ဈေးသည်တွေနဲ့လဲကိုယ်က ရင်းနီးနေပါပြီ..။ အသားရုံထဲမှာ ကြက် ၀က် ဆိတ် ဘဲ ငါး ပုဇွန် စတဲ့ အသားတွေကို ပိဿာလိုက်ဝယ်ပေးရတယ်...တချို့ဆို ကိုယ့်ကို ဟိုတယ်က အ၀ယ်တော်လို့ထင်သေး...။ ပြီးရင် ဈေးအပြင်ဘက်က ဟင်းရွက်သည် မသန်းဌေးဆိုင်မှာထိုင်တယ်...။ လိုအပ်တဲ့ အသီးအရွက်မျိုးစုံကိုသာ ရွတ်လိုက် သူက ဘောက်ချာဖွင့်ပြီး အားလုံးထုပ်ပိုးပြင်ဆင်ပေးပြီးသား...။ ကိုယ်ကတော့ သူ့ဆိုင်မှာခုံပုလေးနဲ့ သူမှာပေးတဲ့ အစုံသုပ်ကိုစားနေရုံပဲ...။ အသုပ်စားရင်းမသန်းဌေးဆိုင်ဘေးက မုန်ညင်းရောင်းတဲ့ အုပ်စိုးဆိုတဲ့ ကောင်မလေးက “အစ်မ ဘယ်လိုဖြစ်တာလဲ ဒီနေ့မျက်လုံးတွေလဲ မို့အစ်လို့ပါလား”တဲ့..။ “ဟုတ်တယ် ညီမရေ... ညက ကိုးရီးယားကားကြည့်ပြီး နဲနဲ ဇာတ်ထဲမျောသွားတယ်ကွယ်”လို့ ရယ်သွမ်းသွေးလိုက်မိတယ်...။ တပြိုင်တည်းလဲ အလိုက်မသိတဲ့ မျက်ရည်က ၀ဲတက်လာသေး...။ ကိုယ်ဟာ...သူ့အတွက် “အမှား”တစ်ခုဖြစ်နေတယ်တဲ့...။ အဲဒီအတွက် ညကတွေးရင်းနဲ့ စိတ်မကောင်းဖြစ်သွားလို့ တော်တော်နဲ့ အိပ်မပျော်ဖြစ်ဘူး..။ အိပ်မက်ထဲလဲ ကိုးရီးယား drama ကားတွေဘာတွေရိုက်ဖြစ်သွားတာပေါ့...။ အဲဒါကြောင့်မျက်လုံးတွေနဲနဲယောင်သွားတယ်...။ မသန်းဌေးကလဲ “ငါ့ညီမတို့မှာလဲ စိတ်ညစ်စရာဆိုတာရှိသေးလား”တဲ့..။ မသန်းဌေးဆိုတာ အပျိုကြီး... သတိလွတ်သူငယ်ပြန်နေတဲ့ အမေအိုကြီးရယ်.... အိမ်ထောင်ကွဲပြီး သားနှစ်ယောက်အဖေဖြစ်တဲ့ အစ်ကိုရှိပါတယ်...။ အစ်ကိုဖြစ်သူကလဲ အစိုးရ၀န်ထမ်းဆိုတော့ လောက်လောက်ငငမရှိဘူုး...။ သားနှစ်ယောက်ကလဲ ကျောင်းပြီးသူပြီးနေကြပေမယ့်... ဘာအလုပ်မှမလုပ်ဘဲ... ဒီအဒေါ်အပျိုကြီး တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်းရှာဖွေတာကို အခန့်သားထိုင်စားကြသတဲ့...။ ဈေးထဲအကူခေါ်တော့လဲ မလာချင်ကြဘူး...။ ရှက်တယ်ပေါ့ဗျာ...။ သနားပါတယ် အစ်မခင်ဗျာ အပျိုကြီးတန်မဲ့ တစ်အိမ်လုံးကိုလုပ်ကျွေးရတယ်...။ ဟော...အုပ်စိုးဆိုတဲ့ကောင်မလေးကရော ဘာထူးသေးလဲ... အသက်ဆယ်ခြောက်နှစ်နဲ့ အိမ်ထောင်ပြု...ခုတော့လဲ... လေးနှစ်သမီးလေးတစ်ယောက်သာ အဖတ်တင်လိုက်တယ်... ယောကျားင်္က ရှာမကျွေးချင်တော့ ကွာလိုက်တယ်...ကောင်းရော...။ တကယ်ရုန်းကန်လှုပ်ရှားပြီး တစ်ဝမ်းတစ်ခါးအတွက်.. ရှာဖွေစားသောက်နေကြသူတွေပါ..။ ကိုယ့်ကိုတော့ ကုမ္ပဏီမှာအလုပ်လုပ်တော့ လစာကောင်းတယ်ဆိုပြီး မပင်ပန်းဘူး အဲလိုမြင်ကြမှာပေါ့...။ တကယ်တော့ ကိုယ်တို့အားလုံးဟာ ဘ၀ထဲကလူတွေခြင်းအတူတူပါပဲ...။ ရုန်းကန်ရတာခြင်းလဲအတူတူပါပဲ...။ ရုန်းကန်ရတဲ့ ပုံစံလေးကွာခြားသွားတာပဲရှိတာပါ...။ “အစ်မရယ်... လူဆိုတာ ဘ၀အတွက် ရုန်းကန်မှုမရှိဘဲ ပေါ့ပေါ့လေးဖြတ်သန်းရမယ်ဆိုရင် လူု့ဘ၀ရဲ့ အနှစ်သာရဆိုတာ ဘယ်ရှိတော့မလဲ...” လို့ပြောလိုက်တော့... “င့ါညီမလေးပြောပုံကလဲ စာရေးဆရာမကျနေတာပဲတဲ့လေ..။ ကိုယ်ကတော့ဖြင့် ဈေးသည်တွေဈေဗန်းရွက်ပြီး အော်ရောင်းသလို ဟစ်ကြွေးပစ်လိုက်ချင်သေး... “ဟောဒီက...လေဒီ..အသဲကွဲနေသည်”လို့လေ...။ ကိုယ့်ဘာသာကိုယ်တွေးရင်း ပြုံးမိလိုက်သေး...း) အရေးထဲ သူက အသဲကွဲတောင်ကဗျာဆန်ချင်သေးတယ်..။ ငွေစာရင်းကိုင်ပီပီ...တစ်ခါတစ်လေ သူတို့ကိုစပ်စုမေးဖြစ်တယ်...။ တစ်နေ့တစ်နေ့ ဘယ်လောက်ရင်းနှီးရသလဲ... ဘယ်လောက်မြတ်လဲ... ကုန်ကျစရိတ်ဘယ်လောက်ရှိသလဲ စသဖြင့်ပေါ့...။ လူတိုင်းလူတိုင်း ကိုယ့်ဘ၀ရဲ့ Balance Sheet ဆွဲပြီး အရှုံးအမြတ်တွက်နေတဲ့သူတွေချည်းပါပဲ...။ ခုခေတ်ခါမျိုးမှာ သာလို့ဆိုးပါသေး..။ သြော်...ပြောပြရဦးမယ် ဒီဈေးထဲမှာ စိတ်မနှံ့တဲ့ အရူးတစ်ယောက်ရှိတယ်...။ တစ်ကိုယ်လုံး ညစ်ပတ်ပေရေပြီး ဈေးဝယ်သူတွေကို ပိုက်ဆံလိုက်တောင်းလိုတောင်းပါးစပ်ကလဲ ရွတ်ချင်တာရွတ်နေတတ်တာ...။ တစ်ခါက ဟင်းရွက်ထိုင်ရွေးနေတဲ့အဒေါ်ကြီးရဲ့ အနောက်ကနေ ဘရာဇီယာကြိုးထောက်ခနဲ စောင့်ဆွဲလိုက်တာ... အဒေါ်ကြီးခင်ဗျာ လန့်ပြီးလိုက်ရိုက်ပါရောလား...။ ခုလဲ...မသန်းဌေးဆိုင်ရှေ့မှာ ခြေထောက်ကိုဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့ ပစ်တိုင်းထောင်ကျနေတာပဲ...။ ဈေးဝယ်လာတဲ့ တရုတ်မတစ်ယောက်ကွက်ကြည့်ကွက်ကြည့်နဲ့ သူ့ကိုပတ်ရှောင်နေတာကြည့်ပြီး ကိုယ်တော်တော်ရီချင် သွားတယ်...။ အုပ်စိုးက “အစ်မကလဲ အဲလိုလေးရယ်ဦးမှပေါ့ အစ်မကြည့်ရတာ ဒီနေ့မလန်းလိုက်တာ”...။ ဟုတ်လား ကိုယ်တော်တော် ရုပ်ပျက်စင်းပျက် ဖြစ်နေပြီလား..။ ဒါနဲ့ ဟင်းစားတွေကို ဘော့စ်အိမ်ကားမောင်းပို့... အိမ်ပြန်ပြီး ရေမိုးချိုးလိုက်တယ်..။ မှန်ရှေ့မှာ ကိုယ့်ရုပ်ကို တယ်ပြီးမကြည့်ချင်ပေမယ့်လဲ ကြည့်လိုက်ပါတယ်...(ဒီလောက်ချစ်စရာကောင်းတဲ့ရုပ်ကို...နော်)း)...။ နဂိုထဲကမှ မျက်ရစ်ကြီးပါတယ်ဆို ခုလို့ယောင်ပြီးမို့နေတော့ သိသိသာသာကြီးဖြစ်နေတာပေါ့..။ ဒါနဲ့ ခရမ်းရင့်ရင့် မျက်လုံးခြယ်တဲ့ဟာနဲ့ ခြယ်လိုက်တယ်(မမခင်ဦးမေပြောတဲ့ ကာချယ်နဲ့ပေါ့) ..။ မက်စ်ကာရာနဲ့ မျက်တောင်ကော့လိုက်တယ်...ပါးပြင်ပေါ် Blush နဲနဲတို့ပြီး ပန်းဖျော့ရောင်နှုတ်ခမ်းဆိုးဆေးလေးတင်လိုက်တော့ စောစောကအပူရုပ်ကပျောက်ပြီး လန်းသွားပြီပေါ့...။ စနေဆိုတော့ ရုံးမှာ အလန်းတွေဝတ်လို့ရတယ်...။ ပန်းဆီရောင် ကော်လံထောင်တရုတ်မအကျီင်္နဲ့ နက်ပြာရောင် ဒရီးကွာတား လီနင်ချည်ဘောင်းဘီကို ဘရာဇီးစလစ်ပါလေးနဲ့ တွဲဖက်လိုက်တော့...ဟုတ်သွားပြီ။ ကြောင်လျှောက်လျှောက်လို့ရသွားပြီ... အဲလေ Cat Walk ကိုပြောပါတယ်..။ ရုံးရောက်တော့ ရုံးကလုပ်ဖော်ကိုက်ဖက် ဦးလေးကြီးက “ညည်းကို ငါကြည့်ကြည့်နေတာ ခုတလော ဘယ်သူနဲ့တူနေသလဲလို့ MRTV 4ကလွှင့်နေတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲက မင်းသမီးနဲ့ တူနေတာကိုး”တဲ့...။ အဟဲ...ဆံပင်ကို နောက်ဘက်မှာ ခပ်တွဲတွဲလျော့လျော့လေး ထုံးထားပြီးအရှေ့ဘေးခွဲထားတဲ့ ဆံပင်ကို နဲနဲ ကပိုကရိုလေး ချထားတာနဲ့ အဲဒီမင်းသမီးလေးနဲ့ သွားတူတာနေမယ်လို့ ကိုယ့်ကိုယ်ကို ခပ်မြောက်မြောက်ဖြစ်သွားသေးတယ်..။ နောက်တော့မှ သူ့နောက်ဆက်စကားက “ဟုတ်တယ်ဟ.. အဲဒီမင်းသမီးမျက်လုံးတွေကိုကြည့်ကြည့်အမြဲ မျက်ရည်တွေလဲ့ပြီး ဆွေးရိပ်သန်းနေတာ ညည်းလဲ အဲလိုဖြစ်နေတယ်... မှန်မှန်ပြောစမ်း ဒီကောင်မလေး ရည်းစားပူမိနေသလား” တဲ့...။ အဲဗျာ...ကိုယ့်အရွယ်နဲ့ ရည်းစားပူမိစရာလားနော်... ရှက်စရာကောင်းပါသေး...။ မမခင်ဦးမေရဲ့ ကာချယ်ကလဲ မကယ်နိုင်တော့ပါဘူး...။ Accounting term တစ်ခုရှိတယ် Window Dressing တဲ့... သိပ်လှတဲ့စကားလုံးလေး..။ ကိုယ်ဆွဲပြီးတဲ့ စာရင်းကို လူကြီးတွေကြည့်ရအဆင်ပြေအောင် လွယ်ကူအောင် ပြင်ဆင်ပေးရတာကိုဆိုလိုတာပါ...။ ကိုယ်လဲအဲလိုပဲပေါ့...ကြည့်ကောင်းအောင်လို့ ကိုယ်ကိုယ်ကို Window Dressing လုပ်လာခဲ့တာ...။ တကယ်တမ်းတော့ ဒါတွေဟာ... အတွင်းစိတ်က အပူတွေကို တခဏတာ ဖုံးလွှမ်းပေးတဲ့ အပေါ်ယံအရာဝတ္ထုတွေပါ...။ ဘ၀ထဲက လူတွေပီသတယ်ဆိုရင်... ဘယ်အလွှာ... ဘယ်အတန်းထဲက လူဖြစ်ဖြစ် လူ့ရဲ့ ဒုက္ခဆင်းရဲကိုတော့ မလွဲရှောင်နိုင်ကြပါဘူးလေ.....။


မိုးငွေ့

Friday, 3 September 2010

ဆုတောင်းစာ.....





အိပ်ပျော်သွားဖို့ကောင်းပြီ......။

ဒီညအိပ်ပျော်ဖို့ ခက်ခဲလိမ့်မယ်လို့ ကြိုတင်တွက်ဆထားခဲ့ပေမယ့်လည်း ဒီလောက်ညဉ့်နက်စွာ မျက်စိကြောင်လိမ့်မယ်လို့ ကိုယ်မမျှော်လင့်ခဲ့ဘူး....။ အခုတော့.... ဖြစ်သင့်ဖြစ်ထိုက်တဲ့ စိတ်လှုပ်ရှားမှု ထက်ပိုနေပြီ...။ ညဦးပိုင်းက ရေးထားခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ပြန်ဖတ်ချင်နေမိတယ်...။ ဗိုက်ထဲဟာတာတာ ဖြစ်တော့မှ ညစာကို ပေါင်မုန့်နှစ်ချပ်ပဲစားထားမှန်းသတိရမိတယ်....။ ခေါင်းရင်းက မီးခလုတ်ကိုစမ်းပြီး နာရီကြည့်လိုက်တာ့ တစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်....။ လမ်းပေါ်က မုန့်ဖက်ထုပ်သည်အသံကို ကြားနေရတုန်း....။ စာကြည့်စားပွဲပေါ်က စာအုပ်ကို ကောက်ကိုင်ပြီး မီးဖိုခန်းဘက် ထွက်သွားခဲ့လိုက်တယ်...။ ကဗျာကို ခေါက်ဆွဲပြုတ်နဲ့ မြည်းလိုက်တယ်..။ ကိုယ့်ကို သူက ... သူ့မွေးနေ့လက်ဆောင်အဖြစ် ကဗျာတစ်ပုဒ်ရေးပေးပါလို့ တောင်းဆိုထားတယ်...။ ကဗျာတွေကို ချစ်မြတ်နိုးတယ် ဆိုပေမယ့် သူများကဗျာတွေလောက်ပဲ ဖတ်ဖူးခဲ့တာ...။ ကြိုက်တဲ့ ကဗျာတွေကို ကူးထားတယ်...။ ဒီလောက်ပဲ...။ ခုလိုကိုယ်ကိုယ်တိုင် ရေးချရမယ်ဆိုတော့ တော်တော်လေး ရင်ခုန်လှုပ်ရှားသွားမိခဲ့တယ်....။ ဘယ်လိုအကြောင်းအရာကို ဘယ်လိုပုံစံမျိုးနဲ့ ရေးရင်ကောင်းမလဲလို့ တွေးရင်း ကိုယ်ကြိုက်လို့ စုဆောင်းထားသမျှကဗျာစာအုပ်တွေကို ပြန်ဖတ်နေလိုက်တယ်...။ ကိုယ်တိုင်ရေးကဗျာဆိုတာ ဘယ်သူ့အငွေ့အသက်မှ မလွှမ်းတဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ခံစားမှုနဲ့ စကားလုံးတွေနဲ့ ဖွ့ဲစည်းတည်ဆောက်ထားတာမျိုးပဲ ဖြစ်သင့်တယ်လေ...။ ဒါနဲ့ သူ့ပုံစံ သူ့အကြောင်း... သူကြိုက်တာလေးတွေကို ပြန်တွေးကြည့်ရင်း...အခြေခံရတယ်...။ ဒီလိုနဲ့ ကာရံမညီတဲ့ကဗျာ တစ်ပုဒ်ထွက်လာခဲ့တယ်...။ ကိုယ့်လက်ရေးနဲ့ ကဗျာတစ်ပုဒ်ကို ဟိုးးးး အဝေးမှာရှိတဲ့ သူ့ဆီ Scan ဖတ်ပြီးမေးလ်နဲ့ပို့ပေးရမှာ...။ ကဗျာလေးရဲ့ အောက်ခြေမှာ ကိုယ့်လက်မှတ်လေးပါမှပေါ့နော်...။ A4 စာရွက်ရဲ့လေးပုံတစ်ပုံလောက်က ကိုယ့်ရဲ့လက်မှတ်နဲ့ ပြည့်သွားတယ်...။ အို...မွေးနေ့ဆုတောင်းစာလေးတစ်ကြောင်းတော့ ရေးရဦးမယ်...။ ခေါက်ဆွဲပန်းကန်ကို ဘေစင်ထဲထည့်ပစ် စာအုပ်လေးယူပြီး စာကြည့်စားပွဲမှာပြန်ထိုင်လိုက်တယ်...။ ဘယ်လိုဆုတောင်းစာမျိုး ရေးရင်ကောင်းမလဲ...။ “ဒီမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ သာယာပျော်ရွှင်ပါစေ” ဟင့်အင်း ဒါမျိုးက လူတိုင်းရေးနေကျ စာသားကြီး...။ “လိုအင်ဆန္ဒပြည့်ဝပါစေ” မဟုတ်သေးပါဘူး ဒါလဲ...။ “ချစ်တဲ့ သူနဲ့ အမြန်ဆုံး ဆုံဆည်းရပါစေ”... နိုး....။ ဘာလို့လဲ...ဒါကောင်းတာပဲ... သူ့ချစ်သူနဲ့ သူပြန်ဆုံဆည်းဖို့ ဆုတောင်းပေးတာပဲ... ဘာမနာလိုစရာရှိလဲ..။ ကိုယ်ချင်းတောင်စာပေးရဦးမှာ....။ (အသက်ကို၀၀ရှူ.... ပြန်ထုတ်.... မကောင်းတဲ့စိတ်တွေ ဝင်လာတဲ့အခါတိုင်း ကိုယ်လုပ်နေကျမျိုး.... ဝမ်းထဲက မကောင်းတာတွေကို လေနဲ့အတူ နှင်ထုတ်ပစ်လိုက်တဲ့သဘော) ဟုတ်တယ်... ဒါပဲကောင်းတယ်...။ ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘူး အဲဒါလေးပဲ ကောက်ရေးလိုက်တော့မယ်...။


“ချစ်တဲ့သူနဲ့ ထာဝစဉ်လက်တွဲရပါစေ” လို့ ကိုယ်ဆုတောင်းပါတယ်....။


မိုးငွေ့

Friday, 27 August 2010

Recreation Center......



တစ်ခါတုန်းက တက္ကသိုလ်မှာ... ပထမနှစ်.ကျောင်းသူကျမ မအူမလည်... သူငယ်ချင်းမရှိ အတန်းစတက်တော့ အတန်းထဲမှာ လူကအပြည့်...။ ဘယ်သူ့နားထိုင်ရမှန်းမသိ လွယ်အိတ်ကလေးပိုက်ပြီး မျက်လုံးကလည်ကလည်နဲ့ပေါ့...(မြင်ယောင်မကြည့်ကြပါနဲ့)....။ စတိတ်ကျောင်းတုန်းက မျက်မှန်းတန်းမိမယ့် သူငယ်ချင်းများရှိလေမလား... ဟိုဝေ့ ဒီဝေ့ ကြည့်လိုက်တယ်... တစ်ယောက်မှမတွေ့ဘူး..။ အင်းလေ.... သူများတကာတွေ ဆေးကျောင်းရောက်သူရောက် ဝိုင်အိုင်တီရောက်သူရောက်နေကြမှာပေါ့...။ ကိုယ့်လို ရိုးရိုးမေဂျာနဲ့ပဲလို့ ဘယ်ထင်လို့ဖြစ်ပါ့မလဲ...။ ဒါနဲ့ စာသင်ခန်းအလည်လောက်နားက ခုံအလွတ်မှာ ဝင်ထိုင်လိုက်တယ်....။ အဲနေ့က သူငယ်ချင်း နှစ်ယောက်အသစ်ရတယ်...တစ်ယောက်က မီးမီးတို့ လသာ(၂)ကျောင်းကပဲတဲ့...သူ့ကိုတော့မြင်ဖူးသလိုလိုပါပဲ...တရုတ်မလေး...အရပ်ကခပ်ရှည်ရှည်....။ နောက်တစ်ယောက်က စမ်းချောင်းမြို့နယ်ကပါ... ရခိုင်မ...သူက ကျမထက်သုံးနှစ်လောက်ကြီးတယ်...။ ငယ်ငယ်က အတန်းအောက်ခဲ့လို့ ကျမတို့နဲ့ အတန်းလာတူနေတာဖြစ်မယ်...။ ဒီလိုနဲ့ သုံးယောက်ပေါင်းမိတော့.... သုံးယောက်ပေါင်းမြောင်းကျော်.... အဲလေ..မှားသွားလို့ သုံးယောက်ပေါင်းလောင်းကြော် ဆိုသလိုပဲ....ကျောင်းမှာ..ကဲကြတာ...။ တက္ကသိုလ်မှာ စာအုပ်ထဲမှာဖတ်ဖူးတာတော့ ဆရာမစာသင်ရင် ကျောင်းသားတွေက ကျောင်းသူတွေကို စက္ကူမြှားနဲ့ပစ်ပေါက် စတတ်တယ်လို့လေ...။ တကယ်ပါ... ကျောင်းမှာ အဲလိုပဲ....တစ်ခါတစ်လေ အတန်းမရှိရင် ကျောင်းသားတစ်ချို့ဆို ချောင်တစ်ချောင်မှာ...ဖဲရိုက်လိုရိုက်နဲ့....။ ပထမနှစ်ဆိုတော့ အတန်းလစ်တာတို့ဘာတို့သိပ်မလုပ်ကြသေးဘူး...။ နည်းနည်းဝါရင့်လာတော့မှာ လက်တွေ့ချိန်တွေလောက်ပဲ စာမေးပွဲမှာ အမှတ်ရမယ့်အတန်းလောက်ပဲ လုပ်ကြတာ...။ ကျမတို့ခေတ်က RC 1 , 2, 3 ဆိုပြီးရှိတာ...။ recreation center ဆိုတာ အပန်းဖြေရိပ်သာပေါ့..။ တကယ်အပန်းဖြေပါတယ်.... ကျောင်းတက်ရတာ ပျော်စရာကြီး... လွတ်လွတ်လပ်လပ်ပဲ... စတိတ်ကျောင်းတုန်း ကလို ဆရာစာမေးလို့ မရရင် ခုန်ပေါ်တက် ဒဏ်ပေးစနစ်ကလဲ ကျွတ်ပြီလေ...။ ဒီတော့ အတန်းမရှိရင် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ပေါက်ကရတွေလိုက်နောက်တော့တာ...။ ကျမတို့အတန်းထဲ ရုပ်ရှင်မင်းသာဝင်းဦးနဲ့တူတဲ့ ကျောင်းသားတစ်ယောက်ရှိတယ်...တူတယ်ဆိုတာ သူ့အိုက်တင်နဲ့ သူထားတဲ့ နှုတ်ခမ်းမွှေးစစလေးကြောင့်ပါ...။ သူ့နာမည်က သက်ထွန်းဦးတဲ့...။ ကျမတို့အချွန်နဲ့မတာကို ပင်တိုင်ခံရတဲ့သူပေါ့...။ အတန်းပြီးရင် သူကန်တင်းသွားခါနီးဆို သူ့နောက်ကြောကို စာကပ်ပေးလိုက်တယ် “ဝံကြီး” ဆိုပြီး...။ နောက် “ဝံကတော်” ကတော့ ကံဆိုးတဲ့ ကျောင်းသူတစ်ယောက်ယောက် အကပ်ခံရတာပဲ...။ တခါတလေ... စာရွက်စုတ်တွေကို အပိုင်းပိုင်းဆက်ပြီး အမြီးတပ်ပေးလိုက်တာမျိုး...။ သူကတော့မသိရှာဘူး တစ်ကျောင်းလုံးလျှောက်သွားနေတာ...။ ကျမတို့ အတန်းက ကျောင်းအနောက်ဘက်ဆုံးမှာဆိုတော့ အိမ်ပြန်ရင်လဲ သူများမေဂျာက အတန်းတွေအားလုံးရှေ့ကို ဖြတ်လျှောက်ရတယ်...။ အဲဒါမျိုးချိန်ကိုစောင့်ပြီး ကပ်ပေးလိုက်လို့ကတော့ ပြီးရော....။ ကျောင်းကလူတွေကလဲ သစ္စာရှိပါ့... တခွီးခွီးနဲ့သာ ကျိတ်ရယ်ချင်ရယ်နေကြမယ်...လုံးဝသွားမပြောပေးဘူး...။ သက်ထွန်းဦးကလဲ တော်တော် သီးခံရှာပါတယ် ကျမတို့ကို...။ ကျမတို့နောက်တယ်ဆိုတာ သိသွားတာတောင် စိတ်မဆိုးဘူး....။ ဒါကို သူငယ်ချင်းတွေက ဘာပြောတယ်မှတ်လဲ “ဘယ်စိတ်ဆိုးမလဲ နင့်ကြိုက်နေသလားမှမသိတာ”တဲ့...။ စိတ်ကူးမလွဲနဲ့နော် သူက အမတွေပဲရှိတာ တစ်အိမ်လုံးမှာ အငယ်ဆုံးတဲ့လေ....။ အဟီး... မီးမီးကြောက်ကြောက်..။ အဲလိုလေးပေါ့နော် ကျောင်းမှာ ပေါက်ကရစနောက်ကြတာ....။ ပြီးတော့ ကျမတို့နောက်စတဲ့ သူတစ်ယောက်ရှိသေးတယ်...။ လက်တွေ့ခန်းမှာ လူအယောက်နှစ်ဆယ် တစ်ဖွဲ့ဖွဲ့ထားတဲ့အထဲက သူက ကျမတို့ရဲ့ EC ... ဆရာမတွေက ရံပုံငွေကောက်ဖို့ စာအုပ်တွေရောင်းဘာတွေ ရောင်းရင် EC ကပဲ ဦးဆောင်ပြီးရောင်းရတာလေ...။ ကျမတို့ကိုလာရောင်းရင်တော့ “ဦးစိတ်တိုရယ် နင်ပဲ ခဏစိုက်ဝယ်ပေးထားပါဟာ ... ဒီနေ့ငါတို့ပိုက်ဆံနည်းနည်းပဲပါလာလို့ပါ” အဲလိုမလှိမ့်တစ်ပတ်ရိုက်ပြီး ပိုက်ဆံမပေးတော့ဘူး...။ အဲဒါမျိုး သူစိုက်ရပေါင်းမနည်းတော့ဘူး...။ အော်... အဲဒီEC ကို ဦးစိတ်တိုလို့ ခေါ်ရခြင်းအကြောင်းအရင်းကတော့... ကာတွန်းစာအုပ်ထဲက ဦးစိတ်တိုနဲ့ မျောက်ညိုဆိုတာရှိတယ်လေ...။ သူက အဲဒီဦးစိတ်တိုနဲ့တူလို့...။ နောက်မှထပ်ပြောပြဦးမယ်... Zoolကျောင်းသူကျမ နာမည်ပေးလဲတော်တယ်ဆိုတဲ့ အကြောင်းလေး...။ ဦးစိတ်တိုက EC တာဝန်တော့ကျေပါတယ်... သူ့အဖွဲ့ထဲက သူတွေအတွက်ဆို ဒိုင်ခံအနစ်နာခံတာ အဲလိုချစ်စရာကောင်းတာ...။ သူငယ်ချင်းတွေစုပြီး ကျိုက်ထီးရိုးဘုရားတက်တော့လဲ... သူပဲစီစဉ်တယ်...။ အမယ် ဘုရားပေါ်မှာ သူ့ဥပတိရုပ်ကလေးကိုသုံးပြီး ကောင်မလေးတွေကို ဟောက်စားလုပ်လိုက်သေး...။ ဒီလို...ဘုရားရင်ပြင်ပေါ်မှာ စကပ်ဘောင်းဘီမဝတ်ရဘူးလေ...။ အဲဒီတုန်းက ကောင်မလေးတစ်သိုက်ထဲက ဘောင်းဘီဝတ်ထားတဲ့ ကောင်မလေးကို လက်ယက်လှမ်းခေါ်နေတာ ကျမတို့ တအံ့တသြနဲ့ ကြည့်နေကြတာ....။ “ဘုရားရင်ပြင်မှာ ဘောင်းဘီမဝတ်ရဘူးဆိုတာ နားမလည်ဘူးလား” လို့ ခပ်မာမာသူကပြောတော့ စစ်ဂျာကင်ကလဲ ဝတ်ထား ကောင်းမလေးတွေက သူ့ကို စစ်ဗိုလ်အောက်မေ့ပြီး ကြောက်ကြောက်နဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ ကုတ်ကုတ် ကုတ်ကုတ်နဲ့ထွက်သွားကြတာ....။ ကျမတို့က သူ့ကိုပြန်ခေါ်ပြီးမေးတော့ စောစောက အဝေးက သူ့အမူအရာကိုမြင်ယောင် သူပြန်ပြောပြတာကို နားထောင်ပြီး တဟား ဟားနဲ့ရယ်ကြတာပေါ့ ဘယ်ပြောကောင်းမလဲ...။ ဒုတိယနှစ်ကျောင်းတက်တော့ ရုက္ခဗေဒမေဂျာက စိန်ယာ့ဒ်ဆိုတဲ့ ကျောင်းသားနဲ့ ထပ်ခင်ကြတယ်....။ ကျမတို့တင်မဟုတ်ဘူး...။ သူ့ကိုကျတော့ တစ်ကျောင်းလုံးက ကောင်မလေးတွေအကုန်လုံးလိုလို ခင်ကြတယ်...။ ဘာလို့လဲဆိုတော့ သူက ပုံပြောကောင်းသူကိုး....။ ကျမတို့ အာစီသရီး ကျောင်းက ဝင်ဝင်ချင်း ဆင်ဝင်ကြီးရဲ့ တစ်ဘက်တစ်ချက်မှာ လှေကားထပ်လေးတွေရှိတယ်...။ အဲဒီနေရာကို လင်မျှော်ကုန်းလို့ခေါ်သေးတယ်.....။ အတန်းမတက်သေးခင်မှာ ကျောင်းသူကျောင်းသားတွေ တော်တော်များများထိုင်ကြတယ်....။ စိန်ယာ့ဒ်ကိုရှာမတွေ့လို့ကတော့ အဲမှာသွားကြည့် ကောင်မလေးတွေကြားမှာထိုင်ပြီးပုံပြော နေပြီသာမှတ်တော့...။ သူပြောတဲ့ ရယ်စရာပုံပြင်တစ်ချို့ကို ပြန်မျှဝေပါမယ်....။ “ဆင်ဥ”ဆိုတဲ့ ပုံပြင်ကို ပြောပြမယ် ...သေချာနားထောင်....အဲ...ဖတ်နော်...။ တစ်ခါက...တောရွာတစ်ရွာက လင်မယားနှစ်ယောက်မြို့ကို ပြောင်းလာနေကြတယ်တဲ့...။ အဲဒီလင်မယားနှစ်ယောက်ဟာ သိပ်ကိုရိုးအလွန်းလို့ .. ဒေသန္တရဗဟုသုတလဲ မရှိကြဘူးတဲ့....။ မိန်းမလုပ်သူက တစ်နေ့ဈေးသွားဝယ်တော့ ကြိတ်ကြိတ်တိုးလုဝယ်နေကြတဲ့ ဖရဲသီးသည်ဆီကိုရောက်သွားရော... လူတွေဒီလောက်ဝယ်နေကြတာက ိုကြည့်ပြီး သူလဲဝယ်ချင်လာတယ် ဒါပေမယ့် ဘာအသီးလဲဆိုတာမသိဘူးတဲ့..။ ဒါနဲ့ ဖရဲသီးသည်ကို အဲဒါဘာအသီးလဲ မေးမေးနေတော့ အလုပ်ရှုပ်နေတဲ့ ဖရဲသီးသည်ကလဲ စိတ်မရှည်တော့တာနဲ့ ဆင်ဥဟေ့ ဆင်ဥလို့ဖြေလိုက်သတဲ့...။ မိန်းမကလဲ ဟာ...ဆင်ဥတဲ့ ထူးထူးဆန်းဆန်းဆိုပြီး တစ်လုံးဝယ်ပြီးအိမ်ပြန်ခဲ့တယ်...။ အိမ်ပြန်ရောက်တော့ ယောက်ကျားဖြစ်သူကို ဆင်ဥပြပြီး....ဆင်ပေါက်ကလေးပေါက်လာအောင် ကြက်တွေဘဲတွေလိုပဲ ဝပ်ရမယ်လို့ထင်ပြီး....မိန်းမဖြစ်သူက သူဝပ်မယ်ပေါ့...။ ဒီတော့ ယောကျာၤးက ဆင်ဆိုတာ ရှေးတုန်းက ဘုရင်မင်းမြတ်တွေမှစီးရတာ... ဘုန်းတန်းခိုးနဲ့ ဒီတော့ ဘုန်းရှိတဲ့ ယောက်ကျားပဲ ဝပ်သင့်တယ်ဆိုတာနဲ့ အိပ်ယာထဲ နွေးနွေးထွေးထွေး စောင်ခြုံပြီးဝပ်နေပါသတဲ့....။ တစ်နေ့တော့ မိန်းမရေ...ဆင်လေးပေါက်ပြီလားမသိဘူး လာစမ်းကြည့်ပါဦးဆိုတော့...။ မိန်းမဖြစ်သူက စောင်အောက်ကနေလက်နဲ့လျှိုပြီးစမ်းလိုက်တာ.... ဟောဒီလိုကြီး ဝမ်းသာအားရနဲ့ ထပြောပါရော.....။ “ယောက်ကျားရေ....ဆင်လေးက နှာမောင်းတောင်ထွက်နေပြီတော့”တဲ့..... း)။ နောက်တစ်ပုဒ်က “ဆန်ပြုတ်”ပုံပြင်....။ လင်မယားနှစ်ယောက်မှာ သားလေးတစ်ယောက်ရှိပါသတဲ့..။တစ်နေ့ သားလေးဖျားတော့ အမေလုပ်သူက ဆန်ပြုတ်ပြုတ်တိုက်တာ ဘယ်လိုမှချော့ပြောမရလို့.... အဖေလုပ်သူကိုရော့ရှင်ပဲ ရှင့်သားကိုရအောင်တိုက်တဲ့...။ အဖေကသားလေးကို တစ်ချက်ပဲ ခပ်တိုးတိုးကပ်ပြောပြီးဆန်ပြုတ်တိုက်လိုက်တာ လျှောလျှောရှုရှုပဲတဲ့...။ ဒါနဲ့ အမေက ရှင်ကလေးကိုဘယ်လိုများ ချော့လိုက်လို့ ချက်ချင်းဆန်ပြုတ်သောက်သလဲဆိုတော့....။ အော်ဒါလား....သား ဒီဆန်ပြုတ်လေးသောက်ရင် သားရဲ့ ငယ်ပါလေးကြီးလာမှာလို့ ပြောလိုက်တာလေ...လို့လဲဆိုရော....မိန်းမကလက်ထဲ အသင့်ကိုင်ထားတဲ့ ယောင်းမနဲ့ဒေါက်ခနဲ ခေါက်လိုက်ပါသတဲ့...။ ရှင်ကရော ဘာလို့ ငယ်ငယ်က ဆန်ပြုတ်မသောက်ခဲ့သလဲတဲ့...ဟား ..... ဟားးး... တကယ်ပါ... စိန်ယာ့ဒ်အဲဒီပုံပြင်ပြောနေရင် အနားမှာ သွားမထိုင်ကြနဲ့ အနားမှာရှိတဲ့သူကို အဲအခန်းပြောတဲ့ချိန်ကျရင် ခေါင်းခေါက်တာခံရတယ်.....။ ကျောင်းတုန်းက ပေါက်ကရ ရယ်စရာလေးတွေပါ.... သူငယ်ချင်းအားလုံး ပြုံးရအောင် ဝေမျှပေးလိုက်ပါတယ်....။ ကျောင်းတော်ကိုလဲ အလွမ်းဖြေရင်းပေါ့ဗျာ....။


မိုးငွေ့

Monday, 23 August 2010

ဟန်နီ.....



ဟန်နီ....ရင်ကို သူဖမ်းစားခဲ့တာကြာပြီ ရုန်းထွက်ဖို့ စိတ်ကူးလည်းမရှိ အိုး...နိုး ဟန်နီ...နင်လေ ငါ့အနားရှိတုန်းမှာ မမြင်မိ နင်ထွက်သွားမှ ငါ့စိတ်တွေလေပြီ (အိမ်မက်က နိူးထခဲ့တာ အချိန်တွေနှောင်းသွားပြီလား) (ဟန်နီ....လုံး၀ လုံးဝမမေ့လိုက်နဲ့ အိုး...နောက်ဆုံးချစ်ခွင့် မရှိရင်တောင် ငါ့ကိုတော့ မမုန်းလိုက်နဲ့ဦး ဒီအတိုင်းလေး နေပေးနော်) ဟန်နီ... ရင်မှာ မျှော်လင့်ခဲ့ အချစ်တွေကြာပြီ  သူပေးမယ့် အချစ်အနမ်းလေး တို့စောင့်နေ ဟန်နီ...ချိုမြိန်တဲ့ နေ့သစ်ထဲ ပြန်ဆုံချိန် ဟိုအရင်အတိတ်က အမှားတွေပြင်ပြီး (အိမ်မက်က နိူးထခဲ့တာ အချိန်တွေ နှောင်းသွားပြီလား)  repeat   ဟန်နီ...... ဟူး... ဟူးး...ဟူးးး.... ဟန်နီ.....ဟူးး ဟူးး ဟူးး Fade away .......

ကျမဆီကို အစ်ကိုတစ်ယောက်ပို့ပေးခဲ့တဲ့ သီချင်းလေးပါ...။ လင်းနစ်သီချင်းကို တစ်ပုဒ်စ နှစ်ပုဒ်စ နားထောင်ဖူးပေမယ့်... ဘယ်စီးရီး ဘာသီချင်းခေါင်းစဉ်လဲဆိုတာ တွဲမမှတ်ထားဖူးဘူး...။ ဒီတစ်ပုဒ်ကိုတော့ ခေါင်းစဉ်လေးကိုစတွေ့ကတည်းက ကြိုက်သွားတာ...။ သေချာနားထောင်ကြည့်တော့လည်း ကောင်းတယ်...။ လင်းနစ်ရဲ့ ဆိုသံဆိုပေါက်မပွင့်တစ်ပွင့်ရယ်.... သူ့ချစ်သူကောင်မလေးကို ခပ်ချွဲချွဲလေး တောင်းဆိုပုံလေးတွေက သိပ်ကိုချစ်ဖို့ကောင်းလွန်းလို့ စာလာဖတ်သူတွေကိုဝေမျှချင်သွားတာနဲ့ ဒီပို့စ်လေးရေးဖြစ်သွားတာပါ...။ “ဟန်နီ”ဆိုတဲ့ စကာလုံးလေးနဲ့ သီချင်းလေးမစခင်မှာ.... Lead လေးနဲ့ ခပ်အီအီလေး intro ဝင်ထားတာနဲ့ လင်းနစ်အသံလေးက အတွဲအဖက် သိပ်လှပါတယ်...။ စာသားလေးတွေက ရိုးစင်းသလို သီချင်းလေးကလဲ တစ်ပုဒ်လုံးခပ်အေးအေးပါပဲ....။ သီချင်းလေးကို ခံစားနားဆင်ကြည့်စေချင်ပေမယ့်...upload လုပ်တာ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတယ်....။ အားနာပါတယ် သီချင်းလေးကို ဒီပို့စ်လေးနဲ့တွဲပြီး နားထောင်စေချင်တာပါ... တကယ်။ 


မိုးငွေ့

Friday, 20 August 2010

ကြက်သားမုန်ညင်းချဉ်ကြော်နဲ့ ဂျပန်တိုဖူးဟင်းရည်...

ကြက်သားမုန်ညင်းချဉ်ကြော်


ဝယ်လာတဲ့ မုန်ညင်းချဉ်ကို ရေစင်စင်ဆေးပြ်ီး ခပ်သေးသေးလှီးထားပါ...။ ဆီပူပူဒယ်အိုးထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူတစ်လုံး၊ ကြက်သွန်ဖြူးဓါးပြားရိုက်၊ ဂျင်းကိုအချောင်းချောင်းလေးတွေလှီးထားတာကို တစ်ခါတည်းထည့်ကြော် မွှေးလာရင် ကြိတ်ထားပြီးသားကြက်သားထည့် ကြက်သား ပဲငံပြာရည်အကြည်ထည့် ကြက်သားရွှေရောင်သန်းလာရင် ခရမ်းချဉ်သီးလှီးထားတာထည့် ငရုတ်သီးစိမ်းထည့် ခရမ်းချဉ်သီးလိတ် လာရင်တာ့ မုန်ညင်းချဉ်ထည့်ပြီး ဆား၊ သကြားလိုသလိုထည့် ...။ အရသာချိုချိုချဉ်ချဉ်နဲ့ ထမင်းစားမှိန်လိုက်မယ့်ဖြစ်ခြင်း....။ (ကြိတ်ထားတဲ့ ကြက်သားထဲ အရသာရှိအောင် ငရုတ်ကောင်း၊ ကြက်သားမှုန့်၊ ပြောင်းမှုန့်နဲ့ ဆီအနည်းငယ်ထည့်ပြီး နယ်ထားပါ)

ီ
ဂျပန်တိုဖူးဟင်းရည်

ရေဆူဆူထဲမှာ ကြက်သားမှုန့်အခဲလေးတစ်တုံးထည့် ပြီးတော့ ကြက်သွန်ဖြူသုံးမွှာလောက်အပြားရိုက်ထည့်...။ အတုံးတုံးလေးတွေလှီးထားတဲ့ ခရမ်းချဉ်သီး၊ ခါဂျက်ဥနီ၊ ဂျပန်တိုဖူးပျော့တွေကို တပြိုင်နက်ထဲထည့်လိုက်ပါ...။ ဆယ်မိနစ်လောက်ဆက်တည်ထားပြီး သောက်ခါနီး ငရုတ်ကောင်းမှုန့်ဖြူးလိုက်ရင်... အဟာရဟင်းရည် တစ်ခွက်ရပါပြီ...။ ကြက်ဥကြိုက်ရင်လဲ ဖောက်ထည့်လို့ရပါသေးတယ်...။

မိုးငွေ့

Thursday, 19 August 2010

ကျမဖတ်ဖြစ်ခဲ့သောစာအုပ်များ...




သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ... ။ ခုတလော စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းမိတယ်....။ သိပ်အားတယ်လို့တော့မဟုတ်ဘူးပေါ့..။ ညဘက်...အင်တာနက်နဲ့ နည်းနည်းခပ်ကင်းကင်းနေပြီး... စာအုပ်တွေဖတ်ဖြစ်နေတာပါ..။ ဒီ“နောင်တကင်းရာသို့” ဆိုတဲ့စာအုပ်လေးကပြီးခဲ့တဲ့ ကျမမွေးနေ့တုန်းက ညီမလေးဆုမြတ်မွန်ဆီက လက်ဆောင်ရထားတာ...။ သူပေးတဲ့လက်ဆောင်က ဒီစာအုပ်လေးရယ်.. ပန်းချီဆွဲတဲ့ စာအုပ်တွေ...ရောင်စုံခဲတွေနဲ့ ကိရိယာစုံပါတယ်...။ ဆုမြတ်မွန်က ကျမလက်ရာပန်းချီတွေကို မျှော်လင့်တယ်ထင်ပါ့..။ ကျမမှ ပန်းချီမရေးတတ်တာဘဲ... ဒီတော့ အသုံးဝင်မယ့်ကလေးတွေအတွက် ကျမပြန်လှူလိုက်တယ်...။ ညီမကျေနပ်လိမ့်မယ်ထင်ပါတယ်..။ ကျမတို့ စာအုပ်အကြောင်းလေး စပြောရအောင်...။ ဦးစွာ ဆရာနန္ဒာသိန်းဇံရဲ့ နောင်ကင်းရာဆီသို့ ဆိုတဲ့စာအုပ်ကာဗာပန်းချီကိုပြောချင်ပါတယ်...။ ကိုနေမျိုးဆေးရဲ့ လက်ရာပါ..။ ဆရာ့ဆောင်းပါးတွေက နောင်တအကြောင်းတွေရေးထားတာဆိုတော့.. နောင်တကို ဘယ်လိုပုံဖော်ရင်ကောင်းမလဲလို့ ပထမသူစဉ်းစားမိတယ်...။ နောင်တဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အမှုရဲ့ အကျိုးဆက်ဆိုတော့ မကောင်းတဲ့ အရာပဲဆိုပြီး ညိုမဲမဲ ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့ရေးလိုက်ရင်ကောင်းမယ်ဆိုပြီး သူစဉ်းစားမိတယ်တဲ့...။ နောက်ထပ်စဉ်းစားမိတာက နောင်တဆိုတာ ဘာပဲပြောပြောက်ိုယ်အမှားလုပ်ခဲ့မိတာကို ပြန်ပြီးဆင်ခြင် သတိကပ်တာလဲ ဖြစ်နိုင်တယ်ဆိုပြီး... အကောင်းဘက်က မြင်ပြီး အဲဒီစုတ်ချက်မဲမဲတွေပေါ်မှာ အဖြူရောင်ပန်းခက်တွေ ဆွဲမယ်လို့ စိတ်ကူးပြီး နောင်တကို ပုံဖော်လိုက်ပါတယ်တဲ့ဗျာ...။ ဒီစာအုပ်လေးက... အင်တာဗျူးဂျာနယ်၊ phoenix ဂျာနယ်၊ ရုပ်ရှင်မမြုတေမဂ္ဂဇင်း၊ ပိတောက်ပွင့်မဂ္ဂဇင်း၊ ဓမ္မရိပ်မဂ္ဂဇင်း၊ Perfect မဂ္ဂဇင်းတို့မှာ ဆရာရေးသားခဲ့တဲ့ စာစုတွေကို တစ်စုတစ်စည်းထဲဖြစ်အောင် စာအုပ်အဖြစ်ပြန်လည် ထုတ်ဝေထားတာပါ...။ မာတိကာမှာ အကြောင်းအရာအားဖြင့် ၁၆ခုပါပါတယ်...။ အဲဒီခေါင်းစဉ် ဆယ့်ခြောက်ခုမှာ ဆရာရဲ့ အတွေးအမြင်တွေဘယ်လောက် အနှစ်သာရရှိတယ်ဆိုတာကို ကျမဖတ်မှတ်ထားတာလေးတွေကို ပြောပြချင်ပေမယ့်....ပြောပြစရာတွေက သိပ်များနေလို့ နောက်ပို့စ်တွေမှာပဲ ခေါင်းစဉ်တစ်ခုအနေနဲ့...ရေးသားဖော်ပြပေးပါ့မယ်...။ စာအုပ်လေးက အခင်းအကျင်းလဲလှတယ်...။ ခေါင်းစဉ်အခုတိုင်းမှာ ကိုနေမျိုးဆေးရဲ့ မဲနက်တဲ့ စုတ်ချက်ကြမ်းတွေပေါ်မှာ အဖြူရောင်ပန်းပွင့် ပုံစံမျိုးစုံတွေ့ရပါတယ်...။





ဆရာမဂျူးရဲ့ “အမှတ်တရ” ဆိုတဲ့စာအုပ်....။ ပန်းရောင်အဖုံးနဲ့က အဟောင်းတန်းမှာ ဝယ်ထားတဲ့ ကော်ပီ၊ အနီရောင်အဖုံးနဲ့က ခုနောက်ဆုံးပြန်ထုတ်ထားတဲ့ “အမှတ်တရ”... မွေးနေ့တုန်းက မောင်လေးတစ်ယောက် ပေးထားတဲ့ လက်ဆောင်...။ နောက်တစ်အုပ်က ညီမလေးကို ဆရာမလက်မှတ်ထိုုးပေးထားတဲ့ စာအုပ်လေးပါ....။ ကျမဆီမှာ အားလုံးသုံးအုပ်ဖြစ်သွားတယ်...။ ညီမလေးသဲသဲရဲ့ နာမည်ကိုတောင်ဆရာမက သဘောကျလို့ နောက်ထုတ်မယ့်လုံးချင်းတွေမှာ သုံးချင်တယ်လို့ပြောသွားပါသေးတယ်....။ နောက်တာလဲဖြစ်နိုင်ပါတယ်...။ ဆရာမရဲ့ ပထမဦးဆုံးလုံးချင်းတစ်အုပ်ဖြစ်ပြီး ဒီစာအုပ်ကို ကျမခုနှစ်တန်းနှစ်ကတည်းက စဖတ်ဖူးတာပါ...။ ဒါပေမယ့် အဲဒီတုန်းကဖတ်ထားတဲ့ ခံစားနားလည်မှုနဲ့ ခုနဲ့တော့ ကွာခြားသွားပြီပေါ့...။ ဒီစာအုပ်လေး စထွက်တော့ ဝေဖန်ရေးဆရာတွေရဲ့ တိုက်ခိုက်မှုကို အတော်ခံခဲ့ရတယ်လို့ ကြားဖူးခဲ့တယ်...။ အဲဒီခေတ်ကနဲ့မညီတဲ့ အရေးအသားတွေ ဇာတ်အိမ်တွေဖြစ်နေလို့....လို့ပြောကြပါတယ်...။ ကျမကတော့ ဂျူးရေးသမျှစာအုပ်အကုန်ကြိုက်တယ်...တော်တော်များများလဲ ဝယ်စုထားဖြစ်တယ်...။ ဆရာမရေးတဲ့ စာအုပ်တ်ိုင်းက မှတ်သားစရာ ပညာယူစရာတွေအမြဲ စွဲတင်ကျန်ရစ်စေတာချည်းပဲ...။ စာဖတ်ပရိတ်သတ်တွေကို မသိတာလေးတွေ အမြဲပေးတတ်တာမို့... နှစ်သက်မိတယ်...။


ညီလေးသဲသဲကို ဆရာမကိုယ်တိုင်လက်မှတ်ရေးထိုးပြီးပေးထားတဲ့ 
ခုနောက်ဆုံးကြိမ်ပြန်ထုတ်ထားတဲ့ အမှတ်တရပါ....




စာအုပ်အမျိုးအစားထဲမှာဆို ဘိုင်အိုဂရပ်ဖီလိုစာအုပ်မျိုးလည်း ကျမသိပ်ကြိုက်တယ်....။ လူတစ်ယောက်ရဲ့ ရာဇဝင်အကြောင်းကိုဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ...။ သူဘာတွေလုပ်ခဲ့လို့ ခုလို ရာဇဝင်မှာ ထင်ကျန်ရစ်သလဲဆိုတာကိုက စိတ်ဝင်စားစရာကောင်းနေတာ...။ ပုဂံရာဇဝင်မှာ ကျန်စစ်မင်းအကြောင်း ရေးတဲ့ စာရေးဆရာတွေ ခပ်များများရယ်...။ ခေါင်စဉ်အမျိုးမျိုးအဖုံဖုံနဲ့ ဆောင်းပါး၊ ဝတ္ထု စသဖြင့်ရေးနေကြတာ...။ အရင်တုန်းက ဆရာချစ်ဦးညိုရေးတဲ့ “မဏိစန္ဒာဥဒါန်း” ဆိုတာဖတ်ဖူးတယ်...။ အဲဒါလေးကတော ဇာတ်လမ်းလေးဆင်ပြီးရေးထားတာ...။ အတ္ထုပ္ပတ္တိပုံစံမျိုးမဟုတ်ဘူး...။ နောက်ပုဂံရာဇဝင်မှ သူရဲကောင်းများဆိုပြီးလဲ ထွက်တာပဲ...။ တော်တော်များပါတယ်...။ ခုကတော့ ဆရာမ ဒေါက်တာမတင်ဝင်းရေးတဲ့ “မင်းကျန်စစ်ကို ချစ်တဲ့ သူများ”ဆိုတဲ့ စာအုပ်ကျတော့.... ဆောင်ပါးမကျ... ဝတ္ထုမကျ ပုံစံလေးနဲ့ပါ...။ ဆရာမက ဝတ္ထုရေးနေကျမဟုတ်လို့... ဝတ္ထုတစ်ပုဒ်အနေနဲ့မရေးဘဲ... ကျန်စစ်သားအကြောင်းကို ပြန်ပြောပြတဲ့ စကားပြေဆန်ဆန်မျိုးလေးရေးထားတာကိုတွေ့ရပါတယ်...။ အဲဒီမှာ ရာဇကုမာရ်နဲ့ သမ္ဘူလတို့သားအမိ စကားအပြန်အလှန်ပြောတဲ့ ဒိုင်ယာလော့လေးတွေကိုလည်း တွေ့ရတယ်...။ မင်းကျန်စစ်ကိုချစ်တဲ့ သူများဖြစ်ကြတဲ့... အနော်ရထာ၊ မဏိစန္ဒာ၊ အပယ်ရတနာ၊ ရာဇကုမာရ်ခေါ် ဇေယျခေတ္တရာ၊ သမ္ဘူလမိဖုရား၊ ခင်တန် စတဲ့သူတွေနဲ့ ခေါင်းစည်းတစ်ခုစီခွဲပြီးရေးထားပါတယ်...။ မဟာမဂ္ဂဇင်းမှာ ဆရာမရေးခဲ့ဖူးတဲ့ ကျန်စစ်မင်းနဲ့ ပတ်သက်ဆက်နွယ်ချစ်ခင်ခဲ့ကြသူတွေရဲ့ တစ်ဦးချင်း အကြောင်းအရာတွေကို စုစည်းထားတာပါ ဒီစာအုပ်လေးမှာ...။


မိုးငွေ့