Tuesday, 4 August 2009

ကျမနှင့်ကံကောင်းခြင်းကံဆိုးခြင်းနိမိတ်.....



ကျမ မနက်မနက် အလုပ်သွားရင် မြေနီကုန်းကားဂိတ်ကို ကျမတို့ ကျွန်းတောလမ်းကနေ ဆယ်မိနစ်လျှောက်ရတယ်..။ ကားဂိတ်နားရောက်ခါနီး ရွှေမန်းရုပ်ရှင်ရုံရှေ့ကဖြတ်ရင် အပေါ်ကိုမော့ကြည့်လိုက် ဓါတ်မီးကြိုးပေါ်မှာ ခိုငှက်တွေ တန်းစီနေလိုက်ကြတာ...။ အောက်မှာလဲ အလုံတို့ ကြည့်မြင်တိုင်တို့ဘက်သွားမယ့် ကားဂိတ်မှာ ခိုစာရောင်းနေတဲ့မိန်းမရှိတယ်...။ ကျမဆိုရင် ခိုချေးပါချမှာစိုးလို့ အမြဲတမ်း အဲဒီနေရာကို ကွေ့ပတ်ရှောင်ပြီးမှသွားတယ်...။ ဒီနေ့ကျမှ မထင်မှတ်ပဲ မြေနီကုန်းကားဂိတ်အသွား မီးပွိုင့်အကွေ့လောက်မှာ တတောင်ဆစ်နား နွေးခနဲ အရေကျလာတယ်မှတ်တယ် ကြည့်လိုက်တော့ ခိုချေးပါချလိုက်တာဗျား....။ သေရော.....။

ကျမ အကျီၤလက်အနားလေးနဲနဲပေးသွားတယ်...။ ကမန်းကတန်း အိတ်ထဲက စက္ကူလက်ကိုင်ပုဝါလေးကိုထုတ်ပြီး သုတ်ပစ်လိုက်တယ်...။ နှုတ်ကလည်း မေတ္တာသုတ်တရားတော်ကို ရွတ်လိုက်သေးတယ်...။ ကျမဘာကြောင့်ဒီလို sensitive ဖြစ်ရသလဲဆိုတော့... ကျမ အမြဲလိုလို သတိထားကြည့်မိနေတယ်...။ ခိုချေးပါချခံလိုက်ရတိုင်း အမြဲကံမကောင်းခြင်းကို ကြုံရတယ်...။ ဥပမာဗျာ... အလုပ်မှာ အဆင်မပြေဖြစ်တာတို့....။ အဆူခံရတာတို့ပေါ့...။ ဘုရားစာဆိုထားတော့ ကိုယ်တကယ် ကြီးကြီးမားမားပြဿနာ ကြုံရမယ့်ကိန်းစိုက်ရင် မပပျောက်သည့်တိုင် မှေးမှိန်သွားတာပေါ့..။ အဲဒါတော့ တကယ်ဟုတ်တယ်...။ ကိုယ့်ကလဲ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ယုံယုံကြည်ကြည်ရှိမယ် ဆိုရင်ပေါ့နော်...။ ကောင်းတဲ့အလုပ်လုပ်ရင် ကံကောင်းတယ်ဆိုပေမယ့်လည်း...ရှေးဘဝက ကိုယ်ပြုခဲ့တဲ့ကံ (ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာ မသိနိုင်ပါဘူး)ကိုလည်းထည့်တွက်ဖို့လိုပါတယ်...။ ဒီဘဝမှာ ကံကောင်းနေပေမယ့် အရင်ဘဝက အကုသိုလ်ကံလိုက်လာရင်တော့ ပြန်ဆပ်ရစမြဲပဲ..။ ရှောင်လို့မရ တိမ်းလို့မရပါဘူး...။ အဲ....ကျမပြောချင်တာက ကျမအရင်တုန်းက အဲဒါမျိုးနိမိတ်တွေဘာတွေ သိပ်အယုံအကြည်မရှိဘူး...။ နောက်ပိုင်း တိုက်ဆိုင်တာများလာတော့ သတိထားမိလာတယ်...။

ကျမ ပြဿနာတစ်ခုခုကို ကြုံတွေ့ရတော့မယ်ဆိုရင်... အသားလှုပ်တာတို့ မျက်ခုံးတို့ မျက်ခမ်းတို့လှုပ်တာတို့ အမြဲဖြစ်တယ်...။ ကျမ သတိထားမိသလောက်တော့ မပေါ်မျက်ခွံလှုပ်တဲ့နေ့ဆို တစ်ခုခုဖြစ်ပြီပဲ...။ တချို့ကပြောကြတယ် အောက်မျက်ခမ်းလှုပ်ရင် ငိုရတတ်တယ်တဲ့..။ အဲဒီခါကရင် ကျမက ငိုရတဲ့ ရုပ်ရှင်ကားမျိုးငှားကြည့်လိုက်တယ်..(ဘာမှလဲမဆိုင်ဘူးနော်)....။ ကျေများကျေသွားမလားလို့ စမ်းကြည့်တာ...။ မရဘူး...ပြဿနာတစ်ခုခုတော့ ရင်ကိုရင်ဆိုင်ရတာပါပဲ..။

လက်မောင်းသား လှုပ်ရင်တော့ အဝတ်အစားအသစ် ရတတ်တယ်တဲ့ ကြားဖူးထားတာရှိတယ်..။ တကယ်အဟုတ်ဗျ မယုံမရှိနဲ့..။ တလောက ကျမစကော့ဈေးမှာ ထမီစနှစ်စဝယ်လာပြီး...အိမ်မှာထိုင်နေတုန်း လက်မောင်းသားလှုပ်တော့...ငါတစ်ယောက်ယောက်ဆီကများ အဝတ်သစ်လက်ဆောင်ရမှာမို့ထင်တယ်ပေါ့..။ မဖြစ်နိုင်ပါဘူး...။ ခုဝယ်လာတဲ့ ထမီပဲဖြစ်မှာပါဆိုပြီနေနေလိုက်တာ...။ နောက်နေ့တော့ တစ်ဝမ်းကွဲမောင်တစ်ယောက်က ဘန်ကောက်ပြန်လာတာဆိုပြီး Spirit ချည်သားအနက်ရောင် အကျီၤတစ်ထည် လက်ဆောင်လာပေးတယ်..။ တွေ့လား တကယ်မှန်တာနော်..။ ဒါကတော့ ကျမအတွက် တိုက်ဆိုင်သွားတဲ့ နိမိတ် အကောင်းအဆိုးတွေပါ...။ အနက်ရောင်က ကံကောင်းတဲ့အရောင်ဖြစ်လို့... အရေးကြီးကိစ္စလုပ်ရင် အနက်ဝတ်ပါတဲ့...။ အဲဒီလိုဟောတော့မှပဲ ကျမဆီမှာလဲ အနက်ရောင်နဲ့ပတ်သက်တဲ့ အသုံးအဆောင် အဝတ်အစားတွေက ခပ်များများရယ်...။ တကယ်လည်း အနက်ရောင်က ကျမရဲ့ lucky အရောင်ပါပဲ..။

တခြားသူတွေ အတွက်တော့ မှန်ချင်မှန်လိမ့်မယ်ပေါ့...။ သူငယ်ချင်းတွေဆိုပြောကြတယ် ခိုချေးပါချရင် ထီသွားထိုးတဲ့...။ ကျမအတွက်တော့ ကံမကောင်းပါဘူး...။ သူများတွေ ခွေးချေးနင်းမိရင် ကံဆိုးတယ်ပြောကြတယ်...။ တစ်နေ့က ညီမလေးနဲ့ ဈေးသွားပြီးအပြန် အိမ်ရှေ့မှာ ခွေးချေးတက်နင်း မိသေးတယ်... ဟီး..ဟီး.....း) ။ အဲဒီနေ့ကတော့ ကံကောင်းတယ်ဗျား...။ ဘာလုပ်လုပ် အဆင်ကိုချောလို့..။ လူအမျိုးမျိုး အဖုံဖုံမှာ သူတို့ယုံကြည်ရာတော့ တစ်ခုခုရှိကြမှာပါ...။ ဒါပေမယ့်အစွဲအလန်းတော့မထားကြပါနဲ့လို့ ပြောချင်ပါတယ်...။ အဟီး...သူများကို အတည်ပေါက်နဲ့ဆုံးမနေပြီး ကျမကတော့ အစွဲလန်းကြီးတယ်ဗျ....။ 


မိုးငွေ့

2 comments:

ပန်းခင်းလေး said...

ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ် ..
ပန်းခင်းလည်း ဒီလို နွေးကနဲ အရသာ ခံစားဖူးတယ် .. ပန်းခင်းက မိုးငွေ့ ထက် ပိုဆိုးတယ် .. ခေါင်းပေါ်မှာ နွေးကနဲ့  ခံစားလိုက်ရတာလေ .. တော်တော်ဆိုးတယ်နော် :P

ဘာပဲဖြစ်ဖြစ် ဘ၀မှာ အဆိုး အကောင်း က
အမြဲ ဒွန်တွဲနေတဲ့  သဘောမို့  နိမိတ်လေး ပြပေးတာကပဲ ကျေးဇူးတင်ရမလိုနော်

အဆင်ပြေပါစေနော်!

ခင်မင်လျှက်

ပန်းခင်းလေး

. said...

အင်းးဗျ . . .နိမိတ်တွေတော့သိပ်အယုံအကြည် မရှိဘူးဗျ
တိုက်ဆိုင်မှုနဲ့ တခြားး ဖြစ်နိုင်တာတွေ များပါတယ် . .

ဘာပဲ ဖြစ်ဖြစ် အမပြောသလိုပေါ့

ကိုယ်ယုံကြည်ရာ တော့ရှိကြတာပေါ့ . .

ကျွန်တော်ကတော့အစွဲအလန်းသိပ်မထားတတ်ဘူးဗျ . . .