Friday, 19 October 2012

မိုးစက်ငတ် မနွမ်းပန်းတစ်ပွင့်.....






တစ်ခုခုရေးချင်တယ်…. မင်းအကြောင်းတစ်ခုခုပေါ့…။

မိုးစက်တွေမရှိရင် ကိုယ့်အတွေးတွေမပွင့်လန်းတော့ဘူးလား…..
ပူပြင်းခြောက်သွေ့မှုတွေက အတွေးတွေအားလုံးကိုစုပ်ယူသွားလိုက်သလိုပဲ…..ပြီးတော့ ကိုယ့်အပျော်တွေကိုပါ ခိုးယူသွားကြသေးတယ်….

စိတ်ပင်ပန်းလိုက်တာ……. စိတ်ခံစားမှုနဲ့အရင်းတည်ပြီး ဖြစ်ပေါ်လာတဲ့ စကားလုံးတွေ မင်းအတွက်ဆုတ်ကိုင်မပြနိုင်တဲ့ ခံစားမှုတွေကို စကားလုံးအဖြစ်ပုံဖော်ပြရတာဟာ ကိုယ့်နှလုံးသားပေါ်ကိုယ်ပြန်နင်းလျှောက်နေရသလိုပါပဲ…..။

အိပ်ရေးတွေပျက်တယ်…ဇက်ကျောတွေတက်တယ်…အလင်းပြန်လို့ မျက်စိတွေပါကိုက်လာတယ်…။ ဒါလည်းပဲ တင်းခံပြီး မရရအောင်ရေးချင်သေးတယ်…..

နတ်ဆိုးရဲ့ဝိညာဉ်တွေဝင်ပူးနေတာတော့မဟုတ်ပါဘူးနော်……

ကိုယ့်ကိုတိုက်တွန်းအားပေးကြတယ် သူတို့တွေကလေ…. ဒါကြောင့် ကိုယ်မင်းအကြောင်းစာတစ်ပုဒ် စမ်းရေးကြည့်မိတယ်…..။ ကိုယ့်နှလုံးသားက ကိုယ့်ကိုဘယ်လိုခိုင်းစေမလဲလို့ ကိုယ့်လက်ချောင်းတွေက အဆင်သင့်စောင့်နေကြတယ်…..။

ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီတစ်ခွက်နဲ့စာအုပ်တစ်အုပ်နဲ့စိတ်နှစ်နေတုန်း… ဖုန်းတစ်ခုဝင်လာတယ်…။ အင်း…ဟုတ်တယ်… အိန်ဂျယ်အကြောင်းဆက်ရေးပါ…လို့အားပေးသွားတဲ့ ကိုယ့်အစ်ကိုကြီးတစ်ယောက်ပါ…။

အမှန်တော့ တောင်းဆိုမှုထက် ကိုယ်ကိုယ်တိုင်ကရေးချင်နေခဲ့တာပါ….။ ဒီစာက ရေထိမခံရတဲ့ ပန်းတစ်ပွင့်နဲ့မတူဘူးလား….အိန်ဂျယ်…..။ ဟုတ်တယ်…..မိုးစက်အေးအေးတွေနဲ့ဝေးနေတဲ့ ပန်းနုရောင် ပန်းကလေးတစ်ပွင့်…..။
ပန်းဆိုမှတော့ တနေ့နေ့ကျရင် ခြောက်သွေ့ညိုးနွမ်းသွားမှာပဲလေ…။ အဲခါကျတော့ စာအုပ်တွေကြားထဲ အမှတ်တရသိမ်းဆည်းထားလို့ရတဲ့ ပန်းခြောက့်လေးတစ်ပွင့်ဖြစ်နိုင်ကောင်းပါရဲ့နော်…။


မိုးငွေ့

7 comments:

Yoemyaykya said...

မိုးစက်တွေမရှိရင် အတွေးတွေမပွင့်လန်းဘူးလားမမ။
ခေါင်းကိုက်နေတာဘယ်ရိုလုပ်ပေးရမလဲ။

စံပယ်ချို said...


ဂျက်ကိုပြောသလားတောင်ထင်မိတယ်

ဒါပေမယ့်လဲ နေ့စဉ်ရက်ဆက်
ရေး မပျက်ခဲ့တာ ကဗျာတွေပါကွယ်
ချစ်တဲ့ jasmine

ညီလင်းသစ် said...

ဦးနှောက်နဲ့ နှလုံးသား အားပြိုင်မှုကနေ ထွက်ကျလာတဲ့ ပို့စ်လေးတစ်ပုဒ်များလား...၊ ကြွေကျခဲ့ပြီးတဲ့နောက် ကာလများစွာတိုင် စာအုပ်ကြားထဲမှာ၊ ခေါင်းအုံးအောက်မှာ မွှေးမြဲမွှေးဆဲဖြစ်တဲ့ ခရေပန်းလေး တွေကို သတိရမိသွားတယ် မမိုးငွေ့ရေ...။

Candy said...

ခေါင်းစဉ်လေးနဲ့တင် ကြွေတယ် မမရယ်...

လွင်ပြင်လှိုင်းငယ် said...

ရေးတတ်လိုက်တာဗျာ...အားကျမိပါရဲ့ ။

ဆူးသစ် said...

အိန်ဂျယ်အလွမ်းများဆိုပြီးစာအုပ်ထုတ်လို့ရနေပြီနော်။စကားလုံးလေးတွေအမြဲနုသစ်နေဆဲပါ။နှလုံးသားကလတ်ဆတ်နေလို့လို့ကျွန်တော်ယူဆမိပါတယ်။ခံစားချက်ကိုပုံပြီးနှစ်ထားတတ်ပုံရတယ်။စာရေးရင်အဲဒီခံစားမှုမျိုးကတော်တော်ကောင်းတယ်ဗျ။အားပေးလျှက်ပါ။

မောင်သီဟ said...

အိန်ဂျယ်ရေ ..... မင်းဘယ်မှာလဲကွယ်ဟယ်
း)

မောင်ဘကြိုင်