သံဈေးမှာ ဖရုံပွင့်ကလေးတွေ ၀ါထိန်လို့ အစည်းလိုက်လေးတွေတွေ့တာနဲ့ သုံးစည်းငါးရာနဲ့ဝယ်ခဲ့တာ...။ ကြသပတေးပတ်တိုင်း ကိုယ်တို့ရုံးရှိတဲ့လမ်းထဲကို သန်လျင် ဘုရားကုန်း သဘာဝတရားရိပ်သာက ဘုန်းဘုန်းတွေဆွမ်းခံကြွနေကျ...။ ကိုယ်ပုံမှန်ကလေးဆွမ်းလောင်းတာဖြစ်တာ ငါးပတ်ဆက်တိုက် ရှိသွားပြီ..။ ခုပြောပြမယ့် ဟင်းချက်နည်းလေးတွေကလည်း စတုတ္ထပတ်မှာဆွမ်းလောင်းဖြစ်ခဲ့တဲ့ ဆွမ်းဟင်းတွေပါ...။ ဖရုံပွင့်ကိုကြက်ဥနဲ့ကြော်ထားတာရယ် ကြက်သားလုံးမဆလာ ခရမ်းသီးချက်...။ ဖရုံပွင့်ကြော်ကတော့ ခါတိုင်း အသီးအရွက်ကြော်တွေအတိုင်းပါပဲ...။ ဖရုံပွင့်က အရမ်းနုဖတ်ပြီး အထိသိပ်မခံပါဘူး...ဒါကြောင့်ဝယ်လာတာနဲ့တခါတည်းကြော်စားရင်ပိုကောင်းပါတယ်...။ ဖရုံပွင့်ကို အ၀ါပွင့်ကလေးတွေချွေယူ အရိုးကတော့ နုတဲ့ပိုင်းလေးတွေချိုးပြီး ရေဆေးစစ်ထားပါ...။ ကြက်သွန်နီအနေတော်တစ်လုံးလေးစိပ်စိပ်ပြီး ဆီထမင်းစားဇွန်းနှစ်ဇွန်းထည့်ပါ..။ ဆီပူလာရင် ကြက်သွန်ထည့်ကြော် ကြက်သွန်နွမ်းလာမှာ ဖရုံပွင့်ထည့် ကြက်သားမှုန့်နဲနဲ ဆားနဲနဲနဲ့ ပဲငံပြညရည်အကြည် ထမင်းစားဇွန်းတစ်ဇွန်းထည့် နှမ်းဆီမွှေး သုံးစက်လောက် ထည့်ကြော် နှစ်မိနစ်လောက်မွှေကြော်ပြီးတာနဲ့ ကြက်ဥတစ်လုံးဖောက်ထည့်မွှေ ကြက်ဥကြတာနဲ့ရပြီ...။
ကြက်သားလုံးခရမ်းသီးနှပ်က စစချင်း ခရမ်းသီးကို ခါတိုင်းနှပ်နေကျခရမ်းသီးအကြီးမျိုးမသုံးဘဲ တို့စရာလုပ်တဲ့ အသေးလုံးလေးတွေကို အညှာဖြတ်ရေဆေးပြီး မပြတ်အောင်ဓါးနဲ့လေးစိပ်စိပ်ထားတယ်..။ ကြက်ရင်ပုံသားကြိတ်ပြီးသား နှစ်ရာဂရမ်ကို ကြက်သားမှုန့် ပြောင်းမှုန့်နဲနဲနဲ့ ကြက်သားဟင်းထဲထည့်ချက်တဲ့ မဆလာမှုန့်ထမင်းစားဇွန်းတစ်ဝက်ထည့်နယ်ပါတယ်...။ ကြက်သားလုံးတွေကို ငါးဖယ်ငါးဆုပ်လို့ အလုံးလုပ်နဲနဲပြားအောင်ဖိပြီး ဆီပူမှာ အိုးပူကပ်ဟိုဖက်ဒီဖက်ကြော်ပြီး ပန်းကန်ထဲခဏဖယ်ထားပါတယ်..။ ခရမ်းသီးနှပ်ဖို့ ကြက်သွန်နီဥကြီးသုံးလုံးပါးပါးလှီးထားတာနဲ့ ကြက်သွန်ဖြူငါးမွှာထောင်းထားတာကို ဆီသတ်မယ်..။ ကြက်သွန်တွေရွှေဝါရောင်သန်းလာရင် နနွင်းမှုန့်လက်ဖက်ရည်ဇွန်းဖျားနဲ့ ငရုတ်သီးအရောင်မှုန့် ထမင်းစားဇွန်းတစ်ဇွန်းထည့်ကြော် မဆလာလည်းနဲနဲထပ်ထည့်မယ် ပြီးတာနဲ့ လေးစိပ်စိပ်ထားတဲ့ ခရမ်းချဉ်သီးနှစ်လုံးထည့် နွမ်းလာရင် ကြက်သားလုံးနဲ့ ခရမ်သီးထည့်မွှေ ဆီပြန်လာရင် ရေနွေးခွက်တစ်ဝက်လောက်ထည့် မီးဖြေးဖြေးနဲ့နှပ် အပေါ့အငန်မြည်းပြီးရင်ရပါပြီ..။
အချိုပွဲအတွက် လမ်းထိပ်မှာ လာရောင်းတဲ့ အုန်းစိမ်းနုအသည်ဆီက အုန်သီးလေးလုံး ဇွန်းခြစ်ထားတဲ့အဖတ်ကိုဗန်းမှာအဆင်သင့်ခင်းပြီး အုန်ရည်နှစ်လီတာကို တယ်လီဖုန်းတံဆိပ် Argar မှုန့် 20g နဲ့ သကြား ဆယ်ဇွန်းထည့်ပါတယ်...။ အုန်းရေဆူ ကျောက်ကျောမှုန့်နဲ့ သကြားတွေပျော်ပြီဆို ဗန်းထဲလောင်းထည့် အအေးခံပြီး ရေခဲသေတ္တာထဲ နာရီဝက်ထည့်သိမ်းပြီးရင် အုန်းစိမ်းနံ့လေးချိုမွှေးတဲ့ ကျောက်ကျောလေးစားလို့ရပါပြီ...။ အရောင်လိုချင်ရင်တော့ Apple အစိမ်းရောင် ပုလင်းထဲက တစ်စက်ထည့်မွှေရင်ရပါတယ်..။
အလွယ်တကူပြောရရင် ကြက်ဥခေါက်မုန့်ပါပဲ...။ ဂျုံ+နို့+ကြက်ဥ+သကြားကို ခပ်ကျဲကျဲလေးဖျော်ပြီး မကပ်တဲ့ဒယ်ပြားမှာ အပြားဝိုင်းကြီးကြီးရအောင်ကြော်ထားပြီး အထဲမှာ ကိုယ်ကြိုက်နှစ်သက်ရာ စတော်ဗယ်ရီ ဘလူးဗယ်ရီ နာနတ်ယို စသဖြင့် သုတ်လိမ်းပြီး လိတ်စားလိုက်ရုံပါပဲ...။ မနက်စာအဖြင့် ကော်ဖီနဲ့ တွဲပြီးစားရတာ သင့်လျော်ပါတယ်...။
ဟိုတလောက လမ်းထိပ်က ဆိုင်မှာ ပန်းကန်ခွက်ယောက်တွေ သွားမွှေတုန်းက ၀ယ်ခဲ့တဲ့ soup ထည့်တဲ့ ခွက်လေးနဲ့ ထည့်ကြည့်တာ အဆင်ပြေနေတယ်...။
ပိတ်ရက်ကလေးမှာ ..အဟာရဖြစ် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်များကို အိမ်မှာ ကိုယ်တိုင်လုပ်စားသုံးကြရင်း သက်ရှည်ကျန်းမာပျော်ရွှင်ကြပါစေ...။
မိုးငွေ့
3 comments:
နောက်နေ့ ကြက်သားလုံးခရမ်းသီးနှပ် လုပ်စားကြည့်မယ် အမနည်းအတိုင်း :D
နည်းပညာ ရပ်ဝန်းစုံကို နာမည်ကော၊ လိပ်စာကော ပြောင်းလဲလိုက်ပါပြီခင်ဗျာ။ IT Field Network လို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဘလော့လိပ်စာလေးကို ပြောင်းလဲ ကြည့်ရှုပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။ ကျေးဇူးပါ။
မိုးငွေ့နှင့်အတူဘလော့ကိုလည်း လိပ်စာအသစ်မှာ ချိတ်ထားပါတယ်ခင်ဗျာ။ လာရောက်အားပေးပါဦး။
www.itfieldnet.blogspot.com
IT Field Network ဖြစ်ပါတယ်။
လာရောက် လည်ပတ်အားပေးပါဦး။
ခင်မင်စွာဖြင့်
ကောင်းထက်ထွန်း
Post a Comment