Friday, 28 August 2009

Hidden Truth.....







လှပတဲ့ မာယာတွေ 
နက်ရှိုင်းလှတဲ့ ကျင်းကြီးကို 
ပျောက်ကွယ်အောင်ပြုစား လိုက်ပြီလေ... 
ပဉ္စလက်ညှို့ချက်တွေရဲ့ 
ချိုမြိန်မှုအောက်က စစ်မှန်မှုတစ်ခု..... 
သိမ်မွေ့တဲ့ သွေးဆောင်မှုတွေအောက် 
မျက်မမြင်တွေ လမ်းစပျောက်လို့ 
နူးညံ့တဲ့ ဖြားယောင်းမှုတွေ 
သွေးစုပ်မယ့်ခြင်တစ်ကောင်လို ငါ့ထံဝဲပျံလာနေတယ်...... 
ရင်ခုန်ဖို့ မေ့လျော့နေခဲ့တာ 
အာရုဏ်မှာ ငါ့ဆီလာခဲ့တဲ့ အလင်းရောင်ကြောင့်ပေါ့...    ။ HNS ( TG )

ဥယျာဉ်မှူး.....




အမှုထမ်း ။ အရှင် အမှုတော်ထမ်း အကျွန့်ကို သနားတော်မူပါ ဧကရီ ။ 

ဧကရီ ။ စည်းဝေးသဘင် ပြီးဆုံးပြီ ။ ငါ့ အမှုတော်ထမ်းတွေလည်း ထွက်ခွာသွားကြပြီ ။ သင် ဘာကြောင့် နောက်ကျ ရောက်လာရသလဲ ။ 

အမှုထမ်း ။ တစ်ပါးသူတွေနဲ့ ဆောင်ရွက်ပြီးပြီဆိုရင် ယခု အကျွန်အလှည့် ဖြစ်ပါရစေ ။ အရှင့်အမှုတော်ထမ်းအတွက် ကျန်တဲ့ အလုပ်တာဝန်ကို တောင်းခံရအောင် အကျွန် လာခဲ့တာပါ ။ 

ဧကရီ ။ အလွန်အမင်း နောက်ကျနေကာမှ သင် ဘာကို မျှော်လင့်စရာ ရှိတော့မှာလဲ ။ 

အမှုထမ်း။ အရှင့် ပန်းဥယျာဉ်မှာ အကျွန့်ကို ဥယျာဉ်မှူး ခန့်တော်မူပါ ။ 

ဧကရီ ။ ကြံကြီး စည်ရာကွယ် ။ 

အမှုထမ်း ။ အကျွန့်ရဲ့ တခြားအလုပ်တာဝန်တွေကို စွန့်လွှတ်ပါရစေ။ အကျွန့်ဓါး လှံတွေ မြေပေါ်ချလိုက်တော့မယ်။ အကျွန့်ကို ရပ်ဝေး နန်းမြေ မစေပါနဲ့တော့။ တိုက်ပွဲသစ်တွေလည်း မတိုက်ခိုင်းပါနဲ့တော့။ အရှင့်ဥယျာဉ်မှာ ဥယျာဉ်မှူးအဖြစ်သာ အကျွန့်ကို ခန့်ထားတော်မူပါ။ 

ဧကရီ ။ အလုပ်ဝတ္တရားတွေကို ဆိုပါဦး ။ 

အမှုထမ်း ။ အရှင် ငြီးငွေ့တဲ့ နေ့တွေမှာ အမှုတော်ထမ်းဖို့ပါ။ မနက်ဖက် အရှင်ထွက်တော်မူမယ့် မြက်ခင်းလမ်းကို စိမ်းစိုအောင် အကျွန်ထားမယ်။ အရှင့်ခြေလှမ်းတော်တိုင်းကို ဂုဏ်ပြုရင်း အသေခံ ကြွေဆင်းဖို့ ဝန်မလေးတဲ့ ပန်းပွင့်တွေနဲ့ အရှင့် ခြေအစုံကို ကြိုဆိုနေမယ်။ စရည်းကိုင်းပင်တွေမှာ ဒန်းဆင်လို့ အရှင့်ကို လွှဲပေးပါ့မယ်။ အဲဒီမှာ အရှင့်ခါးဝတ်တော်စကို နမ်းရအောင်ဆိုပြီး ညဉ့်ဦးယံ ဖိုးရွှေလဟာ သစ်ရွက်တွေကြားက အတင်း အလုအယက် တိုးထွက်လာလိမ့်မယ်။ အရှင်စက်ရာ သလွန်ဘေးမှာ ထွန်းလင်းတဲ့ မီးအိမ်ကို ဆီမွှေးနံ့သာ ထပ်ကာဖြည့်ပါမယ်။ အရှင့် ခြေနင်းခုံကိုလည်း အကျော် ကရမက်တွေ အိုင်အိုင်ထွန်းပြီး ရှုမောစရာ့ ပုံအသွယ်သွယ် လိမ်းခြယ်ပေးပါ့မယ်။ 

ဧကရီ ။ အဖိုး အခ အနေနဲ့ သင်ဘာကို လိုချင်သလဲ ။ 

အမှုထမ်း ။ ညံ့သက်ညွတ်နူး ကြာမုံဖူးနဲ့တူတဲ့ အရှင့် လက်ဆုပ်ကလေးတွေကို ကိုင်ပြီး လက်ကောက်ဝတ်မှာ ပန်းကို ဆင်မြန်းပေခွင့် အရှင့်ခြေဖဝါးအစုံကို အသောက ပွင့်ဖတ်လွှာတွေရဲ့ ပန်းဆီနီနီနဲ့ ခြယ်သခွင့် ဒါ့ပြင် ဖုန်စ ဖုန်နတွေ ကပ်နေဦးမယ်ဆိုရင် နမ်းပစ်ခွင့်ကို ပေးသနားပါ။ 

ဧကရီ ။ သင် တောင်းတဲ့ဆိုကို ခွင့်ပြုတော်မူတယ် အမှုတော်ထမ်း ငါ့ ပန်းဥယျာဉ်မှာ အသင် ဥယျာဉ်မှူး ဖြစ်စေ....။ ။ (တဂိုး) 

ညီမလေး မြတ်မွန်အတွက် မြင့်စိုးလှိုင် ဘာသာပြန်တဲ့ ရာဘင်ဒြာနသ်တဂိုးရဲ့ အချစ်ကဗျာ(၁၀၁) ပုဒ်စုစည်းမှုစာအုပ်ထဲက တစ်ပုဒ်ကို ရွေးချယ်ပြီးတင်ပေးလိုက်ပါတယ်။ ဒီတစ်ပုဒ်ကိုပဲ မိုးမိုး(အင်းလျား) ဘာသာပြန်ထားတာ စကားလုံးတွေကပိုလှတယ် ပိုလည်းသက်ဝင်တယ်..။ ဒါပေမယ့် အဲဒီစာအုပ်က အတော်ကိုသွားရှာယူရမှာဗျ...။ ဒါကြောင့် ဒီကဗျာလေးနဲ့ ကျေနပ်နိုင်ပါစေနော်..။


Wednesday, 12 August 2009

အိပ်မပျော်သောညရဲ့ အမည်နာမများ.....




ဒီညနေ ကျမအွန်လိုင်းမသွားဖြစ်ဘူး ။ မနေ့က ပို့စ်တစ်ခုအတွက် ပုံတွေကို Edit လုပ်ထားတော့ ဒီနေ့ကိုနားလိုက်တယ်။ အိမ်မှာနေရင် စာလဲမဖတ်ဖြစ်ပါဘူး ။ ဒါနဲ့ 2005 ခုနှစ်ကတည်းက ဝယ်စုထားတဲ့ ပန်းလှိုင် ဂျာနယ် ကိုသူများပေးပစ်လိုက်တော့မလို့ ကျမကြိုက်တဲ့ Celebrities ပုံတွေကိုညှပ်ထုတ်ပြီး Album တစ်ခုလုပ်ဖို့ ရွေးနေလိုက်မိတယ်...။

ခါတိုင်းညတွေလိုပဲ ၁၁နာရီ အိပ်ယာဝင်ခဲ့တယ် ။ ဒါပေမယ့် မျက်လုံးတွေ ကြောင်ပြီး အိပ်မပျော်ဘူး ။ Mp4 ကို နားထဲထည့်ပြီး ဘလောဂ်အတွက်ဘာတွေ ဆက်ရေးရင် ကောင်းမလဲလို့ တွေးနေခဲ့မိတယ်။ သီချင်း အပုဒ် 80ကျော် နှစ်ကျော့ပြန်တာတောင် အိပ်မပျော်သေးဘူး..။ အချိန်ကိုလဲ ကြည့်မနေချင်တော့ဘူး...။ ဘယ်ချိန်ပဲဖြစ်ဖြစ် အိပ်ချင်တော့မှပဲ အိပ်တော့မယ်လို့ဆုံးဖြတ်ပြီး ရောက်တတ်ရာရာ လျှောက်တွေးနေမိရင်းက ကျမဘဝတစ်လျှောက်မှာ ကျမနဲ့ပတ်သက် ခင်မင်ရင်းနှီးသူတွေရဲ့ နာမည်တွေကို တန်းစီပြီး ပြန်တွေးနေမိတယ်..။

ကျမနှစ်သက်တဲ့ နာမည်တွေကို ခြုံကြည့်မိသလောက်တော့ အတော်များများ “မ”ပါတဲ့ နာမည်တွေဖြစ်နေတယ်။ ပြီးတော့ ရာသီဥတုနဲ့ပတ်သက်တဲ့ နာမည်မျိုး နွေတို့ မိုးတို့ ဆောင်းတို့ပေါ့..။ ဥပမာ နွေဦး၊ မေဦး၊ မိုးတိမ်၊ မိုးစက် စသဖြင့်ပေါ့ ဗျာ...။ လေပြေဆိုတဲ့နာမည်လည်းကြိုက်တယ်..။ မော်ဒယ်တွေ စခေတ်စားခါစ အချိန်က “အိုင်းရစ်လေပြေဦး” ဆိုတဲ့ မော်ဒယ်သရုပ်ဆောင်ကောင်မလေးရဲ့ နာမည်လည်းလှတယ်..။ ဗန်းဂိုးရဲ့ နာမည်ကြီး ပန်းချီကားတစ်ချပ်ဖြစ်တဲ့ ပန်းအိုးပုံရဲ့နာမည်က “အိုင်းရစ်ပန်း” တဲ့...။ သူ့နာမည်က အိုင်းရစ်ပန်းတွေကို ဖြတ်တိုက်လာတဲ့ “လေပြေဦး”လေးလို့သက်ရောက်မယ်ထင်တယ်..။ ဒီနာမည်ကို ဘယ်သူပေးခဲ့တယ်ဆိုတာ မသိရပေမယ့် တော်တော် အဓိပ္ပါယ်ရှိပြီး လှတဲ့နာမည်တစ်ခုပါ..။

အဆိုတော် “မိုးမိုး”ဆိုရင် ယောကျာၤးလေးပေမယ့် သူ့အမေက မိန်းကလေးတွေ မှည့်လေ့ရှိတဲ့ နာမည်မျိုးပေးခဲ့တယ်...။ မိုးတွေရွာတဲ့ တနင်္ဂနွေနေ့မှာ မွေးခဲ့လို့ “မိုးမိုး” လို့ခေါ်ခဲ့သတဲ့..။ သူ့စီးရီးကိုတောင်
“တနင်္ဂနွေ မိုးရေစက်များ” လို့နာမည် ပေးထားသေးတယ်လေ..။ အဲဒီလို ရာသီဥတုနဲ့ နေ့ရက်တွေကို တွဲဘက်ထားတဲ့နာမည်မျိုးကိုလည်း ကြိုက်တယ် ကျမက...။

Gun 'N' Roses အဖွဲ့ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ "November Rain" ကို အမှီပြုပြီးတော့လဲ
“နိုဝင်ဘာမိုး” လို့နာမည်သွင်တဲ့သူလဲရှိပါတယ်..။ "No" အဖွဲ့က “ရတနာ” ဆိုရင် "N0" အဖွဲ့မဖွဲ့ခင်က "Trio" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း “မေဦး” ဆိုတဲ့ ကောင်မလေးနဲ့ သီချင်းဆိုသေးတယ်...။ “မေဦး” နိုင်ငံခြားမှာ ကျောင်းသွားတက်တော့ သီချင်းဆက်မဆိုဖြစ်တော့တာဖြစ်မယ်..။ အဲ.....ကျမပြောချင်တာက “မေ”ဆိုတဲ့ နာမည်ကို ကျမကြိုက်တယ် ..။ မိန်းမလဲ ဆန်တယ်..။ မေဦး၊ မေသက်ဇော်၊ မေဇော် ဆရာမဂျူးရဲ့ ဝတ္ထုတစ်ပုဒ်က ဇာတ်ကောင်နာမည်ဆိုရင် “မေဇော်နု” တဲ့ နောက်ထပ်တစ်ယောက်ကျတော့ “မင်းညိုစင်”တဲ့..။ အဲဒီနာမည်လဲလှတယ်..။

ကျမတို့ ရှစ်တန်းကိုးတန်းမှာတုန်းက ကျောင်းမှာ အော်တိုစာအုပ်ရေးကြတာခေတ်စားတယ်..။ အဲဒီမှာ သူငယ်ချင်းတစ်ယောက်ရဲ့စာအုပ်မှာ ကဗျာလေးရေးပြီး အောက်မှာ နည်မည်ထိုးထားတာက “Essential မိုး” တဲ့....။ အဲဒီတုန်းက ဆရာမဂျူးရဲ့ “မရှိမဖြစ်မိုး” ဆိုတဲ့စာအုပ်ထွက်ခါစပေါ့...။ “မရှိမဖြစ်” ကိုသူက အင်္ဂလိပ်လို “ Essential” ဆိုတဲ့ စကားလုံးသုံးပြီး “မိုး”နဲ့ တွဲဖက်ထားတာ..။ အဲဒီကောင်မလေးဆိုရင် ကဗျာရေးတာလဲကောင်း..လက်ရေးလည်းလှမှလှပဲ..။ ဆယ်တန်းတုန်းက တွေ့ခဲ့တဲ့ သူငယ်ချင်းကျတော့ “သဉ္ဖာသက်ညို”တဲ့ ..။ ကျမသူ့နာမည် “ညို”ဆိုတာကို ကြိုက်လို့ ကျမရဲ့ အင်္ဂလိပ်နာမည် “Coral” နဲ့ တွဲဖက်လိုက်တာ...။

ဆယ်တန်းအောင်ပြီး အင်္ဂလိပ်စာသင်တန်းတက်တော့ ကျမတို့ ဆရာ(လူထု)ဦးစိန်ဝင်းဆိုရင် နာမည်ပေးသိပ်တော်တာဗျ...။ ကျောင်းလာအပ်တဲ့သူတိုင်းကို အင်္ဂလိပ်နာမည်ပေးလေ့ရှိတယ်...။ ကျမကိုဆိုရင် နာမည်မှာ “သန္တာ” ဆိုတာပါတော့ “Coral” ဆိုပြီးပေးခဲ့တယ်..။ ကျမထက်နည်းနည်းစောတက်တဲ့ old member ထဲက ကိုယ်လုံးကိုယ်ပေါက် လှလှနဲ့ မြန်မာလို အမြဲဝတ်တတ်တဲ့ ကောင်မလေးဆိုရင် “Monalisa” တဲ့....။ မိန်းမဆန်ဆန်လေးနဲ့မို့ ပေးထားတာဖြစ်မယ်...။ အဲဒီကောင်မလေးရဲ့ မြန်မာနာမည်က “ပျိုးယုဝသုန်” တဲ့...။ ကျမကြိုက်တဲ့ မိုးရာသီ “ဝသုန်”ဆိုတာပါတယ်...။ ကျမတို့နောက်မှာ ရောက်လာတဲ့ new member တွေတစ်ဖွဲ့ ရှိသေးတယ်...။ “ဇင်ကိုလင်း” ဆိုတဲ့ကောင်လေးကိုတော့ “Linnus” တဲ့... “ကျော်မျိုးဝင်း” ကို “Kespar” ...“ဉာဏ်ဝင်းကျော်”ကို “Wisdom” တဲ့....။ ဟော...“ဥမ္မာကျော်”ကိုကျတော့ “Amma” ...“ဝေမာကျော်”ကိုကျတော့ “ Willma ” တဲ့ဗျ...။ “ရဲမင်းထက်လတ်”ကိုတော့ “ Ronald”... “ရဲထူးနိုင်” က “ Reggie” တဲ့...။ “ရ” နဲ့စတဲ့သူတွေကို “R” နဲ့စတဲ့ နာမည်တွေပေးတာဖြစ်နိုင်တယ်..။

အဝေးရောက်နေတဲ့........ကျမမောင်လေးတစ်ယောက်ကျတော့...“ရဲစစ်ခေါင်”တဲ့...ဘယ်လောက်လှတဲ့ ယောကျာၤးပီသလိုက်တဲ့ နာမည်လေးလဲ...။ ကျမ “ရဲ” ဆိုတဲ့နာမည်ကိုမကြိုက်ပေမယ့် “စစ်ခေါင်”ကိုတော့ ကြိုက်တယ်..။ ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ဆိုရင် “မင်းခင်မျိုး” တဲ့..။ သူ့နာမည်က ယောကျာၤးနည်းနည်းဆန်တယ်...။ သူမမွေးခင်က သူ့အဖေက “ဒေါက်တာမင်းခင်မျိုး”ဆိုတဲ့ ဆရာဝန် တစ်ယောက် နာမည်ကိုကြိုက်လို့ ဆိုပြီး မှည့်ပေးခဲ့တာတဲ့...။ အဲဒီနာမည်မျိုးတွေကတော့ ရှားရှားပါးပါး နာမည်မျိုးတွေပေါ့...။ လူတွေ တော်တော်များများ သိပ်မပေးတတ်ကြတဲ့ နာမည်မျိုး...။ ကျမကတော့ နာမည် သိပ်ရှည်တာမျိုး မကြိုက်ဘူး...။ နာမည် နှစ်လုံး သုံးလုံးလောက်ပဲကြိုက်တယ်..။ ခုလောလောဆယ်အသိထဲက ကောင်မလေး တစ်ယောက်နာမည်ဆိုရင် “ရွှေရည်မြမြတ်စိုး” တဲ့....ငါးလုံးချည်းများတောင်နော်...။ ဒါပေမယ့် သူ့နာမည်လေးကျတော့ အဆင်ပြေပြေလေး ဖြစ်နေတယ်..။ အမွှေးအမျှင်ထူတဲ့ အဲဒီကောင်မလေးကို ကျမတို့က “ ရွှေရည်မျောက်မျောက်ဆိုး”ဆိုပြီး နာမည်ပြောင်ကိုခေါ်တတ်ကြတယ်..။

မန္တလေးသားတစ်ယောက်ဖြစ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ကျမဖုန်းတော်တော်ကြာပြောခဲ့ဖူးတယ်...။ သူ့နာမည်က “သက်ဇော်ဝေ”တဲ့..။ “သက်” နဲ့ “ဝေ” ဆိုတာ မိန်းကလေးတွေ အမှည့်များတဲ့နည်မည်ပါ..။ အဲဒါကို ကြားထဲမှာ “ဇော်” ပေါင်းထည့်လိုက်တော့ခေါ်လို့ကောင်းတဲ့ နည်မည်လှလှလေးဖြစ်သွားရော...။ “သက်ဇော်ဝေ”ဆိုတဲ့ ကောင်လေးက ကဗျာရေးသိပ်ကောင်းတာ... လက်ရေးလဲ ဝိုင်းဝိုင်းကြီးကြီးနဲ့ လှတယ်..။ မန္တလေးကစကား ရန်ကုန်ကအကြွား မော်လမြိုင်ကအစားဆိုတဲ့ အတိုင်း အဲဒီမန္တလေားသားကတော့ ကဗျာလှလှလေးတွေကို စပ်တတ်သလို စကားပြောလဲသိပ်ကောင်းပါတယ်...။

ကဲ.....ကျမအိပ်မပျော်လို့ တွေးမိသလောက်နာမည်လေးတွေကို ချရေးမိပါတယ် စာရွက်တွေပေါ်ကို... ဟော..ရေးလိုက်ပြန်ပါပြီတဲ့..ဘလော့ဂ်ပေါ်ကို...။ နောက်ဆိုရင် ကျမအိပ်မပျော်ရင် အိပ်ဆေးတွေ ဝယ်ပို့ပေးကြမယ်ထင်ပါရဲ့..။ သူအိပ်မပျော်တိုင်း ပေါက်ကရစာတွေရေးနေတော့မှာ ဆိုပြီး...:)




မိုးငွေ့


Tuesday, 4 August 2009

ကျမနှင့်ကံကောင်းခြင်းကံဆိုးခြင်းနိမိတ်.....



ကျမ မနက်မနက် အလုပ်သွားရင် မြေနီကုန်းကားဂိတ်ကို ကျမတို့ ကျွန်းတောလမ်းကနေ ဆယ်မိနစ်လျှောက်ရတယ်..။ ကားဂိတ်နားရောက်ခါနီး ရွှေမန်းရုပ်ရှင်ရုံရှေ့ကဖြတ်ရင် အပေါ်ကိုမော့ကြည့်လိုက် ဓါတ်မီးကြိုးပေါ်မှာ ခိုငှက်တွေ တန်းစီနေလိုက်ကြတာ...။ အောက်မှာလဲ အလုံတို့ ကြည့်မြင်တိုင်တို့ဘက်သွားမယ့် ကားဂိတ်မှာ ခိုစာရောင်းနေတဲ့မိန်းမရှိတယ်...။ ကျမဆိုရင် ခိုချေးပါချမှာစိုးလို့ အမြဲတမ်း အဲဒီနေရာကို ကွေ့ပတ်ရှောင်ပြီးမှသွားတယ်...။ ဒီနေ့ကျမှ မထင်မှတ်ပဲ မြေနီကုန်းကားဂိတ်အသွား မီးပွိုင့်အကွေ့လောက်မှာ တတောင်ဆစ်နား နွေးခနဲ အရေကျလာတယ်မှတ်တယ် ကြည့်လိုက်တော့ ခိုချေးပါချလိုက်တာဗျား....။ သေရော.....။

ကျမ အကျီၤလက်အနားလေးနဲနဲပေးသွားတယ်...။ ကမန်းကတန်း အိတ်ထဲက စက္ကူလက်ကိုင်ပုဝါလေးကိုထုတ်ပြီး သုတ်ပစ်လိုက်တယ်...။ နှုတ်ကလည်း မေတ္တာသုတ်တရားတော်ကို ရွတ်လိုက်သေးတယ်...။ ကျမဘာကြောင့်ဒီလို sensitive ဖြစ်ရသလဲဆိုတော့... ကျမ အမြဲလိုလို သတိထားကြည့်မိနေတယ်...။ ခိုချေးပါချခံလိုက်ရတိုင်း အမြဲကံမကောင်းခြင်းကို ကြုံရတယ်...။ ဥပမာဗျာ... အလုပ်မှာ အဆင်မပြေဖြစ်တာတို့....။ အဆူခံရတာတို့ပေါ့...။ ဘုရားစာဆိုထားတော့ ကိုယ်တကယ် ကြီးကြီးမားမားပြဿနာ ကြုံရမယ့်ကိန်းစိုက်ရင် မပပျောက်သည့်တိုင် မှေးမှိန်သွားတာပေါ့..။ အဲဒါတော့ တကယ်ဟုတ်တယ်...။ ကိုယ့်ကလဲ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ယုံယုံကြည်ကြည်ရှိမယ် ဆိုရင်ပေါ့နော်...။ ကောင်းတဲ့အလုပ်လုပ်ရင် ကံကောင်းတယ်ဆိုပေမယ့်လည်း...ရှေးဘဝက ကိုယ်ပြုခဲ့တဲ့ကံ (ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာ မသိနိုင်ပါဘူး)ကိုလည်းထည့်တွက်ဖို့လိုပါတယ်...။ ဒီဘဝမှာ ကံကောင်းနေပေမယ့် အရင်ဘဝက အကုသိုလ်ကံလိုက်လာရင်တော့ ပြန်ဆပ်ရစမြဲပဲ..။ ရှောင်လို့မရ တိမ်းလို့မရပါဘူး...။ အဲ....ကျမပြောချင်တာက ကျမအရင်တုန်းက အဲဒါမျိုးနိမိတ်တွေဘာတွေ သိပ်အယုံအကြည်မရှိဘူး...။ နောက်ပိုင်း တိုက်ဆိုင်တာများလာတော့ သတိထားမိလာတယ်...။

ကျမ ပြဿနာတစ်ခုခုကို ကြုံတွေ့ရတော့မယ်ဆိုရင်... အသားလှုပ်တာတို့ မျက်ခုံးတို့ မျက်ခမ်းတို့လှုပ်တာတို့ အမြဲဖြစ်တယ်...။ ကျမ သတိထားမိသလောက်တော့ မပေါ်မျက်ခွံလှုပ်တဲ့နေ့ဆို တစ်ခုခုဖြစ်ပြီပဲ...။ တချို့ကပြောကြတယ် အောက်မျက်ခမ်းလှုပ်ရင် ငိုရတတ်တယ်တဲ့..။ အဲဒီခါကရင် ကျမက ငိုရတဲ့ ရုပ်ရှင်ကားမျိုးငှားကြည့်လိုက်တယ်..(ဘာမှလဲမဆိုင်ဘူးနော်)....။ ကျေများကျေသွားမလားလို့ စမ်းကြည့်တာ...။ မရဘူး...ပြဿနာတစ်ခုခုတော့ ရင်ကိုရင်ဆိုင်ရတာပါပဲ..။

လက်မောင်းသား လှုပ်ရင်တော့ အဝတ်အစားအသစ် ရတတ်တယ်တဲ့ ကြားဖူးထားတာရှိတယ်..။ တကယ်အဟုတ်ဗျ မယုံမရှိနဲ့..။ တလောက ကျမစကော့ဈေးမှာ ထမီစနှစ်စဝယ်လာပြီး...အိမ်မှာထိုင်နေတုန်း လက်မောင်းသားလှုပ်တော့...ငါတစ်ယောက်ယောက်ဆီကများ အဝတ်သစ်လက်ဆောင်ရမှာမို့ထင်တယ်ပေါ့..။ မဖြစ်နိုင်ပါဘူး...။ ခုဝယ်လာတဲ့ ထမီပဲဖြစ်မှာပါဆိုပြီနေနေလိုက်တာ...။ နောက်နေ့တော့ တစ်ဝမ်းကွဲမောင်တစ်ယောက်က ဘန်ကောက်ပြန်လာတာဆိုပြီး Spirit ချည်သားအနက်ရောင် အကျီၤတစ်ထည် လက်ဆောင်လာပေးတယ်..။ တွေ့လား တကယ်မှန်တာနော်..။ ဒါကတော့ ကျမအတွက် တိုက်ဆိုင်သွားတဲ့ နိမိတ် အကောင်းအဆိုးတွေပါ...။ အနက်ရောင်က ကံကောင်းတဲ့အရောင်ဖြစ်လို့... အရေးကြီးကိစ္စလုပ်ရင် အနက်ဝတ်ပါတဲ့...။ အဲဒီလိုဟောတော့မှပဲ ကျမဆီမှာလဲ အနက်ရောင်နဲ့ပတ်သက်တဲ့ အသုံးအဆောင် အဝတ်အစားတွေက ခပ်များများရယ်...။ တကယ်လည်း အနက်ရောင်က ကျမရဲ့ lucky အရောင်ပါပဲ..။

တခြားသူတွေ အတွက်တော့ မှန်ချင်မှန်လိမ့်မယ်ပေါ့...။ သူငယ်ချင်းတွေဆိုပြောကြတယ် ခိုချေးပါချရင် ထီသွားထိုးတဲ့...။ ကျမအတွက်တော့ ကံမကောင်းပါဘူး...။ သူများတွေ ခွေးချေးနင်းမိရင် ကံဆိုးတယ်ပြောကြတယ်...။ တစ်နေ့က ညီမလေးနဲ့ ဈေးသွားပြီးအပြန် အိမ်ရှေ့မှာ ခွေးချေးတက်နင်း မိသေးတယ်... ဟီး..ဟီး.....း) ။ အဲဒီနေ့ကတော့ ကံကောင်းတယ်ဗျား...။ ဘာလုပ်လုပ် အဆင်ကိုချောလို့..။ လူအမျိုးမျိုး အဖုံဖုံမှာ သူတို့ယုံကြည်ရာတော့ တစ်ခုခုရှိကြမှာပါ...။ ဒါပေမယ့်အစွဲအလန်းတော့မထားကြပါနဲ့လို့ ပြောချင်ပါတယ်...။ အဟီး...သူများကို အတည်ပေါက်နဲ့ဆုံးမနေပြီး ကျမကတော့ အစွဲလန်းကြီးတယ်ဗျ....။ 


မိုးငွေ့

Thursday, 30 July 2009

မိုးရာသီအလွမ်း.....





ကောင်လေးရေ..... 
ငါသာကောင်းကင်ကြီးဖြစ်ခဲ့ရင် 
မျှော်လင့်ထားတဲ့ မနက်ဖြန်တွေအတွက် 
နာရီတွေအားလုံးကို 
မိုးစက်အဖြစ်နဲ့ ရွာချလိုက်ချင်ပါတယ်....။ 
လောလောဆယ်မှာတော့ 
ငါလွမ်းတတ်တယ်ဆိုတာ 
မင်း မေ့ချင်မေ့နေလိမ့်မယ် 
ဒါမှမဟုတ်.... 
အရာအားလုံးနဲ့အတူ 
ငါ့ကိုထားပြီး ပြောင်းလဲချင် ပြောင်းလဲသွားနိုင်တယ်..
ရပါတယ်...ဘာပဲဖြစ်ဖြစ် ရင်ထဲက နေရာလေးတစ်ခုကိုတော့ 
အချိန်ဆိုတဲ့ ရထားကြီးက မတိုက်စားနိုင်လောက်ပါဘူး...။ 
ဒါပေမယ့်.....အခု မိုးတွေရွာတဲ့ ရာသီမှာ ငါ...မင်းကိုတွေ့ချင်တယ်... ။ ။ ( အမည်မသိကဗျာဆရာ)

5th Aug တွင် မိုးငွေ့နှင့်အတူ ရောက်ရှိလာသည့် သူငယ်ချင်းကလေးနှင့် စက္ကူရတုဆုံဆည်းမှုအမှတ်တရ

Saturday, 25 July 2009

ဦးချစ်မောင်နဲ့မတင်တင်တို့ရဲ့မိုးရာသီကဗျာ

ခုဖတ်ဖြစ်နေတဲ့ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူဆိုတာ ခင်ပွန်းသည်ဦးချစ်မောင်ရဲ့ အတ္ထုပတ္တိစာအုပ်လေးပါ...။ သူတို့နှစ်ယောက်လက်မထပ်ခင် ချစ်သူဘ၀မှာ ရန်ကုန်မှာနေတဲ့ဦးချစ်မောင်နဲ့ ဘိုကလေးမှာနေတဲ့ ဂျာနယ်ကျော်မမလေးတို့ရဲ့ အပြန်အလှန် စာရေးကြရင်း ခုလိုမို့းရာသီမှာ မိုးတွေ အုန်းအုန်းရွာနေတဲ့အချိန် ဒေါ်ဂျာနယ်ကျော်မမလေးက သူ့စာရဲ့အဆုံးသတ်မှာ မိုးနဲ့ပတ်သက်တဲ့ အလွမ်းကဗျာလေးတစ်ပုဒ်ကို စပ်ဆို ရေးသားပေးလိုက်တာကို ကျမရေးပြချင်ပါတယ်...။ ဒီလို ကဗျာတို့၊ ရတုတို့၊ တေးထပ်တို့၊ လေးချိုးတို့ဆိုတာ ကျမတို့ငယ်ငယ်က ကျောင်းမှာ မြန်မာစာသင်တုန်းကပဲ ဖတ်ဖူးကြမှာပါ...။ သိပ်ကောင်းတဲ့ မိုးဘွဲ့လေးပါ..။
ရပ်စနေ ဟိုတောင်ထောင့်ဆီက ညိုမှောင်မှောင့် သန်းလာ ပြိုယောင်ယောင့် ဆန်းတာငယ် ပန်းလွှာတိမ်နှစ်ကျော့ ကမ္ဘာဖျက်မေဃိန့်သာအောင် ခွေလိမ့်မှာထင့်နော်နော့် ဖော်ဝေးတဲ့ တင့်ကလျာမှာ ဆင့်ဗျာပါပွေရော့ မြင့်ဝဠာပွေမော့်က ကြွေတော့မယ့်အသွင် ဒဂုန်ဆီ.... သြော်...ရွာသွန်းပြီထင့် မျှော်ခါလွမ်း လွမ်းရတော့အင် မိုးက္ကန္ဒာ နတ်စစ်ဆင်သော် ရပ်ရှစ်ခွင် ညိုမှိန်မှိန့်ပါလို့ ဂျိုးဂျိန်ဂျိန့် ပတ်ရစ်စည်ဆော် နတ်ဖြစ် စည်တော် ပွေဆဲမို့ ငွေဖဲပေါ်မှာ .... ရွှေသည်းတော် ထိတ်လှချည်လေး......။
အဲဒီစာကိုဖတ်ရတော့ ဦးချစ်မောင်ကြီးကလည်း သူ့ပြန်စာအရှည်ကြီးရဲ့ အပြီးသတ်မှာလည်း မတင်တင်(ဂျာနယ်ကျော်မမလေးရဲ့ အမည်ရင်း ) လိုပဲ မိုးဘွဲ့စပ်ပြီး ကဗျာတစ်ပုဒ်နဲ့ ဆုံးလိုက်တာကဒီလိုတဲ့ဗျ ...။
ဖော်မစုံကွဲခိုက်မို့ သည်းလိုက်ပေ့ မေဃီ မည်းလိုက်၍လေချီတယ် ဘေရီတော်သံဟိန့် ဖြေတတ်ပေါင် လွမ်းနယ်သန်တယ် ကျွမ်းဆယ်ပြန် လူးလို့သာလိမ့် မြူချော့မယ့်ကတိုးညှာငယ် ညှိုးရှာတော်ပေလိမ့် မိုးရွာသော်အနေစိမ့်ပါဘိ ရွှေမနိမ့် ဇီဝိန်ကြွေမလို နှလုံးညွန့်ဆီက ရုန်းလွန့်လွန့်တားလို့မငြိမ် တိမ်ခိုးက ခပ်မှိန်မှိန် လျှပ်ထိန်ထိန် လွမ်းစဖွဲ့တွင်မှ ဖျန်းခနဲ သောကရန်ရှာ လောမ ဟံသာ နှစ်ကိုယ်ဖြင့် မလန့်ပါတယ် အခန့်သာစံကိန်းပလေး။
ကဗျာကလေးတွေက သိပ်ချစ်စရာကောင်းတာပဲ......ကျမက ကဗျာအဆုံးသတ်တာလေးကို သိပ်သဘောကျတာပဲ..။ ဦးချစ်မောင်တို့ ချစ်သူနှစ်ယောက်ဘယ်လောက် စာရေးသန်သလဲဆိုရင် စာတစ်ခါရေးရင် စာမျက်နှာ ၉၅ မျက်နှာတောင်ရေးနိုင်ကြတယ်ဗျ...။ အံ့မခန်းပါပဲ...။ ကျမတော့ ခုခေတ်မှာ ဒါမျိုးစာရေးနိုင်တဲ့သူရှိမယ်ကိုမထင်တော့ဘူး...။ သူတို့နှစ်ယောက်ရဲ့ ရည်းစားစာက မဂ္ဂဇင်းမှာ အခန်းဆက် ၀တ္ထုရှည်တောင် ထည့်လို့ရမယ်...။ ဒီနေ့မိုးတွေ သဲသဲမဲမဲကြီးရွာနေတာ...။ အစကတော့ အိမ်မှာပဲ ဒီဝတ္ထုစာအုပ်ကိုဖတ်ပြီး ကွေးမယ်ပေါ့..။ နောက်တော့ ကျမ ဒီလိုမိုးရွာတဲ့အချိန်ကလေးမှာပဲ ဒီကဗျာလေးတွေကိုတင်ချင်လာတာကြောင့် ရေမိုးချိုးပြီး စာအုပ်ကလေးကို မိုးမစိုအောင် ပိုက်ပြီး အင်တာနက်ဆိုင်ကို အရောက်လာခဲ့ခြင်းပါပဲ....။ မိုးငွေ့

Saturday, 18 July 2009

မိဘတွေကိုချစ်ကြပါ

အားလုံးသော သူငယ်ချင်းများ..
အချိန်သုံးမိနစ်လောက်ရခဲ့မယ်ဆိုရင် ဒီ Video Clip လေးကိုကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါတယ်.. ကျွန်တော်တို့အားလုံးဟာ တချိန်မှာ မိဘတွေဖြစ်လာကြအုံးမှာပါ.. (လူပျိုကြီးအပျိုကြီး မလုပ်ခဲ့ဘူးဆိုရင်ပေါ့ :D ) ဘာပဲဖြစ်ဖြစ် မိဘဖြစ်မလာခဲ့ရင်တောင် သားသမီးတော့ အသေအခြာဖြစ်နေပီး သားပါ.. ဒါကြောင့်ကြည့်ဖြစ်အောင်ကြည့်ပါလို့ထပ်မံတိုက်တွန်းလိုက်ပါတယ်..
ဒီဘ၀ဒီခန္ဓာဆိုတာတိုတိုလေးပါ.. ကိုယ့်ကြောင့် ကိုယ်မိဘတွေစိတ်မကောင်းဖြစ်ပီး စိတ်ဒဏ်ရာတွေ မပေးမိကြပါစေနဲ့လို့... သံသရာဆိုတာ တပတ်ပြန်လည်မြဲပါ..
I suggest that u must watch this video -- -- hseng tip <hsengtip.tgi@gmail.com> Life is not a smooth one.
လောကမှာ အစားထိုးလို့မရတာ မိဘမောင်နှမတွေပဲ....။ ဒါကြောင့် ကိုယ့်သွေးရင်းသားရင်းတွေကို နွေးနွေးထွေးထွေး ဆက်ဆံပေးပါ။ ဒီဗီဒီယိုလေးကို ကြည့်ပြီး ကျမဖြင့် မျက်ရည်တောင်လည်မိတယ်...။
သိပ်ကိုကောင်းတဲ့ forward mail လေးမို့ မူရင်းအတိုင်းလေးပဲ တင်ပေးလိုက်ပါတယ်..။ အားလုံးကြည့်ပြီးသွားရင် ကိုယ့်မိဘတွေကို ဂရုစိုက်ပေးကြပါလို့...။
မိုးငွေ့