Wednesday, 18 May 2011

ရှမ်းငါးစင်းကော၊ ကြက်သည်းကြက်မြစ်ကြော်၊ ဒန်ပေါက်ထမင်း


ရှမ်းအမွှေးအကြိုင်အရွက်မျိုးစုံဖြစ်တဲ့ ပဒဲကော စပါးလင် ပင်စိမ်း ရှမ်းနံနံ စတာတွေကို ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနဲ့ အားလုံးနုတ်နုတ်စင်းပစ်လိုက်တယ်...။ အဲဒါကို ဆီသတ် မွှေးလာရင် ငါးမြစ်ချင်းခြစ်ထားပြီးသားကိုထည့်မွှေကြော်... မွနေအောင်ကြော်ပေး... ငါးစင်းကောဖြစ်ပြီ...။
ကြက်သည်းမြစ်ကတော့ ကုန်းဘောင်ကြီးကြော်သလိုပါပဲ မွှေးတေးတေးအရသာရလို့ အဲဒါရှောက်ဘီလူးသီးအရွက်ထည့်ကြော်ထားတာတဲ့....။


ရုံးကိုထမင်းဗူးထည့်ခဲ့တာ.... ကျမလက်ရာမဟုတ်ကြောင်းတော့ အရင်ဦးဆုံးဝန်ခံပါရစေ....။ တစ်နေ့က မောင်တစ်ဝမ်းကွဲ အိမ်သစ်တက်တော့ ပိုတဲ့ ဘုန်းကြီးဆွမ်းဟင်းတွေပါ....။ လာတဲ့ ဧည့်သည်တွေကိုတော့ ရှမ်းခေါက်ဆွဲ ကျိုင်းတုံမုန့်တီအရည်နဲ့ ကောက်ညှင်းပေါင်း ရှမ်းငရုတ်သီးထောင်း ၀က်ခေါက်ကြော် စုံနေတာပဲ ရှမ်းစာတွေမှ...။ မနက်စောစောစီးစီး ရုံးမသွားခင် ၀င်ကြိတ်ပစ်လိုက်တာ ဓါတ်ပုံရိုက်လိုက်ဖို့မေ့သွားတယ်....။ မုန့်တီတစ်ပန်းကန်ကြီးနဲ့ ကောက်ညှင်းပေါင်းတစ်ထုပ်စားလိုက်တာ တစ်နေကုန် နေ့လည်စာပါလွတ်ရော လုံးဝ ဗိုက်မဆာတော့ဘူး...။ အချိုပွဲက အသီးစုံ အုန်းနို့ကျောက်ကျောအိအိကလေးပါသေး...။ ဒါနဲ့ ညနေကျ မောင်လေးဆီဖုန်းဆက်ပြီး ခေါက်ဆွဲကျန်သေးလားဆိုတာ့ ၀က်သားဟင်းနဲ့ပဲကျန်တော့တယ်တဲ့... အိုကေ ဒါဆို ငါလာစားမယ်....လို့ပြောလိုက်တယ်...။ ရှမ်းခေါက်ဆွဲအနှစ်ကို ကြက်သားနဲ့တစ်အိုး ၀က်သားနဲ့တစ်အိုး ချက်ထားတာကိုး....။ ကြက်ကိုအားပေးသူများတော့ သူက အရင်ကုန်သွားတယ်...။






ညနေအိမ်ပြန်ရေမိုးချိုးပြီး ပြန်ဆင်းတယ်....။ မေမေက ဘယ်လဲမေးတော့ ...ရှမ်းခေါက်ဆွဲလေ... အဲဒါနောက်ထပ်သွားစားမလို့ လို့ဖြေပြီးထွက်ခဲ့တယ်....။ အိမ်နဲ့က နှစ်လမ်းကြော်လောက်ကပဲ ဆိုတော့... မိုးငွေ့တို့အတွက် စားကြောအိမ်တစ်အိမ်တိုးလာတယ်မှတ်ပါတယ်...။ ဟိုရောက်တော့ ခြောက်ထပ်ကြီးတောင် တက်သွားရတာ လူက မောပြီး ချက်ချင်းမစားနိုင်ဘူး...။ ခဏနား အအေးလေးဘာလေးသောက် ...အလ္လာမ သလ္လာပတွေပြောပြီးတော့မှ.... ရှမ်းခေါက်ဆွဲကို မီးဖိုထဲ ကိုယ်တိုင်စိတ်ကြိုက်ထည့်စားလိုက်တယ်...။ အပြန်ကို အဒေါ်က ကြက်သည်းမြစ်ကြော်နဲ့ ငါးစင်းကောရယ် ဒန်ပေါက်ကတော့ အသားမကျန်တော့လို့ ထမင်းချည်းပဲ တစ်ထုပ်ကြီးပေးလိုက်တယ်...။

အိမ်ရောက်တော့ ပါလာတဲ့ဟင်းအသီးသီးကို ဗူးထဲသေချာပိတ် ရေခဲသေတ္တာထဲထည့်သိမ်းလိုက်တယ်....။ မနက်ကျတော့ တစ်ခုစီ မိုင်ခရိုဝေ့ထဲထည့်နွှေးပြီး ရုံးကိုထမင်းဗူးယူခဲ့တယ်....။


မိုးငွေ့

Monday, 16 May 2011

သွားမယ်စားမယ်(၂)

ခုနှစ်မိုင်ခွဲက ကိုးရီးယားဆိုင်မှာသွားစားတာ ထမင်းသုပ်


အမဲကင်နဲ့စားမယ့်အရွက်တွေ


အရံဟင်းခွက်လေးတွေ ... ပဲငါးပိ ကင်မ်ချီ ဟင်းနုနွယ်ရွက်နဲ့နှမ်းဆီသုပ်... မုန်လာဥဖြူချဉ်ဖတ်


မြေနီကုန်းစီးတီးမတ်က စကာင်္ပူစတိုလ်အစားအစာ


အမဲသားခေါက်ဆွဲ


စကာင်္ပူကြက်ဆီထမင်း


တော်ဝင်စင်တာ မြေအောက်ထပ်က ချန်ပီယံကြက်ကြော်ဆိုင်


ဆိုင်လေးလှလို့ အရောင်လေးလဲမိုက်တယ်


စားပါဦး ကြက်ကြော် (တကယ်တော့ ကျမက သက်သတ်လွတ်မို့ အာလူးချောင်းမှာစားတယ် အဲဒီကြက်ပေါင်က ညီမလေးသဲသဲမှာတာ)


အချိုပွဲ ငချိပ် သရက်သီး အုန်းရည်တဲ့ ချဉ်ပြုံးပြုံးအရသာနဲ့


ဒါက ငချိပ် ပဲနီ အုန်းရည်ပါ... အဲဒီဆိုင်မှာ ရေခဲမုန့်လဲ အစုံရသေးတယ် တော်ဝင်စင်တာ မြေအောက်စက်လှေကားထိပ်နားလေးမှာပဲ...ဆိုင်သေးသေးလေး


Saturday, 14 May 2011

အသည်းကွဲကဗျာဆရာနှင့်တွေ့ဆုံခြင်း.....




သူ့ကိုတော့ သိကြမှာပါ.... ကျမတို့ရဲ့ မောင်လေး အမြဲအသည်းကွဲနေတတ်တဲ့ လွမ်းဆွေးဖွယ်ရာ ကဗျာလေးတွေကို ဖန်တီးတတ်တဲ့ ညလင်းအိမ်ပါ...။ သူရန်ကုန်ပြန်ရောက်တုန်း ဧည့်ခံကျွေးမွေးဖြစ်တာကတော့ မြေနီကုန်း စီးတီးမတ်အောက်ထပ်က Happy ခေါက်ဆွဲဆိုင်မှာပါ....။ မောင်တူးရှေ့က ပန်းကန်ကတော့ အမဲသားခေါက်ဆွဲဖြစ်ကြောင်းပါ...။ ဒီတစ်ခေါက် အမမိုးငွေ့ကိုယ်တိုင်ချက်တဲ့ဟင်းမစားလိုက်ရလို့ မောင်တူးပွစိပွစိလုပ်သေးတယ်....။ အချိန်မရလို့ ပြန်ခါနီးတော့ မိုးငွေ့လက်ရာ ငါးပိထောင်းလေးနည်းနည်းနဲ့ မြစ်ကြီးနားကလက်ဆောင်ရတဲ့ ဆီတိုဖူးလေးထည့်ပေးလိုက်ပါတယ်....။



အရံအမြည်းလေးတွေ တိုဖူးခြောက်ကြော်နဲ့ ငှက်ပျောသီးကြော်....






ဒါကတော့ သက်သတ်လွတ် ရှမ်းမုန့်တီအရည်ပါ....။ ခုတလော သက်သတ်လွတ်စားဖြစ်နေလို့.... အဲဒီမုန့်တီလေးမှာစားတာ တော်တော်လေးကောင်းတယ်...။ တခြားဘလော့ဂ်ဂါတွေနဲ့တော့ မတွေ့ဖြစ်ပါဘူး...။ အဲ....ဒါပေမယ့် ခေါင်ခေါင်နဲ့တော့ ပါရမီလမ်းက ပင်လယ်စာနဲ့ မုန့်တီအတူသောက်ဖြစ်ခဲ့တယ်...။ 


မိုးငွေ့

Wednesday, 11 May 2011

Letters to Angel




သွားကြမယ် မဟုတ်လားကွယ်......။

အဲဒီနေရာမှာနှင်းတွေဖွဲသွန်း တောက်ပရွှန်းလက်တဲ့ မြက်ခင်းနုနုတွေရှိချင်ရှိနေလိမ့်မယ်...။ လူတွေကို အမြဲငုံ့ကြည့်ရယ်ချင်နေတတ်တဲ့ ငုဝါပန်းခိုင်များလည်းရှိချင်ရှိနေမယ်...။ လူသံကြားရင် ရေအောက်ငုတ်လျှိုးကူး ခတ်ပြေးတဲ့ ငါးကလေးတွေရှိချင်ရှိလိမ့်မယ်..။ သိပ်ပြီးမလင်းလွန်း မှုန်လဲ့စွာထွန်းနေတဲ့ ဖန်မီးအိမ်ကလေးတစ်လုံး ရှိချင်ရှိမယ်..။ ခက်မာပေမယ့် အေးမြတဲ့ ဝါးကွပ်ပျစ်ကလေးတစ်လုံးရှိချင်ရှိနေမယ်...။ ဆိုဖီယာရဲ့ နေကြာပန်းခင်းတွေရှိချင်ရှိမယ်..။ အိုဟောင်းတဲ့ စားပွဲဝိုင်းယိုင်ယိုင်ကလေးပေါ်မှာ တည်ခင်းထားတဲ့ ခပ်ညံ့ညံ့ ထမင်းပွဲတစ်ခုရှိချင်ရှိနေမယ်..။ ဒါကသေချာလှတာမဟုတ်ပါဘူး...။

သေချာတာကတော့ အဲဒီနေရာမှာ ဘာမျှမရှိခြင်းနဲ့ ဘာမှမရှိခြင်းကိုလိုလားတဲ့ ဓမ္မတရားမရှိ... လက်ထပ်စာချုပ်စတဲ့ စာရွက်စာတမ်းများမရှိ .... ကောက်ကျစ်စဉ်းလဲတဲ့ မျက်လုံးများမရှိ ကိုယ့်ထက်နိမ့်ရင် အထင်သေးရှုတ်ချတတ်တဲ့ ကိုယ့်ထက်မြင့်ရင် မနာလိုဝန်တိုတတ်တဲ့ သဘောတရားမရှိ.... ခါးသီးတဲ့ မိုးရေကိုသာ မက်မက်မောမော သောက်သုံးနေသူတွေမှရှိ...။


သွားကြရအောင်နော်...။


အဲဒီနေရာမှာ ငြမ်းချမ်းမှုတွေ မိုးစက်များနဲ့ ရောပါလာနိုင်တယ်...။ ဒါမှမဟုတ် လေနဲ့အတူ ကပ်ငြိပါလာနိုင်တယ်...။ ဒါမှမဟုတ်လဲ နေရာင်ခြည်နဲ့အတူပါလာနိုင်တယ်..။ အဲဒီနေရာကိုရောက်ရင်တော့ မိုးသည်းသည်းထဲမှာ နှစ်ယောက်အတူလမ်းလျှောက်နိုင်တယ်..။ တစ်ယောက်ခါးတစ်ယောက် ဖက်ပြီး ဖြည်းဖြည်းလေးလျှောက်သွားကြမယ်နော်...။

အလျဉ်သိပ်မရှိတဲ့ ရေပြင်ကျယ်ကျယ်မှာ လှေကလေးတစ်စင်းရှိနေမယ်..။ လှေငယ်ပေါ်မှာ ပျော်မောစွာလှဲလျောင်းရင်း ရေစီးနောက်ကို ညင်ညင်သာသာကလေး မျောလိုက်သွားမယ်...။ ကြယ်ရောင်မှိန်ပျပျအလင်းအောက်မှာ ရေစီးသံညံနုစွာ ရိုက်ခတ်လာလိမ့်မယ်..။

ဒါမှမဟုတ်ပွင့်ဖူးနေဆဲ တမာပွင့်တွေရဲ့ ရနံ့တွေအောက်မှာ တစ်ယောက်မျက်နှာတစ်ယောက် အကြာကြီးကြည့်ပြီး နစ်မျောနေနိုင်တယ်..။ ဒီနေရာမှာလို မဟုတ်ဘူးလေ...။

အဝေးမှာနေမှ လွမ်းရစတမ်းလား...။ မျက်နှာချင်းဆိုင်မြင်လွှာအောက်မှာရှိနေသူကို လွမ်းတယ်လို့မပြောရ ဘူးလား..။ ပြောလို့ရရင်တော့ ပြောချင်တယ်...။

ကိုယ်နဲ့ လိုက်ခဲ့မယ်..မဟုတ်လားကွယ်...။

ဟိုးးး...အဝေးဆုံးတစ်နေရာဆီ....။

ကမ္ဘာ့အပြင်ဘက်ဆီ....။

အချစ်ဟာ...အချစ်သာဖြစ်ပြီး ပိုင်ဆိုင်ခြင်း လက်ထပ်ခြင်း စည်းမျဉ်းစတာတွေနဲ့ လုံးဝမပတ်သက်တာကိုတော့ လက်ခံထားတယ်..။ လူဟာ (ကံကြမ္မာကလွဲရင်) ကိုယ့်ဘဝကိုယ်သာပိုင်တယ်..။ ကိုယ်ပိုင်အယူအဆ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာ ရှိရမှာပေ့ါနော်...။ ဒီလိုဆိုပြန်တော့ မိစ္ဆာငှက်ရဲ့ အတောင်ပံခတ်သံအောက်မှာ အရာအားလုံးအနာဂတ်မဲ့သွားတော့တယ်...။ “နေရစ်ခဲ့တော့ကွယ်... အနီးအဝေးဆိုတာ အချစ်မှာမရှိဘူး... ဘယ်လိုကြားခံနယ်မျိုးကမှ အချစ်ကိုပြောင်းလဲ ယိမ်းယိုင်စေမှာမဟုတ်ပါဘူး..။ ဝမ်းနည်းစွာ....နောက်ပြီး ယုံကြည်စွာ သွားပါရစေတော့...။ ဘယ်မေ့နိုင်မလဲ.... အချစ်ဆိုတာ မေ့လို့ရအပ်တဲ့ အရာတစ်ခုမှမဟုတ်တာ...”

ပြုံးရယ်လိုက်ရင် နှုတ်ခမ်းတောင့်မှာ အချိုင့်ကလေးတွေပေါ်လာတတ်တဲ့ ချစ်သူ့နှုတ်ခမ်းချိုချိုကို သတိရနေမယ်...။ အကျီၤအထက်ပိုင်းကြယ်သီးများကို အမြဲလိုလို ဖွင့်ထားတတ်တဲ့ ချစ်သူ့ရင်ခွင်ကို သတိရတမ်းတနေမယ်။ ရင်ခွင်ပေါ်မှာ မျက်နှာအပ်ရင်း ပါးပြင်ကို ရိုက်ခတ်ထိမိသော ချစ်သူရဲ့ နှလုံးခုန်သံအတိုးအကျယ် အနှေးအမြန်ပြောင်းလဲမှုကို အာရုံစိုက်ခံစားခဲ့ရသော တစ်ခဏအချိန်ကလေးကို အောက်မေ့သတိရနေမယ်..။ အသက်အရွယ်ခြားနားမှု ကိုးကွယ်တဲ့ဘာသာမတူညီသောချစ်သူကို ချစ်မိသော ကိုယ်တို့အကြားမှာ ပူပန်လှှိုက်မောနေခဲ့ရတဲ့ ချစ်သူရဲ့သောကကို သတိရနေ ကြင်နာနေမိမယ်... ။  “အလွမ်းဇာတ်”သီချင်းကို ခဏခဏညည်းတတ်တဲ့ ချစ်သူရဲ့အသံကို အမြဲလိုလိုကြားယောင် နေမိမယ်...။

ချစ်သူမျက်နှာကိုမော့ကြည့်ရင်း ချွန်မြတဲ့နှာတံကလေးကို အဓိပ္ပါယ်မဲ့စွာ စိုက်ငေးလွင့်မျောနေခဲ့မိတဲ့ အချိန်အပိုင်းများကို ပြန်လည်တသနေမိမယ်..။ ဘယ်တော့မှ ပြန်မရောက်လာနိုင် တော့တဲ့ ဘဝများစွာကိုပေါ့ကွယ်...။ ဘယ်အရာကိုမှ အစွဲအလန်းတကြီးမဖြစ်တတ်သောချစ်သူ စိတ်ထားနူးညံ့ကြေအေး လွယ်သော ကလေးငယ်တစ်ယောက်ပမာ နှစ်နှစ်ခြိုက်ခြိုက် စိတ်လွတ်စွာရယ်မောတတ်သော ချစ်သူဟာ ကိုယ့်ဘဝအတွက်တော့ တစ်ခုတည်းသော နှောင်ကြိုးဖြစ်သည်ကိုတော့ သူတို့သိဖို့ကောင်းတယ်...။ အသက်အရွယ်ကွာခြားမှုဆိုတာ လူတွေပညတ်သတ်မှတ်ကြတဲ့ ဝေါဟာရများသာဖြစ်တယ်...။ အသက်ကြီးတာ ငယ်တာကိုတွက်ချက်ဖို့မလိုအပ်ပါ...။ အချစ်မှာ နှိုင်းချိန်တွက်ဆပြီးမှ သတ်မှတ်ပေးရတဲ့ သဘောတရားမရှိရ...။ အချစ်ဟာ အချစ်သာလျှင်ဖြစ်လို့ နေရာကွက်လပ်မရှိစေရ..။

ရေတမာရွက်တို့ ကြွေလွင့်သံဟာ အင်မတန်နူးညံ့တဲ့ ဂီတသံစဉ်တစ်ခုဖြစ်တာကို သူတို့မသိနိုင်...။ ဘဝကို ကျေနပ်နှစ်သိမ့်မှုသည် ခြံဝင်းကျယ်သော တိုက်ကြီးထဲမှာ ရှိတယ်လို့ ယူဆခဲ့တဲ့သူတို့ရဲ့ သဘောထား မတိုက်ဆိုင်သည်မှာ ဝမ်းနည်းစရာမဟုတ်ပါ...။

ဘဝကို နှစ်သိမ့်မှုသည် ငွေစက္ကူအထပ်များထဲမှာ မရှိသည်ကို သူတို့နားမလည်နိုင်...။ အိမ်ဝယ်စာချုပ် ကားဝယ်စာချုပ် လူဝယ်စာချုပ်တို့မှာ မရှိ လှောင်ပြောင်သရော်တတ်သော အထက်စီးအပြုံးဖြင့် ကြည့်တတ်သော မျက်လုံးများထဲမှာမရှိ....။ သို့သော်...ရေလှိုင်းများဖြင့် စည်းချက်လိုက်နေတတ်တဲ့ သဲသောင်ခုံရဲ့ ဂီတသံမှာရှိတယ်...။ ချစ်သူရဲ့ ကွန်ပျူတာကီးဘုတ် ခလုတ်ကလေးပေါ်မှာရှိတယ်...။ ဆိုဒါသံပရာဖျော်ရည်ခွက်ထဲမှာရှိတယ်...။ ချစ်သူက အမှတ်တရဝယ်ပေးခဲ့တဲ့ အဖြူရောင်ပိုက်ဆံအိတ်လေး ထဲမှာရှိတယ်...။ အနည်းငယ်မာကြမ်းပေမယ့် နွေးထွေးတဲ့ လက်ဖဝါးတွေထဲမှာရှိတယ်...။ ဟင်းအမည်မများတဲ့ ထမင်းဝိုင်းကလေးထဲမှာရှိတယ်..။

ဘယ်သူငြင်းချင်ပါသလဲ...။

လောကတစ်ခုလုံးရဲ့ ချစ်ခြင်း မုန်းခြင်းဟာ ကိုယ့်ကို ဘယ်လိုမှသက်ရောက်မှုမရှိ...။ လောကကြီးရဲ့ အချစ်ဟာ လောကကြီးရဲ့ ငဲ့ညှာမှု သစ်တော်သီးတစ်လုံး ရေခဲခြစ်တစ်ခုလောက်မျှ အရသာမရှိဟုဆိုလျှင် မီးရထားများ လေယာဉ်ပျံများ ရပ်တန့်သွားနိုင်ဖွယ်ရှိတယ်..။ သို့သော် နှစ်သိမ့်ချိုမြစွာ ပြုံးလိုက်တဲ့ ချစ်သူရဲ့ နှုတ်ခမ်းပါးထက်မှာ အရာရာဟာ လွင့်မျောပုန်းလျှိုး သွားကြမြဲဖြစ်တယ်..။

ခဏနားထောင်စမ်းပါ....။

ပဲ့တင်သံတို့ အရပ်ရှစ်မျက်နှာကနေ စုပြုံတွန်းထိုးလာနေကြတယ်...။ လက်ဖက်ရည်ပန်းကန်တို့ရဲ့အသံ၊ အအေးဖျော်ရည်ဖန်ခွက်တို့ရဲ့အသံ၊ ကုလားထိုင်ရွေ့လျားသံ၊ ပန်ကာလည်သံ၊ အဝတ်အထည်တို့ ပွန်တိုက်ကပ်ငြိသံ၊ ဗလာစာရွက်လှန်လှောသံ၊ ရေပုံးထဲရေကျသံ၊ အသံအားလုံးရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ရာသော အသံကိုကြားနေရတယ်...။ တီးတိုးသံ ရယ်မောသံ ချစ်သူအကြောင်း နောက်ပြီး ကိုယ့်အကြောင်း ...။ အို... ဒါတွေဟာ အသေးအဖွဲတွေပါ...။ မိုးစက်တွေ သည်းလာတဲ့အခါ မိုးချိန်းသံနဲ့အတူ မိုးရေထဲ ရောပါပြီး ဟိုးး မြေအောက်ထိ ရောက်သွားပါလိမ့်မယ်လေ...။

စာချုပ်နဲ့ လက်ထပ်ထားသူတိုင်းဟာ စစ်မှန်တဲ့ ဘဝအဖော်မဖြစ်နိုင်ကြသလို... အဖော်ဆိုတာ စာချုပ်နဲ့ လက်ထပ်ဖို့မလိုအပ်သည်ကို သူတို့ တစ်နေ့နေ့မှာ နားလည်လာလိမ့်မယ်...။ အဲဒီနေ့မှာ ကမ္ဘာလောကဟာ နှင်းဆီဖြူများနဲ့လှပနေလိမ့်မယ်...။ သို့သော် မလိုအပ်သော ကိစ္စများကိုသာ ဂရုစိုက်ပုံကြီးချဲ့တတ်တဲ့ မှန်ဘီလူးများကတော့ ဘယ်တော့အခါမှ နည်းလည်နိုင်မှာပါလိမ့်..။ အခုအခြေနေတိုင်းသာဆို မိုးဖွဲများနဲ့အတူ တဖြုတ်ဖြုတ်ကြွေလွင့်လာတဲ့ ခရေပန်းများကိုကောက်ရင်း စာအုပ်တွေကိုဖတ်ရင်း စာများစွာကိုရေးရင်း ထမင်းဟင်းချက်ရင်း ကော်ဖီသောက်ရင်း ဘဝရဲ့အစိတ်ပိုင်းများပြိုအက်သည်အထိ နေကြရဦးမလားကွယ်...။ တစ်ယောက်ကတစ်ယောက်ကိုတမ်းတရင်းပေ့ါ...။ ဒါမှမဟုတ်...။ အိပ်မက်မက်ဖို့မျှော်လင့်ရင်းပေါ့...။ ဘဝရဲ့ ကမ်းပါးစွန်းကို ရောက်ရတော့မလား...။


မိုးကောင်းကင်ကြီးက လေးလံလှတယ်ကွယ်..။


ဒီဖိစီးမှုဒဏ်ကို တစ်ယောက်တည်းတင်းခံနေရသူအဖို့လဲပြိုကျသွားတော့မယ့်အချိန်ကို စောင့်နေရခြင်းက ရင်ထိတ်ဖွယ်ရာကောင်းလှပါတယ်..။ သို့မဟုတ် ...ထွက်ပြေးရဦးမလား...။ နောက်ထပ် ဟောဟို...... ငှက်ဖြူကလေးပျံသန်းရာနောက်ကို လိုက်ပါရရင် သက်သာမယ်ထင်တယ်...။ ပြေးလို့လွတ်နိုင်ပါ့မလားဟင်....။

ကြမ်းတမ်းတဲ့ စွပ်စွဲချက်တွေ၊ လေးပင်တဲ့အပြစ်ဒဏ်တွေ ချော်ရည်ပူများအတွင်းက ကဲ့ရဲ့ခြင်းတွေ ထန်ပြင်းတဲ့ မုန်တိုင်းတွေ ချစ်သူထံမှာ ဖဲ့ခွာခဲ့ပါ..။ ချစ်သူကို ကင်းလွတ်ပါစေ....။

ဘယ်လိုအရာမျိုးကများ ချစ်သူကိုဝေးကွာခဲ့စေတာပါလိမ့်...။ မျက်တောင်ခတ်စဉ်၊ မျက်လွှာဖွင့်စဉ်၊ ပိတ်စဉ်၊ ဖျတ်ခနဲ ဖျတ်ခနဲ မြင်ယောင်မိတဲ့ ချစ်သူ့သဏ္ဍန်ဟာ တဖြေးဖြေးများ ဝိုးဝါးတော့မှာလား..။ ဟင့်အင်း... ချစ်သူဆံပင်မျှင်တွေကို တိုးဝှေ့မှုတ်ဆော့မကစားပါနဲ့ လေညင်းလေးရယ်...။ တစ်ချိန်က မိန်းကလေးတစ်ဦးကို ပြန်လည်တမ်းတမိသွားရင် နမ်းနေဆဲ နှုတ်ခမ်းများ ခြောက်သွေ့အေးစက်သွားမှာ စိုးရပါတယ်...။ အရာရာဟာ ဟိုမှာ... ဆိတ်ငြိမ်စွာ နွေးထွေးစွာ ကျန်ခဲ့စေချင်ပါတယ်...။

ဟောသည်.... ကမ္ဘာလောကကြီးအတွင်းမှာ ရှိသမျှသော ထွက်ပေါက်တွေကို ပိတ်ပစ်ဖို့ ဘယ်သူမှမကြိုးစားကြဘူးလား...။ ပိတ်လိုက်ကြစမ်းပါ...။ မွန်းကျပ်စွာ သေဆုံးပါစေ...။ ဒီနည်းဟာ လက်ရှိအခြေအနေအတွက် အကောင်းဆုံးထွက်ပေါက်ဖြစ်တယ်..။

နေကောင်းရဲ့လား အိန်ဂျယ်.......

ကိုယ့်အရိပ်တွေကင်းမဲ့တဲ့အရပ်မှာ နေလို့ပျော်ပါရဲ့လား...။ အလုပ်မှာအာရုံဝင်စားမှုမရှိတဲ့အခါ ရှုပ်ထွေးစွာနဲ့ ဘယ်လိုထွက်ပေါက်ရှာနိုင်မလဲ...။ ရုပ်ရှင်ကြည့်ပါ...။ ကြက်တောင်ရိုက်ပါ..။ ဂီတာတီးပါ...။ နည်းနည်းတော့ အနေအထိုင်ခက်မှာပေါ့နော်...။ ဟိုတစ်ပေါက် ဒီတစ်ပေါက် ဝိုင်းဝန်းပြောဆို ရှုံ့ချမှုများအောက်မှာ ကော်ဖီအရသာ မခါးဘူးလား...။ မိစ္ဆာရဲ့ အတောင်ပံတွေအောက်မှာ အသက်ရှုမကျပ်ဘူးလား...။ ဘာပဲဖြစ်ဖြစ်ပေ့ါလေ....။

တမ်းဆွတ်သတိရခြင်းများစွာ ထင်ဟပ်လာတဲ့အခါမှာ လဝန်းဆီကိုကြည့်လိုက်ပါ...။ အဲဒီမှာ ကိုယ်ရှိနေမယ်...။ မက်မန်းဝိုင်ခွက်ထဲကိုကြည့်လိုက်ပါ...။ အဲဒီထဲမှာကိုယ်ရှိနေမယ်..။ ဇာခြင်ထောင်ရဲ့ နောက်ဖက်မှာ ..... ပွင့်အာလာမယ့် နှင်းဆီငုံထဲမှာ....... စိမ်းမှောင်တဲ့ မယ်ဇယ်ရွက်အထပ်ထပ်များရဲ့ နောက်ကွယ်မှာ...... တရိပ်ရိပ်ပြေးလွှားနေတဲ့ တိမ်လိတ်များထဲမှာ......။ ပိတ်ဆီးနေတဲ့ အဖြူရောင်နှင်းမှုန်ထုတွေထဲမှာ.....။

ပျော်ရွှင်ပါစေ.... အိန်ဂျယ်


မှတ်ချက်။    ။ 1982 ဇူလိုင်လထုတ် ရှုမဝမဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ဆရာမဂျူး၏ “ချစ်သူဖတ်ဖို့စာ” ဝတ္ထုတိုကို နှစ်သက်မိလို့ ဆရာမ၏မူရင်းစာကို အချို့အပိုဒ်မှလွဲ၍ (ထပ်ဖြည့်ထားတဲ့စကားလုံးတချို့တွေရယ်) စကားပြောပုံစံဖြင့် ပြန်လည်တင်ပြထားခြင်း ဖြစ်ပါကြောင်းဝန်ခံပါသည်...။ ခေါင်းစဉ်ကို “Letters to Juliet” ရုပ်ရှင်ကားအမည်အား သဘောကျသောကြာင့် “Letters to Angel” ဟူ၍ ပြောင်းလဲထားခြင်းဖြစ်ပါသည်...။
 


Monday, 9 May 2011

ရုံးထမင်းဗူး

ပဲပုပ်မှုန့်နဲ့ အာလူးကြော် မြေပဲဆံကြော် ကြက်သွန်ဖြူဆီချက်နဲ့သုပ်ထားတဲ့ သတ်သက်လွတ်ထမင်းသုပ်
ကြက်ဥကြော်လေးကတော့ နဲနဲ အရုပ်ဆိုးသွားပါတယ်

သရက်သီးသနပ်အချို

တိုဖူးဦးနှောက်

စိန်တစ်လုံးသရက်သီး

Tuesday, 3 May 2011

အတူပျံသန်းချိန်.....





အား….ခေါင်းတွေကိုက်လိုက်တာ….မခံမရပ်နိုင်အောင်ပါပဲ….။ မခံနိုင်တာတောင် အိပ်စက်အနားယူဖို့ မစဉ်းစစားဘဲ စာရေးဖို့ စာဖတ်ဖို့ပဲ စိတ်စောနေမိတယ်….။ သေတ္တာဖွင့် ဟိုစာအုပ်ရှာ ဒီစာအုပ်ရှာနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အက်ဆေးတချို့ကို ရွေးချယ်ယူဖတ်လိုက်တယ်…။ နားထင်ဆီက သွေးကြောမျှင်တွေက စောင့်စောင့်ပြီးထိုးနေတယ်…။ အဲဒီချိန်မှာမင်းကို ချက်ချင်း သတိရလွမ်းဆွတ်သွားတယ်…။ ခုလို ကိုယ်ခေါင်းကိုက်နေချိန် မင်းကိုယ့်နားထင်ကို ညင်သာစွာ နှိပ်ပေးမှာ သေချာတယ်…။ ဒီနေရာမှာသေချာတယ် ဆိုတာ ကိုယ့်အတွက် လက်တွေ့မဆန်လှပါဘူး…။ ကိုယ်နဲ့မင်း စကားပြောတဲ့အခါမျိုး ကိုယ့်လက်ချောင်းတွေညောင်းညာရင် မင်းနှိပ်ပေးနေကျ….ကိုယ်ခေါင်းကိုက်ရင်လဲ မင်းနှိပ်ပေးနေကျလေ….။ လေအေးစက်တွေက သိပ်အေးလွန်းတဲ့အခါ သူဟာ ကိုယ့်အတွက်နွေးထွေးစေတဲ့ ခြုံစောင်တစ်ထည်လဲဖြစ်သေးတယ်…။ ကိုယ့်ကိုအအေးနဲ့မတည့်မှန်း သိလျက်နဲ့လဲ ဘာကြောင့် အကျီၤလက်ရှည်ဝတ်မထားလဲ ဘာလို့ ဘောင်းဘီတိုလေးနဲ့ပဲနေနေလဲ စသဖြင့် ပြစ်တင်ပြောဆိုခြင်းမရှိဘဲ ကိုယ့်ကို အမြဲတမ်း နွေးထွေးလှိုက်လှဲတဲ့ စကားမျိုးကိုသာ ဆိုလေ့ရှိတယ်…။

တကယ်ဆို ကိုယ့်ကမ္ဘာထဲကို မင်းရောက်လာခဲ့တာ သိပ်မကြာသေးပါဘူး…။ ပြီးခဲ့တဲ့ ကိုယ့်မွေးနေ့မတိုင်ခင် တစ်လအလိုလောက်ကပါ…။ ကိုယ်တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ဖြစ်ရိုးဖြစ်စဉ်အတိုင်းလေးပါပဲ…။ ဘာမှတော့ အထူးအဆန်းမဟုတ်ဘူး…။ သမာရိုးကျဆန်ပါတယ်…။ သာယာကြည်လင်တဲ့ မိုးကောင်ကင်ပြာပြာအောက်မှာ… သဲသောင်ပြင်နဲ့ စည်းချက်ရိုက်နေတဲ့ ရေလှိုင်းဖွေးဖွေးတွေထဲမှာ…. ချိုမြမြ ရှိန်းတိန်းတိန်းရှိလှတဲ့ အုန်းသီးနုနုထဲမှာ…. သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်များကြားမှာ…နက်ပြာရောင်ကောင်းကင်နောက်ခံနဲ့ မီးရှှုးမီပန်းတွေကြားမှာ ယုန်ဖြူကလေးတွေ ပြေးဆော့ကစားနေတဲ့ မြက်ခင်းပြင်ပေါ်မှာ ကိုယ်တို့ရဲ့ ဆုံတွေ့မှုတွေ စတင်အသက်ဝင်ခဲ့တယ်….။

ဂဏန်းတွက်စက်ပေါ်မှာနေ့စဉ်နှင့်အမျှရှိနေတဲ့ ကိုယ့်ဘဝနဲ့ ကွန်ပျူတာကီးဘုတ်ပေါ်မှာ အမြဲရှိနေတဲ့ မင်းဘဝ…။ ကိုယ်တို့ တစ်ယောက်အကြောင်းတစ်ယောက် ခရေစေ့တွင်းကျ မသိကြပေမယ့်.. တစ်ယောက်ကို တစ်ယောက်နားလည်နိုင်ကြတယ်…။ ဆိုးတူကောင်းဖက် ရဲဘော်ရဲဖက်လို တစ်ယောက်ကိုတစ်ယောက် မက်မောတွယ်တာလာကြတယ်..။ ဘဝမှာ အလိုအပ်ဆုံးအဖော် မင်းဟာ…..ကိုယ့်အတွက် ကိုယ်ဟာ မင်းအတွက်ဖြစ်လာတယ်….။ ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေကို မျှဝေခံစားတတ်လာတယ်…။ တစ်ခါတစ်ခါ နှစ်ယောက်ထပ်တူညီမျှတဲ့အခါ သူခံစားချက် ကိုယ့်ခံစားချက် တစ်သားတည်းဖြစ်သွားချိန်မှာ ဘဝဟာ လိုအပ်ချက်ကင်းမဲ့စွာ ပြီးပြည့်စုံသွားတယ်လို့တောင် ထင်ရတယ်…။ ကိုယ်ကတော့ မင်းနဲ့ ကိုယ့်ကြားမှာ ရှိတဲ့ ချစ်ခင်တွယ်တာမှုကို အဖြူရောင်ကြိုးမျှင်တစ်ခုလို့ သတ်မှတ်ထားတယ်…။

သူက ဘုရားသခင်ကိုချစ်တယ်…. ကဗျာတွေကိုချစ်တယ်…ပြီးတော့ ကိုယ်ရေးတဲ့ အက်ဆေးလှလှလေးတွေကို ချစ်တယ်…။ ကိုယ်ကတော့ မင်းညည်းဆိုတတ်တဲ့ သီးချင်းသံစဉ်တွေကို နှစ်သက်စွဲလန်းတယ်…။ ကလေးတစ်ယောက်လိုဖြူစင်တဲ့ မင်းအပြုံးတွေကိုမက်မောတယ်…။ ကိုယ်တို့နှစ်ယောက်ရဲ့ မတူညီချက်ကတော့ မင်းက အဖြူရောင်နှင်းမှုန်တွေကိုချစ်ပြီး… ကိုယ်ကတော့ ကောင်းကင်ကို မော့ကြည့်တဲ့အခါမှာ မျက်နှာကိုလာထိမှန်မယ့် မိုးစက်မိုးပေါက်တွေကိုချစ်တယ်…။ အင်းလေ လူတိုင်းကတော့ဖြင့် အကြိုက်ချင်းအကုန်တူဖို့ဆိုတာမှ မဖြစ်နိုင်တာပဲ…။ ဒီလိုပဲ ကွဲလွဲမှုတော့ ရှိကြတာပေါ့…။ ဒါကြောင့်မို့ထင်ပါတယ်…မင်းကြိုက်တတ်တဲ့ အရောင်တွေက နှင်းပွင့်တွေလို ဖွေးဆွတ်တဲ့ အရောင်မျိုးဖြစ်တယ်….။ နေ့တစ်နေ့ ကုန်ဆုံးချိန်ရောက်တိုင်း ကိုယ်အမြဲလွမ်းဆွတ်နေတတ်တာက ညအိပ်ယာ ဝင်ခါနီး မင်းနဲ့ ကိုယ်နှုတ်ဆက်တတ်တာ…Fly Kiss တဲ့ အာဘွားတဲ့…။ အဝေးကမို့ ဒါမျိုးနှုတ်ဆက်ဝံ့တာပါဗျာတဲ့…။ အိုးး…ဘာဖြစ်လို့လဲဆိုတော့…။ အနားမှာဆို ကျွန်တော့်ကို ခင်ဗျားခေါင်းခေါက်ရင် ဘယ့်နှယ့်လုပ်မလဲတဲ့…။

အဖြူရောင်တွေချည်း အုပ်မိုးလွှမ်းခြုံထားတဲ့ ကိုယ်တို့ကြားမှာ သိုးမည်းတစ်ကောင်လည်း မပါဝင်ဘူး…။ မိုးခါးရေကို မက်မောစွာ သောက်သုံးသူတွေလည်းမပါဝင်ဘူး…။ ကိုယ်တို့ကို ပြစ်တင်ကဲ့ရဲ့မယ့် မျက်လုံးတွေလဲ မပါဝင်ဘူး…။ မနာလိုဝန်တိုမှုတွေနဲ့ စောင့်ကြည့်နေမယ့်သူလဲမပါဝင်ဘူး….။ အိန်ဂျယ်ရဲ့ အတောင်ပံခတ်သံအောက်မှာ ကိုယ်တို့ငြိမ်းချမ်းစွာ အမြဲအတူရှိနေကြမယ်နော်…။ ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေလို့ မိုးတွေဖွေးဖွေးရွာသွန်း နှင်းထုတွေ မှုန်မှိုင်း ရာသီစက်ဝိုင်းတွေ အလီလီပြောင်းလဲတိုင်း ကိုယ်တို့ အမြဲအတူရှိနေကြမယ်နော်…။ ကမ်းစပ်ကနေ နေဝင်ချိန်ကို အတူထိုင်ကြည့်ကြမယ်လေ…။ တံတားဘောင်ပေါ်ကနေ တိမ်တွေ သဏ္ဍာန်အမျိုးမျိုးပြောင်းလဲရွေ့လျားနေတာကို စောင့်ကြည့်ကြမယ်လေ…။ တောင်ကျရေရဲ့ နရီရိုက်သံကို အတူနားထောင်ကြမယ်…။ ငှက်ဖြူတွေပျံသန်းရာနောက် ကိုယ်တို့ လိုက်ကြမယ်လေ…ဟုတ်လား….။



မိုးငွေ့


Monday, 2 May 2011

ကောင်းမွန်ရာဘုံဘ၀ ရောက်ရှိပါစေ ကိုကြီးကျောက်...




ထုံးစံအတိုင်း မန်းဒေးရုံးပြန်ဖွင့်ရင် ကွန်စဖွင့်တာနဲ့ ဘယ်သူတွေပို့စ်အသစ်တင်သလဲ ဖဘမှာ ဘာတွေဖြစ်နေကြသလဲနဲ့ စပ်စုရတာလေ..။ ဒီနေ့တော့ ဖဘမှာ မသက်ဝေရဲ့ စတေးတပ်စ်က ကိုကြီးကျောက် R.I.P တဲ့...။ ကျမ အဲဒီစကားလုံးကို မယုံနိုင်လို့ ကော်မန့်တွေကို ဖတ်ကြည့်တယ်...။ အမချစ်ကြည်အေးဘလော့ မကြီးရွှေစင်ဘလော့နဲ့ မသက်ဝေဘလော့မှာလဲ အားလုံးတင်ထားကြတယ် ...။ ဒါဆို ကိုကြီးကျောက်ရဲ့ ပျော်ရွှင်ဖွယ်ပို့စ်အသစ်တွေကို ကျမတို့ ဘယ်တော့မှ ထပ်ပြီးမဖတ်နိုင်တော့ဘူးပေါ့နော်....။ တကယ်စိတ်မကောင်းဖြစ်မိပါတယ်...။ ကင်ဆာမဟုတ်ဘူး ပြန်နေကောင်းသွားပြီလို့သိရကတည်းက ဝမ်းသာနေမိတာ....။ ကိုကြီးကျောက်ကို ကျမစသိတော့ အမချစ်ဘလော့မှာ “ကိုကြီးကျောက်အတွက် ဆုတောင်းပေးကြရအောင်”ဆိုတဲ့ နိုးဆော်စာလေးကြောင့် ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းဘလော့ကို ရောက်သွားခဲ့ပါတယ်...“ယမမင်းသို့ ခြေလှမ်း ၁၈၀”ဆိုတဲ့ ပို့စ်ကိုစဖတ်ရတာပါပဲ..။ ခုတော့ ကိုကြီးကျောက် လူလောက ကနေရော ကျမတို့ ဘလော့လောက...ကနေပါ အပြီးပိုင်ထွက်သွားခဲ့ပြီတဲ့..။ မယုံနိုင်စရာပါပဲ....။ ဘာပဲဖြစ်ဖြစ် လူတိုင်း ဒီလမ်းကို တစ်နေ့ မလွဲမသွေသွားကြရမှာပဲလေ....။ ကိုယ်ထွက်မသွားခင်... အားလုံးအပေါ်ကောင်းကျိုးပေးခဲ့ ကုသိုလ်လုပ်ခဲ့ဖို့ပဲလိုပါတယ်...။ ကိုကြီးကျောက်ဟာ ထွက်မသွားခင်... သူ့ပို့စ်ကိုလာလည်တဲ့သူအားလုံးကို တာဝန်ကျေသွားခဲ့ပါတယ်...။ သူ့စာလာဖတ်သူအားလုံးကို တစ်နည်းမဟုတ်တစ်နည်းတော့ ပျောရွှင်ပြုံးရယ်စေခဲ့တာချည်းပဲ....။ ကျမတို့ သူ့ပို့စ်ကို သူ့အရေးအသားကို သူ့ရဲ့ ဟာသယဉာဉ်တွေကို အမြဲလွမ်းဆွတ်နေရတော့မှာပါ...။ ပြီးတော့ ငါ့တူမကြီး မိုးငွေ့လို့ ခေါ်တတ်တဲ့ ကိုကြီးကျောက်ကို အမြဲသတိတရရှိနေတော့မှာ...။ တကယ်တော့ ဒီနေ့ပို့စ်အသစ်တစ်ခုတင်မလို့ပဲ...ခုလိုသတင်းကြားရတော့ တော်တော်စိတ်မကောင်း ဖြစ်မိတယ်..။ ဒီနေ့တော့..... ကိုကြီးကျောက်အတွက် ဝမ်းနည်းလွန်းလို့ ဒီပို့စ်တင်ပါတယ်...။ ကျမတို့ အားလုံးဆုတောင်ပေး ကြရအောင်....ကိုကြီးကျောက်တစ်ယောက် ကောင်းမွန်ရာဘုံဘဝကို ရောက်ရှိပါစေ....။


 မိုးငွေ့