Thursday, 18 July 2013

ခါးသီးမိတဲ့ မွေးနေ့......






ကျွန်မကျော်ဖြတ်ခဲ့ရဖူးတဲ့ မွေးနေ့တွေထဲမှာ ဒီနှစ်မွေးနေ့ကို စိတ်အပျက်ရဆုံးပဲ...။ ပြီးတော့ နောက်နှစ်တွေမှာ ဘယ်တော့မှ မွေးနေ့မလုပ်တော့ဘူး လို့လည်း ဆုံးဖြတ်ချက်ချမိသွားတယ်...။

ကျွန်မသက်တမ်းတလျှောက်မှာ မွေးနေ့ကို ကြီးကြီးကျယ်ကျယ်လည်းတစ်ခါမှမလုပ်ဖူးခဲ့ပါဘူး...။ အမှတ်တရအနေနဲ့ ဘိုးဘွားရိပ်သာမှာထမင်းသွားကျွေး မိဘမဲ့ကျောင်းတွေမှာကလေးတွေကိုထမင်းကျွေး လက်ဆောင်ပေး သူငယ်ချင်းတွေနဲ့ ဆိုင်တစ်ဆိုင်မှာတစ်ခုခုသွားစား ဘုရားသွား ဒီလောက်ပါပဲ....။ ဒါက နှစ်တိုင်းလုပ်နေကျပေါ့နော်...။ မွေးနေ့တိုင်း အနည်းဆုံးတော့ မနက်စောစောကို ဘုရားသွားဖြစ်ခဲ့တယ်...။ ဒီနှစ်တော့ မောင်က သူ့အဒေါ်တွေအိမ်စောင့်ခိုင်းလို့ ကျွန်မတို့အိမ်တံခါးပိတ်ပြီး သွားစောင့်ပေးရတယ်...။ ကျွန်မမွေးနေ့က အဲဒီအိမ်မှာကျပါတယ်...။ သူများအိမ်သွားစောင့်တာဆိုတော့ အိမ်ကိုထားခဲ့ပြီးလည်း ဘုရားသွားဖို့တောင်အခွင့်မရှိပါဘူး...။ ကျွန်မမွေးနေ့မနက်စောစောမှာ ကျွန်မက မောင့်ဆီက မွေးနေ့ wish လေးတစ်ခုကို ဦးဦးဖျားဖျားလိုချင်ခဲ့တာ ကျွန်မအလွန်မှ မဟုတ်တာနော် ။ ဒါပေမယ့် မောင်က တကယ်ပဲ လစ်လျှူရှုနိုင်လွန်းပါတယ်...။ ကျွန်မကပဲ မောင့်ဆီက မျှော်လင့်တာသိပ်များလို့လား မောင်တစ်ခုလောက်ပြန်မပေးနိုင်တဲ့အခါ ကျွန်မပိုခံစားရတတ်တယ်...။ 

မနက်အိပ်ယာနိုးလာခဲ့တာနဲ့ မွေးနေ့အနမ်းလေးတစ်ပွင့်တောင် မောင်မပေးနိုင်ခဲ့တာ ဘာကြောင့်များလည်း ။ အဲဒီနေ့တုန်းက သူငယ်ချင်းတွေဆီက ဖုန်းဆက်ပြီး မွေးနေ့ဆုတောင်းပေးမယ့် စကားတွေကို မကြားချင်တော့လို့ ဖုန်းပိတ်ထားခဲ့လိုက်တယ်...။ ကျွန်မ ဘုရားလည်းမရောက်ဘူး အိမ်ကဘုရားမှာတောင် သစ်သီးဆွမ်းမကပ်ဖြစ်ခဲ့ဘူး...အဲနေ့က တစ်နေကုန်..ကျွန်မဘာမှမလုပ်ချင် မကိုင်ချင်လွန်းလို့ စာအုပ်တွေနဲ့ပဲအချိန်ကုန်ခဲ့လိုက်တယ်...။ နေ့လည်ထမင်းစားပြီးတော့ မောင်က စကားအဆက်စပ်မရှိဘဲ... “မီ့မွေးနေ့တောင် ဘာမှမလုပ်လိုက်ရတော့ဘူးနော်”တဲ့...။ ကျွန်မ မကြားချင်ယောင်ဆောင်နေလိုက်တယ်...။ မွေးနေ့ဆိုတဲ့ စကားလုံးကိုတောင် ကျွန်မခါးသီးနေခဲ့မိတယ်...။

နောက်နေ့တွေ ကိုယ့်အိမ်ကိုယ်ပြန်ရောက်တော့လည်း မွေးနေ့အထိမ်းအမှတ်ကို ဆိုင်တစ်ခုခုမှာ သွားစားမှာတို့ဘာတို့လည်း မလုပ်ဖြစ်ခဲ့ပါဘူး...။ မောင်ကစပြီး လုပ်ပေးမယ်ဆိုရင်တာင် ကျွန်မငြင်းမယ်လို့ စိတ်ကူးထားတာ...။ ကျွန်မကသာငြင်းဖို့ စိတ်ကူးပြီး တစ်ယောက်ထဲ မျှော်လင့်ချက်တွေနဲ့ ရူးနေခဲ့တာပါ... မောင်ကဖြစ် ကျွန်မမွေးနေ့ကို ခေါင်းထဲမှာတောင်မရှိတော့ဘူး...။ ကျွန်မစိတ်က သိပ်နုပါတယ်...သေးသေးလေးကအစ ခံစားလွယ် ကြေကွယ်လွယ်တယ်...။ ဒါကြောင့် အကြောင်းအရာ တစ်ခုခုကို ကျွန်မမျှော်လင့်ချက်ကြီးကြီး မထားရဲဘူး...။

ကျွန်မငွေမချမ်းသာချင်ပါဘူး....။ ကျွန်မကို ကားတွေ တိုက်တွေ ခြံတွေ အချွေအရံတွေနဲ့ ထားစရာ မလိုပါဘူး။ ဒါပေမယ့်ကျွန်မကို သေးသေးဖွဲဖွဲလေးကအစ ဂရုစိုက်တာကိုတော့ ခံချင်တယ်...။ ကျွန်မက အဲလိုကြိုက်တတ်တဲ့ လူစားမို့လား ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း အဲလိုလေးတွေ လုပ်ပေးရတာသဘောကျတယ်...။ မောင်ကကျတော့ ကျွန်မလိုမဟုတ်ဘူး... ရိုမန့်စ်ဆန်တာတွေ မကြိုက်ဘူး လက်တွေ့ကျတယ် စိတ်ကူးမယဉ်တတ်ဘူး...ကျွန်မလို အနုပညာကိုမခံစားတတ်ဘူး စာပေတွေကို မခုံမင်ဘူး ကျွန်မနဲ့တူညီတာဆိုလို့ ရုပ်ရှင်ကြိုက်တာတစ်ခုပဲဖြစ်မယ်...။ တခါတခါကျ တွေးကြည့်တော့ အံ့သြဖို့လည်းကောင်းပါတယ်... ဝါသနာမတူတဲ့လူနှစ်ယောက် အတူတစ်အိမ်တည်း နေနိုင်တာ အချစ်တစ်ခုတည်းအတွက်ဆိုတာ..။

အသေးဖွဲလေးကအစ ခံစားလွယ်လွန်းတဲ့ ကျွန်မကိုမရင့်ကျက်သေးဘူးလို့ ပြောချင်လည်းပြောပါတော့။


မိုးငွေ့

7 comments:

Adora etc. said...

ထိရှ ခံစားလွယ်တတ်သူချင်းမို့ ခံစားချက်ကို ကိုယ်ချင်းစာပါတယ် မိုးငွေ့ရေ။ ဒီနေ့တရက်မပျော်ရပေမဲ့ ကျန်တဲ့၃၆၄ရက်လုံးလုံး ပျော်ပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။

Yoemyaykya said...

ချစ်တဲ့သူအတွက်တော့ မွေးနေ့ မှာ အမြဲ surprise ဖြစ်အောင်လုပ်ပေးချင်တယ်။ စိတ်ကူးယဉ်တယ်ပဲပြောပြော romantic ဆန်ဆန်လေးပဲ ရူးသွပ်တာ။ မီ နဲ့ အကြိုက်ချင်းတူတယ်။ အနော်ကိုယ်တိုင်လဲ အဲလိုမျိုးလေးပဲ ကြိုက်တယ်။

Yoemyaykya said...

ချစ်တဲ့သူအတွက်တော့ မွေးနေ့ မှာ အမြဲ surprise ဖြစ်အောင်လုပ်ပေးချင်တယ်။ စိတ်ကူးယဉ်တယ်ပဲပြောပြော romantic ဆန်ဆန်လေးပဲ ရူးသွပ်တာ။ မီ နဲ့ အကြိုက်ချင်းတူတယ်။ အနော်ကိုယ်တိုင်လဲ အဲလိုမျိုးလေးပဲ ကြိုက်တယ်။

မီးမီးငယျ said...

မွေးနေ့ မင်္ဂလာပါ...
လိုတိုင်းရ..တတိုင်းအောင်..လို့ 
ချစ်တဲ့သူတွေနဲ့ အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ...

နွေတေးရှင် (မင်းဧရာ) said...

ထပ်တူကျဖို့တော့
မလွယ်လှပါဘူးလေ
လိုက်ရောညီထွေစွာ
သာယာခြင်းကို ဖန်တီးယူတတ်ကြပါစေ ။

လရိပ်အိမ် said...

လောကကြီးက ဒီလိုပါဘဲ မမီ။

စံပယ်ချို said...

အနာဂတ်ရဲ့မွေးနေ့များအားလုံး ချိုမြိန်ပါစေလို့
သတိတရအမြဲရှိနေလဲ မအားလို့နော်ချွေးမလေးရေ