Wednesday, 12 August 2009

အိပ်မပျော်သောညရဲ့ အမည်နာမများ.....




ဒီညနေ ကျမအွန်လိုင်းမသွားဖြစ်ဘူး ။ မနေ့က ပို့စ်တစ်ခုအတွက် ပုံတွေကို Edit လုပ်ထားတော့ ဒီနေ့ကိုနားလိုက်တယ်။ အိမ်မှာနေရင် စာလဲမဖတ်ဖြစ်ပါဘူး ။ ဒါနဲ့ 2005 ခုနှစ်ကတည်းက ဝယ်စုထားတဲ့ ပန်းလှိုင် ဂျာနယ် ကိုသူများပေးပစ်လိုက်တော့မလို့ ကျမကြိုက်တဲ့ Celebrities ပုံတွေကိုညှပ်ထုတ်ပြီး Album တစ်ခုလုပ်ဖို့ ရွေးနေလိုက်မိတယ်...။

ခါတိုင်းညတွေလိုပဲ ၁၁နာရီ အိပ်ယာဝင်ခဲ့တယ် ။ ဒါပေမယ့် မျက်လုံးတွေ ကြောင်ပြီး အိပ်မပျော်ဘူး ။ Mp4 ကို နားထဲထည့်ပြီး ဘလောဂ်အတွက်ဘာတွေ ဆက်ရေးရင် ကောင်းမလဲလို့ တွေးနေခဲ့မိတယ်။ သီချင်း အပုဒ် 80ကျော် နှစ်ကျော့ပြန်တာတောင် အိပ်မပျော်သေးဘူး..။ အချိန်ကိုလဲ ကြည့်မနေချင်တော့ဘူး...။ ဘယ်ချိန်ပဲဖြစ်ဖြစ် အိပ်ချင်တော့မှပဲ အိပ်တော့မယ်လို့ဆုံးဖြတ်ပြီး ရောက်တတ်ရာရာ လျှောက်တွေးနေမိရင်းက ကျမဘဝတစ်လျှောက်မှာ ကျမနဲ့ပတ်သက် ခင်မင်ရင်းနှီးသူတွေရဲ့ နာမည်တွေကို တန်းစီပြီး ပြန်တွေးနေမိတယ်..။

ကျမနှစ်သက်တဲ့ နာမည်တွေကို ခြုံကြည့်မိသလောက်တော့ အတော်များများ “မ”ပါတဲ့ နာမည်တွေဖြစ်နေတယ်။ ပြီးတော့ ရာသီဥတုနဲ့ပတ်သက်တဲ့ နာမည်မျိုး နွေတို့ မိုးတို့ ဆောင်းတို့ပေါ့..။ ဥပမာ နွေဦး၊ မေဦး၊ မိုးတိမ်၊ မိုးစက် စသဖြင့်ပေါ့ ဗျာ...။ လေပြေဆိုတဲ့နာမည်လည်းကြိုက်တယ်..။ မော်ဒယ်တွေ စခေတ်စားခါစ အချိန်က “အိုင်းရစ်လေပြေဦး” ဆိုတဲ့ မော်ဒယ်သရုပ်ဆောင်ကောင်မလေးရဲ့ နာမည်လည်းလှတယ်..။ ဗန်းဂိုးရဲ့ နာမည်ကြီး ပန်းချီကားတစ်ချပ်ဖြစ်တဲ့ ပန်းအိုးပုံရဲ့နာမည်က “အိုင်းရစ်ပန်း” တဲ့...။ သူ့နာမည်က အိုင်းရစ်ပန်းတွေကို ဖြတ်တိုက်လာတဲ့ “လေပြေဦး”လေးလို့သက်ရောက်မယ်ထင်တယ်..။ ဒီနာမည်ကို ဘယ်သူပေးခဲ့တယ်ဆိုတာ မသိရပေမယ့် တော်တော် အဓိပ္ပါယ်ရှိပြီး လှတဲ့နာမည်တစ်ခုပါ..။

အဆိုတော် “မိုးမိုး”ဆိုရင် ယောကျာၤးလေးပေမယ့် သူ့အမေက မိန်းကလေးတွေ မှည့်လေ့ရှိတဲ့ နာမည်မျိုးပေးခဲ့တယ်...။ မိုးတွေရွာတဲ့ တနင်္ဂနွေနေ့မှာ မွေးခဲ့လို့ “မိုးမိုး” လို့ခေါ်ခဲ့သတဲ့..။ သူ့စီးရီးကိုတောင်
“တနင်္ဂနွေ မိုးရေစက်များ” လို့နာမည် ပေးထားသေးတယ်လေ..။ အဲဒီလို ရာသီဥတုနဲ့ နေ့ရက်တွေကို တွဲဘက်ထားတဲ့နာမည်မျိုးကိုလည်း ကြိုက်တယ် ကျမက...။

Gun 'N' Roses အဖွဲ့ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ "November Rain" ကို အမှီပြုပြီးတော့လဲ
“နိုဝင်ဘာမိုး” လို့နာမည်သွင်တဲ့သူလဲရှိပါတယ်..။ "No" အဖွဲ့က “ရတနာ” ဆိုရင် "N0" အဖွဲ့မဖွဲ့ခင်က "Trio" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း “မေဦး” ဆိုတဲ့ ကောင်မလေးနဲ့ သီချင်းဆိုသေးတယ်...။ “မေဦး” နိုင်ငံခြားမှာ ကျောင်းသွားတက်တော့ သီချင်းဆက်မဆိုဖြစ်တော့တာဖြစ်မယ်..။ အဲ.....ကျမပြောချင်တာက “မေ”ဆိုတဲ့ နာမည်ကို ကျမကြိုက်တယ် ..။ မိန်းမလဲ ဆန်တယ်..။ မေဦး၊ မေသက်ဇော်၊ မေဇော် ဆရာမဂျူးရဲ့ ဝတ္ထုတစ်ပုဒ်က ဇာတ်ကောင်နာမည်ဆိုရင် “မေဇော်နု” တဲ့ နောက်ထပ်တစ်ယောက်ကျတော့ “မင်းညိုစင်”တဲ့..။ အဲဒီနာမည်လဲလှတယ်..။

ကျမတို့ ရှစ်တန်းကိုးတန်းမှာတုန်းက ကျောင်းမှာ အော်တိုစာအုပ်ရေးကြတာခေတ်စားတယ်..။ အဲဒီမှာ သူငယ်ချင်းတစ်ယောက်ရဲ့စာအုပ်မှာ ကဗျာလေးရေးပြီး အောက်မှာ နည်မည်ထိုးထားတာက “Essential မိုး” တဲ့....။ အဲဒီတုန်းက ဆရာမဂျူးရဲ့ “မရှိမဖြစ်မိုး” ဆိုတဲ့စာအုပ်ထွက်ခါစပေါ့...။ “မရှိမဖြစ်” ကိုသူက အင်္ဂလိပ်လို “ Essential” ဆိုတဲ့ စကားလုံးသုံးပြီး “မိုး”နဲ့ တွဲဖက်ထားတာ..။ အဲဒီကောင်မလေးဆိုရင် ကဗျာရေးတာလဲကောင်း..လက်ရေးလည်းလှမှလှပဲ..။ ဆယ်တန်းတုန်းက တွေ့ခဲ့တဲ့ သူငယ်ချင်းကျတော့ “သဉ္ဖာသက်ညို”တဲ့ ..။ ကျမသူ့နာမည် “ညို”ဆိုတာကို ကြိုက်လို့ ကျမရဲ့ အင်္ဂလိပ်နာမည် “Coral” နဲ့ တွဲဖက်လိုက်တာ...။

ဆယ်တန်းအောင်ပြီး အင်္ဂလိပ်စာသင်တန်းတက်တော့ ကျမတို့ ဆရာ(လူထု)ဦးစိန်ဝင်းဆိုရင် နာမည်ပေးသိပ်တော်တာဗျ...။ ကျောင်းလာအပ်တဲ့သူတိုင်းကို အင်္ဂလိပ်နာမည်ပေးလေ့ရှိတယ်...။ ကျမကိုဆိုရင် နာမည်မှာ “သန္တာ” ဆိုတာပါတော့ “Coral” ဆိုပြီးပေးခဲ့တယ်..။ ကျမထက်နည်းနည်းစောတက်တဲ့ old member ထဲက ကိုယ်လုံးကိုယ်ပေါက် လှလှနဲ့ မြန်မာလို အမြဲဝတ်တတ်တဲ့ ကောင်မလေးဆိုရင် “Monalisa” တဲ့....။ မိန်းမဆန်ဆန်လေးနဲ့မို့ ပေးထားတာဖြစ်မယ်...။ အဲဒီကောင်မလေးရဲ့ မြန်မာနာမည်က “ပျိုးယုဝသုန်” တဲ့...။ ကျမကြိုက်တဲ့ မိုးရာသီ “ဝသုန်”ဆိုတာပါတယ်...။ ကျမတို့နောက်မှာ ရောက်လာတဲ့ new member တွေတစ်ဖွဲ့ ရှိသေးတယ်...။ “ဇင်ကိုလင်း” ဆိုတဲ့ကောင်လေးကိုတော့ “Linnus” တဲ့... “ကျော်မျိုးဝင်း” ကို “Kespar” ...“ဉာဏ်ဝင်းကျော်”ကို “Wisdom” တဲ့....။ ဟော...“ဥမ္မာကျော်”ကိုကျတော့ “Amma” ...“ဝေမာကျော်”ကိုကျတော့ “ Willma ” တဲ့ဗျ...။ “ရဲမင်းထက်လတ်”ကိုတော့ “ Ronald”... “ရဲထူးနိုင်” က “ Reggie” တဲ့...။ “ရ” နဲ့စတဲ့သူတွေကို “R” နဲ့စတဲ့ နာမည်တွေပေးတာဖြစ်နိုင်တယ်..။

အဝေးရောက်နေတဲ့........ကျမမောင်လေးတစ်ယောက်ကျတော့...“ရဲစစ်ခေါင်”တဲ့...ဘယ်လောက်လှတဲ့ ယောကျာၤးပီသလိုက်တဲ့ နာမည်လေးလဲ...။ ကျမ “ရဲ” ဆိုတဲ့နာမည်ကိုမကြိုက်ပေမယ့် “စစ်ခေါင်”ကိုတော့ ကြိုက်တယ်..။ ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ဆိုရင် “မင်းခင်မျိုး” တဲ့..။ သူ့နာမည်က ယောကျာၤးနည်းနည်းဆန်တယ်...။ သူမမွေးခင်က သူ့အဖေက “ဒေါက်တာမင်းခင်မျိုး”ဆိုတဲ့ ဆရာဝန် တစ်ယောက် နာမည်ကိုကြိုက်လို့ ဆိုပြီး မှည့်ပေးခဲ့တာတဲ့...။ အဲဒီနာမည်မျိုးတွေကတော့ ရှားရှားပါးပါး နာမည်မျိုးတွေပေါ့...။ လူတွေ တော်တော်များများ သိပ်မပေးတတ်ကြတဲ့ နာမည်မျိုး...။ ကျမကတော့ နာမည် သိပ်ရှည်တာမျိုး မကြိုက်ဘူး...။ နာမည် နှစ်လုံး သုံးလုံးလောက်ပဲကြိုက်တယ်..။ ခုလောလောဆယ်အသိထဲက ကောင်မလေး တစ်ယောက်နာမည်ဆိုရင် “ရွှေရည်မြမြတ်စိုး” တဲ့....ငါးလုံးချည်းများတောင်နော်...။ ဒါပေမယ့် သူ့နာမည်လေးကျတော့ အဆင်ပြေပြေလေး ဖြစ်နေတယ်..။ အမွှေးအမျှင်ထူတဲ့ အဲဒီကောင်မလေးကို ကျမတို့က “ ရွှေရည်မျောက်မျောက်ဆိုး”ဆိုပြီး နာမည်ပြောင်ကိုခေါ်တတ်ကြတယ်..။

မန္တလေးသားတစ်ယောက်ဖြစ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ကျမဖုန်းတော်တော်ကြာပြောခဲ့ဖူးတယ်...။ သူ့နာမည်က “သက်ဇော်ဝေ”တဲ့..။ “သက်” နဲ့ “ဝေ” ဆိုတာ မိန်းကလေးတွေ အမှည့်များတဲ့နည်မည်ပါ..။ အဲဒါကို ကြားထဲမှာ “ဇော်” ပေါင်းထည့်လိုက်တော့ခေါ်လို့ကောင်းတဲ့ နည်မည်လှလှလေးဖြစ်သွားရော...။ “သက်ဇော်ဝေ”ဆိုတဲ့ ကောင်လေးက ကဗျာရေးသိပ်ကောင်းတာ... လက်ရေးလဲ ဝိုင်းဝိုင်းကြီးကြီးနဲ့ လှတယ်..။ မန္တလေးကစကား ရန်ကုန်ကအကြွား မော်လမြိုင်ကအစားဆိုတဲ့ အတိုင်း အဲဒီမန္တလေားသားကတော့ ကဗျာလှလှလေးတွေကို စပ်တတ်သလို စကားပြောလဲသိပ်ကောင်းပါတယ်...။

ကဲ.....ကျမအိပ်မပျော်လို့ တွေးမိသလောက်နာမည်လေးတွေကို ချရေးမိပါတယ် စာရွက်တွေပေါ်ကို... ဟော..ရေးလိုက်ပြန်ပါပြီတဲ့..ဘလော့ဂ်ပေါ်ကို...။ နောက်ဆိုရင် ကျမအိပ်မပျော်ရင် အိပ်ဆေးတွေ ဝယ်ပို့ပေးကြမယ်ထင်ပါရဲ့..။ သူအိပ်မပျော်တိုင်း ပေါက်ကရစာတွေရေးနေတော့မှာ ဆိုပြီး...:)




မိုးငွေ့


Tuesday, 4 August 2009

ကျမနှင့်ကံကောင်းခြင်းကံဆိုးခြင်းနိမိတ်.....



ကျမ မနက်မနက် အလုပ်သွားရင် မြေနီကုန်းကားဂိတ်ကို ကျမတို့ ကျွန်းတောလမ်းကနေ ဆယ်မိနစ်လျှောက်ရတယ်..။ ကားဂိတ်နားရောက်ခါနီး ရွှေမန်းရုပ်ရှင်ရုံရှေ့ကဖြတ်ရင် အပေါ်ကိုမော့ကြည့်လိုက် ဓါတ်မီးကြိုးပေါ်မှာ ခိုငှက်တွေ တန်းစီနေလိုက်ကြတာ...။ အောက်မှာလဲ အလုံတို့ ကြည့်မြင်တိုင်တို့ဘက်သွားမယ့် ကားဂိတ်မှာ ခိုစာရောင်းနေတဲ့မိန်းမရှိတယ်...။ ကျမဆိုရင် ခိုချေးပါချမှာစိုးလို့ အမြဲတမ်း အဲဒီနေရာကို ကွေ့ပတ်ရှောင်ပြီးမှသွားတယ်...။ ဒီနေ့ကျမှ မထင်မှတ်ပဲ မြေနီကုန်းကားဂိတ်အသွား မီးပွိုင့်အကွေ့လောက်မှာ တတောင်ဆစ်နား နွေးခနဲ အရေကျလာတယ်မှတ်တယ် ကြည့်လိုက်တော့ ခိုချေးပါချလိုက်တာဗျား....။ သေရော.....။

ကျမ အကျီၤလက်အနားလေးနဲနဲပေးသွားတယ်...။ ကမန်းကတန်း အိတ်ထဲက စက္ကူလက်ကိုင်ပုဝါလေးကိုထုတ်ပြီး သုတ်ပစ်လိုက်တယ်...။ နှုတ်ကလည်း မေတ္တာသုတ်တရားတော်ကို ရွတ်လိုက်သေးတယ်...။ ကျမဘာကြောင့်ဒီလို sensitive ဖြစ်ရသလဲဆိုတော့... ကျမ အမြဲလိုလို သတိထားကြည့်မိနေတယ်...။ ခိုချေးပါချခံလိုက်ရတိုင်း အမြဲကံမကောင်းခြင်းကို ကြုံရတယ်...။ ဥပမာဗျာ... အလုပ်မှာ အဆင်မပြေဖြစ်တာတို့....။ အဆူခံရတာတို့ပေါ့...။ ဘုရားစာဆိုထားတော့ ကိုယ်တကယ် ကြီးကြီးမားမားပြဿနာ ကြုံရမယ့်ကိန်းစိုက်ရင် မပပျောက်သည့်တိုင် မှေးမှိန်သွားတာပေါ့..။ အဲဒါတော့ တကယ်ဟုတ်တယ်...။ ကိုယ့်ကလဲ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ယုံယုံကြည်ကြည်ရှိမယ် ဆိုရင်ပေါ့နော်...။ ကောင်းတဲ့အလုပ်လုပ်ရင် ကံကောင်းတယ်ဆိုပေမယ့်လည်း...ရှေးဘဝက ကိုယ်ပြုခဲ့တဲ့ကံ (ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာ မသိနိုင်ပါဘူး)ကိုလည်းထည့်တွက်ဖို့လိုပါတယ်...။ ဒီဘဝမှာ ကံကောင်းနေပေမယ့် အရင်ဘဝက အကုသိုလ်ကံလိုက်လာရင်တော့ ပြန်ဆပ်ရစမြဲပဲ..။ ရှောင်လို့မရ တိမ်းလို့မရပါဘူး...။ အဲ....ကျမပြောချင်တာက ကျမအရင်တုန်းက အဲဒါမျိုးနိမိတ်တွေဘာတွေ သိပ်အယုံအကြည်မရှိဘူး...။ နောက်ပိုင်း တိုက်ဆိုင်တာများလာတော့ သတိထားမိလာတယ်...။

ကျမ ပြဿနာတစ်ခုခုကို ကြုံတွေ့ရတော့မယ်ဆိုရင်... အသားလှုပ်တာတို့ မျက်ခုံးတို့ မျက်ခမ်းတို့လှုပ်တာတို့ အမြဲဖြစ်တယ်...။ ကျမ သတိထားမိသလောက်တော့ မပေါ်မျက်ခွံလှုပ်တဲ့နေ့ဆို တစ်ခုခုဖြစ်ပြီပဲ...။ တချို့ကပြောကြတယ် အောက်မျက်ခမ်းလှုပ်ရင် ငိုရတတ်တယ်တဲ့..။ အဲဒီခါကရင် ကျမက ငိုရတဲ့ ရုပ်ရှင်ကားမျိုးငှားကြည့်လိုက်တယ်..(ဘာမှလဲမဆိုင်ဘူးနော်)....။ ကျေများကျေသွားမလားလို့ စမ်းကြည့်တာ...။ မရဘူး...ပြဿနာတစ်ခုခုတော့ ရင်ကိုရင်ဆိုင်ရတာပါပဲ..။

လက်မောင်းသား လှုပ်ရင်တော့ အဝတ်အစားအသစ် ရတတ်တယ်တဲ့ ကြားဖူးထားတာရှိတယ်..။ တကယ်အဟုတ်ဗျ မယုံမရှိနဲ့..။ တလောက ကျမစကော့ဈေးမှာ ထမီစနှစ်စဝယ်လာပြီး...အိမ်မှာထိုင်နေတုန်း လက်မောင်းသားလှုပ်တော့...ငါတစ်ယောက်ယောက်ဆီကများ အဝတ်သစ်လက်ဆောင်ရမှာမို့ထင်တယ်ပေါ့..။ မဖြစ်နိုင်ပါဘူး...။ ခုဝယ်လာတဲ့ ထမီပဲဖြစ်မှာပါဆိုပြီနေနေလိုက်တာ...။ နောက်နေ့တော့ တစ်ဝမ်းကွဲမောင်တစ်ယောက်က ဘန်ကောက်ပြန်လာတာဆိုပြီး Spirit ချည်သားအနက်ရောင် အကျီၤတစ်ထည် လက်ဆောင်လာပေးတယ်..။ တွေ့လား တကယ်မှန်တာနော်..။ ဒါကတော့ ကျမအတွက် တိုက်ဆိုင်သွားတဲ့ နိမိတ် အကောင်းအဆိုးတွေပါ...။ အနက်ရောင်က ကံကောင်းတဲ့အရောင်ဖြစ်လို့... အရေးကြီးကိစ္စလုပ်ရင် အနက်ဝတ်ပါတဲ့...။ အဲဒီလိုဟောတော့မှပဲ ကျမဆီမှာလဲ အနက်ရောင်နဲ့ပတ်သက်တဲ့ အသုံးအဆောင် အဝတ်အစားတွေက ခပ်များများရယ်...။ တကယ်လည်း အနက်ရောင်က ကျမရဲ့ lucky အရောင်ပါပဲ..။

တခြားသူတွေ အတွက်တော့ မှန်ချင်မှန်လိမ့်မယ်ပေါ့...။ သူငယ်ချင်းတွေဆိုပြောကြတယ် ခိုချေးပါချရင် ထီသွားထိုးတဲ့...။ ကျမအတွက်တော့ ကံမကောင်းပါဘူး...။ သူများတွေ ခွေးချေးနင်းမိရင် ကံဆိုးတယ်ပြောကြတယ်...။ တစ်နေ့က ညီမလေးနဲ့ ဈေးသွားပြီးအပြန် အိမ်ရှေ့မှာ ခွေးချေးတက်နင်း မိသေးတယ်... ဟီး..ဟီး.....း) ။ အဲဒီနေ့ကတော့ ကံကောင်းတယ်ဗျား...။ ဘာလုပ်လုပ် အဆင်ကိုချောလို့..။ လူအမျိုးမျိုး အဖုံဖုံမှာ သူတို့ယုံကြည်ရာတော့ တစ်ခုခုရှိကြမှာပါ...။ ဒါပေမယ့်အစွဲအလန်းတော့မထားကြပါနဲ့လို့ ပြောချင်ပါတယ်...။ အဟီး...သူများကို အတည်ပေါက်နဲ့ဆုံးမနေပြီး ကျမကတော့ အစွဲလန်းကြီးတယ်ဗျ....။ 


မိုးငွေ့

Thursday, 30 July 2009

မိုးရာသီအလွမ်း.....





ကောင်လေးရေ..... 
ငါသာကောင်းကင်ကြီးဖြစ်ခဲ့ရင် 
မျှော်လင့်ထားတဲ့ မနက်ဖြန်တွေအတွက် 
နာရီတွေအားလုံးကို 
မိုးစက်အဖြစ်နဲ့ ရွာချလိုက်ချင်ပါတယ်....။ 
လောလောဆယ်မှာတော့ 
ငါလွမ်းတတ်တယ်ဆိုတာ 
မင်း မေ့ချင်မေ့နေလိမ့်မယ် 
ဒါမှမဟုတ်.... 
အရာအားလုံးနဲ့အတူ 
ငါ့ကိုထားပြီး ပြောင်းလဲချင် ပြောင်းလဲသွားနိုင်တယ်..
ရပါတယ်...ဘာပဲဖြစ်ဖြစ် ရင်ထဲက နေရာလေးတစ်ခုကိုတော့ 
အချိန်ဆိုတဲ့ ရထားကြီးက မတိုက်စားနိုင်လောက်ပါဘူး...။ 
ဒါပေမယ့်.....အခု မိုးတွေရွာတဲ့ ရာသီမှာ ငါ...မင်းကိုတွေ့ချင်တယ်... ။ ။ ( အမည်မသိကဗျာဆရာ)

5th Aug တွင် မိုးငွေ့နှင့်အတူ ရောက်ရှိလာသည့် သူငယ်ချင်းကလေးနှင့် စက္ကူရတုဆုံဆည်းမှုအမှတ်တရ

Saturday, 25 July 2009

ဦးချစ်မောင်နဲ့မတင်တင်တို့ရဲ့မိုးရာသီကဗျာ

ခုဖတ်ဖြစ်နေတဲ့ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူဆိုတာ ခင်ပွန်းသည်ဦးချစ်မောင်ရဲ့ အတ္ထုပတ္တိစာအုပ်လေးပါ...။ သူတို့နှစ်ယောက်လက်မထပ်ခင် ချစ်သူဘ၀မှာ ရန်ကုန်မှာနေတဲ့ဦးချစ်မောင်နဲ့ ဘိုကလေးမှာနေတဲ့ ဂျာနယ်ကျော်မမလေးတို့ရဲ့ အပြန်အလှန် စာရေးကြရင်း ခုလိုမို့းရာသီမှာ မိုးတွေ အုန်းအုန်းရွာနေတဲ့အချိန် ဒေါ်ဂျာနယ်ကျော်မမလေးက သူ့စာရဲ့အဆုံးသတ်မှာ မိုးနဲ့ပတ်သက်တဲ့ အလွမ်းကဗျာလေးတစ်ပုဒ်ကို စပ်ဆို ရေးသားပေးလိုက်တာကို ကျမရေးပြချင်ပါတယ်...။ ဒီလို ကဗျာတို့၊ ရတုတို့၊ တေးထပ်တို့၊ လေးချိုးတို့ဆိုတာ ကျမတို့ငယ်ငယ်က ကျောင်းမှာ မြန်မာစာသင်တုန်းကပဲ ဖတ်ဖူးကြမှာပါ...။ သိပ်ကောင်းတဲ့ မိုးဘွဲ့လေးပါ..။
ရပ်စနေ ဟိုတောင်ထောင့်ဆီက ညိုမှောင်မှောင့် သန်းလာ ပြိုယောင်ယောင့် ဆန်းတာငယ် ပန်းလွှာတိမ်နှစ်ကျော့ ကမ္ဘာဖျက်မေဃိန့်သာအောင် ခွေလိမ့်မှာထင့်နော်နော့် ဖော်ဝေးတဲ့ တင့်ကလျာမှာ ဆင့်ဗျာပါပွေရော့ မြင့်ဝဠာပွေမော့်က ကြွေတော့မယ့်အသွင် ဒဂုန်ဆီ.... သြော်...ရွာသွန်းပြီထင့် မျှော်ခါလွမ်း လွမ်းရတော့အင် မိုးက္ကန္ဒာ နတ်စစ်ဆင်သော် ရပ်ရှစ်ခွင် ညိုမှိန်မှိန့်ပါလို့ ဂျိုးဂျိန်ဂျိန့် ပတ်ရစ်စည်ဆော် နတ်ဖြစ် စည်တော် ပွေဆဲမို့ ငွေဖဲပေါ်မှာ .... ရွှေသည်းတော် ထိတ်လှချည်လေး......။
အဲဒီစာကိုဖတ်ရတော့ ဦးချစ်မောင်ကြီးကလည်း သူ့ပြန်စာအရှည်ကြီးရဲ့ အပြီးသတ်မှာလည်း မတင်တင်(ဂျာနယ်ကျော်မမလေးရဲ့ အမည်ရင်း ) လိုပဲ မိုးဘွဲ့စပ်ပြီး ကဗျာတစ်ပုဒ်နဲ့ ဆုံးလိုက်တာကဒီလိုတဲ့ဗျ ...။
ဖော်မစုံကွဲခိုက်မို့ သည်းလိုက်ပေ့ မေဃီ မည်းလိုက်၍လေချီတယ် ဘေရီတော်သံဟိန့် ဖြေတတ်ပေါင် လွမ်းနယ်သန်တယ် ကျွမ်းဆယ်ပြန် လူးလို့သာလိမ့် မြူချော့မယ့်ကတိုးညှာငယ် ညှိုးရှာတော်ပေလိမ့် မိုးရွာသော်အနေစိမ့်ပါဘိ ရွှေမနိမ့် ဇီဝိန်ကြွေမလို နှလုံးညွန့်ဆီက ရုန်းလွန့်လွန့်တားလို့မငြိမ် တိမ်ခိုးက ခပ်မှိန်မှိန် လျှပ်ထိန်ထိန် လွမ်းစဖွဲ့တွင်မှ ဖျန်းခနဲ သောကရန်ရှာ လောမ ဟံသာ နှစ်ကိုယ်ဖြင့် မလန့်ပါတယ် အခန့်သာစံကိန်းပလေး။
ကဗျာကလေးတွေက သိပ်ချစ်စရာကောင်းတာပဲ......ကျမက ကဗျာအဆုံးသတ်တာလေးကို သိပ်သဘောကျတာပဲ..။ ဦးချစ်မောင်တို့ ချစ်သူနှစ်ယောက်ဘယ်လောက် စာရေးသန်သလဲဆိုရင် စာတစ်ခါရေးရင် စာမျက်နှာ ၉၅ မျက်နှာတောင်ရေးနိုင်ကြတယ်ဗျ...။ အံ့မခန်းပါပဲ...။ ကျမတော့ ခုခေတ်မှာ ဒါမျိုးစာရေးနိုင်တဲ့သူရှိမယ်ကိုမထင်တော့ဘူး...။ သူတို့နှစ်ယောက်ရဲ့ ရည်းစားစာက မဂ္ဂဇင်းမှာ အခန်းဆက် ၀တ္ထုရှည်တောင် ထည့်လို့ရမယ်...။ ဒီနေ့မိုးတွေ သဲသဲမဲမဲကြီးရွာနေတာ...။ အစကတော့ အိမ်မှာပဲ ဒီဝတ္ထုစာအုပ်ကိုဖတ်ပြီး ကွေးမယ်ပေါ့..။ နောက်တော့ ကျမ ဒီလိုမိုးရွာတဲ့အချိန်ကလေးမှာပဲ ဒီကဗျာလေးတွေကိုတင်ချင်လာတာကြောင့် ရေမိုးချိုးပြီး စာအုပ်ကလေးကို မိုးမစိုအောင် ပိုက်ပြီး အင်တာနက်ဆိုင်ကို အရောက်လာခဲ့ခြင်းပါပဲ....။ မိုးငွေ့

Saturday, 18 July 2009

မိဘတွေကိုချစ်ကြပါ

အားလုံးသော သူငယ်ချင်းများ..
အချိန်သုံးမိနစ်လောက်ရခဲ့မယ်ဆိုရင် ဒီ Video Clip လေးကိုကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါတယ်.. ကျွန်တော်တို့အားလုံးဟာ တချိန်မှာ မိဘတွေဖြစ်လာကြအုံးမှာပါ.. (လူပျိုကြီးအပျိုကြီး မလုပ်ခဲ့ဘူးဆိုရင်ပေါ့ :D ) ဘာပဲဖြစ်ဖြစ် မိဘဖြစ်မလာခဲ့ရင်တောင် သားသမီးတော့ အသေအခြာဖြစ်နေပီး သားပါ.. ဒါကြောင့်ကြည့်ဖြစ်အောင်ကြည့်ပါလို့ထပ်မံတိုက်တွန်းလိုက်ပါတယ်..
ဒီဘ၀ဒီခန္ဓာဆိုတာတိုတိုလေးပါ.. ကိုယ့်ကြောင့် ကိုယ်မိဘတွေစိတ်မကောင်းဖြစ်ပီး စိတ်ဒဏ်ရာတွေ မပေးမိကြပါစေနဲ့လို့... သံသရာဆိုတာ တပတ်ပြန်လည်မြဲပါ..
I suggest that u must watch this video -- -- hseng tip <hsengtip.tgi@gmail.com> Life is not a smooth one.
လောကမှာ အစားထိုးလို့မရတာ မိဘမောင်နှမတွေပဲ....။ ဒါကြောင့် ကိုယ့်သွေးရင်းသားရင်းတွေကို နွေးနွေးထွေးထွေး ဆက်ဆံပေးပါ။ ဒီဗီဒီယိုလေးကို ကြည့်ပြီး ကျမဖြင့် မျက်ရည်တောင်လည်မိတယ်...။
သိပ်ကိုကောင်းတဲ့ forward mail လေးမို့ မူရင်းအတိုင်းလေးပဲ တင်ပေးလိုက်ပါတယ်..။ အားလုံးကြည့်ပြီးသွားရင် ကိုယ့်မိဘတွေကို ဂရုစိုက်ပေးကြပါလို့...။
မိုးငွေ့

Friday, 3 July 2009

ဗီယက်နမ် ပြောင်းဖူးနှင့်ပဲကောက်ညှင်းပေါင်း

အသင့်စားသုံးလို့ရပြီဖြစ်တဲ့ ဗီယက်နမ်ပြောင်းဖူးနှင့်ပဲကောက်ညှင်းပေါင်း


ကျမ First Year မတက်ခင် ဆရာကြီးလူထုဦးစိန်ဝင်းဆီမှာ အင်္ဂလိပ်စာတက်တုန်းက သူငယ်ချင်း တစ်ယောက်လဲဟုတ် အစ်ကို တစ်ယောက်လိုလဲ ခင်ရတဲ့ ကိုမျိုး တစ်ယောက် စကာၤပူမှာ MPA(Master in Publish Administration ) စာမေးပွဲအတွက် ဖိအားပေးခံနေရတာကတစ်မျိုး ဒီကြားထဲ ဗီယက်နမ်မှာအလုပ်လျှောက်ထားတာ သူတို့ Local လူကိုပဲခန့်လိုက်ပြီလို့ သတင်းကြားရတော့ ခေါင်းတော်တော် ကိုက်နေတယ်ပြောပါတယ်...။

တလောက ကျမနဲ့အွန်လိုင်းမှာတွေ့တော့ ရန်ကုန်ခဏပြန်လာတုန်း ကျမမေမေဆီမှာ ဗီယက်နမ်စကားပြော လာသင်ချင်တယ် ဖြစ်နိုင်မလားလို့မေးပါတယ်..။ ကျမတို့ကိုအထင်ကြီးလို့ နည်းနည်းတော့ ရယ်ချင်သွားတယ်...။ ကျမတို့ အဖိုးအဖွားက ငယ်ငယ်က ဗီယက်နမ်စကား သိပ်မပြောခဲ့လို့ဖြစ်မယ် မေမေတို့လည်း ထမင်းစား ရေသောက်လောက်ပဲပြောတတ်တာ...ဒါကြောင့် ကိုမျိုးကို သင်ပေးဖို့ဆိုတာတော မဖြစ်နိုင်ဘူးဗျ...။

ဘာပဲဖြစ်ဖြစ် စိတ်ဓါတ်မကျပါနဲ့ နောက်ထပ် ဒီထက်ကောင်းမယ့်နေရာမှာ အလုပ်မြန်မြန်ရပါစေလို့ ကျမဆုတောင်းပေးလိုက်ပါတယ်...။

ဗီယက်နမ်မှာ အလုပ်မရတော့လဲ စိတ်ပြေလက်ပျောက် ရန်ကုန်မှာ မိသားစုနဲ့ ဆုံတုန်းလေး ဗီယက်နမ်စာလေး လုပ်ကျွေးလို့ရအောင် ကျမ ဗီယက်နမ် ပြောင်းဖူးနဲ့ပဲကောက်ညှင်းပေါင်း လုပ်နည်းလေး ပြောပြလိုက်ပါမယ်...။

လိုအပ်တာတွေက ကောက်ညှင်းဆန်ကောင်ကောင်လေး ကီလိုဝက် ( သုံးယောက်စာအတွက် ) ၊ ပဲဝါလေး 100g သန့်သန့်လေး တစ်ထုပ် ( City Mart မှာဝယ်လို့ရပါတယ်) ၊ သကြားပြောင်းနှစ်ဖူး ၊ ကြက်သွန်နီ နှစ်ဥနဲ့ ပဲဆီစစ်စစ်တို့ဖြစ်ပါတယ်။

ကောက်ညှင်းဆန်နဲ့ ပဲဝါလေးကို ရေစင်စင်ဆေးပြီး ညကတည်းကစိမ်ထားရပါမယ်...။ ပဲဝါလေးပေါင်းတဲ့အခါ နူးနှပ်တာ မြန်အောင်လို့ စိမ်တဲ့အခါမှာ ဆိုဒါမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံလောက်ထည့်ပေးပါ..။
ပြောင်းဖူးကို အစေ့ချွေထားပြီး ဗူးသန့်သန့် တစ်ခုမှာ လုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ သိမ်းထားပါ..။

မနက်ရောက်လို့ နှစ်ထပ်ပေါင်းအိုးထဲကို အောက်အိုးမှာ ရေထည့်ပြီး အရင်ဆူအောင်တည်ပါ...။ အပေါက်ကလေးတွေပါတဲ့ အပေါ်အိုးမှာ စိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ရေစစ်ပြီး အရင်ထည့်ပါ သူ့အပေါ်မှာ ပဲဝါလေးကို ဆက်ထည့်ပါ...နောက်ဆုံး အပေါ်ဆုံးတစ်လွှာမှာ ချွေထားတဲ့ ပြောင်းဖူးကိုထည့်လိုက်ပါ...။ မိနစ်20 နာရီဝက်လောက်ပေါင်းပြီးရင် ပဲဝါလေးကိုထုတ်ပြီး ထောင်းထားပါ...။ ကြက်သွန်နီးကိုပါးပါးလှီး ဆီချက် ချက်ထားပါ...။ နောက်ဆုံး ကောက်ညှင်းပေါင်း၊ ထောင်းထားတဲ့ ပဲဝါလေး၊ ပြောင်းဖူးတို့ကို ဆလုံတစ်ခုမှာ ဆား အပေါ့အငန်ကြိုက်သလောက်ထည့်ပြီး ချက်ထားတဲ့ ကြက်သွန်နီ ဆီချက်ကို တည့်ပြီးအားလုံးရောနယ်လိုက်ပါ...။ ပန်းကန်မှာပြင် ကြက်သွန်နီ ဆီချက်ဖတ်ဆမ်းပြီးရင်တော့ စားလို့ရပါပြီ...။


မိုးငွေ့

Friday, 26 June 2009

ငယ်စဉ်တောင်ကျေး ကလေးဘဝကိုလွမ်းတမိသည်.....(၂)






တစ်နေ့က ကျွန်မတို့အိမ်မျက်စောင်းထိုးက အ.မ.က ကျောင်းရှေ့နားကအဖြတ် အဲဒီကျောင်းက ကျောင်းအုပ်ဆရာမကြီးကို အစ်မကြီးတစ်ယောက်နဲ့ စကားရပ်ပြောနေတာကိုတွေ့လိုက်တော့ ကျွန်မငယ်ငယ် လေးငါးတန်းတုန်းက ကျွန်မတို့ရဲ့ အင်္ဂလိပ်စာဆရာမ ဒေါ်ခင်ဖြူဝေ ကိုသွားအမှတ်ရမိတယ်...။ အဲဒီဆရာမကြီးရဲ့ ကိုယ်လုံးကိုယ်ထည်က ကျွန်မတို့တီချယ်နဲ့ တော်တော်ကိုတူတယ်...။

အဖြူအစိမ်းဝတ်ထားပေမယ့် တခြားဆရာမတွေနဲ့မတူဘဲ ထူးထူးခြားခြားလေးဖြစ်နေတယ်လို့ ခံစားရတယ်...။ အဲဒါနဲ့ သေချာကြည့်မိတော့ ဆရာမက ဂျော်ဂျက်အပျော့သားကို အောက်ခံနဲ့ ချုပ်ထားတဲ့ ကျောင်းစိမ်းထမီပျော့ပျော့လေးကို ဝတ်ထားတာတွေ့လိုက်တယ်..။ ဒါလည်း ငယ်ငယ်က ကျွန်မဆရာမ ဝတ်စားတာနဲ့တော်တော်တူနေပြန်တယ်..။ လက်ကိုက်ပဝါကို ခါးကြားမှာညှပ်တာကအစတူတာ...။

ကျွန်မတို့ဆရာမက စည်းကမ်းကြီးတယ်...သူမေးတဲ့ meaning မရရင်ကြိမ်လုံးနဲ့ဆော်တာပဲ...။ သူနေတဲ့အခန်းမှာဆို အလုံးသေးသေးဖြူဖြူနဲ့ ကြက်ဥကြိမ်ဆိုတဲ့ ကြိမ်လုံးတွေအများကြီးပဲ...။ ဘာကြောင့် ကြက်ဥကြိမ်လို့ ခေါ်သလဲဆိုတော့ ခြေသလုံးမှာ တစ်ခါတစ်ခါ ရွှမ်းခနဲရိုက်လိုက်လို့ကတော့ ကြက်ဥလုံးလောက် ယောင်ကိုင်း လာတယ်လို့ပြောကြတာကြားဖူးတယ်..။ ဟီး..ဟီး ကျွန်မလည်းငယ်ငယ်က ဆရာမကြိမ်လုံးနဲ့ရိုက်တာ လက်ဖဝါးမှာပဲခံရလို့ ခြေသလုံးမှာ ကြက်ဥလုံးလောက်ယောင်မယောင်တော့ မသိဘူးဗျ...။ ဆရာမရဲ့ ဒဏ်ပေးစနစ် နောက်တစ်ခုကတော့ ထိုင်ထလုပ်ခြင်းပဲ..။ တစ်ခါက သူစာသင်တာကို နားမထောင်ဘဲ အတန်းနောက်ဘက်က ကျောင်းသားတချို့စကားများကြလို့ဆိုပြီး ...တစ်တန်းလုံးကို ထိုင်ထ အခါတစ်ရာ လုပ်ခိုင်းတာခံရတာ...အားပါးပါး..အီစလံကိုဝေသွားတာပဲ...။ ကျောင်းဆင်းတော့ ကျောင်းလှေကားကိုတောင် မဆင်းနိုင်ဘူး ပေါင်တွေနာတာလေ..မပြောပါနဲ့တော့...။

အတန်းထဲမှာ ဆရာမဒေါ်ခင်ဖြူဝေရဲ့ အင်္ဂစာအချိန်ရောက်ပြီဆိုရင် ဆရာမ မရောက်ခင် သူ့ရဲ့ ကြိမ်လုံးနဲ့ကြမ်းပြင်ထောက်တဲ့ တဒေါက်ဒေါက် အသံနဲ့ ရေမွှေးနံ့က အရင်ရောက်လာတာပဲ...။ ဆရာမကရခိုင်လူမျိုး...တောင်ကြီးဇာတိ...။ သူတက္ကသိုလ် ကျောင်းသူဘဝက Valley Ball လက်ရွေးစင် တစ်ယောက်..။ ဒါကြောင့်ဆရာမရဲ့အရပ်ဆို အမြင့်ကြီးပဲ...။ ကျွန်မအထင် ငါးပေရှစ်ကိုးလောက် ရှိမယ်ထင်တယ်..။ 

စကားချပ် ။   ။ ဆရာမတို့အသင်း လေ့လာရေးခရီးထွက်တော့ ပုဂံညောင်ဦးမှာ.. ဇီးကွက်စိန်ဆိုတဲ့ ဟိုးတုန်းက မြန်မာပြည်မှာ အရပ်အရှည်ဆုံးအမျိုးသမီးနဲ့ ဓါတ်ပုံအတူရိုက်ထားတာကို ဆရာမပြလို့ကြည့်ဖူးတယ်...။ ဆရာမ ဒီလောက် အရပ်ရှည်တာတောင် အဲဒီဇီးကွက်စိန်နဲ့ယှဉ်လိုက်တော့ ပခုံးအောက်လောက်ပဲရှိတာ ... ။ ခုတော့ အဲဒီ ဇီးကွက်စိန်ဆိုတာလဲ မရှိတော့ပါဘူး..။ သူ့ကိုအစွဲပြုပြီး...သူနေခဲ့တဲ့ရွာကို ဇီးကွက်စိန်ရွာဆိုပြီး ခေါ်ကြတာခုထိပါပဲ...။ ပုဂံရဲ့ ဆုတောင်းပြည့် စေတီလေးဆူထဲက လောကနန္ဒာစေတီတည်ရှိတဲ့ ဧရာဝတီမြစ်ကမ်းနဘေးက ရွာဟာ ဇီးကွက်စိန်ရွာပေါ့...။ အဲဒီဘုရားသွားဖူးရင် ထနောင်းပင်တွေသိပ်ပေါလို့ ဆူးတွေစူးမှာကို သတိတော့ထားရတယ်...။ ပြီးတော့ ထူးထူးခြားခြား ငါးကြော်နဲ့နွားနို့ကို တွဲရောင်းကြတယ်...။

ဒါနဲ့ ငယ်ငယ်က ဆရာမဆီ ညဘက်ကျောင်းဝင်းထဲမှာ ကျူရှင်သွားတက်ကြတာကိုပြောပြချင်ပါတယ်..။ ညနေထမင်းစားပြီး 6း30 လောက်ဆို ကျွန်မတို့သူငယ်ချင်းတစ်စု ဆရာမနေတဲ့ ကျောင်းဝင်းထဲမှာ ကျူရှင်သွားတက်ကြရပါတယ်...။ လျှပ်စစ်မီးမရှိတော့ ဖယောင်းတိုင်မီးနဲ့ပဲသင်ရပါတယ်...။ ဆရာမက စာသင်ရင်း သူ ရန်ကုန်တက္ကသိုလ်မှာ M.sc တက်တုန်းက အဲဒီကျောင်းမှာ ကျောပေါက်သရဲခြောက်တဲ့ အကြောင်းပြောပြတော့ ကြောက်လိုက်ကြတာ ကျွန်မဆို ခုံပေါ်ခြေထောက်တင်ထားရတဲ့အထိပဲ...။ ဘာရယ်မဟုတ်ဘူးပေါ့... ကလေးဆိုတော့ သရဲတစ္ဆေအကြောင်းပြောရင်ပဲ...အလိုလိုနေ ကြက်သီးမွှေးတွေထ ပြီးတော့ကို ကြောက်တာလေ...။

အဲဒီသရဲက ဘယ်လိုခြောက်လဲဆိုတော့ အဆောင်နေကျောင်းသူကျောင်းသားတွေ အပြောအရ သူကသာမန်လူအတိုင်းပဲ ဒါပေမယ့်လူတွေ့ရင် “ကျောပေါက်သရဲဆိုတာမြင်ဖူးကြလား” လို့မေးတတ်တယ်တဲ့... ။ ဟင့်အင်းလို့ဖြေတာနဲ့ သူက သူ့ကျောကုန်းအပေါက်ကြီးကို လှည့်ပြပြီးခြောက်တတ်တာတဲ့...။ တကယ် ဟုတ်မဟုတ်ဆိုတာတော့ မသိဘူးပေါ့..။ ဒါကတော့....ကျွန်မဆရာမ ကျောင်းသူဘဝတုန်းက ပေါ်ပြူလာဖြစ်ခဲ့တဲ့သတင်းလေးပေါ့...။ ကျွန်မတို့ ကျူရှင်ပြီးတဲ့အချိန်က ည 8း30လောက်ဖြစ်မယ်...ဆရာမက ကျွန်မတို့ကို ကျောင်းဝင်းထိပ်ထိလိုက်ပို့ပါတယ်...။ အဲဒီခါကျရင် ဆရာမကို တပြိုင်တည်း နှုတ်ဆက်တဲ့
( goodnight teacher, thank you teacher ) ဆိုတဲ့အသံကို ကြားယောင်နေမိတုန်းပဲ....။

ကျွန်မတို့ ငယ်ငယ်က ရွာမှာ သမန်းကျားအကြောင်းဆိုတာကို သိပ်ပြောကြတာ..။ လူတွေ ဆက်တိုက်နီးပါး သေကြပြီဆိုရင် ဒါ...သမန်းကျားကြောင့်ပေါ့...။ သမန်းကျားဆိုတာဘယ်လိုဖြစ်လာသလဲဆိုတော့ သေတဲ့သူက မပုပ်မသိုးဘဲ အမွှေးတွေရှည်လာတယ် လက်သည်းတွေရှည်လာတယ် သူ့ကိုမြှုပ်တဲ့ ဂူကိုသွားကြည့်ရင် အပေါက်တွေရှိတတ်တယ် ..။ ဒါဆို ဒီဂူထဲက သမန်းကျားဖြစ်နေတယ်ပေါ့...။ ညဘက် အဲဒီအပေါက်ကနေထွက်ပြီး လူစားတယ်ပေါ့...။ ဒါကြောင့်လူသေတယ်ပေါ့...။ ပုံပြင်တစ်ပုဒ်ပါပဲ...ဒါတွေဟာ တကယ့်အပြင်မှာမဖြစ်နိုင်ပါဘူး...။ အယူအဆတွေ အစွဲတွေဖြစ်မှာပါ...။ ငယ်ငယ်ကတော့မသိနားမလည်တော့ ကြောက်ကြတာပေါ့...။ ဒါကရွာမှာ ငယ်ငယ်က Hit ဖြစ်ခဲ့တဲ့သတင်းတစ်ပုဒ်ပါ...။ ကျောပေါက်သရဲအကြောင်း ပြောရင်းနဲ့ ဆက်စပ်သွားတာပါ...။

ကဲ ....ကျွန်မရဲ့ဆရာမအကြောင်းကို ဆက်ပြောပြချင်ပါတယ်....။ ဆရာမက အရိုက်ကြမ်းလို့ မိဘတချို့က တိုင်လို့ ဆရာမ တာချီလိတ်ကိုပြောင်းရွှေ့သွားပါတယ်...။ ဆရာမက ကျွန်မတို့တာလေမှာ 3 နှစ်လောက်တော့ စာသင်ဖြစ်မယ်ထင်ပါတယ်...။ ဒါနဲ့ ကျွန်မလည်း (၇)တန်းမှာ ရန်ကုန်ပြောင်းလာတော့ ဆရာမသတင်းကို နောက်ဆုံးကြားမိတာကတော့ ယိုးဒယားဘက်ကို ထွက်သွားတာတဲ့ နိုင်ငံခြားသွားချင်တာနဲ့ သူသိပ်မြတ်နိုး ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာကိုစွန့်လွတ်ပြီး ခရစ်ယာန်ဘာသာထဲကို ဝင်သွားတယ်လို့ကြားတယ်....။ ပြီးတော့ BBC မှာ သတင်းကြော်ငြာနေတယ်လို့လည်း ကြားပါသေးတယ်...။
ဘာပဲဖြစ်ဖြစ် ဆရာမအသင်ပြကောင်းခဲ့လို့ အင်္ဂလိပ်စာအခြေခံကောင်းခဲ့တာပါ...။ ဆရာမ ကျေးဇူးတွေအများကြီးပါ...။ ဆရာမသာ ကျွန်မဘလော့ကို ဖတ်မိခဲ့ရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိပါသေးတယ်....။

“ဆရာမရယ်.....သမီး Blog ကိုဖတ်မိခဲ့ရင် သမီးကို ကွန်မန့်လေးပေးသွားခဲ့ပါနော်... ပြီးတော့ ငယ်ငယ်က သမီးကို သန္တာမလို့ခေါ်တတ်တဲ့ ဆရာမကိုလည်း သမီးသိပ်တွေ့ချင်နေပါတယ်...”


မိုးငွေ့