Monday, 5 August 2019

မန္တလေးခရီးစဉ်.....(၂)


 



ဒုတိယနေ့ကို စစ်ကိုင်း အင်းဝ သွားကြတယ် ...။ တနင်္ဂနွေပိတ်ရက်မို့ ညီမ၀မ်းကွဲက သူကိုယ်တိုင် ကားမောင်းလိုက်ပို့တာ ...။ သူက မနက်စာကို စစ်ကိုင်းဖက်ခြမ်းက သူ့သူငယ်ချင်းအိမ်ဆိုင် လက်ဖက်ရည်ဆိုင်မှာ မနက်စာစားဖို့ အကြံပေးတာနဲ့ မန္တလေးမှာမစားလိုက်တော့ဘူး...။ အစားသောက်တွေ အကုန်ကောင်းတယ် ...။ ပဲပြုတ်ဆီထမင်းအတွက် ငါးရံ့ခြောက်ဖုတ်နဲ့ ဆတ်သားခြောက်ဖုတ်ဆီဆမ်း အညာငါးပိကြော်နဲ့သံပုရာစိပ်လေးတွဲစားရတယ်...။ နောက် ပဲနံပြား ကျွန်မက မုန့်ဟင်းခါးစားတယ်...။ မုန့်ဟင်းခါး ခရောဇီမို့ ရောက်တဲ့အရပ်က မုန့်ဟင်းခါးကို ၀ယ်စားတတ်ပါတယ်..။ သူတို့ မုန့်ဖတ်က သေးသေးမျှင်မျှင် ဆန်ကြာဇံဖတ်လေးလို  ငါးရှားတဲ့အရပ် ဆိုပေမယ့် ဟင်းရည်က ငါးအရသာချိုပါတယ်...။ လေးယောက်စားတာမှ ရှစ်ထောင်ပဲကျတယ်...။ ရန်ကုန်မှာဆို ဒီလောက်စားရင် တစ်သောင်းကျော်ပြီ ငါးရံ့ခြောက်နဲ့ ဆတ်သားမှာတင် ဈေးကြီးပြီလေ...။ သူတို့ဆီက ပဲပြုတ်ကို သိပ်သဘောကျတယ် အလုံးကြီးကြီး ချိုချိုဆိမ့်ဆိမ့်...။


အခု ကျွန်မတို့ ရုံးနဲ့မနီးမဝေးမှာ Mandalay Room ဆိုင်လေးလာဖွင့်ထားတယ် အထမ်းမြီးရှည် မုန်တီ မုန့်ဟင်းခါး နဲ့ မန္တလေးထမင်းကြော် အဓိကရောင်းတယ် အချိုပွဲကတော့ ကျွန်မအကြိုက် ကောက်ညင်းပြန်ပေါင်းနဲ့ ငှက်ပျောသီးမြည့်ကြော်(အုန်းပေါင်းငှက်ပျော) ရတယ်...။ တစ်ရက်တော့ သွားမြည်းကြည့်ပြီးပြီ နောက်တစ်ခါ ထပ်သွားစားဖြစ်ရင် ပုံရိုက်ခဲ့မယ်...။



 
ဘဲဥဖတ်များများ အညာမုန့်ဟင်းခါး








ရွှေသင်္ကန်းတွေပြန်ခွာပြီး ထုံးဖြူသုတ်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ကောင်းမှုတွေ စေတေီတော်မြတ်ကြီးကို ဖူးရခြင်းပဲ...။ တော်တော်ပြောင်းလဲသွားပြီ အရင် ဒီဘုရားရောက်ရင် အ၀င်စောင်းတန်းလေးမှာ သနပ်ခါးသည် သုံးလေးဆိုင်ပဲရှိတာ အဲမှာ ကျောက်ပြင်ကြီးကြီးနဲ့ သနပ်ခါးတွေ အကြိုက်လိမ်းလို့ရတယ်မ၀ယ်လည်း ...။ ခုတော့ ဆိုင်ခန်းတွေက ဘုရားပတ်ပတ်လည်အပြည့်....။ ဒါနဲ့စကားမစပ် ကောင်းမှုတော်ဘုရားမှာထိုးတဲ့ အောင်ဘာလေ ထီလက်မှတ်က ငါးသောင်းစုပေါက်တယ် လေးယောက်စပ်ထိုးကြတာ...။ ဘ၀မှာ ပထမဆုံး ထီပေါက်ဖူးခြင်း...။




အပင်ရိပ်တွေကတော့ အေးချမ်းမှုပေးဆဲ


အပြင်ဆိုင်တန်းက ကျောက်ငရုတ်ဆုံ ကြိတ်ဆုံ နဲ့ သနပ်ခါးကျောက်ပြင်အစုံ



Credit to Mg Thuta



မင်းကွန်းတို့ ပထိုးတော်ကြီးတို့ဆိုတာ စစ်ကိုင်းရောက်တိုင်းအမြဲရောက်နေကျမို့ မရောက်ဖူးသေးတဲ့ မင်းကွန်းနားက မြသိန်းတန်ဘုရားဖူးခဲ့တယ်...။ အဲဒီဘုရားမှာ ဓါတ်ပုံတွေဘယ်လောက်တောင် လာရိုက်ကြသလဲဆို အဲက ဘုရားသမိုင်းပြောတဲ့ ကလေးတွေက ကင်မရာမင်းကို လုံးလုံးဖြစ်...။ တော်ရုံစကေးမဟုတ်ဘူးနော် သူတို့က ပရိုအဆင့်လို့တောင်ခေါ်နိုင်နေပြီ...။




ညီမဝမ်းကွဲကို အပီအပြင်ရိုက်ပေးနေကြတာ


ကလေးမသုံးယောက်မှာ တစ်ယောက်က ဧည့်သည်ပါလာတဲ့ အိတ်တွေ ထီးတွေ အထုပ်တွေကို သယ်ပေးတယ်။ တစ်ယောက် ကင်မရာ(သို့)ဖုန်းနဲ့ ရိုက်တယ် နောက်တစ်ယောက် ဘယ်လိုပို့စ်လုပ်ဆိုပြီး ညွှန်ကြားတာ..။ သူတို့က ဒီဘုရားမှာ ဒီအလုပ်လုပ်လာတာ နှစ်တန်းကတည်းကတဲ့ ခုခြောက်တန်း တက်နေကြတာတဲ့...။ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်ကို သူတို့က ကျောင်းစရိတ်ရှာကြတာ...။ ၀င်ငွေရွှင်တယ်နော် တစ်ရက်ကို အနည်းဆုံး တစ်သောင်း ရတယ်တဲ့...။








ကိုယ်လည်းဝင်ရိုက် သူတို့ပြောတဲ့အတိုင်း အိုက်တင်ပေး




ဒီပုံလေးကိုသဘောကျမိ








နောက်ခံရှုခင်းက ပန်းချီကားတစ်ချပ်လို












ကျွန်မရဲ့ Fuji နဲ့သူတို့တွေအလုပ်ဖြစ်နေကြတာ(Behind the scenes)






မြသိန်းတန်ကအပြန် ခိုတောင်ရွာမှာ ခိုတောင်မုန့်တီဝင်စားကြတာ တရွာလုံး လမ်းဟိုဖက်ဒီဖက် ခိုတောင်မုန့်တီဆိုင်တွေချည်းပဲ ဘယ်ဆိုင်စားရမလဲမသိ မနည်းရွေးရတာ ဒီဆိုင်လေးကို ရွေးလိုက်တယ် အဲ ဆိုင်နာမည်တောင်မမှတ်လိုက်မိ ဗိုက်ဆာတော့ အစားဆီပဲစိတ်ရောက် တော်သေးတာပေါ့ ပုံလေးတော့ ရိုက်ဖို့မမေ့လို့...။



ခိုတောင်မုန့်တီကို ပဲတီချဉ်ဖတ် မုန်လာချဉ်ဖတ် လတ်လတ်ဆပ်ဆပ်နဲ့ စားရတာ



တကယ့်သူ့နယ်မှာ မူလအရသာမို့လားမသိ ကောင်းလွန်းပါတယ်ကွယ် ပြောမပြတတ်အောင်

ရန်ကုန်မှာတော့ မုံရွာဝင်းဝင်းမုန့်တီဆိုင်မှာ တစ်ခါမှာစားဖူးတယ် ဒီလက်ရာကိုတော့မမှီ




ခိုတောင်မုန့်တီမှာ ပေးတဲ့ ပိတ်စွယ်ဟင်းရည်ချဉ်စပ်လေးက အသက်
ဟင်းရည်ဖိုးက ငါးရာသပ်သပ်ပေးရတယ်





အုတ်ရိုးပါတဲ့ ပုံတွေ အများကြီးရိုက်ထားပြီး ပျောက်ကုန်တယ်...။ခိုတောင်မုန့်တီစားပြီး စစ်ကိုင်းကနေ မန္တလေးဖက်ပြန်ကူး အင်းဝဖက်ဆက်ကြတယ်...။ အင်းဝရောက်တော့ မိုးကသဲကြီးမဲကြီးရွာ ...။ ဒီမိုးတွင်းမှာ ဒါပထမဆုံး မိုးရွာတာဆိုပဲ...။ အင်းဝမြို့အ၀င်လမ်းက သိပ်လှတာ လမ်းတဖက်တချက်မှာ အုတ်ရိုးတွေ တော်တော်ရှည်လျားလျား ကျန်နေသေးတာတွေ့ရတယ်...။ မကျည်းပင်စိမ်းစိုစိုနဲ့ သိပ်အေးချမ်းတာပဲ...။

 

ဒါ ရှေးတုန်းက ဘုန်းကြီးကျောင်းတဲ့ ထုထည်ကြီးကြီး မြင့်မြင့်မားမား

စစ်ကိုင်း မင်းကွန်းဖက်က ပုထိုးတော်လို




အင်းဝရောက်တဲ့ ခရီးသွားဘလော့ဂါတွေ ဒရုန်းနဲ့ ဒီနေရာလေးကို ရိုက်ထားတာသိပ်လှ



ဒီပုံလေးကြည့် Snare နေ၀င်းတို့ စုံတွဲရိုက်ထားတာ ...

 နေ၀င်းရဲ့ ချစ်သူ ခရီးသွားဘလော့ဂါချောရဲ့ instagram ကယူလာတာ အပေါ်စီးကဆို သိပ်လှ






ဝင်္ကဘာဘုရား

 


ရတနာဆီမီးဘုရား ခုအဲဒီထဲကို အောက်ကေ ချောချောရိုက်ထားသလို ၀င်ရိုက်လို့မရတော့ဘူး




Pic from  travellkween








 

နှစ်ယောက်က ဖိနပ်ပါးမပါလာလို့ မြသိန်းတန် ဘုရားမှာ ခုံဖိနပ်ဝယ်စီးကြ

တဂွပ်ဂွပ်နဲ့အသံမြည်တဲ့ ခုံဖိနပ်တွေတောင်မမြင်ရတာကြာပေါ့





အင်းဝမှာ မယ်နုအုတ်ကျောင်းမရောက်ခဲ့ဘူး အချိန်မရတော့လို့ ကိုယ့်ကားကိုယ်ငှားပြီး သွားတာ မဟုတ်တော့ အားနာရတာနဲ့ နေရာစုံသိပ်မရောက်ခဲ့ရ...။ နောက်တခါ မန်းနဲ့ အင်းဝကို ဘုရားအစုံ ထပ်သွားဖူးဖို့ အားခဲထားသေးတယ်...။ အင်းဝကအပြန် မန္တလေး 27လမ်းမှာ ကော်ဖီဝင်သောက်ကြတယ်...။ မန်းမှာ အကောင်းဆုံးကော်ဖီဆိုပဲ...။ ကိုယ်တွေက ရန်ကုန်မှာ ကောင်းပေ့ဆိုတဲ့ ဆိုင်မှာထိုင်သောက်လာသူတွေမို့ မန်းမှာတော့ တကူးတကန့်ကော်ဖီမသောက်ချင်ဘူး..။ မန်းက ဒေသစာ မုန့်တွေလျှောက်စားချင်တာ ဈေးချိုလဲမရောက် ...။ ဈေးချိုမှာဆို မြန်မာမုန့်တွေအစုံ ၀ယ်စားပစ်မှာ...။ ဆိုတော့ ကော်ဖီကိုမသောက်ချင် သောက်ချင်နဲ့ဝင်သောက်တာမို့ ဆိုင်နာမည်တောင် မမှတ်ထားမိ အဲလိုပါဆို...။



ဆိုင်နာမည်က ခွက်မှာပါသားပဲ Goffee Coffee တဲ့
Latte Art လေးက မဆိုးပါဘူး... Foam တော့ နဲနဲကြမ်းတယ် :)

 



ညဖက် ရေမိုးပြန်ချိုးပြီး အိမ်ရှင်ညီမ အငယ်မလေးက ကျွန်မတို့ကို Hot Lar Lar ဆိုတဲ့ စီရွှန်တရုတ်အကင်နဲ့ ဟော့ပေါ့ဆိုင်မှာလိုက်ကြွေးတယ် ...။ မန်းကလူတွေက ဖော်ရွေစေတနာ ကောင်းကြတယ်...။ စားလို့ကောင်းတယ် စပ်တာကလွှဲပြီး..။


တီလားဗီးယားငါးကင် ရန်ကုန်မှာဆို ပုံမှန်ဒီငါးကို သိပ်မစားဖြစ်ဘူး 
ကကတစ်ပဲစားဖြစ်တာ ချေတယ်ပြောချင်ပြောပါ

 

ကြက်ခြေထောက်ကတော့ စားပြီး နှုတ်ခမ်းတွေပူ

 

အပိုင်းဆက်ကျန်သေးတယ်နော်း)

 

မိုးငွေ့



Wednesday, 31 July 2019

အဘိဓမ္မာဒေသနာ(ရွှေစင်မြင်းမိုရ်အဘိဓမ္မာ).....


နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....






အဘိဓမ္မာကို နားလည်သွားတဲ့အခါ ကုသိုလ် အကုသိုလ် ခွဲခြားသွားတတ်တဲ့အပြင် ဒီထက်များပြားလှတဲ့ အကျိုးကျေးဇူးတွေကိုရသွားမှာပါ...။ ဗုဒ္ဓရဲ့ လေးနက်တဲ့ အတွေးအမြင်တွေကို အဘိဓမ္မာမှာ တဆက်တည်း ဟောသွားတာဖြစ်ပေမယ့် ဟောပုံဟောနည်းတွေကို လိုက်ပြီး ကျမ်း(၇)ကျမ်း ခွဲခြားထားပါတယ်..။

ဒါတွေကတော့...

၁)ဓမ္မသင်္ဂဏီ
၂)ဝိဘင်း
၃)ဓါတုကထာ
၄)ပုဂ္ဂလပညတ်
၅)ကတာဝတ္ထု
၆)ယမိုက်
၇)ပဌာန်း ကျမ်းတို့ပဲဖြစ်တယ်...။

၁) ဓမသင်္ဂဏီ ဆိုတာ ဂုဏ်ရည်တူတဲ့ တရားအားလုံးကိုစုထားတဲ့ Classification of Dhamma ဒါမှမဟုတ် အဘိဓမ္မာကျမ်းရဲ့ မာတိကာလို့လည်းခေါ်နိုင်တယ်...။ ဒီမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းကို အကျဉ်းချုပ်ပြသလို အနက်ကိုလည်းရှင်းလင်းထားပါတယ်...။ အဓိက ကတော့ ကုသိုလ် အကုသိုလ်နဲ့ အဗျာကတ တရားတွေကို ရှင်းပြထားတာပါ...။

၂) ဝိဘင်း ဆိုတာ ပိုင်းခြားခြင်း Division လို့အနက်ရတယ်..။ ဒီကျမ်းမှာ ခန္ဓာအစုအဝေး အာရုံဖြစ်တည်ရာ အာယတနဓါတ် သစ္စာ က္ကန္ဒြေ သတိပဌာန် ဗောဇ္ဈင် ဈာန် မဂ္ဂင် ဉာဏ် စတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဟောထားပါတယ်...။

၃) ဓါတုကထာ -  ဓါတုဆိုတာက ဓါတ် ကတာဆိုတာက တရားအမည်ရတာမို့ ဓါတုကထာ Discourse on the elements ဆိုတာ ဓါတ်တရားများကို ပိုင်းခြားဟောတဲ့ ကျမ်းပါ..။

၄) ပုဂ္ဂလပညတ် ဆိုတာ ပုဂ္ဂိုလ်အကြောင်းတွေဟောထားတာပါ...။ Discripiton of individuals မှာ ပုဂ္ဂိုလ် အမျိုးအစားလိုက်ပြီး ခွဲခြားသတ်မှတ်ထားတာကိုရှင်းပြထားတာပါ...။ ရှေ့ကအဘိဓမ္မာကျမ်းတွေမှာ ကုသိုလ် အကုသိုလ် အဗျာကတာ စတဲ့ ပရမက်သက်သက်ကိုပဲဟောခဲ့ပြီး လူ နတ် ဗြဟ္မာများအနေနဲ့ ကမ္ဘာလောကကြီးမှာ ပရမက်တရားများသာ အမှန်ဖြစ်တယ် လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ်ဆိုတာ အရှိတရားမဟုတ်လို့ အလေးအနက်ထားစရာမလိုဆိုတဲ့ တဖက်စွန်း ရောက်သွားနိုင်ပါတယ်.. ဒီလိုအယူအဆမလွဲဖို့ ပညတ်ဖြစ်တဲ့ သီလရှိတဲ့ပုဂ္ဂိုလ် မရှိတဲ့ ပုဂ္ဂိုလ် စသလိုပုဂ္ဂိုလ်အကြောင်းကို ဆက်ဟောထားပါတယ်...။ တရားထက် ပုဂ္ဂိုလ်တွေကို စီစစ်တဲ့ ကျမ်းလို့ ဆိုနိုင်ပါတယ်...။

၅) ကထာဝတ္ထု - ကထာဆိုတာ ပုဂ္ဂိုလ်ရေးရာ ဒါမှမဟုတ် အယူဝါဒဖြစ်ပြီး ဝတ္ထုက ဖြစ်တည်ရာကို ခေါ်တာပါ...။ ကထာဝတ္ထု The Point of  Controversy ဆိုတာ အယူဝါဒမှ အငြင်းပွားနိုင်တဲ့ အချက်တွေကို စုစည်းထားတယ်...။ ဗုဒ္ဓရဲ့ ယုတ္တိဗေဒ Logic ကျမ်းလို့လည်း ယူဆနိုင်ပါတယ်..။

၆) ယမိုက် - ပါဠိလို ယမက မြန်မာလို ယမိုက်လို့ခေါ်ပြီး အစုံ အစုံလို့ အဓိပ္ပါယ်ရတာမို့ ယမိုက်ကျမ်းကို book of pairs ဆိုတာ အနုလောမ ပဋိလောမ တစ်စုံ အမေးအဖြေတစ်စုံ သန္နိဌာန် သံသရာတစ်စုံ စသလို တရားတွေကို အစုံလိုက် အစုံလိုက် ရှင်းပြထားတာပါ...။

၇) ပဌာန်း - ပဌာန်းကျမ်း The Conditional Relations ကတော့ အကြောင်းတရားများစွာကြောင့် အကျိုးတရားဖြစ်လာတာ အကြောင်းတရားရဲ့ အစွမ်းသတ္တိနဲ့ အရာအားလုံး အကြောင်းအကျိုး ဆက်နွယ်နေတာကို အကျယ်တဝင့်ဟောထားတဲ့ ဒေသနာပေါ့ ပဌာန်းတရားကို လေ့လာရင် ဒီလောက်လေးနက်တဲ့ တရားကို သာမန် အသိဉာဏ် အတွေးအခေါ်မျိုးနဲ့ ဘယ်လိုမှ မဟောနိုင်ဘူးဆိုတာ သိသွားမှာပါ...။ အလွန်ထူးခြားတဲ့ ဉာဏ်ရှိမှ ဟောနိုင်မယ်ဆိုတာ အားလုံးယုံကြည်သွားမှာပါ..။


မှတ်ချက်။      ။ ခွဲစိတ်ပါမ္ခော ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်သည်။ စာအုပ်ကအထူကြီးမို့ ကျွန်မဖတ်ပြီးသလောက်တော့ အပိုင်းလေးတွေ ခေါင်းစဉ်လေးတွေခွဲပြီး တင်ပေးသွားမှာပါ...။

 
မိုးငွေ့

Tuesday, 23 July 2019

မန္တလေးခရီးစဉ်.....(၁)

 
Classic Tea Saloon စိုးစိုးမုန့်တီ


မန္တလေးကို သွားလည်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က မန္တလေးစာစားဖို့(ရည်ရွယ်ချက်ကြီးပုံ).......။ ဒီလမှာ ပိတ်ရက်ဆက်တာ နှစ်ပတ်ဆက်တိုက်ဆိုတော့  လွန်ခဲ့တဲ့လတွေကတည်းက ခရီးသွားဖို့ နေရာကိုစဉ်းစားနေတာ အစကတော့ မလေး(KB)က သူငယ်ချင်းက သူ့ဆီကိုလာဖို့ ခေါ်ထားပြီးသား ဟိုရောက်ရင် လန်ကာဝီသွားလည်မယ် ရှော့ပင်တွေထွက်ကြမယ်ပေါ့...။ နောက်တော့ သူငယ်ချင်းက သူ့အဖေနေမကောင်းတာနဲ့ ခရီးစဉ်ကိုဖျက်လိုက်ရတာ...။ ဒါနဲ့ မန်းမရောက်တာကြာပြီဆိုတော့ အဓိကက စစ်ကိုင်း အင်းဝ မုံရွာ အဲဖက်ကို သွားချင်နေတာပါ ပြင်ဦးလွင်ကတော့ မန်းရောက်တိုင်းသွားနေကျမို့ ဒီခရီးစဉ်မှာ သွားဖို့ ထည့်မစဉ်းစားထားဘူး...။ အင်္ဂါနေ့က ၀ါဆိုလပြည့်မို့ တနလာင်္ကို ခွင့်တစ်ရက်ယူပြီး လေးရက်ဆက်တိုက် သွားလိုက်တယ် သောကြာညမှာ ကားစီးတယ်...။ အပြန်က လပြည့်နေ့ကို မနက်ကားလက်မှတ်ကြိုဝယ်ထားတာ ဟိုရောက်တော့ ၀မ်းကွဲညီမက ပြင်ဦးလွင်မှာ ဖားအောက်ဆရာတော် သိမ်ဆင်းလောင်းဖို့ခေါ်တာနဲ့ ညကားနဲ့လက်မှတ်လဲလိုက်ရတယ်...။

အစက တစ်လကြိုကတည်းက စီစဉ်ထားတာ မန်းမှာ ဟိုတယ်ငှားမယ် လျှောက်လည်ဖို့က ကားစင်းလုံးငှားလည်ကြမယ် ကိုယ်စားချင်တဲ့ဆိုင်ကို ဒီကတည်းက ရှာထားပြီးသား...။ ခက်တာက ကိုယ် Plan ထားသလို အတိအကျဖြစ်မလာတတ်တာကိုပဲ...။ ကိုယ်တွေက အလုပ်လုပ်ရင် ကြိုတင်စီစဉ်ထားတာ ခရီးသွားရင်လည်း သေတ္တာပြင်တာကအစ တစ်ပတ်အလိုကတည်းက ကြိုပြင်ဆင်ထားတတ်တာမို့ ဟိုမှာနေတဲ့ ညီမ၀မ်းကွဲကို တစ်လအလိုကတည်းက ဟိုတယ်ငှားထားပေးဖို့ ကားငှားထားပေးဖို့ ပြောထားရတယ်...။ သူကတော့မလိုဘူး ရောက်တော့မှငှားလည်းရတယ်တဲ့...။ တကယ်ရောက်တော့ ဟိုတယ်က အခန်းမရဘူး..။ တွေ့လား Plan ဆိုတာ အသေးမွှားကအစ မလုပ်ထားရင် အခက်တွေ့တတ်တယ်ဆိုတာ...။ ကျွန်မတို့ဆီက တခြားနေရာမှာသာ တလွှဲဆံပင်ကောင်းကြတာ...။ ပြီးတော့ ပြီးပြီးရောဆိုတဲ့ ခပ်ပေါ့ပေါ့ “နောက်ခါလာနောင်ခါဈေး”ဆိုတဲ့ စကားပုံကိုလဲ မကြိုက်ဘူး...။ ကြိုတင်ပြင်ဆင်မှုမရှိတာ...။ ဒီထက်ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင် ထေရ၀ါဒ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ သေဖို့တောင် ကြိုတင်ပြင်ဆင်ရသေးတာပဲလေ...။ ကိုယ်ဘယ်လိုသေမယ် ဘယ်ချိန်သေရမလဲဆိုတာ ကြိုမသိရပေမယ့် သေခါနီးဘယ်လိုအသက်ထွက်ရမလဲဆိုတာကိုတော့ ကြိုတင်ကျင့်ထားဖို့လိုပါတယ်...။ အသက်ထွက်တဲ့အချိန်မှာ ထားတဲ့ စိတ်ကပဲ ကိုယ့်ကိုဘ၀ကူး ကောင်းစေတာမဟုတ်လား...ဒီအကြောင်းတွေ စာအုပ်ဖတ်ပြီးရင် ပြောချင်ပါသေးတယ်..။ 

ခရီးစဉ်အကြောင်းအစချီတာ နဲနဲရှည်သွားတယ် ဆောရီးပါ...။ ကျွန်မတို့သွားက သုံးယောက် Elite VIP 24ယောက်စီးကားနဲ့...။ ကျယ်ကျယ်ဝန်းဝန်းလေးထိုင်ရတယ်ဆိုပေမယ့် ထိုင်ခုံနဲ့အိတ်ရတာ ငယ်တုန်းကလို အညောင်းမခံနိုင်တော့ဘူး...။ မန်းကျွဲဆည်ကန်ကားဝင်းရောက်တော့ ညီမ၀မ်းကွဲက လာကြိုတယ် ဟိုတယ်သွားမကြည့်ခင် Classic မှာ စိုးစိုးမုန့်တီဝင်စားကြတယ် မနက်စာကို...။ ကိုယ်တွေတေးထားတာက ဒေါ်တောမုန့်တီ ဘာညာပေါ့ စိုးစိုးဆိုလည်း သူ့မူလဆိုင် အိမ်ဝိုင်းထဲက ဆိုင်က ပိုကောင်းတယ်...။ အခု Classic မနက်စာဆိုင်က မုန့်တီက သိပ်မစွံဘူးရယ်...။ ဒါနဲ့ မုန့်တီစား လက်ဖက်ရည်သောက်ပြီး ညီမအိမ်နားက ဗိုလ်ချုပ်ရွာမှာပဲ အိပ်ယာလေးနဲ့ ရေချိုးခန်းအိမ်သာပါရင် ရပါပြီဆိုတော့ Inn တစ်ခုကိုသွားမေးတာ အခန်းမရှိတော့ဘူးတဲ့ ညီမလေးပြောတာတော့ သူတို့က နာရီပိုင်းသမားတွေကိုပဲဦးစားပေးတာ တစ်ညအိပ်တည်းရင် သူတို့မကိုက်ဘူးတဲ့ ကောင်းရော...။ အခန်းက 11နာရီကျော်ရင် ရမရသိရမယ်ဆိုလို့ ဖုန်းနံပါတ်ပေးခဲ့ပြီး ညီမလေးအိမ်ကိုလိုက်သွားလိုက်တယ် အဒေါ်ကိုသွားနှုတ်ဆက် ကန်တော့လိုက်တယ် အဒေါ်က ကျွန်မအမေအောက်က ညီမပါ...။ အဒေါ်က သူဆေးခန်းဖွင့်ထားတဲ့ တိုက်အပေါ်မှာ အခန်းလွှတ်တယ်အဲမှာပဲသွားနေ ဟိုတယ်ခသက်သာ တာပေါ့ဆိုတာနဲ့ ကျွန်မတို့အစီအစဉ်လည်း ပြောင်းလိုက်ရတာပေါ့...။ 

ကိုယ်ဘာသာကိုယ် ခရီးစဉ်ဆွဲထားတာကတော့ ရောက်ရောက်ချင်းနေ့ကို မန်းမှာရှိတဲ့ ဘုရားဖူးမယ် ဒုတိယနေ့က  အင်းဝ စစ်ကိုင်း တတိယနေ့က မုံရွာ အဲလိုပေါ့...။ ရောက်တာနဲ့ မနက်စာစား ရေမိုးချိုးပြီး ဘုရားကြီး(မဟာမြတ်မုနိ)ကိုဖူးမယ်လို့မှန်းထားတာ ဖြစ်မလာပါဘူး...။ အဒေါ်အိမ်မှာပဲ နေ့တ၀က်နီးပါး အချိန်ကုန်...။ ကိုယ်တွေတည်းရမယ့်အခန်းမှာ ရေမိုးချိုး ခနနားပြီး နေ့လည်တစ်နာရီလောက်မှ ညီမက သူ့ကားနဲ့လာခေါ်တယ်....။ အရင်ဆုံး ၁၆လမ်းမြီးရှည်ဝင်စားတယ်...။ ဘယ်သောအခါမှ အရသာမပြောင်းလဲသော မြီးရှည် အရသာတင်မကဘူး ဆိုင်ပုံစံပါမပြောင်းတာ...။ မူလလက်ဟောင်းစစ်စစ် အရိုးပြုတ်ရည်အိုးက မြေအိုးနဲ့ အိုးဖင်မှာ မီးမှိုင်းတွေမဲတူးလို့...။ မြီးရှည်ကို အသားနဲ့စားမလား အူကလီစာနဲ့စားမလား ၀က်မြီးထည့်မလား ဒညင်းသီးပါထည့်ချင်သလား ရသေးတယ်...။ ကျွန်မတို့ငယ်ငယ်တုန်းကတော့ ဒညင်းသီးထည့်စားရတယ်လို့မရှိခဲ့ဘူး ခုခေတ်မှသာ...။ အရိုးပြုတ်ရည်ကလည်း တနေကုန်တနေခန်းတည်ထားတော့ ချို...နေတာပေါ့။ အမေလေး ဒီက မုန့်ဆိုင်တွေအားလုံးကို ရန်ကုန်ရွှေ့ထားလိုက်ချင်မိ...။ 










မြီးရှည်စားပြီးတာနဲ့ ဘုရားကိုသွားတယ် ပထမဆုံး ပိဋိကတ်သုံးပုံကို ပါဠိလိုကျောက်ထွင်းထားတဲ့ ကုသိုလ်တော်ဘုရားဆီကိုအရင်ဝင်တယ်...။ နောက်တော့ စန္ဒာမုနိဆိုတဲ့ ရသေ့ကြီးဦးခန္ဒီ ထပ်တည်ထားတဲ့ ပိဋိကတ်သုံးပုံကို မြန်မာလိုပြန်ထားတဲ့ ကျောက်ထွင်းတဲ့ဆီကို ထပ်ဝင်ပါတယ် ကပ်လျက်လေးပါပဲ ...။ မြန်မာလိုပြန်တော့ ကျောက်ချပ်တွေက ပိုများသွားတယ် ပါဠိလို အချပ်ခုနှစ်ရာကျော်ပဲရှိပေမယ့် မြန်မာလိုပြန်တော့ နှစ်ဆလောက် ကျောက်ချပ်တွေ များလာပါတယ်...။ အရင်ငယ်ငယ်တုန်းကတော့ ရာဇ၀င် သေချာမသိတော့ သူများတွေ နောက်ပြောတာကိုပဲသိတာ...။  မင်းတုန်းမင်းကြီး မိဖုရားတစ်ခါ ယူရင် စေတီတစ်ဆူတည်ရင်းက စေတီလေးတွေ အများကြီး ဖြစ်သွားတာတဲ့...။

 


   ပုံတွေမလှပါဘူးမှတ်တာ မိုးအုံ့နေတာကိုး နေရောင်လေးဘာလေးနဲ့ဆို လှမှာပဲ




မန္တလေးက နေမပူပေမယ့် လေတိုက်တော့ အသားအရေတွေမဲညစ်ညစ်ဖြစ် ငပလီကပြန်ရောက်ကတည်းက မျက်နှာလက်နဲ့ခြေထောက်အသားအရောင်တွေညီသွားတာ ခုချိန်ထိ




 ကိုယ်ရည်စူးတဲ့သူတွေကြားအောင် ခေါင်းလောင်ထိုးပြီးလှူရပါတယ်ဆိုပဲ





သစ်ရွက်ပုံသနပ်ခါးကိုလိမ်းခံချင်နေတာအတော်ပဲ



စန္ဒာမုနိစေတီတော်အတွင်းထဲက ရုပ်ပွားတော်




ဘုရားကို ကြာပန်းနဲ့ကပ်လှူပူဇော်



အသက်လေးရယ်တဲ့ရှည်စေလို မန်းတောင်ရိပ်ခို


ပြီးတော့ မန်းတောင်ကိုတက်တယ် Sun Set ကြည့်ဖို့တဲ့ မိုးအုံ့တော့ နေ၀င်ချိန်လေးမတွေ့ရ...။ ကျွန်မဘ၀မှာ မိုးတွင်းကို ခရီးသွားဖူးတာ ဒါနဲ့ဆို ဒုတိယအကြိမ်ပဲဖြစ်မယ် ပထမကြိမ်က ငွေဆောင်ခရီးစဉ်...။ ခရီးတော်တော်များများကို ပွင့်လင်းရာသီမှာပဲထွက်ဖူးတာ...။





မန်းတောင်တက်ပြီး တောင်သမံအင်းဆက်သွားတယ် ညနေကို ထမင်းဆီဆမ်း ငါးကြော်နဲ့ အကြော်စုံ ဆိတ်ထောင်း မှာစားတယ်...။ ထုံးစံအတိုင်း  အုန်းရည်သောက်ကြတယ်...။ တောင်တမံအင်း ရောက်တော့  ဦးပိန်တံတားတောင် မရိုက်လိုက်မိ ကြည့်စမ်း ကိုယ်အစားငမ်းတာလူသိသွားပြီ...။



တံတားပေါ်ရောက်လို့ ရိုက်ထားမိတာ ဒီတစ်ပုံထဲရယ် လူကများ တံတားက ယိမ်းထိုး အောက်မှာလည်း ရေကအပြည့်ဆိုတော့ လမ်းလျှောက်ရင်း ပုံရိုက်ရမှာလည်း ချော်လဲကျမှာကြောက်သေးတယ်လေ...






ဆီသန့်မသန့်တော့မသိ အကြော်တွေကတော့ ကြွပ်ရွမွနေတာ ငါးကလေးတွေက တောင်သမံအင်းထဲက ငါးတွေ မကျည်းချဉ်ရည်လေးကတော့ ရေနွေးနဲ့သေချာ မလုပ်လို့လား ဘာလားတော့မသိ စားပြီး အဲနေ့က လေးယောက်မှာသုံးယောက်လောက်က ဗိုက်နာဝမ်းလျှောကြတယ်...။ ကျွန်မတစ်ယောက်ထဲသာ ဗိုက်မနာ။ ဗိုက်ထဲမှာ Probiotic တကယ့် စစ်တိုက်တဲ့နေရာမှာသိပ်တော်တဲ့ သူရဲကောင်းလေးတွေ ထည့်ထားတယ်လေ ...။




တခြားပုံသာရိုက်ဖို့မေ့ချင်မေ့မယ် အစားပုံတွေတော့ မေ့လို့မဖြစ်



ဆိတ်သားခြောက်ထောင်းက နဲနဲတော့စပ်တယ် ဒါမယ့် ဂွတ်ရှယ် 




ဒီ Cocktail နာမည်လေးက The Last King တဲ့


ညဖက် နေခြည်ဦးဘဲ ဖွင့်ထားတဲ့ Dose Bar မှာထိုင်ကြတယ်...။ ဘုရားပြီးတော့ ဘားတက်တယ်ပေါ့...။ ကော့တေးတွေကတော့ ဈေးကြီးတယ် ခြောက်ထောင် ခုနှစ်ထောင် အထက်တွေ အစားအသောက် ဆိုတာလဲ ဈေးကြီးတာပဲလေ ဒီလိုဆိုင်တွေက အပြင်မှာ ဗိုက်ကိုအပြည့်ဖြည့်ပြီးမှ အရေလောက်ပဲမှာ တမြမြဇိမ်နဲ့သောက် လေကန်ရမယ့်နေရာကိုး...။ ကိုယ်တွေက တောင်တမံအင်းမှာ အ၀တီးခဲ့ပြီးဆိုတော့ အရေလောက်နဲ့ အာလူးဖုတ်ပဲစားတယ်...။ အိမ်ရှင်ညီမတွေကိုတော့ သူတို့ကြိုက်တာမှာပေးလိုက်တယ် ကိုယ်က ဒကာဆိုတော့...။



ဆော်လမွန်ငါး ဈေးကြီးတယ်လေ ဟိုး... ရော့ကီးတောင်ကြားက စမ်းချောင်းကတောင်သွားဖမ်းရတာ တစ်ပွဲကို နှစ်သောင်းနီးပါး ဘောက်ချာကို မသိမ်းထားတော့လို့ သေချာမမှတ်မိ ကျွန်မကတော့ Salmon ငါးရာဇ၀င်ကိုသိကတည်းက သူ့အသားကိုလုံးဝမစားဖို့ ဆုံးဖြတ်ထားတာ




အာလူးပိကျိလေးတွေကို ခွဲပြီး အီတလီအမွှေးအကြိုင်တွေနဲ့ထောပတ်နဲ့ဖုတ်ထားတာ




အာလူးကြော်အမြည်းလေးပေါ့






မန္တလေးမှာ မကြာသေးခင်ကမှ ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ နာမည်ပေးလိုက်တဲ့လမ်း လမ်းမီးတိုင်က လျှပ်စစ်ကြိုးတွေဆိုတာ မြန်မာပြည်မှာ တခါမှအဲလိုမမြင်ဖူးဘူး သပ်ရပ်လို့ လမ်းတဖက်တချက်မှာ စိန်ပန်းနီနီတွေ တန်းစီစိုက်ထားတယ်...။ မန္တလေးမြို့တွင်းမှာမှမဟုတ်ဘူး စစ်ကိုင်း မုံရွာ ပြင်ဦးလွင်မှာ လမ်းတွေက ကတ္တရာခင်းတွေ ဖြူးပြီးချောနေရော မန္တလေးမြို့တော်ဝန် အလုပ်လုပ်ထားတယ်ဆိုတာ တခြားကိုဘေးဖယ်ထားဦး လမ်းကိုပဲအရင်ကြည့် သက်သေပဲ ကျွန်မတို့ ရန်ကုန်မြို့ကသာ....း( ။ ကွမ်းယာဆိုင်ဆိုတာ သိပ်မတွေ့ရ ပြီးတော့ လမ်းပေါ်မှာ ပလက်ဖောင်းမှာ ဘာအမှိုက်မှမရှိတဲ့အပြင် အိမ်တိုင်းရဲ့ အရှေ့မှာ အမှိုက်ထည့်ဖို့ ၀ါးတောင်းလေးတွေ ချထားပေးတယ်..။ ကိုယ့်အမှိုက်တွေကို အဲထဲပစ် စည်ပင်ကားက ဘယ်ချိန်လာသိမ်းသွားမှန်းတောင် မသိရဘူး...။ ရန်ကုန်မှာလို ကားရှုပ်တဲ့ အချိန်ကျမှ အမှိုက်လာသိမ်းတာတို့ ဘာတို့လည်းမရှိဘူး သိပ်စနစ်ကျတာပဲ...။ ရန်ကုန်မှာအဲလို စည်းကမ်းလေးတွေ ရှိကြရင် ကောင်းမှာပဲလို့ တွေးရုံလေးပဲ တွေးမိ...။

နောက်ထပ်အပိုင်းတွေမျှော်နေနော်....း)


မိုးငွေ့



Wednesday, 17 July 2019

အဘိဓမ္မာမိတ်ဆက် (ရွှေစင်မြင်းမိုရ် အဘိဓမ္မာ).....





ဒီစာအုပ်လေးကို ကျွန်မတို့ရုံးက အကြံပေးအရာရှိရာထူးနဲ့ တာဝန်ယူနေတဲ့ ဦးလေးတစ်ယောက်က လက်ဆောင်ပေးထားတာပါ...။ အဲဒီဦးလေး တည်ထောင်ထားတဲ့ ပရဟိတလုပ်ငန်းက ဦးစီးပြီး ထုတ်ထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ ဓမ္မလက်ဆောင်စာအုပ်လေးတစ်အုပ်လည်းဖြစ်တယ်...။ ဓမ္မဉာဏ်အလင်းရစေမယ့် စာအုပ်ကောင်းတစ်အုပ်ကို လက်ဆောင်ပေးခဲ့လို့ လေးစားရတဲ့ (ဦး.....)ကို တကယ်ကျေးဇူးတင်မိပါတယ်...။ စာအုပ်က လက်သုံးလုံးလောက်အထူရှိတယ်...။ ဦးက စပေးကတည်းက မဖတ်ဖြစ်မှာစိုးလို့ ဒီစာအုပ်လေးက အဘိဓမ္မာကျမ်းကို ဇာတ်လမ်းလေးနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရေးထားလို့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ် ဖြေးဖြေးဖတ်ကြည့်ပါတဲ့...။ 

စာအုပ်လေးအစမှာ စာရေးသူ ခွဲစိတ်ပါရဂူဒေါက်တာစိန်လင်းက အဘိဓမ္မာအကြောင်း သူဘယ်လိုလေ့လာခဲ့တယ် သူ့အနီးပတ်ဝန်းကျင်က စိတ်ဝင်တစားရှိတဲ့ သူ့တပည့်ဆရာဝန်တွေ မိတ်ဆွေတွေကို ဘယ်လိုပြန်မျှဝေခဲ့တယ်ဆိုတာကို ဝတ္ထုဆန်ဆန်လေး စိတ်ဝင်စားစရာ ကောင်းအောင် ရေးထားပါတယ်...။ ကျွန်မက ဒေါက်တာရေးသားဖော်ပြထားတဲ့ ရွှေစင်မြင်းမိုရ် အဘိဓမ္မာကို ကျွန်မဖတ်ဖြစ်သလောက် ခေါင်းစဉ်လိုက်အပိုင်းခွဲပြီး စေတနာအရင်းခံနဲ့ တရားအလှူလေးပေးချင်လို့ ပြန်မျှဝေချင်လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ..။ ကိုယ်သိတာလေးကို သိသလောက်လေးကို Apply ပြန်လုပ်ချင်တာပါ...။ ကျွန်မ ဘလော့ကိုလာဖတ်တဲ့ စာဖတ်သူအားလုံးကို ဒီပို့စ်လေးနဲ့ ကုသိုလ်ရစေချင်တာပါ...။


အဘိဓမ္မာမိတ်ဆက် 

အဘိ       = သာလွန်သော၊ မြင့်မြတ်သော၊ ကောင်းမွန်သော (Higher, Marvellous, Excellent)
ဓမ္မ         = တရား (Doctrine)
အဘိဓမ္မာ = Higher Doctrine or Marvellous teaching of Buddha's Doctrine

အဘိဓမ္မာဆိုတာ ထူးကဲမြင့်မြတ်တဲ့ ဗုဒ္ဓရဲ့တရားဒေသနာတော် ဒါမှမဟုတ် သင်ကြားပို့ချချက်များလို့ ဆိုနိုင်ပါတယ်..။ ဒီနေရာမှာ ဗုဒ္ဓဟောထားတဲ့ တရားအားလုံးကို အမျိုးအစားခွဲခြားကြည့်ရင် သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကတ်သုံးပုံကိုတွေ့ရမှာပါ...။

သုတ္တန် ဆိုတာ ဝေနေယျပရိတ်သတ်တို့ရဲ့ အလိုဆန္ဒနဲ့လျော်ညီတဲ့ တရားကို လူအများနားလည်အောင် ဟောကြားထားတာ...။
ဝိနည်း က ရဟန်း သံဃာများလိုက်နာစောင့်ထိန်းဖို့ဟောထားတဲ့ စည်းကမ်းချက်တွေ....။
အဘိဓမ္မာ က အမြဲမှန်ကန်တဲ့ ပရက်မက်တရားတွေကိုဟောထားတာ...။

ပိဋကတ်သုံးပုံမှာ ဓမ္မက္ခန္ဓာဆိုတဲ့ တရားအစုပေါင်း ၈၄၀၀၀ ရှိတယ်...။

Three Baskets of Dhama 

သုတ္တန်    ဓမ္မက္ခန္ဓာ       ၂၁၀၀၀
ဝနည်း     ဓမ္မက္ခန္ဓာ      ၂၁၀၀၀
အဘိဓမ္မာ ဓမ္မက္ခန္ဓာ      ၄၂၀၀၀
                        --------------
                           ၈၄၀၀၀

အဘိဓမ္မာက သုတ္တန်ထက် ဓမ္မက္ခန္ဓာပေါင်း နှစ်ဆပိုများသလို ဟောတဲ့အခါမှာလည်း သုတ္တန်နည်း အဘိဓမ္မာနည်း နောက် အပြန်အလှန်အမေးအဖြေလုပ်ပြီး ဆွေးနွေးတဲ့နည်းသုံးနည်းနဲ့ ဟောထားလို့ အလွန်ထူးခြားကျယ်ဝန်းပါတယ်..။ ခန္ဓာငါးပါးနဲ့ ပတ်သက်ပြီး သိသင့်တာမှန်သမျှေ ဟောထားလို့ အလွန်ထူးကဲတဲ့ တရားလို့ဆိုရတာပါ...။

ဓမ္မစကြာနဲ့ ပဌာန်းက ဘယ်ထဲမှာပါလဲ?

ဓမ္မစကြာက တရားနာပရိတ်သတ်ဖြစ်တဲ့ ပဉ္စဝဂ္ဂီငါးဦးကို သစ္စာလေးပါးထိုးထွင်းသိမြင်သွားအောင် ဟောထားလို့ သုတ္တန်ထဲမှာပါတယ်..။ နောက်လူအများရွတ်ဖတ်တဲ့ မဟာသမယသုတ်ကလည်း တရားနာ နတ် ဗြဟ္မာတွေရဲ့ နာမည်ကို တစ်ဦးစီခေါ်ဝေါ်နှုတ်ဆက်ပြီး သူတို့နဲ့ သင့်တော်တဲ့စရိုက်ကို လိုက်ပြီး ဟောထားလို့ သုတ္တန်ပါပဲ...။ ပဌာန်းတရားတော်ကတော့ အလွန်နက်နဲသိမ်မွေ့တဲ့  အဘိဓမ္မာလို့ဆိုရမယ်..။ အဘိဓမ္မာခုနှစ်ကျမ်းမှာ သတ္တမမြောက်နဲ့ အထူးခြားဆုံးကျမ်းပဲဖြစ်တယ်...။

သုတ္တန်နဲ့အဘိဓမ္မာ ဘယ်လိုကွာခြားလဲ?

သုတ္တန်မှာ ဘုရားက သမ္မုတိသစ္စာလို့ခေါ်တဲ့ အများအသိမှတ်ပြုထားတဲ့ လူ နတ် သတ္တဝါ ယောကျာ်း မိန်းမ စတဲ့ ပညတ်တဲ့ အခေါ်အဝေါ်ကိုသုံးပြီး ဟောထားတာ၊ ဓမ္မစကြာမှာ အညာသိကောဏ္ဍညော၊ အာဋာနဋိတ်ယသုတ်မှာ စတရဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရမင်းကြီးတွေရဲ့ နာမည်ခေါ်ပြီး ဟောထားတယ်...။

အဘိဓမ္မာမှာတော့ သမ္မုတိသစ္စာကို မသုံးတော့ဘဲ ပရမက်လို့ခေါ်တဲ့ အစဉ်အမြဲ မဖောက်ပြန်မှန်ကန်တဲ့ Ultimate Truth ကိုသုံးပြီး ဟောထားလို့ လူ နတ် ဗြဟ္မာတွေရဲ့ နာမည်ကို တွေ့ရမှာမဟုတ်ဘဲ ခန္ဓာ၊ အာယတန၊ စိတ်၊ စေတသိက်၊ ဓါတ်၊ သစ္စာတွေပဲ တွေ့ရမှာပါ...။


ပရမက်လေးပါး

                ၊                             ၊                                  ၊                         ၊
                စိတ်                  စေတသိက်                          ရုပ်                    နိဗ္ဗာန်


စိတ်  -    အာရုံကို သိတတ်သော သဘောတရား (Consciousness or awareness of the object) 

စေတသိက် -  စိတ်ကိုမှီတွယ်၍ စိတ်ကိုခြယ်လှယ်သော သဘောတရား (Mental factors)

ရုပ်   -   အပူ အအေး စသောဆန့်ကျင်ဘက်တရားများကြောင့် အစဉ်ဖောက်ပြန်နေသော တရား
(Matter and Energy) 

နိဗ္ဗာန်       -      ဒုက္ခခပ်သိမ်းမှ ချုပ်ငြိမ်းခြင်းသဘောတရား (သို့) ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့  အကြောင်းတရား လေးပါးတို့ရဲ့ ပြုပြင်ဖန်တီးမှုကင်းသော သဘောတရား (Nivana)

မှတ်ချက်။      ။ ခွဲစိတ်ပါမ္ခော ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်သည်။ စာအုပ်က အထူကြီးမို့ ကျွန်မဖတ်ပြီးသလောက်တော့ အပိုင်းလေးတွေ ခေါင်းစဉ်လေးတွေခွဲပြီး တင်ပေးသွားမှာပါ...။


မိုးငွေ့

Friday, 12 July 2019

Plead.....(Bangkok Love Stories)





ကျွန်မဖုန်းထဲကို Netflix App ထည့်ပြီး ရုပ်ရှင်တွေကို ဝယ်ကြည့်နေတာ သုံးလလောက်ရှိပြီ...။ သူက တစ်ကားပြီးထက် Series တွဲတွေပဲတင်ပေးတာများတယ်...။ ကျွန်မ ကိုးရီးယားကား နဲ့ အနောက်တိုင်းကားတွေထက် ထိုင်းစီးရီးတွဲတွေပိုကြည့်များတယ်..။ သူတို့စကားလည်း နားလည်တော့ ပိုကြည့်ဖြစ်သွားတာလဲ ပါပါတယ်...။ စကြည့်ကတည်းက ကောင်းတဲ့ကားလေးတွေ Recommend ပေးချင်တဲ့ ကားလေးတွေရှိတယ် ...။ ခုဒီကားလေးကတော့ လောလောလတ်လတ် ကြည့်ထားတဲ့ ကားပါ 13ပိုင်းပဲပါပါတယ်...။ You Tube ကနေကြည့်လည်းရမယ်ထင်တယ် အင်္ဂလိပ်စာတန်းထိုးတော့ ကြည့်ရတာ လူတိုင်းအတွက် အဆင်ပြေပါတယ်...။

ထိုင်းဇာတ်လမ်းတွဲတွေ တော်တော်များများကြည့်ဖူးခဲ့ပါတယ်...။ ဘန်ကောက်မြို့ရဲ့ တရုတ်တန်းမှာ နေထိုင်ကြတဲ့ ဗေဒင်ဟောခန်းဖွင့်ထားတဲ့ မိသားစုလေးတစ်ခုရဲ့ အကြောင်းအရာလေးကို အခြေခံပြီး ရိုက်ပြထားတဲ့ အချစ်ဇတ်လမ်းလေးတစ်ခုပါ..။ ဒီဇာတ်လမ်းတွဲမှာပါတဲ့ မင်းသားနဲ့မင်းသမီးက အသစ်ကလေးတွေ သူတို့ကို ခုမှတွေ့ဖူးတာ...။ အသစ်တွေဆိုပေမယ့် သူတို့ရဲ့ သရုပ်ဆောင်က သိပ်ကောင်းတာပဲ...။ မင်းသားဆို ဒီဇာတ်မှာ မျက်မမြင်အဖြစ်သရုပ်ဆောင်ရတာ အသစ်ဆိုပေမယ့် သူက တကယ့်မျက်မမြင်တစ်ယောက်အတိုင်း သရုပ်ဆောင်နိုင်တယ် သူ့မျက်လုံးတစ်စုံက ကြည့်လိုက်ရင် ဘာမှမမြင်နိုင်တဲ့ အကန်းတစ်ယောက်လိုပဲ... သိပ်တော်တယ်...။ ခုနောက်ပိုင်း ကျွန်မတို့ဆီမှာလည်း Channel 4 တို့ Channel 7 တို့မှာ Forever Group ကမွေးထုတ်လိုက်တဲ့ သရုပ်ဆောင်သစ်လေးတွေ ဆိုလည်း သိပ်တော်ကြတယ် အသစ်တွေဆိုပေမယ့် အနုပညာမှာ Talent ရှိတဲ့သူတွေချည်းပဲ... တကယ်အားရဖို့ ကောင်းပါတယ်...။

ဒီဇာတ်လမ်းတွဲလေးမှာ မင်းသမီးက မင်းသားအတွက် ရေမွှေးလုပ်ပေးတဲ့ Love Scene ကို အကြိုက်ဆုံး...။ မိုးတွေသည်းတဲ့ညတစ်ညမှာ မျက်စိမမြင်တဲ့ မင်းသားကို စကားဖြူပန်းနဲ့  ပူစီနာရွက်တွေကို နှာခေါင်းမှာတေ့ပေးပြီး ဘာအနံ့လဲလို့မေးတဲ့အခန်းလေး....။ သိပ်ကို Romance ဖြစ်တာပဲ ကိုယ်ကလည်း ရိုမန့်ဇာတ်လေးကို ကြိုက်သူမို့ ကီးကိုက်သွားတယ်...။ Netflix ရှိတဲ့သူတွေကို ဒီကားလေးကြည့်ဖို့ ညွှန်းချင်ပါတယ် ...။ ပြီးတော့ ဝမ်းနည်းတတ်ရင် လက်ကိုင်ပုဝါလေး ဆောင်ထားပြီးမှ ကြည့်နော်...။ ကျွန်မကတော့ ညလုံးပေါက်ကြည့်ပြီး မျက်ခွံတွေကိုရောင်လို့ ငိုရတာ...။ ဇာတ်သိမ်းကိုပြောပြချင်ပေမယ့် ကြိုသိရင် ဇာတ်ပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ အစအဆုံး ကြည့်ကြည့်ပါလို့...။ ကျွန်မက အကျင့်တစ်ခုမကောင်းတာ ဇာတ်လမ်းတွဲဆို တထိုင်ထဲ ညလုံးပေါက်ကြည့်တတ်သူမို့ အိပ်ရေးပျက်တယ်...။ အိပ်ရေးပျက်ရင် မိုးလင်းတာနဲ့ မျက်နှာမှာ အဖုတစ်ခုကထွက်လာရော ...။  ဒါကြောင့် Netflix ကို စယူကတည်းက ဒီနေ့ထိ မကြည့်ဖြစ်တာ တစ်လနီးပါးလောက်ရှိပြီးမှ ဒီကားလေးကိုအသစ်တင်ထားတာတွေ့လို့ ဝင်ကြည့်လိုက်တာ..။ အဲဒါ တစ်ညတည်း 11ပိုင်းထိကြည့်ဖြစ်ပြီး ကျန်နှစ်ပိုင်းကို နောက်ညမှ အပြီးသတ်လိုက်ရတာ...။






အရင်ကြည့်ဖူးထားတဲ့ ကျွန်မကြိုက်တဲ့ BKK Stories တခုရှိသေးတယ် အဲဒါလေးကို နောက်တစ်ပို့စ်မှာ တင်ပေးမယ်နော် ခုတော့ ဒီကားလေးကို အရင်ကြည့်စေချင်လို့...:)

ဒီပိတ်ရက်မှာခရီးထွက်မယ် ဒီညနေပဲ Elite VIP နဲ့ မန္တလေးသွားမယ်...။ အင်း၀ စစ်ကိုင်း မုံရွာဖက်ရောက်မယ် ခရီးသွားပို့စ်လေးမျှော်နေနော်....။


BTW.... TGIF!!!!!


မိုးငွေ့

Wednesday, 10 July 2019

Home made Panini.....

 



Panini ဆိုတာ အီတာလျံတွေစားတဲ့ အသားနဲ့ချိစ်အစာသွပ်ပြီး စက်နဲ့အပူပေးဖိထားတဲ့ ပေါင်မုန့်တစ်မျိုးပါ..။ စမီးက အိမ်မှာ Panini Press မရှိတော့ အကင်ဒယ်ပြားမှာယောင်းမနဲ့ ဖိပြီးပြားပေးပါတယ်...။ ပေါင်မုန့်ကို ဓါးနဲ့ခွဲပြီး အထဲမှာ Ham နဲ့ mozzarella ထည့် ဒယ်ပြားပေါ်တင်ပြီး အပြားဖိလိုက်တယ် ဒါပါပဲ အလွယ်ကလေးရယ်....။ Ham နဲ့ cheese မထည့်ချင်ရင် Tuna တို့ Scramble eggs တို့ထည့်စား လည်းရတယ်...။ အပြားဖိအပူပေးတဲ့ ပေါင်မုန့်ဆိုတော့ cheese ကတော့မပါမဖြစ် ထည့်ပေးရမယ်ရှင့်....။  ဒါမှ စေးကပ်ပြီး ခွဲထားတဲ့မုန့်ထဲ အစာတွေထွက်မလာမှာလေ...။

Actually, I used to have this Italian snack (Panini) at the Trade Mark Cafe. It's pretty simple and easy to make ham and cheese panini at home. Even I have no panini press at home,I used my grill pan instead . All you need to do is the potato masher to press the buns. For the fillings, put a piece of ham and as much cheese as you want. That’s it. The heat will melt the cheese inside and you’ll be intrigued to have a large bite once it’s cooked. It’s best served immediately. This panini entertain my taste buds very well. I used mozzarella cheese. You might use any cheese you like. The taste is equally good.






အရင်ဆုံး Panini လုပ်ဖို့ Hotdog ပေါင်မုန့်လုပ်နည်းလေး ပြောပြပေးမယ်...။ အိမ်မှာ မလုပ်ချင်ရင် လုပ်ပြီးသား Hotdog ပေါင်မုန့်ဝယ်လည်း ရပါတယ်...။


Ingredient for Buns

Bread Flour 250g
Yeast  1 1/4 tsp
A pitch of salt
Luke warm water 150ml
Butter 15g (room temperature)

Method

ပေါင်မုန့်ဂျုံနဲ့ဆားကို ဇကာစစ်ထားပါ...။ ရေကြက်သီးနွေးထဲကို တစေးနဲ့ ဂျုံမှုန့်တစ်ဇွန်းထည့်ပြီး ဆယ်မိနစ်လောက် အမြှုပ်ထလာတဲ့အထိစောင့်ပေးပါ..။ တစေးအမြှုပ်ထလာပြီးဆိုရင် ဇကာစစ်ထားတဲ့ ဂျုံမှုန်နဲ့ဆားကို မုန့်မွှေစက်ထဲထည့်ပါ ထောပတ်ထည့်ပါ တစေးစိမ်ထားတဲ့ရေ ထည့်ပါ Medium နဲ့ ဆယ်မိနစ်လောက်ရိုက်(မွှေ)ပေးပါ...။ မုန့်သားညက်လာရင် မုန့်လုပ်ခုံပေါ်ကို ဂျုံမှုန့်လေးနည်းနည်းဖြူးပြီး လက်နဲ့ ဆယ်မိနစ်လောက် ထပ်နယ်ပေးပါ...။ ပေါင်မုန့်လုပ်တိုင်း Window Pane Test လုပ်ဖို့မမေ့ပါနဲ့ ဒါမှ မုန့်သားညက်ပြီး ပေါင်မုန့်ကိုဆွဲလိုက်ရင် အတွင်းသားတွေနူးညံ့ပြီး မွမွလေးဖြစ်မှာပါ...။ မုန့်သားညက်ပြီဆို ဆီသုပ်ထားတဲ့ ဇလုံထဲ မုန့်လုံးကို အဖုံးအုပ်ပြီး တစ်နာရီခန့်အပွခံပါ...။ တစ်နာရီပြည့်ရင် မုန့်သားကိုလေထုတ်ပြီး 70g စီချိန်ပြီး မုန့်အလုံးလေးတွေလုပ်ထားပါ...။ ဒီ Recipe နဲ့ဆို မုန့်ငါးခု ရပါတယ်ရှင့်...။ ကျွန်မက စလုပ်တာမို့ ကျွန်မကြည့်ထားတဲ့ You Tube ထဲက လုပ်ပြတဲ့ အချိုးကို တစ်ဝက်ဝက်ထားတာပါ...။ 70g မုန့်သားလုံးလေးတွေကို  ဒလှိမ့်နဲ့နဲ့ ဘဲဥပုံခပ်ရှည်ရှည်လှိမ့်ပြီး လိတ်လိုက်ရုံပါပဲ...။ ပိုနားလည်လွယ်အောင် ကျွန်မကြည့်ထားတဲ့ You Tube ကိုပါတင်ပေးထားပါတယ်...။ လိတ်ထားတဲ့ မုန့်သားတွေကို ရေစိုဝတ်လေးနဲ့ အုပ်ပြီး 45မိနစ်လောက်အပွထပ်ခံပေးပါ...။ မုန့်မျက်နှာပြင် တောက်ပစေဖို့ ရေစိုအုပ်ထားတဲ့ မုန့်သားတွေကို Spray ရေဗူးနဲ့ ရေဖျန်းပေးပါ...။


220ံC ကြိုတင်အပူပေးထားတဲ့ မီးဖိုထဲ 12-15 မိနစ်ထိဖုတ်ပေးပါ..။ အောက်ခံဗန်းမှာ ရေတစ်ခွက် ဖြည့်ပေးပါ...။ အပေါ်မီးနဲ့ကင်ပြီး အောက်ကိုတော့ ပေါင်းတဲ့နည်းနဲ့ဖုတ်တာပါ...။ ကျွန်မသုံးတဲ့ မီးဖိုနဲ့ဆို 15မိနစ်လောက်က အနေတော်ပဲ မုန့်အရောင်လဲလှတယ်...။ ရလာတဲ့မုန့်ကို ဇကာထဲ အ၀တ်ထည့်ပြီး အုပ်ထားပါ နောက်နေ့မနက် ကိုယ်ကြိုက်ရာလုပ်စားလို့ရပါပြီ...။ Panini လုပ်ဖို့က မုန့်ကို ဘေးတိုက်ဓါးနဲ့ ပြတ်ခါနီးထိခွဲချပြီး Ham နဲ့ Cheese ကိုသေချာသိပ်ထည့် အကင်ဒယ်ပြားပေါ်တင်ပြီး အာလူးခြေတံနဲ့ပြားအောင်ဖိချလိုက်တာပါ..။ တစ်ဖက်ကို 2မိနစ်စီလုပ်ရင်ရပါပြီ အထဲက ချိစ်လည်း အရည်ပျော်ပြီး မုန့်နဲ့စေးကပ် နေပြီဆိုတော့...။ ငံငံဆိမ့်ဆိမ့် အရသာနဲ့ အီတလီပါမုန့်ပူပူနွေးနွေးကို မြိန်ရှက်စွာ စားသုံးနိုင်ပါပြီ...။






ဒါလေးက Detox ရေပါ   ရေသန့်ထဲကို နာနတ်သီးအတုံးသေးသေးလေးနဲ့ ပူစီနံရွက်ထည့်ပြီး ရေခဲသေတ္တာထဲ တစ်ညသိပ်ထားတဲ့ နာနတ်သီးရည်ပါ ချဉ်ချဉ်မွှေးမွှေးနဲ့ နာနတ်သီးစိမ်တဲ့ ရေသောက်ရင် 
အဆိပ်အတောက်ပြေတဲ့အပြင် အဆီလဲကျစေပါတယ်... ခန္ဓာကိုယ်တွင်း ကိုယ်ပမှာရှိတဲ့ ရောင်ရမ်းတာတွေလည်း ပျောက်ကင်းသက်သာစေပါတယ်



 ဒီဗူးလေးကို Japan Store က၀ယ်လာခဲ့တာ ချစ်စရာလေးမို့ ကျွန်မက ကျွန်မရဲ့ Keto စားသုံးသူအတွက် Panini ကို နှစ်ပိုင်းပိုင်း ခဲပတ်နဲ့ထုတ်ပြီး ဒီဗူးထဲထည့်ထားတာပါ... 





Enjoy Baking!!!!
ဇွန်လိုင်(၁)ရက်နေ့ကစပြီး မီတာခတွေ နှစ်ဆကျော်လောက်တက်တော့မှာဆိုတော့ မုန့်ဖုတ်ဖို့တောင် စဉ်းစားနေရတယ်....။

မိုးငွေ့

Monday, 1 July 2019

ACA(Against Child Abuse).....




ပွင့်လင်းမြင်သာတဲ့ ဒီဖက်ခေတ်မှာ လူတွေ ဘာလုပ်လုပ်ဘာဖြစ်ဖြစ် နေ့ချင်းညချင်း သိနိုင်နေကြတာနဲ့ အမျှ မကောင်းမှုကျူးလွန်တဲ့သူတွေကလည်း ပိုပိုများလာတယ်...။ အဆိုးဆုံးက မုဒိန်းမှု အဲဒီထက် အဆမတန်ပိုဆိုးတာက သက်ငယ်မုဒိန်းမှု ကျွန်မ ဒီစကားလုံးကို မရေးချင်ဘူး ဖြစ်နိုင်ရင် ကျွန်မရဲ့ စာမျက်နှာမှာ ဒီစကားလုံးမပါစေချင်ဘူး...။ ဒါပေမယ့် သမီးလေး Victoria အတွက် မြန်မာပြည်မှာ ကမ္ဘာမှာရှိတဲ့ သမီးလေးတွေအားလုံးအတွက် တတ်နိုင်သလောက် ရပ်တည်ပေးချင်တယ်...။ ကျွန်မ Facebook မသုံးပါဘူး ဒီသတင်းကို ကျွန်မ Youtube ကတဆင့်သိရတာ...။ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ကစလို့ အနုပညာရှင်တွေတော်တော်များများ ဒီကိစ္စမှာ တတ်နိုင်သလောက် ပါဝင်ရပ်တည်ပေးနေတာ အမှန်တရားထွက်ပေါ်လာဖို့ ကြိုးစားတိုက်တွန်းနေတာတွေတွေ့ရလို့ မျက်ရည်လည်မိတယ်... ၀မ်းသာအားရမိတယ်...။ ပြီးတော့ ဒီပို့စ်လေးကို ကလေးချစ်တတ်တဲ့ သူတစ်ယောက် ကိုယ့်ရဲ့ ကလေးဘ၀ ငယ်ဘ၀ကို အလေးထားမြတ်နိုးတဲ့သူတစ်ယောက်အနေနဲ့ ရေးသင့်တယ်ထင်လို့ ရေးလိုက်တာပါ...။ 

သမီးလေး Victoria ရဲ့ အမှုဖြစ်စဉ်ကို လူတိုင်းနည်းပါး သိလောက်ပြီထင်လို့ ကျွန်မမရေးပြတော့ပါဘူး...။ အဓိကပြောချင်တာ ကျောင်းမှာအုပ်ထိန်းတဲ့ဆရာမပဲ.... အဲဒီဆရာမ အသုံးမကျတော့မှ ကလေးတွေကို ကျောင်းမှာ ဘယ်လိုမိဘမျိုးက စိတ်ချလက်ချအပ်ထားဖို့ ယုံကြည်မှုရှိကြတော့မှာလည်း...။ ဒီအမှုမှာလည်း ဆရာမကိုယ်တိုင်ပါ ဒီကလေးပိစိလေးဖက်က မရပ်တည်ဘဲ ဘာကြောင့်...တရားခံဖက်က ဖုံးကွယ်ထွက်ဆိုတာလည်း...။ ဆရာမဆိုတာ အမျိုးသမီးနော် အဲဒီဆရာမက အိမ်ထောင်ရှိလားမရှိသလား ကျွန်မမသိဘူး ..။ အိုကေ အိမ်ထောင်မရှိ သားသမီးမရှိလို့ သားသမီးချင်းကိုယ်ချင်းမစာတတ်ရင်တောင် သူကိုယ်တိုင်က မိန်းမတစ်ယောက်လေး အမျိုးသမီးတစ်ယောက်လေ... အဲဒီကလေးလေးနေရာမှာ သူငယ်ငယ်တုန်းကသာဖြစ်ခဲ့ရင် သူ့ညီမလေးသာဖြစ်ခဲ့ရင် သူ့တူမလေးသာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးထက် သူ့ခေါင်းထဲမှာက ဘာရှိနေတာလဲ ငွေတွေလား ကန်တော့ပါရဲ့ ချီးတွေပဲရှိနေတာလား ...။ ဆောရီးပါ ကျွန်မရေးနေရင်း ဒေါသနည်းနည်းပါသွားတယ်...။ ဘာကြောင့်အမှန်တရားဖက်က ရပ်တည်ရမှာကို ကြောက်နေတာလည်း ဒါဟာ တဖို့တည်းကြည့်တာ တကိုယ်ကောင်းဆန်တာပဲ...။ ဘာလဲ အလုပ်ပြုတ်မှာ ကြောက်လို့လား ဒီကျောင်းမှာဆရာမလုပ်ပြီး ၀င်ငွေမရှိရင် ထမင်းငတ်တော့မှာလား ... ဆရာတစ်ယောက်ရဲ့ စိတ်ဓါတ်မရှိဘဲ ဆရာမလုပ်နေသေးတယ် တော်တော်ရွံဖို့ကောင်းတယ်...။ ခုကိစ္စမှာ တရားခံဘယ်သူဆိုတာ ထင်ရှားနေပြီး အမှုက ဝေ့နေတာ ရှည်နေတာ အင်းအားကြီးရင် ကျောထောက်နောက်ခံကောင်းရင် အမှန်တရားကို အလွယ်ကလေး ဖုံးဖိထားနိုင်ကြပြီလား...။ တရားခံမိပြီဆိုရင်တောင် အဲဒီမျက်မြင်သက်သေ ဆရာမကို လုံးဝ လစ်လျူရှုဖို့မကောင်းဘူး သူ့ကိုပါ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးသင့်တယ်...။ ကလေးတွေအပြစ်ကျူးလွန်တာကို ဆရာမတစ်ယောက်က မဆုံးမတဲ့အပြင် ဖုံးဖိပေးထားတယ် ဆိုမှတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ်အတွက် ဘယ်လိုမှ မကောင်းနိုင်တော့ဘူး..။

You Tube မှာ Face Book မှာ ကိုယ့်ကိုယ်ကို Popular ဖြစ်ချင်လို့ လူတွေရဲ့ Attention ကိုလိုချင်လို့ ဗီဒီယိုတင်နေကြတဲ့ သူတွေကိုလည်း နှိုးဆော်ချင်ပါတယ် ဒီကိစ္စကို ထိထိရောက်ရောက်လေး ပြောပေးသင့်တယ် တရားလိုရဲ့မိဘတွေရဲ့ စိတ်ဓါတ်မကျအောင် လဲပြိုမသွားအောင် ငွေအင်အား အာဏာပါဝါတွေနဲ့ ပိမသွားအောင် ရပ်တည်ပေးပါ လုပ်ဆောင်ပေးကြပါလို့...။ ပြီးတော့ ကလေးတွေကို ကျောင်းမှာ Sex education သင်ပေးသင့်နေပါပြီ ဘယ်ခေတ်ရောက်နေလို့လဲ...။  ကလေးတွေရဲ့ ခန္ဓာအစိပ်အပိုင်း ဘယ်နေရာက လူအများကို ပြသင့်တယ် မပြသင့်ဘူး အဲလိုတွေပေါ့...။ ကမ္ဘာက ရွာဖြစ်နေပြီ... ဘာလို့ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ နေနေဦးမှာလည်း...။ မျက်စိပွင့်ကြပါတော့ နားစွင့်ထားကြပါတော့...။

တစ်ခုပြောပြချင်တယ် မိန်းကလေးဖြစ်ရတာ အင်မတန် အန္တရာယ်ကြီးပါတယ်...။ မိန်းကလေးမွေးထားရင် စိတ်ချလက်ချမထားခဲ့ကြပါနဲ့...။ ကိုယ့်ရဲ့ ဦးလေးတွေ အစ်ကိုတွေ  မောင်တွေ ဆွေမျိုးသားချင်း ဘယ်သူ့ကိုမှ မယုံကြည်သင့်ပါဘူး ...။ သူတို့ ဘယ်ချိန် စိတ်ဖောက်ပြန်လာကြမလဲဆိုတာ ဘယ်လိုမှကြိုမသိနိုင်ဘူး..။ ဒါကြောင့် မဖြစ်သင့်တာမဖြစ်ဖို့ ကြိုတင်ကာကွယ်မှုယူကြဖို့ ဘယ်တော့မှ မမေ့စေချင်ဘူး...။ မနေ့တုန်း က ဒီအမှုနဲ့ ပတ်သက်ပြီး နေခြည်ဦးရဲ့ အင်တာဗျူးတစ်ခုကို ကြည့်လိုက်ရတယ်...။ သူအသက် ၁၃ ၁၄ နှစ်အရွယ်လောက်တုန်းက သင်္ကြန်မှာ ယောက်ျားတစ်ယောက် အနောက်ကနေ သူ့တင်ပါးကို ကိုင်ခဲ့ဖူးတဲ့ အကြောင်းပြောပါတယ်...။ အဲဒီတုန်းက သူအရမ်းကြောက်လို့ အနောက်က ဘယ်သူလည်းဆိုတာ လှည့်မကြည့်ခဲ့ဘူးတဲ့...။ ပြီးတော့ အိမ်ကို တန်းပြေးသွားလိုက်တာ မိဘကိုလည်း ဘယ်လိုပြောပြရမှန်းမသိလို့ မပြောခဲ့မိဘူးဆိုပြီး ပြောပြထားတယ်...။ အဲဒါလေးပြောချင်တာ ကိုယ့်မှာ သမီးကလေးတွေရှိရင် သေချာမှာထား သင်ထားပေးကြပါ ဘယ်နေရာကိုလာထိရင် လာကိုင်ရင် ကိုယ့်မိဘ အုပ်ထိန်းသူ လူကြီးတစ်ယောက်ယောက်ကို ချက်ချင်းပြောပြရမယ်ဆိုတာပါ...။ အဲလိုပြောပြဖို့ မကြောက်ဖို့ သေချာသင်ပေးကြပါ...။

ကျွန်မတို့ ငယ်ငယ်တုန်းက အိမ်မှာ ဗီဒီယိုရုံဖွင့်ထားတယ်..။ အဲမှာ မီးစက်နှိုးဖို့ ဗီဒီယိုတွေလာပြပေးဖို့ ဦးလေးတစ်ယောက်ကို ငှားထားတယ် ..။ ကျွန်မတို့ မိသားစုနဲ့လည်း သိပ်ရင်းနှီးပါတယ်...။ အဲခေတ်က ဗီဒီယိုပြရင် ပို့စတာကို White Board မှာ ပုံဆွဲပြီး လူစိတ်ဝင်စားမယ့် စာတွေဘာတွေ ကြော်ငြာပြီးရေးရတာပေါ့...။ ဟောင်ကောင်အက်ရှင်ကားတွေဆို ခေတ်ပေါ်တရုတ်ကား အဲလိုတွေ ရေးတယ်...။ ရေးပေးတဲ့ ပန်းချီဆရာဦးလေးကြီးက“ခေတ်”ကို ခခွေးနဲ့ တ၀မ်းပူကပ်ရေးတော့ “ဆော်”လို့နောက်ပြီး အသံထွက်ကြရာက .. ဆော်ပေါ်ကားဖြစ်သွားရော...။ ဟောင်ကောင်အက်ရှင်တွေက ဟိုအခန်းဒီအခန်းတွေ ပါတော့ အဲလိုဇာတ်ကားမျိုးဆို ဆော်ပေါ်ကားဆိုပြီး နာမည်သွင်သွားတယ်...။ အဲတုန်းက ကျွန်မအသက် ခုနှစ်နှစ် ရှစ်နှစ် ဘောင်းဘီတိုလေးနဲ့ ရေတွင်းမှာ ရေချိုးတော့ အဲဒီဦးလေးက နောက်ဖေးမှာ မီးစက်လာနှိုးရင်း ကျွန်မရေချိုးနေတာကို ကြည့်ပြီး ဆော်ပေါ်လေး ဆော်ပေါ်လေးလို့ နောက်တယ်...။ အဲဒီအရွယ်မှာ သူဘာကို ရည်ရွယ်ပြီး အဲလိုပြောလည်းဆိုတာ ကျွန်မကောင်းကောင်းသိနေပြီ...။ Sense လည်းရနေတယ်...။ ဒါငါ့ကို နှာဘူးကျနေတာပဲဆိုတာပေါ့...။ အဲတုန်းက ဗီဒီယိုလာကြည့်ကြတဲ့ တပ်ထဲက စစ်သားတွေဆိုလည်း ကျွန်မကို ပါးလာဆွဲပြီး ချစ်စရာလေးတို့ ဘာတို့လာလုပ်ရင် သိပ်ရွံတာပဲ သူတို့က ကလေးလေးဆိုပြီး တကယ်ချစ်စရာကောင်းလို့ လုပ်တာမှမဟုတ်ဘဲ...။ သူတို့ရဲ့ အမူအရာ အသံ အပြောအဆေိုတွေဆီကနေ ကျွန်မက Sense ရနေပြီးသား...။

တနေ့မှာ ဗီဒီယိုရုံဘေးပေါက်ကနေ ဇာတ်ကားကောင်းလို့ နေရာမရှိတာနဲ့ ခုံတစ်လုံးပေါ်တက်ပြီး အရှေ့ကပိတ်နေတဲ့သူတွေကို ကျော်ကြည့်နေတုန်း လူတစ်ယောက် ကျွန်မအနောက်ကနေ တင်ပါးကို လက်နဲ့လာကိုင်တယ်...။ အဲတုန်းက ကျွန်မက နေခြည်ဦးလို လှည့်မကြည့်ရဲလို့ ထွက်မပြေးခဲ့ဘူး ကျွန်မ ချက်ချင်းလှည့်ကြည့်လိုက်တယ်..။ အဲလူက စစ်တပ်ထဲက စစ်သားပဲ ကုလားကြီး အရပ်ရှည်ရှည် အသားမဲမဲ မျက်လုံးပြူးပြူးနဲ့ ကျွန်မသူ့နာမည်ကိုမသိပေမယ့် သူ့ကို မျက်မှန်းတန်းမိနေတယ်..။ ကျွန်မ ချက်ချင်း ကျွန်မအမေကိုပြောပြတော့ အမေက တပ်ထဲက RP ဘာရာထူးလည်းတော့မသိဘူး စစ်သားတွေထဲမှာတော့ တပ်ကြပ်ကြီး အကြီးထဲကပဲ အဲဒီဦးလေးကြီးကို တိုင်လိုက်တာ နောက်အဲလူ အိမ်ကို မလာရတော့ဘူး...။ အဲဒီတုန်းက ကျွန်မက ရှစ်နှစ်လောက်ဆိုပေမယ့် အရပ်ရှည်တယ် ထွားတယ် စကပ်တို့ ဘောင်းဘီတို့ဝတ်ပေမယ့် အဲနေ့က ၀တ်ထားတဲ့ အ၀ါနဲ့လိမ္မော်စပ်ပွင့်ရိုက် ချည်သားလုံချည်လေးကို... ကျွန်မခုထိမှတ်မိနေတယ်...။ အဲဒီလူ အဲလိုကိုင်သွားတဲ့ နေ့ကစပြီး ကျွန်မ အဲဒီလုံချည်ကို လုံးဝမ၀တ်တော့ဘူး ...ထိကိုမထိတော့တာ ..။ အဲဒါမျိုးက စိတ်မှာ ဒဏ်ရာဖြစ်တာ နှစ်ပေါင်းကြာတတ်တယ်..။ တော်တော်နဲ့ မမေ့နိုင်ဘဲ တွေးမိတိုင်း စက်ဆုတ်ရွံရှာနေတာမျိုး..။

ဆိုတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ ဒီခေတ်မှမဟုတ်ပါဘူး ခေတ်အဆက်ဆက် ရှိခဲ့ကြတယ် ရှိခဲ့ကြမယ်...။ ရာခိုင်နှုန်းနည်းတာနဲ့ များတာပဲကွာခြားမယ်....။ ခုလို မြင်သာထင်သာလာတယ် ဆိုတာလည်း အင်တာနက်ကိုလူတိုင်းသုံးနိုင်နေကြလို့ပါပဲ..။ ဘယ်လိုပဲဖြစ်ဖြစ် သမီးလေး Victoria အတွက် အမှန်တရားတစ်ခုကို အမြင်ဆုံး ဖော်ထုတ်ပေးစေချင်တယ် ပေါ်ထွက်လာစေချင်တယ်...။ အမြင်ဆုံးလည်း ဖော်ထုတ်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်...။ ဒီကိစ္စက ဒီတစ်ခုကျမှ သည်းသည်းလှုပ်တာ မဟုတ်ပါဘူး...။ ဒီလိုပဲ ငွေများငွေနိုင်နဲ့ ပြီးဆုံးသွားကြတဲ့ လူမသိ သူမသိ အမှုတွေ အများကြီးရှိခဲ့မှာပဲ....။ အဲလိုတွေထပ်မဖြစ်အောင် ဒီအမှုကိုတော့ပေါ်စေချင်တယ် သင်ခန်းစာကြီးကြီး ပေးချင်တယ်...။ ဒီလိုအမှုကို ကျူးလွန်တဲ့ တရားခံကိုလည်း နိုင်ငံတကာကလို ထိရောက်ကြီးလေးတဲ့ ပြစ်ဒဏ်ပုဒ်မတစ်ခု သပ်သပ်မတ်မတ် ထုတ်စေချင်တယ်....။  

သမီးလေး Victoria သာ ငါဖြစ်ခဲ့ရင်..... 
သမီးလေး Victoria သာ ငါ့သမီးဖြစ်ခဲ့ရင်..... 
သမီးလေး Victoria သာ ငါ့ညီမလေးဖြစ်ခဲ့ရင်..... 
သမီးလေး Victoria သာ ငါ့တူမလေးဖြစ်ခဲ့ရင်..... 
သမီးလေး Victoria သာ ငါ့ဆွေမျိုးသားချင်းဖြစ်ခဲ့ရင်.....ဆိုတဲ့ မိန်းမချင်း လူသားချင်း ကိုယ်ချင်းစာနာထောက်ထားတဲ့ အတွေးတစ်ခုနဲ့ပဲ တတ်နိုင်သလောက် ပါဝင်ရပ်တည် ကူညီပေးစေချင်ပါတယ်....။


မိုးငွေ့