ကိုယ်ဆင်းရမယ့် မှတ်တိုင်နားရောက်ခါနီးမှ မိုးကတပြိုက်နှစ်ပြိုက်ရွာချလာတယ်...။ ခုမှသတိရသွားတယ် ထီးကရုံးမှာကျန်ခဲ့ပြီ....။ ရုံးဆင်းတော့ ကောင်းကင်ကိုတောင်မော့ကြည့်မိသေး...။ အနောက်စူးစူးမှာ တိမ်တွေ လိမ္မော်ရောင်တောက်နေသေး...။ မိုးရိပ်မိုးငွေ့နဲနဲမှမပြဘဲ ရုတ်တရက်ရွာချလိုက်တာ...။ တွေ့လား.... အဲဒါရန်ကုန်မိုးပဲ....။ မှတ်တိုင်မှာဆင်းဖို့ အပေါက်ဝကို တိုးဝှေ့ထွက်လိုက်တယ်...။ မတတ်နိုင်ဘူး ..ဒီမိုးလောက်နဲ့တော့ မှတ်တိုင်မှာ အချိန်ကုန်ခံခိုမနေတော့ဘူး မိုးစိုခံပြီးလမ်းလျှောက်ပြန်မယ်လို့ ဆုံးဖြတ်လိုက်တယ်..။အညိုရောင်သရေလွယ်အိတ်လေးကို ခေါင်းပေါ်မိုးပြီး မီးပွိုင့်မိနေတဲ့ ကားတန်းရှည်ကြီးကြားကနေတဖက်ကို ကူးလိုက်တယ်..။ ဟိုဖက်ပလက်ဖောင်းက ဗာဒံပင်အောက်ကနေလျှောက်တော့ မိုးသိပ်မစိုတော့.....။ ကိုယ့်နားကို ကားတစ်စီး ဟွန်းသံပေးရင်း ရိပ်ခနဲထိုးရပ်လိုက်တယ်....။ ခေါင်းပေါ်မိုးထားတဲ့ အိတ်ကို ပခုံးပေါ်ပြင်လွယ်ရင်း အနက်ရောင်တောက်ပြောင်နေတဲ့ ကားလုံးလုံးကလေးထဲဆီကို နဲနဲကိုင်းပြီးငုံ့ကြည့်မိတယ်။ ကိုယ့်အသိထဲမှာ ဒီလိုကားမျိုးဘယ်သူရှိပါလိမ့်...။ မှန်ကလေးလျှောခနဲကျသွားတယ်...။
“ညီမလေး...ဘာလို့ မိုးရေထဲလျှောက်နေတာလဲ လာကားပေါ်တက်...”
“ဟင်.... ကိုကို....” ကိုယ်ခပ်တိုးတိုးရွတ်ဆိုမိခြင်းပါ....။
ရှေ့ကားတံခါးလေး သူဖွင့်လိုက်တယ်....။ ရုတ်တရက် မထင်မှတ်ဘဲတွေ့လိုက်လို့ ကိုယ်နဲနဲတော့ စိတ်လှုပ်ရှားသွားတယ်...။ ပြီးတော့ ကိုယ်မေ့နေတာကြာပြီဖြစ်တဲ့လူတစ်ယောက်လေ...။ မေ့နေတာမဟုတ်ပါဘူး မေ့ထားတာဆိုရင်ပိုမှန်မယ်...။ ကားပေါ်ကိုယ်အလိုက်သင့်တက်ထိုင်လိုက်တယ်...။
“ကိုယ်တို့ညနေစာအတူမစားရတာကြာပြီ...ညီမလေးအချိန်ရတယ်မဟုတ်လား”
“ဟုတ်...ရပါတယ်... ကိုကိုကဘယ်တုန်းကရောက်တာလဲ...”
“ကိုယ်လား...နှစ်ရက်လောက်ရှိပြီ အလုပ်ကိစ္စလေးရှိတာနဲ့လေ...ခုတော့ပြတ်သွားပါပြီ နောက်တစ်ရက်နှစ်ရက်လောက် နေပြီးပြန်တော့မလို့... ညီမလေးတို့အိမ်ကိုနက်ဖြန်လာခဲ့ဦးမလို့ပဲ...”
သူ့ကားလေးက ဓမ္မစေတီလမ်းပေါ်က စားသောက်ဆိုင်တစ်ခုရဲ့ ခြံဝင်းထဲကိုဝင်သွားတယ်....။ ထိုင်းစားသောက်ဆိုင်လေးပါ...။ ကိုယ်ထိုင်းစာကြိုက်တတ်မှန်းသူမှတ်မိနေသေးတာပဲ...။ ကားပါကင်မှာနေရာယူပြီး ကိုယ်တို့ မြက်ခင်းပြင်ပေါ်က စားပွဲဝိုင်းကိုပဲရွေးလိုက်ကြတယ်...။ ကိုယ်သိနေတယ်လေ အပြင်ဖက်ကိုသူရွေးလိုက်တယ်ဆိုတာ သူစီးကရက်ကို လွတ်လွတ်လပ်လပ် သောက်ချင်လို့လို့ ကိုယ်ခန့်မှန်းကြည့်လိုက်မိတယ်...။စားပွဲထိုးကို ဟင်းတွေမှာပြီး သူ့အိတ်ထဲက စီးကရက်ဘူးလေးထုတ်လိုက်တယ်...။ ကိုယ့်မှာ သူ့ကိုမီးညှိပေးဖို့ မီးခြစ်မရှိတော့ဘူး...။ တစ်ချိန်တုန်းက အဲဒီမီးခြစ်ဗူးလေးကို သူအပိုင်တောင်းယူသွားခဲ့ဖူးတယ်လေ....။ ပြီးတော့ သူက အဲဒီကိုယ်ပေးထားဖူးတဲ့ မီးခြစ်လေးကို ထုတ်လိုက်ပြန်တယ်...။
“ကိုယ် စီးကရက်သောက်မယ်နော်....” တဲ့...။
သူတစ်ခါမှကိုယ့်ကို အဲလိုခွင့်မတောင်းခဲ့ဖူးပါဘူး...။ အဲလိုခွင့်တောင်းရမယ့်သူ သူ့ဆီမှာရှိနေလို့ဖြစ်မှာပါ....။
“ကိုကို စီးကရက်တွေသောက်နေတုန်းပဲလား...”
အရင်လိုပဲ သူစီးကရက်ကိုမီးညှိပြီး နှုတ်ခမ်းမှာ လှလှပပတေ့ထားတတ်တုန်း....။ ကိုယ်စွဲလန်းခဲ့ဖူးတဲ့ အမူအရာတစ်ခုမှန်းသိလျက်နဲ့ သူဘာကြောင့် ကိုယ့်ရှေ့မှာလုပ်ပြရသလဲ...။ နှစ်တွေကြာသွားလို့ မေ့သွားတာလား။ မဖြစ်နိုင်ပါဘူး သူက ကိုယ့်အမူအကျင့်တွေ ကိုယ့်အကြိုက်တွေကို အမြဲတစေအလွတ်ရနေတတ်တဲ့သူ...။ အို...ကိုယ်ဘာတွေလျှောက်တွေးနေမိပါလိမ့်...။ ကိုယ့်မှာသူ့ကို ဝေဖန်ပိုင်ခွင့် တားမြစ်ပိုင်ခွင့် ဘာဆိုဘာမျှ မရှိတော့တဲ့သူတစ်ယောက်ဖြစ်သွားတာ ကြာခဲ့ပြီမဟုတ်လား...။
“အမှန်တိုင်းပြောရရင် ကိုယ်မသောက်ဖြစ်တာကြာပြီ...ခုရန်ကုန်ပြန်ရောက်တုန်း ရက်ပိုင်းကလေးမှ သောက်ဖြစ်နေတာပါ...”
“အော်....”
မိုးကခတ်ဖွဲဖွဲရွာနေတုန်းပဲ....။ ကိုယ်တို့နေရာက ခြံမြက်ခင်းပြင်အလည်မှာ ကွန်ကရစ်ခပ်မြင့်မြင့်လေးဆောက်ထားတဲ့ အဝိုင်းပုံစံအမိုးလေးနဲ့....။ စားပွဲထိုးလေးက ဘီယာတစ်ဂျားနဲ့ခွက်နှစ်လုံးလာချပေးတယ်.....။
“ညီမလေးမသောက်ဘူးနော် ကိုကိုပဲသောက်ပါ...”
“ဘာလို့လဲ လက်ကိုက်မှာစိုးလို့လား....”
“မဟုတ်ပါဘူး မသောက်ချင်တော့လို့..”
ကိုယ်လက်ကိုက်တော့ရော သူကနှိပ်ပေးဦးမှာပဲလေ...ဒါပေမယ့် အခြေအနေတွေက ပြောင်းလဲနေပြီ... ကိုယ်ဆင်ခြင်သင့်တာဆင်ခြင်ရမယ်လေ...။
“မေမေတို့ပြောတယ် ကိုကို့မှာ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရှိနေပြီဆို”
“အင်း ဟုတ်တယ်...ဒေါ်ဒေါ်တို့မနှစ်က ပြင်ဦးလွင်လာလည်တော့ တွေ့တာဖြစ်မယ်...နေဦး ကိုယ့်ဆီမှာ သမီးရဲ့ဓါတ်ပုံလေးပါတယ်...”
သူက သူ့ဟမ်းဖုန်းလေးရဲ့ touch screen ကိုလက်နဲ့ဟိုတို့ဒီတို့လုပ်ရင်း ဖိုတိုအမ်ဘမ်ထဲက ပုံလေးကိုရှာနေတယ်။
“ရော့....”သူ့လှမ်းပေးတဲ့ ဖုန်းလေးကို ကိုယ်ယူကြည့်လိုက်တယ်....။ ရှပ်အကျီၤပန်းရောင်လေးနဲ့ ဘဲလ်ပုံဂျင်းဘောင်းဘီရှည်လေးဝတ်ပြီး ကြိုးသိုင်းဖိနပ်အညိုရောင်လေးဝတ်ထားတဲ့ မတ်တပ်ရပ်နေတဲ့ ကလေးမလေးတစ်ယောက်...။ ဆံပင်နုနုခွေခွေလေးကို ညာဖက်လေးခွဲပြီးသပ်သပ်ရပ်ရပ်လေးဖီးထားတဲ့ နားရွက်ခပ်ကားကား မျက်လုံးဝိုင်းစက်စက် နှာတံလုံးလုံးနဲ့ မျက်မှောင်လေးကိုကျုံ့ထားတဲ့ နှုတ်ခမ်းထူထူကလေးမလေး...။ ကိုယ်ဒီပုံစံကလေးလေးကို မြင်ဖူးနေသလိုလိုခံစားလိုက်မိတယ်...။ ကိုယ်စူးစူးစိုက်စိုက်ကြည့်ရင်း စဉ်းစားနေမိတယ်...။
“ဘယ်သူနဲ့တူတယ်လို့ထင်လဲ”
“ဟင့်အင်း ...မပြောတတ်ဘူး ကိုကိုနဲ့တော့မတူဘူး ကိုကို့အမျိုးသမီးကို ညီမလေးမှသေချာမမြင်ဖူးတာ...” “ဒါဆို နောက်တစ်ပုံကိုဆွဲကြည့်ကြည့်လိုက်...”
သူပြောတဲ့အတိုင်း နောက်တစ်ပုံကို ကိုယ်ဆွဲကြည့်လိုက်တော့ ...ကိုယ့်မျက်လုံးတွေေ၀ဝါးသွားတယ်....။ ဒီထဲက ကလေးမလေးပုံက ကိုယ်ငယ်ငယ်တုန်းကပုံလေးပါ...။ ဟုတ်တယ် စောစောကကလေးမလေးလိုပဲ ခရမ်းရောင်ရှပ်အကျီၤ နဲ့ အနီရောင်ဘဲလ်ဘောင်းဘီ ကြိုးသိုင်းဖိနပ်ကလေးစီးထားတဲ့ မြက်ခင်းပြင်ပေါ်မတ်တပ်ရပ်နေတဲ့ နှစ်နှစ်အရွယ် ကလေးမလေး...။ ဒီပုံကို သူဘယ်တုန်းက ယူသိမ်းထားခဲ့သလဲ..။ ကိုယ်တော်တော်လေး အံ့အားသင့်သွားမိတယ်....။
“ဘယ်လိုလဲ ကိုယ့်သမီးကချစ်စရာမကောင်းဘူးလား”
“ညီမလေးငယ်ငယ်တုန်းကပုံနဲ့တထေရာထဲများဘယ်လိုမွေးလိုက်သလဲကွယ်... တော်တော်အံ့သြဖို့ကောင်းတယ် ခုနေ ညီမလေးသာအိမ်ထောင်ကျသွားလို့ ကလေးမွေးရင်တောင် ဒီလောက်တူမှာမဟုတ်ဘူး...”
“အဲဒီပုံလေးကိုချစ်လို့ ကိုယ်ယူသိမ်းထားတာကြာလှပေါ့ မသိဘူးမဟုတ်လား...”
အဲဒီပုံလေးကိုချစ်လို့ လို့သူ့နှုတ်ကကြားလိုက်ရတာကို တစ်မျိုးလေးပဲဖြစ်သွားမိတယ်....။ သူက ကလေးလေးတစ်ယောက်ကိုချစ်လို့ အမှုမဲ့ပြောလိုက်ပေမယ့် ကိုယ့်အတွက်က သူ့ဆီက ပထမဦးဆုံးကြားဖူးတဲ့ စကားလုံးလေးပါ...။
“အိမ်မှာလဲ တစ်ပုံရှိသေးတယ်လေ ကိုကို့ဆီမှာတစ်ပုံရှိလိမ့်မယ်လို့ ဘယ်လိုလုပ်တွေးမိမလဲ... မေမေတို့မြင်ရင်အရမ်းအံ့သြမှာပဲ....”
“ဒေါ်ဒေါ်က မနှစ်ကတည်းကတွေ့တယ်လေ ညီမလေးရဲ့ အဲဒီတုန်းက သမီးလေးက တစ်နှစ်ကျော်လေးပဲရှိသေးတာ... ကိုယ်က ညီမလေးကို ပြန်မပြောဖို့ကတိတောင်းထားတာ ဒါကြောင့် သူပြောမပြတာဖြစ်မယ်...”
“ဘာဖြစ်လို့လဲ”
“အော်... ကိုယ်ကိုယ်တိုင် ညီမလေးကို အံ့သြသွားအောင်လုပ်ချင်လို့ပေါ့”....တဲ့
“ကိုကိုရယ်....နောက်တစ်ခါရန်ကုန်လာရင် အဲဒီကလေးလေးကိုခေါ်ခဲ့နော်....သူ့ကို ညီမလေးတော့ အရမ်းချစ်သွားပြီ...ခု အဲပုံလေးကိုညီမလေးဖုန်းထဲပို့ပေးပါလား...”
ကိုယ်တို့ညစာအတူစားကြ ထုံးစံအတိုင်း ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောကြနဲ့ပေါ့....။ ကိုယ့်အတွေးထဲတော့ သူ့သမီးလေးပုံရိပ်သာစိုးမိုးနေခဲ့တယ်...။ ကိုယ့်ငယ်ရုပ်နဲ့များတူအောင် ဘယ်လိုများမွေးခဲ့သလဲ ကိုယ်ဖြင့် အံံံ့သြမဆုံးတော့....။
“ညီမလေးနဲ့တူအောင်ဘယ်လိုမွေးသလဲ မသိချင်ဘူးလား...”
“ဟုတ်ကဲ့...သိချင်တာပေါ့..”
“တကယ်တွေးကြည့်ရင်တော့ မဖြစ်နိုင်တဲ့ကိစ္စပါ.... ကိုယ့်အမျိုးသမီးကိုယ်ဝန်ဆောင်တော့ သူက သမီးလေးလိုချင်တယ်ဆိုပြီး ညီမလေးငယ်ငယ်ကပုံလေးကိုပဲ နေ့တိုင်းလိုလိုသူကြည့်ဖြစ်တယ်...”
“သူက ဓါတ်ပုံထဲက ကလေးလေးဘယ်သူလဲဆိုတာသိလား..”
“အင်း...သိတယ်လေ...ကိုကို့ညီမလေးငယ်ငယ်ကပုံလို့.... ပြီးတော့သူကလဲ အဲဒီပုံထဲကလိုပဲချစ်စရာကောင်းတဲ့ သမီးလေးလိုချင်တယ်တဲ့ အနည်းဆုံးတစ်နေ့တစ်ခါတော့ ကြည့်ကြည့်တတ်တယ်...အဲဒီပုံကလေးကို အကြီးချဲ့ပြီး မှန်ဘောင်လေးနဲ့ ကိုယ်တို့အခန်းထဲမှာထည့်ထားတာ”
“တကယ်...” ကိုယ်မျက်ခုံးလေးပင့်ပြီးသူ့ကိုမော့ကြည့်တော့....
“ဟော...တွေ့လား အဲလိုမျက်ခုံးလေးပင့်ပြီး မျက်လုံးဝိုင်းသွားတာ ငယ်တုန်းကရုပ်ပြန်ပေါ်လာတယ်”
“ဟာ... ကိုကိုကလဲ......”
“ညီမလေးနဲနဲတော့ပိန်သွားတယ်နော် အလုပ်ပင်ပန်းလို့လား”
“ဒီလိုပါပဲ အိပ်ရေးပျက်တာများလို့ဖြစ်မှာပါ...”
အသက်လေးဆယ်နားနီး သူကတော့ နဲနဲကလေးပြည့်လာတာကလွဲလို့ သန့်ပြန့်ချောမောဆဲ အသားတွေဖြူဝင်းဆဲ... ရိတ်ထားတဲ့ပါးမြိုင်းမွှေးတွေ စိမ်းမြဆဲ....။ သူ့အမျိုးသမီးလေးက သူ့ကို ဂရုတစိုက်ရှိလို့သာ သူ့ကိုဒီလိုစိတ်ရောရုပ်ရော ကြည်လင်နေတာတွေ့ရတာပေါ့....။ မိဘစကားကို နားထောင်လိုက်တဲ့ သူ့ရလာဘ်ကောင်းမှန်းမပြောပြဘဲမြင်နေရတယ်လေ....။ကိုယ့်ကိုသူက ဟင်းတွေချည်းအများကြီးထည့်ကျွေးနေတော့တယ်....။ အရင်တုန်းကသူနဲ့ကိုယ်လျှောက်သွားရင် ကိုယ်ကအစားပုတ်သူ...။ ခုတော့ ငယ်တုန်းကလောက် သိပ်အစားမမက်တော့ဘူးလေ....။
မိုးကစောစောကထက် ပိုသည်းလာလို့ သူက ကိုယ့်ကို သူ့ကားထဲက အနွေးထည်တစ်ထည် သွားယူလာပေးတယ်။ သူဝတ်တတ်တဲ့ ဂျာကင်လေးဖြစ်မှာပါ။ နို့နှစ်ရောင်ဂျာကင်လေးက ကိုယ့်ကိုယ်ပေါ်မှာ ခပ်ပွပွလေး အုပ်မိုးထားလို့ ခဏလေးမှာပဲနွေးထွေးသွားတယ်....။ သူ့ကိုယ်နံ့တွေကလဲ လတ်ဆတ်မွှေးမြဆဲပဲ.....။ကိုယ်ကော်ဖီပူပူတစ်ခွက်သောက်ဖြစ်လိုက်သေးတယ်....။
ညက မီးရောင်စုံတွေကြား မိုးစက်တွေကြားမှာ တိတ်ဆိတ်အေးချမ်းလို့....။
မှတ်ချက်။ ။ သူတို့နှစ်ယောက်အကြောင်းကို ဒီပို့စ်... ဒီပို့စ်နဲ့ ဟောဒီပို့စ် တွေမှာ ရေးဖူးခဲ့ပါတယ်....။ “ချစ်သူရဲ့သမီး”ဆိုတာ ဆရာမဂျူးရဲ့ ဝတ္ထုတိုတစ်ပုဒ်ရှိပါတယ် ဘလော့ဂါအတော်များများလဲ ဒီခေါင်းစဉ်လေးနဲ့ရေးတတ်ကြတာကိုတွေ့ဖူးတယ်... အစကတော့တခြားနာမည်ပြောင်းမလို့ပဲ ဒါပေမယ့် ဒီနာမည်လေးနဲ့ကပိုလိုက်ဖက်နေလို့....။
မိုးငွေ့