ဒီညနေ ကျမအွန်လိုင်းမသွားဖြစ်ဘူး ။ မနေ့က ပို့စ်တစ်ခုအတွက် ပုံတွေကို Edit လုပ်ထားတော့ ဒီနေ့ကိုနားလိုက်တယ်။ အိမ်မှာနေရင် စာလဲမဖတ်ဖြစ်ပါဘူး ။ ဒါနဲ့ 2005 ခုနှစ်ကတည်းက ဝယ်စုထားတဲ့ ပန်းလှိုင် ဂျာနယ် ကိုသူများပေးပစ်လိုက်တော့မလို့ ကျမကြိုက်တဲ့ Celebrities ပုံတွေကိုညှပ်ထုတ်ပြီး Album တစ်ခုလုပ်ဖို့ ရွေးနေလိုက်မိတယ်...။
ခါတိုင်းညတွေလိုပဲ ၁၁နာရီ အိပ်ယာဝင်ခဲ့တယ် ။ ဒါပေမယ့် မျက်လုံးတွေ ကြောင်ပြီး အိပ်မပျော်ဘူး ။ Mp4 ကို နားထဲထည့်ပြီး ဘလောဂ်အတွက်ဘာတွေ ဆက်ရေးရင် ကောင်းမလဲလို့ တွေးနေခဲ့မိတယ်။ သီချင်း အပုဒ် 80ကျော် နှစ်ကျော့ပြန်တာတောင် အိပ်မပျော်သေးဘူး..။ အချိန်ကိုလဲ ကြည့်မနေချင်တော့ဘူး...။ ဘယ်ချိန်ပဲဖြစ်ဖြစ် အိပ်ချင်တော့မှပဲ အိပ်တော့မယ်လို့ဆုံးဖြတ်ပြီး ရောက်တတ်ရာရာ လျှောက်တွေးနေမိရင်းက ကျမဘဝတစ်လျှောက်မှာ ကျမနဲ့ပတ်သက် ခင်မင်ရင်းနှီးသူတွေရဲ့ နာမည်တွေကို တန်းစီပြီး ပြန်တွေးနေမိတယ်..။
ကျမနှစ်သက်တဲ့ နာမည်တွေကို ခြုံကြည့်မိသလောက်တော့ အတော်များများ “မ”ပါတဲ့ နာမည်တွေဖြစ်နေတယ်။ ပြီးတော့ ရာသီဥတုနဲ့ပတ်သက်တဲ့ နာမည်မျိုး နွေတို့ မိုးတို့ ဆောင်းတို့ပေါ့..။ ဥပမာ နွေဦး၊ မေဦး၊ မိုးတိမ်၊ မိုးစက် စသဖြင့်ပေါ့ ဗျာ...။ လေပြေဆိုတဲ့နာမည်လည်းကြိုက်တယ်..။ မော်ဒယ်တွေ စခေတ်စားခါစ အချိန်က “အိုင်းရစ်လေပြေဦး” ဆိုတဲ့ မော်ဒယ်သရုပ်ဆောင်ကောင်မလေးရဲ့ နာမည်လည်းလှတယ်..။ ဗန်းဂိုးရဲ့ နာမည်ကြီး ပန်းချီကားတစ်ချပ်ဖြစ်တဲ့ ပန်းအိုးပုံရဲ့နာမည်က “အိုင်းရစ်ပန်း” တဲ့...။ သူ့နာမည်က အိုင်းရစ်ပန်းတွေကို ဖြတ်တိုက်လာတဲ့ “လေပြေဦး”လေးလို့သက်ရောက်မယ်ထင်တယ်..။ ဒီနာမည်ကို ဘယ်သူပေးခဲ့တယ်ဆိုတာ မသိရပေမယ့် တော်တော် အဓိပ္ပါယ်ရှိပြီး လှတဲ့နာမည်တစ်ခုပါ..။
အဆိုတော် “မိုးမိုး”ဆိုရင် ယောကျာၤးလေးပေမယ့် သူ့အမေက မိန်းကလေးတွေ မှည့်လေ့ရှိတဲ့ နာမည်မျိုးပေးခဲ့တယ်...။ မိုးတွေရွာတဲ့ တနင်္ဂနွေနေ့မှာ မွေးခဲ့လို့ “မိုးမိုး” လို့ခေါ်ခဲ့သတဲ့..။ သူ့စီးရီးကိုတောင်
“တနင်္ဂနွေ မိုးရေစက်များ” လို့နာမည် ပေးထားသေးတယ်လေ..။ အဲဒီလို ရာသီဥတုနဲ့ နေ့ရက်တွေကို တွဲဘက်ထားတဲ့နာမည်မျိုးကိုလည်း ကြိုက်တယ် ကျမက...။
Gun 'N' Roses အဖွဲ့ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ "November Rain" ကို အမှီပြုပြီးတော့လဲ
“နိုဝင်ဘာမိုး” လို့နာမည်သွင်တဲ့သူလဲရှိပါတယ်..။ "No" အဖွဲ့က “ရတနာ” ဆိုရင် "N0" အဖွဲ့မဖွဲ့ခင်က "Trio" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း “မေဦး” ဆိုတဲ့ ကောင်မလေးနဲ့ သီချင်းဆိုသေးတယ်...။ “မေဦး” နိုင်ငံခြားမှာ ကျောင်းသွားတက်တော့ သီချင်းဆက်မဆိုဖြစ်တော့တာဖြစ်မယ်..။ အဲ.....ကျမပြောချင်တာက “မေ”ဆိုတဲ့ နာမည်ကို ကျမကြိုက်တယ် ..။ မိန်းမလဲ ဆန်တယ်..။ မေဦး၊ မေသက်ဇော်၊ မေဇော် ဆရာမဂျူးရဲ့ ဝတ္ထုတစ်ပုဒ်က ဇာတ်ကောင်နာမည်ဆိုရင် “မေဇော်နု” တဲ့ နောက်ထပ်တစ်ယောက်ကျတော့ “မင်းညိုစင်”တဲ့..။ အဲဒီနာမည်လဲလှတယ်..။
ကျမတို့ ရှစ်တန်းကိုးတန်းမှာတုန်းက ကျောင်းမှာ အော်တိုစာအုပ်ရေးကြတာခေတ်စားတယ်..။ အဲဒီမှာ သူငယ်ချင်းတစ်ယောက်ရဲ့စာအုပ်မှာ ကဗျာလေးရေးပြီး အောက်မှာ နည်မည်ထိုးထားတာက “Essential မိုး” တဲ့....။ အဲဒီတုန်းက ဆရာမဂျူးရဲ့ “မရှိမဖြစ်မိုး” ဆိုတဲ့စာအုပ်ထွက်ခါစပေါ့...။ “မရှိမဖြစ်” ကိုသူက အင်္ဂလိပ်လို “ Essential” ဆိုတဲ့ စကားလုံးသုံးပြီး “မိုး”နဲ့ တွဲဖက်ထားတာ..။ အဲဒီကောင်မလေးဆိုရင် ကဗျာရေးတာလဲကောင်း..လက်ရေးလည်းလှမှလှပဲ..။ ဆယ်တန်းတုန်းက တွေ့ခဲ့တဲ့ သူငယ်ချင်းကျတော့ “သဉ္ဖာသက်ညို”တဲ့ ..။ ကျမသူ့နာမည် “ညို”ဆိုတာကို ကြိုက်လို့ ကျမရဲ့ အင်္ဂလိပ်နာမည် “Coral” နဲ့ တွဲဖက်လိုက်တာ...။
ဆယ်တန်းအောင်ပြီး အင်္ဂလိပ်စာသင်တန်းတက်တော့ ကျမတို့ ဆရာ(လူထု)ဦးစိန်ဝင်းဆိုရင် နာမည်ပေးသိပ်တော်တာဗျ...။ ကျောင်းလာအပ်တဲ့သူတိုင်းကို အင်္ဂလိပ်နာမည်ပေးလေ့ရှိတယ်...။ ကျမကိုဆိုရင် နာမည်မှာ “သန္တာ” ဆိုတာပါတော့ “Coral” ဆိုပြီးပေးခဲ့တယ်..။ ကျမထက်နည်းနည်းစောတက်တဲ့ old member ထဲက ကိုယ်လုံးကိုယ်ပေါက် လှလှနဲ့ မြန်မာလို အမြဲဝတ်တတ်တဲ့ ကောင်မလေးဆိုရင် “Monalisa” တဲ့....။ မိန်းမဆန်ဆန်လေးနဲ့မို့ ပေးထားတာဖြစ်မယ်...။ အဲဒီကောင်မလေးရဲ့ မြန်မာနာမည်က “ပျိုးယုဝသုန်” တဲ့...။ ကျမကြိုက်တဲ့ မိုးရာသီ “ဝသုန်”ဆိုတာပါတယ်...။ ကျမတို့နောက်မှာ ရောက်လာတဲ့ new member တွေတစ်ဖွဲ့ ရှိသေးတယ်...။ “ဇင်ကိုလင်း” ဆိုတဲ့ကောင်လေးကိုတော့ “Linnus” တဲ့... “ကျော်မျိုးဝင်း” ကို “Kespar” ...“ဉာဏ်ဝင်းကျော်”ကို “Wisdom” တဲ့....။ ဟော...“ဥမ္မာကျော်”ကိုကျတော့ “Amma” ...“ဝေမာကျော်”ကိုကျတော့ “ Willma ” တဲ့ဗျ...။ “ရဲမင်းထက်လတ်”ကိုတော့ “ Ronald”... “ရဲထူးနိုင်” က “ Reggie” တဲ့...။ “ရ” နဲ့စတဲ့သူတွေကို “R” နဲ့စတဲ့ နာမည်တွေပေးတာဖြစ်နိုင်တယ်..။
အဝေးရောက်နေတဲ့........ကျမမောင်လေးတစ်ယောက်ကျတော့...“ရဲစစ်ခေါင်”တဲ့...ဘယ်လောက်လှတဲ့ ယောကျာၤးပီသလိုက်တဲ့ နာမည်လေးလဲ...။ ကျမ “ရဲ” ဆိုတဲ့နာမည်ကိုမကြိုက်ပေမယ့် “စစ်ခေါင်”ကိုတော့ ကြိုက်တယ်..။ ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ဆိုရင် “မင်းခင်မျိုး” တဲ့..။ သူ့နာမည်က ယောကျာၤးနည်းနည်းဆန်တယ်...။ သူမမွေးခင်က သူ့အဖေက “ဒေါက်တာမင်းခင်မျိုး”ဆိုတဲ့ ဆရာဝန် တစ်ယောက် နာမည်ကိုကြိုက်လို့ ဆိုပြီး မှည့်ပေးခဲ့တာတဲ့...။ အဲဒီနာမည်မျိုးတွေကတော့ ရှားရှားပါးပါး နာမည်မျိုးတွေပေါ့...။ လူတွေ တော်တော်များများ သိပ်မပေးတတ်ကြတဲ့ နာမည်မျိုး...။ ကျမကတော့ နာမည် သိပ်ရှည်တာမျိုး မကြိုက်ဘူး...။ နာမည် နှစ်လုံး သုံးလုံးလောက်ပဲကြိုက်တယ်..။ ခုလောလောဆယ်အသိထဲက ကောင်မလေး တစ်ယောက်နာမည်ဆိုရင် “ရွှေရည်မြမြတ်စိုး” တဲ့....ငါးလုံးချည်းများတောင်နော်...။ ဒါပေမယ့် သူ့နာမည်လေးကျတော့ အဆင်ပြေပြေလေး ဖြစ်နေတယ်..။ အမွှေးအမျှင်ထူတဲ့ အဲဒီကောင်မလေးကို ကျမတို့က “ ရွှေရည်မျောက်မျောက်ဆိုး”ဆိုပြီး နာမည်ပြောင်ကိုခေါ်တတ်ကြတယ်..။
မန္တလေးသားတစ်ယောက်ဖြစ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ကျမဖုန်းတော်တော်ကြာပြောခဲ့ဖူးတယ်...။ သူ့နာမည်က “သက်ဇော်ဝေ”တဲ့..။ “သက်” နဲ့ “ဝေ” ဆိုတာ မိန်းကလေးတွေ အမှည့်များတဲ့နည်မည်ပါ..။ အဲဒါကို ကြားထဲမှာ “ဇော်” ပေါင်းထည့်လိုက်တော့ခေါ်လို့ကောင်းတဲ့ နည်မည်လှလှလေးဖြစ်သွားရော...။ “သက်ဇော်ဝေ”ဆိုတဲ့ ကောင်လေးက ကဗျာရေးသိပ်ကောင်းတာ... လက်ရေးလဲ ဝိုင်းဝိုင်းကြီးကြီးနဲ့ လှတယ်..။ မန္တလေးကစကား ရန်ကုန်ကအကြွား မော်လမြိုင်ကအစားဆိုတဲ့ အတိုင်း အဲဒီမန္တလေားသားကတော့ ကဗျာလှလှလေးတွေကို စပ်တတ်သလို စကားပြောလဲသိပ်ကောင်းပါတယ်...။
ကဲ.....ကျမအိပ်မပျော်လို့ တွေးမိသလောက်နာမည်လေးတွေကို ချရေးမိပါတယ် စာရွက်တွေပေါ်ကို... ဟော..ရေးလိုက်ပြန်ပါပြီတဲ့..ဘလော့ဂ်ပေါ်ကို...။ နောက်ဆိုရင် ကျမအိပ်မပျော်ရင် အိပ်ဆေးတွေ ဝယ်ပို့ပေးကြမယ်ထင်ပါရဲ့..။ သူအိပ်မပျော်တိုင်း ပေါက်ကရစာတွေရေးနေတော့မှာ ဆိုပြီး...:)
မိုးငွေ့

2 comments:
အပဲာ . . . .ကျွန်တော်ကတော့
အမ အိပ်မပျော်တဲ့ညတွေ များပါစေဆုတောင်းရမလိုဖြစ်နေပြီ
အိပ်မပျော်တဲ့ညမှာ
စာကောင်းလေးတွေ ရေးတတ်လို့ အားကျမိတယ် . . . .
chitkansoe.ck
Post a Comment