Wednesday, 27 January 2010

ပင်လယ်ကိုဖြတ်၍

နွေနေပူကျဲ ဥသြသံမစဲ လွမ်းမြဲလွမ်းသည် ကျမ...မောင့်ကိုလွမ်းပါသည်။ မိုးဖြူသဲသဲ (မိုးရေထဲ) လမ်းလျှောက်လဲ လွမ်းမြဲလွမ်းသည် ကျမ...မောင့်ကိုလွမ်းပါသည်။ မြူနှင်းမစဲ ချမ်းခိုက်လဲ လွမ်းမြဲလွမ်းသည် ကျမ...မောင့်ကိုလွမ်းပါသည်။ ဒီလိုနဲ့... သုံးရာသီစက်ဝန်း ကုန်ဆုံးသွားလဲ လွမ်းမြဲလွမ်းသည် ကျမ...မောင့်ကိုလွမ်းပါသည်။ ပင်လယ်ကိုဖြတ်၍ လွမ်းငွေ့ဝေေ၀ မောင့်ဌာနေဆီ မျှော်မှန်းရီ လွမ်းမြဲလွမ်းသည် ကျမ...မောင့်ကိုလွမ်းပါသည်။
မိုးငွေ့ (Valentine အမီပြန်ရောက်လာမယ့် ချစ်သူအတွက် အမှတ်တရ...ပြီးတော့ ကျမရဲ့ပထမဦးဆုံးအချစ်ကဗျာလေး)

Wednesday, 20 January 2010

Of Love....







အချစ်ဆိုတာ ဒီနေ့ဒီချိန်ထိ ဘယ်ဒဿနပညာရှင်ကမှ အဓိပ္ပါယ်တိတိကျကျ မပြောပြခဲ့နိုင်သေးလောက်အောင် တကယ့်ကိုပဲ နက်ရှိုင်းလှတဲ့ အနုစိတ်ဆုံးအနုပညာပါ...။ ပညာရှင်တွေတောင် သေချာမသိနိုင်သေးတဲ့ အဲဒီစိတ္တဇနာမ်အကြောင်းကို ကျမကလဲ ဘယ်လိုသိနိုင်မလဲနော်...။

တကယ်တော့ အချစ်ဆိုတာ လူတစ်ယောက်ချင်းဆီရဲ့ခံစားမှုနဲ့တွေးပုံကို အဲဒီတစ်ယောက်ချင်းဆီကပဲ ဖော်ပြပေးလို့ အချစ်ကို တစ်မျိုးဆီ အဓိပ္ပါယ်ဖွင့်ခဲ့ကြတာ ဖြစ်လိမ့်မယ်ထင်တယ်..။ ကမ္ဘာပေါ်မှာ လူဦးရေသန်းနဲ့ချီရှိလေတော့ အချစ်ရဲ့အမြင်ကလဲ သန်းနဲ့ချီရှိပါလိမ့်မယ်...။ ဒါကြောင့်လူအမျိုးမျိုး အချစ်ကို မြင်တတ်ကြပုံခြင်းလဲကွာခြားပါလိမ့်မယ်..။

အချစ်ဆိုသည်မှာ....ဆိုလို့ ကိုငှက်ရဲ့သီချင်းကိုတောင် သတိရမိပါရဲ့....။ “အချစ်ဆိုသည်မှာ ကြည်နူးကြခိုက်လမင်းတစ်ရာ...အချစ်ဆိုသည်မှာ ဝမ်းနည်းတဲ့အခိုက် နေမင်းကဋေကဋာ”တဲ့....။ ဟုတ်တာပဲ တစ်ယောက်ကိုတစ်ယောက် အရမ်းအသည်းအသန် ချစ်နေကြချိန်တော့ မိုးမမြင်လေမမြင်ပေါ့ လမင်းအစင်းတစ်ရာ အလင်းအားကြောင့် ဘာမှမမြင်ကြတော့တာလဲ ဖြစ်နိုင်ပါတယ်...။ အဲ အထင်အမြင်တွေလွဲမှားပြီး တစ်ယောက်ကို တစ်ယောက် စိတ်ဆိုးကြတဲ့အခါမှာတော့ သောက ပဋိဒေဝမီးတွေက ဟုန်းဟုန်းတောက်လိုက်တာ နေဆယ်စင်းလောက်ပူလောင်ပါတယ်...။

ကျမတို့ မြန်မာလူမျိုးမှာတော့ သီချင်းတောင်ရှိပါသေးတယ် “တူနှစ်ကိုယ် တဲအိုပျက်မှာနေပြီး ထမင်းရေပဲ သောက်ရသောက်ရ”တဲ့ သူ့အချစ်ဖော်ပြပုံက အရမ်းကိုရိုးသားလွန်းပါတယ်...ချစ်သူနှစ်ယောက်ဟာ ခုဘက်ခေတ်တွေလို ဘာအတွက်အချက် ငဲ့ညာမှုမှ မရှိဘဲနဲ့ကို ရိုးစင်းစွာချစ်တတ်ကြပုံပါ...။

I want to stand with you on a mountain. I want to bathe with you in the sea. I want to lay like this forever. Until the sky falls down on me...

Savage Garden ရဲ့ “Truly, Deeply, Madly” သီချင်းထဲက Chorus အပိုဒ်ကလေးပါ...။ ချစ်သူနဲ့အတူ အမြင့်ဆုံးတောင်ပေါ်မှာလဲ အတူရှိနေချင်တယ်... အနက်ရှိုင်းဆုံးပင်လယ်ပြင်မှာလဲ အတူကူးခတ်ချင်တယ်... ကောင်းကင်ကြီးပြိုကျမယ့်နေ့အထိ အတူရှိနေချင်တယ် တဲ့...။ အဲဒီသီချင်းတစ်ပုဒ်လုံးက ရေးစပ်ထားတာ စာသားအစအဆုံး သိပ်ကို နူးညံ့လှပလွန်းတယ်...။ ဒါချစ်သူအပေါ် သူ့ရဲ့အချစ်အင်အား ကြီးမားကြောင်းကိုဖော်ပြတာ..။

တချို့ဆိုရင် မိုးကောင်းကင်ထက်က ဓူဝံကြယ်ကိုဆွတ်ခူးပေးရမလား...အဲလိုပေါ့...။ တကယ်တော့ ဘယ်လိုလုပ် တတ်နိုင်မလဲ...။ ဒါက သူ့စိတ်ထဲက ခံစားမှုကို ခိုင်းနှိုင်းထားတာ...။ မကောင်းမြင်ဝါဒအရဆိုရင်တော့ ဒါ...လျှာအရိုးမရှိတိုင်း ပြောနေတာပေါ့...။ အဲလိုပြောတဲ့လူလဲ ရှိကောင်းရှိပါလိမ့်မယ်...။

Richard Marx ကလဲ Now and Forever ဆိုတဲ့သီချင်း နောက်ဆုံးပိုဒ်လေးမှာ သူ့အချစ်ကို...ဟောဒီလို လှလှပပကလေး သီကုံးထားပါသေးတယ်....။

Until the day the ocean doesn't touch the sand Now and forever
I will be your man

အချစ်မှာ တစ်ဘက်သတ်အချစ် One Side Love ကတော့ အပူအချစ်လို့ ကျမမှတ်ယူပါတယ်...။ တစ်ဘက်လူ မသိ တိတ်တခိုးကြိတ်ပိုးရတဲ့ အုံ့ပုန်းအချစ်လေ..။ ဒီတော့ တစ်ယောက်တည်းကြိတ်ခံစားရ...ပူလောင်ရနဲ့... ကြာလာတော့ မှေးမှိန်သွားကောင်း မှေးမှိန်သွားမယ် မဟုတ်ရင်တော့ ပေါက်ကွဲမယ် ဒေါသဖြစ်မယ်ပေါ့...။ ထွက်ပေါက်ကိုယ်စီတော့ ရှိကြမှာပေါ့...။ တုန့်ပြန်မှုမရှိတဲ့ အချစ်အတွက် သီချင်းတွေဆိုပြီး ရင်ဖွင့်ပေါက်ကွဲမယ်...။ စာတွေရေးမယ်...ကဗျာတွေရေးမယ် စသဖြင့်အမျိုးမျိုးပေါ့...။ တချို့ကျတော့လဲ နာကျင်လွန်းလို့ထင်ပါရဲ့ “မင်းကိုချစ်ရတာ ကိုယ့်လက်မောင်းသွေးကို ဖေါက်ထုတ်ပစ်ရသလိုပဲ တဆစ်ဆစ်နဲ့ နာကျင်တယ်”တဲ့...။ ဒါကတော့ ကိုယ့်အပြစ်နဲ့ကိုယ်လို့ ကျမမြင်ပါတယ်...။ ဘယ်သူကမှ အဲဒီလိုဖြစ်ပါ ခံစားပါလို့မတိုက်တွန်းဘူးလေ...။ ကိုယ့်ဘာသာ ကိုယ့်စိတ်ဆန္ဒအရဖြစ်လာတာပဲ...။ ခုခေတ်လူငယ်တွေ အတော်များများ ဖြစ်လေ့ဖြစ်ထရှိတာပါ...ဒါမျိုးက ။ ရင့်ကျက်တဲ့အရွယ်မှာတော့ ဒါတွေကဟာ...လေးလေးဝါးပါပဲ...။ အချစ်ကို ဒူးထောက် အရှုံးပေးတတ်ကြတဲ့ အချစ်သမားတွေကျတော့လဲ သူတို့ခံစားချက်ကို ဖွဲ့ပါတယ်...ဒီလို....။

ငါသေဆုံးခဲ့ပါတယ်.. မင်းမျက်လုံး.. မင်းစကားလုံး... မင်းအပြုံး နဲ့ မင်းအမုန်းတွေ အောက်မှာပေါ့.. ကြာခဲ့ပါပြီ............လေ။ (ညီမလေးမြတ်မွန်ရဲ့ ကဗျာလေးတစ်ပိုဒ်ပါ)

တကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲ....။ ရိုးရိုးလေးပဲတွေးပါ ရိုးရိုးလေးပဲချစ်ပါ....။ လူတွေဟာ ကိုယ့်ခံစားချက်နဲ့ကိုယ်စီ ရူးသွပ်နေကြတာကို အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ခုတုံးလုပ်ပြီး သူ့တို့ အတ္တထဲရောက်အောင် ဆွဲသွင်းနေကြတာပါ...။

ကဲ...ကျမတို့ ဒဿနပညာရှင်တွေ ကမ္ဘာကျော်ကဗျာဆရာကြီးတွေ ဆိုမိန့်ခဲ့တာများကို ကြည့်ကြရအောင်...။

ဦးစွာပထမ မြင်မြင်ချင်းချစ်မိတယ် (Love at first sight) ဆိုတဲ့ စကားတချို့ကို အရင်ကောက်ပြောရရင် အင်္ဂလိပ်ကဗျာဆရာ ဘာနဘီဂူးချ် (Barnaby Googe)(၁၅၄၀-၉၄)ရဲ့ ကဗျာမှာ၊

There is a lady sweet and kind, 
Was never face so pleased my mind; 
I did but see her passing by, 
And yet I love her till I die.


ဒါလောက်ချစ်စရာ ချိုရွှင်ကြင်နာတဲ့ မျက်နှာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူးတဲ့..။ ဖြတ်သွားတာလောက် မြင်ရုံမြင်မိလိုက်တာနဲ့ သက်ဆုံးတိုင် ချစ်သွားမိသတဲ့...။

‌ကော့ကဗျာဆရာ ရောဘတ်ဘန်းစ်(Robert Burns)(၁၇၅၉-၉၆) ကလည်း သူ့ထက်မလျော့ဘူး...။
To see her is to love her, and love but her for ever, For nature made her what she is and ne'er made anither! တဲ့။

Love is Blind ဆိုတဲ့ စကားကို စပြောသူက အင်္ဂလိပ်စာဆိုကြီး ချောဆား(Geoffrey Chaucer)(၁၃၄၃-၁၄၀၀ခန့်) ပါ..။
အသားမဲလေးကို နီရွှေရောင်လေးလို့မြင်တယ်..ပိန်တာရိုးကို သမင်မလို့မြင်တယ်... အထုံအအက က္ကန္ဒြေရတဲ့ မိန်းမဖြစ်သွားတယ်..။ 

မျက်ကန်းအချစ်သမားတွေကို သရော်သူတွေက သရော်နေချိန်မှာ အင်္ဂလိပ်ပညာရှိ ဖရန်စစ်ဘေကွန် (Francis Bacon )(၁၅၆၁-၁၆၂၆)ကတော့ အခုလို မှတ်ချက်စကားဆိုပါတယ်။

It is impossible to love and be wise တဲ့..။ 'Of Love ခေါင်းစဉ်တပ် အက်ဆေးမှာ ရေးခဲ့တာ..။ ချစ်မိပြီဆိုတဲ့နောက်မှာ မျက်စိသာမဟုတ် စဉ်းစားဉာဏ်ပါ မရှိနိုင်တော့ဘူးဆိုတဲ့ သဘော..။

ရှိတ်စပီးယား(William Shakespear)(၁၅၆၄-၁၆၁၆) ကလည်း ပြောပါတယ်..။ ချစ်လည်းချစ်ဖို့ စဉ်းစားဆင်ခြင်ဉာဏ်လည်းရှိဖို့ဆိုတာ လူ့စွမ်းအားနယ်ပယ်ကို ကျော်လွန်သွားတဲ့ ကိစ္စပါတဲ့...။
To be wise and love
Exceeds man's might. လို့ဆိုပါတယ်...။

အချစ်အကြောင်းစကားစုကို ချစ်ရေးချစ်ရာကိစ္စနဲ့ စပ်လျဉ်းပြီး ကမ္ဘာမှာ ထင်ရှားတဲ့ မင်းဧကရာဇ်နှစ်ပါးရဲ့ စကားနှစ်ခွန်းနဲ့ နိဂုံးချုပ်ပါရစေ...။

တစ်ခွန်းက ပြင်သစ်ဧကရာဇ် နပိုလီယန်(၁၇၆၉-၁၈၂၁) ရဲ့စကားပါ..။ အချစ်ဆိုတာကို သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး အဓိပ္ပါယ်ဖွင့်သွားပုံပါပဲ..။

Love is the idler's occupation, the warrior's relaxation, and the sovereign's ruination. တဲ့..။ အချစ်ဟာ လူပေါ်ကြော့တွေအတွက် အလုပ်အကိုင်တစ်ခုဖြစ်သလို၊ စစ်ပွဲဆင်နွှဲသူများအတွက် အပန်းဖြေမှုတစ်ခုဖြစ်တယ်။ (ဒါပေမယ့်) မင်းစိုးရာဇာများအတွက်တော့ ပျက်စီးရာပျက်စီးကြောင်းတစ်ခုပါတဲ့..။ နပိုလီယန်က သံဝေဂသံနဲ့ အဲသလို ဆိုခဲ့ပေမယ့် သူ့နောက်မှလာတဲ့ ရှင်ဘုရင် ချစ်သမား အက်ဒွပ် (နောင် ဝင်ဆာမြို့စား)(၁၈၉၄-၁၉၇၂) ကတော့ ဒီစကားက သင်ခန်းစာယူနိုင်ပုံမရဘူး...။

ဗြိတိန်ပြည်မှာ အဌမမြောက် အက်ဒွပ်ဘုရင် အဖြစ် နန်းတက်ခဲ့တဲ့ ဝေလမင်းသားဟာ သူ့ချစ်သူကို လက်ထပ်ခွင့်မရတဲ့အတွက် ထီးနန်းကိုစွန့်လွှတ်ခဲ့တယ်..။ အဲဒီကာလ သူပြောခဲ့တဲ့ နှုတ်ဆက်မိန့်ခွန်းထဲမှာ၊
I have found it impossible to carry the heavy burden of responsibility and to discharge my duties as King as I would wish to do without the help and support of the woman I love.
ကျနော်ချစ်တဲ့ အမျိုးသမီးရဲ့ ကူညီဖေးမမှုမပါပဲနဲ့တော့ ဒီကြီးလေးတဲ့ တာဝန်ကို ထမ်းပိုးဖို့ ရှင်ဘုရင် ဝတ္တရားတွေကို ကျနော် စိတ်ဆန္ဒရှိတဲ့အတိုင်း ဆောင်ရွက်ဖို့ မဖြစ်နိုင်ပါဘူးတဲ့..။ သူကပြောသွားခဲ့တယ်..။


မိုးငွေ့
မှတ်ချက်။    ။ ဆရာဖေမြင့်၏“စာဖတ်သမား၏မှတ်စု”ကိုမှီးပါသည်


Monday, 18 January 2010

အရောင်များနှင့် ပညတ်ခြင်း




မရိုးသားတဲ့ အနီချင်းချင်း နင့် မျက်လုံးတွေ ငါကြောက်တယ် ပန်းနုရောင်နှုတ်ခမ်းတစ်စုံက ထွက်ကျလာမယ့် အပြာရောင်စကားလုံးတွေကို အစိမ်းရောင်လွင်ပြင်တစ်ခုဖြစ်အောင် နင့်ရဲ့ ခပ်ပုပ်အဲ့အဲ့... အနက်ရောင်ညစ်နွမ်းနွမ်းနှလုံးသားက အရောင်ဆိုးလိုက်တယ်... နင့်ရဲ့ မဲညစ်တဲ့ ရင်ဘတ်ထဲက ထွက်လာမယ့် ခရမ်းရင့်ရောင် ခံစားမှုတွေကို...... ဖြူစင်တဲ့ စကားပွင့်တွေလို ၀င်းမွတ်အပြစ်ကင်းသွားအောင် စွမ်းဆောင်နိုင်သလား အ၀ါရောင်အိပ်မက်ထဲမှာ ရူးမိုက်စွာ အိပ်စက် ကြယ်ရောင် လရောင် နေရောင်ဟာ ဘာအရောင်လဲလို့ ခွဲခြားမပြတတ်လောက်အောင် မီးခိုးငွေ့တွေနဲ့ မှိုင်းတိုက် နင့် ဦးနှောက်တွေက ပြာနှမ်းသွားခဲ့ကြပြီ.... တောက်ပတဲ့ ရွှေရောင်နေ့ရက်တွေကို နင်ကိုယ်တိုင် သံချေးရောင်နဲ့ ပက်ခဲ့ပေါ့... နှလုံးသားတံတိုင်းမှာ ရေနံချေးရောင်တွေစွန်းပေ လိမ္မော်ရောင်မီးတောက်တွေ.. လေနှင်ရာပင့်လို့ ပြာကျခဲ့တယ်..။ ရောင်စုံသုတ်လိမ်းခဲ့တဲ့ နင့် ၀ိညာဉ်တွေ ခုတော့.... မီးခိုးရောင် ပြာမှုန့်တွေအဖြစ်သာ ကျန်ရစ်ခဲ့တော့တယ် ရူးနှမ်းပါပေ့.....။
“မိုးငွေ့ရေးသားသည်” လို့ထည့်ရတဲ့ အကြောင်းအရင်းကတော့ ကျမဟာ ကဗျာတစ်ပုဒ်ကို ဖြောင့်ဖြောင့်တန်းတန်း ရေးတတ်သူ တစ်ယောက်မဟုတ်ဘူးဆိုတာ မကြာခဏ ၀န်ခံဖူးပါတယ် ..။ ဒါပေမယ့် ကျမ စုဆောင်းထားတတ်တဲ့ ကဗျာတချို့တွေဟာ ဘယ်သူရေးမှန်းမသိလို့ ကျမအမြဲတစေ အမည်မသိကဗျာဆရာလို့ ရေးတတ်တာကို တချို့သူတွေက စတိုင်ထွင်တယ်လို့ ထင်တတ်ကြလွန်းလို့ ခုတစ်ပုဒ်ကတော့ မိုးငွေ့ကိုယ်တိုင်ရေးထားတာမို့ “မိုးငွေ့ရေးသားသည်”လို့ ကျမနာမည်ကို ၀န့်ဝန့်ရဲရဲ တပ်ထားခြင်းဖြစ်ပါတယ်...။ စာလာဖတ်သူ သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။

Thursday, 14 January 2010

ဖေဖေ.....






အဲဒီနေ့က ကျမတို့ရွာကတိုက်နယ်ဆေးရုံဝင်းထဲမှာ နေတဲ့ ဆေးရုံအကူ ဒေါ်ခမ်းအင်အိမ်မှာ ဝိန်းလန်းရွာက စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ယောက် ဆေးကုဖို့ရောက်နေတယ်ကြားလို့ ကျမတို့ကလေးတွေတစ်သိုက် စပ်စုပြီး သွားကြည့်ကြတယ်...။ ဝိန်းလန်းရွာကဆိုတော့ လိရှမ်းလူမျိုးတွေဖြစ်တဲ့အလျှောက် ရှမ်းမလေးတွေက သိပ်လှကြတယ်လို့ လူကြီးတွေပြောတာကြားဖူးတယ်...။ အဲဒီရွာက လမုန်းမယ်တွေများတယ်တဲ့...။ ပြီးတော့ သူတို့အသားအရေက တခြားရှမ်းမလေးတွေလို ဖြူပြီးပန်းသွေးရောင် သမ်းနေတာမျိုးမဟုတ်ဘဲ...။ အသားက ဝင်းမွတ်ပြီး ဝါဝါကလေးနဲ့ ဖြူကြတယ်...။ အဲဒီမှာ တာဝန်ကျတဲ့ စစ်ဗိုလ်တွေဆို မကြိုက်ဘဲ မရှိကြဘူးတဲ့....။

ဆေးလာကုတဲ့ အမျိုးသမီးက အသက် နှစ်ဆယ်ကျော်ကျော်ဘဲရှိဦးမယ်....။ ဒေါ်ခမ်းအင်ဆိုတာ ဆေးရုံအကူလဲလုပ်သလို သူ့အိမ်မှာ နတ်ရုပ်ပေါင်းစုံလဲ ကိုးကွယ်ထားတဲ့ နတ်ဝင်သည်လဲဖြစ်တယ်...။ ဒီတော့ သူဆီဘယ်သူ ညွှန်းလိုက်တယ်မသိဘူး...စိတ်ဝေဒနာရှင်အမျိုးသမီးလေးကို သူတို့က အပမှီတယ်လို့ ယူဆပြီး လာကုပုံရပါတယ်...။ ကျမတို့ကလေးတွေ သွားကြည့်တဲ့အချိန်မှာ ဒေါ်ခမ်းအင်က ပဲတောင့်ရှည်ကြော်နဲ့ ထမင်းခွံကျွေးနေတယ်...။ အမျိုးသမီးကလဲ အေးအေးဆေးဆေးပဲ စားနေပါတယ်...။ စိတ်ဝေဒနာသည် တစ်ယောက်ဆိုပေမယ့် မသိသာဘူူး သာမန်လူပုံအတိုင်းပါပဲ...။

အဲလိုဘာမှမဟုတ် သွားစပ်စုပြီးကြည့်လိုက်တာ ညနေတော်တော်မိုးချုပ်မှ အိမ်ပြန်လာလို့ ဖေဖေကြက်မွေးနဲ့ရိုက်တာခံခဲ့ရတယ်လေ...။ ဖေဖေက ကျမကိုဆိုသိပ်ချစ်တာ... ။ ခုလိုတစ်ခါမှတောင် ရိုက်ဖူးတာမဟုတ်ဖူး...။ ဆူတာလောက်ပဲရှိခဲ့တာ...။ အဲဒီနေ့က ဖေဖေ မေမေနဲ့စကားများထားလို့ ကျမကို မဲလိုက်တာဖြစ်နိုင်တယ်...။ ခုချိန်မှာသာ ဖေဖေအသက်ရှင်နေသေးရင် ကျမမေးကြည့်ချင်ပါတယ်...။ မေမေက ကျမကိုမွေးပြီး ခြောက်နှစ်နေမှ မောင်လေးကိုမွေးတာဆိုတော့ ခြောက်နှစ်လုံးလုံး ကျမက တစ်ဦးတည်းသော သမီးနဲ့ တစ်အိမ်သားလုံးရဲ့ ဂရုစိုက်မှု ချစ်ခင်မှုကိုခံခဲ့ရတာပေါ့...။

ကျမအရွယ်ရောက်စမှတ်မိသလောက်တော့ ဖေဖေနဲ့မေမေ တကျက်ကျက်နဲ့ ရန်ဖြစ်တတ်တာပဲ...။ တစ်ခါတစ်ခါ ကျမကို ရေးချိုးပေးရင်း မေမေ မျက်ရည်ကျနေတတ်တဲ့ အခါမျိုးလဲရှိတတ်တယ်...။ ဖေဖေက ကျမအသက် နှစ်နှစ်သမီးအထိ မော်လမြိုင်စစ်တပ်တစ်ခုမှာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ခြင်းပဲ...။ စစ်ထဲက ထွက်လိုက်တဲ့ အကြောင်းအရင်းက ဖိုးဖိုးပြန်ခေါ်လိုက်ခြင်းပါပဲ...။ မိသားစုနဲ့အဝေးကြီးမှာ သွားမနေရအောင်တဲ့...။ ဖိုးဖိုးက ဖေဖေ့ကို အိမ်မှာပဲ စီးပွားလုပ်စေချင်တယ်...။ ဖေဖေက စစ်ထဲကထွက်ပြီး စစ်မှုထမ်းဟောင်းအရက်ဆိုင်မှာ အလုပ်လုပ်ပါတယ်...။ အရက်ဆိုင်မှာလုပ်ပြီဆိုကတည်းက အသောက်အစားကမကင်းတော့ဘူးလေ...။ အဲဒါတွေကြောင့်လဲ မေမေနဲ့ ရန်ခဏခဏဖြစ်တတ်တာဖြစ်မယ်...။ ဖေဖေဟာ အပေါင်းအသင်း ပတ်ဝန်းကျင်မှားခဲ့တာပါ...။ အဲဒါကြောင့်နဲ့ပဲ ဖေဖေ့ဘ၀ အသက်ဆုံးသည်အထိ အပြောင်းအလဲတွေ များခဲ့တာပေါ့...။

ကျမ..ဖေဖေ့ကို....သိပ်ချစ်တယ်...။ ဒီလိုစကားကို ဖေဖေအသက်ရှင်စဉ်က ကျမပြောခဲ့ဖူးသလား ကျမ မမှတ်မိတော့ပါဘူး...။ ဖေဖေဆုံးတော့ ကျမအသက် ဆယ့်နှစ်နှစ်...။ ကျမပေါက်စနကလေးထဲက ဖွားဖွားတို့က နှာအမြဲစေးတတ်တဲ့ ကျမကို အုန်းဆီလိမ်းပေးတာ ဖေဖေကမကြိုက်ဖူးတဲ့..။ ကလေးခေါင်းတွေ နံကုန်မယ်တဲ့...။ ကျမကို နာမှာစိုးလို့ဆိုပြီး နားပေါက်မဖောက်ပေးခဲ့လို့ ခုထိ ကျမ....နားပေါက်မရှိဘူး....။ ဖေဖေက အဲလောက်ချစ်တာ သူ့သမီးလေးကို...။ ဖေဖေဟာ အလုပ်လုပ်တာသိပ်တော်သလို ဟင်းချက်လဲသိပ်ကောင်းတာ...။ ကျမအဒေါ်တွေဆို ဖေဖေချက်တဲ့ ခရမ်းသီးနှပ်ကို သိပ်ကြိုက်ကြလို့ ချက်နည်းတောင်သင်ထားကြတာ...။ ဒီနေ့ထိ အဒေါ်တွေက ခရမ်းသီးနှပ်ချက်စားတိုင်း သူတို့ခဲအိုကို သတိတရနဲ့ ပြောတတ်ကြတုန်းပဲ...။ ဖေဖေ ကချင်(၅)တပ်ထဲမှာ နေနေတုန်းကဆို ရိက္ခာရတဲ့ ကုလားမခြင်းဆွဲနိုဆီဗူးကို အိမ်မှာ နို့ဆီကြော်လုပ်ကျွေးတာ သိပ်ကောင်းတာပဲ...။ နို့ဆီတွေက မလိုင်လုံးတွေလို အလုံးလိုက်ဖြစ်သွားပြီး စားလိုက်ရင် ချိုဆိမ့်နေရော...။

ကျမတို့ အ.လ.က ကျောင်းဝင်းထဲမှာ ပွဲလုပ်တုန်းကဆို ဖေဖေက သူဝယ်ထားတဲ့ ဂက်စ်အိုးထဲကို သွပ်စတွေ စိတ်ရှည်လက်ရှည်နဲ့ညှပ်ထည့်ပြီး ပူဖေါင်းတွေကို အိုးနှုတ်ခမ်းဝမှာစွတ်ထား ခလုပ်ကလေးလှည့်လိုက်တာနဲ့ မိုးပျံပူဖေါင်းတစ်လုံးရရော...။ ကျမတို့အိမ်နောက်ဖေး သရက်ပင်အောက်မှာ ဖေဖေ ဂက်စ်တွေထည့်လို့ ရလာတဲ့ ပူဖေါင်းလေးတွေကို ချည်ကြိုးလေးနဲ့ချီပြီး ကျမက စုကိုင်ထားတာ...။ အလုံးနှစ်ဆယ် သုံးဆယ်လောက်ရရင် ကျမက ပွဲထဲမှာ သွားရောင်းရတယ်...။ ပျော်စရာကြီးနော်...။ ကျမ....ဈေးဘယ်လောက်ရောင်းချင်သလဲဆိုရင် ပွဲတစ်ခုမှာ အိမ်ကလူကြီးတွေမသိအောင် ကျမတို့ ဗွီဒီယိုရုံမှာ ရောင်းတဲ့ နေကြာစေ့၊ အချဉ်ထုပ်၊ ဒုတ်ထိုးသကြားလုံး၊ ပီကေစတဲ့ မုန့်မျိုးစုံကို မိုးကာတစ်ထည်မှာ စုထည့်ပြီး ပွဲခင်းထဲသွားထိုင်ရောင်းတာ လူကြီးတွေသိသွားတော့ ပြန်လာခဲ့သွားခဲ့ရတယ်...။

နောက်တော့ ဖေဖေက တာချီလိတ်မြို့က ရဲဘော်ဟောင်းအရက်ဆိုင်ကို ပြောင်းရတော့ မေမေနဲ့ နဂိုထဲက တကျက်ကျက်ဖြစ်နေတာ ပိုဆိုးသွားတာပေါ့...။ ဖေဖေနဲ့မေမေကွဲတော့ ကျမအသက် ခုနှစ်နှစ် ရှစ်နှစ်လောက်ပဲရှိဦးမယ်ထင်တယ်...။ မေမေနဲ့ကွဲပြီး သူ့အစ်ကိုရှိတဲ့ ကျောက်ဆည်မှာ ကုန်ကားသွားမောင်းတယ်...။ ဖေဖေနဲ့ကွဲသွားလို့ ကျမတို့မောင်နှမတွေက မေမေရော ဖိုးဖိုး ဖွာဖွားရော ဦးလေး အဒေါ်တွေပါ စုံစုံလင်လင်ရှိတော့ ဖေဖေ့ကို သတိရကောင်းမှန်း လွမ်းရကောင်းမှန်းလဲမသိခဲ့ဘူး...။ နဂိုထဲက လူကြောက်တတ်တဲ့ ကျမက ဖေဖေထွက်သွားတဲ့ သုံးလေးငါးနှစ်မှာ ဖေဖေ့ကို တော်တော်စိမ်းသွားတာ...။ ကျမတို့ဆီ ဖေဖေပြန်ရောက်လာတော့ ဖေဖေ့ ကျန်းမာရေးက သိပ်မကောင်းတော့ဘူး...။ ငှက်ဖျားအခံကလဲရှိသလို ဆေးလိပ်တွေအရမ်းသောက်ထားလို့ ချောင်းတဟွတ်ဟွတ်ဆိုးနေတယ်...။ အဆုတ်လဲ သိပ်ကောင်းပုံမရတော့ဘူး...။

ညနေ ညနေဆိုရင် ကျမတို့အိမ်မှာ ဗီဒီယိုပြတဲ့အချိန် ဖေဖေရောက်ရောက်လာတတ်တယ်...။ “သမီးရေ...ဖေဖေ့ နားကိုလာပါဦး” လို့ ဖေဖေလက်နှစ်ဘက်ဆန့်ပြီးခေါ်ရင် ကျမက နောက်ကိုတွန့်ဆုတ်ပြီး မသွားရဲခဲ့ဘူး...။ မောင်လေးကတော့ ငယ်ငယ်ကတည်းက သွက်တယ် ကျမလို လူလဲမကြောက်တတ်ဘူး...။ ဖေဖေ့ဆီကို သူသွားရဲတယ်...။ ဖေဖေက သူ့ကိုမော်တော်ဆိုင်ကယ်နဲ့ ရွာတစ်ပတ်ပတ်ပြီးတင်စီးလဲ သူလိုက်ရဲတယ်...။ ဖိုးဖိုးကတော့ မေမေ့ကို ဖေဖေနဲ့ပြန်ပေါင်းဖို့ဖျောင်းဖျရှာပေမယ့် ခေါင်းမာတဲ့မေမေကတော့ လုံးဝလက်မခံခဲ့ဘူး..။ မေမေစိတ်တော်တော်နာအောင် ဖေဖေအပြစ်တစ်ခုခုလုပ်ခဲ့တာများလား...။ အဲဒီတုန်းက ကျမသိပ်နားမလည်ခဲ့ဘူး...။ ဒီနေ့ထိအဲဒီမေးခွန်းကိုမေးလဲ မေမေ့မှာ အဖြေရှိမနေခဲ့ဘူး...။

ဖေဖေ့ ကျန်းမာရေး တစတစဆိုးရွားလာတော့ နောက်ဆုံး ဆေးရုံတင်လိုက်ရတယ်...။ အစအစအရာရာ ဖိုးဖိုးကပဲ တာဝန်ယူပေးတယ်...။ ဖေဖေ့နောက်ဆုံးအချိန်မှာ ဖေဖေသိပ်ချစ်တဲ့ သမီးလေးက ဖေဖေ့နားမှာ ရှိမနေခဲ့ပါဘူး...။ အဖေသေတာတောင်မသွားတဲ့သမီးဆိုပြီး ရွာကလူတွေကဝိုင်းပြီးအပြစ်တင်ကြတယ်...။ ကျမ...ကျမ စိတ်မာလို့ သံယောဇဉ်မရှိလို့ စိမ်းပျက်ရက်စက်နိုင်လို့ လို့ အမျိုးမျိုးထင်ကြလိမ့်မယ်...။ တကယ်တမ်းတော့ ကျမက ကြောက်စိတ်တစ်ခုတည်းနဲ့ မသွားခဲ့တာ... ကျမကို ဘယ်သူမှ နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး...။ ကျမကိုယ်ကျမလဲ လူကြောက်တတ်တဲ့စိတ်ကို အသက်ရွယ်ရလာတော့ တော်တော်ကြိုးစား ဖျောက်ယူခဲ့ရတယ်...ကျမနောင်တထပ်မရချင်တော့ဘူး...။ ဖေဖေဆုံးတော့ ငှက်ဖျားဆေးဒဏ်ကြောင့် နားတွေလဲမကြားရတော့ဘူး... မျက်စိတွေလဲ ကွယ်ကုန်တယ်...။ ဖေဖေ...သိပ်...ကို သနားစကောင်းပါတယ်...။ မောင်လေးကတော့ ဖေဖေအသက်ထွက်သွားတဲ့အထိ အနားမှာ ရှိနေခဲ့တယ်...သူအဲဒီတုန်းက အသက်ခြောက်နှစ်ကလေးရယ်...။ ကျမထက်စာရင် မောင်လေးကမှ ဖေဖေ့ဆန္ဒကိုဖြည့်ပေးနိုင်ခဲ့သေးတယ်..။

စကားချပ်။ ။ ဒီစာကိုရေးနေတုန်းမှာပဲ အရမ်းဝမ်းနည်းလာလို့ တခြားဘလော့ဂ်တွေလိုက်ဖတ်နေလိုက်တာ တိုက်တိုက်ဆိုင်ဆိုင် နိုင်းနိုင်းစနေကလဲ “ဖေဖေ့ကို ချစ်တဲ့သမီးငယ်” ဆိုပြီး စာဖတ်သူညီမငယ်လေး “အိ” အတွက် ပို့စ်အသစ်တင်ထားပါတယ်...။

ဖေဖေ့ အသုဘကို ဖိုးဖိုးပဲ အားလုံးစီစဉ်တာဝန်ယူလုပ်ပေးခဲ့တယ်...။ ကျမ ဖေဖေဆုံးတော့ မျက်ရည်တစ်စက်ကလေးမှ မကျခဲ့ဘူး...။ ကျမကို လူတွေ ပက်ပက်စက်စက် ဝေဖန်တာခံခဲ့ရတယ်...။ တကယ်တော့ ကျမငိုနေခဲ့ပါတယ်...ဘယ်သူမှ.....မမြင်နိုင်ခဲ့တဲ့ ကျမ...မျက်ရည်တွေ ကျမကိုယ်တိုင်တောင် မမြင်ခဲ့တဲ့ မျက်ရည်တွေ....လောကကြီးတစ်ခုလုံးကို သွန်းဖြိုသွားခဲ့ပြီ......။

အနှစ်နှစ်ဆယ်ကျော်...ဆုံးပါးသွားပြီဖြစ်သော ဖေဖေ့ကို သတိရလွမ်းဆွတ်သော အားဖြင့် ဒီပို့စ်ကိုရေးသားပါသည်...။ ဖေဖေကောင်းရာ သုဂတိဘုံကိုရောက်ရှိပါစေ....။


မိုးငွေ့

Friday, 8 January 2010

မမ




မမမွေးပြီးလျှင် ပြီးချင်း မေမေသေဆုံးသွားသည်ဟု ပြောပါသည်..။ မမကိုမွေးသည့်အချိန်၌ အမေ့အသက် ၄၅ နှစ်ရှိပြီဟု ပြောသည်..။ အမေ၏ သမီးအကြီးဆုံး မမကြီးနှင့် အမေ၏ သမီးအငယ်ဆုံး မမ၏ကြားတွင် ယောကျာၤးကလေး နှစ်ယောက်မွေးခဲ့သေးသော်လည်း အဖတ်မတင်ဘူးဟု အဖေပြန်ပြောဖူးသည်..။ အမေက ကလေးခြားလှသဖြင့် မမကြီးနှင့် မမသည် အသက် နှစ်ဆယ့်နှစ်နှစ် ကွာခြားသည် ဟုပြောပါသည်။

မမသိတတ်ခါစအရွယ် အသက် သုံးနှစ်သမီးအရွယ်မှာ အဖေသည် ရွာသစ်ကလေးနှင့် ရေနံချောင်းမြစ်ဆိပ်သို့ အသွားအပြန် ကူးတို့လိုက်သည့်အလုပ်ကို လုပ်ရသည်။ တစ်ခါတစ်ခါ ရေနံချောင်းနှင့် ကျမ်းကိုင်ကျွန်း၊ တစ်ခါတစ်ခါ ဖရဲကျွန်း၊ တစ်ခါတစ်ခါ ရွာသစ်ကြီး လူရလျှင် ရသလို အဖေလှေလိုက်ခဲ့၏။ အဖေ့လှေဦးတွင် ထိုင်ကာ ဧရာဝတီမြစ်ရေပြင် တစ်လျှောက် ကူးတို့လိုက်ရခြင်းကို မမပျော်သည်။ အဖေ့လှေကိုစီးသော ခရီးသည်များသည် အများအားဖြင့် ဟင်းရွက် ကုန်စိမ်းသည်များဖြစ်ကြ၏။

နံနက်ဝေလီဝေလင်း သုံးနာရီ၊ လေးနာရီလောက်တွင် ချဉ်ပေါင်ရွက်စည်းများ၊ ခရမ်းချဉ်သီးတောင်းများ၊ ခရမ်းသီးတောင်းများကို စုထုပ်ပိုးလျက် ခေါင်းမှာရွက်ကာ အဖေ့လှေဆီသို့ သူတို့ရောက်လာကြပြီ။ သူတို့ရောက်လာလျှင် ရေဆိပ်သည် ကြွက်ကြွက်ညံ အောင်ဆူနေတော့သည်။

“အမလေး ကိုအေးသောင်း ကျုပ်ခရမ်းချဉ်သီးပေါ်မတင်ပါနဲ့တော်.. ဟိုဘက်မှာတင်စမ်းပါ”

“မခင်မှုန်နှယ်...ကျုပ်က တောင်းနှုတ်ခမ်းပေါ် တင်တာပါ”

“ အို...မရဘူး..မရဘူး၊ ကျုပ်တို့မှာ တစ်တောင်းမှ တစ်ဆယ်၊ ဆယ့်ငါးကျပ်ရတာတော်ရေ..၊ လေးငါးလုံးပျက်သွားလဲ မနည်းဘူး၊ တော့်လို လှေပိုင်မရှိတော့ တစ်ခါစုန်ဆင်းရုံနဲ့ မြိုးမြိုးမြက်မြက် မရဘူးတော့... သိလား”

“ သြော် ..ခက်ပါပေါ့လား ”

အဖေက ကွမ်းစားလွန်း၍ နီရဲနေသောသွားများပေါ်အောင် ပြုံးရယ် နေတတ်သည်။ တကယ်တော့ အဖေသည် လှေကို အမြဲ စုန်ဆင်း၍ မရပေ။ ဈေးသွား နောက်ကျမည်ဟု သူတို့လောဆော်သည့်အခါ၊ လေမလာ၍ရွက်အားကိုး၍ မရသည့်အခါများတွင် အဆန်ခရီးဖြစ်ဖြစ် အစုန်ခရီး ဖြစ်ဖြစ် အဖေလက်မောင်းတောင့်အောင် လှော်ရပါသည်။ တစ်ခါတစ်ခါတော့ အဖေတစ်ယောက်တည်းနှင့် မနိုင်၍ လူငယ်အစ်ကိုကြီးတစ်ယောက်ကို အကူခေါ်ရသည်။ မမက အဖေ့လှေပေါ်တွင် အလကားလိုက်ရသည်က နည်း၏။ လှေဝမ်းထဲတွင် ဝင်နေသော ရေများကိုခွက်ဖြင့် မနားတမ်းခပ်ထုတ်ပေးနေရသည်..။

“ သမီးလေး ရသေးတယ် ခဏနားလိုက်ဦး။ လိုတော့ အဖေ ပြောမယ်၊ ဒီလောက်ရေနဲ့ လှေတောင် ငြိမ်သေးတယ်၊ဘာမှမဖြစ်ဘူး”

အဖေက သမီးငယ်လေး၏ လက်ကလေးကို ကိုင်ကြည့်၍ စိတ်မကောင်းဖြစ်ရသည်။

“ ကိုအေးသောင်းသမီးလေးကဖြင့် လှချက်တော် မျက်လုံးကလေးများ ဝိုင်းစက်လို့၊ ညည်းနာမည်ဘယ်လိုခေါ်သလဲ”

“မမ”

“အလိုတော်..နာမည်က အဆန်းပါလား ”

မမနာမည်သည် သူတို့အတွက် အထူးအဆန်းဖြစ်ကာ ရယ်ကြသည်။

“ကျုပ်သမီးကြီးပေးထားတဲ့ နာမည်ဗျာ၊ ကျူပ်ကကြာသပတေးသမီးမို့ မြမြသန်းလို့ပေးတာ၊ အဲဒါ ...သူ့အစ်မက နာမည်ကြီးက တုံးသတဲ့...မမတဲ့။ ကဲ...သမီး ဘယ်နာမည်ကိုကြိုက်သလဲ၊ မမကိုကြိုက်လား ...မြမြသန်းကိုကြိုက်လား”

 “မမ...” 

“အမယ်...အလည်ကလေးတော့ ”

မမသည် အဖေ့ကိုလည်းချစ်သည်။ အဖေ့လှေကိုစီးသော ခရီးသည်မိန်းမများကိုလည်းချစ်သည်။ သူတို့နှင့် လှေအတူစီးရတာ ပျော်စရာကောင်းသည်။ သူတို့သည် အပြန်တွင် မြို့မှ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက်တို့ကို ဝယ်လာခဲ့ကြသည်။ တစ်ခါတစ်ခါ ရောင်းရသည့် ဟင်းရွက်ဘိုးနှင့် ပြန်ဝယ်ရသည့် ပစ္စည်းဖိုး မလောက်မငဖြင့်လျှင် အဖေ့ကူးတို့ခကို အပြည့်မပေးနိုင်။

“ကိုအေးသောင်းရေ...ရော့နှစ်ကျပ်ပဲယူထားဦး၊ မနက်ဖြန် ခရမ်းသီးတစ်တောင်းစာရှိသေးတယ်..။ အဲဒီကျမှ ပေါင်းယူတော်” 

“ရတယ်...ရတယ် ”

မမသည် မမကြီးကိုအလွန်ချစ်သော်လည်း မမကြီးယောကျာၤးကိုတော့ ချစ်၍မရချေ...။ သူက ရေနံချောင်းမှာဆန်ပွဲရုံလုပ်ငန်းလုပ်သောကြောင့် ပိုက်ဆံအတော်ရှိသည်ဟု အဖေကပြောသည်...။ မမကြီးတို့အိမ်သည် အဖေ့အိမ်လို ဝါးကြမ်းခင်း ခြေတံရှည်အိမ်မဟုတ်၊ ပျဉ်ထောင်ပျဉ်ခင်းနှင့် တော်တော်ကောင်းလေသည်။ အောက်ထပ်မှာ ဆန်အိတ်များနှင့်အလုပ်သမားများရှိပြီး အပေါ်ထပ်မှာမမကြီးနှင့် အစ်ကိုကြီးနေကြသည်။ မမကျောင်းစတက်သည့်အရွယ်တွင် မမကြီးက သူ့အိမ်မှနေ၍ မြို့ကျောင်းသို့တက်ရန် အဖေ့ကို ပြောသည်။ မမက အဖေ့အိမ်မှာပဲ နေချင်သည်။

“အဖေ့ဆီမှာနေရင် ရေနံချောင်းကကျောင်းတက်လို့ ဘယ်ရမလဲ၊ ဘုရားကုန်းမှာ ကျောင်းတက်နေရမှာပေါ့၊ မမကြီးတို့အိမ်က အကျယ်ကြီး၊ ညီမလေးအတွက် အခန်းတစ်ခန်းပေးထားမယ်”

မမက အဖေ့ကိုမော့ကြည့်သည်။

“အဖေရော...နေမှာလား”

မမကြီးက မျက်နှာမကောင်းပေ... အဖေကတော့ ရယ်သည်။

“အဖေ့မှာ လှေရှိသေးတယ် နွားတွေရှိသေးတယ်...သမီးရဲ့”

မမကြီးက ဂါဝန်လှလှကလေးများ၊ ကစားစရာအရုပ်ကလေးများနှင့်မျှားခေါ်တော့ မမတစ်ယောက် မြို့ကျောင်းမှာတက်ရန် စိတ်ပါသွားသည်။ မမကြီး အိမ်မှာ မမသည် ဟင်းကောင်းကောင်းနှင့် ထမင်းစားရသည်...။ မြစ်ရေ မဟုတ်ဘဲ ရေစက်မှလာသည့်ရေကိုချိုးရသည်...။ ညအိပ်လျှင် သင်ဖြူးဖျာပေါ် မွေ့ယာထပ်ခင်း၍ ဇိမ်ကျကျအိပ်ရသည်..။အဖေ့အိမ်မှာ မကြားရသော ရေဒီယိုသီချင်းကိုကြားရသည်..။ ခုန်ပေါက် ပြေးလွှားလျှင် အဖေ့ကြမ်းပေါက်မှာဆိုး၍ ခပ်ဖြေးဖြေး လမ်းလျှောက်ခဲ့ရသောမမသည် မမကြီး၏ ပျဉ်ခင်းကြမ်းပေါ်တွင် ကျွမ်းထိုး၍ ခုန်ပေါက် ဆော့ခွင့်ရခဲ့သည်...။

သို့သော် မမ မပျော်ခဲ့ပါ..။

မမကြီး၏ယောက်ျားသည် ကျန်သည့်အချိန်တွင် မျက်နှာတည်ရုံသာဖြစ်သောလည်း အရက်မူးလာလျှင် မမကြီးကို ရိုက်နှက်နှိပ်စက်သောကြောင့်ဖြစ်သည်။ မမကြီးကို တစ်ချက်ရိုက်လျှင် မမသည် ကိုယ့်ကိုယ်ကို ရိုက်နှက်သလိုပင် နာကျင်သွားတတ်သည်။ မမကြီးကြိတ်၍ ငိုနေပြီးဆိုလျှင် မမသည် ချောင်တစ်ချောင်မှာ ကွယ်ပုန်းချောင်းကြည့်ရင်းက မမကြီးယောကျာၤးကို ထုရိုက်ကုတ်ဆွဲ ပစ်ချင်လာသည်။ သူ ပြောသော မမကြီး၏ အပြစ်များသည် မမနားမလည် နိုင်သော်အပြစ်များဖြစ်၏။ ဥပမာ...ကြက်သားကို အရိုးတွေချည်းပဲ ချန်ထား၍ ဟူသော အပြစ်မျိုး...။

“မဟုတ်ဘူး ကိုသိန်းရဲ့..မနက်ကတည်း က အသားမှာ သိပ်မကျန်တော့တာ...ခုဟာက..” 

“တိတ်စမ်း ..”

သူ့အသံအစ်ကြီးနှင့် အော်လိုက်လျှင် မမကြီး က တုန်သွားပြီး မမကတော့ နေစရာပင် မရှိတော့ချေ...။ မမကြီးက ကြောက်ရွံ့မှုကြောင့် ပန်းကန်ဆေးရင် ပန်းကန်တစ်ချပ်လောက် လွတ်ကျသွားလျှင် သူက မမကြီးကို ခြေထောက်နှင့် ပိတ်ကန်တတ်၏။

“မြင့်မြင့်..ငါ့ကိုရေတစ်ခွက်ပေးစမ်း”

မမကြီးက ရေခွက်ကို ကမ်းပေးစဉ် လက်တုန်ပြီး သူ့အပေါ် ရေဖိတ်စဉ်သွားလျှင် ထိုရေခွက်ကို ကြမ်းတမ်းစွာ ပုတ်ချပစ်ပြီး နောက်တစ်ခွက် သွားခပ်ခိုင်းတတ်၏။ မမကြီးနေရာမှာ မမဆိုလျှင်တော့ မမတော့သေမှာပဲဟု ကိုယ့်ကိုယ်ကိုတွေးမိကာ တွေးရုံမျှဖြင့် ကြောက်ရွံ့တုန်လှုပ်ရသည်။

တစ်ခါ သူ့ဟာသူ ပိုက်ဆံ နေရာအထားမှား၍ အုပ်လိုက်ပျောက်နေသည့်အခါမျိုးမှာ မမကြီးကို မယုံသကာၤဖြင့် တရားခံစစ်သလို ရိုက်စစ်သည်က ပို၍ မုန်းဖို့ကောင်းသည်....။ 

“မြင့်မြင့်... နင်ပိုက်ဆံတွေ ဘယ်လင်ငယ်ကို ပေးဖို့ ခိုးတာတုန်း... ဟင်  ပြောစမ်း” မမကြီးကို လက်သီးဖြင့်ထိုးလိုက်၊ လက်ဖြင့် ရိုက်လိုက် စိတ်ရှည်လက်ရှည် စစ်သည့်အခါ မမကြီးသည် သူ့ကို ရှိခိုးတောင်းပန်ရလေသည်။ “ကိုသိန်းရယ် ကျွန်မ...မခိုးပါဘူး၊ ကျွန်မ...မယူပါဘူး၊ မနှိပ်စက်ပါနဲ့ ရှိခိုးပါရဲ့” မမက ထိုအခါမျိုးတွင် အစာအုပ်ကိုငုံ့ကြည့်ကာ စာကျက် ဟန်ဆောင်ရင် မျက်ရည်ပေါက်ပေါက်ကျလျက် တိတ်ဆိတ်စွာ ငိုကြွေးမိသည်..။ တစ်ခါတစ်ခါတော့ မမကြီးကို မမမေးဖူးသည်...။

“မမကြီးကို အစ်ကိုကြီးက ဘာဖြစ်လို့ ခဏခဏရိုက်နေရတာလဲ”

မမကြီးက အရိုက်ခံရသူမှာ သူ မဟုတ်သလိုပင် ကြည်လင်စွာပြုံးရယ်၏။

“သူ စိတ်တိုအောင် မမကြီးက သွားသွားလုပ်မိလို့ပေ့ါ” မမသဘောမတူနိုင်ပါ...။

“ဟင် မမကြီးဖြင့် ဘာမှ မလုပ်ပါဘူး၊ မမမြင်တာပဲ သူ့ဟာသူ အရက်မူးပြီး ဒေါသတွေကြီးနေတာပါ”

မမအလွန်သိချင်သော မေးခွန်းတစ်ခုကို မေးမိသေး၏။

“သူက မမကြီးကို မချစ်ဘူးနော်” “အို..မဟုတ်တာ သူ မမကြီးကို အရမ်းချစ်တာပါ ကလေးရယ်”

“ဟင်...ဟုတ်ဘဲနဲ့..”

မမကြီးက မမ၏ ဆံပင်တိုကလေးများကိုဖွသပ်၍ ပြုံးနေသည်။ တစ်ခါကတော့ သူ မမကြီးကို ကော်ဖီပန်းကန်ပြားနှင့် ပစ်ပေါက်လိုက်တာ မမကြီး၏ နှုတ်ခမ်းကွဲသွားပြီး သွေးတွေ ဖြာခနဲထွက်သွားသည်..။ မမသည် ပုန်းကွယ်မနေနိုင်တော့ဘဲ မမကြီးထံ အပြေးအလွှား သွားဖက်မိ၏။

“မလုပ်နဲ့...မမကြီးကို မလုပ်ပါနဲ့”

သူကတော့ မမကြီး၏ သွေးများကို မမြင်ချင်ယောင်ဆောင်၍ ကြမ်းပြင်ကို တဒုန်းဒုန်းနင်းကာ အိပ်ခန်းထဲဝင်သွားသည်..။ မမကြီး က နှုတ်ခမ်းကိုဖိလျက် နီးရာဆေးခန်းသို့ ပြေးရသည်...။ မမက လူကြီးတူမလုပ်၍ မမကြီးနှင့်လိုက်သွားရသည်။

“ရှင့် ယောက်ျား တော်တော် တရားလွန်နေပြီနော်..ရှင်ရပ်ကွက်လူကြီးဆီ တိုင်ပါလား”

မမကြီးနှုတ်ခမ်းကို စိတ်ရှည်လက်ရှည်ချုပ်ပေးသော ဆရာဝန်မက မခံမရပ်နိုင်ဟန်ဖြင့် မြှောက်ပေးသည်။

“အရင်တစ်ခါလဲ တိုင်ဖူးတယ် ဆရာမရဲ့ ဘာမှမထူးခြားဘူး..” “ရှင်တို့ကလေးမရဘူးမဟုတ်လား၊ ဘာမှ စဉ်းစားမနေနဲ့၊ ကွာလိုက်၊ လိုအပ်ရင် ကျွန်မ သက်သေလိုက်ပြောပေးမယ်၊ ရှင့်ဒဏ်ရာတွေကို ကျွန်မကုပေးရတာ ဘယ်လောက်များနေပြီလဲ”

မမကြီးက အင်းမလှုပ် အဲမလှုပ် ငြိမ်နေ၏...။

“ဘယ့်နှယ့်လဲဟင်...မမြင့် ကွာမယ်မဟုတ်လား၊ သူ...ရှင့်ကိုနှိပ်စက်နေတာလွန်နေပြီ” “မဖြစ်သေးပါဘူး ဆရာမရယ် ကျွန်မသူနဲ့ကွာရင် ...ကျွန်မဘာ လုပ်ကိုင်စားရမလဲ” 

“အမလေး မမြင့်ရယ်...ပူပူပင်ပင်၊ မမြင့် ဈေးမရောင်းတတ်ဘူးလား၊ ဆန်တော့ ချင်တတ်မှာပေါ့၊ ဆန်ရောင်းချင်ရောင်း...လောကမှာ လုပ်စားးရာ တစ်ပုံကြီး၊ ကျွန်မ အရင်းထုတ်ပေးမယ်၊ ဘယ့်နှယ့်လဲ”

ဆရာဝန်မက အတည်လိုလို... စသလိုလိုပြောတော့ မမကြီးက စိတ်အားထက်သန်လာသည်။

“ဟုတ်တယ်...ကျွန်မသူ့ကို ကွာမယ်” “အဲလို လုပ်စမ်းပါ”

သို့သော် မမကြီးသည် ယောကျာ်းနှင့်ကွာသည့်အဆင့်သို့ ဘယ့်တော့မှ မရောက်ခဲ့ပေ..။အချိန်တန်လျှင် အရက်မူးပြီး လင်နှိပ်စက်သည့် ဒဏ်ကို ခံနေဆဲဖြစ်သည်..။

မမကြီးအပေါ် မမ၏ သနားညှာတာမှုများသည သူ့ယောကျာၤးအပေါ်မုန်းတီးစက်ဆုပ်မှုများအဖြစ်သို့ အချိုးညီညီ ပြောင်းလဲသွား၏။ စက်ဆုပ်ရုံမျှမက ရွံရှာစိတ်ပါ ဝင်ခဲ့ရသည်မှာ ထိုသူသည် အရက်မူးလာလျှင် ညအိပ်သည့်အခါ ထိန်းထိန်းသိမ်းသိမ်း မရှိခြင်းပင် ဖြစ်သည်။ သူ အရက်မူးပြီး အိပ်ပျော်နေစဉ် ဘယ်လောက်ပဲ အရေးကြီးသည်ဖြစ်စေ မမသူတို့အခန်းသို့မသွားရဲ့၊ ဖြတ်၍လျှောက်လျှင်လည်း မျက်လုံး ဝေ့မကြည့်ရဲပေ။ ငါးနှစ်သမီးအရွယ်အထိ အဖေနှင့်အတူနေခဲ့သော မမသည် ယခုလို ပိုးစိုး ပက်စက် မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူး၊ မကြုံဖူးခဲ့ရပေ။ အဖေသည် ဘယ်တော့မှ အရက်မသောက်၊ ဘယ်တော့မှလည်းကိုးယိုးကားယားမထိုင်၊ လုံချည်ကို ဒူးဆစ်အထိ လှန်တင်တာပင် တစ်ခါမှ မမ မမြင်ဖူးခဲ့။ ယခုမှသာ မမသည် စိတ်ပျက်ရွံရှာစရာ အနေအထားများကို မြင်နေရလေသည်။

တစ်ညမှာတော့ အခန်းထဲမှာ ထိုးကြိတ်ကန်ကျောက်သံ၊ မမကြီး၏ အော်သံတို့ကိုကြားရသောကြောင့် မမကမန်းကတန်း အခန်းပေါက်ဝသို့ သွားရပ်မိသည်။ ထိုအခါ အဆိုးရွားဆုံးသော မြင်ကွင်းကို ထိတ်လန့်တကြား မြင်ခဲ့ရလေသည်..။ မမသည် ဒေါသလည်းထွက်၊ မုန်းလည်းမုန်းပြီး ရွံလည်းရွံကာ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် တုန်လှုပ်နေခဲ့၏...။ မမကြီးကိုလည်း သနားလှသည်..။ နောက်တော့ ကြမ်းပေါ်မှာ ဆန် နမူနာထုတ်ယူသည့် သွပ်ကတော့ချွန်လေးတစ်ခုကိုသွားတွေ့၏..။ မမ ကတော့ကိုကောက်ယူပြီး အခန်းထဲကို သွေးရူးသွေးတန်း ပြေးဝင်သွားမိသည်...။ မမကြီးကို ငါကယ်မှဖြစ်မယ်...။ သို့သော်...မမကြီးက မမကို ထိတ်လန့်တကြား နှင်ထုတ်၏...။

“ညီမလေး..မလာနဲ့၊ အို မလုပ်နဲ့လေ...မလုပ်ရဘူး..”

မမကြီး၏ ယောကျ်ားက ဗြုန်းခနဲလူးလဲထလာပြီး မမအား တစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်၏...။ ကတော့ချွန်ကလေး တောက်ခနဲလွတ်ကျသွားသည်နှင့် တစ်ပြိုင်တည်း မမကြီး၏ အိမ်ပေါ်မှ အပြီးအပိုင်ဆင်းကာ ဆင်းရဲနွမ်းပါးသော အဖေ့အိမ်ပေါ်ပြန်တက်ခဲ့လေသည်..။ 


မှတ်ချက်။    ။ “မမ”ဆိုတာ ဆရာမဂျူးရေးထားခဲ့တဲ့ “ကံကြမ္မာကို မယုံကြည်ကြသူများ”ဝတ္ထုထဲက  ဇာတ်ကောင် ငါးယောက်ထဲက တစ်ယောက်အကြောင်းဖြစ်ပါတယ်.....။ 

မိုးငွေ့

Thursday, 7 January 2010

မီးမီး



ကျမကိုမွေးတော့ မေမေတို့မောင်နှမတွေအတွက် တူမဦးလေးဖြစ်ခဲ့သလို ဖိုးဖိုး ဖွားဖွားတို့အတွက်လဲ မြေးအဦးဆုံးလေးဖြစ်ခဲ့ပါတယ်...။ မြေးဦးတို့ထုံးစံအတိုင်း တစ်အိမ်လုံးဝိုင်းချစ်တာ ခံခဲ့ရတာပေါ့..။ ချစ်စရာကောင်းတဲ့ သမီးကလေးမို့ (ဟီး..ဟီး လိပ်မျိုးမဟုတ်ကြောင်း ဓါတ်ပုံကိုသာ ရှုကြပါကုန်) ဖေဖေက ချစ်စနိုးနဲ့ “မီးမီး”လို့ ခေါ်တွင်စေခဲ့ပါတယ်..။ မေမေဆိုရင် ကျမကို မွေးပြီး သိပ်တောင်မထိန်းရဘူး လို့ပြောပါတယ်...။ မေမေ့ညီမအငယ်ဆုံးတွေဖြစ်ကြတဲ့ အမွှာအဒေါ်နှစ်ယောက်က ကျမနဲ့ ဆယ့်နှစ်နှစ်တိတိ ကွာပါတယ်...။ ကျမကိုမွေးတော့ အိမ်မှာမွေးတာပါ....။ အဲဒီနေ့က အဒေါ်အမွှာနှစ်ယောက် စာမေးပွဲဖြေမယ့်နေ့...။ ကျောင်းရောက်ပြီးတာတောင် ကလေးလေးကို စာမေးပွဲခန်းမဝင်ခင် အိမ်ကိုပြေးလာကြည့်ကြသေးသတဲ့...။ အဲ...မီးမီးရဲ့ ရှူရှူးပေါက်ချထား...အီအီးပါထားတဲ့ အနှီးတွေကအစ..... လုပြီးလျှော်ပြန်ပါသေးတယ်တဲ့ဗျ...။ ညဘက် နို့ဗူးထဖျော်တော့လဲ သူတို့ပါပဲ....။ ဒီတော့ “မီးမီး”မွေးဖွားလာခြင်းဟာ သူတို့နှစ်ယောက်အတွက် ဆော့စရာအရုပ်ကလေး ရသွားသလိုပါပဲ...။ နေ့ ည လုပြီးတော့တောင် ထိန်းပေးခဲ့ကြတယ်...။ ဒီတော့ ငယ်ငယ်က အဲဒီအဒေါ်တွေက ဘယ်သွားသွား မီးမီးမပါတဲ့ နေရာမရှိသလောက်ပေါ့...။ တစ်ခါက အဘိုးဆန်စက်ရှိတဲ့ မြေနီတောင်ကုန်းလေးတစ်ခုမှာ မီးမီးကို စက်ဘီးနဲ့တင်နင်းတာ စက်ဘီးလဲကျလို့ လက်ကိုင်နဲ့ မီးမီးရင်ဘတ်စောင့်မိတာ... မျက်ဖြူလန်ပြီး အသက်ရှုမရတော့လို့ နှစ်ယောက်သား ကလေးကိုချီပြီးလှုပ်ခါရမ်းလိုက်တာ ငိုသံထွက်လာတော့မှပဲ စိတ်အေးရတော့တယ်တဲ့...။ ကြည့်ဦး တော်သေးတာပေါ့ သူတို့က အသက်ပါကယ်တတ်ခဲ့သေးတယ်...။ နို့မို့ဆို ခု“မီးမီး”ဆိုတာ “မိုးငွေ့”လဲ ဘယ်ဖြစ်လာနိုင်တော့မလဲနော်...။
ကျမကိုမွေးပေးတဲ့ နပ်စ်မေမေကရှမ်းအမျိုးသမီးပါ။ ဆရာမဒေါ်နန်းဖေါင်းတဲ့...သူ့အမျိုးသားကတော့ ကျမ ကျောင်းနေတဲ့အရွယ်မှာ ကျမရဲ့ ကျောင်းအုပ်ဆရာကြီးဖြစ်တဲ့ ဆရာကြီးဦးဆယ်မြူရယ်ပါပဲ...။ ဆရာကြီးကလားဟူလူမျိုးပါ....။ သူတို့မှာ သမီးသုံးရောက်ရှိတယ်...။ တစ်အိမ်လုံးကျမကို ချစ်ကြတယ်...။ ကျမနာမည် မီးမီးကိုတောင် သူတို့က လားဟူလို “အားမီ”လို့ခေါ်ကြတာ ခုချိန်ထိပါပဲ...။

မီးမီးဆိုတဲ့ နာမည်က သမီးမွေးထားတဲ့အိမ်တိုင်းလိုလို မှည့်ခေါ်တတ်ကြတဲ့ နာမည်ပါ...။ မိဘတွေရဲ့ မေတ္တာအရိပ်အငွေ့ကို အဲဒီနာမည်မှာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်...။ အင်္ဂလိပ်လို ဆွိတီတို့ ဟန်နီတို့လိုနာမည်မျိုးပေါ့...။ တချို့ကတော့ ပြောပါတယ် “မီး” ဆိုကထဲက ပူလောင်ပြီပေါ့တဲ့...။ အဲဒါက မကောင်းတဲ့ဘက်ကတွေးကြလို့ပါ...။ လောကမှာ အကောင်းမြင်တတ်သူတွေဟာ... အငြိမ်းချမ်းဆုံးပါပဲ...။ နေ့စဉ် လူဆယ်ယောက်ကို ချီးမွန်းစကားပြောပါ...။ ကိုယ့်အပေါ်မကောင်းကြံစည်နေတာကို သိနေခဲ့တာတောင် ကိုယ်က မေတ္တာထားပါ...။ ရောင်ပြန်ဟတ်တယ်ဆိုတာကို ယုံယုံကြည်ကြည်ရှိခဲ့မယ်ဆိုရင်ပေါ့...။

ဒီဘက်နှစ် 2010 ရောက်တော့ ပို့စ်သိပ်မရေးဖြစ်တာ အလုပ်တွေရှုပ်နေလို့ပါ...။ ဒီပို့စ်ကိုရေးဖြစ်တာကလဲ ရေးစရာမရှိလို့မဟုတ်ပါဘူး။ တချို့တွေ ထင်တတ်ကြလို့လေ ဘလော့ဂါတွေ ရေးစရာမရှိရင် သိပ်သိသာတယ်တဲ့...(ကျမတစ်ခါ ပြောခံထားရဖူးလို့ အမှတ်ကိုရှိနေတာ)။ အဲလိုမဟုတ်ရပါဘူးဗျာ... ဒီပို့စ်လေးက ကျမအတွက်တော့ သိပ်ကိုချစ်စရာကောင်းတဲ့ ပို့စ်လေးပါပဲ...။

မိုးငွေ့

Saturday, 2 January 2010

ခေါက်ဆွဲနွုင့်


ခေါက်ဆွဲနွုင့် လုပ်ဖို့လိုအပ်တဲ့ အစာတွေကတော့ အပေါ်ပုံမှာပြထားတဲ့တိုင်း ကြက်သွန်ဖြူဆီချက်၊ မြေပဲလှော်ထောင်း၊ ကြာညို့(ပဲငန်ပြာရည်အနောက်)၊ ငရုတ်သီးကြော်(ငရုပ်ဆီ)၊ မုန်ညင်းချဉ်၊ နံနံပင်နဲ့ ပဲပင်ပေါက်တို့ဖြစ်ပါတယ်..။ ရွှေပဲရွက်ကိုလဲထည့်စားတတ်ကြပါတယ်...။




ခေါက်ဆွဲပေါင်းလုပ်ဖို့ ဆန်ကြမ်းကိုညထဲက ရေစိမ်ထားပြီး မနက်ကျ ကြိတ်ရပါတယ်...။ အလွယ်တကူ ယိုးဒယားက လာတဲ့ ဆန်ကြမ်းမှုန့်ကိုရေဖျော်လဲရပါတယ်...။ ခေါက်ဆွဲဗန်းကတော့ အနည်းဆုံးနှစ်ဗန်း လိုပါတယ်...။ တစ်ဗန်းကိုပေါင်းတဲ့ အချိန်မှာ နောက်တစ်ဗန်းကိုအဆင်သင့် အစာပလာတွေ ထည့်ထားရပါတယ်...။


ပုံမှာ ပြထားတဲ့အတိုင်း ခေါက်ဆွဲဗန်းကို ဆီအနည်းငယ်ဆွတ်ပြီး ဖျော်ထားတဲ့ ဆန်မှုန့်နှစ်အရည်ကို ခပ်ပါးပါးထည့်ပြီး ရေနွေးဆူဆူအိုးထဲထည့်ပေါင်းရတာပါ..။


ဒါကတော့ ပေါင်းပြီးရလာတဲ့ ခေါက်ဆွဲချပ်ကို ကပ်ကြေးနဲ့ညှပ်ပြီး အစာတွေထည့် သုပ်စားရတာပါ..။ အရသာကတော့ ဂွတ်ပဲဗျို့...။ မစားရတာ နှစ်တော်တော်ကြာပြီ အခု တာချီလိတ်ကနေ အဲဒီခေါက်ဆွဲဗန်းကို မှာလိုက်တာရလို့ အိမ်မှာဖွင့်ပွဲလုပ်တာ...။







ဒါကတော့ခေါက်ဆွဲအဖြူချည်းပဲပေါင်းပြီးရလာတဲ့ဗန်းထဲကို ဆန်မှုန့်နဲ့အစာတွေအစုံရောဖျော်ပြီး အပေါ်က ပြန်လောင်းပြီးပေါင်းထားတဲ့ အရွက်စုံခေါက်ဆွဲနွုင့်ဖြစ်သွားတာပေါ့ဗျာ...။ ကျမတို့ငယ်ငယ်က ဒီခေါက်ဆွဲနွုင့်ကို ခေါက်ဆွဲအွမ်လို့ခေါ်တယ်...။ “နွုင့်”နဲ့“အွမ်”ဆိုတာအဓိပ္ပါယ်ကအတူတူပဲ...။ သေးတာငယ်တာကိုပြောတာပါ..။ခေါက်ဆွဲအသေးစားလေးလို့ ပြောချင်တာပေါ့...။ ဘာလို့လဲဆိုတော့ ကျမတို့ရှမ်းပြည်မှာ ညှပ်ခေါက်ဆွဲလုပ်တာ အဲလိုဗန်းကိုအကြီးစားနဲ့လုပ်တာကိုး...။ ကျမတို့အိမ်ရှေ့မှာတင် ခေါက်ဆွဲလုပ်တဲ့အိမ်ရှိတယ်...။ ညနေဘက်ဆို အဲဒီခေါက်ဆွဲချပ်ကိုပူပူနွေးနွေး ငရုတ်သီးမီးကင်ပြီး စိမ်ထားတဲ့ ငါးငံပြာရည်နဲ့တို့စားကြတယ်...။

တာချီလိတ်မြို့ ရွှေတိဂုံဘုရားက ဆိုင်တော်တော်များများ အဲဒါရောင်းကြတယ်ပြောတယ်....။ ခေါက်ဆွဲနွုင့်စားချင်ရင် ရွှေတိဂုံဘုရားသွား အဲလိုပေါ့...။ ကျမတော့ မရောက်တာကြာလို့ သွားမစားဖူးပါဘူး..။အမှန်တော့ ဒီမုန့်လုပ်နည်းက နိုင်းနိုင်းစနေရဲ့ စားမယ်ဝါးမယ်မှာ တင်ထားပြီးသားပါ...။ ကျမကိုယ်တိုင်လုပ်တာလေးကို ကြွားချင်လို့ထပ်တင်လိုက်တာပါ ...။


မိုးငွေ့