#ပရိညာသုံးပါး.#ဝိပဿနာကျင့်စဥ်
***********************************
မိုးကုပ်ဆရာတော်/ပါချုပ်ဆရာတော်🙏
တရားရှုသူများ-အလွန်သိသင့်ပါသည်
...#ဝိပဿနာ #အားထုတ်ကြတဲ့အခါ
#အဆင့် #၃ဆင့်ကို
မှတ်သားထားဖို့ လိုတယ်။
ဒါမှ ကိုယ်ဟာ #ဘယ်အဆင့် ရောက်နေသလဲ၊
#အဆင့်ကျော် လုပ်မိနေသလား၊
#အဆင့်အတိုင်း လုပ်နေသလားဆိုတာ သိမယ်။
#အဆင့်၃ဆင့်ကို "#ပရိညာသုံးပါး" လို့ ခေါ်တယ် ။
#ပရိဆိုတာ - #ပိုင်ပိုင်နိုင်နိုင်
#ညာဆိုတာ - #သိတာ.လုပ်ငန်းတစ်ခုလုပ်ရင် #ပိုင်ပိုင်နိုင်နိုင်သိဖို့ လိုတယ် ။
ပရိညာ ၃ပါးက -
၁ ။ #ညာတပရိညာ
၂ ။ #တီိရဏပရိညာ
၃။ #ပဟာနပရိညာ
၁ ။ #ညာတပရိညာ
ညာတဆိုတာ "#သိရမယ့် #အာရုံ"လို့ ပြောတာ၊
ဝိပဿနာကျင့်စဉ် ကျင့်ရင် "ဝိပဿနာရဲ့ အာရုံ" အဖြစ်
သိရမယ့်ဟာကို အရင်တွေ့အောင် ရှာရမယ်၊
တွေ့အောင် လုပ်ရမယ် ။
ဒီနေရာမှာ ဘယ်ဟာက ညာတလဲ၊
သိရမယ့်ဟာက ဘာလဲဆိုရင် #ရုပ်နဲ့နာမ်ပဲ၊
သတ္တဝါဆိုတဲ့ အာရုံဟာ သိရမယ့်အာရုံ မဟုတ်ဘူး၊
တကယ် သိရမယ့်အာရုံက 'ရုပ်နဲ့နာမ်' ၂မျိုးပဲ။
*ရုပ်ကို တွေ့အောင် ရှာနိုင်ရမယ်၊
*နာမ်ကို တွေ့အောင် ရှာနိုင်ရမယ်၊
*သိရမယ့် ဟာတွေကို သိရမယ်။
အဲလို သိတဲ့အခါ ဘယ်ရှုထောင့်ကနေ သိရမလဲ ဆိုရင်...
*#ရုပ်ရဲ့ ကိုယ်ပိုင်အမှတ်အသားလေးတွေ ရှိတယ်၊
*#နာမ်ရဲ့ ကိုယ်ပိုင်အမှတ်အသားလေးတွေ ရှိတယ်၊
*#သဘာဝတရားတွေရဲ့ မတူညီတဲ့ အမှတ်အသားတွေ ရှိတယ်။
ဥပမာ - ရုပ် ဆိုရင်...
အအေးနဲ့ တွေ့ရင် တစ်မျိုး ပြောင်းတယ်၊
အပူနဲ့ တွေ့ရင် တစ်မျိုး ပြောင်းတယ်၊
အဲလို #ထင်ထင်ရှားရှား #ဖောက်ပြန်ပြောင်းလဲ သွားတတ်တာ
ရုပ်တရားပဲ။
#နာမ် ဆိုတာကတော့...
#အာရုံလေး တစ်ခုပေါ်မှာ #ညွတ်ညွတ်ပြီးတော့
ဦးလှည့် ဦးလှည့် သွားတဲ့သဘောပဲ။
ဥပမာ - ပြောရရင်
အသံလေး တစ်ခု ကြားရရင်,
ကြားတဲ့ အသံဘက်ကို စိတ်ရောက်သွားတယ်၊
ဒါ ဦးလှည့်သွားတဲ့ သဘောပဲ။
မြင်ရင်လည်း မြင်တဲ့ဘက်ကို ဦးလှည့်သွားတယ်၊
အနံ့ရလည်းပဲ အနံ့ရတဲ့ဘက်ကို ဦးလှည့်သွားတယ်၊
ဒါဟာ နာမ်ရဲ့ သဘောလက္ခဏာလေးတွေပဲ။
ဒီလို ရုပ်နဲ့နာမ်တို့ရဲ့ ကိုယ်ပိုင်အမှတ်အသား
သဘာဝ လက္ခဏာလေးတွေကို ကွဲကွဲပြားပြား သိဖို့ လိုတယ်။
#ညာတ ပရိညာကို စမယ်ဆိုရင်...
စိတ်ငြိမ်တဲ့အရပ်မှာ ကပ်ပြီး
ကိုယ့်ရဲ့ အာနာပါန ဝင်လေထွက်လေက စပြီး
မှတ်နေလိုက်တယ် ။
ရှူသွင်းလိုက်တဲ့ အချိန်မှာ -
*ရှူသွင်းလိုက်တဲ့ လေလေးက သဘာဝတစ်ခု၊
*ရှူသွင်းလိုက်တဲ့ လေလေး ထိလိုက်တဲ့ နေရာက
သဘာဝတစ်ခု၊
*ထိလိုက်လို့ ပေါ်လာတဲ့ သိလိုက်တဲ့ စိတ်လေးက
သဘာဝတစ်ခု၊
*ဒီ၃မျိုး ရှိတယ် ။
လေလေးကလဲ သူ ထိတယ်ဆိုတာ မသိဘူး၊
နှာသီးဖျားကလဲ လေလေးက လာထိတယ်ဆိုတာ မသိဘူး၊
အဲဒီမှာ *မသိတဲ့ သဘောတရား ၂-ခုက ရုပ်တရား၊
*သိတဲ့ သဘောတရား တစ်ခုက နာမ်တရား၊
*ရုပ်နဲ့နာမ် ဒီလို ကွဲပြား သွားနိုင်တယ်။
အဲလို ဝင်လေ ထွက်လေတင် မဟုတ်ဘူး၊
မျက်စိက မြင်လဲ ၃မျိုးပဲ၊
မျက်စိရယ် အဆင်းရယ် ဒီ၂ခု ဆုံလိုက်တဲ့အခါ
မြင်သိစိတ် ပေါ်လာတာပဲ။
နားက ကြားလဲ ၃မျိုးပဲ၊
အသံက နားကို လာတိုက်တဲ့အခါ ကြားသိစိတ် ပေါ်တယ်။
အနံ့က နှာခေါင်းကို လာထိတဲ့အခါ နံသိစိတ် ပေါ်တယ်၊
နှာခေါင်းက အနံ့ရလဲ ၃မျိုးပဲ။
*သေချာ အာရုံစိုက် ကြည့်မယ်ဆိုရင်...
ဒီလို ၃မျိုး ၃မျိုး ဖြစ်ပေါ်နေတာကို ကွဲကွဲပြားပြား
သိလာအောင် ကြိုးစားတာဟာ၊
နံပါတ်တစ် ဖြစ်တဲ့ "#ညာတပရိညာ" ပဲ။
*စောနက ဝင်လေ ထွက်လေမှာ,
*လေလေးက ရုပ်တရား၊
*လေလေး တိုက်သွားတဲ့ ကာယပသာဒက ရုပ်တရား၊
*အဲဒီ ရုပ်တရား၂-ခု ထိခတ်လို့ ဖြစ်ပေါ်လာတဲ့
အသိစိတ်လေးက *နာမ်တရား၊
သတ္တဝါဆိုတဲ့ အထင်ကြီး ပျောက်ပြီး
ရုပ်နဲ့နာမ် ၂မျိုးပဲ ရှိတာပါလားလို့ သဘောပေါက်လာ
မြင်လာတာက *နာမရူပ- ပရိစ္ဆေဒဥာဏ်* ။
#အဲလို သတ္တဝါ ရှိနေတယ်ဆိုတဲ့ အထင်ပျောက်ပြီး၊
ဆိုင်ရာ ဆိုင်ရာ အကြောင်းကြောင့်
ဒါတွေဟာ ဖြစ်နေတယ် ဆိုတဲ့
အကြောင်းတရား တွေကိုပါ သိရှိ နားလည်လာမယ်၊
ဒီလို ရုပ်နာမ်၂ခုရဲ့ ဆိုင်ရာအကြောင်းကို သိရှိနားလည်
လာတာဟာ (ပစ္စယပရိဂ္ဂဟဥာဏ) ။
#ဒီဥာဏ် ၂-မျိုးဟာ,
ရှုမှတ်ရမယ့် အာရုံတွေကို ပိုင်ပိုင်နိုင်နိုင် သိတဲ့အပိုင်းမို့
ဒါကို *ညာတပရိညာ အဆင့်လို့ ပြောတာပဲ ။
ဒါတွေ ကွဲကွဲပြားပြား မသိပဲ ဖြစ်ပျက် သွားရှုမယ်ဆိုရင်
အဆင့်ကျော် သွားတာပဲပေါ့ ။
ဘုရားလက်ထက်က ရှင်ဆန္နမထေရ်မြတ်ဟာ
ညာတပရိညာပိုင်းကို ပိုင်ပိုင်နိင်နိုင် မသိပဲ၊
အဆင့်ကျော်ပြီး အနိစ္စ ဒုက္ခ အနတ္တတွေကို စဉ်းစားတဲ့အခါ၊
အနိစ္စ ဒုက္ခ အနတ္တကိုသိပေမယ့် အဲဒီစိတ်က
ကိလေသာတွေကနေ လွတ်ထွက် မသွားနိုင်ဘူး။
ဘာကြောင့်လဲ ဆိုတော့ -
ပစ္စယပရိဂ္ဂဟဥာဏ် နဲ့ နာမရူပပရိစ္ဆေဒဥာဏ်တွေကို
ပိုင်ပိုင်နိုင်နိုင် မသိပဲ မလေ့ကျင့်ပဲ အထက်ဥာဏ်တွေကို
တက်ဖို့ လုပ်လို့ပဲ ။
ဒါကြောင့် #ဝိပဿနာကျင့်စဉ် ကျင့်ကြမယ်ဆိုရင်၊
#ညာတပရိညာဆိုတဲ့ ရှုစရာ အာရုံတွေကို,
#ပိုင်ပိုင်နိုင်နိုင် သိအောင် အရင် ကြိုးစားကြရမယ်။
အဲဒီ ညာတပရိညာ အဆင့်ကို ကျော်ပြီးတဲ့ နောက်မှာ
ဆက်ပြီး လုပ်ရမှာက "တီရဏပရိညာ" ပဲ ။
ကိုယ်သိတဲ့ ရုပ်နာမ်တွေဟာ...
ဖြစ်လာ ပြီးတဲ့နောက် ပျောက်ကွယ် သွားတယ်၊
မဖြစ်ခင်ကလည်း တစ်နေရာထဲမှာ စုနေတာ မရှိဘူး၊
အကြောင်းကြောင့် ဖြစ်ပေါ်လာပြီး လုံးဝ
ပျောက်ကွယ် သွားတယ်။
အနိစ္စရဲ့ မမြဲတဲ့ သဘောတရား၊
ဖြစ်ပြီးပျက်တဲ့ သဘောတရားတွေ နောက်ထပ်
ဆင်းရဲတဲ့ သဘော၊ စိုးမပိုင်တဲ့ သဘော၊
ဒီလို အနိစ္စ ဒုက္ခ အနတ္တ သဘာဝတွေကို
သာမည လက္ခဏာလို့ ခေါ်တယ် ။
# သာမညရဲ့သဘောက
အားလုံးဆိုင်တဲ့ အမှတ်အသားလို့ ပြောတာ ။
# အထက်မှာ ပြောခဲ့တဲ့ သဘာဝလက္ခဏာဆိုတာက တစ်ခုစီ တစ်ခုစီနဲ့သာ ဆိုင်တာ ။
၂ ။# တိရဏပရိညာ
သာမညကတော့ အားလုံးနဲ့ ဆိုင်တယ်၊
အားလုံးနဲ့ ဆိုင်တဲ့ လက္ခဏာဆိုတာ အနိစ္စ ဒုက္ခ အနတ္တ
ဒီအမှတ်အသား ၃မျိုးကို ပြောတာ။
ဒီ အနိစ္စ ဒုက္ခ အနတ္တကို ရှုမြင်တတ်ပြီ ဆိုမှ
ဝိပဿနာဟာ စ,ဖြစ်ပေါ်လာတာ ။
ဒီလို သင်္ခါရ သဘောတရား တွေကို,
#အနိစ္စလို့ မြင်လိုက်တာနဲ့
နောက်က #ဒုက္ခကိုလဲ မြင်လာတယ်၊
#အနတ္တကိုလဲ မြင်လာတယ်၊
#ဒီ၃ခုဟာ ဆက်စပ် နေတယ် ။
#တိရဏဆိုတာ...
ဆုံးဖြတ်ချက် ချနိုင်လာတာကို ပြောတာ ။
မမြဲဘူး ဆင်းရဲတယ် ဒီလို ဆုံးဖြတ်လာနိုင်တဲ့
ဝိပဿနာဥာဏ် ၂-ခုက -
သမ္မသနဥာဏ် နဲ့ ဥဒယဗ္ဗယဥာဏ်ပဲ ။
ဒီ၂-ခု ရောက်လာရင် မိမိဟာ ဒုတိယအဆင့် ဖြစ်တဲ့
တီရဏပရိညာပိုင်းကို ရောက်လာပြီ။
၃။ ပဟာနပရိညာ
ဒီကနေ ဆက် ကြိုးစားတဲ့အခါ
ပဟာနပရိညာပိုင်းပေါ့၊
ပဟာနဆိုတာ ဖယ်ရှားလိုက်တာ ဖျောက်ပစ် လိုက်တယ်ပေါ့။
အနိစ္စလို့ မြင်လာတဲ့အခါ တစ်သက်လုံး
မြဲတယ်လို့
ထင်လာတဲ့ အထင်ကြီးဟာ ပျောက်သွားတယ်။
ဒုက္ခလို့ မြင်လာတဲ့အခါ တစ်သက်လုံး ချမ်းသာတယ်လို့
ထင်လာခဲ့တဲ့ အထင်ဟာ ပျောက်သွားတယ်။
အနတ္တကို မြင်လာတဲ့အခါ တသက်လုံး ငါပိုင်တယ်လို့
ထင်လာတဲ့ အတ္တသင်ညာဟာ ပျောက်သွားတယ်။
နှစ်သက်စရာလို့ ထင်လာတဲ့ အထင်ဟာ ငြီးငွေ့စရာကြီးလို့
မြင်လာတဲ့အခါ ပျောက်သွားတယ်။
ဒီလိုဖယ်ရှားပြီး မြင်သွားတဲ့ #ဝိပဿနာဥာဏ်အဆင့်ကို
#ပဟာနပရိညာလို့ ခေါ်တယ်၊
ဒီအပိုင်းမှာ ဘယ်က စလဲဆိုရင် #ဘင်္ဂဥာဏ်ကနေ စတယ်၊
နောက်ဆုံး လောကီပရိညာအနေနဲ့ ပြောရရင်
#သင်္ခါရုပေက္ခာဥာဏ် ထိအောင်ပေါ့။
နောက်ဆုံးမှာ သင်္ခါရတရားတွေနဲ့ ပတ်သက်ပြီး
မှားယွင်းတဲ့ အမြင်တွေ ပျောက်ပြီး၊
လုံးဝ ရှင်းရှင်းကြီး မြင်လာပြီး၊
ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို ဖယ်ရှားနိုင်ပြီး၊
မဂ်စိတ်ဖိုလ်စိတ် မဂ်ဥာဏ်ဖိုလ်ဥာဏ်တွေ ရလာပြီဆိုမှ
ဝိပဿနာ လုပ်ငန်းဟာ ပြီးဆုံးတယ်။
အလင်းကို လိုချင်သူဟာ မီးထွန်း ရသလိုပဲ
မဂ်တရား လိုချင်သူဟာ ဝိပဿနာအလုပ် လုပ်ရမယ်..။
==================
...ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
===============================
ဝိပဿနာ ရှုနည်း
*******************
ပါချုပ်ဆရာတော်🙏
..အဲဒီတော့ ဝိပဿနာ ရှုနည်းနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်းလေး သိအောင် ရှင်းပြမယ်၊
ဝိပဿနာ ရှုတော့မယ်ဆိုရင် ရှုစရာ အာရုံကို
အရင်တွေ့အောင် ရှာရမယ်၊
အဲဒီလို ရှုစရာ အာရုံကို ဘယ်ရှုထောင့်က ရှာရမလဲဆိုရင် သဘာဝလက္ခဏာ ရှုထောင့်က ရှာရမယ်၊
သဘာဝလက္ခဏာဆိုတာ ဆိုင်ရာဆိုင်ရာ တရားဓမ္မတွေမှာ ကိုယ်ပိုင် အမှတ်အသား ကလေးတွေ ရှိတယ်။
လူတွေမှာလည်းပဲ ကြည့်လေ၊
လူတစ်ယောက် ကြည့်ပြီ ဆိုလို့ရှိရင် ကိုယ်မှတ်ထားတဲ့ အမှတ်အသားလေးတွေ ရှိတယ်။
ဆိုပါစို့-
ဆံပင်က ဘယ်လိုပုံစံ၊ အဝတ်က ဘယ်လိုပုံစံ၊
အရပ်က ဘယ်လိုပုံစံ၊ သွားတာလာတာ ဘယ်လိုဆိုတာ
မှတ်မထားဘူးလား၊ မှတ်ထားတဲ့အတိုင်းပဲ သိရတာပဲလေ၊
ဒါဘယ်သူဆိုတာ အမှတ်အသား ကြည့်တာနဲ့ပဲ သိတယ်ပေါ့၊
ပုံစံပြောင်းထားရင် အမှတ်တွေ လွဲကုန်တယ်။
အဲတော့ အဝေးကနေ ကြည့်လိုက်တာနဲ့
ဪ ဘယ်သူတော့ လာနေပြီဆိုရင် သိကြတာပဲ။
အဲဒီလိုပဲ သဘာဝ တရားတွေမှာလည်းပဲ
အမှတ် လက္ခဏာလေးတွေ ရှိတယ်။
အဲဒီ အမှတ်လက္ခဏာလေးတွေဟာ ကိုယ်ပိုင်လက္ခဏာ
ဖြစ်သည့် အတွက်ကြောင့် သဘာဝလက္ခဏာ၊
အင်္ဂလိပ်လိုတော့ Individual Characteristics လို့
ခေါ်တယ်၊
တစ်ခုစီ တစ်ခုစီမှာ ကိုယ်ပိုင်အမှတ် အသားလေးတွေရှိတယ်။
ပထဝီ ဆိုလို့ရှိရင်...
ခက်မာတယ် ပျော့ပျောင်းတယ် ဆိုတဲ့ သဘာဝ၊
အာပေါဆိုတာ ယိုစီးတယ် စုစည်းတယ် ဆိုတဲ့ သဘာဝ၊
တေဇောဆိုတာ ပူတယ် အေးတယ် ဆိုတဲ့ သဘာဝ၊
ဝါယောဆိုတာ လှုပ်ရှားတယ် တွန်းကန်ပေးထားတယ်
ဆိုတဲ့ သဘာဝ၊
အဲဒီ သဘာဝလေးတွေကို သဘာဝလက္ခဏာ လို့ခေါ်တယ်။
ဝိပဿနာ ရှုတော့မယ်ဆိုရင်...
အဲဒီ သဘာဝ လက္ခဏာလေးတွေကို ကြည့်ပြီး၊
တရား တွေ့အောင်လုပ်ရမယ်။
ဆိုပါစို့၊
တရား ထိုင်နေပြီ၊ တရား ထိုင်နေတဲ့အခါမှာ
ကိုယ်ထိုင်တဲ့ ထိုင်ခုံက မာမာကြမ်းကြမ်းကြီးကို သတိထား
မိလို့ရှိရင် မာတဲ့သဘောကို တွေ့တာပဲ၊
ပျော့ပျော့အိအိ ဆိုရင် ပျော့အိတဲ့ သဘောကို တွေ့တာပဲ၊
ဒါ ဘယ်သူ့ကို တွေ့တာတုန်းလို့ဆိုရင် ပထဝီကို
တွေ့တယ်လို့ ပြောတယ်။
ဟော ခန္ဓာကိုယ်ထဲမှာ တစ်နေရာက ပူခနဲသွားတာ တွေ့ချင်တွေ့မယ်၊
အေးခနဲသွားတာ တွေ့ချင်တွေ့မယ်၊ ဟော တွေ့မှုတွေက အမျိုးမျိုး၊ ချွေးတို့ ဘာတို့ ထွက်လို့ ယိုစီးကျလာတာ တွေ့ချင်တွေ့မယ်၊ လေကြောင့်မို့လို့ လှုပ်ရှားတွန်းကန်တဲ့
သဘောလေးတွေ တွေ့ချင်တွေ့မယ်၊
အဲဒါတွေကို သဘာဝလက္ခဏာ လို့ ခေါ်တယ်။
ဝိပဿနာရှုပြီဆိုရင် အဲဒီ သဘာဝလက္ခဏာကို ရှုရမယ်။
သဘာဝလက္ခဏာ ရှုပြီးမှ အများဆိုင်တဲ့ အမှတ်အသားကို တစ်ဆင့်တက်ပြီး ကြည့်နိုင်ရမယ်၊
မမြဲတဲ့ သဘောတွေ တွေ့မယ်၊
မမြဲသည့်အတွက်ကြောင့် ကျေနပ် နှစ်သက်စရာ မကောင်းသော ဒုက္ခသဘောတွေ့မယ်၊
ဒုက္ခသဘော တွေ့သည့် အတွက်ကြောင့်, ကိုယ် ဘာမှ မတတ်နိုင်ဘူး,ကိုယ့်ဆန္ဒအတိုင်း မဖြစ်ဘူး ဆိုတဲ့ အနတ္တသဘောတွေ တွေ့လိမ့်မယ်။
ဟော အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ဆိုတဲ့ ဒီသဘာဝတွေဟာ ဒုတိယအဆင့် အနေနဲ့ သာမညလက္ခဏာကို ရှုတယ်လို့
ဆိုတာ၊
အဲဒီလို သာမညလက္ခဏာကို ရှုရင်းရှုရင်းကနေ ပြီးတော့
ဒီ ဝိပဿနာဉာဏ်ဟာ အမြင် ပြောင်းပြောင်း. ပြောင်းပြောင်းပြီး တက်သွားလိမ့်မယ်။
ဘယ်လို တက်သွားတာတုန်း ဆိုတော့...
အကျဉ်းချုပ် လေးကို ပြောရမယ် ဆိုလို့ရှိရင် -
ပထမ သဘာဝတရားကို
ကိုယ်ပိုင် လက္ခဏာလေးတွေက စတွေ့တယ်။
တရားရှာ ကိုယ်မှာတွေ့၊
တွေ့ပြီး တရားကို စူးစမ်းလေ့လာလိုက်တဲ့အခါ
အဲဒီ သဘာဝတရားလေးတွေမှာ
မမြဲတဲ့သဘောကို သတိထား မိလိမ့်မယ်၊
မမြဲတာတွေကို မြင်ရတာ များတဲ့အခါကျတော့
ဪ- မမြဲမှုတွေက အမြဲ ဒုက္ခပေးနေပါလား ဆိုတဲ့ ဒုက္ခသဘောကို မြင်လာလိမ့်မယ်၊
အဲဒီလို ဒုက္ခ ပေးနေတာကို ငါဘာမှ မတတ်နိုင်ပါလား လို့
ဆိုတဲ့ အနတ္တသဘောလေးတွေ မြင်လာ လိမ့်မယ်တဲ့။
အဲဒါက သာမညလက္ခဏာကို တက်သွားတယ်လို့ ပြောတာ၊
သမ္မသနဉာဏ်မှ စပြီး ဝိပဿနာဆိုတာ ဖြစ်လာတာ။
ကောင်းပြီ၊ ဝိပဿနာ ဖြစ်လာလို့ ရှိရင်...
အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာ ရှုပါ များလာတဲ့အခါ ဘာဖြစ်တုန်း၊
ဖြစ်တာနဲ့ပျက်တာ, ဖြစ်ဆဲနဲ့ပျက်ဆဲကို မြင်လာတယ်၊
"ဥဒယဗ္ဗယ" လို့ ခေါ်တယ်။
အဲဒီလို မြင်ရာက...
အသိဉာဏ်တွေ သမာဓိစွမ်းအားတွေ သတိစွမ်းအားတွေ တက်လာတဲ့အခါ
ဘာဖြစ်တုန်းဆိုလို့ရှိရင် ဖြစ်တာကိုတောင်မှပဲ မမြင်တော့ဘူး၊
ပျက်တာတွေချည်းပဲ မြင်တယ်၊
ပိုသွက် လာတယ်ပေါ့။
နောက်ပိုင်း သိပ်မြန်လာတဲ့ အခါကျတော့
ပျက်တာချည်းပဲ မြင်လာတယ်၊ "ဘင်္ဂဉာဏ်"၊
အပျက်တွေချည်း မြင်လာတဲ့ အခါမှာ,
ဪ ကြောက်စရာ ကောင်းလိုက်တာပါလား ဆိုတဲ့
အမြင်တစ်ခု ဝင်လာတယ် "ဘယဉာဏ်"၊
ကြောက်စရာ ကောင်းလိုက်တဲ့ အရာကြီးဟာ
တကယ်ကို အပြစ်အနာအဆာရှိတဲ့
သဘောတရားကြီးပဲလို့ အပြစ်ကို မြင်လာတယ်။
သင်္ခါရတရားတွေ
အရင်တုန်းက အပြစ် မမြင်ဘူး၊ ငါ့ဟာလို့ မြင်တယ်၊
ငါလို့ မြင်တယ်၊ အခုကျတော့ အပြစ်တွေ မြင်လာပြီ၊
ဒုက္ခပေးတတ်တဲ့ သဘာဝတွေကို မြင်လာတယ်၊
မြင်လာတာက "အာဒီနဝဉာဏ်"၊
အဲလို မြင်လာ ကတည်းက ငြီးငွေ့လာတယ်၊
စိတ်ပျက်လာတယ် "နိဗ္ဗိဒါဉာဏ်"၊
ငြီးငွေ့စိတ်ပျက်လာတဲ့အခါ
ဒါကြီးကို စွန့်လွှတ်ချင်လာတယ်၊
ဆက်ပြီး မရချင်တော့ဘူး၊ သင်္ခါရတရားတွေကို စွန့်လွှတ်ချင်တယ်၊ (သင်္ခါရတရားတွေက လွတ်ချင်လာတယ်)
"မုဉ္စိတုကမ်တာဉာဏ်"၊
စွန့်လွှတ်ချင်လာတဲ့ အခါမှာ ဘာလုပ်ရတုန်းဆိုရင်
ဘယ်လိုလုပ် စွန့်လွှတ်မလဲဆိုတာ ပြန်လည် ဆင်ခြင်စဉ်းစားတာကို "ပဋိသင်္ခါဉာဏ်" လို့ ခေါ်တယ်။
ဆင်ခြင် စဉ်းစားလိုက်တဲ့အခါ
သင်္ခါရတရားတွေနဲ့ ပတ်သက်လာလို့ရှိရင် ချစ်ခြင်း မုန်းခြင်းဆိုတာ မရှိဘဲနဲ့ အသိဉာဏ် တည်ငြိမ်မှုတွေရလာတယ်၊
#သင်္ခါရုပေက္ခာဉာဏ်။
ဝိပဿနာဉာဏ်ထဲမှာတော့
ဒါ အဆင့်မြင့်ဆုံး ဒီလို တက်လာတာပေါ့။
အဲဒီ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်သွားပြီ ဆိုမှ
သင်္ခါရတွေ ကုန်ရာ၊ သင်္ခါရတွေ ချုပ်ရာ၊ ဒုက္ခတွေ ကုန်ရာ၊ ဒုက္ခတွေ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို တွေ့မှာ ဖြစ်တယ်တဲ့။
နိဗ္ဗာန်ကိုတွေ့တာ ဘယ်သူက တွေ့တာတုန်း၊
မဂ်စိတ်က တွေ့မှာပဲ။
မဂ်စိတ် ပြီးတာနဲ့ တစ်ပြိုင်နက် သူက ထုတ်လွှတ်လိုက်တဲ့ အကျိုးဖိုလ် ဆိုတာ ရသွားမယ်၊ ဒီကျမှ စိတ်ကလေးဟာ လွတ်မြောက်တဲ့ စိတ်ဆိုတာ ဖြစ်လာမယ်ပေါ့။
အဲဒါကို ရှင်ရာဟုလာကို
မြတ်စွာဘုရားက အသေးစိတ် ဟောတာ၊
အသေးစိတ် ဟောတဲ့အခါမှာ
တစ်ခုစီ တစ်ခုစီ ရှင်းပြီးတော့ ပြောမှာ မဟုတ်တော့ဘူး။
ရှင်ရာဟုလာက လေ့ကျင့်ပြီးသား ဖြစ်သည့်အတွက် အသိဉာဏ်နဲ့ တွေ့ပြီးသား ဖြစ်နေတယ်။
မြတ်စွာဘုရားက
အနိစ္စ သဘောတရားတွေ ရှင်းအောင်ပဲ ဟောတယ်၊
ရှင်းလိုက်တဲ့အခါ ဉာဏ်စဉ်တွေ တက်သွားပြီး နောက်ဆုံးမှာ ကိလေသာ အာသဝေါတွေကင်းတဲ့ အဆင့်ကို
ရောက်သွားတယ်။
====================
အရှင် နန္ဒမာလာဘိဝံသဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏
Credit:
=========================
ဆက်လက်၍......
မိုးကုပ်ဆရာတော်ဘုရားကြီး၏🙏
#သမထနှင့် ဝိပဿနာတွဲရှုနည်း
⚜️⚜️✡️✡️✡️✡️✡️✡️⚜️⚜️
(မိုးကုပ်ဆရာတော်ဘုရားကြီး)🙏
...ဝိပဿနာရှုတဲ့ နေရာမှာ သမထနဲ့
ဝိပဿနာ နှစ်ခု ဒွန်တွဲနေတာပဲ။
ပကတိမျက်စိဖြင့် စွဲမြဲ ထင်မြင်
နေအောင် ရှုရတာက သမထရှု။
ဉာဏ်ဖြင့်သာ သူ့သဘာဝအတိုင်း
ဖြစ်ပျက်နေတာတွေကို မြင်အောင်
ရှုရတာက ဝိပဿနာရှုလို့ ပီပီပြင်ပြင်
ခွဲခြားမှတ်ထားပါ။
ဝိပဿနာကမှ “လောဘ၊ ဒေါသ
မောဟ" စတဲ့ ကိလေသာအပူတွေ
ပြေငြိမ်းစေနိုင်တာ ပယ်ဖျက်ပေးနိုင်တာ။
"သမထ"ကတော့ ဝိပဿနာနဲ့
တွဲပြီး လိုက်ပါပေးရတယ်။
ဝိပဿနာရှုရာမှာ ပါပါနေရတဲ့
သတိတို့ ဝီရိယတို့၊ သမာဓိတို့က
"သမထ"တွေပါပဲ။
သမထနဲ့ အတူတွဲပြီး ဖြစ်ပျက်
မြင်အောင်ရှုတဲ့ ပညာကတော့
ဝိပဿနာဉာဏ် မဂ်ပါပဲ။
မဂ်ဉာဏ်ကမှ ကိလေသာတွေကို
ပယ်ဖျောက်ပေးနိုင်တာ။
ဝိပဿနာက အရေးအကြီးဆုံး
သူက ခေါင်းဆောင်ပါ။
"သမထ"ကတော့ မကင်းတရားမို့ သဟဇာတဖြစ်အောင် လိုက်ပါရ
ပါတယ်။
ဥပမာ။ ရေသောက်ချင်လို့ ရေခပ်ယူ
ရာမှာ ခွက်က မကင်းစကောင်းဖြစ်လို့
ပါရတာ။
ရေကမှ အမောပြေစေတာ။ ခွက်က
အမောပြေစေတာ မဟုတ်ဘူး။
⚜️ #ဝိပဿနာရှုပွားနည်း(၃)မျိုး ⚜️
ဘုရားက သမထရှေ့သွား
ဝိပဿနာ နောက်လိုက်
ငါ တစ်မျိုးဟောခဲ့ပြီတဲ့။
ဝိပဿနာ ရှေ့သွား
သမထ နောက်လိုက်
ငါတစ်မျိုး ဟောခဲ့ပြီတဲ့။
တွဲပြီးသကာလ ရှုနည်းလည်း
ငါ တစ်မျိုး ဟောခဲ့တယ်တဲ့။
ကြိုက်တာယူတဲ့၊ သဘောကျပလား။
⚜️#အကောင်းဆုံးရှုပွားနည်း ⚜️
သမထရှေ့သွား
ဝိပဿနာ နောက်လိုက်
ဒီလိုလည်း ဟောခဲ့တယ်တဲ့။
ဝိပဿနာ ရှေ့သွား
သမထ နောက်လိုက်လည်း
ငါ ဟောခဲ့တယ်တဲ့။
တွဲပြီး လွှတ်တာလည်း
"ဟောခဲ့ပါတယ် ဘုရား"
အခုဟာက တွဲပြီးလွှတ်တဲ့နည်း
ပေးလိုက်တယ်။ ဘာဖြစ်လို့ ဒီနည်းကို
ဘုန်းကြီးက ပေးပါသတုန်း ဆိုတော့
ဟိုဟာတွေက တစ်သန့်စီ
တစ်သန့်စီ လုပ်နေလို့ ကြာတယ်။
ခင်ဗျားတို့ သက်တမ်းတိုတိုနဲ့
တွဲလွှတ်လိုက်ရင် တစ်ခါတည်း
ပြီးသွားတာပဲ။
✡️ #သမထ_ဝိပဿနာနှစ်ခုနှင့်ရှုပါ။
သမထနဲ့ ဝိပဿနာ ရောပြီး
လုပ်ခိုင်းလို့သာလျှင်
ဖြစ်တာကို သတိကလည်း သိတယ်။
ဖြစ်တိုင်း ဖြစ်တိုင်းလို့လည်း သိတယ်။
ဝီရိယဆိုက်လို့လည်း သိတယ်။
သမထက ပါနေတယ်။
ဒီတရားတွေ မခိုင်ဘူး
မမြဲဘူးလို့ သိတာက ပညာ။
ဒါဖြင့် သတိပညာနဲ့ ရောလွှတ်တာ။
သတိ ပညာနဲ့ ရောလွှတ်တဲ့အတွက်
သမထ ဝိပဿနာနှစ်ခုနဲ့ ရှုတာ။
သမထ အထူးမတည်ထောင်နဲ့တော့။
,✡️#သမထ_ဝိပဿနာတွဲရှုနည်း
ဖြစ်တိုင်း ဖြစ်တိုင်းသိရင်
သမထက သိတယ်။
ပျက်တိုင်း ပျက်တိုင်းသိရင်
ဝိပဿနာက သိတယ်။
ဖြစ်တိုင်းဖြစ်တိုင်း သိရင်
"သမထက သိပါတယ်ဘုရား"
ပျက်တိုင်းပျက်တိုင်း သိရင်
"ဝိပဿနာက သိပါတယ်ဘုရား"
ဒါဖြင့် ဖြစ်ပျက်သိရင် တွဲလိုက်
နှစ်ခုတွဲစပ် သိတဲ့နည်း။
"ယုဂနဒ္ဓနည်း"လို့ခေါ်တယ်၊
"ယုဂနဒ္ဓ"ဆိုတာ နွားနှစ်ကောင်
တစ်ပြိုင်နက် မောင်းတာ။
နွားနှစ်ကောင်နဲ့ တစ်ပြိုင်နက်မောင်း
တော့ တိုတိုနဲ့ ခရီးရောက်တာပေါ့။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
Credit..
မူရင်းရေးသားပူဇော်သူအား ဂါရဝပြုပါသည်...




