ခုနောက်ပိုင်း သူများစာတွေပဲ တင်တင်ပြီး ကိုယ့်စာကိုယ်မရေးဖြစ်တာကြာပြီပဲ...။ ဒီနေ့တော့ ပြောပြစရာလေးရှိလို့ စာရေးဖြစ်သွားတယ်...။
လွန်ခဲ့နဲ့နှစ်ကတည်းက လားရှိုးက Vet နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ သူငယ်ချင်းတစ်ယောက်ကို Dream catcher တစ်ခုလုပ်ပေးဖို့ အော်ဒါမှာဖူးခဲ့တယ်...။ သူက လုပ်နေတာတော့ တိမွေးကုဆရာဝန် ဝါသနာပါတာက Art နဲ့ပတ်သက်တာတွေ ပုံဆွဲတာ ဒီဇိုင်းထွင်တာ လက်မှုပစ္စည်းလေးတွေလုပ်တာတွေပေါ့...။ သူ့ပေ့ချ်မှာ အရုပ်ကလေးတွေ အိပ်မက်ဖမ်းကွန်ယက်လေးတွေ လုပ်နေတာတွေ့လို့ ကျမအတွက် အနက်ရောင် Dream catcher လေးတစ်ခုလုပ်ပေးပါလို့ မှာလိုက်မိတယ်...။ တော်တော်ကြာ ကျမမေ့မေ့ပျောက်ပျောက်ရှိတော့မှ အဲဒီပစ္စည်လေးကိုလက်ခံရခဲ့တယ်....။ သူက ကျမလိုချင်တဲ့ အနက်ရောင်ချည်းပဲမလုပ်ပေးဘဲ အဝါနဲ့အနက်စပ်ကြားလေးနဲ့ ကြက်တောင်မွှေးတွေ သစ်သားပုတီးလုံးလေးတွေပါ အလှဆင်ပေးခဲ့တယ်....။ ကျမက ကျမမှာထားတဲ့ ပုံစံမဟုတ်လို့ ပြန်ပြီး ကိုယ့်ဘာသာကိုယ် ပြုပြင်မယ်ဆိုပြီး ဇာကြိုးအနက်ရောင်လေးတွေကို ငါးကိုက်လောက်ဝယ်ပြီး သူ့နဂိုတွဲလောင်းကြိုးလေးတွေကို ကပ်ကြေးနဲ့ညှပ်ပစ်ပြီး အနက်ရောင်ဇာကြိုးလေးတွေကို တန်းစီ ချည်နှောင်လိုက်တော့တယ်...။ ကွန်ယက်အဝိုင်းလေးက အဝါရောင်ချည်တွေကိုတော့ ဒီတိုင်းထားလိုက်တယ်...။ ဆိုတော့ ကျမရဲ့ Dream catcher လေးက အဝါရောင်အဝိုင်းလေးမှာ အနက်ရောင်ဇာကြိုးလေးတွေ တွဲလောင်းကျနေတဲ့ ပုံလေးဖြစ်သွားခဲ့တယ်....။ အဲဒါလေးကို ကျမက အိပ်ရာခေါင်းရင်းမှာချိတ်ဆွဲပြီးအိပ်ပါတယ်...။
တစ်ပတ်လောက်နေတော့ ကျမ အိပ်မက်မက်တယ်....။ ခုတလော သတိထားမိတာက ကျမ အိပ်မက်တွေ သေသေချာချာမမက်ဖြစ်တော့တာ လချီနေပြီ....။ ခုအိပ်မက်မှာ အစွယ်ငေါငေါနဲ့ မာန်ဖီဒေါသထွက်နေတဲ့ အနက်ရောင်ခွေးတစ်ကောင်ရှေ့တည့်တည့်မှာ ကျမလဲကျနေခဲ့တာ.... ဒီခွေးရှေ့ကနေ ကျမလွတ်မြောက်ဖို့ တွေးကြည့်တယ် ဘယ်လိုမှမဖြစ်နိုင်တော့ဘူး သူကကျမရဲ့အရှေ့ နှစ်ပေလောက်အကွာအဝေးမှာရှိနေတာ သူ့သွားစွယ်တွေ သူ့ရဲ့ ဒေါသထွက်နေတဲ့ ကြောက်စရာရုပ်က ကျမမြင်ကွင်းရဲ့ တော်တော်နီးနီးကပ်ကပ်လေးမှာ... ထပြေးရင်လည်း ကျမကို ချက်ချင်း ကိုက်လိုက်ဖို့ အဆင်သင့်အနေအထားမှာဖြစ်နေတယ်...။ အိပ်မက်ထဲမှာ ကျမ ဘယ်လိုမှမလွတ်မြောက်နိုင်တော့ဘူး တစ်ခုခုဆုံးဖြတ်ရတော့မယ်လို့ကျမတွေးလိုက်ချိန်မှာ ကျမကိုဒီခွေးနက်ကြီး ကိုက်လိုက်တာကိုပဲ ခံရတော့မယ် ခုနေကျမကို ဘာလုပ်လုပ် ကျမခံလိုက်တော့မယ်လို့ တွေးပြီး မျက်စိကို စုံမှိတ်ချလိုက်တာ ခွေးနက်ကြီးက ကျမကို မကိုက်ပဲ သွားစွယ်ဖြဲပြီးပဲ တဂီးဂီးနဲ့ မာန်ဖီရန်လုပ်နေတုန်းမှာပဲ အိပ်မက်ကလန့်နိုးလာခဲ့တာပဲ....။ အိပ်မက်ထဲ ခွေးကိုက်တာခံရရင် ကံဆိုးမိုးမှောင်ကျတတ်တယ်လို့တော့ ကျမကြားဖူးတယ်....။
နောက်နေ့အလုပ်မှာ ကျမ ကိုယ်စားလက်မှတ်ထိုးထားတဲ့ အရောင်းအဝယ်စာချုပ်တစ်ခု ပြဿနာဖြစ်တယ်...။ နောက်ပြဿနာကလည်း တာဝန်ခံလက်မှတ်ထိုးထားတဲ့ ကိစ္စမျိုးပဲ ဒါပေမယ့် နှစ်ခုစလုံးကတော့ ဆိုးဆိုးရွားရွား ကျမဆီကို တိုက်ရိုက်ရောက်လာတဲ့ ပြဿနာတော့မဟုတ်သေးဘူး...။ အဲလိုလေးတွေ မသိမသာလေးကြုံရတာပေါ့....။ ကျမက တော်ရုံတန်ရုံ ဘာကိုမှ အယူသီးပြီး ကျိုးကြောင်းမစီလျော်တဲ့ ကိစ္စတွေမှာ အယုံအကြည်လွန်ကဲသူတစ်ယောက်တော့မဟုတ်ဘူး....။ ဒါပေမယ့် ကျမကိုယ်ကျမတော့ အမြဲသတိထားကြည့်နေမိတယ်....။ အဲလိုလေးတော့ ကျမက ကိုယ့်ကိုယ်ကို သတိနဲ့ဂရုတစိုက်တော့လုပ်တတ်တယ်...။ လွန်ခဲ့တဲ့ ရက်က ကျမ ဝမ်းထဲသွေးစလေးပါလာတော့ ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်လေးဖြစ်သွားခဲ့တယ်...။ ရောဂါလက္ခဏာတွေရှာဖတ်တယ် ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲ တကယ်ဖြစ်လာရင် ဘယ်လိုနေထိုင်စားသောက်ရမလဲ ဘယ်လိုတွေ ကုသကြသလဲ လေ့လာမိတယ်...။ လူတိုင်းက သေမှာမကြောက်ပါဘူးလို့ နှုတ်ကသာ ပြောပြောပေမယ့် တကယ်တမ်း သေခြင်းတရားကိုယ့်ဆီရောက်လာရင်တော့ တုန်လှုပ်ကြစမြဲပါပဲ...။ ကျမကကျတော့ သေသွားမှာထက် ဆရာဝန်တွေရဲ့အစမ်းသပ်ခံရမှာကို ပိုကြောက်ပါတယ်...။ ထုံးစံအတိုင်း ကျမ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ့်ဘာသာ စာဖတ်ပြီး အစားအသောက်နဲ့ သဘာဝအလေ့အထအတိုင်းပဲ ကုသတာမျိုးလုပ်တယ်...။ ဒီတလော မနက်မိုးလင်းလာရင် တကိုယ်လုံးညောင်းညာ လက်ဆစ်ခြေဆစ်တွေ အကွေးအဆန့်မလုပ်နိုင်တာဖြစ်တယ်...။ ကျမ မှတ်မှတ်ရရ ညတိုင်း အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီးမှအိပ်တယ်...။ သတိရတိုင်းလည်း အောက်စီဂျင်များများရအောင် အသက်ကိုရှည်ရှည်ရှူဖြစ်တယ်...။ အဲလိုလုပ်ရင် ခံစားနေရတဲ့ ဝေဒနာတွေ တဒင်္ဂပျောက်ကင်းသွားတော့ စိတ်ထဲပေါ့သွားတယ်..။ အဓိကက ကျမ စိတ်နေလို့ကောင်းအောင် ကျမကိုယ်ကျမရအောင်လေ့ကျင့်တယ်...။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် နောက်ဆုံးထွက်သက်မရောင်ခင် အသက်ရှင်ရပ်တည်နေနိုင်အောင် ကျမလေ့ကျင့်တယ်....။
မနှစ်က ဒီလိုအချိန် ကျမ လက်တွေ ခနခနရောင်ရမ်းတတ်လို့ သွေးစစ်ဖူးတယ် ယူရစ်အက်ဆက်ပမာဏက ပုံမှန်ထက်ပိုလို့ ဆေးသောက်ရတယ်...။ အခု ခြေလက်တွေနာနေတာလဲ ယူရစ်အက်ဆက် ပြဿနာဖြစ်နိုင်တယ်...။ ကျမ ဖုန်းထဲမှာ Tiktok အကောင့်လေးဖွင့်ထားတယ်...။ အဲမှာ ကျမ Harry Chan ဆိုတဲ့ Diabetes Coach တစ်ယောက်ကို Follow လုပ်ထားတယ်...။ သူက ဆီးချိုသမားတွေကို Fasting လုပ်နည်းလေးတွေအတွက် အဓိကပြောပြပါတယ်...။ ကျမ သက်သတ်လွတ်မစားခင်ကတော့ သူ့ရဲ့ 16-8 fasting နည်းနဲ့ နေ့စဉ်အစားအသောက် Lifestyle ကိုလိုက်လုပ်ဖြစ်တယ်....။ အခု ကျမသိပ်နေလို့မကောင်းလို့ ခန္ဓာကိုယ်ကို Cleansing လုပ်ချင်လို့ ၃၆နာရီအစာဖြတ်တဲ့နည်းနဲ့ လုပ်ကြည့်ဖြစ်တယ်...။ ၂၄နာရီတစ်နေကုန်မအစာမစားခင် ညကတည်းက ကျမ နောက်ဆုံးအစာစားတဲ့အချိန်ကိုမှတ်လိုက်တယ် အဲအချိန်ကစပြီး ကျမ ၃၆နာရီတိတိ အစာဖြတ်ပြီးနေလိုက်တယ် ရေတော့သောက်ပေးတာပေါ့....။ ထူးဆန်းတာက အစာမရှိပေမယ့် ဗိုက်ဆာနေတာမျိုး လေထတာမျိုးလုံးဝမဖြစ်တာပဲ....။ လွန်ခဲ့တဲ့နှစ်များက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်မှာ ဂူထဲ ဆယ်ရက်ကျော်လောက်ပိတ်မိနေတဲ့ ကလေးတွေ အစာမစားဘဲနေနိုင်တာ စိတ်ကိုတည်ငြိမ်အောင်ကျင့်တာလည်း ပါတယ်...။ ခန္ဓာကိုယ်အတွင်းပိုင်းက သူ့ဘာသာသူပြုပြင်ပြောင်းလဲပေးတာလဲပါတယ်...။ ဆေးပညာရှင်တွေတော့ ဒါကို ပိုနားလည်လိမ့်မှာပါ...။
၃၆နာရီအစာမစားတဲ့အခါ ကိုယ့်ရဲ့ခန္ဓာကိုယ်ဘယ်လိုဖြစ်မလဲဆိုတာ Harry Chan ပြောပြတာလေး ကျမရေးပြမယ်....။ ပထမ လေးနာရီနဲ့ ရှစ်နာရီအတွင်းမှာ ကိုယ့်ရဲ့သွေးတွင်း သကြားဓါတ်တွေလျော့နည်းလာလိမ့်မယ် အဲအတွက် ကိုယ့်ရဲ့ အင်ဆူလင် level ကလဲ ကျလာမှာဖြစ်ပါတယ်...။ အစာမစားတာ ဆယ့်နှစ်နာရီနောက်ပိုင်းမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အစာခြေစနစ်ကပြီးသွားတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ HGH လို့ခေါ်တဲ့ human growth hormone တွေအများကြီး ထွက်လာမှာဖြစ်ပါတယ်...။ တကယ်လို့ ခန္ဓာကိုယ်ထဲမှာ HGH တွေထွက်လာပြီဆိုရင် ဒီဟိုမုန်းဟာ ကြွက်သားတောင့်တင်းမှု အရိုးခိုင်မာမှု အဆီလောင်ကျွမ်းမှု လိင်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှု အိပ်စက်ခြင်းကိုတိုးမြှင့်ပေးနိုင်တဲ့အပြင် နှလုံးရောဂါနဲ့ပတ်သက်တဲ့ပြဿနာတွေကိုလည်းလာပြီး ကူညီဖြေရှင်းပေးမှာဖြစ်ပါတယ်...။ အစားမဝင်တာ ဆယ့်ခြောက်နာရီနောက်ပိုင်းမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီပိုတွေ စတင်ပြီးလောင်ကျွမ်းမှာဖြစ်ပါတယ်...။ ပြီးတော့ ဒီအဆီကိုလောင်ကျွမ်းပြီးမှာ ခန္ဓာကိုယ်ကို အားအင်အဖြစ်ပြောင်းလဲပေးမှာဖြစ်ပါတယ် ....။ ဆယ့်ရှစ်နာရီနဲ့ နာရီနှစ်ဆယ်ရောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ Autophagy ဖြစ်စဉ်ဖြစ်ပေါ်မှာဖြစ်ပါတယ်....။ ဒီ Autophagy က ခန္ဓာကိုယ်ထဲမှာရှိတဲ့ အိုဟောင်းသွားတဲ့ Cells တွေကိုသန့်ရှင်းရေးလုပ်ပြီးတော့မှ Cells အသစ်တွေကို ပြန်ပြီးထွက်လာစေမှာဖြစ်ပါတယ်....။ ဆိုတော့ ခန္ဓာကိုယ်ထဲမှာ အစာမဝင်တာ သုံးဆယ်ခြောက်နာရီ ရောက်တဲ့အခါ Autophagy ဖြစ်စဉ်က အဆ၃၀၀ (300%)တိုးလာမှာဖြစ်ပါတယ်...။ခန္ဓာကိုယ်က သူ့ဘာသာသူ လာပြီးတော့ ပြုပြင်တယ် သူ့ဘာသာသူ Cleansing လုပ်တာပဲဖြစ်ပါတယ်....။ Fasting လုပ်တာ လေးဆယ်ရှစ်နာရီရောက်တဲ့အခါမှာ HGH ဟိုမုန်း Level က အဆငါးရာ(500%) အထိတိုးလာမှာကိုတွေ့ရပါတယ်...။ တကယ်တော့ Fasting ကရှေးခေတ်တွေက လွန်ခဲ့တဲ့ ထောင်စုနှစ် ရာစုနှစ်ပေါင်းများစွာကတည်းက လူတွေကျင့်သုံးခဲ့တဲ့အရာဖြစ်ပါတယ်...။ ခန္ဓာကိုယ်ပိုပြီး ကျန်းမာဖို့ ခန္ဓာကိုယ်သူ့ဘာသာသူ ပြန်ပြီး ကုစားဖို့အချိန်ယူတာဖြစ်ပါတယ်...။ တကယ်တော့ Fasting diet လုပ်တယ်ဆိုတာ ဗုဒ္ဓရဲ့ နည်းလမ်းအတိုင်းပါပဲ...။ အစားတစ်နှပ်ပဲစားတယ် ဉပုသ်သီလစောင့်တည်တယ်...။ ဒီနည်းလမ်းကို ပြခဲ့ပြီးသားပဲ လူတွေက လိုက်မလုပ်နိုင်လို့ပဲ ပြီးတော့ ခုခေတ်အစားအသောက်တွေက ခန္ဓာကိုယ်အတွက်သန့်ရှင်းတာထက် အဆိပ်အတောက်တွေ အန်မတန်ပေါများတော့ ရောဂါဘယတွေက အဆန်းတွေချည်းပေါ်ပေါ်လာရတာပဲ...။
ကျမတို့ဆီက လူကြီးအများစုက အစားအသောက် Diet လုပ်ရင် မကြိုက်ကြဘူး....။ ထမင်းစားမှ လူအားရှိမှာဘာညာပေါ့...။ တကယ်တမ်းကျ ထမင်းကထွက်တဲ့ ကစီဓါတ်တွေက ပိုကြောက်ဖို့ကောင်းတာ ရှင်းပြလည်း နားမလည်ကြဘူး...။ ပို့စ်ခေါင်းစဉ်က နိမိတ်ပုံဆိုပေမယ့် ကျမ အကြောင်းအရာနည်းနည်းစုံအောင်တော့ ပြောဖြစ်လိမ့်မယ်...။ ဉပါဒါန်ကြောင့် ဉပဒ်ဖြစ်တတ်တယ်ဆိုတဲ့ စကားကိုကျမ ကောင်းကောင်းနားလည်ထားတာမို့ ဒီပို့စ်ရဲ့အစကို ပြန်ကောက်ရရင် ကျမက အစွဲအလန်းကြီးတယ်လို့ ပြောလို့လည်းရနိုင်သလို အစွဲလန်းမကြီးဘူးလို့လဲပြောနိုင်တယ်...။ ကျမ ဒီမနက်ပဲ ကျမကိုယ်တိုင် ပြန်လည်ပြုပြင်ထားတဲ့ အိပ်မက်ကွန်ယက်အနက်ရောင်လေးကို လွှင့်ပစ်လိုက်ပါပြီ...။ ဒါကြောင့် ဒါဖြစ်တယ်လို့ ကျမကိုယ်ကျမထင်ယောင်ထင်မှားမဖြစ်ချင်လို့လည်းပါပါတယ်...။ ကျမ အသက်သုံးဆယ်ကျော်လောက်တုန်းက ဆရာမဒေါ်စောယုနွယ်ဆိုတဲ့ (မင်းသိင်္ခရဲ့တပည့်)ဗေဒင်ဆရာမဆီမှာ ဗေဒင်မေးဖူးခဲ့တယ်...။ ဆရာမက ကျမကို စွယ်စုံရအဆိုတော်ရုပ်ရှင်မင်းသားဒါရိုက်တာ ဦးဝင်းဦးနဲ့ ဇာတာခြင်းတူတယ်လို့ ဟောပေးဖူးခဲ့တယ်...။ ဦးဝင်းဦးက ကျမငယ်စဉ်ကတည်းက ခုချိန်ထိ လေးစားအားကျရတဲ့ အနုပညာရှင်တစ်ယောက် သူ့လိုဘက်စုံတော်တဲ့ အနုပညာရှင်မျိုး ကျမတို့နိုင်ငံမှာ ခုထိတော့မတွေ့ရသေးဘူး...။ ဦးဝင်းဦးက အနက်ရောင်ကြိုက်တယ် အနက်ရောင်ကသူ့ရဲ့ Lucky color ဒီအကြောင်းအရာကိုမသိခင်ကတည်းက ကျမလည်း အနက်ရောင်ကြိုက်တဲ့သူ အရေးကြီးတဲ့နေရာသွားရင် အရောင်ရွေးဝတ်လေ့ရှိသူတစ်ယောက်မဟုတ်ပေမယ့် အနက်ရောင်က ကျမရဲ့ Lucky color ပဲ...။ ဦးဝင်းဦးနဲ့ဇာတာချင်းတူလို့ ကျမလည်း သူ့လိုပဲ အသက်ရှည်ရှည်မနေရလောက်ဘူးလို့ တွေးဖြစ်ခဲ့ဖူးတယ်...။ အဲဒီအဆိုအရဆို ကျမအသက် အခု ၄၈နှစ် ကျမအသက်ရှင်ဖို့ ဆယ်နှစ်ပဲအချိန်ရှိတော့မယ်...။ ကျမအမြဲတွေးနေတာက ကျမရဲ့သက်တမ်းက အလွန်ဆုံး ၆၀-၆၅ အဲလောက်ပဲ...။ ပျင်းစရာကောင်းတဲ့ လောကကြီးမှာ အသက်ရှည်နေလည်း ဘာမှတော့မထူးဘူး ခန္ဓာကိုယ်က ဘာမှမစွမ်းနိုင်တော့တဲ့အခါ ဘေးလူကိုဒုက္ခပေးရုံသက်သက်ပဲရှိတော့တာ...။ ဒါကြောင့် လုပ်ချင်တာရှိတာအကုန်လုပ် လုပ်စရာရှိတာအကုန်လုပ်မယ်...။ Doddle Art တွေ ဆွဲဖြစ်နေတယ် ပုံအသစ်လေးတွေလာတင်ပေးဦးမယ်...။ လောလောဆယ် ခရီးထွက်တာပဲမလုပ်ဖြစ်သေးတာ...။ ဉရောပနိုင်ငံတွေကိုတော့ ရောက်အောင်သွားဦးမယ် မသေခင်လေး အသက်ရှင်တုန်း....။
ပြောဖို့ကျန်ခဲ့လို့ လူတစ်ယောက်ဟာ 36နာရီ အစာဖြတ်ပြီး Body Cleansing ကို တစ်နှစ်မှာ ခြောက်ကြိမ်လုပ်လို့ရပါတယ်....။ ဒီထက်ပိုလုပ်စရာမလိုဘူးနော်... :) Fasting တစ်ခါမှမလုပ်ဖူးတဲ့သူတွေ အစာအိမ်သမားတွေနဲ့ ကိုယ်ခံအားနည်းသူတွေတော့မလုပ်ဖို့ အကြံပေးပါတယ်....။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment