ကိုယ့်လက်ကို ရုတ်တရက်ဆွဲပြီး ကားလမ်းကူးလိုက်တော့ မင်းဘယ်ကို ဦးတည်နေမှန်းမသိ ကိုယ်အံ့အားသင့်ပြီး ဘာမှတောင်မေးလိုက်ချိန်မရဘူး…။ မင်းတွဲထားတဲ့လက်ကိုကြည့်ပြီး ကိုယ်လက်ကို ဒီလိုပဲတစ်သက်လုံးတွဲထားရင် သိပ်ကောင်းမှာပဲလို့ တဒင်္ဂအတွင်း စိတ်ကူးယဉ်လိုက်မိသေးတယ်…။ မင်းကို ဘာမေးခွန်းမှမထုတ်ဘဲ မင်းလက်ဆွဲခေါ်ရာနောက် ကိုယ်နှုတ်ဆိတ်ပြီး လိုက်ခဲ့တယ်….။ မင်းစိတ်လှုပ်ရှားနေလို့ထင်တယ် လက်ဖျားတွေအေးစက်နေတာပဲ…။ မင်းကို ချစ်တတ်ဖို့ကလွဲပြီး တခြားဘာမှမပေးနိုင်တဲ့ မိန်းမတစ်ယောက်အတွက်နဲ့ မင်းခုလို စိတ်လှုပ်ရှားရတာ ထိုက်တန်ရဲ့လား…။ လူတစ်ယောက်နဲ့တစ်ယောက် စင်ကြယ်စွာချစ်ခြင်းမှာ ထိုက်တန်မှုတွေဘာတွေ တွက်ချက်စရာ မလိုဘူးမဟုတ်လား…။
လူ…လေးငါးယောက်သာရှိတော့တဲ့ ပိတ်ခါနီး လက်ဖက်ရည်ဆိုင်ကိုဖြတ်ကျော်လာခဲ့တဲ့အထိ မင်းဘယ်ကိုသွားနေသလဲဆိုတာ ကိုယ်မသိသေးဘူး…။ ကိုယ်တို့ ဒီမှာပဲထိုင်လိုက်မယ်လေဆိုတော့ မင်းက ခေါင်းခါတယ်….။ လမ်းသွယ်ကလေးထိပ် နီယွန်မီးတိုင်အောက်က ပလက်ဖေါင်းမှာ ကိုယ်တို့ရပ်လိုက်တယ်…။ ပြီးတော့ မင်းက ဘာမဆိုင်ညာမဆိုင်နဲ့…“မမ သနပ်ခါးလိမ်းတာ တခါမှ မမြင်ဖူးသေးဘူးလို့”ပြောတယ်…။ ကိုယ်တစ်ချက်ပြုံးလိုက်တော့ ကောင်းကင်က ကြယ်ကလေးတွေနဲ့အပြိုင် မင်းအပြုံးပွင့်လေးတွေ လင်းခနဲဖြာကျလာခဲ့တယ်…။
လမ်းသွယ်ကလေးအတိုင်း ကိုယ်တို့လျှောက်လာခဲ့လိုက်တာ… သစ်ရွက်တွေကြားကနေ အလင်းတွေ ကွက်တိကွက်ကျားဖြာနေတဲ့ လရောင်နဲ့ ညကအေးချမ်းတိတ်ဆိတ်လို့….။ သစ်ပင်လေးကို ပတ်လည်ဝိုင်းထားတဲ့ အုတ်ခုံပေါ်ကိုယ်တို့ထိုင်လိုက်ကြတယ်…။ ကိုယ်တို့နှစ်ယောက်ကြားမှာ မင်းဆီက သက်ပြင်းချသံခပ်တိုးတိုးရယ် ပုရစ်အော်သံနဲ့ လရောင်တစ်ချို့ပဲရှိတယ်…။ တခုခုကို စိတ်အလိုမကျမှုတွေ အနှောက်အယှက်ဖြစ်မှုတွေနဲ့ မင်းတစ်ယောက်ထဲ စိတ်ရှုပ်ထွေးနေမှန်းသိသာပေမယ့် မင်းကိုဘယ်လိုမေးမေး မင်းကဘာမှမဖြစ်ဘူးပဲငြင်းနေတာပဲလေ….။ မင်းကို… စာအုပ်တစ်အုပ်လို့ မဖတ်တတ်ခဲ့တဲ့ ကိုယ့်ညံ့ဖျင်းမှုအတွက် ကိုယ်တကယ်ပဲအားမလိုအားမရဖြစ်ခဲ့ရတယ်…။ မင်းကတော့ မင်းအပေါ်ချစ်နိုင်ခဲ့တဲ့ အမြဲတမ်းအကောင်းမြင်နိုင်ခဲ့တဲ့ ကိုယ့်ကို ဘာကြောင့်လဲလို့ပဲ နားမလည်တတ်စွာ မေးခွန်းတွေအတွင်တွင် ထုတ်နေခဲ့တယ်…။ လူနှစ်ယောက်ကြားမှာ ချစ်ခြင်းဆိုတာ ကြားခံသွားတာနဲ့တပြိုင်ထဲ အပြစ်က သူ့အလိုလို ပျောက်ကွယ်လွင့်ပါးသွားတတ်တာပဲလေ…။ ချစ်နိုင်ခဲ့ခြင်း သီးခံနိုင်ခဲ့ခြင်း စိတ်စေတနာ ထားနိုင်ခဲ့ခြင်းဆိုတာ အကြောင်းပြချက်မှမလိုပဲ…။
မင်းကိုချစ်တယ်ဆိုတာ…. ဘာအရောင်အစွန်းအထင်းမှမှမပါဘဲ…။ မင်း ဘယ်လောက်ပဲ ဆိုးပေတေနေနေ မင်းဟာ ကိုယ့်ဘဝရဲ့ အိန်ဂျယ်တစ်ယောက်ဖြစ်တာနဲ့ ဘာမှမဆိုင်ပါဘူး….။ မင်းဟာကိုယ့်ကို အမြဲတမ်းချစ်ခြင်းတွေနဲ့အပြင် အလွမ်းတွေနဲ့ပါ ထုံမွှမ်းနေစေတဲ့သူ…။
တခါတခါကျ မင်းပါးပြင်နှစ်ဖက်ကို ကိုယ့်လက်ဖဝါးတွေနဲ့အုပ်ပြီး လင်းလက်နေတဲ့ မင်းမျက်ဝန်းတစ်စုံကို တည့်တည့်စိုက်ကြည့်ပြီး မင်းကို…ကိုယ်သိပ်ချစ်တဲ့အကြောင်းတွေ တဖွဲ့တနွဲ့ပြောပြချင်တယ် သိလား…..။ ပြီးတော့… သံစဉ်ချိုချိုတွေကို ဖွဲ့သီတတ်တဲ့ မင်းနှုတ်ခမ်းထူထူတစ်စုံရဲ့ ချိုမြမှုကို မြည်းစမ်းကြည့်ချင်သေးတယ်…။
အိုကွယ်…..
ကိုယ်ဟာ နေ့အိပ်မက်မက်နေတုန်းလား…?
တိမ်တွေပေါ်လမ်းလျှောက်နေတုန်းပဲလား…?
ပလပ်စတစ်ပန်းတွေဝတ်မှုန်ကူးတာကို စောင့်ကြည့်နေတဲ့သူလား….ပြောပြစမ်းပါကွယ်…..။
ကိုယ့်ကို ဘယ်လိုလူစားမျိုးပဲ မှတ်ချက်ချချင်ကြပါစေတော့… ကိုယ့်ရဲ့ ရူးသွပ်မှုတွေကတော့ ဖွဲမီးလိုပဲ တမြေ့မြေ့နဲ့ ဆက်လက်လောင်ကျွမ်းနေမှာပါပဲ….။
မိုးငွေ့
1 comment:
ဒီစာသားတွေအရမ်းကြိုက်တယ်မမ။ အက်ဆေးလေးက လူအတိုင်းပဲ နူးညံ့သိမ်မွေ့တယ်။
Post a Comment