Wednesday, 17 November 2021

အမြစ်ဖြုတ်ပစ်မယ့် မျိုးဆက်.....

 




တလောက ဘလော့ဂါတစ်ယောက်နဲ့ အပြင်မှာဆုံဖြစ်ကြတယ်.....။ အွန်လိုင်းမှာလုပ်ရောင်းတဲ့ စားစရာတစ်ခု သူ့ဆီမှာယူအားပေးရင်းနဲ့ ကိုယ်တိုင်လာပို့လို့ ဆုံဖြစ်သွားကြတာ....။ အမေလို အဒေါ်လို အမြဲလေးစားချစ်ခင်ရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်....။ ကျွန်မတို့ တိုက်ရှေ့က ကော်ဖီဆိုင်မှာအတူထိုင်ပြီး စကားပြောဖြစ်ခဲ့ကြတယ်....။ ကျွန်မ ဖေ့ဘုတ်မသုံးဖြစ်တာကောင်းတယ်ဆိုတဲ့ မှတ်ချက်နဲ့ ဖေ့ဘုတ်မှာ သူအတိုက်ခိုက်ခံရတဲ့အကြောင်းတွေပြောပြတယ်....။ ဖေ့ဘုတ်က ကိုယ်တိုင်မသုံးဖြစ်ပေမယ့် သူများအကောင့်နဲ့တော့ Update အမြဲကြည့်ဖြစ်ပါတယ်....။ ဒီတော့ လောလောလတ်လတ် တစ်နိုင်ငံလုံးကြုံဆုံနေရတဲ့ (စကစအာဏာသိမ်း) စစ်ဘေးကပ်ကြီးအကြောင်းပါလာတယ်.... ပြီးတော့ ၈၀ရာခိုင်နှုန်းလောက် စကစဖက်ယိုင်နေတဲ့ သူ့အနေအထားကိုပါသိလိုက်ရတယ်...။ ဒါက ကျွန်မတို့ မိတ်ဆွေ   ဆက်ဆံရေးကို ပျက်ပြယ်သွားစေမယ့်အကြောင်းပြချက်မဟုတ်ပါဘူး....။ ကျွန်မက ကိုယ်မကြိုက်တဲ့အရာကိုလည်း တရားသေ ကိုယ့်ရန်သူလို့ ဘယ်သူ့ကိုမှမသတ်မှတ်ဘူး ကိုယ်မနှစ်မြို့တဲ့သူ မနှစ်သက်တဲ့အရာဆို ဉပေက္ခာပြုလိုက်တယ် စိတ်မဝင်စားတော့ဘူး လှည့်မကြည့်တော့ဘူး ဒီလောက်ပဲ...။ ကိုယ်ချစ်ခင်နှစ်သက်တဲ့သူ ဂရုစိုက်တဲ့သူဆို မေတ္တာထားချစ်ခင်တယ် ဒီလောက်ပါပဲ....။ 

ပြောချင်တာက စကစ ဟာ နှစ်ပေါင်းများစွာ သေသည်အထိ အရိုးစွဲအောင် တပ်တွင်းမိသားစုတွေကို (တိုက်ရိုက်မပတ်သက်/အငြိမ်းစားယူသွားသည့်တိုင်အောင်) ရိုက်သွင်းထားနိုင်တဲ့အရည်အချင်းကို လျှော့တွက်မရဘူးဆိုတာပဲ....။ ဒါကလည်း အဲဒီကာယကံရှင်တွေရဲ့ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်တတ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး(အထူးသဖြင့်တရားဓမ္မကျင့်ကြံအားထုတ်နေတဲ့သူ)နဲ့လည်း အများကြီးပတ်သက်ဆက်ဆိုင်နေတာကိုသွားတွေ့ရတယ်....။ ကျွန်မတို့အမျိုးထဲမှာ အဒေါ်တွေ ညီမဝမ်းကွဲတွေ စကစအကြီးပိုင်းတွေနဲ့ကို တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတာတွေရှိကြတယ်....။ ကျွန်မသူတို့ကို မမုန်းပါဘူး ကြည့်မရတာပဲရှိတာ....။ လောကမှာ အကောင်းအဆိုးဒွန်တွဲနေတယ်.... သူတို့စိတ်ကြိုက် သူတို့ဆုံးဖြတ်ချက် သူတို့ စဉ်းစားဉာဏ်ပေါ်မူတည်ပြီး ဘယ်ဖက်မှန်တယ် မှားတယ် တရားတယ် မတရားတယ်ဆိုတာ ပြောစရာတောင်မလိုဘူး တစ်နိုင်ငံလုံး သိနေတာပဲ မျက်မြင်တွေ့နေရတာပဲ...။ ဒီတော့ နင်တို့က ဒီဖက်မပါရကောင်းလားဆိုပြီးလည်း အပြစ်မတင်ချင်ဘူး ဘယ်သူက ဘာဆိုတာ သိတာလွန်းကြီးနေတော့ ဉပေက္ခာပဲပြုလိုက်တော့တယ်....။ အဓိကကတော့ အကုသိုလ်မယူချင်တာပါပဲ....။ 

အခု Gen Z တွေကိုတော့ တကယ်လေးစားရပါတယ်....။ ခုခေတ်ကလေးတွေနဲ့ ကွာခြားချက်ကတော့ သူတို့သည် ကျွန်မတို့လို ခံခဲ့ရပေါင်းများသော မျိုးဆက်မိဘကနေပေါက်ဖွားလာလို့ အထောက်အကူ အပံ့အပိုး ကောင်းကောင်းရတယ် မိဘကိုယ်တိုင်က အားပေးတယ် အဲဒါက အားသာချက်ပဲ....။ ကျွန်မတို့တုန်းက မျိုးဆက်တွေက မိဘတွေကိုယ်တိုင်က အကြောက်တရားနဲ့ အုပ်ချုပ်ခံခဲ့ရတော့ ကိုယ့်ကလေးတွေကိုလည်း ဟိုဟာဖြစ်မှာ‌ကြောက် ဒီဟာဖြစ်မှာကြောက် တကယ့်အကြောက်တရားတွေနဲ့ သူတို့ဘဝနစ်မွှန်းခဲ့ရတာ...။ ကျွန်မကတော့ နှစ်ပေါင်းများစွာ ပြည်သူတွေကို နိုင်ထက်စီးနင်း လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ သတ်ဖြတ်ခဲ့တဲ့ လူစုတွေကို အမြစ်ဖြုတ်ပစ်မယ့် မျိုးဆက်လေးတွေအတွက် ဒီတော်လှန်ရေးမှာ တတ်နိုင်သလောက် အထောက်အပံ့ကောင်းကောင်းပေးတယ် ကိုယ်ကဒါပဲလုပ်နိုင်တာကိုး.... ။ ငါကတော့ ဒီနေ့ဒါတွေလုပ်တယ်မလုပ်ဘူးလို့ လူတိုင်းသိဖို့ မလိုအပ်ဘူးထင်တာပဲ မအောင်မြင်မချင်း လျှို့ဝှက်သိုသိပ်ရမယ်လို့ထင်တယ်....။ 

ညတိုင်း ဘုရားရှိခိုးပြီး မေတ္တာလှိုင်းပို့တဲ့အချိန် အမေစုနေကောင်းကျန်းမာပါစေ အချုပ်အနှောင်ဘဝက အမြန်ဆုံးလွတ်မြောက်ပါစေလို့ နင့်နင့်နဲနဲ စိတ်နှစ်ပြီး Wave တွေပို့ပေးဖြစ်တယ်....။ 

Gen Z လေးတွေ Fighting !!!!! ပါ......💪💪💪

အရေးတော်ပုံအောင်ရမည်.....💪💪💪


_____________________

Revolution will prevail

မိုးငွေ့


1 comment:

မီးမီးငယ် said...

ဟုတ်တယ် မိုးငွေ့လေးရေ.. ဘယ်လောက်ပဲခင်မင်ရင်းနှီးခဲ့..ဒီတခါတော့ တိကနဲဖြတ်ချလိုက်ရတာ အများကြီးပဲ.. ဘုရားတရားစကားပါးစပ်ကမချလေသူတွေ..နူတ်ထွက်စကားကြားမိတာ.. တကယ်ကြီး ချာလပတ်ရမ်းသွားတာပဲ..အမှန်တရားတခုကို ဆင်ခြင်တွေးခေါ်နိုင်စွမ်းလေးတောင်မရှိရှာလေသူတွေက.. ဘယ်လိုနည်းလမ်းတွေနဲ့တရားကျင့်ကြံအားထုတ်နေလဲမသိ!!!အဖြူထည်ကိုအဖြူလို့ပဲရိုးရိုးမြင်တာပဲကောင်းပါတယ်..မဝါဘူး မနက်ဘူး မမည်းဘူးဆိုလေသူများစွာရှိ.. :D