တိမ်ညိုတွေ အုပ်လိုက်ရွေ့လျားနေကြတယ်.......။
ပြည့်ဝန်းနေတဲ့ လကို မကြာခဏဖုံးကွယ်သွားလိုက်ကြတာ...... လပြည့်လကနေတဆင့်ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက်လှမ်းလှမ်းကြည့်နေကြတာကို တိမ်ကွယ်လိုက်တဲ့အခါ သူကပျောက်ကွယ်သွားလိုက်နဲ့.....။ ဒီတစ်ည ကိုယ်တို့ တိမ်ကင်းစင်တဲ့ကောင်းကင်ယံက လဝန်းကြီးကနေ ဆုံနိုင်ခွင့်ရပါ့ဦးမလား........။ တိမ်သလ္လာတွေကတော့ ခေါင်းမော့လို့ လေနှင်ရာ အဆုပ်လိုက် အစုလိုက် အဝေးလိုက် ပြေးလွှားရွေ့လျားနေလိုက်ကြတာ........ ကိုယ်တို့ကို ဒီည ငဲ့ကွက်မယ့်ပုံမပေါ်ဘူးကွယ်....။
သူရှိရာ ကောင်းကင်မှာရော တိမ်တွေဖုံးအုပ်နေသလား.......? ဒါမှမဟုတ် ကောင်းကင်ဟာ နက်ပြာရောင်နောက်ခံနဲ့ကြယ်ကလေးတွေဟာ မခို့တရို့လေး လင်းပြနေကြမလား.......? ကမ္ဘာမြေတစ်ခုတည်းအပေါ်ရပ်နေတာချင်းအတူတူ.......ကိုယ်တို့ အရောင်တူညီတဲ့ ကောင်းကင်ကိုမပိုင်ဆိုင်ကြဘူးနော်.........။
ပြူတင်းပေါက်ကနေ အအေးပေါ့တဲ့ ဆောင်းလေလေး မရဲတရဲတိုက်ခတ်ဝင်ရောက်လာတယ်။ နှင်းပွင့်တွေကွယ်ပျောက်နေတာ ကြာပြီဖြစ်တဲ့ ကောင်းကင်ပေမယ့် ကိုယ့်ကောင်းကင်မှာတော့လေ... နှင်းနွမ်းတွေပြိုကျလာတော့မလား အောက်မေ့ရတယ်......။
သူ့ကောင်းကင်မှာရော ကြည်လင်နေရဲ့လား.....။ ဆောင်းညပေမယ့် မညာမတာ တိမ်တွေနဲ့ အုပ်မှိုင်းညို့ဆိုင်းနေမလား......။ လပြည့်လကတော့ တိမ်နောက်ကွယ်မှာ... ရှက်ကိုးရှက်ကန်း ပုန်းလျှိုးကွယ်လျှိုးနဲ့........။ ဒီလပြည့်က ဆေးပေါင်းခတယ်တဲ့.........။ ဟင့်အင်း.... ကိုယ့်အတွက်တော့ အလွမ်းတွေခတဲ့ညပါ......။ အလွမ်းတွေနဲ့အတူ ပုလဲမျက်ရည်တွေပါ ကြွေခတဲ့ညလည်းဖြစ်သေးတယ်....။
မတူညီတဲ့ကောင်းကင်မှာ မမြင်ရပေမယ့် မှန်းဆလို့ နှုတ်ခမ်းနှစ်လွှာတွန့်ကွေး အပြုံးကလေးနဲ့ဖြစ်ဖြစ် ကြည်နူးခွင့်ပေးပါ.....။
ဒီည.........ဆောင်းလေတွေနဲ့အေးမယ်ဆိုလဲ သူ့ရင်ငွေ့အလား အလွမ်းတွေကိုခြုံပြီး ကိုယ်နွေးထွေးလိုက်ပါ့မယ်....။
မိုးငွေ့

13 comments:
အက်ဆေးထဲက အလွမ်းတွေက အေးစက်မနေပါလား ဗျာ..အလွမ်းတွေ ဝေးနိုင်သလောက် ဝေးကြပါစေ
ဒီပို့စ်လေး ဖတ်ရတာ ကစင့်ကလျား နိုင်နေတဲ့ တိမ်တွေလိုပဲ..၊ နီးလာလိုက် ဝေးသွားလိုက်..၊ မှောင်သွားလိုက် လင်းလာလိုက်နဲ့....၊ လရောင်ကများ အလွမ်းတွေကို အလင်းပြန်စေ ရော့သလား...။
ခံစားချက်တွေနဲ့ ရေးထားတာလေး သေချာခံစားသွားတယ် မမရေ :D
အရောင်မတူတဲ့ ကောင်းကင်က အလွမ်းတွေကတဆင့် အလွမ်းတွေ ကူးစက်ကုန်ပြန်ပေါ့ မမိုး။ တကယ့်ကို အလွမ်းတွေမြေခကုန်ရပြီပေါ့။
ချစ်တဲ့
သဒ္ဓါ
လှလိုက်တဲ့ အက်ဆေးလေး..
သူ့ ကောင်းကင်မှာတိမ်တွေဖုံးနေသလား မဖုံးဘူးလား
တော့မသိဘူးဗျ...၊စလုံးကကောင်းကင်မှာတော့ ခုတ
လော တိမ်တွေချည်းဖုံးနေတော့တာပဲဗျိုးးးးးးးးးး:)))
ကောင်းကင်က တိမ်တွေကို ကြည့်ပြီး လွမ်းဖူးတာ သတိရသွားပြီ..။
ကိုယ်လဲ နွေးထွေးချင်ပါတယ်အိန်ဂျယ်း)
တိမ်ဆိုတာ လွမ်းဖို့အတွက်များ ဖြစ်နေရော့သလာ မမိုးရေ...။ တိမ်တွေလွင့်နေရင် လွမ်းသလိုလိုး)
အလွမ်းတွေခတဲ့ညပေါင်းများစွာကနေ
ကင်းလွတ်ခွင့်ရပါစေ မိုးငွေ့ရေ။
အရောင်မတူတဲ့ ကောင်းကင်လေးလည်း တည်ငြိမ်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တိမ်တွေကအလွမ်းကိုဖြစ်စေတာ
မဟုတ်ပေမဲ့
တိမ်တွေကိုကြည့်ပြီးတော့
လွမ်းမိတယ်..
တခါတလေ..တိမ်တိုက်လေးတွေနဲ့
အတူ..ချစ်သူရှိရာ..
လွင့်မျောလိုက်ပါသွားချင်မိတယ်
ခံစားချက်လေးတွေ မို့ထင်ပါရဲ့ တိမ်တွေလိုပဲ နိမ့်လိုက်မြင့်လိုက်နဲ့....မမရေ
ခံစားအားပေးလျှက်..
ကောင်းကင်က အရောင်မတူ
အလွမ်းပေါ် အလွမ်းတွေဆင့်
တိမ်တွေကလဲ နီးလာလိုက် ဝေးသွားလိုက်
အို---မိုးငွေ့ရေ
အလွမ်းတွေကင်းဝေးပါစေတော့နော်
Post a Comment