Tuesday, 31 July 2012

ကျွန်တော့်ရဲ့ ပန်းနုရောင်ပန်းပွင့်.....




ကျွန်တော် သူမကိုစတွေ့တော့ အဝါရောင်ပန်းပွင့်လေးပါ...
အဲဒီညက အရောင်တွေက လှချင်တိုင်းလှနေတယ်...
မီးရောင်တွေ ပြိုးပြိုးပြက်ပြက်
မမြင်ရတဲ့ လေပြေတောင် ပန်းနုရောင်သန်းနေကြတယ်
သူမ မျက်ဝန်းညိုတို့မှာ ဒေါသငွေ့လေးကပ်ခိုလို့..
ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော့်အပြုံးကို အားဖြည့်ပေးတယ်...
ကျွန်တော့်အပျော်ကို ဆတိုးပွားပေးတယ်...
ကျွန်တော်တို့ မှန်ပြောင်းတစ်ခုရဲ့ အောက်မှာ ခိုလှုံပြုံးပြခွင့်မရလိုက်ဘူး
ဒါပေမယ့် ကျွန်တော် ကျေနပ်ပါတယ်...
နှလုံးသားမှာ သူမပုံရိပ်တို့က ထာဝရထင်ဟတ်နေမှတော့လေ...။

နေ့ရဲ့ အလင်းရောင်အောက်မှာ
ကျွန်တော့်ရဲ့ နက်ပြာရောင်ပန်းပွင့်လေးလွှင့်လာတယ်..။
နေရောင်အောက်မှာ ကျွန်တော်တို့ အရောင်တွေကိုလိုက်ရှာခဲ့ကြ....
စိမ်းလန်းတဲ့ အသီးအပွင့်အရွက်တွေကို ကျွန်တော်မှတ်တမ်းတင်ခဲ့...။
နက်ပြာရောင်လေးမှာ အသံမြည်တဲ့ ခြူကလေးငါးလုံးပါတယ်...။
သူမအပြုံးနဲ့အတူ ဆည်းလည်းလေးတွေလိုပဲ လှုပ်ခတ်မြည်နေကြတယ်...။
ကျွန်တော်နဲ့သူမကို အစိမ်းရောင်တွေက နွေကို အေးစက်စေခဲ့...
အနီရောင်ရုပ်သေးဆီက အမှတ်တရရခဲ့တယ်....။

အဲဒီနေ့ကတော့ သူမက အညိုရောင်ပန်းပွင့်လေးဖြစ်နေတယ်...
ညကောင်းကင်က လျှပ်စီးတွေနဲ့
မြေမှာကပ်ပေါက်တဲ့ အပင်တွေကတော့ စိမ်းနေကြတယ်
မိုးစက်ဖြူဖြူတွေက ခုန်ပေါက်ကလူကျီစယ်လို့....
ခွဲခွာခြင်းနဲ့တောင်မတူပါဘူး...
ကျွန်တော်တို့ အပြုံးတွေချိတ်ဆက်မိကြတယ်.....
သူမရင်ထဲမှာ ဘယ်လိုဖြစ်မလဲ ကျွန်တော်မြင်အောင်မကြည့်တတ်ခဲ့ဘူး
ကျွန်တော်ကိုကတုံးပါတယ်လေ....
ဒါကြောင့် ရှစ်တူက အချစ်လျော့သွားတာဖြစ်မယ်
မနက်ဖြန် ကျွန်တော့်အိပ်မက်ရှိရာကို သွားရတော့မယ်....
တကယ်ပဲ အိပ်မက်တွေက အဲမှာရှိသလား
ကျွန်တော်သေချာမသိဘူး......။


မိုးငွေ့



Monday, 30 July 2012

ဆန်လှော်ဟင်း.....


မိုးရာသီထမင်းဝိုင်းမှာ ပုံတွေကိုသာတင်ပြီး ချက်နည်းလေးထည့်မရေးမိဘူး....။ မအိုင်အိုရာက အစိမ်းရောင်အလုံးလေးတွေကဘာလဲလို့ မန့်ထားတာတွေ့လိုက်တယ် အဲဒါ ခရမ်းကဆော့သီးတွေပါ....။ ဒီဟင်းက သာမီးချက်တာဟုတ်ဖူး...ချစ်သောမာမီမေမေချက်တာပါ....။ အမေက သူ့ညီမအိမ်သွားအိပ်ရင်း အိမ်ဘေးနားက လာပေးတဲ့ဆန်လှော်ဟင်းကို နည်းမေးခဲ့ပြီး အိမ်မှာပြန်ချက်တာ...။ ဒါက ကရင်ပြည်နယ်မှာနေထိုင်တဲ့ ပအိုဝ်းလူမျိုးတွေချက်စားတဲ့ဟင်းတဲ့...။ ကရင်ချက်ကတော့ မျှစ်တာလပေါဟင်းလို့ဆိုတယ်...။

လိုအပ်တာတွေက ၀ါးပိုးမျှစ်တစ်ခု အဲဒီမျှစ်ကိုဈေးထဲမှာ ပြုတ်ပြီးသားရောင်းပါတယ် လက်တစ်ဝါးစာလောက်ကြီးတဲ့ လုံးလုံးပုပုမျှစ်...။ ပုစွန်ဆိတ် တစ်ဆယ်သားအခွံခွာထားမယ်...။ မျှစ်ကိုစားလို့ရမယ့် အနေတော်အရွယ်လှီးပြီး တစ်ရေပြုတ်ပြန်သွန်ပစ်ပြီး နောက်တစ်ရေကို ဟင်းချက်မယ့်အနေအရေထည့်ပြီးထပ်ပြုတ်ထားပါမယ်..။ ဒီလိုပြုတ်ရတာ မျှစ်နံ့သတ်တဲ့သဘောပါ...။ ကြက်သွန်ဖြူတစ်ဥ အနီနှစ်လုံး...။ ငြုတ်သီးအရောင်မှုန့်လက်ဖက်ရည်ဇွန်းနှစ်ဇွန်း နနွင်းမှုန့်လက်ဖက်ရည်ဇွန်း အဖျားလေးနဲ့ပဲထည့်မယ်..။ ခရမ်းကဆော့သီးတစ်စီး ချွေပြီးဆေးထား..။ ဓညင်းသီးပြုတ်ပြီးသားငါးလုံးကို ခပ်သေးသေးလှီးထားမယ်...။ ပင်စိမ်းရွက်တစ်စီး ဟင်းအိုးချခါနီး အုပ်ဖို့...။ အိမ်မှာချက်စားတဲ့ ဆန်ကိုပဲ လက်တစ်ဆုပ်စာရေဆေးပြီး ဒယ်ထဲထည့်လှော်မယ် ဆန်စေ့လေးတွေ မွှေးလာတဲ့အထိ လှော်ပေးမယ်။ ပြီးရင်အအေးခံပြီးထောင်းထားမယ် နဲနဲညက်တဲ့အထိထောင်းပေးပါ...။

စချက်မယ်နော်...။ ပဲဆီ ထမင်းစားဇွန်းသုံးဇွန်း ဆီပိုထည့်ချင်ရင်လည်းရပါတယ်။ အရည်ဟင်းဆိုတော့ ဆီနဲရင်ပိုကောင်းပါတယ်...။ ဆီပူလာရင် ကြက်သွန်ဖြူနီထောင်းထားတဲ့အနှစ်ကိုဆီသတ် ကြက်သွန်မွှေးလာရင် ငြုတ်သီးမှုန့်နဲ့နနွင်းထည့် နဲနဲမွှေပေးပြီးရင် ဆန်လှော်ထည့်မယ် ပုဇွန်ဆိတ်ထည့်မယ်...။ ဆီသတ်ထားတာရရင် မျှစ်ပြုတ်အိုးထဲထည့်ပြီး ဆား ဟင်းခတ်မှုန့်ထည့် ဆက်တည်ထားမယ်... ပွက်ပွက်ဆူလာရင် ဓညင်းသီးနဲ့ ခရမ်းကဆော့သီးထည့်မယ်...ဆယ်မိနစ်လောက်ထပ်တည်ပြီးရင် ပင်စိမ်းအုပ်ပြီး အိုးချလို့ရပြီ..။ ဒါဆို ဆန်လှော်နံ့လေးသင်းနေတဲ့ ဟင်းတစ်ခွက်ရပြီပေါ့ဗျာ...။


မိုးငွေ့


Saturday, 28 July 2012

မိုးရာသီထမင်းဝိုင်း.....

ဂဏန်းကော်ကြော် ဆန်လှော်ဟင်း ပဲသီးကြော် ငွေနှင်းမှိုအကြွတ်ကြော်


ပအိုဝ်း ဆန်လှော်ဟင်း


    တရုတ်တန်း 18လမ်းထိပ်က တိုဖူးသုပ်


CP Fresh Mart ကကြက်ကင်


မျှစ်ထောင်း
မိုးအေးအေးမှာ ရှူးရှူးရှဲရှဲ စပ်စပ်လေးကိုထမင်းပူပူနဲ့စားရတာလောက် အရသာဘာရှိဦးမလဲ



ပဲမုန့် နဲ့ ဂျပန် မီနီဘီစကစ်လေးတွေ...
ထမင်းစားပြီး အချိုတည်းဖို့


မိုးငွေ့


Wednesday, 25 July 2012

ကြက်ဥမျိုးစုံကြော်.....





တကယ့် Recipe ထဲမှာတော့ ဒီလိုအချိုးမဟုတ်ပါဘူး ကြက်ဥနှစ်လုံးမှာ ဆားဘဲဥနဲ့ဆေးဘဲဥက တစ်ခြမ်းဆီပဲထည့်ပါတယ် ကျမကတော့တစ်ခြမ်းကို နည်းတယ်ထင်လို့ တစ်မျိုးတစ်လုံးစီပဲ ထည့်လိုက်တယ်...ပြီးတော့ ငရုတ်ပွအနီဝယ်ထားတာရှိတာနဲ့ ဖြည့်စွက်ထည့်လိုက်တယ်..။


အစားအသောက်စာအုပ်ဖြစ်တဲ့ Food Magazine ထဲက မအိုက်ဗီချက်ပြထားတဲ့ အရံဟင်းလေးတစ်ခွက်ပါ သူ့ဘလော့မှာတင်ပြီး သားဖြစ်ချင်ဖြစ်မှာပါ...။ အဲဒီစာအုပ်လေးကို စိတ်ဝင်စားလို့ လတိုင်းဝယ်ဖတ်ဖြစ်တယ်။ စားချင်စရာလေးမို့ ချက်ကြည့်လိုက်တာ စားကောင်းပါ၏..။ ပြောဦးမယ် မိုးငွေ့စားမကောင်းတာ ဘာများရှိသေးလဲလို့ ဟိဟိ...။


July လထုတ် Food Magazine မျက်နှာဖုံး


Ivy's Kitchen ရဲ့ စာမျက်နာ
Simply Coral's Kitchen ဆိုပြီး ဘယ်တော့များ ဖော်ပြခံရမလဲမသိနော်..း)



Tuesday, 24 July 2012

အတောင်ပံတစ်စုံနဲ့လူ.....




အိန်ဂျယ်တဲ့
တိမ်တွေဆီမှာနေတာလား
အငွေ့အသက်နဲ့
မိုးငွေ့ဆီမှာနေတာလား
ဘယ်မှာနေနေ ဘယ်မှာနားနား
ငါမသိရိုးအမှန်ပါ ။( ဒါက ကဗျာဆရာလွင်ပြင်ပြောတာပါ)

အိန်ဂျယ်.........
ရင်ခွင်နန်းမှာစံ
နူးညံ့တဲ့ အမိန့်တွေနဲ့
ကိုယ့်နှလုံးသားကို အုပ်စိုးပါ
အိန်ဂျယ်အမြောက်အမြားက
ဘယ်မှာနားတယ် ကိုယ်မသိပေမယ့်
ကိုယ်ရဲ့ မူပိုင် အိန်ဂျယ်..
မင်းကတော့ ကိုယ့်အနားမှာ
ဘယ်မှထွက်မသွားဘဲ
သံသရာအဆက်ဆက်
နှလုံးသားမှာ ထာဝရ အုပ်စိုးထားပါလို့
(ကိုယ့်ဆုတောင်းလေးတွေ ပြည့်ပါရစေ) ။

အိန်ဂျယ်.....ရေ
အတွေ့အထိတွေကြားမှာ
ရိုးအီသွားတာကိုယ်ကြားဖူးတယ်
အချစ်တွေက
အပြစ်တွေကြားမှာ
လွင့်ပြယ်သွားတတ်တယ်
အငွေ့အသက်နဲ့
အသက်အရွယ်မဲ့
ကိုယ်တို့နှစ်ယောက်ကြားမှာ
ဘာမှပြောစရာမလိုအောင်
ခံစားနားလည်လို့ရခဲ့တယ်...။

အိန်ဂျယ်.......
မင်းနဲ့ ပတ်သက်သမျှ ခံစားချက်တွေ
တနင့်တပိုး ကိုယ်ထုပ်ပိုးထားပေမယ့်
ထုတ်ပြစရာ အနားမှာ ဘယ်သူမှမရှိ
ရင်ဘတ်ဟောင်းလောင်းထဲမှာ သိမ်းဆည်းထားတာများလို့
လျှံကျလာတဲ့ ခံစားချက်တချို့တဝက်ကို
ကိုယ်ကဗျာတစ်ပုဒ်လုပ်ခဲ့မိတယ် ။


မှတ်ချက်။ ။ ကျမရဲ့ ဘော်ဘော်ကြီး လွင်ပြင်လှိုင်းငယ်ရေးပေးတဲ့ သိပ်ကိုချစ်စရာကောင်းတဲ့ ကဗျာလေး တစ်ပုဒ်ပါ....။



Saturday, 21 July 2012

ဂျူလိုင်မိုးသည်း.....





တလောကလုံး မီးခိုးရောင်တွေသန်းနေတယ်......။ ကိုယ်ဒီအရောင်ကိုသိပ်နှစ်သက်တာပဲ....။ လူရဲ့စိတ်ဝိညာဉ်ကို ဆွဲနုတ်ယူသွားသလို အရောင်အစင်းမျိုး လူ့စိတ်ကို ထုံထိုင်းယစ်မူးစေတဲ့အရောင်မျိုးကို ဘယ်သူမှနှစ်သက်မယ်မထင်ဘူး..။ ဒါပေမယ့် ကိုယ်ကတော့ကြိုက်တယ်...။ အေးစိမ့်စိမ့်အရသာကိုကြိုက်တယ်...။ အဲဒီမီးခိုးရောင်တိမ်တိုက်တွေဆီက တဖွဲဖွဲတသည်းသည်းကျလာတတ်တဲ့ မိုးစက်အေးအေးတွေကိုကြိုက်တယ်...။ တခါတခါ လျှပ်စီးလျှပ်နွယ်တွေ ယှက်သန်းပြီးမှ ငွေချည်ကြိုးမျှင်တန်းတွေလို တွဲခိုကျလာတတ်တဲ့မိုးတွေကို ချစ်တယ်...။

အပြင်မှာမိုးတွေသည်းနေတယ်..လေတွေထန်နေတယ်...။ ဒီနှစ်မိုးက နောက်ကျမှရောက်လာပေမယ့် ဂျူလိုင်မှာတော့ အရှိန်ရသွားလို့ထင်ရဲ့ နေ့တိုင်းလိုလို တခါလောက်တော့ သည်းထန်လိုက်ရမှ ကျေနပ်ပုံရပါတယ်...။ မိုးရာသီမှာ ကိုယ့်လို ထီးကိုင်ဖို့ပျင်းတဲ့ လူတွေလည်းအများသား...။ မိုးတခါတခါရွာချတာနဲ့ ထီးမပါလို့ မိုးခိုတဲ့နေရာရှာတဲ့သူတွေ မိုးရေချိုးပြန်ကြရသူတွေ လက်ဖက်ရည်ဆိုင်ထဲ ဝင်ခိုသူတွေကလည်း ပုံမှန်ရှိနေတာပါပဲ....။ ကိုယ်လဲ အိမ်မရောက်ခင် မိုးတွေသည်းလာလို့ လက်ဖက်ရည်ဆိုင်ထဲဝင်ထိုင်လိုက်မိတယ်.....။ ပေါ့ဆိမ့်တစ်ခွက်မှာသောက်တယ်.....။ လက်တိုအကျီၤနဲ့မို့ လက်ပိုက်ထားရတယ်..။ မိုးငွေ့မိုးစက်မှုန်တွေက အမိုးအောက်မှာတိုင်နေတာတောင် တခါတခါလေနဲ့အတူ မျက်နှာကိုလာထိမှန်တတ်တယ်...။ အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်...။ နှာခေါင်းကတဆင့် ဝင်ရောက်သွားတဲ့လေက စိုစွတ်လို့နေတယ်.....။ ပြီးမှတစ်ခုသတိရမိသွားတယ်...ကိုယ်တို့ထိုက်ကျိသင်ပေးတဲ့ ဆရာက မိုးရာသီမှာ ထိုက်ကျိမကျင့်ရတဲ့အကြောင်းအရင်းထဲမှာ အဆုပ်အအေးမိမှာကိုစိုးလို့တဲ့...။ သူက ဝင်လေထွက်လေနဲ့ အသက်ရှူလေ့ကျင့်ခန်းဖြစ်တာကိုးး ။ မိုးရေပါတဲ့လေတွေကို များများရှူမိရင် အဆုပ်ထိတတ်တယ်...။ ဒါပေမယ့် ကိုယ်ကတော့ကြိုက်တယ် များများမရှူရင်ဘာမှမဖြစ်လောက်ပါဘူးလေ.....။

လက်ဖက်ရည်ပူပူကိုသောက်ရင်း ခြေထောက်တွေပါအေးစက်လာလို့ ထိုင်ခုံပေါ်တင်ပလင်ခွေထိုင်လိုက်တယ်...။ ကိုယ့်နေရာလေးက နံရံကပ်ဆိုတော့ ဇိမ်ကျတာလေ...။ ခုံနောက်မှီကလေးမှီပြီး မိုးရေထဲသွားလာကူးလူးနေတဲ့ လူတွေကို ငေးကြည့်နေမိတယ်.....။ တခါက....မိုးသည်းသည်းအောက်မှာရပ်နေတဲ့ ကိုယ့်ကို ထီးလာမိုးပေးခဲ့ဖူးတဲ့ မင်းကို သွားသတိရမိတယ် အိန်ဂျယ်......။ အင်းးး.... ဝါကျအစကိုက တခါက ဆိုတော့... ကိုယ့်ရဲ့စကားလုံးတွေမှာ သတိရလွမ်းဆွတ်မှုတွေနဲ့တပြိုင်နက်တည်း... မျှော်လင့်တောင့်တမှုတွေ တငွေ့ငွေ့ပျော်ဝင်နေတယ်......။ ကိုယ့်အတွေးတွေလေ.... ဟိုးးးး........... မိုးသည်းရပ်ဝန်းတွေဆီကို အကြာကြီးလွင့်မျောသွားခဲ့တယ်...။ မင်းနဲ့ကိုယ်နဲ့နှစ်ယောက်တည်း စကားတွေအများကြီးပြောနေကြတယ်....။ ကိုယ်တို့စကားဝိုင်းမှာ ဂီတအကြောင်းလည်းပါတယ် ရုပ်ရှင်အကြောင်းလည်းပါတယ် ကဗျာအကြောင်းလည်းပါတယ်.......။ မင်းနှစ်သက်တတ်တဲ့ သီချင်းတွေအကြောင်း မင်းကြောက်တတ်တဲ့ သရဲကားအကြောင်း မင်းရေးခဲ့ဖူးတဲ့ ကဗျာတွေအကြောင်း... ကိုယ်မတတ်တခေါက်ရေးထားတဲ့ မင်းနှစ်သက်တဲ့ ကဗျာတွေအကြောင်း... မင်းချစ်တဲ့ ကိုယ့်ရဲ့ အက်ဆေးတွေအကြောင်းရောပေါ့.....။

ဘယ်အခါမဆို မင်းအကြောင်းတွေတွေးမိတိုင်း ကိုယ့်ကိုနွေးထွေးမှုတွေရစေတယ်......။ မင်းအတောင်ပံတစ်စုံနဲ့ လွှမ်းခြုံပေးထားတယ်လို့လည်း ခံစားမိစေတယ်...။ သူတို့ပြောဖူးကြတယ် မိုးစက်တွေနဲ့အတူမျက်ရည်ရော ကျလိုက်ပေါ့တဲ့...။ ဟင့်အင်း...ကိုယ်လေ မျက်ရည်ပူတွေထက် မိုးရေစက်အေးအေးတွေကို ပိုချစ်တယ်....။ အပြင်မှာ ကိုယ်မငိုပါဘူး....။ မင်းကိုအရမ်းလွမ်းတဲ့အခါ ကိုယ့်မျက်ရည်စက်တွေကို အက်ဆေးတစ်ပုဒ်အဖြစ် ဖန်ဆင်းလိုက်မှာပေါ့...။ တကယ်တော့ မင်းနဲ့ကိုယ်ကြားမှာ ဆက်သွယ်လို့ရမယ့် တိမ်ငွေ့တွေလို မိုးစက်ချည်မျှင်တွေလိုမြင်နိုင်ပြီး ဆုပ်ကိုင်မပြနိုင်တဲ့ အရာလည်းမရှိ.....။ ဒါပေမယ့် ကိုယ်နဲ့မင်းကို ဆက်သွယ်ပေးနေတဲ့ စကားလုံးလှလှလေးတွေရှိနေတယ်...။ ကိုယ့်ရဲ့ အရှေ့မြောက်ရပ်ဝန်းဆီက ခံစားစီးဆင်းလာတဲ့ မမြင်နိုင်တဲ့ အရာတွေအားလုံးကို ကိုယ့်လက်ချောင်းလေးတွေကတစ်ဆင့် ပုံဖော်ပြခွင့်ရခဲ့တယ်...။ အဲဒီလိုပုံဖော်နိုင်ဖို့ အစပြုသူ မင်းရှိနေမှလည်း ကိုယ်စကားလုံးတွေကို စီခြယ်သီကုံးနိုင်ခဲ့တာလေ...။ မင်းမရှိရင် ကိုယ့်ရဲ့ ကောင်းကင်မှာ လှပတဲ့စကားလုံးတွေရှိတော့မှာမဟုတ်ဘူး...။

ဂျူလိုင်မိုးသည်းမှာ.... အိမ်ပြန်လမ်းဟာ.... အမှောင်ထုတွေကြောင့်လား မိုးရေစက်တွေကြောင့်လား မင်းရဲ့နွေးထွေးမှုမရှိလို့လား အခါများစွာထက်ပိုပြီး အေးစက်ခက်ထန်နေကြတယ်......။


မိုးငွေ့


Friday, 20 July 2012

ကျောက်ပုစွန်သုပ်.....

သံဈေးက၀ယ်ခဲ့တဲ့ ကျောက်ပုစွန်




အဟင့်....ပုံတွေက ဘယ်လိုလုပ်လုပ် ဇောက်ထိုးဖြစ်နေတယ်...


ညနေအိမ်ပြန်ရင်ချက်ဖို့ ဟင်းချက်စရာလေးတွေ သံဈေးမှာဝင်ဝယ်တာ...ကျောက်ပုစွန်တွေ့တာနဲ့ ဆယ်ကောင်ဝယ်လာလိုက်တယ်...။ ရေနွေးဆူဆူမှာခဏပြုတ်ပြီးသုပ်စားသိပ်ကောင်းတာ...။
ကျောက်ပုစွန်ကို ချောင်းသာမှာပဲတစ်ခါစားဖူးတာ...။ အဲတုန်းက သူတို့သုပ်တာက ပဲဆီစိမ်းနဲ့ ကြက်သွန်နီငြုတ်သီစိမ်း ရှောက်ရွက်နဲ့...။ ခုကိုယ်က နဲနဲအထွန့်တက်ပြီး ပင်စိမ်းတို့ နံနံတို့ထပ်ထည့်လိုက်တာ..။

ကျောက်ပုစွန်ကိုရေစင်စင်ဆေးပြီး အခွံခွာ ပြီးရင် ဒယ်ပူပူမှာ ရေခြောက်သွားအောင်လှိမ့်လိုက်တယ်...။ ပါးပါးလှီးပြီး အစာပလာလေးတွေထည့် ငံပြာရည် ဆီချက်နဲ့ အသားမှုန်လေးထည့် သံပုရာသီးလေးညှစ်ပြီး နယ်လိုက်ပါ...။ အောင်မလေး ဆွေမျိုးမေ့...ကောင်းချက်က...။ အသားလေးက နူးနူးညံ့ညံ့လေး စားကောင်းပါအိ...။


မိုးငွေ့

Wednesday, 18 July 2012

ဈေးဝယ်ထွက်ဖြစ်တာ.....

Neo Express ဆိုင်က ပုစွန်ဖက်ထုပ်ပြုတ် ( သုံးခုပဲပါတယ် )
ညီမလေးစားတဲ့ဟမ်ဘာဂါ ဒါက မက်လုံးမတပ်ရသေးခင်
Neo Express ကော်ဖီနဲ့မုန့်ဆိုင် ဒီဆိုင်က Junction Mawtin မှာတစ်ဆိုင်ရှိတယ် အလွယ်နဲ့အမြန်စားတဲ့ မုန့်တွေ အအေးတွေ ကော်ဖီတွေရတယ်
Junction Square စီးတီးမတ်ထဲက ဂျပန်အလှကုန် Kraci အမှတ်တံဆိပ်ရဲ့ ကြော်ငြာမော်ဒယ်လ် သက်မွန်မြင့်
ပရိုမိုးရှင်းရှိတယ် တစ်သောင်းရှစ်ထောင်ဖိုးဝယ်ရင် အဲဒီကော်ဖီခွက်တစ်ဆက်ရတယ်ဆိုလို့ ၀ယ်လာတာ မက်မွန်သီး boby lotion, toner, peach soap ၀ယ်လာတယ်....ဆီစုပ်စက္ကူက လက်ဆောင်ပေးတာ...
ခေါက်ဆွဲပြုတ်တဲ့လက်ကိုင်အိုးလေး Junction Square ကပဲဝယ်ခဲ့တာ စင်ပူက တူးဒေါ်လာဆိုင်လိုပဲ အဲဆိုင်ကပစ္စည်းဘာဝယ်ဝယ် ၁၈၀၀ကျပ်ပါတဲ့
တူဆိုဒ်စုံနဲ့ အသဲပုံဇွန်းခရင်းလေး အဲဒါလဲ ၁၈၀၀ ဆိုင်ကပဲ
shop shop shop..... အကျီင်္လေးတွေဝယ်ခဲ့သေးတယ်
ကိုရီးယားအလှကုန်ဆိုင်က လက်သည်းခြေသည်းသန့်ရှင်းတဲ့ ကိရိယာအစုံတစ်အိပ် အပြာရောင်လက်သည်းဆိုးဆေးနဲ့ ပိုက်ဆံအိတ် သူငယ်ချင်းကိုမွေးနေ့လက်ဆောင်ပေးဖို့...း) OMG!!! how am I crazy in pink color
ညီမလေးဝယ်ခဲ့တာ မျောက်ရုပ်နဲ့ခုခေတ်စားနေတဲ့ ခါးတိုအကျီင်္လေးတွေ အ၀ါရောင်စကပ်က ခါးမြင့်စကပ် ခုအဲလိုလေးတွေတွဲဝတ်ကြတယ်...
တနင်္ဂနွေနေ့ညနေကစားဖြစ်တာလေး.....
ဒီနေ့အိမ်မှာပဲအေးဆေး ဓါတ်ပုံတွေရိုက်တယ် နောက်ပို့စ်တွေအတွက်လေ.. အဲဒါလုံးပန်းနေတာ ညနေစောင်းသွားတယ်...နေ့လည်တောင်တရေးမအိပ်လိုက်ရဘူး... အဲဒါနဲ့ ရေမိုးချိုးပြီး ဂဏန်းသဘောင်္သီးထောင်း စားချင်လာတာနဲ့အောက်ဆင်းဝယ်တာ.. အောင်မလေး ပုံကြည့်တာနဲ့ သရေမကျကုန်ဘူးလား... ဆီထမင်းနှစ်ရာဖိုးပါဝယ်ခဲ့တာ...။ ပြုတ်ထားတဲ့ဂဏန်းနှစ်ကောင်နဲ ခြမ်းထားတဲ့ ဆားဘဲဥတစ်လုံးပါပါတယ်... အရသာကောင်းမှကောင်းပဲ အဲတစ်ပွဲလုံးနဲ့ဆီထမင်းထိုင်စားလိုက်တာ အရည်လေးနဲ့အဖတ်နဲနဲပဲ ကျန်တော့တယ် အဟီးး...။
မိုးငွေ့

Tuesday, 17 July 2012

ဆရာကြီးလူထုစိန်ဝင်းတစ်လပြည့်အမှတ်တရ.....


ဆရာကြီးကို ရေဝေးမှာ သဂြိုဟ်မယ့်နေ့တုန်းကကိုယ်တိုင်သွားရိုက်ထားတဲ့ပုံ


ဒီနေ့ ဆရာကြီးလူထုစိန်ဝင်းရဲ့ တစ်လပြည့်အမှတ်တရအဖြစ် ဆရာကြီးရဲ့ ကိုယ်ရေးအကျဉ်းနဲ့ သူနောက်ဆုံးရေးသားခဲ့တဲ့ အဆုံးမသတ်လိုက်ရတဲ့ဆောင်းပါးတစ်ပုဒ်နဲ့ ကန်တော့ချင်ပါတယ်...။ ဆရာကြီးဆုံးတဲ့နေ့က အဖေများနေ့ ဇွန်လ(၁၇)ရက်နေ့ တနင်္ဂနွေနေ့ဖြစ်ပြီး ဆရာကြီးသဂြိုဟ်တဲ့နေ့က အန်တီစုရဲ့မွေးနေ့ (၁၉) ရက်နေ့မှာမို့ မှတ်မှတ်ရရလေးဖြစ်နေပါတယ်..။ လာမယ့် သြဂုတ် ၁၃ ရက်နေ့ ဆရာကြီးမွေးနေ့ကျရင် သွားကန်တော့မယ်လို့တောင် သူငယ်ချင်းတွေနဲ့တိုင်ပင်ထားသေးတာ....ခုတော့....။ ဘာပဲဖြစ်ဖြစ် ဆရာကြီးရဲ့တပည့်ဖြစ်ခဲ့ဖူးတဲ့ကျမက တစ်လပြည့်အမှတ်တရအနေနဲ့ ဒီပို့စ်လေးကိုတင် လိုက်ပါတယ်...။ ရောက်ရာဘုံဘဝကနေ သာဓုခေါ်ပေးပါနော် ဆရာကြီးရေ အမျှ အမျှ အမျှ...။ ဆရာကြီးကောင်းမွန်သော မြတ်သောနေရာကိုရောက်ပါစေဟု ချစ်သောသမီးတပည့်မှ ဆုတောင်းလိုက်ပါသည်....။
မှတ်ချက်။ ။ အောက်ပါဆာင်းပါးနှင့်ကိုယ်ရေးအကျဉ်းကို ဆရာကြီးအားလိုက်ပို့သည့်နေ့တွင်ဝေသော လက်ကမ်းစာဆောင်မှပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်..။


အမေစုပေးတဲ့ ပန်းခြင်း


အဲဒီနေ့က မမြသွေးနီနဲ့အတူ လူအုပ်ကြီးကြားတိုးဝှေ့ပြီးရိုက်လာတဲ့ပန်းခြင်းတွေပေါ့




လူထုစိန်ဝင်း(၁၉၄၀-၂၀၁၂)
ဆရာလူထုစိန်ဝင်းကို ၁၉၄၀ ပြည့်နှစ် သြဂုတ် ၁၃ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး မန္တလေး လဖုန်းအထိမ်းအမှတ်ကျောင်း(Lafon Memorial High School) မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်များတွင် ပညာဆည်းပူးခဲ့သည်။ ထို့နောက် ၁၉၄၆ ခုနှစ်တွင် လူထုသတင်းစာ၌ ဂျာနယ်လစ်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ခုနှစ်တွင် လူထုသတင်းစာပိတ်သိမ်းခြင်းခံရပြီး ဆရာလူထုစိန်ဝင်းနှင့် အယ်ဒီတာ ၅ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထောင်ဒဏ် ၁၃နှစ် ချမှတ်ခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားများသာ ထားရှိသော ကိုကိုးကျွန်းသို့ ပို့ဆောင်ခံခဲ့ရကာ ၁၉၇၁ ခုနှစ်တွင် အင်းစိန်ထောင်သို့ ပြန်လည် ပြောင်းရွှေ့ခံခဲ့ရသည်။ ၁၉၇၆ခုနှစ်တွင် အကျဉ်းထောင်မှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး မကြာမီမှာပင် နောက်တစ်ကြိမ်ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရပြန်သည်။ အင်းစိန် အကျဉ်းထောင်တွင် ၃ နှစ်ကြာသီးခြားထားရှိခြင်းခံခဲ့ရပြီးနောက် လေဖြတ်ရောဂါခံစားရပြီး ၁၉၈၀ပြည့်နှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည် ။ ပြန်လည်လွတ်မြောက်ချိန်တွင် လေဖြတ်ပြီး ညာဘက်ကိုယ်တစ်ခြမ်း သောသွားရာမှ ဘယ်လက်ဖြင့် စာရေးကျင့်ပြီး စာပေများကို ဆက်လက်ရေးသားခဲ့သည်။ ထို့နေညက် နေအိမ်၌ပင် အင်္ဂလိပ်စကားပြောသင်တန်းဖွင်လှစ်ခဲ့ပြီး စာပေရေးသားခြင်းနှင့် စာသင်ကြားခြင်းတို့ကို တွဲဖက်လုပ်ဆောင်ခဲ့ပါသည်။ မကွယ်လွန်မီအချိန်အထိ ကလောင်ခွဲ ၁၅ခုဖြင့် ဆောင်းပါးများကို ရေးသားခဲ့သည်။ အထင်ရှားဆုံး ကလောင်ခွဲတစ်ခုမှာ ဝင်းဇော်ဖြစ်ပါသည်။

စာပေဖြတ်သန်းမှုအနေဖြင့် ၁၉၆၄ ခုနှစ်တွင် စောမိုခမ်း ပင်ကိုရေးအချစ်ဝတ္ထု ထွက်ရှိခဲ့ပါသည်။ အဆိုပါ ခုနှစ်၌ပင် “တောင်ဗီယက်နမ်မှ ငရဲခန်းများ” စာအုပ်ကို ဝင်းဇော်ကလောင်ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် “အလံမလှဲစတမ်း” ဘာသာပြန်စာအုပ်ကို ဝင်းဇော်ကလောင်ဖြင့် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်သည် ဆရာလူထုစိန်ဝင်း၏ အထင်ရှားဆုံစာအုပ်ဖြစ်ခဲ့ပါသည်။ “အလံမလှဲစတမ်း”စာအုပ်ကို ၁၉၇၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ခုနှစ်တွင် တစ်ကြိမ် ထပ်မံထုတ်ဝေခဲ့ကြပါသည်။ ၁၉၉၆ ခုနှစ်တွင် ဝင်းဇော်အမည်ဖြင့်ပင် “အဖြူအဝါ” ဘာသာပြန်စာအုပ်ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင်“ရှက်စိတ်” ဆောင်းပါးပေါင်းချုပ်စာအုပ် ထွက်ရှိခဲ့ပါသည်။ ၁၉၉၉ နောက်ပိုင်းထွက်ရှိခဲ့သည့် စာအုပ်များမှာ လူထုစိန်ဝင်း ကလောင်အမည်ဖြင့် ရေးသားသောစာအုပ်များဖြစ်ခဲ့ပြီး မော်ဒန်လဖက်ရည်ပန်းကန်ထဲမှ မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ၊ လူငယ်နဲ့အချစ်၊ အရှက်နဲ့တန်ခိုး၊ စာနယ်ဇင်းအရေးအသားပုံစံသစ်” အစရှိသောိစာအုပ်များ ထွက်ရှိခဲ့ပါသည် ၂၀၀၃ ခုနှစ်တွင် “သတင်းစာပညာသောင်းပြောင်းထွေလာ” စာအုပ်ထွက်ရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် “အစိုးရကမိဘလား ပြည်သူက မိဘလား”စာအုပ်သည် ရောင်းအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့သည်။

ဆရာလူထုစိန်ဝင်းသည် မျက်မှောက်ခေတ်မြန်မာစာပေလောကတွင် စာအရေးနိုင်ဆုံးပုဂ္ဂိုလ် တစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။ မည်သည့် အကြောင်းအရာကို မဆိုနိုင်ငံရေးအသိကို အခြေခံထားပြီး စဉ်းစာသုံးသပ်ရန် တိုက်တွန်းပြောဆိုလေ့ရှိသည့် ဆရာလူထုစိန်ဝင်း၏ စာများမှာလည်း နိုင်ငံရေးအသိ အခြေခံဖြင့်ချဉ်းကပ်ရေးသားခဲ့သောစာပေများဖြစ်ခဲ့သည်။ ထို့ပြင်မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ သာမက လူမှုရေးနယ်ပယ်တွင် မှားယွင်းလွဲချော်နေသည့်အချက်များကို စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ အမှန်တရားဘက်မှ ရပ်တည်၍ အစဉ်တစိုက် ရေးသားခဲ့သူဖြစ်ပါသည်။

ဆရာလူထုစိန်ဝင်းသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ဆောင်းပါး နှစ်ပုဒ်နှုန်းဖြင့် ဆောင်းပါးများ နေ့စဉ်ရေးသားခဲ့သည့် ဝါရင့်သတင်းစာဆရာကြီးဖြစ်ပါသည်။ အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဆောင်းပါးများပုံမှန်ရေးသားလျက်ရှိနေသော ဆရာလူထုစိန်ဝင်းသည် ကျန်းမာရေးအခြေအနေကြောင့် ဆောင်းပါးရေးသားများကို ၂၀၁၂ခုနှစ် ဧပြီလအတွင်းမှ စတင်ရပ်နားထားခဲ့ရပါသည်။

ဆရာလူထုစိန်ဝင်း(အသက်၇၂နှစ်)သည် ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေဂုံတိုင် အထူးကုဆေးရုံကြီး သို့ ကျန်းမာရေး အခြေအနေကြောင့် တက်ရောက်ကုသမှုခံယူပြီး ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် နာတာရှည် အဆုတ်ရောဂါ ဖြင့် ကွယ်လွန်ခဲ့ပါသည်။

++++++++++++++++++++


ဆရာကြီးလူထုစိန်ဝင်း နောက်ဆုံးရေးသားခဲ့သောဆောင်းပါး ၆၊၆၊၂၀၁၂
ပြန်လာပြီဗျို့
မြို့ကြီးသားတွေ နားဝင်ချိုအောင် ကိုရီးကားကားတွေထဲက တစ်နေ့လုံးအိမ်ပြင်ထွက်ပြီး အလုပ်သွား ကျောင်းသွားလုပ်ကြတဲ့သူတွေ အိမ်ပြန်ရောက်ကြတဲ့အခါ အိမ်ထဲရောက်တာနဲ့ လူတွေ့တွေ့၊ မတွေ့တွေ့“ပြန်လာပြီ”လို့ နှုတ်ဆက်လေ့ရှိကြတယ်။ အဲဒီလိုနှုတ်ဆက်ဖို့ပါးစပ်က ရွတ်ကြည့်တယ်..။ ပါးစပ်ဖျားက ဝတ္တရားအရ ထွက်လာတဲ့ အသံမို့ ပေါ့ရွှတ်ရွှတ်နဲ့ အားမရှိဘူး။ အဲဒါကြောင့် အညာသားပီပီအားရှိပါးရှိလှိုက်လှိုက်လှဲလဲှ နွေးနွေးထွေးထွေး“ပြန်လာပြီဗျို့”လို့ပဲ ပွဲဦးထွက်နှုတ်ဆက် လိုက်ပါရစေ…။

ကိုကိုးကျွန်းကပြန်ရောက်စ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က “အလံမလှဲစတမ်း”ဆိုတဲ့ စာအုပ် ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေခွင့်ရတော့ “ဝင်းဇော် ပြန်လာပြီ၊ ချောအိမာန် ပြန်လာပြီ”လို့ သတင်းစာမှာ ကြော်ငြာခဲ့တယ်..။ နှစ်ပေါင်း နှစ်ဆယ်လုံးလုံးထုတ်ဝေခွင့်မရခဲ့တဲ့ “အလံမလှဲစတမ်း” တတိယအကြိမ်ပြန်လည်ထုတ်ဝေခွင့် ရတာနဲ့ မရှေးမနှောင်း လူထုစိန်ဝင်းလည်း နာလန်ထူစပြုလာပြီမို့ တိုက်ဆိုင်စွာ“ပြန်လာပြီဗျို့”လို့ နှုတ်ဆက်လိုက်ရတာဖြစ်ပါတယ်..။

စောင့်မျှော်အားပေး မေတ္တာထားကြတဲ့စာဖတ်သူများအပေါ် တာဝန်မကျေ ဖြစ်ခဲ့ရတာ ဒီတစ်ခါအကြာဆုံးပါပဲ..။ မတ်လနောက်ဆုံးပတ်ကစပြီး မိုးကမရွာ အပူက လွန်ကဲ၊ မီးက ဖြတ်ဆိုတော့ မရှူသာမကယ်သာ အလူးအလဲခံရပြီး အိပ်ရာထဲ လဲပါတော့တယ်..။ အပတ်စဉ်လာကြည့်ပေးနေကျ ဆရာဝန်လေး ဒေါက်တာစံဦးနဲ့ ပဲ ခါတိုင်းလို ပြန်ကောင်းသွားမယ်ထင်တာ။ ကောင်းမလာဘူး ဧပြီ ၁ရက် ရွေးကောက်ပွဲ ဝန်းကျင်မှာတော့ လူက တုံးပဲ။ ဘာမှမသိဘူး။ သင်္ကြန်ကျတော့ ဆရာလေးက နှစ်စဉ်သွားနေကျ ရှမ်းပြည်နယ်က ကျေးရွာတွေကို အခမဲ့ ဆေးကုထွက်သွားတယ်။ ဒီမှာ ကယ်တင်ရှင်အဖြစ် ရောက်လာတာက “အလဲဗင်း မီဒီယာဂရု” (EMG)ရဲ့ ဒေါက်တာသိန်းမြင့်ဖြစ်တယ်။ ဆရာက သင်္ကြန်တွင်းကြီးတောင် ရောက်အောင်လာပြီး စောင့်ရှောက်ကုသပေးရှာတယ်။ ကျေးဇူး အင်မတန် တင်မိပါတယ်။ အဲဒီနောက် နိုင်ငံခြားရောက် သမီး သမားတော်လေးက ထုံးစံအတိုင်း ဖုန်းဆက်ပြီး ကျန်းမာရေးအကြောင်းမေးတော့ အိမ်က သမီးက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်..။ အဝေးကလူ မမြင်ရတော့ ပိုစိတ်ပူပြီး ရန်ကုန်က သူ့မိတ်ဆွေ သမားတော်တစ်ယောက်ကို လွှတ်ပေးပြီး ကြည့်စေတယ်။ ဓာတ်မှန်ရိုက်တာ၊ သွေးစစ် သလိပ်စစ်တာ အားလုံးကို အီးမေးလ်နဲ့ သူ့ဆီပို့ခိုင်းတယ်..။စစ်ချက်တွေကြည့်ပြီး ရန်ကုန်က သူ့မိတ်ဆွေ ဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး သောက်ဆေး၊ ထိုးဆေး၊ ရှူဆေးတွေ ပေးကြတယ်။ မနက် ည ဆေးထိုးဖို့လည်းပူစရာမလိုဘူး။ ရန်ကုန်က သမားတော်ရဲ့ အဆက်နဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်အဖွဲ့(H.M.S)က ဆရာဝန်လေးတစ်ယောက်နဲ့ ဆရာမနှစ်ယောက်က နေ့စဉ်မပျက်မကွက် လာလုပ်ပေးကြတယ်..။ ဒီကြားထဲ အဖျားတက်လို့ နှလုံးခုန်နှုန်း ၁၄၀ ရောက်နေလို့ ဖုန်းဆက်ခေါ်လိုက်ရင်လည်း ဖုန်းထဲက ဘာဆေးဘာဆေးတိုက်ထားလိုက်ပါလို့ ညွှန်ကြားပြီး ခဏကြာတော့ လူကိုယ်တိုင် လာရောက်ကြည့်ရှုပေးကြတယ်။ သူတို့လေးတွေလည်း ကျေးဇူးတင်ရပါတယ်။

အရင်နွေတွေလို ခဏပဲထင်ခဲ့ပေမယ့် ဒီတစ်ခေါက် တော်တော်ကြာသွားတယ်။ သုံးလလုံးလုံး ဘုန်းဘုန်းလဲနေတော့တာပဲ။ ကိုယ့်အစာကိုယ်မစားနိုင်လို့ ခွံ့ကျွေးရတယ်။ အစာစားရတာလည်း ဒုက္ခတော်တော်ကြီးတယ်။ အောက်စီဂျင်နဲ့ နှလုံးခုန်နှုန်းပြ ကိရိယာကို လက်မှာ စွပ်ထားပြီး အရိပ်တကြည့်ကြည့် စားရတာ။ အစာကတစ်လုတ် ဝါးလိုက်မျိုလိုက်တာနဲ့ နှလုံးကဒိုင်းဒိုင်းနဲ့ ခုန်တက်သွားတယ်။ အစာတစ်လုတ်ကို နှလုံးက ခြောက်မှတ်၊ ခုနှစ်မှတ် တက်သွားတာ။ နေက ပြင်းပြင်းမီးကမလာတဲ့ အချိန်မျိုးဆိုရင် စိုးရိမ်မှတ် ၁၄၀ လောက်ထိတောင် ရောက်သွားတတ်တယ်။ သိပ်သတိထားပြီး စားရသောက်ရလို့ ထမင်းဖြစ်စေ၊ ဆန်ပြုတ်ဖြစ်စေ ၁၅ဇွန်း စားရင် အချိန်တစ်နာရီကြာတယ်။

လွန်ခဲ့တဲ့ သုံးလေးနှစ်က အထူးကုဆေးရုံကြီးတစ်ခုမှာ ဆေးစစ်ဖို့လုပ်နေတုန်း ရုတ်တရက် အဆုတ်ထဲက လေအိတ်ပေါက်သွားလို့ အသက်ရှူမရတော့ဘဲ သေမလိုဖြစ်ခဲ့ဖူးတယ်။ ဆေးရုံမှာ ဖြစ်တာမို့ မသေတာ။ ဆရာဝန်က ချက်ချင်းခွဲပြီး အဆုတ်ထဲက လေတွေကို ထုတ်ပစ်လိုက်တယ်။ နောက်တော့ အဆုတ်ထဲအထိ ပိုက်ထိုးထည့်ပြီး အထဲက အရိအရွဲတွေကုန်အောင် ထုတ်ပစ်ဖို့ ပုလင်းတန်းလန်းနဲ့ နှစ်ပတ်လောက် ဆေးရုံမှာနေခဲ့ရတယ်။ ဒါတောင် စာရေးပျက်တာ တစ်လလောက်ပဲ။ ဒီတစ်ကြိမ်တော့ ရာသီပြေငာ်းဖြစ်နကျ အာဂန္တုဖျားပဲ၊ ခဏနေရင်ကောင်းသွားမှာပဲထင်ခဲ့ပေမယ့် သုံးလလောက်ကြာသွားတယ်။ တော်တော်လည်းခံလိုက်ရတယ်။
ဒီကာလ တစ်လျှောက်လုံး မေတ္တာ၊ စေတနာထားကြတဲ့ စာဖတ်ပရိတ်သတ်များက တစ်နေ့တစ်နေ့ ဆယ့်လေးငါးဦးထက် မနည်းဖုန်းဆက်မေးကြ မေတ္တာပို့ကြတယ်။ နှစ်ရက်ခြားတစ်ခါ မှန်မှန်ဆက်ပြီး အကြိမ်ပေါင်းနှစ်ဆယ်၊ အစိတ် မေးသူလည်းရှိတယ်။ ဒီလိုမေတ္တာတွေကြောင့် အားတင်းပြီးနာလန်မြန်မြန်ထအောင် ကြိုးစားရတယ်။ လုပ်စရာတွေက အများကြီး ရှိသေးတယ်။ စာဖတ်ပရိတ်သတ်အပေါ် တာဝန်မကျေသေးဘူး။ သူတို့ရင်ထဲက အသံတွေကို နားထောင်ပြီးသူတို့ပြောချင်တာတွေကို တိုင်းသိပြည်သိပြောပေးရဦးမယ်။ အဲဒီလိုဆိုတော့ “ကမ္ဘာတုန်အောင် ကုန်အော်ရလွန်းလို့ အမောဆို့ပြီး ဖျားတာ”လို့ ဂရုဏာဒေါသောနဲ့ မှတ်ချက်ချခဲ့တဲ့ မန္တလေးက တူမချောက ဘာပြောဦးမလဲမသိဘူး။ … … …

မှတ်ချက်။ ။ ဤဆောင်းပါးအား အဆုံးသတ်အထိ ရေးသားသွားနိုင်ခြင်းမရှိခဲ့ပါ…။

မေတ္တာအားဖြင့်
မိုးငွေ့

Thursday, 12 July 2012

တစ်ခါတုန်းကတို့ရွာမှာ : Origin.....




ခေါင်းစဉ်ကိုဘာတပ်ရမှန်းမသိတော့လို့ ရုပ်ရှင်ကားတွေလို X-man Origin တို့ Spiderman Origin တို့လို သာမီးလဲ တစ်ခါတုန်းကတို့ရွာမှာကို အော်ရီဂျင်ပလိုက်တယ်...။ ဘာလို့လဲဆိုတော့ အဲဒီခေါင်းစဉ်အောက်ကနေ ရေးလာခဲ့တာ တစ်ခါတုန်းကတက္ကသိုလ်မှာ ထိကိုပို့စ်တွေကတော်တော် များနေပြီလေ..။ ဒါပေမယ့် မီးမီးရွာကနေမြို့ကို ဘယ်လိုစထွက်လာခဲ့ရသလဲဆိုတဲ့ အစကိုပြန်ဆွဲလိုက်တဲ့ ပို့စ်လေး ဒီပို့စ်ကိုရေးပြချင်ပါတယ်...။

အဲဒီတုန်းက ကျွန်မချစ်တဲ့ဖေဖေဆုံးပြီး တစ်နှစ်မပြည့်ခင်လေးမှာပေါ့....။ ကျွန်မအသက်ဆယ့်သုံးနှစ်ပြည့်ဖို့ လပိုင်းလောက်အလို အတန်းတင်စာမေးပွဲဖြေခါနီးလေး...။ ကျွန်မခုနှစ်တန်းဖြေရမှာပေါ့...။ ရန်ကုန်ကအဒေါ်က လူကြုံရှိတုန်း မြို့မှာကျောင်းတက်ဖို့တစ်ခါတည်းလိုက်ခဲ့ရမယ်တဲ့....။ အတန်းတင်စာမေးပွဲကို အအောက်ခံလိုက်တဲ့...။ စာကျေအောင် ခုနှစ်တန်းကိုမြို့မှာတစ်နှစ်ပြန်တက်ဆိုပြီး အိမ်နဲ့တစ်ခါမှမခွဲဖူးသေးတဲ့ ကလေးမလေးဟာ... ပထမဦးဆုံး အဘိုး အဘွား မေမေနဲ့မောင်နှမပိစိလေးတွေကိုခွဲရတော့မယ်ဆိုတော့ ဝမ်းနည်းလိုက်တာမပြောနဲ့တော့ပေါ့...။ အဲဒီကတည်းက မိသားစုနဲ့နှစ်အရှည်ကြီးခွဲနေရမယ့်ဇာတာ ပါလာတာပါပဲ...။ နဂိုစိတ်အခံကိုက ဝမ်းနည်းတတ်တဲ့သူ.... ငယ်ကတည်းက ဘယ်သူနဲ့မှ ယုယုယယကပ်မနေတတ်ဘဲ ဘာသိဘာသာနေတတ်တဲ့သူ...။ ကျွန်မ မေမေရှေ့မှာ မျက်ရည်မကျခဲ့ဘူး....။ စိတ်ထဲမှာ ဝမ်းထဲမှာ ကျိတ်ထားတယ်...။

ရန်ကုန်သွားဖို့ လေယာဉ်ကို တာချီလိတ်မှာသွားစီးရတယ်...။ လူကြုံ ဦးလေးကြီးက မေမေတို့နဲ့ဆွေလိုမျိုးလို ခင်နေတဲ့သူ...။ တာချီလိတ်ရောက်တော့ ကျွန်မရဲ့ အင်္ဂလိပ်စာဆရာမ ဒေါ်ခင်ဖြူဝေကို သွားနှုတ်ဆက်လိုက်သေးတယ်...။ ဆရာမနဲ့မတွေ့ခင်က ကျွန်မဟာ လူကြောက်တတ်တဲ့ ခပ်ကုတ်ကုတ် ကလေးမလေးတစ်ယောက်ပါ...။ ဆရာမရဲ့ ဆုံးမသွန်သင်မှုအောက်မှာ ကျွန်မဟာ နဲနဲတက်ကြွဖျတ်လတ် လာခဲ့တယ်...။ ဆရာမရဲ့ ပုံပန်းသဏ္ဍာန် ပြောဆိုနေထိုင်သွားလာပုံကို အားကျမိလို့လဲ ပါပါတယ်...။ ဆရာမက တစ်ချိန်က တောင်ကြီးမှာ ဘောလီဘောလက်ရွေးစင်....။ ကျွန်မငယ်ငယ်က ညနေဆိုကျောင်းဝင်းထဲကကွင်းမှာ ဘောလီဘောပုတ်တာတို့ ကြက်တောင်ရိုက်တာတို့ သွားသွား ကစားလေ့ရှိတယ်...။

ကဲ....တောသူမြို့တက်ခန်းကိုဆက်ပါဦးမယ်......။ ဒီလိုနဲ့ လူကြုံဦးလေးကြီးနဲ့ လေယာဉ်စီးလာလိုက်တာ... ရန်ကုန်က အဒေါ်ဆီကိုရောက်လာပါတယ်...။ ဒီအဒေါ်က ကျွန်မတို့အမေရဲ့ မောင်နှမရှစ်ယောက်ထဲက အငယ်ဆုံးအမွှာအဒေါ်နှစ်ယောက်ရဲ့ အထက်ကပါ...။ ကျမကို ငယ်တုန်းက သွားလေရာခေါ်ခေါ်သွားတတ်တဲ့သူ။ အဟိ...သူ့အကြောင်းနဲနဲအတင်းပြောလိုက်ဦးမယ် အဲဒီအဒေါ်ကယောကျာၤးလျာလိုလိုဖြစ်နေတာ... ညဖက် အိမ်သာသွားတက်ရင်း ဆေးလိပ်ခိုးသောက်တတ်တယ် ကျွန်မက ကလေးပိစိလေးဆိုပေမယ့် မှတ်မိနေသေးတယ်။ သူက အိမ်သာသွားလဲခေါ်သွားတယ်လေ ကျွန်မက သူ့အတွက် အရုပ်ကလေးလိုဖြစ်နေတာကိုးး..။ အဟဲ ...အဲဒီအဒေါ် ခုတော့ ကလေးငါးယောက်အမေဖြစ်နေပြီ...။ ရန်ကုန်မှာ အဒေါ်နဲ့နေတာ မပျော်ဘူး... သူ့ယောကျာၤး (သာမီးရဲ့ ဦးလေးတော်သူ)က မျက်နှာကျောသိပ်တင်းတယ်...။ ဒီတော့ မီးမီးကြောက်တယ်လေ...။ ကျောင်းကလဲ မတက်ရသေး...နွေရာသီသုံးလကိုပါ ဒီအတိုင်းကျော်ဖြတ်ရဦးမယ်...။ ကံကောင်းချင်တော့ အဒေါ်အမွှာထဲကတစ်ယောက်က သူ့ယောကျာၤးစစ်ဗိုလ်နဲ့ ဖေါင်ကြီးမှာနေတာ ရန်ကုန်ကို အလည်ရောက်ပြီး မီးမီးကို ဖောင်ကြီးအလည်ခေါ်တော့ လိုက်သွားလိုက်တယ်...။ အဲကျမှ အသက်ရှူချောင်သလို ခံစားလိုက်ရတယ်...။

ဖောင်ကြီးမှာပျော်ဖို့ကောင်းတယ်...။ နယ်မြို့လေးလိုဖြစ်နေတော့ ကိုယ့်ရွာလိုပဲ သစ်ပင်ပန်းပင်တွေ အကောင်တွေမြင်ရသေးတယ်...။ အဒေါ်တို့ယောကျာၤး ဦးလေးက တပ်ထောက်ဗိုလ်ကြီး ဆိုတော့ နေရတဲ့ အိမ်လေးက ပျဉ်အိမ်ခြေတံရှည် အခန်းလေးခန်းပါတဲ့အိမ် ဝင်းကလဲအကျယ်ကြီးပဲ...။ ကြက်တွေလဲမွေးထားတယ်...။ ဝက်တွေလည်းမွေးထားတယ်...။ အဲဒီမွေးထားတဲ့ကြက်ထဲမှာ ကြက်တညင်ကြက်ဖတစ်ကောင်ပါတယ်...။ ခြေတိုတို ပုတုတုလေးနဲ့ လမ်းလျှောက်ရင် ဘရိတ်ဒန့်ကနေသလိုပဲတဲ့ အဒေါ်က မိုက်ကယ်ဂျက်ဆင်လို့နာမည်ပေးထားတယ်...။ အဲလိုမွေးထားတဲ့အပြင်ကို တပ်ကပေးတဲ့ ရိတ်က္ခာကလဲ အလျှံပယ်ပဲ... အမဲသားဆိုစားမနိုင်တော့လို့ အမဲခြောက်လုပ်လုပ်ထားရတယ်..။ ကြက်သွန်အာလူးဆိုရင် အခန်းတစ်ခန်းမှာ ဖြန့်ထားရတယ် အဲလိုပေါပေါလောလောစားရတာ...။ ညနေဆိုရင် အဒေါ်က ရုပ်ရှင်လိုက်ပြတယ်...တပ်ထဲက ပိတ်ကားနဲ့ ရုပ်ရှင်ရုံက ရေနံချေးတွေသုတ်ထားတဲ့ အဆောက်အဦးမဲမဲကြီး...။ ရုပ်ရှင်မပြခင် အဲရှေ့က မုန့်ဟင်းခါးဝယ်ကျွေးတယ် အရမ်းစားကောင်းတာပဲ တစ်ပွဲကို ငါးကျပ်တဲ့...။ ဒီလိုနဲ့ ဖောင်ကြီးမှာ ဘယ်လောက်ကြာကြာနေလိုက်လဲ မမှတ်မိတော့ဘူး...။ ရန်ကုန်ပြန်ရောက်တော့ အဒေါ်နဲ့ခွဲရလို့ ငိုမိသေးတယ်...။

ဒီလိုနဲ့ သင်္ကြန်ကို မန္တလေးသွားလည်ကြတယ်...။ မန္တလေးရောက်တော့ မန်းကအဒေါ်နဲ့ ညီမတစ်ဝမ်းကွဲတွေက ဒီမှာပဲကျောင်းတက်မလားခေါ်တော့ ကိုယ်နဲ့အရွယ်မတိမ်းမယိုင်းညီမတွေနဲ့နေရမှာ ပိုအဆင်ပြေတယ်ဆိုပြီး မန်းမှာ ကျောင်းတက်ဖို့နေခဲ့လိုက်တယ်...။ မန်းဆေးရုံကြီးနားက အမှတ်(၁၂) ကျောင်းမှာ တက်ရတယ်...။ ကျောင်းကို စက်ဘီးလေးတစ်ယောက်တစ်စီးနင်းပြီး သွားရတယ်...။ ပျော်စရာကြီးပေါ့...။ နေတာက ၂၇လမ်းပေါ်မှာ ၇၂x၇၃လမ်းကြားပေါ့...။ ၂၆ဘီလမ်း ကျုံးတောင်ဖက်က မင်္ဂပေါင်းကူးတံတားနဲ့ တဖြောင့်တည်းလမ်းက ၇၃လမ်းမကြီးပေါ့ ဒါကြောင့်သူ့ကို မင်္ဂလမ်းလို့လဲခေါ်တယ်...။ အဲဒီလမ်းမကြီးအတိုင်းတောင်ဖက်စူးစူးကိုသွားရင် မန္တလေးတက္ကသိုလ်ကြီး ရှိတယ်...။ နောက်နော့အဒေါ်တို့က ဗထူးကွင်းနားက မေတ္တာလမ်းသွယ်ထဲကိုပြောင်းသွားတယ်...။ ဒါကြောင့် ဗထူးကွင်းနားက မြီးရှည်ဆိုသိပ်ကြိုက်တာပဲ... ခဏခဏဝယ်စားကြတယ်...။ ပြီးတော့ လမ်းထိပ်မှာက မင်းသီဟ လက်ဖက်ရည်ဆိုင်...။ အဲဆိုင်က ခုဆို ဆိုင်ခွဲတွေများနေပြီလို့သိရတယ်...။ လက်ဖက်ရည် မုန့်တီ ပဲအီကြာ အဲဒါတွေသိပ်ကောင်းတယ်..။

ကျောင်းနှစ်လကျော်လေးပဲတက်ရသေးတယ် ရှစ်လေးလုံးအရေးအခင်းကြီးဖြစ်ရော...။ အိမ်ကနေ သူများတွေလမ်းပေါ်မှာဆန္ဒပြတာကိုတစ်ရက်သွားကြည့်တယ် ၃၅လမ်း မင်္ဂလာဈေးနားကပေါ့...။ ဘုန်ကြီးတွေ မယ်သီလရှင်တွေ စက်ရုံအလုပ်ရုံ ဝန်ထမ်းဌာန အသီးသီး သူ့အဖွဲ့အစုနဲ့ လမ်းမပေါ်မှာအပြည့်ပဲ...။ နောက်နေ့ကျတော့ အတန်းပိုင်ဆရာမက အသိဖြစ်နေတော့ အမှတ်၁၂လဲနက်ဖြန်ထွက်မယ်ဆိုလို့ ကျောင်းကနဲ့လိုက်သွားဖြစ်သေးတယ်...။ ခေါင်းစည်းတွေ လက်ပတ်အနီတွေနဲ့ပေါ့...။ အဒေါ်တို့အိမ်တစ်အိမ်လုံးထွက်လိုက်တာ အိမ်မှာ ဟင်းချက်တဲ့အစ်မကြီးပဲ ကျန်တော့တယ်...။ ဦးလေးက ဆရာဝန်ဆိုတော့ ဆရာဝန်အသင်းနဲ့လိုက်တယ် အဒေါ်က အိမ်ရှင်မအသင်းက ကလေးတွေအားလုံးက ကျောင်းကနဲ့ ဟုတ်နေရောပဲ...။ နောက်တစ်ရင်မသွားလိုက်တာ မှန်သွားတယ်...။ လမ်းမှာ ကျောင်းသားတွေကို ရေခဲထုပ်ထဲအဆိပ်ထည့်ကျွေးလို့ သေကြတယ်တဲ့...။ ဘာပဲဖြစ်ဖြစ် နိုင်ငံချစ်တဲ့စိတ် မျိုးချစ်စိတ်ကလေးကိုယ့်မှာရှိနေတာနဲ့ အတွေ့အကြုံလဲရတာပေါ့...။ ညနေ ညနေဆို စက်ဘီးလေးတွေနဲ့ထွက်ပြီး ဝင်းအုတ်နံရံတွေပေါ်မှာ ကာတွန်းကပ်တာသွားသွား ဖတ်ကြတယ် မကြောက်မရွံပေါ့...။

အရေးအခင်းကြောင့် ကျောင်းပိတ်သွားလိုက်တာနှစ်နှစ်ကြာသွားတယ်...။ ဒါနဲ့ မီးမီးလည်း ရန်ကုန်ပြန်ရောက်သွားရော...။ အဒေါ်က သူ့သမီးတွေတက်တဲ့ လသာ(၂)မှာပဲကျောင်းအပ်ပေးလိုက်တယ်...။ ခုနှစ်တန်းကနေ ဆယ်တန်းထိ လသာ(၂)မိန်းကလေးကျောင်းမှာတက်ခဲ့တယ်...။ ငယ်ကတည်းက ယောကျာၤးမိန်းကလေးရောတဲ့ ကျောင်းပဲနေခဲ့ရတော့ မိန်းကလေးကျောင်းကအထာကို နားမလည်ခဲ့ဘူး...။ ခုနှစ်တန်း(F)မှာတက်တော့ တစ်ရက် အတန်းထဲက ခိုင်ခိုင်မော်ဆိုတဲ့ကောင်မလေးက အတန်းထဲပြေးဝင်လာပြီး ဘာမပြောညာမပြောနဲ့ ကျွန်မပါးကိုနမ်းလိုက်ပါတယ်...။ ကျွန်မကလဲလက်မြန်သူမို့ သူ့ပါးကို ဖျန်းခနဲ့ပဲရိုက်လိုက်တယ်...။ ဘဝမှာ သူစိမ်းသူရံပါးကို ရိုက်ဖူးခြင်းပါ...။ အဲဒါနဲ့သူလဲ အတန်းပိုင်ဆရာမကို သွားတိုင်ရော ဆရာမက ကျွန်မကိုခေါ်ပြောတယ်...။ တကယ်တော့ သူကချစ်လို့ခင်လို့ အသည်းယားလို့ နမ်းလိုက်တာပါ...။ ကျွန်မကတော့ လန့်သွားတာ မဟုတ်လား..။ အဲကောင်မလေးက လူကောင်ထွားထွား စကားပြောရင်လဲ အသံကျယ်ကျယ်နဲ့ ယောကျာၤးလျာလိုဘာလိုလိုပဲ ဒါပေမယ့် တက္ကသိုလ်တက်တာ့ သူ့ကို နှုတ်ခမ်းနီတွေမိတ်ကပ်တွေနဲ့ တွေ့လိုက်တယ်...။

မိန်းကလေးကျောင်းဆိုတော့ အချစ်တော်တွေထားတာ ကဗျာတွေ စာတွေပေးကြတာ အော်တိုရေးခိုင်း ကြတာတွေရှိတယ်...။ လက်ရေးတွေကလည်းလှမှလှပဲ...။ ကျွန်မလား... အချစ်တော်စာရဖူးတယ် အဲခုနှစ်တန်းမှာပဲ...။ ရှစ်တန်း ကိုးတန်း ဆယ်တန်းကျတော့ ကိုယ်က အသင်းခေါင်းဆောင်ချည်း ဆက်တိုက်လုပ်ရတော့ အဲအရှိန်လေးနဲ့မို့လား အချစ်တော်ဖွဲ့မခံရတော့ဘူး အေးရော...။ ဆယ်တန်းတက်တော့ အပြင်ကျူရှင်လုံးဝမတက်ဘဲ ကျောင်းကိုပဲကျောင်းတံခါးပိတ်တဲ့အထိတက်ခဲ့တယ်...။ ဆရာမက ကျောင်းတက်မှန်လို့ အိန်ဂျယ်ရုပ်(ကြွေရုပ်)လေးတစ်ရုပ်ဆုချလိုက်သေးတယ်...။ တော်သေးတယ် ဆယ်တန်းကို နှစ်ပေါက်အောင်ခဲ့တယ်...။ ကျောင်းပိတ်တော့ ရွာမှာ ခြောက်လလောက်ပြန်နေတယ်...။ အိမ်ကဆိုင်မှာပဲ ဈေးရောင်း သူငယ်ချင်းတွေနဲ့ လျှောက်သွားအဲဒါပဲလုပ်တယ်...။ ရန်ကုန်ပြန်ရောက်တော့မှ KMD မှာ ကွန်ပျူတာသင်တန်းစတက်တယ်...။ အင်္ဂလိပ်စာလည်းတက်တယ်...။

ဆယ်တန်းအောင်ပြီးပြီးချင်း တက္ကသိုလ်တက်ဖို့က နှစ်နှစ်ကျော်လောက်ထပ်စောင့်ရတယ်...။ ၁၉၉၅မှာ ကြည့်မြင်တိုင်ကမ်းပတ်စ် RC3 မှာ သတ္တဗေဒအဓိကနဲ့ ကျောင်းစတက်ရတယ်...။ ပထမနှစ်က ဆယ်လတက်ပြီး စာမေးပွဲဖြေရတယ်...။ ဒုတိယနှစ်က ခြောက်လနဲ့စာမေးပွဲဖြေရတယ်...။ တတိယနှစ်ကျတော့ ဆယ့်ငါးရက်ပဲလားမသိတက်ပြီး ကျောင်းသားအရေးခင်းထပ်ဖြစ်လို့ ကျောင်းကြီးပိတ်လိုက်ပြန်ပါတယ်...။ ဒန်...ဒန်း....ဒန်ပဲ.... ပိတ်လိုက်တဲ့ကျောင်း ။ တတိယနှစ်စာမေးပွဲကို ၂၀၀၀ခုနှစ်ကျမှ ကိုယ့်ကျရာမြို့နယ် အထက်တန်းကျောင်းမှာသွားဖြေရတယ် အိုးပင်းဘုတ်နဲ့ဖြေတာလေ မအောင်ဘယ်ရှိမလဲ...။ အောင်ရုံပဲတော်ပါပြီလို့ စိတ်လျှော့တဲ့သူတွေကတော့ အောင်မှတ်လေး သုံးပုဒ်လောက်ဖြေတယ်...။ လောဘကြီးသူတွေက အပြည့်ခြောက်ပုဒ်ဖြေတော့ ကွာလဖိုင်းတွေ မဟာတွေရောက်ကုန်တယ် ဒါပါပဲ...။ တကယ်ပညာတတ်မတတ်တော့မသိဘူး...။ နောက်ဆုံးဖိုင်နယ်ကိုတော့ ကြည့်မြင်တိုင်ကလူတွေ သန်လျင်တာဝမှာတက်ရမတဲ့....။ အောင်မလေး ငိုချင်ထှာ..ဒီလောက်ဝေးတာ ...။ ကျောင်းသားတွေမြို့ပြင်ရောက် လမ်းမှာ ဘာဖြစ်ဖြစ် ပျက်စီးပြီးရောဆိုတဲ့ စေတနာနဲ့ ရွာပြင်ထုတ်ထားတာ...။ တလောက အန်တီစု အင်္ဂလန်မှာဘွဲ့တက်ယူတော့ ပြောသွားတာလေးသတိရမိတယ် သူတို့ခေတ်ကလိုပဲ ကျောင်းသားတွေကို တက္ကသိုလ်မှာ Campus Life ကို အပြည့်အဝရစေချင်တယ်တဲ့...။ ခုခေတ်ကလေးတွေမပြောနဲ့ ကျွန်မတို့တောင် ရန်ကုန်တက္ကသိုလ်ကြီးကို အရမ်းတက်ချင်ခဲ့တာ ခုတော့ ဘွဲ့ယူတဲ့အချိန်လေးပဲ ရောက်ဖြစ်ခဲ့တယ်...။

ဒီလောက်ဝေးတာ ကျောင်းကို နေ့တိုင်းသွားမတက်ချင်ပါဘူးဆို နောက်ဆုံးနှစ်မို့ ပရက်ဒီကယ်ကလဲ တစ်ပတ်ကို ငါးရက်အပြည့်လုပ်ရတယ်...။ အဲဒီတုန်းက ညောင်ပင်လေးဈေးထဲမှာအလုပ်လုပ်နေပြီ Dawn နို့ဆီကိုယ်စားလှယ် အရောင်းဆိုင်မှာ အရောင်းလုပ်ရတာ...။ မနက်ကို ပရက်ဒီကယ်သွားလုပ် နေ့လည်ဆိုင်ပြန်ထိုင် အဲလိုလုပ်ရတယ်...။ ဘွဲ့ရတော့ အသက်ကအစိပ်ဖြစ်နေပြီ...။ အလုပ်လုပ်တော့ ကိုယ်သိပ်ကြောက်ပါတယ်ဆိုတဲ့ ဂဏန်းတွေနဲ့တည့်တည့်တိုးတယ်...။ ပထမနှစ်တက်တုန်းက ဆရာကြီးလူထုဦးစိန်ဝင်းဆီမှာ အင်္ဂလိပ်စာသွားတက်တော့ ဆရာကြီးကို လေယာဉ်မယ်လုပ်ချင်တယ်လို့ တိုင်ပင်ဖူးခဲ့တယ်...။ ဆရာကြီးကတားတယ် မလုပ်နဲ့သမီး..ဒီအလုပ်က မိုးပေါ်မှာ အသက်အရွယ်လေးရှိတုန်းပဲလုပ်လို့ကောင်းတာတဲ့ အသက်ကြီးလာလို့ မြေကြီးပေါ်ရောက်ရင်ကိုယ်လုပ်ရမယ့် အလုပ်နဲ့ အရမ်း gap ဖြစ်သွားလိမ့်မယ်တဲ့...။ ဒီလိုပါပဲ ဘဝနဲ့ဆန္ဒဆိုတာ တစ်ထပ်တည်းမကျနိုင်ဘူးလေ...။ ခုချိန်ထိဆိုပါတော့.....။ ဒါပေမယ့် ခုတော့ ဘလော့ဂင်းနေရလို့ ကိုယ်ဝါသနာပါတဲ့ စာပေလေး ရေးနေရလို့ ကျေနပ်မိနေလေရဲ့...။


မိုးငွေ့

Tuesday, 10 July 2012

ရှမ်းမုန့်တီ.....




ရှမ်းမုန့်တီကို ပြီးခဲ့တဲ့ မတ်လ တောင်ကြီးသွားလည်တော့ သူငယ်ချင်းရဲ့ အစ်မချက်ကျွေးလိုက်တာကို ဖဘမှာတင်တုန်းက မကြီးရွှေ့စင်က ချက်နည်းလေးတင်ပါဦးလို့ ကော်မန့်မှာလာရေးသွားတာတွေ့တော့ ဘလော့ဂ်မှာတင်ဦးမှပါလို့ စဉ်းစားထားပေမယ့် တခြားပို့စ်တွေတင်ရင်းနဲ့မေ့နေခဲ့တာ...ဒီနေ့ဖဘမှာ အဲဒီပုံလေးပြန်တက်လာတော့မှ သတိရတယ်...။

တကယ်တမ်း ရှမ်းမုန့်တီအတွက်သုံးတဲ့ မုန့်ဖတ်က ကျမတို့ရှမ်းပြည်မှာဆို အဲဒီနန်းကြီးဖတ်ကိုမသုံးပါဘူး မုန့်ဟင်းခါးဖတ်ကိုပဲ ဒီမှာထက်အမျှင်ပိုကြီးတဲ့ မုန့်ဖတ်ကိုသုံးတာပါ...။ ရှမ်းမုန့်တီကို ရှမ်းလိုတော့ ခေါက်ဆင်ကျိမ်းလို့ခေါ်တယ်။ များသောအားဖြင့် ကျိုင်းတုံမှာ စားကြတာများတယ်...။ ကျမတို့ တာလေ တာချီလိတ်ဖက်မှာတော့ လုပ်ရောင်းတာမတွေ့ရဘူး...။ ရှမ်းခေါက်ဆွဲလုပ်နည်းနဲ့ အကုန်အတူတူပါပဲ...။ ထည့်စားရတဲ့ မုန့်ဖတ်လေးပဲကွာသွားတာလေ...။ ဆယ်ယောက်စာစားနိုင်မယ့် ရှမ်းမုန့်တီ အချိုးအစားလေးကို ပြောပြပါမယ်...။

၁) ၀က်(သို့)ကြက်သား 75ကျပ်သား (နုတ်နုတ်စင်း)
၂) ခရမ်းချဉ်သီး တစ်ပိဿာ(ပါးပါးလှီး သို့ လေးခြမ်းခွဲပြီး ဆားနဲ့ပြုတ်ထား)
၃) ကြက်သွန်နီအလတ်စား ဆယ်လုံး (ပါးပါးလှီး)
၎) ကြက်သွန်ဖြူ ခုနှစ်မွှာ (ထောင်းထား)
၅) ပဲပုပ် နှစ်ချပ်( မီးကင် သို့ ဆီနဲ့ကြော်ပြီးထောင်းထား)
၆) ပဲသွေး သို့ ဘဲသွေးခဲ (ကြိုက်သလောက်)
ရ) ပဲဆီသန့် နှစ်ဆယ့်ငါးကျပ်သား
၈) မုန့်တီဖတ် တစ်ပိဿာ
၉) အရိုးပြုတ်ရည်တစ်အိုး
၁၀) ရှမ်းနံနံ နံနံပင် ကြက်သွန်မှိတ် ပဲပင်ပေါက် ရွှေပဲရွက် သံပုရာသီး
၁၁) လက်ပံပွင့်ခြောက် (နူးအောင်ပြုတ်ထား)
၁၂)ငရုတ်သီးအကျက်မှုန့် (ကြက်သွန်ဖြူဆီသတ်ပြီးကြော်ထား)


ဈေးထဲက၀ယ်လာတဲ့ မုန့်ဖတ်ကိုစလုံထဲထည့် နံနံပင် ကြက်သွန်မှိတ်နဲ့ ကျန်တဲ့အရွက်တွေကို ဆေးကြောလှီးဖြတ်ပြီး သံပုရာသီးစိပ် အဆင်သင့်လုပ်ပြီးပြီဆို... ဟင်းစချက်ပါမယ်...။ ဒယ်ထဲကို ဆီထည့်ပြီး ပူလာရင် လှီးထားတဲ့ ကြက်သွန်နီကိုအရင်ဦးဆုံးဆီသတ်ပါမယ်...။ ကြက်သွန်နီ အရောင်လေး စပြောင်းလာမှ ကြက်သွန်ဖြူထောင်းထားတာကိုထည့်မယ်...။ ကြက်သွန်ဖြူကို အရင်မထည့်တာက ကြက်သွန်နီမကျက်ခင်မှာ တူးသွားမှာစိုးလို့ပါ...။ ကြက်သွန်ဖြူရောအနီရော ရွှေဝါရောင်သန်းလာတာနဲ့ ငရုတ်သီးအရောင်မှုန့်အစပ်နဲ့ အရောင်လိုသလောက်ထည့် နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်မွှေပြီးရင် စင်းထားတဲ့အသား ထည့်ကြော်ပါမယ်...။ အသားရေခြောက်ပြီးမှ ထောင်းထားတဲ့ ပဲပုပ်နဲ့ ခရမ်းချဉ်သီးထည့်မယ်။ (ခရမ်းချဉ်သီးကို ဒီအတိုင်းပါးပါးလှီးထားတဲ့ အစိမ်းကိုထည့်တာထက် ပြုတ်ထားတာထည့်ရင်ပိုကောင်းတယ် အဖတ်တွေကျေအောင် သိပ်မမွှေရတော့ဘူးပေါ့...။ မိုင်ခရိုဝေ့ရှိရင် ခရမ်းချဉ်သီးလေးတွေကို ဓါနဲ့မပြတ်အောင် ကန့်လန့်နှစ်ချက်လှီးပြီး ငါးမိနစ်လောက်လှည့်လိုက်ရင် အခွံခွာပြီး ဓါးနဲ့နုတ်နုတ်စင်းလိုက် အဲဒါပိုအဆင်ပြေတယ်)။ ဆားနဲ့ အရသာမှုန့်ထည့်ပြီးရင် ဟင်းအိုးကို မိနစ်နှစ်ဆယ် နာရီဝက်လောက် မီးမြှေ့မြှေ့လေးနဲ့ နှပ်ထားလိုက် ။ ဆီပြန်တဲ့အထိထားရင် နောက်နေ့ထိထားစားလဲရတာပေါ့...။ ဟင်းအိုးရတော့မှ ပဲသွေးခဲလေးတွေကို လေးတောင့်တုံးလေးတွေ တုံးပြီးထည့်လိုက် ဒါဆိုရပြီ..။

ဟင်းအိုးကျက်သွားရင် မုန့်တီပွဲပြင်လို့ရပြီ....။ အော်...အရိုးပြုတ်ရည်တစ်အိုးတည်ထားရမယ်နော်...။ နောက် မုန်ဖတ်နဲ့အရွက်တွေကို စိမ်းနံ့မရအောင် ရေဆူတစ်အိုးမှာ ခနလေးရေနွေးဖျောပေးရမယ်...။ စားမယ့်ပန်းကန်ထဲ မုန့်ဖတ် လက်ပံပွင့်ပြုတ် ပဲပင်ပေါက် ရွှေပဲရွက်ထည့်ပြီး ရေနွေးဆူဆူကို ယောက်ချိုဇွန်းနဲ့ခပ်ပြီး ပန်းကန်ထဲလောင်းထည့် ပြီးပြန်သွန်ချ အဲဒါမျိုး နှစ်ခါလုပ်ရင်ရပြီ...။ ပြီးမှ ဟင်းနှစ်ခပ်ထည့် နံနံပင် ကြက်သွန်မှိတ်ဖြူး ငရုတ်သီးကြော်ထည့် သံပုရာသီးညှစ်ပြီးရင် အရိုးပြုတ်ရည်လေးလောင်းထည့်လိုက် စားလို့ရပြီ။ အပေါ့အငံတော့မြည်းပြီး လိုသလိုထပ်ထည့်ပါ...။ ရေးရင် ပြန်တောင်စားချင်လာပြီ...။


မိုးငွေ့


Saturday, 7 July 2012

မျှစ်ဒုက္ခကြော်နဲ့ မုန်ညင်းဟင်းရည်.....







အသားမပါတော့ သက်သတ်လွတ်ဟင်းလို့ဆိုနိုင်ပေမယ့်... မုန်ညင်းဟင်းကတော့ ခနောမှုန့် ခတ်ထားပါတယ်....။ ဒီဟင်းနှစ်ခွက်လုံးက ရှမ်းဟင်းတွေပါ...။ ချက်ရတာလဲလွယ်ကူပါတယ်... စားရတာလည်းမြိန်တယ်...။ ဆီနည်းတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတွေပေါ့...။ ချက်နည်းလေးပြောပြမယ်နော်....။ မျှစ်က ဈေးထဲကနေပြုတ်ထားပြီးသား နည်းနည်းကြီးတဲ့ အရွယ်လေးတွေရွေးဝယ်ခဲ့ပြီး အိမ်ကျ တစ်ရေပြန်ပြုတ်လိုက်တယ်...။ ပြီးမှ ဓါးခြမ်းခွဲလိုက်ပြီး ခရင်းနဲ့ဖြစ်ဖြစ် အမျှင်ဖြစ်အောင် အရင်းကိုနဲနဲ ချန်ပြီးခြစ်လိုက်တယ်...။ အစာသွပ်ဖို့ ငရုတ်သီးစိမ်း အတောင့်ကြီး ငါးတောင့် ကြက်သွန်ဖြူငါးမွှာ ကြက်သွန်နီအကြီးတစ်လုံးကို မီးဖုတ်ပြီး ဆား အချိုမှုန့်ထည့်ထောင်း နံနံပင်လေးနဲနဲထည့် ရပြီဆို မျှစ်ထဲကိုထည့်ပြီး နှီးနဲ့တုတ်လိုက် နှီးမရှိတော့ အပ်ချည်ကြိုးလေးနဲ့ချည်ပြီး ဆီလေးနဲ့မီးအေးအေးနဲ့ကြော်လိုက်ပါ။

မုန်ညင်းဟင်းရည်ကတော့ ရည်ဆူဆူတည်ပြီး ခနောမှုန့်ခတ် ဂျင်းလက်တစ်ဆစ်ဓါးပြားရိုက်ထည့်ပြီး မုန်ညင်းခတ်လိုက်... အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းလေးပါရိုက်ထည့်... ပူပူလေးသောက်ရင် ပိုကောင်းတယ်။ အသားမပါပေမယ့် ပူပူနွေးနွေးစားတော့ မြိန်ချက်ပေါ့...။ စနေ တနင်္ဂနွေ ပိတ်ရက်လေး ချက်စားလို့ရအောင် တင်ပေးလိုက်ပါတယ်နော်...။


မိုးငွေ့

Thursday, 5 July 2012

ကဗျာဆန်တဲ့ ကော်ဖီတစ်ခွက်.....

အိန်ဂျယ်တိုက်တဲ့ Ice Latte
Junction Square ...“Chewing Puff” ဆိုင်က ကော်ဖီပူပူတစ်ခွက်
Raspberry Puff ဘေးနားကချိစ်လေးကောင်းတယ် မအီဘူး...

Wednesday, 4 July 2012

ချစ်သူရဲ့သမီး.....





ကိုယ်ဆင်းရမယ့် မှတ်တိုင်နားရောက်ခါနီးမှ မိုးကတပြိုက်နှစ်ပြိုက်ရွာချလာတယ်...။ ခုမှသတိရသွားတယ် ထီးကရုံးမှာကျန်ခဲ့ပြီ....။ ရုံးဆင်းတော့ ကောင်းကင်ကိုတောင်မော့ကြည့်မိသေး...။ အနောက်စူးစူးမှာ တိမ်တွေ လိမ္မော်ရောင်တောက်နေသေး...။ မိုးရိပ်မိုးငွေ့နဲနဲမှမပြဘဲ ရုတ်တရက်ရွာချလိုက်တာ...။ တွေ့လား.... အဲဒါရန်ကုန်မိုးပဲ....။ မှတ်တိုင်မှာဆင်းဖို့ အပေါက်ဝကို တိုးဝှေ့ထွက်လိုက်တယ်...။ မတတ်နိုင်ဘူး ..ဒီမိုးလောက်နဲ့တော့ မှတ်တိုင်မှာ အချိန်ကုန်ခံခိုမနေတော့ဘူး မိုးစိုခံပြီးလမ်းလျှောက်ပြန်မယ်လို့ ဆုံးဖြတ်လိုက်တယ်..။အညိုရောင်သရေလွယ်အိတ်လေးကို ခေါင်းပေါ်မိုးပြီး မီးပွိုင့်မိနေတဲ့ ကားတန်းရှည်ကြီးကြားကနေတဖက်ကို ကူးလိုက်တယ်..။ ဟိုဖက်ပလက်ဖောင်းက ဗာဒံပင်အောက်ကနေလျှောက်တော့ မိုးသိပ်မစိုတော့.....။ ကိုယ့်နားကို ကားတစ်စီး ဟွန်းသံပေးရင်း ရိပ်ခနဲထိုးရပ်လိုက်တယ်....။ ခေါင်းပေါ်မိုးထားတဲ့ အိတ်ကို ပခုံးပေါ်ပြင်လွယ်ရင်း အနက်ရောင်တောက်ပြောင်နေတဲ့ ကားလုံးလုံးကလေးထဲဆီကို နဲနဲကိုင်းပြီးငုံ့ကြည့်မိတယ်။ ကိုယ့်အသိထဲမှာ ဒီလိုကားမျိုးဘယ်သူရှိပါလိမ့်...။ မှန်ကလေးလျှောခနဲကျသွားတယ်...။

“ညီမလေး...ဘာလို့ မိုးရေထဲလျှောက်နေတာလဲ လာကားပေါ်တက်...”

“ဟင်.... ကိုကို....” ကိုယ်ခပ်တိုးတိုးရွတ်ဆိုမိခြင်းပါ....။
ရှေ့ကားတံခါးလေး သူဖွင့်လိုက်တယ်....။ ရုတ်တရက် မထင်မှတ်ဘဲတွေ့လိုက်လို့ ကိုယ်နဲနဲတော့ စိတ်လှုပ်ရှားသွားတယ်...။ ပြီးတော့ ကိုယ်မေ့နေတာကြာပြီဖြစ်တဲ့လူတစ်ယောက်လေ...။ မေ့နေတာမဟုတ်ပါဘူး မေ့ထားတာဆိုရင်ပိုမှန်မယ်...။ ကားပေါ်ကိုယ်အလိုက်သင့်တက်ထိုင်လိုက်တယ်...။

“ကိုယ်တို့ညနေစာအတူမစားရတာကြာပြီ...ညီမလေးအချိန်ရတယ်မဟုတ်လား”

“ဟုတ်...ရပါတယ်... ကိုကိုကဘယ်တုန်းကရောက်တာလဲ...”

“ကိုယ်လား...နှစ်ရက်လောက်ရှိပြီ အလုပ်ကိစ္စလေးရှိတာနဲ့လေ...ခုတော့ပြတ်သွားပါပြီ နောက်တစ်ရက်နှစ်ရက်လောက် နေပြီးပြန်တော့မလို့... ညီမလေးတို့အိမ်ကိုနက်ဖြန်လာခဲ့ဦးမလို့ပဲ...”

သူ့ကားလေးက ဓမ္မစေတီလမ်းပေါ်က စားသောက်ဆိုင်တစ်ခုရဲ့ ခြံဝင်းထဲကိုဝင်သွားတယ်....။ ထိုင်းစားသောက်ဆိုင်လေးပါ...။ ကိုယ်ထိုင်းစာကြိုက်တတ်မှန်းသူမှတ်မိနေသေးတာပဲ...။ ကားပါကင်မှာနေရာယူပြီး ကိုယ်တို့ မြက်ခင်းပြင်ပေါ်က စားပွဲဝိုင်းကိုပဲရွေးလိုက်ကြတယ်...။ ကိုယ်သိနေတယ်လေ အပြင်ဖက်ကိုသူရွေးလိုက်တယ်ဆိုတာ သူစီးကရက်ကို လွတ်လွတ်လပ်လပ် သောက်ချင်လို့လို့ ကိုယ်ခန့်မှန်းကြည့်လိုက်မိတယ်...။စားပွဲထိုးကို ဟင်းတွေမှာပြီး သူ့အိတ်ထဲက စီးကရက်ဘူးလေးထုတ်လိုက်တယ်...။ ကိုယ့်မှာ သူ့ကိုမီးညှိပေးဖို့ မီးခြစ်မရှိတော့ဘူး...။ တစ်ချိန်တုန်းက အဲဒီမီးခြစ်ဗူးလေးကို သူအပိုင်တောင်းယူသွားခဲ့ဖူးတယ်လေ....။ ပြီးတော့ သူက အဲဒီကိုယ်ပေးထားဖူးတဲ့ မီးခြစ်လေးကို ထုတ်လိုက်ပြန်တယ်...။

“ကိုယ် စီးကရက်သောက်မယ်နော်....” တဲ့...။

သူတစ်ခါမှကိုယ့်ကို အဲလိုခွင့်မတောင်းခဲ့ဖူးပါဘူး...။ အဲလိုခွင့်တောင်းရမယ့်သူ သူ့ဆီမှာရှိနေလို့ဖြစ်မှာပါ....။

“ကိုကို စီးကရက်တွေသောက်နေတုန်းပဲလား...”
အရင်လိုပဲ သူစီးကရက်ကိုမီးညှိပြီး နှုတ်ခမ်းမှာ လှလှပပတေ့ထားတတ်တုန်း....။ ကိုယ်စွဲလန်းခဲ့ဖူးတဲ့ အမူအရာတစ်ခုမှန်းသိလျက်နဲ့ သူဘာကြောင့် ကိုယ့်ရှေ့မှာလုပ်ပြရသလဲ...။ နှစ်တွေကြာသွားလို့ မေ့သွားတာလား။ မဖြစ်နိုင်ပါဘူး သူက ကိုယ့်အမူအကျင့်တွေ ကိုယ့်အကြိုက်တွေကို အမြဲတစေအလွတ်ရနေတတ်တဲ့သူ...။ အို...ကိုယ်ဘာတွေလျှောက်တွေးနေမိပါလိမ့်...။ ကိုယ့်မှာသူ့ကို ဝေဖန်ပိုင်ခွင့် တားမြစ်ပိုင်ခွင့် ဘာဆိုဘာမျှ မရှိတော့တဲ့သူတစ်ယောက်ဖြစ်သွားတာ ကြာခဲ့ပြီမဟုတ်လား...။

“အမှန်တိုင်းပြောရရင် ကိုယ်မသောက်ဖြစ်တာကြာပြီ...ခုရန်ကုန်ပြန်ရောက်တုန်း ရက်ပိုင်းကလေးမှ သောက်ဖြစ်နေတာပါ...”

“အော်....”
မိုးကခတ်ဖွဲဖွဲရွာနေတုန်းပဲ....။ ကိုယ်တို့နေရာက ခြံမြက်ခင်းပြင်အလည်မှာ ကွန်ကရစ်ခပ်မြင့်မြင့်လေးဆောက်ထားတဲ့ အဝိုင်းပုံစံအမိုးလေးနဲ့....။ စားပွဲထိုးလေးက ဘီယာတစ်ဂျားနဲ့ခွက်နှစ်လုံးလာချပေးတယ်.....။

“ညီမလေးမသောက်ဘူးနော် ကိုကိုပဲသောက်ပါ...”

“ဘာလို့လဲ လက်ကိုက်မှာစိုးလို့လား....”

“မဟုတ်ပါဘူး မသောက်ချင်တော့လို့..”

ကိုယ်လက်ကိုက်တော့ရော သူကနှိပ်ပေးဦးမှာပဲလေ...ဒါပေမယ့် အခြေအနေတွေက ပြောင်းလဲနေပြီ... ကိုယ်ဆင်ခြင်သင့်တာဆင်ခြင်ရမယ်လေ...။

“မေမေတို့ပြောတယ် ကိုကို့မှာ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရှိနေပြီဆို”

“အင်း ဟုတ်တယ်...ဒေါ်ဒေါ်တို့မနှစ်က ပြင်ဦးလွင်လာလည်တော့ တွေ့တာဖြစ်မယ်...နေဦး ကိုယ့်ဆီမှာ သမီးရဲ့ဓါတ်ပုံလေးပါတယ်...”

သူက သူ့ဟမ်းဖုန်းလေးရဲ့ touch screen ကိုလက်နဲ့ဟိုတို့ဒီတို့လုပ်ရင်း ဖိုတိုအမ်ဘမ်ထဲက ပုံလေးကိုရှာနေတယ်။
“ရော့....”သူ့လှမ်းပေးတဲ့ ဖုန်းလေးကို ကိုယ်ယူကြည့်လိုက်တယ်....။ ရှပ်အင်္ကျီပန်းရောင်လေးနဲ့ ဘဲလ်ပုံဂျင်းဘောင်းဘီရှည်လေးဝတ်ပြီး ကြိုးသိုင်းဖိနပ်အညိုရောင်လေးဝတ်ထားတဲ့ မတ်တပ်ရပ်နေတဲ့ ကလေးမလေးတစ်ယောက်...။ ဆံပင်နုနုခွေခွေလေးကို ညာဖက်လေးခွဲပြီးသပ်သပ်ရပ်ရပ်လေးဖီးထားတဲ့ နားရွက်ခပ်ကားကား မျက်လုံးဝိုင်းစက်စက် နှာတံလုံးလုံးနဲ့ မျက်မှောင်လေးကိုကျုံ့ထားတဲ့ နှုတ်ခမ်းထူထူကလေးမလေး...။ ကိုယ်ဒီပုံစံကလေးလေးကို မြင်ဖူးနေသလိုလိုခံစားလိုက်မိတယ်...။ ကိုယ်စူးစူးစိုက်စိုက်ကြည့်ရင်း စဉ်းစားနေမိတယ်...။

“ဘယ်သူနဲ့တူတယ်လို့ထင်လဲ”

“ဟင့်အင်း ...မပြောတတ်ဘူး ကိုကိုနဲ့တော့မတူဘူး ကိုကို့အမျိုးသမီးကို ညီမလေးမှသေချာမမြင်ဖူးတာ...” 

“ဒါဆို နောက်တစ်ပုံကိုဆွဲကြည့်ကြည့်လိုက်...”

သူပြောတဲ့အတိုင်း နောက်တစ်ပုံကို ကိုယ်ဆွဲကြည့်လိုက်တော့ ...ကိုယ့်မျက်လုံးတွေဝေဝါးသွားတယ်....။ ဒီထဲက ကလေးမလေးပုံက ကိုယ်ငယ်ငယ်တုန်းကပုံလေးပါ...။ ဟုတ်တယ် စောစောကကလေးမလေးလိုပဲ ခရမ်းရောင်ရှပ်အင်္ကျီ နဲ့ အနီရောင်ဘဲလ်ဘောင်းဘီ ကြိုးသိုင်းဖိနပ်ကလေးစီးထားတဲ့ မြက်ခင်းပြင်ပေါ်မတ်တပ်ရပ်နေတဲ့ နှစ်နှစ်အရွယ် ကလေးမလေး...။ ဒီပုံကို သူဘယ်တုန်းက ယူသိမ်းထားခဲ့သလဲ..။ ကိုယ်တော်တော်လေး အံ့အားသင့်သွားမိတယ်....။

“ဘယ်လိုလဲ ကိုယ့်သမီးကချစ်စရာမကောင်းဘူးလား”

“ညီမလေးငယ်ငယ်တုန်းကပုံနဲ့တထေရာထဲများဘယ်လိုမွေးလိုက်သလဲကွယ်... တော်တော်အံ့သြဖို့ကောင်းတယ် ခုနေ ညီမလေးသာအိမ်ထောင်ကျသွားလို့ ကလေးမွေးရင်တောင် ဒီလောက်တူမှာမဟုတ်ဘူး...”

“အဲဒီပုံလေးကိုချစ်လို့ ကိုယ်ယူသိမ်းထားတာကြာလှပေါ့ မသိဘူးမဟုတ်လား...”

အဲဒီပုံလေးကိုချစ်လို့ လို့သူ့နှုတ်ကကြားလိုက်ရတာကို တစ်မျိုးလေးပဲဖြစ်သွားမိတယ်....။ သူက ကလေးလေးတစ်ယောက်ကိုချစ်လို့ အမှုမဲ့ပြောလိုက်ပေမယ့် ကိုယ့်အတွက်က သူ့ဆီက ပထမဦးဆုံးကြားဖူးတဲ့ စကားလုံးလေးပါ...။

“အိမ်မှာလဲ တစ်ပုံရှိသေးတယ်လေ ကိုကို့ဆီမှာတစ်ပုံရှိလိမ့်မယ်လို့ ဘယ်လိုလုပ်တွေးမိမလဲ... မေမေတို့မြင်ရင်အရမ်းအံ့သြမှာပဲ....”

“ဒေါ်ဒေါ်က မနှစ်ကတည်းကတွေ့တယ်လေ ညီမလေးရဲ့ အဲဒီတုန်းက သမီးလေးက တစ်နှစ်ကျော်လေးပဲရှိသေးတာ... ကိုယ်က ညီမလေးကို ပြန်မပြောဖို့ကတိတောင်းထားတာ ဒါကြောင့် သူပြောမပြတာဖြစ်မယ်...”

“ဘာဖြစ်လို့လဲ”

“အော်... ကိုယ်ကိုယ်တိုင် ညီမလေးကို အံ့သြသွားအောင်လုပ်ချင်လို့ပေါ့”....တဲ့

“ကိုကိုရယ်....နောက်တစ်ခါရန်ကုန်လာရင် အဲဒီကလေးလေးကိုခေါ်ခဲ့နော်....သူ့ကို ညီမလေးတော့ အရမ်းချစ်သွားပြီ...ခု အဲပုံလေးကိုညီမလေးဖုန်းထဲပို့ပေးပါလား...”

ကိုယ်တို့ညစာအတူစားကြ ထုံးစံအတိုင်း ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောကြနဲ့ပေါ့....။ ကိုယ့်အတွေးထဲတော့ သူ့သမီးလေးပုံရိပ်သာစိုးမိုးနေခဲ့တယ်...။ ကိုယ့်ငယ်ရုပ်နဲ့များတူအောင် ဘယ်လိုများမွေးခဲ့သလဲ ကိုယ်ဖြင့် အံဩမဆုံးတော့....။

“ညီမလေးနဲ့တူအောင်ဘယ်လိုမွေးသလဲ မသိချင်ဘူးလား...”

“ဟုတ်ကဲ့...သိချင်တာပေါ့..”

“တကယ်တွေးကြည့်ရင်တော့ မဖြစ်နိုင်တဲ့ကိစ္စပါ.... ကိုယ့်အမျိုးသမီးကိုယ်ဝန်ဆောင်တော့ သူက သမီးလေးလိုချင်တယ်ဆိုပြီး ညီမလေးငယ်ငယ်ကပုံလေးကိုပဲ နေ့တိုင်းလိုလိုသူကြည့်ဖြစ်တယ်...”

“သူက ဓါတ်ပုံထဲက ကလေးလေးဘယ်သူလဲဆိုတာသိလား..”

“အင်း...သိတယ်လေ...ကိုကို့ညီမလေးငယ်ငယ်ကပုံလို့.... ပြီးတော့သူကလဲ အဲဒီပုံထဲကလိုပဲချစ်စရာကောင်းတဲ့ သမီးလေးလိုချင်တယ်တဲ့ အနည်းဆုံးတစ်နေ့တစ်ခါတော့ ကြည့်ကြည့်တတ်တယ်...အဲဒီပုံကလေးကို အကြီးချဲ့ပြီး မှန်ဘောင်လေးနဲ့ ကိုယ်တို့အခန်းထဲမှာထည့်ထားတာ”

“တကယ်...” ကိုယ်မျက်ခုံးလေးပင့်ပြီးသူ့ကိုမော့ကြည့်တော့....

“ဟော...တွေ့လား အဲလိုမျက်ခုံးလေးပင့်ပြီး မျက်လုံးဝိုင်းသွားတာ ငယ်တုန်းကရုပ်ပြန်ပေါ်လာတယ်”

“ဟာ... ကိုကိုကလဲ......”

“ညီမလေးနဲနဲတော့ပိန်သွားတယ်နော် အလုပ်ပင်ပန်းလို့လား”

“ဒီလိုပါပဲ အိပ်ရေးပျက်တာများလို့ဖြစ်မှာပါ...”
အသက်လေးဆယ်နားနီး သူကတော့ နဲနဲကလေးပြည့်လာတာကလွဲလို့ သန့်ပြန့်ချောမောဆဲ အသားတွေဖြူဝင်းဆဲ... ရိတ်ထားတဲ့ပါးမြိုင်းမွှေးတွေ စိမ်းမြဆဲ....။ သူ့အမျိုးသမီးလေးက သူ့ကို ဂရုတစိုက်ရှိလို့သာ သူ့ကိုဒီလိုစိတ်ရောရုပ်ရော ကြည်လင်နေတာတွေ့ရတာပေါ့....။ မိဘစကားကို နားထောင်လိုက်တဲ့ သူ့ရလာဘ်ကောင်းမှန်းမပြောပြဘဲမြင်နေရတယ်လေ....။ကိုယ့်ကိုသူက ဟင်းတွေချည်းအများကြီးထည့်ကျွေးနေတော့တယ်....။ အရင်တုန်းကသူနဲ့ကိုယ်လျှောက်သွားရင် ကိုယ်ကအစားပုတ်သူ...။ ခုတော့ ငယ်တုန်းကလောက် သိပ်အစားမမက်တော့ဘူးလေ....။

မိုးကစောစောကထက် ပိုသည်းလာလို့ သူက ကိုယ့်ကို သူ့ကားထဲက အနွေးထည်တစ်ထည် သွားယူလာပေးတယ်။ သူဝတ်တတ်တဲ့ ဂျာကင်လေးဖြစ်မှာပါ။ နို့နှစ်ရောင်ဂျာကင်လေးက ကိုယ့်ကိုယ်ပေါ်မှာ ခပ်ပွပွလေး အုပ်မိုးထားလို့ ခဏလေးမှာပဲနွေးထွေးသွားတယ်....။ သူ့ကိုယ်နံ့တွေကလဲ လတ်ဆတ်မွှေးမြဆဲပဲ.....။ကိုယ်ကော်ဖီပူပူတစ်ခွက်သောက်ဖြစ်လိုက်သေးတယ်....။

ညက မီးရောင်စုံတွေကြား မိုးစက်တွေကြားမှာ တိတ်ဆိတ်အေးချမ်းလို့....။


မှတ်ချက်။ ။ သူတို့နှစ်ယောက်အကြောင်းကို ဒီပို့စ်... ဒီပို့စ်နဲ့ ဟောဒီပို့စ် တွေမှာ ရေးဖူးခဲ့ပါတယ်....။ “ချစ်သူရဲ့သမီး”ဆိုတာ ဆရာမဂျူးရဲ့ ဝတ္ထုတိုတစ်ပုဒ်ရှိပါတယ် ဘလော့ဂါအတော်များများလဲ ဒီခေါင်းစဉ်လေးနဲ့ရေးတတ်ကြတာကိုတွေ့ဖူးတယ်... အစကတော့တခြားနာမည်ပြောင်းမလို့ပဲ ဒါပေမယ့် ဒီနာမည်လေးနဲ့ကပိုလိုက်ဖက်နေလို့....။

မိုးငွေ့



Monday, 2 July 2012

အဆီကျဖျော်ရည်....

ပန်းသီးနဲ့ဥနီဖျော်ရည်



ပန်းသီးတစ်နေ့တစ်လုံးစားပေးရင် ဆရာဝန်နဲ့တွေ့စရာမလိုဘူးလို့ ကြားဖူးတယ်...။
အသိတစ်ယောက်ဆီက နည်းရလာလို့ ဖျော်သောက်ကြည့်တာ...။ အချိုးကဒီလိုပါ ပန်းသီးတစ်လုံး မုန်လာဥနီအလုံးတစ်ဝက် သံပုရာသီးတစ်စိပ်နဲ့ ရေအေးခွက်တစ်ဝက်သို့မဟုတ် ရေခဲငါးတုံးထည့်ပါ....။ အသီးတွေကို ကြိတ်စက်ထဲစိပ်ပြီးထည့် သံပုရာသီးညှစ်ထည့် ရေထည့်ပြီး မွေှ့လိုက်တော့....။ စက်က အရည်တခြား အဖတ်တခြားထွက်တဲ့စက်ရှိရင်ပိုကောင်းတယ်...။ သကြားမပါပေမယ့် ပန်းသီးအချိုနဲ့.... ဥနီနံ့စိမ်းရွှေရွှေလည်းမရဘဲ သံပုရာနံ့လေးမွှေးတဲ့ ပန်းသီးအဆီချဖျော်ရည်လေးတစ်ခွက်ရပြီပေါ့...။ အဲဒီအချိုးနဲ့ဆို ဖျော်ရည်နှစ်ခွက်စာရပါတယ်....။ တစ်နေ့ကို တစ်ခွက်နှုန်းနဲ့သောက်ရင် အဆီလဲကျ ကျန်းမာရေးအတွက်လည်းကောင်းတယ်...။


မိုးငွေ့