Tuesday, 23 July 2013

မိုးရာသီအိပ်မက်…..

  

 
မိုးကြီးလို့ ချောင်းရေတွေတက်လာပြီတဲ့...
ဆရာက စာမသင်တော့ဘဲ ကျောင်းစောလွှတ်လို့ ကျွန်မတို့တွေပျော်လိုက်ကြတာ...
မိုးရေထဲ မိုးကာအကျီင်္လေးဝတ် အဖေ၀ယ်ပေးထားတဲ့ အ၀ါရောင်ရာဘာလည်ရှည်ဘွတ်ဖိနပ်စီးပြီး လမ်းသလားရမှာကို ကြိုတွေးရင်း ပျော်နေရတာ.....

ကျွန်မတို့ကျောင်းအနောက်ဖက်က လယ်ကွင်းပြင်ကြီးအလည်မှာ ဆင်ပုံစံကျောက်တုံးအကြီးကြီးတွေရှိတယ်
ကျောင်းခိုးပြေးပြီး အဲမှာသွားဆော့တဲ့အခါကျရင် ကျောက်တုံးအကြီးကြီးဘေးမှာရှိတဲ့ ကျောက်တုံးအသေး အပွားလေးတွေကို ကျွန်မတို့ကလေးတွေက ဆင်မကြီးကမွေးတဲ့ ဆင်းကလေးလေးတွေ  ဒီကျောက်လေးတွေက တခါလာရင်တခါထပ်ထပ်ပွားလာတယ်လို့ (တကယ်ဟုတ်မဟုတ်မသိပေမယ့်) ဒဏ္ဍာရီဆန်ဆန်ပြောနေတတ်ကြသေး....

မိုးတွေသည်းတဲ့နေ့ဆို့ ကျွန်မတို့နေတဲ့တိုက်အပေါ်ဆုံးထပ်က(အဖိုးဆောက်ထားတဲ့အိမ်) စလက်လောင်းထားတဲ့ လသာပြင်ကြီးမှာ အိမ်ရှေ့က အုပ်မိုးကျနေတဲ့ ကုက္ကိုပင်ကအရွက်ကြွေတွေကြောင့် ရေးစီးမယ့်အပေါက်တွေပိတ်နေတတ်တယ်...
အဲခါလူကြီးတွေက အမှိုက်သွားနှိုက်ချေလို့ ခိုင်းရင်သိပ်ပျော်တာ.. တခါတည်းတန်းခနဲအပေါ်ရောက်တော့တာပါပဲ..မိုးရေထဲဆော့ရတာကိုးး...

အဖိုးဆောက်တဲ့အိမ်ဒေါင့်တွေမှာ ခေါင်မိုးကစီးကျလာတဲ့ရေတလျှောက်တွေတစ်ခုစီရှိတယ်...
မိုးရွာရင် ဘောင်းဘီတိုလေးနဲ့ ရေတလျှောက်အောက်မှာ ကျောကုန်းခံပြီး ရေတွေတဗျန်းဗျန်းစီးကျတာကို ခံရတာ အေးလို့အေးမှန်းမသိ ဆော့နေရတာကိုပဲကျေနပ်နေမိတာ အဲတုန်းက အအေးပိတ် ဖျားတယ်ဆိုတာလည်းမရှိပါဘူး......


အမေက ရော့ မောင်လေးဘောင်းဘီသွားလျှော်ချေဆို အိမ်ရှေ့တစ်ဖက်လမ်းက တောင်ကျရေတွေစီးလာတဲ့ မြောင်းကြီးထဲ မောင်လေးရဲ့
သေးဘောင်းဘီ ချေးဘောင်းဘီတွေကိုလဲ မရွံမရှာသွားလျှော်လိုက်တာပဲ...
မနက်လင်းလာလို့ မိုးရေခံထားတဲ့ ဇလုံတွေထဲကရေတွေနဲ့ အိုးခွက်ပန်းကန်ဆေးရတာ မိုးရေနဲ့မို့ မပြောင်သလိုဖြစ်တာမျိုးကို အမှတ်ရမိတယ်....

ကျွန်မက မျှော့တို့ ခူယားတို့လို့ ပျော့ပျော့စိစိကောင်တွေသိပ်ကြောက်တာ...
ရွာထိပ်က ရေအားလျှပ်စစ်စက်ရုံကြီးက တောင်ကျရေကိုယူပြီးမောင်းတာကိုးး
အဲရေအားလျှပ်စစ်မြောင်းမှာရေသွားသွားကူးတတ်သေးတာ
ရေမြောင်းကြီးအတိုင်းတက်သွားရင် ရေတံခွန်အစကိုရောက်သွားတယ်...
အဲမှာ ကျောက်ဂူကြီးတစ်ခုရှိတယ် ခူယားတွေသိပ်ပေါတယ်ဆိုလို့ တခါမှကိုမသွားတာ...

ဆောင်းဖက်မှာ တောင်ယာမီးရှို့တတ်တဲ့ ရွာထိပ်က တောင်ပေါ်မှာ ခုလိုမိုးမှာ နာနတ်စိုက်ခင်းကြီး ရှိတယ်
ကျွန်မနဲ့ ကျွန်မသူငယ်ချင်းနန်းဖေါင်းတို့ နာနတ်သီးခူးသွားဖူးတယ်...။ တောင်စောင်းမှာ လှေကားထစ်ပုံစိုက်ခင်းနဲ့ နာနတ်သီးတွေအစီအရီ ကိုယ်လိုချင်တဲ့ အလုံးလေးခူးရုံပဲ......
ပြီးတော့ တောင်ပေါ်ကနေ တစ်ရွာလုံးစီးပြီးမြင်ရတာ ဘယ်လောက်လှလဲ.....

မိုးအုံ့အုံ့ကလေးမှာ... ကျောင်းဝင်းဘောလုံးကွင်းတစ်ခုလုံး မြက်သီးပင်တွေထနေတော့တာ..
ကျွန်မတို့တွေ အတန်းလိုက်မြက်ပင်တွေကိုနှုတ်ကြရတယ်... မြက်ပင်တွေဆွဲနှုတ်ရလို့ လက်တွေနာကျင် ကျိန်းစပ်နေပေမယ့် ပျော်နေတာပါပဲ....
ကျောင်းစိမ်းထမီလေးမှာ မြက်သီးတွေကပ်ပါလာရင် ဆွဲနုတ်ရတာလည်းမသက်သာဘူး..

မိုးအေးအေးညနေတွေမှာ “အဖွားပန်”အထမ်းနဲ့လာရောင်းမယ့် အုန်းနို့မုန့်ဟင်းခါးအနံ့လေးနဲ့ အိမ်ဘေးက နန်းဖေါင်းအဒေါ်ပြုတ်ရောင်းမယ့် အငွေ့တစ်ထောင်းထောင်းနဲ့ စေးနေတဲ့ ရှမ်းပြောင်းကိုလည်းမျှော်နေတတ်သေးတယ်...

လယ်ခရုဆန်လှော်ဟင်း ပူပူနွေးနွေးလေးစုပ်ရတာကြိုက်တယ်...

ပြန်တွေးကြည့်ရင် မိုးကို ကျွန်မငယ်ငယ်ကတည်းက ချစ်တတ်လာခဲ့တာပါ....

ပြီးတော့ အသက်ရှစ်နှစ်ကနေ ဆယ်နှစ်ဝန်းကျင် ကလေးမတစ်ယောက် ဒီလောက်အဆော့သန်ပြီး အိမ်အလုပ်တွေကိုလည်းကူလုပ်ခဲ့ မောင်လေးညီမလေးတွေကိုလည်း ထိန်းခဲ့တယ်ဆိုတာ မယုံနိုင်စရာပဲ

ကျွန်မဖြတ်သန်းလာခဲ့ရတဲ့ကလေးဘ၀က မိုးရာသီဆီကို ပြန်သွားခွင့်မရှိ
ဒါပေမယ့် အိပ်မက်မက်ခွင့်တော့ရှိသေးတယ်....

တခါတုန်းကတို့ရွာမှာ ခေါင်းစဉ်အောက်ကပို့စ်များကိုပြန်ဖတ်ချင်သူများအတွက် လင့်ခ်ပေးလိုက်ပါတယ်

 

မိုးငွေ့



5 comments:

နွေတေးရှင် (မင်းဧရာ) said...

ပျော်စရာဗျာ့ နော်..
ငယ်ငယ်ကတော့ မိုးထဲရေ ထဲဆို ပြေးဆော့ကစား ရတာ သိပ်ကို
လွတ်လပ်တာပေါ့ ။

ဖြစ်နိုင်ရင် အဲလို ဘ၀ လေးတွေ ပြန်လိုချင်လိုက်သေးတယ် ။

Han Kyi said...

ငယ်ငယ်တုန်းကတော့ မိုးရွာရင် ပျော်တာပါပဲ...ထီးမပါ ဘာမပါနဲ့ လျှောက်ပြေးရတာ အရသာတစ်မျိုး...

ကြီးလာတော့ မိုးရွာထဲသွားရတာ သိပ်မကြိုက်တော့ပြန်ဘူး...စိုတိစိုဖတ်နဲ့...အခုလိုငယ်ဘ၀လေး ပြန်လွမ်းရတာကျတော့ အရသာ တစ်မျိုးရှိပြန်ရော...

မိုးငွေ့ရေ...ဦးဟန်ကြည် ပို့စ်အသစ်တင်လိုက်ပေမယ့် ဒီမှာကျတော့ လင့်ခ်မတက်ပါလား...ဘယ့်နှယ်လုပ်ရပါ့...

Yoemyaykya said...

အင်းမမလဲ မိုးကိုလွမ်းနေတာလား။
အနော်ကတော့ မိုးရွာထဲ လမ်းလျှောက်ရတာ အရမ်းကြိုက်တယ်။

စံပယ်ချို said...

ငယ်ငယ်တုန်းကတော့ မိုးရွာရင် ပျော်တာပါပဲ...ထီးမပါ ဘာမပါနဲ့ လျှောက်ပြေးရတာ အရသာတစ်မျိုး
ကြီးလာတော့လဲပျော်တာပါပဲ
ခုနေတဲ့နေရာမိုးရာသီမရှိတာကိုကဆိုးတယ်

blackroze said...

မြန်မာ ပြည်ရဲ့ မိုးရာသီကိုတော့
တကယ်ပြန်လွမ်းမိတယ် မကြီးရယ်..