Wednesday, 11 May 2011

Letters to Angel




သွားကြမယ် မဟုတ်လားကွယ်......။

အဲဒီနေရာမှာနှင်းတွေဖွဲသွန်း တောက်ပရွှန်းလက်တဲ့ မြက်ခင်းနုနုတွေရှိချင်ရှိနေလိမ့်မယ်...။ လူတွေကို အမြဲငုံ့ကြည့်ရယ်ချင်နေတတ်တဲ့ ငုဝါပန်းခိုင်များလည်းရှိချင်ရှိနေမယ်...။ လူသံကြားရင် ရေအောက်ငုတ်လျှိုးကူး ခတ်ပြေးတဲ့ ငါးကလေးတွေရှိချင်ရှိလိမ့်မယ်..။ သိပ်ပြီးမလင်းလွန်း မှုန်လဲ့စွာထွန်းနေတဲ့ ဖန်မီးအိမ်ကလေးတစ်လုံး ရှိချင်ရှိမယ်..။ ခက်မာပေမယ့် အေးမြတဲ့ ဝါးကွပ်ပျစ်ကလေးတစ်လုံးရှိချင်ရှိနေမယ်...။ ဆိုဖီယာရဲ့ နေကြာပန်းခင်းတွေရှိချင်ရှိမယ်..။ အိုဟောင်းတဲ့ စားပွဲဝိုင်းယိုင်ယိုင်ကလေးပေါ်မှာ တည်ခင်းထားတဲ့ ခပ်ညံ့ညံ့ ထမင်းပွဲတစ်ခုရှိချင်ရှိနေမယ်..။ ဒါကသေချာလှတာမဟုတ်ပါဘူး...။

သေချာတာကတော့ အဲဒီနေရာမှာ ဘာမျှမရှိခြင်းနဲ့ ဘာမှမရှိခြင်းကိုလိုလားတဲ့ ဓမ္မတရားမရှိ... လက်ထပ်စာချုပ်စတဲ့ စာရွက်စာတမ်းများမရှိ .... ကောက်ကျစ်စဉ်းလဲတဲ့ မျက်လုံးများမရှိ ကိုယ့်ထက်နိမ့်ရင် အထင်သေးရှုတ်ချတတ်တဲ့ ကိုယ့်ထက်မြင့်ရင် မနာလိုဝန်တိုတတ်တဲ့ သဘောတရားမရှိ.... ခါးသီးတဲ့ မိုးရေကိုသာ မက်မက်မောမော သောက်သုံးနေသူတွေမှရှိ...။


သွားကြရအောင်နော်...။


အဲဒီနေရာမှာ ငြမ်းချမ်းမှုတွေ မိုးစက်များနဲ့ ရောပါလာနိုင်တယ်...။ ဒါမှမဟုတ် လေနဲ့အတူ ကပ်ငြိပါလာနိုင်တယ်...။ ဒါမှမဟုတ်လဲ နေရာင်ခြည်နဲ့အတူပါလာနိုင်တယ်..။ အဲဒီနေရာကိုရောက်ရင်တော့ မိုးသည်းသည်းထဲမှာ နှစ်ယောက်အတူလမ်းလျှောက်နိုင်တယ်..။ တစ်ယောက်ခါးတစ်ယောက် ဖက်ပြီး ဖြည်းဖြည်းလေးလျှောက်သွားကြမယ်နော်...။

အလျဉ်သိပ်မရှိတဲ့ ရေပြင်ကျယ်ကျယ်မှာ လှေကလေးတစ်စင်းရှိနေမယ်..။ လှေငယ်ပေါ်မှာ ပျော်မောစွာလှဲလျောင်းရင်း ရေစီးနောက်ကို ညင်ညင်သာသာကလေး မျောလိုက်သွားမယ်...။ ကြယ်ရောင်မှိန်ပျပျအလင်းအောက်မှာ ရေစီးသံညံနုစွာ ရိုက်ခတ်လာလိမ့်မယ်..။

ဒါမှမဟုတ်ပွင့်ဖူးနေဆဲ တမာပွင့်တွေရဲ့ ရနံ့တွေအောက်မှာ တစ်ယောက်မျက်နှာတစ်ယောက် အကြာကြီးကြည့်ပြီး နစ်မျောနေနိုင်တယ်..။ ဒီနေရာမှာလို မဟုတ်ဘူးလေ...။

အဝေးမှာနေမှ လွမ်းရစတမ်းလား...။ မျက်နှာချင်းဆိုင်မြင်လွှာအောက်မှာရှိနေသူကို လွမ်းတယ်လို့မပြောရ ဘူးလား..။ ပြောလို့ရရင်တော့ ပြောချင်တယ်...။

ကိုယ်နဲ့ လိုက်ခဲ့မယ်..မဟုတ်လားကွယ်...။

ဟိုးးး...အဝေးဆုံးတစ်နေရာဆီ....။

ကမ္ဘာ့အပြင်ဘက်ဆီ....။

အချစ်ဟာ...အချစ်သာဖြစ်ပြီး ပိုင်ဆိုင်ခြင်း လက်ထပ်ခြင်း စည်းမျဉ်းစတာတွေနဲ့ လုံးဝမပတ်သက်တာကိုတော့ လက်ခံထားတယ်..။ လူဟာ (ကံကြမ္မာကလွဲရင်) ကိုယ့်ဘဝကိုယ်သာပိုင်တယ်..။ ကိုယ်ပိုင်အယူအဆ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာ ရှိရမှာပေ့ါနော်...။ ဒီလိုဆိုပြန်တော့ မိစ္ဆာငှက်ရဲ့ အတောင်ပံခတ်သံအောက်မှာ အရာအားလုံးအနာဂတ်မဲ့သွားတော့တယ်...။ “နေရစ်ခဲ့တော့ကွယ်... အနီးအဝေးဆိုတာ အချစ်မှာမရှိဘူး... ဘယ်လိုကြားခံနယ်မျိုးကမှ အချစ်ကိုပြောင်းလဲ ယိမ်းယိုင်စေမှာမဟုတ်ပါဘူး..။ ဝမ်းနည်းစွာ....နောက်ပြီး ယုံကြည်စွာ သွားပါရစေတော့...။ ဘယ်မေ့နိုင်မလဲ.... အချစ်ဆိုတာ မေ့လို့ရအပ်တဲ့ အရာတစ်ခုမှမဟုတ်တာ...”

ပြုံးရယ်လိုက်ရင် နှုတ်ခမ်းတောင့်မှာ အချိုင့်ကလေးတွေပေါ်လာတတ်တဲ့ ချစ်သူ့နှုတ်ခမ်းချိုချိုကို သတိရနေမယ်...။ အကျီၤအထက်ပိုင်းကြယ်သီးများကို အမြဲလိုလို ဖွင့်ထားတတ်တဲ့ ချစ်သူ့ရင်ခွင်ကို သတိရတမ်းတနေမယ်။ ရင်ခွင်ပေါ်မှာ မျက်နှာအပ်ရင်း ပါးပြင်ကို ရိုက်ခတ်ထိမိသော ချစ်သူရဲ့ နှလုံးခုန်သံအတိုးအကျယ် အနှေးအမြန်ပြောင်းလဲမှုကို အာရုံစိုက်ခံစားခဲ့ရသော တစ်ခဏအချိန်ကလေးကို အောက်မေ့သတိရနေမယ်..။ အသက်အရွယ်ခြားနားမှု ကိုးကွယ်တဲ့ဘာသာမတူညီသောချစ်သူကို ချစ်မိသော ကိုယ်တို့အကြားမှာ ပူပန်လှှိုက်မောနေခဲ့ရတဲ့ ချစ်သူရဲ့သောကကို သတိရနေ ကြင်နာနေမိမယ်... ။  “အလွမ်းဇာတ်”သီချင်းကို ခဏခဏညည်းတတ်တဲ့ ချစ်သူရဲ့အသံကို အမြဲလိုလိုကြားယောင် နေမိမယ်...။

ချစ်သူမျက်နှာကိုမော့ကြည့်ရင်း ချွန်မြတဲ့နှာတံကလေးကို အဓိပ္ပါယ်မဲ့စွာ စိုက်ငေးလွင့်မျောနေခဲ့မိတဲ့ အချိန်အပိုင်းများကို ပြန်လည်တသနေမိမယ်..။ ဘယ်တော့မှ ပြန်မရောက်လာနိုင် တော့တဲ့ ဘဝများစွာကိုပေါ့ကွယ်...။ ဘယ်အရာကိုမှ အစွဲအလန်းတကြီးမဖြစ်တတ်သောချစ်သူ စိတ်ထားနူးညံ့ကြေအေး လွယ်သော ကလေးငယ်တစ်ယောက်ပမာ နှစ်နှစ်ခြိုက်ခြိုက် စိတ်လွတ်စွာရယ်မောတတ်သော ချစ်သူဟာ ကိုယ့်ဘဝအတွက်တော့ တစ်ခုတည်းသော နှောင်ကြိုးဖြစ်သည်ကိုတော့ သူတို့သိဖို့ကောင်းတယ်...။ အသက်အရွယ်ကွာခြားမှုဆိုတာ လူတွေပညတ်သတ်မှတ်ကြတဲ့ ဝေါဟာရများသာဖြစ်တယ်...။ အသက်ကြီးတာ ငယ်တာကိုတွက်ချက်ဖို့မလိုအပ်ပါ...။ အချစ်မှာ နှိုင်းချိန်တွက်ဆပြီးမှ သတ်မှတ်ပေးရတဲ့ သဘောတရားမရှိရ...။ အချစ်ဟာ အချစ်သာလျှင်ဖြစ်လို့ နေရာကွက်လပ်မရှိစေရ..။

ရေတမာရွက်တို့ ကြွေလွင့်သံဟာ အင်မတန်နူးညံ့တဲ့ ဂီတသံစဉ်တစ်ခုဖြစ်တာကို သူတို့မသိနိုင်...။ ဘဝကို ကျေနပ်နှစ်သိမ့်မှုသည် ခြံဝင်းကျယ်သော တိုက်ကြီးထဲမှာ ရှိတယ်လို့ ယူဆခဲ့တဲ့သူတို့ရဲ့ သဘောထား မတိုက်ဆိုင်သည်မှာ ဝမ်းနည်းစရာမဟုတ်ပါ...။

ဘဝကို နှစ်သိမ့်မှုသည် ငွေစက္ကူအထပ်များထဲမှာ မရှိသည်ကို သူတို့နားမလည်နိုင်...။ အိမ်ဝယ်စာချုပ် ကားဝယ်စာချုပ် လူဝယ်စာချုပ်တို့မှာ မရှိ လှောင်ပြောင်သရော်တတ်သော အထက်စီးအပြုံးဖြင့် ကြည့်တတ်သော မျက်လုံးများထဲမှာမရှိ....။ သို့သော်...ရေလှိုင်းများဖြင့် စည်းချက်လိုက်နေတတ်တဲ့ သဲသောင်ခုံရဲ့ ဂီတသံမှာရှိတယ်...။ ချစ်သူရဲ့ ကွန်ပျူတာကီးဘုတ် ခလုတ်ကလေးပေါ်မှာရှိတယ်...။ ဆိုဒါသံပရာဖျော်ရည်ခွက်ထဲမှာရှိတယ်...။ ချစ်သူက အမှတ်တရဝယ်ပေးခဲ့တဲ့ အဖြူရောင်ပိုက်ဆံအိတ်လေး ထဲမှာရှိတယ်...။ အနည်းငယ်မာကြမ်းပေမယ့် နွေးထွေးတဲ့ လက်ဖဝါးတွေထဲမှာရှိတယ်...။ ဟင်းအမည်မများတဲ့ ထမင်းဝိုင်းကလေးထဲမှာရှိတယ်..။

ဘယ်သူငြင်းချင်ပါသလဲ...။

လောကတစ်ခုလုံးရဲ့ ချစ်ခြင်း မုန်းခြင်းဟာ ကိုယ့်ကို ဘယ်လိုမှသက်ရောက်မှုမရှိ...။ လောကကြီးရဲ့ အချစ်ဟာ လောကကြီးရဲ့ ငဲ့ညှာမှု သစ်တော်သီးတစ်လုံး ရေခဲခြစ်တစ်ခုလောက်မျှ အရသာမရှိဟုဆိုလျှင် မီးရထားများ လေယာဉ်ပျံများ ရပ်တန့်သွားနိုင်ဖွယ်ရှိတယ်..။ သို့သော် နှစ်သိမ့်ချိုမြစွာ ပြုံးလိုက်တဲ့ ချစ်သူရဲ့ နှုတ်ခမ်းပါးထက်မှာ အရာရာဟာ လွင့်မျောပုန်းလျှိုး သွားကြမြဲဖြစ်တယ်..။

ခဏနားထောင်စမ်းပါ....။

ပဲ့တင်သံတို့ အရပ်ရှစ်မျက်နှာကနေ စုပြုံတွန်းထိုးလာနေကြတယ်...။ လက်ဖက်ရည်ပန်းကန်တို့ရဲ့အသံ၊ အအေးဖျော်ရည်ဖန်ခွက်တို့ရဲ့အသံ၊ ကုလားထိုင်ရွေ့လျားသံ၊ ပန်ကာလည်သံ၊ အဝတ်အထည်တို့ ပွန်တိုက်ကပ်ငြိသံ၊ ဗလာစာရွက်လှန်လှောသံ၊ ရေပုံးထဲရေကျသံ၊ အသံအားလုံးရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ရာသော အသံကိုကြားနေရတယ်...။ တီးတိုးသံ ရယ်မောသံ ချစ်သူအကြောင်း နောက်ပြီး ကိုယ့်အကြောင်း ...။ အို... ဒါတွေဟာ အသေးအဖွဲတွေပါ...။ မိုးစက်တွေ သည်းလာတဲ့အခါ မိုးချိန်းသံနဲ့အတူ မိုးရေထဲ ရောပါပြီး ဟိုးး မြေအောက်ထိ ရောက်သွားပါလိမ့်မယ်လေ...။

စာချုပ်နဲ့ လက်ထပ်ထားသူတိုင်းဟာ စစ်မှန်တဲ့ ဘဝအဖော်မဖြစ်နိုင်ကြသလို... အဖော်ဆိုတာ စာချုပ်နဲ့ လက်ထပ်ဖို့မလိုအပ်သည်ကို သူတို့ တစ်နေ့နေ့မှာ နားလည်လာလိမ့်မယ်...။ အဲဒီနေ့မှာ ကမ္ဘာလောကဟာ နှင်းဆီဖြူများနဲ့လှပနေလိမ့်မယ်...။ သို့သော် မလိုအပ်သော ကိစ္စများကိုသာ ဂရုစိုက်ပုံကြီးချဲ့တတ်တဲ့ မှန်ဘီလူးများကတော့ ဘယ်တော့အခါမှ နည်းလည်နိုင်မှာပါလိမ့်..။ အခုအခြေနေတိုင်းသာဆို မိုးဖွဲများနဲ့အတူ တဖြုတ်ဖြုတ်ကြွေလွင့်လာတဲ့ ခရေပန်းများကိုကောက်ရင်း စာအုပ်တွေကိုဖတ်ရင်း စာများစွာကိုရေးရင်း ထမင်းဟင်းချက်ရင်း ကော်ဖီသောက်ရင်း ဘဝရဲ့အစိတ်ပိုင်းများပြိုအက်သည်အထိ နေကြရဦးမလားကွယ်...။ တစ်ယောက်ကတစ်ယောက်ကိုတမ်းတရင်းပေ့ါ...။ ဒါမှမဟုတ်...။ အိပ်မက်မက်ဖို့မျှော်လင့်ရင်းပေါ့...။ ဘဝရဲ့ ကမ်းပါးစွန်းကို ရောက်ရတော့မလား...။


မိုးကောင်းကင်ကြီးက လေးလံလှတယ်ကွယ်..။


ဒီဖိစီးမှုဒဏ်ကို တစ်ယောက်တည်းတင်းခံနေရသူအဖို့လဲပြိုကျသွားတော့မယ့်အချိန်ကို စောင့်နေရခြင်းက ရင်ထိတ်ဖွယ်ရာကောင်းလှပါတယ်..။ သို့မဟုတ် ...ထွက်ပြေးရဦးမလား...။ နောက်ထပ် ဟောဟို...... ငှက်ဖြူကလေးပျံသန်းရာနောက်ကို လိုက်ပါရရင် သက်သာမယ်ထင်တယ်...။ ပြေးလို့လွတ်နိုင်ပါ့မလားဟင်....။

ကြမ်းတမ်းတဲ့ စွပ်စွဲချက်တွေ၊ လေးပင်တဲ့အပြစ်ဒဏ်တွေ ချော်ရည်ပူများအတွင်းက ကဲ့ရဲ့ခြင်းတွေ ထန်ပြင်းတဲ့ မုန်တိုင်းတွေ ချစ်သူထံမှာ ဖဲ့ခွာခဲ့ပါ..။ ချစ်သူကို ကင်းလွတ်ပါစေ....။

ဘယ်လိုအရာမျိုးကများ ချစ်သူကိုဝေးကွာခဲ့စေတာပါလိမ့်...။ မျက်တောင်ခတ်စဉ်၊ မျက်လွှာဖွင့်စဉ်၊ ပိတ်စဉ်၊ ဖျတ်ခနဲ ဖျတ်ခနဲ မြင်ယောင်မိတဲ့ ချစ်သူ့သဏ္ဍန်ဟာ တဖြေးဖြေးများ ဝိုးဝါးတော့မှာလား..။ ဟင့်အင်း... ချစ်သူဆံပင်မျှင်တွေကို တိုးဝှေ့မှုတ်ဆော့မကစားပါနဲ့ လေညင်းလေးရယ်...။ တစ်ချိန်က မိန်းကလေးတစ်ဦးကို ပြန်လည်တမ်းတမိသွားရင် နမ်းနေဆဲ နှုတ်ခမ်းများ ခြောက်သွေ့အေးစက်သွားမှာ စိုးရပါတယ်...။ အရာရာဟာ ဟိုမှာ... ဆိတ်ငြိမ်စွာ နွေးထွေးစွာ ကျန်ခဲ့စေချင်ပါတယ်...။

ဟောသည်.... ကမ္ဘာလောကကြီးအတွင်းမှာ ရှိသမျှသော ထွက်ပေါက်တွေကို ပိတ်ပစ်ဖို့ ဘယ်သူမှမကြိုးစားကြဘူးလား...။ ပိတ်လိုက်ကြစမ်းပါ...။ မွန်းကျပ်စွာ သေဆုံးပါစေ...။ ဒီနည်းဟာ လက်ရှိအခြေအနေအတွက် အကောင်းဆုံးထွက်ပေါက်ဖြစ်တယ်..။

နေကောင်းရဲ့လား အိန်ဂျယ်.......

ကိုယ့်အရိပ်တွေကင်းမဲ့တဲ့အရပ်မှာ နေလို့ပျော်ပါရဲ့လား...။ အလုပ်မှာအာရုံဝင်စားမှုမရှိတဲ့အခါ ရှုပ်ထွေးစွာနဲ့ ဘယ်လိုထွက်ပေါက်ရှာနိုင်မလဲ...။ ရုပ်ရှင်ကြည့်ပါ...။ ကြက်တောင်ရိုက်ပါ..။ ဂီတာတီးပါ...။ နည်းနည်းတော့ အနေအထိုင်ခက်မှာပေါ့နော်...။ ဟိုတစ်ပေါက် ဒီတစ်ပေါက် ဝိုင်းဝန်းပြောဆို ရှုံ့ချမှုများအောက်မှာ ကော်ဖီအရသာ မခါးဘူးလား...။ မိစ္ဆာရဲ့ အတောင်ပံတွေအောက်မှာ အသက်ရှုမကျပ်ဘူးလား...။ ဘာပဲဖြစ်ဖြစ်ပေ့ါလေ....။

တမ်းဆွတ်သတိရခြင်းများစွာ ထင်ဟပ်လာတဲ့အခါမှာ လဝန်းဆီကိုကြည့်လိုက်ပါ...။ အဲဒီမှာ ကိုယ်ရှိနေမယ်...။ မက်မန်းဝိုင်ခွက်ထဲကိုကြည့်လိုက်ပါ...။ အဲဒီထဲမှာကိုယ်ရှိနေမယ်..။ ဇာခြင်ထောင်ရဲ့ နောက်ဖက်မှာ ..... ပွင့်အာလာမယ့် နှင်းဆီငုံထဲမှာ....... စိမ်းမှောင်တဲ့ မယ်ဇယ်ရွက်အထပ်ထပ်များရဲ့ နောက်ကွယ်မှာ...... တရိပ်ရိပ်ပြေးလွှားနေတဲ့ တိမ်လိတ်များထဲမှာ......။ ပိတ်ဆီးနေတဲ့ အဖြူရောင်နှင်းမှုန်ထုတွေထဲမှာ.....။

ပျော်ရွှင်ပါစေ.... အိန်ဂျယ်


မှတ်ချက်။    ။ 1982 ဇူလိုင်လထုတ် ရှုမဝမဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော ဆရာမဂျူး၏ “ချစ်သူဖတ်ဖို့စာ” ဝတ္ထုတိုကို နှစ်သက်မိလို့ ဆရာမ၏မူရင်းစာကို အချို့အပိုဒ်မှလွဲ၍ (ထပ်ဖြည့်ထားတဲ့စကားလုံးတချို့တွေရယ်) စကားပြောပုံစံဖြင့် ပြန်လည်တင်ပြထားခြင်း ဖြစ်ပါကြောင်းဝန်ခံပါသည်...။ ခေါင်းစဉ်ကို “Letters to Juliet” ရုပ်ရှင်ကားအမည်အား သဘောကျသောကြာင့် “Letters to Angel” ဟူ၍ ပြောင်းလဲထားခြင်းဖြစ်ပါသည်...။
 


4 comments:

အျဖဴေရာင္နတ္သမီး said...

ိမိုက်တယ် မမိုး...

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာ ကြည်နူးစရာလေး မမ...
ဖတ်ခွင့်ရလို့ ကျေးဇူးပါ..

လင်းခေတ်ဒီနို said...

ကိုယ့်အမ ရေးထားတာဆိုလို့ ကောင်းတယ်ဆိုပြီး ဖတ်နေတာ အောက်ဆုံးကျမှ ဂျူးတဲ့း))) ရက်စက်ပါပေ့ ကိုယ့်အမရယ်း)))

ညလင်းအိမ် said...

ဖတ်လို့ ကောင်းလိုက်တာ ...

ကျေးဇူးမမီး ခုလို ဖတ်ခွင့်ရလို့ ...