တစ်ခါတုန်းက ကျွန်မ၏ကဗျာဆရာ ကျွန်မ၏ဓါတ်ပုံဆရာ ကျွန်မ၏ဒေါက်တာဆိုပြီး သူ့ကို အမျိုးမျိုးတင်စား စနောက်ခဲ့ဖူးတယ်….။
တကယ်တော့ သူဟာ ကဗျာဆရာတစ်ယောက်လည်းမဟုတ် ဆရာဝန်တစ်ယောက်လည်း မဟုတ်သလို အသက်မွေးဝမ်းကျောင်းဓါတ်ပုံဆရာတစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး……။ ဒါပေမယ့် ဝါသနာအရ သူ… ကဗျာလှလှ နုနုရွရွလေးတွေကိုသီကုံးတတ်တယ်…. အဓိပ္ပါယ်များစွာကို ဖော်ဆောင်သော ဒဿနဆန်ဆန် ဓါတ်ပုံတွေကို ဖန်တီးတတ်တယ်… ကျွန်မရဲ့ ဝေဒနာရောဂါတွေကို စိတ်နဲ့ပျောက်ကင်း သက်သာအောင် ဒေါက်တာတစ်ယောက်လိုလည်း ကုသပေးတတ်တယ်…။
မျက်မှန်ဘောင်ခပ်ကြီးကြီးတပ်ပြီး ဆံပင်တွေဖွာလန်ကောက်ကွေးနေတဲ့ စတိုင်လ်ထူးခြားတဲ့ လူငယ်ကောင်လေးတစ်ယောက်ကို ကျွန်မစပြီးသတိထားမိခဲ့တာကြာပါပြီ…။ အဲဒီတုန်းက ကျွန်မတို့သူငယ်ချင်းတွေမဟုတ်ကြသေးပါဘူး…။ တစ်ယောက်ကိုတစ်ယောက် မျက်မှန်းတမ်းမိကြ ရုံလေးပါ…။ ကျွန်မတို့စသိချိန်မှာ… ကျွန်မက အသည်းကွဲနေတဲ့အချိန်ပေါ့…။ သူဟာ ကျွန်မရဲ့ အသည်းကွဲဝေဒနာကို တခဏအတွင်းပျောက်ကင်းအောင် ကုသပေးတဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ဆရာဝန်လေး အနေနဲ့ သူကျွန်မဘဝထဲကို တိုးတိတ်စွာချင်းနင်းဝင်ရောက်လာခဲ့တာပါ….။
ကျွန်မဘာပြောပြော ဘာလုပ်လုပ် ဘယ်တော့မှ အပြစ်တင်ရှုံ့ချခြင်းမပြုဘဲ… ကျွန်မဝမ်းနည်းတတ်တဲ့ အချိန်ဆို ကျွန်မကို မသိမသာကလေးနှစ်သိမ့်ပေးလေ့ရှိသလို တခါတလေ ကျွန်မအတည်ပေါက်နဲ့ စနောက်တတ်တဲ့အခါ ကျွန်မရဲ့ စနောက်ခြင်းကို သူချက်ချင်း သဘောပေါက်လေ့မရှိဘူး…။ “အစ်မက စာရေးတဲ့သူလို့မပြောရဘူး စကားပြောသိပ်ကြွယ်တာပဲ ကျွန်တော်က နည်းနည်းဝေးတယ်ဗျ… နောက်ဆို ပြောချင်တာရှိရင် တည့်ပြောဗျာ”လို့ သူကကိုယ့်ရဲ့ စကားဝင်္ကပါထဲကနေ အမြဲလမ်းပျောက်နေတတ်တဲ့သူလေ…။
ကျွန်မတို့ရင်းနှီးပြီး အချိန်တိုတစ်ခုအတွင်းမှာပဲ ကျွန်မကို နူးညံ့သောပန်းတစ်ပွင့်နဲ့အတူ သူ့ကဗျာလေးထဲခေါ်ဆောင် အသက်သွင်းခဲ့ပါတယ်….။ ကဗျာဆရာတစ်ယောက် မဟုတ်ခဲ့ပေမယ့်လည်း သူ့ရေးဖွဲ့သီကုံးတတ်တဲ့ ပန်းကလေးအကြောင်း အပိုင်းဆက်တွေနဲ့ ကဗျာရှည်ကြီးကို သူငယ်ချင်းအတော်များများ လာအားပေးပြီးဖတ်ကြတယ် ပြီးတော့ … အရမ်းလည်းကြိုက်ကြတယ်..။ အဲဒီအချိန်ကစပြီး သူငယ်ချင်းတွေက သူ့ကဗျာလေးထဲက ဇာတ်ကောင်နာမည်နဲ့ပဲ သူ့ကိုခေါ်တတ်ကြတော့တယ်…။ ထိုနည်းတူစွာပဲ ကျွန်မရေးသားသော စာတွေထဲမှာ သူဟာ ကျွန်မရဲ့ ဇာတ်ကောင်နေရာကို နေရာယူလာခဲ့တယ်…။
သူရေးတဲ့ သူ့ကဗျာလေးထဲက ပန်းပွင့်ကလေးဟာ ကျွန်မဆိုတာ ရင်းနှီးသူတွေ တော်တော်များများက ရိပ်မိသလိုလိုရှိကြပေမယ့် ဘယ်သူမှသေချာရေရာ မပြောနိုင်ခဲ့ကြသလို ကျွန်မစာထဲက ကျွန်မ၏ ကဗျာဆရာဟာ သူပဲဆိုတာ သေချာမသိကြပါဘူး…..။ ကျွန်မရေးတဲ့စာတွေကို သူက တိတ်တဆိတ် စာဖတ်သူတစ်ယောက်ဖြစ်ပေမယ့် ကျွန်မကတော့ သူ့ကဗျာလေးတွေရဲ့ ပရိတ်သတ်စစ်စစ် တစ်ယောက်ဖြစ်ခဲ့တဲ့အလျောက်…. သူသွားရာနောက်တစ်ကောက်ကောက်ပါတတ်တဲ့ သူ့ရဲ့ D1100 ကင်နွန်ကင်မရာကြီးရဲ့ မော်ဒယ်တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်…။
တစ်ခါက ကျွန်မနေထိုင်တဲ့ မြို့ကလေးဆီကို သူအလည်တစ်ခေါက်ရောက်ခဲ့တုန်းက ကျွန်မတို့နှစ်ယောက် ဈေးတန်းဖက်အတူသွားရင်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတန်းတစ်ခုမှာ ကျွန်မဈေးဝယ်နေတုန်း ကတ္တီပါဖိနပ်စီးထားတဲ့ ကျွန်မခြေဖမိုးတစ်ဖက်ကို ခပ်လှမ်းလှမ်းကနေ Zoom ဆွဲပြီး သူရိုက်ထားခဲ့ဖူးတယ်…။ ပန်းခက်တွေအနားသတ်ထားတဲ့ နက်ပြာရောင်ချည်သား လုံချည်အနားနဲ့ ကျွန်မခြေဖမိုးက သွေးကြောစိမ်းတွေတောင်ပေါ်နေသးတယ်..။ အဲဒီလို ကျွန်မရဲ့ ဓါတ်ပုံဆရာက ကျွန်မ ဘုရားရှိခိုးနေတဲ့ပုံ ဆီမီးထွန်းနေတဲ့ပုံလေးတွေကို တဖျပ်ဖျပ်ရိုက်ရင်းနဲ့လည်း ကျွန်မကို သူ့ကိုယ်ပိုင်မော်ဒယ်တစ်ယောက်လို သဘောထားတတ်သေးတယ်…။
သူမပြန်ခင်ညအထိ ကျွန်မတို့ ဘုရားအတူသွားခဲ့ကြတယ် ကော်ဖီအတူသောက်ခဲ့ကြတယ်…..။ ကျွန်မကို အမြဲတစေ ကျွန်မစကားအတိုင်းအလိုလိုက်ပေးတတ်တဲ့ အဲဒီကောင်ကလေးနဲ့ ခုဆို ကျွန်မ စကားမပြောဖြစ်တာ ဘယ်လောက်ကြာနေခဲ့ပြီလည်း…။ သူ့အလုပ်က အရင်လို ညပိုင်းအချိန်မဟုတ်တော့လို့ ကျွန်မအွန်လိုင်းတက်တတ်တဲ့နေ့အချိန်တွေမှာ သူ့ကိုမတွေ့ရ တတ်တော့ဘူး တွေ့ခဲ့ရင်တောင် သူအလုပ်ရှုပ်နေတဲ့ အချိန်ဖြစ်နေလို့ နှုတ်ဆက်ရုံ စကားတစ်ခွန်း နှစ်ခွန်းစလောက်ပဲ နေကောင်းလား အဆင်ပြေလား သတိရတယ် ဒီလောက်ပဲပြောနိုင်တော့တယ်..။ အရင်သူ့အလုပ် ညပိုင်း လူပါးချိန်ဆို ကိုယ့်ကိုသူအမြဲ စကားလာပြောလေ့ရှိသလို ကိုယ်သူ့ကို ဦးနှောက်စားတာကို သဘောကျတတ်သေးတာ…။
တကယ်တော့ ကျွန်မတို့ သိပ်မရင်းနှီးခင် အစပိုင်းတုန်းက ကျွန်မရေးတဲ့ကဗျာတစ်ပုဒ်အတွက် သူ့ကိုယ်သူအပြစ်ရှိသူလို့ သတ်မှတ်ပြီး ကျွန်မဆီက သူဖြေဆေးလာယူခဲ့တာပါပဲ…။ ကျွန်မဆီက ဖြေဆေးရလိုက်ချိန်မှာ သူ့အသည်းတစ်ခြမ်း အဆိပ်သင့်နေခဲ့ပြီဆိုတာ သူသတိမထားလိုက်မိတာပါ…။ ကျွန်မတကယ်မရည်ရွယ်ပါဘူး….။ သူကို့ ကျွန်မစိတ်ညစ်တုန်း တစ်ခဏ ဖြေဖျောက်ဖို့ သက်သက် အသုံးချတာလည်းမဟုတ်ခဲ့ရိုးအမှန်ပါ…။
ဘေးက ကြည့်သူ မြင်သူတစ်ယောက်အနေနဲ့တော့ ကျွန်မအတွက်သူဟာ ကျွန်မစာတွေအတွက် ကုန်ကြမ်းတစ်ယောက်…။ ထားပါ… ဟုတ်တယ် ကုန်ကြမ်းဆိုပေမယ့် ကျွန်မကိုယ်တိုင် စိတ်နဲ့နှလုံးသားနဲ့ ခံစားမှုနဲ့ အရင်းတည်ခဲ့တဲ့အတွက်…သွေးနဲ့လူ သားနဲ့လူဖြစ်တာခြင်း တူညီတဲ့အတွက်… တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မေ့ဖျောက်မရနိုင်ခဲ့တဲ့ မမြင်နိုင်တဲ့ အမျှင်တန်း သံယောဇဉ်တွေကတော့ရှိနေကြတာပဲမဟုတ်လား…။
@@@@@
ဘယ်လောက်ကြာခဲ့ပြီလည်း………..
ကျွန်မ၏ကဗျာဆရာရေးတဲ့ ကဗျာနုနုတွေကို မဖတ်ရတာ……….
ကျွန်မ၏ဓါတ်ပုံဆရာကိုယ်တိုင် ရိုက်တဲ့ စကားပြောတဲ့ ပန်းချီကားချပ်တွေကို မကြည့်ရတာ……. ကျွန်မ၏ဒေါက်တာ ကျွန်မရဲ့ အသည်းကွဲဝေဒနာကို အနာကျက်တဲ့ အထိ မကုစားခဲ့တာ………
စိတ်ကူးတွေမယဉ်ချင်တော့ဘူးလို့ပြောပြီး ကျွန်မပျော်မွေ့နေတတ်တဲ့ အငွေ့ဆန်တဲ့လောကထဲကနေ သူတကယ်ပဲ အပြီးတိုင် နှုတ်ဆက်သွားခဲ့ပြီ…..။ ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ တကယ့်လက်တွေ့ဘဝကြီး ထဲမှာ သူရှင်သန် နေသားကျနေခဲ့ပြီ…..။
ကျွန်မကသာ… ကျွန်မရဲ့စိတ်ကူးကမ္ဘာမှာ ပလပ်စတစ်ပန်းဥယျာဉ်ကြား မွေ့လျော်နေတတ်တုန်း…..။
ခုတော့.... သူ့ကဗျာပန်းများရှိတဲ့ ဥယျာဉ်ဆီ သူ့ဓါတ်ပုံများရှိရာ ပြခန်းဆီကို မကြာခဏ အလည်အပတ်သွားရင်းနဲ့ပဲ ကျွန်မ အလွမ်းဖြေ ရတော့မှာပေါ့လေ….။
သူတို့နှစ်ယောက်အကြောင်းကို အောက်ကပို့စ်တွေမှာ ရေးခဲ့ဖူးပါတယ်...။
၁) သော့တစ်ချောင်းကောက်ရတဲ့ကောင်လေး
၂) သော့တစ်ချောင်းကောက်ရတဲ့ကောင်လေး(၂)
၃) ကျွန်မ၏ ကဗျာဆရာနှင့်တွေ့ဆုံခြင်း
၄) လသာည၏ လေပြေညင်းတို့ဆောင်ယူရာ
၅) ပန်းကလေးရဲ့ ဥယျာဉ်မှူး
၆) ကဗျာမဆန်တဲ့ ကဗျာဆရာ
မိုးငွေ့
5 comments:
နွေးထွေးနေစဲ ခံစားချက်တွေနဲ့ အတူ
သူရေးသော ကဗျာ လေးတွေကို ဖတ်ခွင့်ရပါစေ
စကားပြောတတ်သော ပန်းချီ ကားတွေလည်း ကြည့်ခွင့်ရပါစေ။
မရင့်ကျက်သေးသော ဝေဒနာအတွက်
ဆေးတစ်ခွက်ကို ယူလာမှာပါ ။
အက်ဆေးလေး သိပ့်ကောင်းတယ် ။
သူတို့နှစ်ယောက်ဆိုတာ ဘယ်သူနဲ့ဘယ်သူလဲ?
ရှယ်အက်ဆေးဘဲ မမိုးငွေ့
သိပ့်သိပ့်သည်းသည်းမဟုတ်ပါပဲ
ခပ်ဖွဲဖွဲလေး ရွာတဲ့ အလွမ်း ။
အက်ဆေးလေး သိပ်ကောင်းတယ်ဗျာ ။
ကဗျာဆရာနဲ့ ပန်းပွင့်လေး ။ အင်း ဘယ်သူတွေလဲလို့ မစဉ်းစားတော့ဘူး။ မမအက်ဆေးတွေက စွဲဆောင်အားကောင်းတယ်။
သမုဒယ ^_^
Post a Comment