Friday, 3 August 2018

My Instagram Photo(2).....

ဝါဆိုလပြည့်နေ့မှာ ဥပုသ်သီလယူ ခင်ပွန်းကြီးဆယ်ပါးကို နို့ဆွမ်း ဆီမီး ရေချမ်း ၀ါဆိုပန်းတို့နဲ့ ကန်တော့ဖြစ်တယ်



 ဈေးထဲမနက်စောစော ဘုရားပန်းသွားဝယ်တော့ စံပယ်ပန်းသယ်ဆီက ၀ါဆိုပန်းလေးရခဲ့တယ်






City Mall က Amazone Cafe သူ့ကော်ဖီလေးမဆိုးဘူး ကျွန်မ Americano မှာသောက်တာ သူတို့က သကြားတွေ နို့တွေ အပိုပေးတယ် ဒီတိုင်းသောက်ရင်တောင် ကော်ဖီက လုံးဝမခါးဘူး..။ Brownie ကခြောက်ပြီးမာတယ် ကျွန်မတို့ WTC ကဆရာတွေလက်ရာကိုမမှီ ကျွန်မသင်တန်းတက်တုန်းက ဆရာခန့်ရဲသန့် Recipe က Moist တော်တော်ဖြစ်တာ..။ Brownie တို့ထုံးစံအတိုင်း မုန့်မျက်နှာပြင်ကတော့ အရုပ်ဆိုးတယ်လေ...။ ကျွန်မ ဆိုင်ဖွင့်ခါနီးကျရင် ဆရာ့ဆီမှာ Sandwish, Hot dog နဲ့ အမေရိကန်မနက်စာပြင်ဆင်ပုံလေး သွားသင်ဦးမယ်လို့ စိတ်ကူးတယ်..။ ဆရာကခု 8မိုင်ဖက်မှာ သင်တန်းဖွင့်ထားတယ်...။ Healthy ဖက်လိုက်စားတဲ့သူတွေနဲ့ ကဖိန်းရှောင်ချင်တဲ့သူတွေ ကော်ဖီဆိုင်မှာ matcha မှုန့်နဲ့ဖျော်တဲ့ Green Tea Latte မှာသောက်တတ်ကြတယ်...။ Amazone က green tea latte က အချိုမပါတော့ ပိုသောက်လို့ကောင်းတယ်...။ Breadtalk ကဖျော်တာ သကြားများတယ်..။ တချို့တော့ အဆီကျတယ်ဆိုပြီး အဲဒီအမှုန့်ချည်းသက်သက် လက်ဖက်ခြောက်ခတ်သလို ရေနွေးထဲ ခတ်သောက်ကြတယ်..။ အရသာက ရေညှိလို စိမ်းရွှေရွှေတော့ဖြစ်တယ်...။ Matcha အမှုန့်တွေကို ခုဆို စူပါမားကပ်တွေမှာ အလွယ်တကူ ဂျပန် သို့မဟုတ် အော်ဂဲနစ်ကောင်တာတွေမှာ ရှာပြီး ၀ယ်ယူနိုင်ပါတယ်..။ Matcha ဆိုတာ ဂျပန်ကလာတဲ့ လက်ဖက်ခြောက်အမှုန့်တစ်မျိုးပါပဲ...။ သူ့ကို မုန့်လုပ်တဲ့နေရာမှာလည်း တော်တော်များများသုံးကြတယ်..။ Chiffon cake တို့ Swiss Roll တို့လုပ်တဲ့အခါမှာပေါ့..။



 ဆရာကြီး ဒဂုံတာရာစာအုပ်တွေဝယ်စုဖြစ်တာ ဒီတစ်အုပ်ထပ်ရတယ် 
အကြမ်းရည်လေးနဲ့ ဆတ်သားခြောက်ဖုတ်နဲ့ ဒညင်းသီးဆီဆမ်းနဲ့






ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပေမယ့်လည်း စားချင်တယ်လေ... ဒီဒညင်းသီးငါးပိချက်နည်းလေးကို ကျွန်မရဲ့ Instagram friend တစ်ယောက်ဖြစ်တဲ့ ချစ်ခင်လေးဆီကတောင်းထားတာ သူတင်ထားတာတွေ့လို့ စားချင်စရာလေးဆိုပြီး...။ ဒညင်းသီးပြုတ်ပြီးသားကိုမသုံးပါဘူး အစိမ်းကိုဝယ်ပြီး အခွံခွာ အညှာလေးတွေကို လှီးထုတ်ပြီး ဆားများများနဲ့ရေကြာကြာစိမ်ထားတယ်...။ ပြီးတာနဲ့ ခပ်ပြားပြားလေးရအောင် ကျီပွေ့နဲ့ထုပေးထားတာ...။ ကြက်သွန်အနှစ်ကိုဆီသတ် အဆိပ်ပြေအောင် ထန်းလျက်ခဲလေးတစ်ခဲလောက်ထည့် ဆနွင်းလေး ငရုတ်သီးမှုန့်လေးထည့် ပုစွန်ခြောက်မှုန့်ထည့် ငံပြာရည် မျှင်ငါးပိထည့်မွှေပြီး ဒညင်းသီးပြားလေးတွေထည့် ရေနွေးလေးကို မြှုပ်အောင်ထည့်ပြီး မီးမြေ့မြေ့လေးနဲ့ တည်ပါလေ့...။ ဒညင်းသီးမကျက်သေးရင် ရေထပ်ထည့်ပြီး နူးတဲ့အထိတည်ပေးပါ.....။ ပြုတ်ပြီးသားဒညင်းသီးကိုသုံးတာထက် အစိမ်းက ပိုစေးပြီး စားကောင်းတယ် လုပ်စားကြည့်နော်...။ ဒညင်းသီးကို ဈေးထဲက ပြုတ်ပြီးသားဝယ်စားရင်လည်း အိမ်ရောက်ရင် ရေသေချာဆေး အညှာနေရာကို ဓါးနဲ့လှီးထုတ် ဆန်တစ်ဇွန်းနဲ့ ထန်းလျက်တစ်ခဲထည့်ပြီး ပြန်ပြုတ်လိုက်ပါ ဒါဆို စားရတာ 80%လောက်စိတ်ချရပါပြီ..။




ညဖက် ဟင်းတွေနဲ့ထမင်းမစားချင်သောအခါ 
အကောင်းဆုံးသည် လက်ဖက်သုပ် ပဲဆီရွှဲရွှဲနဲ့ လက်ဖက်ရည်ကြမ်းနဲ့




 အသားလုံးစပါ့ဂတီကို မလုပ်စားဖြစ်တာကြာပေါ့
 ဆားမထည့်ဘဲ ပါမဆင်ချီးစ်ကိုအနှစ်ထဲ များများထည့်ချက်ထားတော့ ဆိမ့်ပြီးအရမ်းကောင်း





မန္တလေးက ညီမ၀မ်းကွဲတစ်ယောက်ဆီကလက်ဆောင်ရတာ တူးတူးထမင်းဆိုင်က လုပ်ရောင်းတဲ့ ငါးပိကြော် ပုစွန်ခြောက်ဘာလချောင်ကြော် ...။ တူးတူး ထမင်းဆိုင်ဆိုတာ ကျွန်မငယ်ငယ်တုန်းက မန်းမှာကျောင်းတစ်နှစ်တက်ခဲ့ရတော့ စားဖူးနေတာ 27လမ်းပေါ်က 78 x 79 ကြားထင်တယ် အဲတုန်းက ထမင်းဆိုင်လေးက အိမ်ဆိုင်လေးသေးသေးလေး ခုဆို ဆိုင်ကြီးဖြစ်နေရောပေါ့ မန်းရောက်တုန်းက မသွားဖြစ်လိုက်လို့ မသိလိုက်...။ တူးတူးထမင်းဆိုင်က အဲတုန်းကကျွန်မကြိုက်တဲ့ဟင်းက ၀က်ချို ကြက်ချိုချက် ပဲနှပ် ငရုတ်သီးငံပြာရည်ဖျော်...။ ဒီတခါမန်းထပ်သွားဖြစ်ရင် သွားစားဖို့တို့ထားရမယ်..။ ကျွန်မတို့ အိမ်နားချင်းက ညီမတစ်ယောက်အိမ်မှာ အဲဒီတူးတူး ငါးပိကြော်လေးစားလိုက်ရလို့ ညီမလေးလာမယ်ဆိုတာနဲ့ မှာလိုက်တာ..။ မှာတာက ငါးပိကြော်တစ်မျိုးပဲ သူက စေတနာပါပါနဲ့ ဘာလချောင်ကြော်လေးပါဝယ်ပေးလိုက်တယ်...ချစ်ဖို့ကောင်းတာ..။ မျှင်ငါးပိနဲ့ ပုစွန်ခြောက်နဲ့ကို ခပ်စိုစိုလေးကြော်ထားတာ ထမင်းဖြူလေးနဲ့နယ်စားစား ထမင်းကြော်နဲ့စားစား သိပ်ကောင်းတယ်...။





ညနေထမင်းမစားချင်သောအခါပေါ့... ညှပ်ခေါက်ဆွဲချဉ်စပ်ပြုတ် ကြက်ဥနဲ့ ၀က်သားချဉ်က ထိုင်းကလာတာကို ပါးပါးလှီး သခွားသီး နံနံပင် ကြက်သွန်ဖြူ ဂျင်းအတို့အမြှုပ်နဲ့ ငရုတ်သီးကြော်ဆီချက်နဲ့စား ...။ မ၀ယ်ဖတ်တာကြာပြီဖြစ်တဲ့ Food Magazine ၀ယ်ဖြစ်...။



သူငယ်ပြန်တယ်ပြောချင်ပြောပါ ကျွန်မ ခုထိ Soft Doll လေးတွေကိုကြိုက်တတ်တုန်း




Home Sweet Home


မိုးငွေ့

Monday, 30 July 2018

ချစ်သူရဲ့ခြုံလွှာ.....



ဆရာမဂျူး စာအုပ်အသစ်မထွက်တာကြာပေါ့....။  ဒီစာအုပ်လေးကို Ariel Thuta ရဲ့ Instagram မှာ (အောက်ကပုံ)တင်ထားတာတွေ့တော့မှ ဟာ.... ဆရာမဂျူး စာအုပ်အသစ်ထွက်တာပဲ ဆိုပြီး ဝမ်းသာအားရနဲ့ အဲဒီနေ့က ဦးထွန်းလင်းခြံလမ်းရောက်တော့ စာပေလောက၊ အင်း၀ အဲဆိုင်တွေမှာသွားရှာတာ စာအုပ်ကုန်နေတယ်ချည်းပဲ ဖြေလွှတ်ကြတယ်..။ ဒါနဲ့ လှည်းတန်းစင်တာက စီးတီးမတ်ကိုထပ်ရောက်တော့ စီးတီးမတ်စာအုပ်အသစ်တန်းက စာအုပ်စင်ပေါ်မှာ အများကြီးတွေ့လိုက်လို့ ဝမ်းသာအားရနဲ့ဝယ်လာခဲ့တယ်...။

ဆရာမဂျူးရဲ့ စတိုင်လ်အတိုင်း စာအုပ်တစ်အုပ်မှာ အသိပညာအတတ်ပညာတစ်ခုခု အသေးစိပ် ထည့်သွင်းရေးသားလေ့ရှိတာ ခုတစ်အုပ်မှာတော့ ရက်ကန်းပညာကို ဇာတ်လမ်းဖွဲ့ပြီး ရေးထားတာဖြစ်ပါတယ်...။ ခြုံလွှာဆိုတော့ စိတ်ထဲ ခြုံလွှာတဘက်တစ်ထည်လို့ပဲထင်ထားတာ ...။ ဒါပေမယ့် ဒီစာအုပ်ထဲမှာ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းကောင်းနဲ့ မြဝတီဆိုတဲ့ရွာလေးတစ်ခုက ရက်ကန်းသမလေး ရှင်လွန်းမယ်ရဲ့ အနုပညာမြောက်လှတဲ့ ပန်းချီကားတချပ်လို့ထင်ရတဲ့ အရောင်အသွေး မျိုးစုံကို ကစားပြီး ရက်လုပ်ထားတဲ့ သုံးဖက်မြင်ဒီဇိုင်းတွေနဲ့ မင်္ဂလာခြုံစောင်အကြောင်းကို အခြေခံပြီး ရေးထားတာပါ...။ ဒီစာအုပ်ထဲက ခြုံစောင်လေးတွေရဲ့ အမည်တွေကတော့ “ရွှေစံပယ်ခြုံလွှာ” “မိုးစက်သက်တံခြုံလွှာ” နဲ့ “မြသားယမုံခြုံလွှာ” တို့ပဲဖြစ်တယ်...။



Ariel Thuta ရဲ့ Instagram ကပုံကိုယူပါတယ်


ဧရီရယ်သူရဲ့ ပုံလေးထဲက စာအုပ်ကိုသတိမထားမိခင်မှာ ပါတိတ်စားပွဲခင်းလေးကို အရင်မြင်တာပါ...။ မနှစ်က ကျွန်မ မလေးသွားတုန်းက နက်ပြာအောက်ခံနဲ့ အပွင့်အခက်တွေပါတဲ့ ပါတိတ် စားပွဲခင်းလေးတစ်ထည်ဝယ်ခဲ့သေးတယ်...။ သူက စတုရန်းကျတော့ ရှည်မျောမျောထမင်းစားပွဲ တစ်ခုထက် ဧည့်ခန်းထဲက coffee table အတွက်ပဲ သင့်လျော်တယ်...။ ခု ဧရီရယ်သူ တင်ထားတဲ့ ပုံထဲကတော့ ကော်ဖီဆိုင်တစ်ဆိုင်က စားပွဲခင်းလည်းဖြစ်နိုင်တယ်...။ အဖြူခံလေးမို့အပေတော့မခံဘူး ဒါပေမယ့် အပွင့်အခက်တွေနဲ့ အရောင်စပ်ထားတာလေး သိပ်လှတယ်...။ ပြောလက်စနဲ့ ကြော်ငြာဝင်လိုက်ဦးမယ် အခုကျွန်မ အွန်လိုင်းဈေးရောင်းနေတယ်... မလေးက သူငယ်ချင်းနဲ့ချိတ်ပြီး ဟိုက ပစ္စည်းလေးတွေကို ပေ့ချ်မထောင်ရသေးလို့ လောလောဆယ်သူငယ်ချင်းက သူ့ဖဘအကောင့်မှာ ဒီတိုင်းရောင်းနေတယ်...။ မလေးရှားပါတိတ် ဇင်းမယ်ဆင်ပါတိတ် အောဂဲနစ်ပန်းပွင့်လက်ဖက်ခြောက် ဖန်ခရားအိုး၊ လက်ဖက်ခြောက်နှပ်ဖန်ခွက်၊ ချွေးပုတ်ထုတ်ရေချိုးဆေး အဲဒါတွေရောင်းတယ်...။ အမှာရှိတာတွေကိုပဲ ဝယ်ပြီးရောင်းပါတယ်...။ ပစ္စည်းတွေကတော့ တခေါက်နဲ့တခေါက် မတူအောင်လုပ်ထားပါတယ်။ ပါတိတ်လုံချည်တွေနဲ့ ခရားအိုးတွေ ပန်းခြောက်တွေက နှစ်ခေါက်လောက် ရောင်းထားပြီးပြီဆိုတော့ ဒီတခေါက် ပိုက်ဆံအိတ်တွေနဲ့ ပါတိတ်ဆင်ပဝါလေးတွေ ပို့မယ်ပြောတယ် အဲဒါလေးတွေ ပို့စ်လာတင်ဦးမယ်နော်..။






ဒါလေးတွေက ဆိုင်တွေမှာနမူနာပြဖို့လက်ကျန်လေးတွေ လိုချင်သူများကိုရောင်းပေးပါတယ်နော်.. ကော်မန့်မှာမှာလို့ရပါတယ်ရှင့် ...။ ပါတိတ်တကွင်းထဲလုံချည် 18000/- ပါ...။ အဆင်လေးနဲ့အရောင်လေးတွေက သိပ်လှပြီးဆန်းပါတယ် ရန်ကုန်မှာဒီလိုအဆင်မျိုး လုံးဝမရနိုင်တာကို အာမခံပါတယ်....:)


မိုးငွေ့

Tuesday, 24 July 2018

Fenty Beauty.....

 


ကျွန်မရဲ့ Crush  Ri Ri ရဲ့  Fenty Beauty by Rihanna ကထုတ်တဲ့ အလှကုန်တွေကို Sephora က ကျွန်မဆီ အီးမေးလ်တွေပို့ကတည်းက လိုချင်နေတာကြာလှပြီ...။ ဒီတစ်ခေါက် ကျွန်မညီမ၀မ်းကွဲ စကာင်္ပူပြန်တော့ ဘာမှာမလဲဆို Fenty Foundation မှာချင်တယ်...။ အရောင်နံပါတ်ကို ကိုယ်ကလက်တွေ့မစမ်းရတော့ ဘယ်နံပါတ်ယူရမှန်းမသိ...။ ဒါနဲ့ ညီမလေးက Bobby Brown မှာတုန်းက ဘယ်နံပါတ်သုံးထားလဲလို့မေးမယ် အဲဒီနံပါတ်နဲ့သူတို့ပြန်ရှာတိုက်လို့ရတယ်တဲ့...။ ကျွန်မက Bobby Brown foundation stick ကို Honey Warm 5.5 သုံးတယ်ဆိုတော့ သူတို့အဲဒီအရောင်နံပါတ်နဲ့ ကိုက်ကြည့်လိုက်တာ Fenty Pro Filt'r soft matte longwear foundation နံပါတ် 330 ထွက်လာပါတယ်...။ အရင် ကျွန်မ အွန်လိုင်းကနေ ဒေါင်းလုတ်ပြီးရွေးကြည့်တုန်းက ဒီပို့စ်မှာ ကျွန်မအသားနဲ့ဆို  Tan 330က ကွက်တိပဲလို့မှန်းပြီးပြောထားခဲ့ဖူးတာနဲ့ တကယ်တိုက်ဆိုင်သွားတယ်...။ အဲဒီအရောင်သိပ်လှတယ် လိမ်းလိုက်တော့ ၀ါညိုညိုညက်ညက်လေး...။ Matte ဖြစ်တော့ အဆီမပျံဘူး မျက်နှာပေါ်မှာ မှုန်မှုန်လေးနဲ့ မိတ်ကပ်သားသိပ်ကောင်းတယ်...။ ကျွန်မက အသားအရေပိုညီသွားအောင် foundation တစ်စက်နဲ့ Vaseline Lotion ရောပြီး လည်ပင်းတို့ လက်တို့မှာလိမ်းပေးတယ်...။ ရွှေဘိုသနပ်ခါးရောင်လေးပေါ့...။







 ပထမက ကျွန်မ Bobby Brown မိတ်ကပ်အရည်ကိုဝယ်မယ်ကြံစည်ထားခဲ့တာ
ဒီအရောင်လေးပေါ့


 ဒါက ကျွန်မအရင်သုံးနေကျ foundation stick

 


Fenty Pro Filt'r soft matte longwear foundation ကို Beauty Blender ဖော့လေးတွေနဲ့ တို့တို့ပြီး လိမ်းရင်ပိုအဆင်ပြေပါတယ်...။ ထိပ်ဝိုင်းအညီ Brush နဲ့လိမ်းလည်းရပါတယ်...။ 

ဒီမိတ်ကပ်က ပုံမှန်ကျွန်မအသားအရေထက်ပိုရင့်တယ်...။ ကျွန်မလက်ကအသားအရောင်နဲ့ တစ်ထပ်တည်းတော့ကျတယ်...။ ဒါကြောင့် မျက်နှာလိမ်းရင် သူများတွေက မျက်နှာဖြူပြီး လည်ပင်းမဲမယ့်အစား ကျွန်မအတွက်တော့ မျက်နှာကအညိုရောင်ထွက်ပြီး လည်ပင်းအသားက ဖြူနေပါတယ်...။ ဒါကြောင့် လည်ပင်းကိုလည်း ခပ်ပါးပါးအရောင်ညီအောင် ပြန်ညှိပေးရတယ်...။


အားလုံး လှပကျန်းမာပျော်ရွှင်တဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ...။


မိုးငွေ့

Monday, 9 July 2018

မိုးစက်လေး.....






နီနီရဲ့“မာရီယို” အယ်လ်ဘမ်ထဲက “မိုးစက်လေး” ဆိုတဲ့ သီချင်းလေးကလည်း မိုးရွာချိန်မှာ လွမ်းလွမ်းဆွေးဆွေးနဲ့ နားထောင်လို့ကောင်းမယ့် အသဲကွဲသီချင်းလေးတစ်ပုဒ်ပဲ...။ ခုနောက်ပိုင်း နီနီကို The Voice Myanmar မှာ ကြည့်တော့ ပိုပြီးသဘောကျလာတယ်...။ သူ့ Team က လူတွေကို Vocal Training နဲ့ တစ်ယောက်ချင်းဆီရဲ့အသံနဲ့ လိုက်ဖက်မယ့် သီချင်းကိုရွေးပေးတတ်တယ်...။ သူက ကျွန်မရဲ့ ဖေးဘရိတ်အဆိုတော် တစ်ယောက်မဟုတ်ခဲ့ပေမယ့် ခုနောက်ပိုင်းသူ့သီချင်းလေးတွေ နားထောင်ရတာ အမြူးလည်းအမြူး အဆွေးဆိုလည်းအဆွေး သူ့ဟာနဲ့သူ လေးလေးပင်ပင်လေးရှိတယ်လို့ခံစားရတယ်...။ ပြီးတော့ နီနီရဲ့ ဘုရားပေးတဲ့ Gifted အသံကိုကြိုက်တယ်....။ နောက်ပိုင်း သီချင်းတော်တော်များများကို သူကိုယ်တိုင်ရေးတယ်...။ သူအလုပ်လုပ်တာကိုကြိုက်တယ် သီချင်းတစ်ပုဒ်အပေါ်တာဝန်ယူမှုရှိတယ်..။ ဥပမာ MTV တစ်ပုဒ်ကို အစအဆုံးဟာကွက်မရှိအောင် လုပ်ထားတာတွေကိုတွေ့ရတယ်...။ အဆိုင်ပိုင်း စာသား ဖက်ရှင် location ရွေးချယ်မှု ဘာမှပြောစရာမရှိဘူး...။ Stand By Me, U နဲ့ အလကားပဲ တို့လို MTV ရိုက်ချက်လေးတွေက ပေါ့ပေါ့ပါးပါးလေးရှိပြီး စိတ်ချမ်းမြေ့စရာကောင်းတယ်...။

လူတိုင်းမှာ အမှားကိုယ်စီရှိတတ်ကြတယ် ဘဝမှာထင်ကျန်တဲ့ အမဲစက်ဆိုတာရှိခဲ့ကြတယ်...။ လူတစ်ယောက်ကို ကျွန်မတို့ ဘာလို့ သူ့ကောင်းကွက်လေးတွေကိုပဲ ရွေးပြီးမကြည့်နိုင်ရတာလဲ...။ ကျွန်မကတော့ နီနီ့ရဲ့ အနုပညာကိုလေးစားတယ်...။


မိုးငွေ့

Tuesday, 19 June 2018

“မိုး” ဆယ့်နှစ်ရာသီအချစ်




ဒီ “မိုး”ဆိုတဲ့ သီချင်းက “ဆယ့်နှစ်ရာသီအချစ်” စီးရီးထဲက ကျော်သူစိုးနဲ့ အာဇာနည်တို့ ပြန်ဆိုထားတဲ့ သီချင်းလေးပါ..။ ကျွန်မနေ့စဉ် နားထောင်နေကျ I tune ထဲမှာ မိုးသီချင်းတော်တော်များများရှိတယ်...။ “မိုး” ကို ပြန်ဆိုသီချင်းမှန်းသိပေမယ့် နားထောင်ဖူးနေပေမယ့် မူရင်းအဆိုတော်ဘယ်သူလည်းလို့ မမှတ်မိဘူး..။ နောက်တော့ သေချာပြန်စဉ်းစားကြည့်တော့မှ ကျွန်မ ကိုးတန်း ဆယ်တန်း လောက်တုန်းက နားထောင်ခဲ့ဖူးတဲ့ ကိုအောင်ရင်ရဲ့ “မိုး”ဖြစ်နေတယ်...။ တေးရေးက ကိုငှက်ဖြစ်မယ်ထင်တယ်..။ အဲဒီတုန်းက ကိုအောင်ရင်သီချင်းတွေ တစ်ခွေလုံးနီးပါး ကိုငှက်ရေးတယ်...။ သူ့တိပ်ခွေခေါင်းစည်းတောင်မေ့နေပြီ...။ ကိုအောင်ရင်ပထမဦးဆုံး ထွက်တဲ့စီးရီးပဲ...။ အဲခေတ်က တခါမှမမြင်ဖူးမကြားဖူးသေးတဲ့ အဆိုတော်အသစ်ရဲ့ စီးရီးသစ်ကို ဝယ်ပြီးအားပေးရတာ..ခုခေတ်လို အယ်လ်ဘမ်မထွက်ခင် အွန်လိုင်းကနေ ကြိုပြီးနားထောင်ရတာလည်းမဟုတ်ဘူး...။ အစိမ်းသက်သက် သီချင်းကောင်းမကောင်းက ဝယ်ပြီးနားထောင်ပြီးမှသိရတာမျိုးလေ..။

မိုးရာသီရောက်ပြီဆိုတော့ မိုးအေးအေးမှာ ကာဖီလေး လက်ဖက်ရည်လေးသောက်ရင်း မိုးသီချင်းလေးတွေ နားထောင်ရတာ ဇိမ်ပဲမဟုတ်လား...။ ကျွန်မဆီမှာ မိုးနဲ့သက်ဆိုင်တဲ့ သီချင်းတွေတော်တော်များမာျးရှိတယ် နောက်ထပ်လာတင်ပေးပါဦးမယ်...။

မိုးငွေ့

Friday, 8 June 2018

My Instagram Photos.....

 အနံ့နဲ့အရသာအာရုံပျက်နေလို့ အိမ်တွင်းဆေးနည်းတစ်မျိုးဖြစ်တဲ့ ဂျင်းလက်ဖက်ရည်ကို စသောက်နေပါပြီး)


အလုပ်ကအပြန်အိမ်ရောက်လို့ ရေမိုးချိုးထမင်းစားပြီး ကျွန်မအတွက် အနားယူချိန်ကလေးတစ်ခု ညနေခင်းနေ၀င်ချိန်ကိုရှုစားပြီး လက်ရည်ကြမ်းလေး စာအုပ်လေးနဲ့မြည်းဖို့အကောင်းဆုံးအချိန် အကောင်းဆုံးနေရာ ကျွန်မရဲ့ နိဗ္ဗာန်ဘုံဝရံတာ



All I need is COffee & Mascara


 
 My Beauty Blenders


 ခုနောက်ပိုင်း ကော်ဖီဆိုင်ထိုင်ဖြစ်ရင် Americano ကိုဓါတ်ကျနေတယ်...
 နို့မပါ ကာဖီချည်းသပ်သပ် သောက်ရတာကိုကြိုက်တယ် 
( Espresso single 30ml + Hot water 250ml) 
ကာဖီက 30 ml ထဲပါတာကို ခါးလို့မသောက်နိုင်ဘူးဆို လူမိုက်ပဲ
 

ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အစ်ကိုတစ်ယောက် Dubai ခရီးအပြန်လက်ဆောင်



 ကျွန်မ၏ ကာဖီခွက်လေးများပေါ့



တခါတလေ ညနေစာကို အဲလို ငရုတ်ကောင်းများတဲ့ ဇကာကြီးမုန့်ဟင်းခါးထဲကို 
ထမင်းလေးထည့်စားရတာ နတ်သုဒ္ဒါနဲ့မလဲနိုင်

 

 ဟင်းချက်ပျင်းသောညနေစာဆိုပါတော့


 TGIF


မိုးငွေ့


Monday, 4 June 2018

ဂန္ဓာရုံနဲ့ရသာရုံ ပျောက်ဆုံးခြင်း.....





လွန်ခဲ့တဲ့ ဆောင်းတွင်းကာလလောက်က ကျွန်မ အအေးမိနှာစေးပြီး နှာညှစ်ထုတ်တာ များများလုပ်မိခဲ့တယ်...။ အဲကတည်းက ကျွန်မရဲ့ အနံ့ခံအာရုံတွေ တဖြေးဖြေးပျောက်ဆုံးလာတာကို  ပြီးခဲ့တဲ့ နှစ်လလောက်က စသတိထားမိလာတယ်...။ အရင်ဆို ကျွန်မက တခုခုဆို အရင်ဆုံးအနံ့ရတတ်တဲ့သူ...။ အနံ့တစ်ခုကိုတောင် အသေးစိပ်ပြောနိုင်တဲ့သူ...။ ခုဆို ဟင်းချက်ဆီသတ်လည်း အညှော်နံ့မရတော့ဘူး..။ အပြင်ကပြန်ရောက်လာရင် အိမ်ထဲ အခန်းထဲဝင်တာနဲ့ အနံ့ရစမြဲ ခုတော့ ဘာအနံ့မှကိုမရတော့တာ...။ အနံ့နဲ့အရသာက ဆက်စပ်နေတော့ နောက်ပိုင်း တစ်ခုခုစားရင်လည်း အရသာအပေ့ါအငံတောင် သိပ်မသိတော့ဘူး...။ ခပ်ပြင်းပြင်းအရသာ စပ်တဲ့အရသာလောက်ပဲ သိတော့တယ်...။ တခုခုမြည်းရင်လည်း ပေါ့တယ်ပဲမှတ်နေတယ်...။ နှာခေါင်းက ရေမွှေးဆွတ်ရင် ဘယ်လောက်ပဲမွှေးမွှေး ဂက်စ်နံ့လိုမျိုးပဲရတော့တယ်.....။ အိမ်မှာထမင်းစားတော့လည်း အရသာက ပလပ်စတစ်အရသာလိုလိုအမြဲရတယ်..။ ကိုယ့်ကိုယ်ကိုတောင် ငါဝယ်စားတဲ့ဆန်က ပလပ်စတစ်ဆန်အတုများလားလို့ သံသယဝင်လာတယ်...။ ဒါနဲ့ သူများအိမ်မှာ ထမင်းသွားစားလည်း ဒီအရသာပဲ အဲဒီတော့မှ ကျွန်မရဲ့ ဂန္ဓာရုံပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီး လျှာအရသာပါပျက်လာပြီဆိုတာ သတိထားမိလာခဲ့တယ်...။ သူငယ်ချင်းတွေကတော့ ဆရာဝန်ပြဖို့အကြံပေးတယ်...။ ဆေးခန်းတော့မပြချင်ပါဘူး ဒါဟာ ကြီးကြီးမားမားရောဂါတစ်ခု မဟုတ်ဘူးလို့ပြောနိုင်ပေမယ့်... အချိန်ကြာလာရင် စိတ်ကျရောဂါတွေဝင်လာနိုင်တယ်ဆိုတာ ကျွန်မ ဒီမနက် စာဖတ်ကြည့်တော့မှ သိရတယ်..။ Google မှာ How to get back loss of taste and smell လို့ရိုက်ထည့်ပြီး စာဖတ်ကြည့်တာ..။ အိမ်မှာ ကိုယ့်ဘာသာကိုယ် အိမ်တွင်းသက်သာပျောက်ကင်းစေတဲ့ ကုသနည်းကို သွားတွေ့တယ်...။ Top 10 home remendies  ဆိုတဲ့ စာမျက်နှာမှာ ဆေးနည်း ခြောက်မျိုးရေးပြထားတယ်..။

အနံ့နဲ့အရသာတို့ရဲ့ လုပ်ဆောင်မှုဟာ စည်းဝါးကိုက်ညီနေကြတယ်...။ အနံ့ခံမကောင်းတော့ရင် စားသမျှ အစားအစာတွေဟာလည်း အရသာမရှိတော့ဘူး..။ အရသာတစ်ခုရဲ့ စွမ်းဆောင်ရည်ဟာ အနံ့ခံခြင်းရဲ့ စွမ်းဆောင်မှုနဲ့ ဆက်စပ်နေကြတယ်...။ အနံ့ခံစွမ်းရည်ဟာ  ပတ်ဝန်းကျင် မီးဘေးဒုက္ခရောက်စေတဲ့ ဟင်းအိုးတူးခြင်း ဓါတုအဆိပ်နံ့  ဓါတ်ငွေ့စတဲ့ အန္တရယ်ကနေ ရှောင်ရှားနိုင်ဖို့ စွမ်းဆောင်ပေးပါတယ်..။ အနံ့နဲ့အရသာပျောက်ဆုံးမှုရဲ့ နောက်ကွယ်မှာ အကြောင်းအရာတွေ အများအပြားရှိကြတယ်...။ အဓိကအကြောင်းအရာတစ်ခုကတော့ အနံ့နဲ့အရသာဖုတို့ကို ယိုယွင်းလာစေတာ အသက်အရွယ်ကြီးရင့်ခြင်းပါပဲ...။ အခြားအကြောင်းအရာတွေကတော့ ဆေးလိပ်အလွန်အကျွန်သောက်ခြင်း၊ အဟာရချို့တဲ့ခြင်း၊ အာရုံကြောပျက်စီးခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသမှုခံယူဖူးခြင်း၊ ဖျားနာခြင်း၊ နှာပိတ်နှာစေးခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ခံတွင်းရောဂါတို့ပဲဖြစ်တယ်...။

အနံ့နဲ့အရသာပျောက်ဆုံးခြင်းကြောင့် အစားအသောက်ပျက်လာမယ် စိတ်ကျရောဂါနဲ့ တခြားကျန်းမာရေးအတွက် ထိခိုက်မှုတွေဖြစ်လာမယ်..။


1. Castor Oil

Castor Oil ကို မိုင်ခရိုဝေ့ဖ်မှာ အပူနည်းနည်းပေးပြီး ခပ်နွေးနွေးရှိတဲ့အခါ နှာခေါင်းထဲကို တစ်စက်ဆီထည့်ပေးပါ...။ တစ်နေ့ကို မနက်တစ်ကြိမ်နဲ့ ညအိပ်ယာမဝင်ခင် တစ်ကြိမ်လုပ်ပေးပါတဲ့...။ အနံ့နဲ့အရသာ ပြန်ရတဲ့အထိ နေ့စဉ်မှန်မှန်လုပ်ပေးရပါမယ်...။

2. Garlic 

ကြက်သွန်ဖြူသုံးမွှာကို နုတ်နုတ်စင်းပြီး ရေတစ်ခွက်နဲ့ ငါးမိနစ်ကနေ ဆယ်မိနစ်ထိ မီးခပ်ဖြေးဖြေးလေးနဲ့ ဆူအောင်တည်ပေးပါ...။ ကြက်သွန်ဖြူဖတ်တွေကို စစ်ထုတ်ပြီး ခပ်နွေးနွေးအချိန်မှာသောက်ပေးပါ..။ တစ်ရက်ကို နှစ်ကြိမ်ကနေ သုံးကြိမ်ထိသောက်ပေးပါတဲ့..။

3. Ginger

အားလပ်ချိန်တိုင်း ဂျင်းတက်လက်တစ်ဆစ်လောက်ကို ဝါးစားပေးပါ...။ Rock Salt နဲ့ နုတ်နုတ်စင်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကိုရောနှောပြီး ထမင်းမစားခင် မိနစ်သုံးဆယ်အလိုမှာ စားပေးပါ...။ နှစ်ပတ်လောက် ဆက်တိုက်လုပ်ပေးပါ...။ ဒါမှမဟုတ်လည်း ဂျင်းလက်ဖက်ရည်ကို တစ်နေ့ နှစ်ခွက်ကနေ သုံးခွက်ထိသောက်ပေးပါ..။

4. Steam Inhalation 

အိုးတစ်ခုမှာ ရေထည့်တည်ပြီး ပရုတ်ဆီအရည် အစက်အနည်းငယ်ထည့်ပြီး ဆူအောင်တည်ပါ...။ ရေပွတ်ပွတ်ဆူ အငွေ့တထောင်းထောင်းထပြီးဆို မီးပိတ်ပြီး အဲဒီရေနွေးငွေ့အိုးပေါ် တဘက်ခေါင်းမြီးခြုံပြီး အငွေ့ကို ရှူသွင်းလိုက်ပါ...။

5. Cayenne Pepper

ဟင်းချက်တဲ့အထဲ ငရုတ်သီးမှုန့်တွေထည့်သုံးပေးပါတဲ့..။ ငရုတ်သီးတွေဟာ ရသာခံဖုလေးတွေကို ပြန်လည်နိုးကြားစေတဲ့ သတ္တိရှိလို့ပါ...။

6. Lemon

သံပယိုသီးရဲ့ အနံ့နဲ့အရသာဟာလည်း အနံ့အရသာပျောက်ဆုံးခြင်းကို ကူညီပေးနိုင်ပါတယ်...။ ဗီတာမင်စီ ကြွယ်ဝမှုနဲ့ ဓါတ်တိုးဆန့်ကျင်စွမ်းအားကြောင့် အခြားအပြင်ပက ကူးစက်ရောဂါတွေ မပျံ့နှံ့င်နိုင်အောင် တားဆီးပေးနိုင်ပါတဲ့ သဘာဝစွမ်းအားပါ...။ ရေနွေးနွေးတစ်ခွက်ထဲကို သံပယိုသီးတစ်လုံးညှစ်ထည့်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ဖျော်သောက်ပေးပါ..။ တစ်နေ့ နှစ်ကြိမ်သောက်သုံးပါ...။ ဒါမှမဟုတ် အရသာခံဖုလှုပ်ဆော်ပေးနိုင်တဲ့ သံပယိုစိပ်သေးသေးတစ်ခု မဟုတ်ရင် ပျားရည်နဲ့ သံပယိုပေါင်း လုပ်ထားတာကို ထမင်းစားပြီးတိုင်း စားပေးပါ..။  lemon essential oil အနည်းငယ်ကို လက်ကိုင်ပုဝါမှဆွတ်ပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ရှူပေးပါ...။ နေ့စဉ်စားသုံးတဲ့ အစားစာထဲမှာလည်း lemon အရည်ကိုထည့်သုံးပေးပါတဲ့...။

ဒီနည်းခြောက်ခုထဲက နံပါတ်သုံးနည်းက ကျွန်မအတွက် အဆင်အပြေဆုံးဖြစ်လိမ့်မယ်...။ ကျွန်မက ဂျင်းကြိုက်တယ်လေ...။ ဂျင်းကိုဆားနဲ့ရောပြီး ဝါးစားလည်းရတယ်...။ ဂျင်းလက်ဖက်ရည် တစ်နေ့ကိုသုံးခွက်သောက်တဲ့နည်းလည်းမဆိုးဘူးပဲ...။ ကရိကထလည်းမများဘူး ..။ အဲဒီနည်းလေးကို အရင်စမ်းလုပ်ကြည့်မယ်...။ ကျွန်မလိုပဲ အနံ့အရသာပျောက်သူများရှိရင် စမ်းသပ်ကြည့်လို့ရအောင် လွယ်ကူမြန်ဆန်တဲ့နည်းတွေကို ရှာဖွေရေးသားပေးလိုက်ပါတယ်...။ ထူးခြားရင်လာပြောပြပါဦးမယ်...။ 


မိုးငွေ့