Tuesday, 2 October 2012

ကိုယ်အသက်ကြီးပြီ.....






အသက်ကြီးတာခုမှသိရလားလို့မေးမယ်....။

သိတော့သိတယ်လေ ဒါပေမယ့် ထုံးစံအတိုင်း ကိုယ့်ကိုယ်ကို နုပျိုအောင်ပြင်ဆင်ထားတော့ ငယ်နေသေးတယ်လို့ပဲ ထင်နေတာ သူများတွေနည်းတူ ကိုယ်လဲကွကိုငယ်သေးတယ်ပေါ့...။

ကျောင်းတုန်းကတည်းက အစ်မတွေလို ချစ်ခင်ရတဲ့ အစ်မနှစ်ယောက်နဲ့ပြန်တွေ့ဖြစ်တယ်...။ အဲဒီအစ်မနှစ်ယောက်ကလည်းအမျိုးတော်ကြတယ် တစ်ဝမ်းကွဲသမီးယောက်မတွေ။ သူတို့နဲ့က အပြင်မှာ အဆက်အသွယ်သိပ်မရှိပေမယ့် ဖဘမှာတော့ အမြဲတွေ့နေကျ...။ အပြန်လှန်ကော်မန့်ပေးနေကျ..။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ 31 ညတုန်းက ကော်ဖီဆိုင်တစ်ခုမှာ ည12နာရီ မထိုးမချင်း သူငယ်ချင်းတစ်စုနဲ့ ထိုင်ပြီး လေဖေါပြီးတကာလမှာ ဆိုင်ပိတ်ပါတော့မယ်လို့ စားပွဲထိုးလာပြောတော့မှ... အဲဒီအနားက Singapore Kitchen ဆိုတဲ့ တရုတ်ဆိုင်ကို ဆက်ထိုင်ကြပြန်ပါတယ်...။ အဲဆိုင်မှာ ဖက်ထုပ်ပေါင်းတွေ အချိုပွဲတွေစားနေတုန်း ဒေါင့်ဝိုင်းတစ်နေရာက ကိုယ့်ကိုတစ်ယောက်ယောက်ကြည့်နေတယ် ခံစားမိလို့ လှည့်ကြည့်တော့ မစနိုးနဲ့တွေ့လိုက်တယ်... သူ့သမီးလေးလည်းပါတယ် သူ့မိတ်ဆွေတချို့နဲ့နှစ်သစ်အကြို လာစားကြပုံရတယ်...။ အဲဒါနဲ့သွားနှုတ်ဆက်လိုက်တာ..။ အစ်မနဲ့မတွေ့ဖြစ်တာ ဆယ်နှစ်နီးပါးရှိရောမယ်။ သူ့သမီးလေး မီရှဲလ်ဆို အဲဒီတုန်းက ပေါက်စနလေး နှစ်နှစ် သုံးနှစ်သမီးလေးအရွယ်...ခုကြည့်စမ်း ကိုယ်နဲ့အရပ်က မသိမ်းမယိမ်း ကိုးတန်းဆယ်တန်းအရွယ် အပျိုပေါက်လေးဖြစ်နေပြီ...။ မစနိုးနဲ့သူ့သမီးလေးကို Happy New Year ဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်...။ အစ်မကကိုယ့်ကိုတွေ့တော့ “ဟယ်...ညီမက နုနုလေးရှိသေးတယ်” ဆိုပြီး တအံ့တသြနဲ့ပြောတယ်...။ အဲဒီညက ကိုယ်က ရှပ်မီးခိုးနဲ့နက်ပြာရောင်အကွက်ကို အပြာနုရောင်အနက်စင်း ကွာတားဘောင်းဘီတိုလေး ဝတ်ထားလို့ဖြစ်မယ်...။ ဘယ်ကလာနုရငယ်ရမတုန်း...။ ခုပဲကြည့်...မီရှဲလ်လေးတောင် ဒီအရွယ်ဆို ကိုယ်တွေ အသက်ကြီးပြီကွယ့်...။ မစနိုးကတော့ အရင်တိုင်း ၀၀ဖိုင့်ဖိုင့် ချစ်စရာအပြုံးမျက်နှာလေးနဲ့ပဲ...။

နောက်အစ်မတစ်ယောက်က ကိုယ်တို့အိမ်ရှေ့တိုက်တန်းနောက်ဖက်လမ်းမှာ ဖွင့်ထားတဲ့ အင်္ဂလိပ်ကျောင်းမှာ သူ့သမီးကျောင်းလာကြိုတာ...။ ကိုယ်ကရုံးကအပြန် အဲဒီလမ်းထဲကလျှောက်တော့ ဟယ်ရီယာကားပေါ်ကနေ လက်လှမ်းပြနေတာ ကားမှန်က အလင်းပြန်တော့ အနားရောက်တော့မှသိတော့တယ် မဒါလေး....ကြည့်စမ်း သူ့ဘေးနားကထိုင်ခုံက ကလေးမလေးက“နိုးနိုး”...။ အစ်မ ဒီကလေးလေးကိုမွေးတုန်းကသွားကြည့်ဖြစ်သေးတယ်...။ ခုဆို သူ ဆယ်နှစ်သမီးအရွယ်ရှိပြီပေါ့ ဒါပေမယ့်သူကအသက်အရွယ်ထက် ပိုထွားနေသေးတယ်။  ငါးတန်းကျောင်းသူအရွယ် ကလေးမကလေး... မျက်လုံးဝိုင်းဝိုင်းနဲ့ ကိုယ့်ကိုလှမ်းကြည့်တယ် အန်တီ့ကိုမှတ်မိလား ဆိုတော့ ခေါင်းညိတ်ပြတယ်...။ အစ်မနဲနဲကလေးဝလာတာကလွဲလို့ အရင်လိုချစ်စရာပါးချိုင့်လေးနဲ့။ အစ်မ ဖုန်းပြောနေလို့ နောက်မှတွေ့မယ်ဆိုပြီး နှုတ်ဆက်ထွက်ခဲ့လိုက်တယ်...။ အဲဒီကလေးမလေးပေါ့ ကိုယ်ငယ်ငယ်တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံနဲ့သိပ်တူတာပဲဆို...။ ကလေးတွေတွေ့မှာ ကိုယ်တွေအသက်ကြီးပြီဆိုတာ ပိုသိသာလာတယ်...။ သူတို့တွေက သတိပေးနေတယ်။

ခုလိုတွေးဖြစ်တော့လဲ...သြော်...ကိုယ်ရေးတဲ့.....အက်ဆေးအနုအရွတွေက ကိုယ်နဲ့ဘာမှ မသက်ဆိုင်သလိုလို...။ အက်ဆေးအနုလေးတွေနဲ့ ဟင်းချက်ခြင်းအနုပညာကို ဖန်တီးသူအဖြစ် ကိုယ်ဘယ်အချိန်ထိဆက်ရှိနေဦးမလဲ... သံဝေဂရစရာပဲနော်...။



မိုးငွေ့



18 comments:

Yoemyaykya said...

တကယ်နုမနုဆုံးဖြတ်ဖို့ဓာတ်ပုံပြပါမမ။

Cameron said...

come and join me on facebook sis.

Unknown said...

ကျွန်မလည်း အသက်အရ ဧပြီ ၂၉ မှာ ၃၇ ပြည့်ခဲ့ပေမယ့် တစ်ခါတစ်လေ ကိုယ် ၄၀ နားနီးလာတာကို မေ့နေတာများတယ်....း))

Cameron said...

you are younger than me only one month ma chaw su..

Yoemyaykya said...

Facebook မှာရှာတာတွေ့ဘူးမမ။

လရိပ်အိမ် said...

ဟာ ဒါဆိုမမိုးငွေ့ကအရွယ်တော်တော်တင်တာဘဲ။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မိုးငွေ့ပြောမှ ကိုယ့် အသက် ကိုယ် ပြန်တွက်နေရတယ် .. ဒါတောင် လည်ထွက်နေတာ ..ခိခိ .. မေ့ထားတာ အသက် ၂၅ ကျော်ကတည်းကပဲ ..မေးလာရင်တော့ ၂၅ ကျော်ပြီလို့ ဖြေမယ် .. ကောင်းဘူးလား ..

Thameesan said...

အစ်မမိုးငွေ့က..
တကယ်အရွယ်တင်နုပျိုပါတယ်။
ရေးနေကြ စာလေးတွေ၊စားစရာလေးတွေ
နောက်ထပ်(နောက်ထပ်)
အသစ်အဆန်းလေးတွေသာ..များများ
ဆက်ရေးပေးပါလို့...း)
ကိုယ်၊စိတ်နှစ်ပါး
မျှတ၊ချမ်းသာနေဖို့သာအဓိကပါလို့..

ချစ်ခင်စွာနဲ့..

ညိမ်းနိုင် said...

ကျွန်တော့်တူမလေးတစ်ယောက်နဲ့ ဂျီမှာစကားပြောဖြစ်
တယ်...တနေ့က...၊ညေးဘယ်နှတန်းရောက်ပြီလဲဆိုတော့
ဂျီတီစီတတ်နေတယ်....တဲ့...၊ကိုယ်အံသြသွားတယ်....
ကိုယ့်စိတ်ထဲ.....သူတို့ကို ကလေးပေါက်စလေးလိုထင်
နေတုန်းရှိသေးတာကိုး....၊တစ်ပြိုင်နက်ထဲမှာပဲ ကိုယ်
အသက်ကြီးလာပြီဆိုတာ တွေးမိပါရဲ့...၊ဒါပေမယ့် အသက်
နဲ့ အက်ဆေးကတော့ ဘာမှမဆိုင်ပါဘူးဗျ....၊ဦးသစ္စာနီ
တို့တောင် ၆၀ကျော်တဲ့အထိ အချစ်ဝတ္ထုလှလှလေးတွေ
ကဗျာတွေ ရေးနေသေးတာပဲကို....၊ဘာမှဆိုင်ဘူး....အဲ့
လိုမတွေးနဲ့...ကိုယ်ရေးချင်တာ ချသာရေး......

မီးမီးငယျ said...

မိုးငွေ့ ရဲ့ ရှေ့ ခပ်လှမ်းလှမ်းတနေရာမှာ..။
ကိုယ်ရှိတယ်သိလား....။
ဟားဟား...တော်တော်တောင်လှမ်းတာနော့်..။
:))))

Phyu Lwin said...

ဟုတ်တယ် မ.. ၁၉၉၀ နောက်ပိုင်းမွေးတဲ့ ကလေးတွေတွေ့ရင် အလိုလိုအသက်ကြီးလာပြီဆိုတာ သိသာလာစေတယ် ;'(

ချစ်စံအိမ် said...

ဟုတ်တယ်နော်မိုးငွေ့ ကလေးတွေမြင်မှကိုယ်အသက်ကြီးတာသိသာတယ်..:P

Anonymous said...

ဒါ အသက်ကြီးတယ်လို့ ထရီဆာ မဆိုလိုချင်ပါ ..
တည်ငြိမ်ရင့်ကျက်ခြင်းဆီသို့ ရွေ့လျားနေတာလို့ ...း))

mstint said...

ရပ်တန့်လို့မရတဲ့အသက်တွေ တစ်နေ့တစ်ခြားကြီးလာတာ သဘာဝမို့ ဥပက္ခောပြုပြီး လုပ်သင့်တာသာလုပ်ပါ မိုးငွေ့ရေ။
စာရေးသူတစ်ယောက်အဖို့ သူ့ရဲ့အရေးအသားနဲ့အသက် မဆိုင်ဘူးထင်ပါတယ်ကွယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

အင်း..တကယ်နုမနုသိရအောင် fb မှာသွားကြည့်လိုက်မယ်နော်..မမရေ...:P

Candy said...

ကိုယ့်ကိုကိုယ်တော့ ငယ်တယ်ပဲ ထင်တတ်ကြတာ...
ဒီနောက်ပိုင်း အမ လာလာခေါ်ကြမှ ကြီးမှန်း သတိထားမိလာတယ် :P

မိုးသက် said...

အော်ကျွတ်ကျွတ်.။ ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီး ဇရာဆိုတာဒါပါလားလို့ သုံးခါရွတ်လိုက်တယ်.။

လွင်ပြင်လှိုင်းငယ် said...

ကိုယ့်အသက်ကိုယ်မတွက်တာတောင်ကြာပေါ့ ဟိ